မဟာစည်ဆရာတော်ဘုရားကြီး၏ ဘဝဖြစ်တော်စဉ်ကို ကြည်ညိုခြင်း

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖိုးဇာနည်(မဟာစည်ယောဂီ) ရေးသားပြုစုသော ဘဝဖြစ်တော်စဉ်အကျဉ်းနှင့် PDF စာအုပ်အဖုံးပုံ

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဘဝဖြစ်တော်စဉ်ကို သက်တော်ရွယ်တော်အလိုက် ပိုင်းခြား၍ကြည်ညိုပါလျှင် ဆရာတော်ဘုရားကြီးသည် အချိန်တိုင်းအချိန်တိုင်း၌ အရွယ်တော်နှင့်လိုက်ဖက်ညီသော ဆောင်ရွက်မှုများကို ချိန်သားကိုက်ဆောင်ရွက်တော်မူနိုင်ခဲ့၍ သာသနာတော်အတွက် အထူးအကျိုးကျေးဇူး များတော်မူစေခဲ့သည်ကို တွေ့ရှိရလေသည်။

ဆရာတော်ဘုရားကြီးသည် ပရိယတ္တိသာသနာတော်အတွက် နိကာယ်ငါးရပ်, ပိဋကတ်သုံးပုံ, ပါဠိတော်, အဋ္ဌကထာ, ဋီကာစသည်လာ ဗဟုသုတ၊ သက္ကတ ဘာသာလာ သမယန္တရ ဗဟုသုတများနှင့် ပြည့်စုံအောင် ဖြည့်ကျင့်တော်မူခဲ့သည်။ သက်တော် ၂၈-နှစ်မပြည့်မီကပင် မူလမင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီးထံတော် ၌ လောကုတ္တရာတရားကိုးပါးအား လျော်သည့်ကျင့်ဝတ်ကိုလည်း မဆုတ်မနစ် ဖြည့်ကျင့်တော်မူခဲ့သည်။ ထို့နောင်ဆက်လက်၍ သက်တော် ၃၄-နှစ်အထိတိုင်အောင် ပရိယတ္တိမှာရော ပဋိပတ္တိမှာပါပြည့်စုံအောင် တစ်ကိုယ်ရည်သာသနာကို ဖြည့်ကျင့်တော်မူ ခဲ့လေသည်။

သက်တော် ၃၄-နှစ်မှ သက်တော် ၄၅-နှစ်ကျော်သည်အထိ ၁၁-နှစ်ကျော် ဘူမိနက်သန်ဖြစ်သော မိမိ၏ဇာတိရွာဆိပ်ခွန်၌ ပဋိပတ္တိသာသနာတော်ကို ပြုစုတော်မူ လာခဲ့ရာ မဟာစည်ဆရာတော်၊ မဟာစည်ကျောင်းတော်ဟူသော ကြီးကျယ်မြင့်မြတ် သော အမည်တော်နာမလည်း တွင်တော်မူခဲ့လေပြီ။ ဝိပဿနာရှုနည်းကျမ်း(၁၃၀၅)ကို လည်း အနာဂတ်သာသနာတော် တစ်ရပ်လုံးအတွက် ပြည့်စုံစွာ စီရင်တော်မူခဲ့လေပြီ။ ယောဂီများ အားကိုးအားထားပြုနိုင်လောက်သော ကမ္မဋ္ဌာန်းဆရာများကိုလည်း ပြုစု ပျိုးထောင်နိုင်ခဲ့လေပြီ။ ယောဂီများစွာတို့ကိုလည်း သတိပဋ္ဌာန်တရားတော်၏အကျိုးများ ရရှိခံစားစေနိုင်ခဲ့ပြီး ဖြစ်လေသည်။

ယောဂီများအား စစ်မှန်သောလမ်းညွှန်မှုများ ပြုနိုင်ကြစေရန် ကမ္မဋ္ဌာန်း ဆရာများ၏အတွေ့အကြုံများကို ကမ္မဋ္ဌာန်းဆရာကြီး ဆရာကြံနှင့် ဆရကြွာကက်တို့က စနစ်တကျ မှတ်တမ်းတင် သုတေသနပြုကာ အချိန်ယူဆောင်ရွက်ခဲ့ကြရသော၊ ကျေးဇူးရှင်ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင်စိစစ်၍ နိဒါန်းချီးမြှင့်တော် မူခဲ့သော၊ ကမ္မဋ္ဌာန်းဆရာတို့၏မှတ်တမ်းကျမ်း(၁၃၀၈)ကိုပင် အသုံးပြုနေခဲ့ပြီ ဖြစ်ပါသည်။ ကမ္မဋ္ဌာန်းဆရာကြီး ဆရာကြံနှင့် ဆရကြွာကက်တို့မှာ မဟာသတိပဋ္ဌာနသုတ်ကို ကျေပွန် သူများဖြစ်ကြ၍ အခြားပုဂ္ဂိုလ်များအားလည်း မဟာသတိပဋ္ဌာနသုတ်၏ အကျိုးကျေးဇူး များကို ခံစားကြရစေလိုသောကြောင့် မဟာစည်ဆရာတော်ကြီးအား မဟာသတိပဋ္ဌာန သုတ်နိဿယကျမ်းတစ်စောင်ကို ရေးသားပြုစုတော်မူပါရန် တောင်းပန်ကြလေရာ ဆရာတော်ဘုရားကြီးသည် ၁၃၁၁-ခုနှစ် ကဆုန်လပြည့်ကျော် ၁-ရက်နေ့ကပင် နိဂုံးကမ္ပတ် အပြီးသတ်ခဲ့ပြီ ဖြစ်လေသည်။

ဤရွေ့ဤမျှ ဆောင်ရွက်ချက်အားဖြင့် စနစ်လည်းကျ၍ အလွန်လည်း ပြည့်စုံ လှသည်မှာ အဘယ်ကြောင့်ပါနည်း။

အဓိကအကြောင်းရင်းမှာ အလွန်တရာကြီးကျယ်သော ရည်ရွယ်ချက်ကြောင့် ဖြစ်လေသည်။ ဤရည်ရွယ်ချက်ကို မသိသေးခင်ကမူ ပဋိပတ္တိသာသနာတော် ကျယ်ပြန့် ရေးအတွက် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဆောင်ရွက်ချက်များ၊ အောင်မြင်မှုများသည် အခြေအနေအရပ်ရပ် ပေါင်းဆုံမှုကြောင့်သာဖြစ်လိမ့်မည်ဟု ထင်မြင်မိခဲ့ပါသည်။ ဆက်လက်ဖတ်ရှုရန် ...

အမှန်တကယ် အဓိကအကြောင်းရင်းမှာ ကြီးကျယ်မြင့်မြတ်လှသော ဤ ရည်ရွယ်ချက်ကြီးပင် ဖြစ်လေသည်။ ဤအကြောင်းကို မဟာစည်သာသနာ့ရိပ်သာ၏ ၁၇-ကြိမ်မြောက် သြဝါဒခံယူပူဇော်ပွဲတွင် မိန့်တော်မူခဲ့သော ရွှေစေတီဆရာတော် ဘုရားကြီး၏ သြဝါဒကထာ၌ သိမြင်နိုင်ပေသည်။ ယင်းမှာ ဒုတိယကမ္ဘာစစ်ကြီးပြီးခါစ၌ တိုင်းချစ်သတင်းစာ(မန္တလေး)တွင်ဖော်ပြခဲ့သော (မဟာစည်ဆရာတော်ကြီး ၁၃၀၈္ထခုနှစ်က ဆိပ်ခွန်၌ဖွဲ့စည်း တည်ထောင်ခဲ့သော) သဒ္ဓမ္မပါလ ဝိပဿနာဖြန့်ဖြူးရေးအဖွဲ့၏ “ကမ္ဘာကို သာသနာပြုမယ်” ဟူသော ကြေညာချက်ပင် ဖြစ်လေသည်။ ထိုစဉ်အချိန်က သက်တော် ၄၀-မျှသာရှိတော်မူသော မဟာစည်ဆရာတော်ကြီး၏ ရည်ရွယ်ချက်မှာ ဤရွေ့ဤမျှ ကြီးမားခဲ့ပြီးဖြစ်လေသည်။


ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ စစ်မှန်သော ပဋိပတ္တိသာသနာ တော်သည် ဤရွေ့ဤမျှ ပြည့်စုံလာသောအခြေအနေတွင် သာသနာတော်ကို ပိုမို၍ ကျယ်ပြန့်စွာ ရွက်ဆောင်နိုင်ရန်အတွက် အထိရောက်ဆုံးပံ့ပိုးနိုင်သော ဗုဒ္ဓသာသနာ နုဂ္ဂဟ အဖွဲ့ကြီးနှင့် ပေါင်းဆုံမိလေသည်။

၁၃၀၉-ခုနှစ် နတ်တော်လဆန်း ၁-ရက် (၁၃-၁၁-၄၇) နေ့တွင် နိုင်ငံတော် ဝန်ကြီးချုပ်ဦးနု၏နေအိမ်၌ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီးကို တည်ထောင်ခဲ့ကြသည်။ ထိုအဖွဲ့တွင် သူဌေးကြီးဆာဦးသွင်ကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြသည်။ အဖွဲ့ကြီး၏ ရည်ရွယ်ချက်မှာ ပရိယတ္တိသာသနာတော်နှင့် ပဋိပတ္တိသာသနာတော် နှစ်ရပ်စလုံးကို အစွမ်းကုန်အမြင့်မားဆုံး ချီးမြှောက်ရန် ဖြစ်သည်။

ထိုတွင် ပဋိပတ္တိသာသနာတော်ကို ချီးမြှောက်ရန် ကမ္မဋ္ဌာန်းဌာနကြီးတစ်ခု တည်ထောင်ရေးအတွက် စဉ်းစားကြသောအခါ ဥက္ကဋ္ဌကြီးဆာဦးသွင်ကပင် ၁၃၁၀ - ခုနှစ် တော်သလင်းလပြည့်ကျော် ၉-ရက် (၆-၉-၄၈)နေ့တွင် ယခုသာသနာ့ရိပ်သာတည်ရှိရာ ၅-ဧကကျော် မိမိ၏ခြံမြေကွက်ကို ကမ္မဋ္ဌာန်းဌာနကြီး တည်ထောင်ရန် ဗုဒ္ဓ သာသနာနုဂ္ဂဟအဖွဲ့ကြီးအား အပြီးအပိုင်လှူဒါန်းခဲ့လေသည်။

ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးသည် ထို ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီး၏ ပင့်ဆောင်မှုကြောင့် ရန်ကုန်သာသနာ့ရိပ်သာသို့ သက်တော် ၄၅-နှစ်တွင် ကြွရောက် သီတင်းသုံးတော်မူလျက် သက်တော် ၇၈-နှစ် လွန်တော်မူသည်အထိ ၃၃-နှစ်တိုင် (ကမ္ဘာကိုသာသနာပြုမယ်ဟူသော မူလရည်ရွယ်ချက်အတိုင်း) ပြည်တွင်းပြည်ပ နေရာ အနှံ့အပြား သာသနာပြုဆောင်ရွက်ခွင့် ရရှိတော်မူခဲ့လေသည်။

သာမန်ပုဂ္ဂိုလ်များအတွက်ပင် ကြိုးစားအားထုတ်လျှင် ၃၃-နှစ်ဆိုသော အချိန်ကာလ အတိုင်းအတာမှာ ကြီးမားကောင်းမွန်သောကိစ္စရပ်တစ်ခု ဆောင်ရွက်ရန် အသင့်အတင့်လုံလောက်နိုင်ရကား ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ နှိုင်းယှဉ်ခြင်းမပြုနိုင်လောက်အောင် ကြီးမားထက်သန်လှသော သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာတို့ဖြင့် ရွက်ဆောင်ခွင့်ရရှိခဲ့သော ၃၃-နှစ်သည်ကား တိုင်းတာ၍မရနိုင် လောက်အောင်ပင် ကြီးမားလှသောအကျိုးကျေးဇူးများ ရရှိခဲ့မည်မှာ သေချာလှပါသည်။

ဤမျှ ကြီးမားလှသောအကျိုးကျေးဇူးများကို ယခင်ကလည်း တွေ့ရှိခံစားခဲ့ကြရ လေပြီ၊ ယခုလည်း တွေ့ရှိခံစားလျက် ရှိနေကြလေသည်၊ နောင်ကိုလည်း တွေ့ရှိခံစားကြရဦးမည်ပင် ဖြစ်လေသည်။ ဤမျှကြီးမားလှသော အကျိုးကျေးဇူးများကို တိုင်းတာခြင်း ငှာ မည်သူတစ်ဦးတစ်ယောက်သည် စွမ်းဆောင်နိုင်ပါမည်နည်း။

အနန္တကျေးဇူးဂုဏ်များ၏ ပိုင်ရှင်ဖြစ်တော်မူသော ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဘဝဖြစ်တော်စဉ်အကျဉ်းကို ကြည်ညိုနိုင်ရန် ရိုသေလေးမြတ်စွာ ဆက်လက်ဖော်ပြအပ်ပါသည်။

  • (၁)
    ကောဇာသက္ကရာဇ် ၁၂၆၆-ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် ၃-ရက် (၂၉-၇-၁၉၀၄) သောကြာနေ့ နံနက် ၃-နာရီခန့်အချိန် ရွှေဘိုမြို့ ဆိပ်ခွန်ရွာ၌ ခမည်းတော် ဦးကံတော်၊ မယ်တော် ဒေါ်အုပ်တို့မှ ဆရာတော်လောင်းလျာ မောင်သွင်ကို ဖွားမြင်လာ ခဲ့သည်။
  • (၂)
    ဆရာတော်လောင်းလျာ မောင်သွင် ၁၂-နှစ်သားအရွယ်တွင် ဆိပ်ခွန်ရွာ ပျဉ်းမနားကျောင်း ဘုန်းတော်ကြီးဦးအာဒိစ္စထံ ရှင်သာမဏေအဖြစ်သို့ တက်ရောက်ခဲ့ သည်၊ သာမဏေဘွဲ့ကိုလည်း ဘွဲ့ခံပုဂ္ဂိုလ်၏အဆင်းအင်္ဂါနှင့် လိုက်လျောစွာ “ရှင်သောဘန” ဟု ပေးတော်မူသည်။
  • (၃)
    ၁၂၈၅-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၄-ရက်နေ့တွင် အသက် ၁၉ - နှစ် ၄-လရှိ ရှင်သောဘနသည် အင်ကြင်းတောတိုက်ရှိ ဗဒ္ဓသိမ်တော်၌ ဝိနည်းဧတဒဂ်ရ အရှင်ဥပါလိမထေရ်မြတ်ကြီး၏အနွယ် သီးလုံးတောရဆရာတော်ကြီး၏အစဉ်အဆက် ဂိုဏ်းချုပ်သုမေဓာဆရာတော်ကြီး အရှင်နိမ္မလမထေရ်ကို ဥပဇ္ဈာယ်ပြု၍ သူကြီးကျောင်း ဘုန်းတော်ကြီးဦးပရမစသော ကမ္မဝါဆရာများနှင့် ၃၅-ပါးသော ကမ္မကာရက သံဃာ တော်တို့၏အချီးအမြှောက်ဖြင့် ရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့သည်။
  • (၄)
    မြောင်းကြီးဆရာတော် ဦးအာစာရ၊ အင်ကြင်းတောတိုက် သူကြီးကျောင်း ဘုန်းတော်ကြီး ဦးပရမ စသောဆရာတော်များထံ ၁၂၈၉-ခုနှစ် ပထမကြီးတန်း အောင်မြင်သည်အထိ စာဝါလိုက်ခဲ့သည်။
  • (၅)
    ရဟန်းသိက္ခာ ၄-ဝါအရ ၁၂၉၀-ပြည့်တွင် မန္တလေးမြို့ အနောက်ပြင် ခင်မကန်တိုက် ဘွားတော်ကျောင်း၌ သီတင်းသုံး၍ ချမ်းသာကြီးဆရာတော် ဦးလက္ခဏ၊ တိုက်သစ်ဆရာတော် ဦးဣန္ဒဝံသာဘိဝံသ ဆရာတော်များထံ ၁-နှစ်ကျော်မျှ စာဝါ လိုက်ခဲ့သည်။
  • (၆)
    ၁၂၉၁-ခုနှစ်မှစတင်၍ မော်လမြိုင်မြို့ တောင်ဝိုင်းကလေးတိုက်ကျောင်း၌ စာချဘုန်းကြီးအဖြစ် ဆောင်ရွက်တော်မူစဉ် သက်တော် ၂၈-နှစ်, သိက္ခာတော် ၈-ဝါ အရ ၁၂၉၃-ခုနှစ် တပေါင်း လဆန်း ၅-ရက် မှ ၁၂၉၄-ခုနှစ် ဝါဆိုလဆန်း ၆-ရက်ထိ သီးလုံးတောရဆရာတော်ဘုရားကြီး၏ပဋိပတ်အနွယ် သထုံမြို့ မူလမင်းကွန်းဇေတဝန် ဆရာတော်ဘုရားကြီးထံ ဆည်းကပ်၍ သတိပဋ္ဌာန်တရား အားထုတ်တော်မူခဲ့သည်။
  • (၇)
    သက်တော် ၃၄-နှစ်, သိက္ခာတော် ၁၄-ဝါ ၁၃၀ဝ-ပြည့် ကဆုန်လပြည့်နေ့၌ ဆိပ်ခွန်ရွာ၊ အင်ကြင်းတောတိုက်၊ မဟာစည်ကျောင်းတော်တွင် ပွဲဦးထွက်ကမ္မဋ္ဌာန်း ဟောပြောပြသတော်မူသည်။
  • (၈)
    အင်ကြင်းတောတိုက်ရှိ လုံးပတ် ၁၂၆-လက်မ, အလျား ၁၀၅-လက်မရှိ မူလရှိနှင့်သောစည်ကြီးကို အစွဲပြု၍ မဟာစည်ကျောင်း, “မဟာစည်ဆရာတော်” ဟု အမည်တွင်ခဲ့လေသည်။
  • (၉)
    သက်တော် ၃၇-နှစ်, သိက္ခာဝါတော် ၁၇-ဝါ ၁၃၀၃-ခုနှစ်တွင် ဒုတိယနှစ်အဖြစ် ပြန်လည်ကျင်းပသည့် အစိုးရစာချတန်းကို ကျမ်းရင်း ၃-ကျမ်းနှင့် တကွ ဂုဏ်ထူးကျမ်း ၅-ကျမ်းတို့ကို အောင်မြင်၍ “သာသနဓဇ သိရီပဝရ ဓမ္မာစရိယ” ဘွဲ့ကို ရရှိတော်မူသည်။
  • (၁၀)
    သက်တော် ၃၈-နှစ်, သိက္ခာတော် ၁၈-ဝါ ၁၃၀၄-ခုနှစ်မှစ၍ ဝိပဿနာ ရှုနည်းကျမ်းကို ပြုစုစီရင်တော်မူခဲ့သည်။ ၁၃၀၈-ခုနှစ်၌ ကမ္မဋ္ဌာန်းဆရာတို့၏မှတ်တမ်း ကျမ်း၊ ၁၃၁၁-ခုနှစ်၌ မဟာသတိပဋ္ဌာနသုတ်၏ နိဿယကျမ်းတို့ကို ပြုစုတော်မူခဲ့ပြီး နောက် သက်တော် ၇၈-နှစ်အထိ ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယစသည့် ကျမ်းပေါင်း ၈၀-ကျော် ရေးသားပြုစုတော်မူခဲ့သည်။
  • (၁၁)
    ဆာဦးသွင်အမှူးပြုသော ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့၏ပင့်ဆောင်ခြင်းကြောင့် သက်တော် ၄၆-နှစ်, သိက္ခာတော် ၂၆-ဝါ, ၁၃၁၁-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၅-ရက်တွင် ရန်ကုန်မြို့သာသနာ့ရိပ်သာသို့ ကြွရောက်၍ သာသနာပြုတော်မူသည်။
  • (၁၂)
    သက်တော် ၄၇-နှစ် , သိက္ခာတော် ၂၇-ဝါ ၁၃၁၃-ခုနှစ်တွင် အဂ္ဂမဟာ ပဏ္ဍိတဘွဲ့တံဆိပ်ကို အလှူခံတော်မူခဲ့သည်။
  • (၁၃)
    သက်တော် ၄၈-နှစ် , သိက္ခာတော် ၂၈-ဝါ ၁၃၁၄-ခုတွင် ဆဋ္ဌသင်္ဂါယနာ စည်းလုံးရေးသာသနာ့မစ်ရှင်အဖွဲ့ဖြင့် ထိုင်းနှင့်ကမ်ပူးချားသို့ ကြွရောက်တော်မူသည်။
    (ရန်ကုန်မြို့ ကမ္ဘာအေး သီရိမင်္ဂလာ ဆဋ္ဌသင်္ဂီတိ မဟာပါသဏ လိုဏ်ဂူတော် ကြီး၌ ပါဠိတော် ကျမ်းစာအုပ်ပေါင်း ၄၀-အုပ်ကို ၁၃၁၆-ခုနှစ် ကဆုန်လပြည့်နေ့မှစ၍ ပါဠိတော်သင်္ဂါယနာ တင်တော်မူရာ ၁၃၁၈-ခုနှစ် ကဆုန်လဆန်း ၁၀-ရက်နေ့တွင် ပြီးဆုံးခဲ့လေသည်။ အဋ္ဌကထာကျမ်းစာအုပ်ပေါင်း ၅၁-အုပ်ကို ၁၃၁၈ခုနှစ် နတ်တော် လပြည့်ကျော် ၉-ရက်နေ့မှစ၍ ၁၃၂၁-ခုနှစ် တပေါင်းလဆန်း ၆-ရက်နေ့အထိ လည်းကောင်း၊ ဋီကာကျမ်းစာအုပ်ပေါင်း ၂၆-အုပ်ကို ၁၃၂၂-ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၃-ရက်နေ့မှစ၍ ၁၃၂၃-ခုနှစ် တပို့တွဲလဆန်း ၁၂-ရက်နေ့အထိ လည်းကောင်း၊ သင်္ဂါယနာတင်တော်မူခဲ့ကြရာ စုစုပေါင်း ၇-နှစ်ကျော်ကြာမြင့်ခဲ့သည်။)
  • (၁၄)
    ပထမသင်္ဂါယနာတင်တော်မူစဉ်က အရှင်မဟာကဿပမထေရ်ကြီးကဲ့သို့ ဆဋ္ဌသင်္ဂါယနာတင်ပွဲ၌ သက်တော် ၅၀-နှစ် , သိက္ခာတော် ၃၀-ဝါ, ၁၃၁၆-ခုနှစ် ကဆုန်လပြည့်နေ့မှစတင်၍ ၂-နှစ်ပတ်လုံး ဆဋ္ဌသင်္ဂီတိပုစ္ဆကအဖြစ် ဆောင်ရွက်တော်မူ သည်။ ထိုမျှမက ဆဋ္ဌသင်္ဂါယနာဝန်ဆောင်ဆရာတော် အဖြစ်လည်းကောင်း၊ ပါဠိတော် အဋ္ဌကထာ ဋီကာ စာအုပ်ပေါင်း ၁၁၇-အုပ် စာမျက်နှာ ၄-သောင်းကျော်ကို မူကောင်း မူမှန်ဖြစ်အောင် နောက်ဆုံးအဆင့်ပြင်ဆင်ရာတွင် ဆရာတော် ၅-ပါးသာပါဝင်သော သြသာနသောဓေယျပတ္တပါဌက အဖွဲ့ဝင်ဆရာတော် အဖြစ်လည်းကောင်း၊ အဋ္ဌကထာ သင်္ဂါယနာစိစစ်ခန်းတွင် အဓိကအကျဆုံးဆရာတော် အဖြစ်လည်းကောင်း ဆောင်ရွက် တော်မူသည်။ ဋီကာသင်္ဂါယနာဝိသဇ္ဇကနှင့် ပုစ္ဆကတာဝန်များ ဆောင်ရွက်တော်မူသည်။
  • (၁၅)
    သတိပဋ္ဌာန်ဝိပဿနာတရားပြသ၍ ပဋိပတ္တိသာသနာတော်ကို ပြုစုတော် မူလာခဲ့ရာ (၁၃၄၃/၄၄) မြန်မာပြည်တွင်းတွင် တရားရိပ်သာပေါင်း ၃၀၉-ခုကျော် ရှိသည်၊ ပြည်တွင်းပြည်ပ ယောဂီပေါင်း ၇-သိန်းကျော် ရှိလေသည်။
  • (၁၆)
    ဆရာတော်ဘုရားကြီးသည် ၁၃၁၄-ခုနှစ်မှစ၍ အိန္ဒိယ, သီရိ လင်္ကာ, ထိုင်း, ဗီယက်နမ်, လာအို, ကမ္ဗောဒီးယား, ဂျပန်, အင်ဒိုနီးရှားစသည့် အာရှနိုင်ငံများသို့ ကြွရောက်၍ သာသနာပြုတော်မူခဲ့သည်။
  • (၁၇)
    သက်တော် ၇၅-နှစ် , သိက္ခာတော် ၅၅-ဝါအရ, ၁၃၄၁-ခု တန်ခူးလတွင် ဥရောပနှင့် အမေရိကတိုက်နိုင်ငံများသို့ ၄-လကြာကြွရောက်၍ နောက်ပါတပည့် ဆရာတော်အရှင်သီလာနန္ဒာဘိဝံသ၊ ချမ်းမြေ့ဆရာတော်၊ ပိဋကတ်တစ်ပုံဆောင် အရှင် ကေလာသ၊ အရှင်အဂ္ဂဓမ္မတို့နှင့်အတူ သာသနာပြုတော်မူခဲ့သည်။ ကပ္ပိယအဖြစ် အငြိမ်းစားကျောင်းဆရာကြီးဦးမြသိန်း လိုက်ပါခဲ့သည်။
  • (၁၈)
    သက်တော် ၇၈-နှစ်, သိက္ခာတော် ၅၈-ဝါ, ၁၃၄၂-ခုနှစ် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးပွဲကြီးတွင် နိုင်ငံတော် သြဝါဒစရိယ ဆရာတော်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းကို လက်ခံတော်မူသည်။
  • (၁၉)
    သက်တော် ၇၈-နှစ်, သိက္ခာတော် ၅၈-ဝါ, ၁၃၄၄-ခုနှစ် ဒုတိယဝါဆို လပြည့်ကျော် ၁၀-ရက် (၁၄-၈-၁၉၈၂)နေ့၊ မွန်းလွဲ ၁း၃၆-နာရီအချိန် ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာ စံကျောင်းတော်၌ စုတိကမ္မဇရုပ် ချုပ်ငြိမ်းတော်မူသည်။
  • (၂၀)
    ၁၃၄၄-ခုနှစ် ဝါခေါင်လဆန်း ၁-ရက် (၂၀-၈-၁၉၈၂) ညနေ ၃-နာရီ အချိန် အဂ္ဂိဈာပန လျှပ်စစ်မီးဖြင့် ရုပ်ကလာပ်တော်ကို ပူဇော်သင်္ဂြိုဟ်ကြသည်။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးထံမှောက် ကမ္မဋ္ဌာန်းဆရာကြီး ဆရာကြံက “မိမိသည် အသက်အရွယ်ကြီးရင့်လာပြီဖြစ်ပါ၍ ကမ္မဋ္ဌာန်းအလုပ်မှ အနားယူခွင့်ပြုပါရန်” သုံးကြိမ်တိုင်တိုင်လျှောက်ထား လာသည်တွင် “ဆရာကြံ၊ ကမ္မဋ္ဌာန်း အလုပ်ဆောင်ရွက်ခြင်းကြောင့် အများမှာ အကျိုးဆုတ်ယုတ်နေပါသလား၊ မိမိအတွက် ရော အကျိုးဆုတ်ယုတ်နေပါသလား” ဟူ၍ မေးတော်မူလေသည်။ “အများအတွက်ရော မိမိအတွက်ပါ အကျိုးဆုတ်ယုတ်ခြင်း မရှိပါဘုရား၊ အကျိုးများပါသည်ဘုရား” ဟူ၍ ပြန်လည်လျှောက်ထားခဲ့လေသည်။

ဆရာတော်ဘုရားကြီးသည် “ဘုန်းကြီးကတော့ မိမိအတွက်လည်း အကျိုးများ၊ အများအတွက်လည်း အကျိုးများတဲ့ ကမ္မဋ္ဌာန်းအလုပ်ကို ဘယ်သောအခါမှ နားတော့ မည်မဟုတ်၊ သေတဲ့အချိန်ထိ မနားဘဲ လုပ်ဆောင်သွားမယ်” ဟူ၍ မိန့်တော်မူခဲ့လေ သည်။ ကျေးဇူးရှင်ဆရာတော်ဘုရားကြီးသည် မိန့်တော်မူခဲ့သည့်အတိုင်း လွန်တော်မမူမီ နောက်ဆုံးနေ့ညနေတွင် ရောက်ရှိလာကြသော ယောဂီအသစ်များအား ဝိပဿနာ အလုပ်ပေးတရားတော်ကြီးကို ကိုယ်တော်တိုင် ပြသဟောကြားတော်မူခဲ့လေသည်။

ဘဝဖြစ်တော်စဉ်တလျှာက် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်များကို ဆရာတော်ကြီးများ၊ ရဟန်းတော်များ၊ ဒကာဒကာမများက ပြန်လည် ပြောကြားခဲ့ကြသည်များကို မှတ်တမ်းတင်၍ ဆရာတော်ဘုရားကြီးကို ပူဇော်အပ်ပါ၏။

ဆဋ္ဌသံဂါယနာအတွက် ကမ္ဘောဒီးယားသို့ရောက်စဉ် သာသနာပိုင်ဆရာတော် ကြီးနှင့် ညောင်ရမ်းဆရာတော်ကြီးတို့ အခက်ကြုံလျက်ရှိကြသည်။ ဆရာတော်ကြီး ၂ - ပါး ပါဠိဘာသာဖြင့် စကားပြောကြသော်လည်း တစ်ပါးကိုတစ်ပါး နားမလည်ဘဲ ရှိနေ ကြသည်။ ဤအခိုက်တွင် မဟာစည်ဆရာတော်ပြန်ရောက်လာသဖြင့် နိုင်ငံခြားပါဠိသံ ဖြင့် မဟာစည်ဆရာတော်က လျှောက်ထားပေးမှ သာသနာပိုင်ဆရာတော်ကြီး နားလည် တော့သည်။ ထိုအခါ “မဟာစည်ဆရာတော်ပါပေလို့ တော်တော့တယ်” ဟု ညောင်ရမ်း ဆရာတော်ကြီးက မှတ်ချက်ချလေသည်။ မဟာစည်ဆရာတော်သည် သာသနာ့ရိပ်သာ ၌ နိုင်ငံခြားသားဘုန်းတော်ကြီးများနှင့် မကြာမကြာတွေ့နေရ၍ နိုင်ငံခြားပါဠိ အသံ ထွက်ကို လေ့ကျင့်မိပြီး ဖြစ်နေသည်။ သူတို့ပြောသည်ကိုလည်း နားလည်၍ မိမိက လည်း သူတို့နားလည်အောင်ပြောတတ်သည်။ ထို့ကြောင့် ဤအရေးတွင် မဟာစည် ဆရာတော်က အလွယ်တကူ ဝင်ရောက်ပြောဆိုပေးနိုင်ခြင်း ဖြစ်လေသည်။

၁၉၅၆-ခုနှစ်၊ ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲပြုလုပ်တဲ့အချိန်က ပခုက္ကူအလယ်တိုက် ဆရာတော်ဘုရားကြီးများ, အရှေ့တိုက်ဆရာတော်ကြီး အရှင်ဇဝနပါ ကြွရောက် လာစဉ်က ရန်ကုန်မှာနေတဲ့ အလယ်တိုက်ကျောင်းဒကာကြီး ဘိုကလေးဆန်စက်သူဌေး ဦးစောဦးအိမ်မှာ ဆွမ်းကပ်လို့ ဆရာတော်ဘုရားကြီးများ ဝိနည်းသိက္ခာပုဒ်နဲ့ပတ်သက် ပြီး ကိုယ်ကျင့်တရားအကြောင်းတွေနဲ့ ပရိယတ်ပဋိပတ်အကြောင်းတွေ ရောက်သွား တော့ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးအကြောင်း ရောက်သွားကြပါတယ်။ ဆရာတော် ဦးနန္ဒဝံသ, ဆရာတော် ဦးဇဝနနဲ့ ဦးပညာဆရာတော်ဘုရားကြီးများကပါ “မဟာစည်ဆရာတော်ကတော့ အဖက်ဖက်က အင်မတန်ချီးကျူးစရာ ကောင်းပါပေ တယ်။ အလွန်လဲ အပြစ်ကင်းစင်ပေတယ်၊ အပြစ်ကင်းအောင် ပြောတတ်ဆိုတတ် နေတတ်ပေတယ်”လို့ အထူးချီးကျူးကာကို ကြားသိရလို့ အလွန်ပဲဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်း ဦးပွင့်ကောင်းက ပြောကြားခဲ့ပါသည်။

“မဟာစည်ဆရာတော်ကြီးနဲ့ပတ်သက်ပြီး ချမ်းမြေ့ဆရာတော် မိန့်ဖူးတာကတော့ အနေအထိုင် သိပ်သည်း ကျစ်လစ်တဲ့အကြောင်း၊ ဘယ်အချိန်ကြည့်ကြည့် မူမပြောင်းတဲ့ အကြောင်း၊ အချိန်ပြည့် အလုပ်လုပ်တဲ့အကြောင်း ပြောတယ်ဘုရား။ အချိန်ပြည့် အလုပ်လုပ်တယ်ဆိုတဲ့နေရာမှာ နေ့ခင်းပိုင်း တံခါးပိတ်ထားပေမယ့်လို့ အတွင်းမှာ လက်နှိပ်စက်ရိုက်နေတာပဲဘုရား။

မြို့ထဲမှာ တရားပွဲရှိလို့ ‘၇-နာရီမှာ လာပင့်ပါ့မယ်ဘုရား’လို့ လျှောက်ထားရင် မထိုးခင်ကတည်းက သင်္ကန်းကို ကြိုတင်ပြီးရုံထားလေ့ရှိတယ်။ သင်္ကန်းရုံဆိုတဲ့နေရာမှာ လည်း အသစ်ကိုလဲပြီး ရုံတာ မဟုတ်ဘူး။ ဝတ်ထားဆဲ သင်္ကန်းဟောင်းကိုပဲရုံပြီး ထိုင်စောင့်နေတာ။ ၇-နာရီခွဲလောက်မှ ဒကာတွေ ရောက်လာတယ်။ တော်တော်လေး နောက်ကြတယ်ဘုရား။ နည်းနည်းကျော်ရင်တောင် ကျော်မယ်။ ‘ဒီက ၇-နာရီထဲက သင်္ကန်းရုံစောင့်နေတာ’လို့ ဒါပဲ ပြောတယ်။ ဒါ တပည့်တော်ကိုယ်တိုင် ကြုံခဲ့တာ။

ဆရာတော်ကြီးကို တပည့်တော် သတိထားမိတာက မနက်အရုဏ်တက်ရင် စံကျောင်းပေါ်ကနကြွေကလာပြီး ချထားတဲ့ခုံလေးပေါ်မှာ ထိုင်တယ်။ နောက်ပြီး ရေစက် ချပေးတယ်။ အလှူရှင် ရှိရှိ၊ မရှိရှိ ရေစက်ချပေးတာပဲ။ ဆွမ်းစားကျောင်းက ဝေယျဝစ္စ လုပ်တဲ့သူ လေးငါးယောက်လောက် ဝိုင်းကန်တော့ပြီး ရေစက်ချလိုက်တာပဲ။ ဒါပုံမှန်ပဲ။ နေ့ဆွမ်းကြတော့လည်း နေ့ဆွမ်းကပ်တဲ့ ဒကာဒကာမတွေက ဆရာတော်ကြီးကို ကပ်တယ်။ ဘယ်က လာကပ်တာလဲ၊ ဘာလဲ၊ စတဲ့အကြောင်းအရာလေး အနည်းငယ် မေးပြီး တစ်ခါတည်း ရေစက်ချပေးလိုက်တာပဲ။ ရေစက်ချပေးပြီး အမှတ်လေးနဲ့ ဘုဉ်း ပေးတယ်။ ဆွမ်းဘုဉ်းပေးပြီးရင် စံကျောင်းပေါ် ပြန်တက်သွားတာပဲ။ ဘယ်သူနဲ့မှ စကားပြောမနေဘူး။ အလှူရှင်နဲ့လည်း စကားပြောမနေဘူး။

ဆရာတော်ကြီးရဲ့ အရပ်ဒေသက သံဃာတွေ၊ ဒကာတွေ လာလို့ရှိရင်လည်း ဘာကိစ္စလာသလဲ၊ ဘာလဲ စသဖြင့်အကျိုးအကြောင်းလေး မေးတယ်။ ပြီးရင် ‘ဒီရိပ်သာ ထဲမှာ သိတဲ့ဘုန်းကြီး ရှိသေးလား’ လို့ မေးတယ်။ ‘ရှိပါတယ်ဘုရား’လို့ လျှောက်ရင် ‘ကဲ ကဲ သူ့သွားနှုတ်ဆက်လိုက်ကြဦး’လို့ မိန့်တယ်။ ‘မရှိပါဘုရား’လို့ လျှောက်ရင် ‘ရောက်တဲ့အခါ ရိပ်သာထဲ လျှောက်ကြည့်ရင် ကြည့်လိုက်ကြဦး’လို့ မိန့်တယ်။ ဒီလို မိန့်ပြီး ပြန်လွှတ်လိုက်တာပဲ။ ပြန်သွားရင် တံခါးပိတ်ပြီး သူ့အလုပ်သူ လုပ်တာပဲ” ဟူ၍ ဆရာတော်အရှင်ဇဝန (ချမ်းမြေ့ရိပ်သာ)က ပြောကြားလေသည်။

“တစ်နှစ်မှာ ဆရာတော်ကြီးနှစ်ပါးဆုံပြီး တရားဟောဖို့ ကြုံပါတယ်။ မင်းကွန်း ဆရာတော်ကြီးက အရင်ရောက်နှင့်ပါတယ်။ ညနေကျရင် မဟာစည်ဆရာတော်ကြီး ရိပ်သာကို ရောက်ပါမယ်။ မင်းကွန်းတိပိဋကဆရာတော်ကြီးက ဘုန်းကြီးစီစဉ်ထားတဲ့ တရားဟောပလ္လင်ကြီးကိုကြည့်ပြီး ပလ္လင်တော်အမြင့်ကို သေသေချာချာတိုင်းတယ်။ ဘုန်းကြီးကိုခေါ်ပြီး မိန့်ပါတယ်။ အရှင်ဘုရားတဲ့၊ ပလ္လင်က လက်နှစ်သစ်လောက် မြင့်နေတယ်၊ ညနေကျရင် မဟာစည်ဆရာတော်ကြီး ဒီပလ္လင်မှာ တရားဟောမှာ။ မဟာစည်ဆရာတော်ကြီးက သီလကို အလွန်အလေးထားတာ။ ပလ္လင်အောက်ခြေကို ဖြတ်လို့ရရင် လက်နှစ်သစ်လောက် ဖြတ်ပါလို့ မိန့်တယ်။ မင်းကွန်းဆရာတော်ကြီးက မဟာစည်ဆရာတော်ကြီးကို အလွန်လေးစားပါတယ်။ ဘုန်းကြီးကလည်း လက်သမား တွေကို ဖြတ်ခိုင်းလိုက်ရတယ်” ဟု ကြို့ပင်ကောက် ဗောဓိသာသနာ့ရိပ်သာ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်သောနက ပြောကြားတော်မူပါတယ်။

မဟာစည်ဆရာတော်ကို တပည့်တော် မအံ့သြဘဲ မနေနိုင်တဲ့ အချက်တစ်ချက် ရှိတယ်၊ ပြောရဦးမယ်ဟု ဆရာတော်ဦးဇောတိက စကားစလာပါသည်။ “တပည့်တော်တို့ သင်္ဂါယနာတင်ရန်အတွက် စာပေကျမ်းဂန်များ စိစစ်တုန်းအချိန်ကပေါ့၊ တပည့်တော် မဟာစည်ဆရာတော်နဲ့ ရင်းရင်းနှီးနှီးကြီးမဟုတ်ပါဘူး။ သက်ဆိုင်ရာမှ တာဝန်ပေးချက် အရ မဟာစည်ဆရာတော်တို့ စာပေစိစစ်တဲ့နေရာမှာ ဘယ်စာအုပ်ယူခဲ့စမ်းပါ၊ ဘယ် စာမျက်နှာကို ဖတ်ပြစမ်းပါ၊ စသည်ဖြင့်စေခိုင်းတဲ့နေရာမှာ တာဝန်ဆောင်ရွက်ရုံမျှသာ ပါပဲ။ တရားလည်း အားမထုတ်ဖူးပါဘူး။

မဟာစည်ဆရာတော်ဘုရားကြီးဟာ သူဆုံးဖြတ်ချက်ချပြီးရင် ဘယ်သူမှ ချောက်ချားလို့မရဘူး၊ ကျမ်းဂန်ကလည်း တတ်သိနှံ့စပ်၊ ကိုယ်တိုင်ရှုမှတ်မှုကလည်း ထိထိရောက်ရောက်ရှိတော့ အားထားလောက်တဲ့ ပုဂ္ဂိုလ်ထူးပါပဲ။

အဲဒီအခါတုန်းက မင်းကိုးကွယ်တဲ့ ဆရာတော်ဖြစ်သည့်အလျောက် သမ္မတတို့၊ ဝန်ကြီးချုပ်တို့၊ ဝန်ကြီးတို့၊ အတွင်းဝန်တို့၊ မင်းကတော်အမျိုးမျိုးတို့ စသည်စသည် တကယ့် တိုင်းပြည်အထွတ်အထိပ်ပုဂ္ဂိုလ်ကြီးတွေ မကြာမကြာလာကြတာ တွေ့ရပါ တယ်။ ထိုပုဂ္ဂိုလ်ကြီးတွေ လာတဲ့အခါတိုင်းလိုလို တပည့်တော် မသိမသာ သတိထား အကဲခတ်ကြည့်မိတယ်။ မဟာစည်ဆရာတော်ဟာ အလွန်တည်ငြိမ်တာပဲ။ အနည်းငယ် မျှ အားရရွှင်လန်းတဲ့ မျက်နှာထားဖြင့် အယ်လဲဝမ်းသာဧည့်ခံတာ မတွေ့ရဘူး။ ကြည်နူး ဝမ်းသာစွာနှင့် ဧည့်ခံဖို့မဆိုထားနှင့်၊ အပိုစကားများတောင် လုံးဝမပြောဘူး။ မေးလျှောက်တာလောက်သော ပြောတယ်။ ပြန်တော့မလားဟု နှုတ်ဆက်စကားလေး တောင်မှ ပြောတာမတွေ့ရဘူး။ ဒါယကာ ဒါယိကာမများက တပည့်တော်များ ပြန်ခွင့် ပြုတော်မူပါဦးဘုရားဟု လျှောက်ထားမှ အင်းအင်း၊ ကောင်းပါပြီ။ ကောင်းပါပြီဟုဆိုပြီး သူလုပ်စရာရှိတဲ့အလုပ်သာ ဆက်လက်လုပ်ကိုင်နေတတ်ပါတယ်။ မဟာစည်ဆရာတော် ဟာ ကုလဒူသန အနေသန လာဘ်လာဘမျိုး ကင်းတော်မူတာမှ အံ့သြလောက်အောင် ပင် ကင်းတော်မူပါတယ်” ဟူ၍ ဆရာတော်ဦးဇောတိက ပြောကြားကြောင်း ဆရာတော် အရှင်ထေရဝံသထံမှ သိရှိကြည်ညိုခွင့်ရပါသည်။

မန္တလေးမြို့ မြတောင်ကျောင်းတိုက် ရွှေဝါဝင်းကျောင်းတိုက် ဆရာတော် အရှင် သာသနာဘိဝံသသည် “မဟာစည်ဆရာတော်နဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် သမာဓိနဲ့ ပတ်သက်လို့ကတော့ တော်တော် လေးစားထိုက်ပါတယ်။ ပုဒ်တစ်ပုဒ်ကိုတွေ့လို့ ပြင်မယ် ဆိုရင် သူထင်တဲ့အတိုင်း ဘယ်တော့မှ မပြင်ဘူး။ ဘုန်းကြီးတို့က ငယ်သေးပေမယ့် တိုင်ပင်တယ်။ ဒါက သဒ္ဒနီတိနဲ့ ညီတယ်၊ ဒါက မောဂ္ဂလာန်နဲ့ ညီပါတယ်ဆိုရင် လက်ခံ တယ်။ ဒါဆို နေရာကျပြီတဲ့။ ဒီလို မိန့်ပါတယ်။ သမာဓိအရှိန်အဝါက အလွန် အားကောင်းတယ်။ ဘယ်သူ့အပေါ်မှ အပြစ်ပြောလေ့မရှိဘူး။ အကောင်းဘက်က အမြဲ မြင်တတ်တယ်။ ရိပ်သာဘုန်းကြီးဖြစ်နေပေမဲ့ ဦးပဉ္စင်းတို့ တရားအားထုတ်ကြဦးလို့ တစ်ခွန်းမပြောဖူးဘူး။ မကျေနပ်တာတွေ့ရင်တော့ ခေါ်ပြီး ဆွေးနွေးတတ်တယ်။ တကယ်ဆိုရင် အဖွဲ့မှာ ဆရာတော်က ခေါင်းဆောင်ဥက္ကဋ္ဌပဲ၊ သူလုပ်ရင် အကုန်ရတာ ပဲ။ ဘုန်းကြီးတို့က အဲဒီတုန်းက လူငယ်တွေပဲ။ ခေါ်ပြီး မေးနေစရာတောင် မလိုပါဘူး။ ကရုဏာ အလွန်အားကြီးတယ်။ လူငယ်တွေအပေါ်လည်း အလွန်ငဲ့ပါတယ်” ဟူ၍ ပြောကြားတော်မူခဲ့လေသည်။

မဟာစည်ဆရာတော်ဘုရားကြီးအား ပဲနွယ်ကုန်းဆရာတော်က ပူဇော်သည်မှာ “တစ်ခါတုန်းက ဆရာတော်ကြီး ဧရာဝတီတိုင်းခရီးက ပြနကြွ်ကလာတဲ့အခါမှာ သင်္ဘော တွေက ရန်ကုန်ကို ညအချိန်မတော်ကြီး တစ်နာရီလောက် ဆိပ်ကမ်းမှာ ကပ်ပါတယ်။ ညတစ်နာရီကျော်လောက် ကျောင်းကိုရောက်တဲ့အခါကျတော့ ဒီနေ့တော့ ဆရာတော် ကြီး ခရီးပန်းလာတယ်။ မနက်လေးနာရီ ဘုရားဝတ်တက်၊ တရားထိုင်ဖို့ မကြွတော့ဘူး လို့ ထင်ရတာ။ ဒါပေမဲ့ လေးနာရီထိုးတော့ ဘုရားဝတ်တက်၊ တရားထိုင်ပါတယ်။ လွန်တော်မူသည်အထိ ကုသိုလ်ဝတ် ပျက်မသွားခဲ့ပါဘူး။ ဆိုဆုံးမရာတွင် နူးညံ့သိမ်မွေ့ လှသည့် စကားအသုံးအနှုန်းတို့ဖြင့် ဆုံးမသည့် သူတော်ကောင်းတို့ထုံးကို များစွာ ကြည်ညိုခဲ့ရပါသည်” ဟူ၍ ဖြစ်လေသည်။

ဒေါက်တာဦးသန်းနောင် (ယခု အရှင်သုနန္ဒ-မလေးရှား)က ပြန်လည်ပြောကြားရာတွင် “ဆရာတော်ဘုရားကြီးကို ဖူးမြော်တိုင်း တစ်ကြိမ်တစ်ခါမှ ကျွန်တော်၏ကိုယ်ရေး ကိုယ်တာ မိသားစုစီးပွားရေး စသည်တို့ကိုလည်းကောင်း၊ တိုင်းရေးပြည်ရေး မင်းရေး စိုးရေး စသည်တို့ကိုလည်းကောင်း၊ မေးမြန်းခြင်း အာလာပသလ္လာပစကားတို့ဖြင့် ဧည့်ခံ ပြောဆိုလောကွတ်လုပ်ခြင်း မရှိပါ။ ကျွန်တော်ရောက်လျှင် ဆရာတော်ဘုရားကြီးသည် ကျမ်းပြုနေရာမှ တစ်ချက်လှမ်းကြည့်ပြီး “ဦးသန်းနောင်လား” ဟုလျှောက်ထားရန် စကားဖွင့်ပါသည်။ ကျွန်တော် လျှောက်ထားစရာရှိသည်ကိုလျှောက်လျှင် ကျမ်းပြုရင်းက လိုအပ်သည်ကိုသာ ဖြည်းညင်းတိကျစွာ ဖြေပါသည်။ ယင်းနောက် “အင်း ကောင်းပြီ ကောင်းပြီ”ဟု မိန့်ဆို၍ ပြန်ခိုင်းခြင်းဖြစ်ရာ ကျွန်တော်ဦးချ၍ ပြန်ခဲ့ရပါသည်။

ဆရာတော်ဘုရားကြီးသည် အပြင်းအထန် အားထုတ်ဆဲယောဂီတစ်ဦးကဲ့သို့ နေ့စဉ်သွားလာလှုပ်ရှားရာ ဆွမ်းဘုဉ်းပေးရာ စသည်တို့၌ အလွန်သိမ်မွေ့ညင်သာစွာ ပြောဆိုပြုမူသည်မှာ အမှတ်သတိအမြဲရှိနေသည်ဟု ဆုံးဖြတ်နိုင်ပါသည်။

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့မှသော်လည်းကောင်း၊ ဝေယျာဝစ္စ ဝန်ဆောင်သံဃာ ယောဂီများကသော်လည်းကောင်း မနှစ်သက်မလိုလားဖွယ်ရာကိစ္စများ လာရောက် လျှောက်ထားသည်ကိုပင် စိတ်ဆိုးမာန်ဆိုး မည်သည့်အခါမျှမပြော။ ‘ဒါဆိုတော်တော် အဆင်မပြေတာပဲ’ဟူ၍သာ မှတ်ချက်ပေးပါသည်။ ဆရာတော်ဘုရားကြီး၏ မျက်နှာ တော်သည် စိတ်ဆိုးခြင်း၊ မာန်တက်ခြင်း၊ မြူးတူးရယ်မောနေခြင်း အလျှင်းမရှိ၊ အစဉ်သဖြင့် တည်ငြိမ်အေးချမ်းလျက်ရှိပါသည်။ ဆရာတော်ဘုရားကြီးထံမှောက်သို့ ရောက်တိုင်း တစ်ကြိမ်တစ်ခါမျှ အလဟဿ အနားယူအပန်းဖြေနေသည့် အပြုအမူမျိုး မတွေ့ရဖူးပါ။ ဘုရားဝတ်ပြု၊ တရားထိုင်၊ စင်္ကြံလျှောက် သို့မဟုတ် စာကြည့်စားပွဲတွင် ထိုင်၍ ကျမ်းပြုနေသည်ကိုသာ မြင်ရပါသည်။

ဆရာတော်ဘုရားကြီးသည် ဗျာဓိတရားနှိပ်စက်၍ နာမကျန်းဖြစ်သည့်အခါတိုင်း မည်မျှ ဝေဒနာပြင်းထန်သည်ဖြစ်စေ၊ ညည်းညူ တွန့်လိမ် ဣန္ဒြေ ကိုယ်နှုတ်အမူအရာ ဖောက်ပြန်သည်မရှိ။ ဆရာဝန် သမားတော်ခေါ်ပေးဖို့ တစ်စုံတစ်ယောက်အား အကြောင်းကြားရန် စေခိုင်းပြောဆိုသည်ဟူ၍ တစ်ခါတစ်ရံမျှ မရှိခဲ့။ အနီးကပ်ပြုစု စောင့်ရှောက်သူများက အကဲခတ်၍ စီစဉ်ခေါ်ယူ ပြုစုကုသခဲ့ကြရသည်သာ ရှိပါသည်” ဟူ၍ မှတ်တမ်းတင် ကြည်ညိုခွင့်ရရှိပါသည်။

ကျေးဇူးရှင်ဆရာတော်ဘုရားကြီး၏ ကြည်ညိုဖွယ်ဂုဏ်ရည်များကို ဦးပွင့်ကောင်း က ပြန်လည်ပြောကြားရာတွင် “အကြောင်းအားလျော်စွာ ကိစ္စအမျိုးမျိုး၌ တွေ့ဆုံသမျှ သော တပည့်ရဟန်း, လူ, ဒါယကာ, ဒါယိကာမများအား ချီးကျူးဖွယ်ရာ ချီးမြှောက် ဖွယ်ရာ အချက်အလက်များကိုသာ ရှာဖွေ၍ ဝမ်းသာစရာ အားတက်စရာသာလျှင် မိန့်ကြားလေ့ရှိပါသည်။ အရိယာပညာရှိ သူတော်ကောင်းပုဂ္ဂိုလ်ကြီး ဖြစ်ပါသည်။ ပရိယတ်ပဋိပတ် စွယ်စုံကျွမ်းကျင်သောပညာရှိသူတော်ကောင်းကြီး ဖြစ်ပါသည်။ အလွန် စေတနာသဒ္ဓါတရား ကောင်းသည်။ ဝီရိယကောင်းသည်၊ အလွန်ကြိုးစားသည်၊ အလွန်ထက်မြက်ပါပေသည်။ သာသနာတွင် မရှိမဖြစ်သောပုဂ္ဂိုလ် ဖြစ်သည်။ နေရာ တကျ ဆောင်ရွက်တတ်ပေသည်။ သဒ္ဓါတရား အလွန်ကောင်းပြီး ကိစ္စတိုင်းတွင် ထက်ထက်မြက်မြက်နှင့် အောင်မြင်အောင်ဆောင်ရွက်တတ်သောပုဂ္ဂိုလ် ဖြစ်ပါပေ သည်။ ဗဟုသုတနှင့်ပြည့်စုံသော လူတော်လူကောင်းတစ်ယောက်ပါပဲဟု နည်းမျိုးစုံ ချီးမွမ်း ချီးကျူးဂုဏ်ပြုသောစကားများကိုသာ မိန့်ကြားလေ့ရှိပါသည်။

ကဲ့ရဲ့ဖွယ်ရာရှိပြီး အားမရဖွယ်ရာကိစ္စများ အပြစ်ပြောစရာကိစ္စများ တွေ့ရှိနေသော ပုဂ္ဂိုလ်များအတွက်မူ ဒီပုဂ္ဂိုလ်ကတော့ဖြင့် တယ်နေရာမကျလှဘူး၊ မတော်လှဘူး။ ဘယ်ပုဂ္ဂိုလ်ကဖြင့် ဘယ်နေရာမှာ သင့်တော်သလိုရှိပေမယ့် မည်သည့်ကိစ္စ မည်သည့် အမျိုးအစားကျတော့ နေရာမကျလှဘူး။ ပညာရှိသူတော်ကောင်းတို့အနေနှင့် ချီးကျူး မယ် မဟုတ်ပါဘူးဟုသာ အတိုချုပ် ပြောလေ့ရှိပါသည်။ အလွန်အကျူး ပြစ်တင်ရှုတ်ချ လေ့မရှိပါ။ ပြစ်တင်ဝေဖန်စရာရှိလျှင် အကျယ်ချဲ့ပြီးတော့ မိန့်ကြားလေ့မရှိပါ။

ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးနှင့်တွေ့လျှင် ရေတွေ့သော ကြာပမာ လန်းရွှင်ကြည်သာပြီး စိတ်ချမ်းသာကိုယ်ချမ်းသာ ဖြစ်သွားသည်ဟုသာ အများက ပြောဆိုလေ့ရှိကြပါသည်။ မည်သို့သော အကြောင်းအရာကိစ္စများ၌မဆို ကဲ့ရဲ့ပြစ်တင် ဖွယ်ရာ စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့ရလျှင်လည်း အလွန်အပြစ်ပြောခဲ၍ ‘ဒီလိုတော့ ဖြစ်တတ်တာပါပဲ’ ဆိုသော အမျက်ဖြေစကားကိုသာ ဖြေ၍ပြောလေ့ရှိသည်။

အကယ်၍ ပြောဆိုမိန့်ကြားမှသာဖြစ်မည်ဟု ဆိုသောအခါများတွင်လည်း ဒီလိုတော့ဖြင့် မလုပ်သင့်ပါဘူး၊ မပြောသင့်လှပါဘူး၊ ဒီလိုလုပ်ခြင်း, ပြောခြင်းအားဖြင့် အကျိုးသာယုတ်ဖို့ရှိတယ်လို့ ပြောလေ့ရှိပါတယ်။ တစ်ခါတစ်လေ တပည့် ရဟန်းသံဃာ များထဲမှ မသင့်တော်တာ ဝိနည်းနှင့်ဆန့်ကျင်တာ တွေ့ခဲ့လျှင်လည်း တပည့်တော်တို့ အသိုင်းအဝိုင်းမှာတော့ အရှင်ဘုရားတို့ နေလို့မတော်ဘူးဟုသာ အေးအေးချမ်းချမ်း မိန့်ကြားလေ့ရှိပါသည်။ အကယ်၍ အရှင်ဘုရားတို့ ယခုလို ကိုယ့်သဘောကျ လုပ်ချင်တယ်ဆိုရင် တခြားကြွပြီးတော့ ကိုယ်လုပ်ချင်သလို ကိုယ်ဆောင်ရွက်ချင်သလို လုပ်ပါဟု မိန့်ကြားလေ့ရှိပါသည်” ဟူ၍ ဖြစ်ပါသည်။

ဦးပွင့်ကောင်း၏ဇနီးဖြစ်သူ ဒေါ်ခင်နွဲ့ရီကမူ “သားတွေကို ရှင်ပြုတဲ့ရက်မှာ မဟာစည်ဆရာတော်ဘုရား၊ ဝေဘူဆရာတော်ဘုရားနဲ့ တောင်မြို့မဟာဂန္ဓာရုံဆရာ ဘုရားတို့ ၃-ရက်စီ ညတရားပွဲများကို ကျင်းပတယ်။ မြောင်းမြဆရာတော်ကြီးက ကျွန်မတို့မိသားစုအား အဲဒီရက်ကို ယောဂီဝတ်နဲ့ ၉-ပါးသီလဆောက်တည်ခိုင်းတယ်။

မဟာစည်ဆရာတော်ဘုရားကြီးက ဒကာကြီးအနေနဲ့ စိတ်အေးချမ်းသွားပြီ မဟုတ်လားတဲ့။ သာသနာပြုတယ်ဆိုတာ အင်မတန် ကံကောင်းလို့ပြုရတာတဲ့။ သာသနာပြုတယ်ဆိုတာ ဘုန်းလည်းရှိမှ၊ ကံလည်းရှိမှ၊ ဉာဏ်လည်းရှိမှ၊ တော်ရုံတန်ရုံ ကံနဲ့ သာသနာပြုခွင့်မရဘူးတဲ့။ စိတ်စေတနာ သဒ္ဓါတရား ကောင်းကောင်းနဲ့လုပ်ရင် အကျိုးပေးခြင်းလည်း မတူဘူးတဲ့။ အဲဒီလို လိုရင်းလောက်ပဲ ပြောသွားတယ်။

ဆရာဒကာ ဆက်ဆံရေးမှာဆိုရင်လည်း အဆင့်အတန်း မခွဲခြားဘူး။ အချို့ နိုင်ငံတော်အကြီးအကဲ လူကြီးပိုင်းတွေ ဆရာတော်ကြီးကျောင်းပေါ်တက်ပြီး ကန်တော့ တယ်။ ဆရာတော်ကြီးက ဟေ့ဒကာလေး ဘာလဲလို့ မမေးဘူး။ ဒီအတိုင်း ထိုင်နေရတယ်။ အမြင်မတော်တာနဲ့ အဖွဲ့က ဦးလှကြိုင်ရယ်၊ ဦးပွင့်ကောင်းရယ်၊ တက်သွား တယ်။ ဒီတော့လည်း ဆရာတော်ကြီးက သတိမထားဘူး။ သူ့ကိစ္စသူလုပ်နေတာပဲ။ ဆရာတော်ဘုရား ဒါဟာ ဘယ်သူဆိုတော့ ဆရာတော်ကြီးက ‘ဟင် ဘုန်းကြီးကတော့ ဘယ်သူမှမသိဘူးတဲ့။ အဖွဲ့ကလူတွေလောက်ပဲ မှတ်မိတယ်တဲ့။ လျှောက်စရာရှိလဲ လျှောက်သွားတဲ့’။ အဲဒီလို ဘယ်သူဘယ်ဝါ ကြီးတယ်၊ ငယ်တယ်မခွဲခြားဘူးလေ။ ဘာမျှ ဖက်လဲတကင်း လောကွတ်ဆိုတာ မထားဘူး။ ဆရာတော်ဘုရားကြီးက အင်မတန် တည်ငြိမ်လေးနက်တဲ့ သိက္ခာနဲ့ပဲ နေပါတယ်” ဟူ၍ ဖြစ်ပါသည်။

ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး၏ ရုပ်တုတော်နှင့် စပ်လျင်း၍ ဝက်လက်မစိုးရိမ်ဆရာတော် ဦးတိဿက “ဘုန်းကြီးအမြင်တွင် ဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိတုန်း ဆရာတော်ဘုရားကြီး၏ ရုပ်တုတော်ပြုလုပ်ထားသင့်သည်၊ သက်တော်ထင်ရှားမရှိသည့်နောက်မှ ဓာတ်ပုံကိုကြည့်၍ ထုလုပ်ရလျှင် တူသင့် သလောက် တူမည်မဟုတ်၊ ဤကိစ္စကို ဆရာတော်ဘုရားကြီးအား လျှောက်ထားပြီး စောစောက ပြုလုပ်ထားမှဖြစ်မည်ဟု မြင်လာသည်။

သို့ဖြစ်၍ ‘ဆရာတော်ဘုရား- ဆရာတော်ဘုရားကြီး၏ပုံတူ ရုပ်တုတော် ရှိသင့် သည်ဟု ထင်ပါသည်ဘုရား။ ဆရာတော်ဘုရားထံမှ ခွင့်ပြုချက်ရလျှင် ပြုလုပ်လိုပါ သည်။ ဓာတ်ပုံကိုကြည့်၍ထုလုပ်လို့ တူသင့်သလောက် တူမည်မဟုတ်ပါ။ တပည့်တော် များ ဆရာတော်ဘုရားထံမှ ခွင့်ပြုချက် ရသည်နှင့်တပြိုင်နက် ရုပ်တုတော်ဖြစ်မြောက် ရေးကို အားထုတ်ကြမည် ဖြစ်ပါသည်ဘုရား’ ဤအဓိပ္ပာယ်အတိုင်းပင် ဝက်လက်မှ နေ၍ စာဖြင့်လှမ်းပြီး လျှောက်ထားလိုက်ပါသည်။

မကြာမီမှာပင် ဆရာတော်ဘုရားကြီးထံမှ စာပြန်လာ၏။ စာမှာ ‘ဓာတ်ပုံတွေ ရှိနေပြီဖြစ်လို့ ရုပ်တုလုပ်နေရန်လိုမည်မဟုတ်ပါ။ ဓာတ်ပုံရှိနေရင် ပြီးနေတာပဲ’တဲ့။ လိုရင်းအဓိပ္ပာယ်မှာ ဤသို့ပင် ပြန်စာရေးလိုက်ပါသည်။ ဤပြန်စာအရ အတင်းထိုး လျှောက်ထားရန် မသင့်သဖြင့် နောက်ထပ် မလျှောက်ထားတော့ပဲ အသာနေခဲ့ပါသည်။ သို့သော် ဤပေးစာ ပြန်စာနှင့် ပတ်သက်၍ နာယကအဖွဲ့ဝင် ဆရာတော်အချို့နှင့် တွေ့သည့်အခါ လျှောက်ထားခဲ့သည်။ နာယကအဖွဲ့အစည်းအဝေးသို့ တင်ပြလျှောက် ထားခြင်း မဟုတ်ပါ။ နာယကအဖွဲ့ဝင်ဆရာတော်များ စည်းဝေးချိန် ရောက်လာ၍ စည်းဝေးလာကြသည့်အခါ ဤကိစ္စကို သိပြီးဖြစ်နေသော ဆရာတော်တစ်ပါးက္ထ’ဆရာတော်ဘုရားကြီး၏ ရုပ်တုတော်ဖြစ်မြောက်ရေးကို တပည့်တော်တို့ နာယက အဖွဲ့က ဆုံးဖြတ်ပြီး ဆောင်ရွက်မှဖြစ်မည်၊ ဝက်လက်ဆရာတော်တစ်ပါးတည်းအနေနဲ့ လျှောက်ထားရာ၌ ဆရာတော်ဘုရားကြီးက ခွင့်မပြုဘဲ ဖြစ်နေပါသည်။ ဆရာတော် ဘုရားကြီး ရုပ်တုတော်ပြုလုပ်ကြဖို့ သင့်ပြီဖြစ်ကြောင်း အဆိုကို တပည့်တော်က တင်သွင်းသည်’ ဟု အဆိုကိုတင်သွင်းရာ ထိုအဆိုကို နာယကအဖွဲ့ ဆရာတော်တို့က သဘောတူဆုံးဖြတ်လိုက်ကြသည်။ ဤဆုံးဖြတ်ချက်ကို ဝက်လက်ဆရာတော်က ဆရာတော်ဘုရားကြီးထံ လျှောက်ထားရန် တာဝန်ပေးလိုက်ကြတော့သည်။

တာဝန်ရှိလာသည့်အလျောက် ဆရာတော်ကြီးသီတင်းသုံးရာ စံကျောင်း အပေါ်ထပ်သို့တက်ရောက်ချဉ်းကပ်ပြီးလျှင် ‘ဆရာတော်ဘုရား တပည့်တော်က မည်သို့မျှ လှုံ့ဆော်ခြင်းမပြုဘဲ နာယကဆရာတော်များအဖွဲ့က ဆရာတော်ဘုရားကြီး၏ ရုပ်တုတော်ရှိသင့်ကြောင်းကို ဆုံးဖြတ်ကြပါသည်ဘုရား’ ဤသို့ လျှောက်ထားခဲ့ရသည်။ မိမိကလျှောက်ထားသည်ကို ခွင့်မပြုခြင်းကြောင့် နာယကဆရာတော်များအား လှုံ့ဆော်ပြီး ဆရာတော်ဘုရားကြီး ဆန္ဒမရှိသည်ကို အတင်းမရ အရ တိုက်ယူသည်ဟု ထင်မည်စိုးသဖြင့် မိမိလှုံ့ဆော်သည်မဟုတ်ကြောင်းကို ထည့်သွင်း လျှောက်ထားလိုက် ခြင်းဖြစ်၏။ သည်တော့မှ ဆရာတော်ဘုရားကြီးက ‘ရုပ်တုလုပ်ရင် ဘာနဲ့လုပ်ကြမှာလဲ’ တဲ့။ ‘ကွန်ကရစ်နဲ့လုပ်ရင် ကောင်းမယ်ထင်ပါတယ်ဘုရား’လို့ လျှောက်ထားရာ ‘ကြေးနဲ့လုပ်ရင် အန္တရာယ်များတယ်မ ကောင်းဘူး’ဟု အမိန့်ရှိပါသည်။

နာယကအဖွဲ့မှ သင့်တော်မည်ထင်၍ ဆုံးဖြတ်သည့်အခါ၌ ဆရာတော်ဘုရားကြီးသည် မိမိ၏အလိုဆန္ဒကို ရုတ်သိမ်းတော်မူလျက် နာယကဆရာတော်တို့၏ အလိုဆန္ဒအတိုင်း ငြင်းပယ်ခြင်းမပြုပဲ ခွင့်ပြုတော်မူခဲ့ပါသည်” ဟူ၍ ဖြစ်လေသည်။

၁၃၃၉-ခုနှစ် တပေါင်းလပြည့်နေ့ ဆိပ်ခွန်မဟာစည်သာသနာ့ရိပ်သာ ရုပ်တု တော် ပုံတော်အခမ်းအနားဖွင့်ပွဲ၌ ကျေးဇူးရှင်ဆရာတော်ဘုရားကြီးက “မူလပထမ ဘုန်းကြီးတို့ရဲ့ ရုပ်တုတော်တည်ဆောက်ဘို့ဆိုပြီးတော့ အလိုရှိတဲ့ ပုဂ္ဂိုလ်တွေက ဘုန်းကြီးထံကို လျှောက်ထားတောင်းပန်ကြပါတယ်၊ ဓာတ်ပုံလောက်ရှိရင် တော်လောက် ပါပြီ၊ ရုပ်တုတော်မလိုပါဘူးနဲ့တူပါတယ်လို့ ဘုန်းကြီးငြင်းဆိုထားခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ နောက်သားသမီး တစ်ဆက်နှစ်ဆက်လောက် ကြာလို့ရှိရင် ပေါ့ပေါ့ဆဆ ဖြစ်ချင်ဖြစ်သွားမှာပါလို့။ နောက်တော့ ထင်ရှားတဲ့ဆရာတော်ကြီးဖြစ်လို့ ရုပ်တုတော် ရှိသင့်ပါတယ်၊ နောင်လာနောက်သားတွေ အသိအမှတ်ပြုဘို့လိုပါတယ် ဆိုပြီးတော့ နာယကဆရာတော်တွေအများက သဘောတူဆုံးဖြတ်ထားတာ ဆိုပြီး လျှောက်ထားတော့ ဘုန်းကြီးကလဲ ငြင်းလို့မဖြစ်တာနဲ့ ခွင့်ပြုရပါတယ်။

အခု ဘုန်းကြီးတို့ ရုပ်တုတော်ကတော့ ကိုးကွယ်ဘို့မဟုတ်ပါဘူး၊ အသိအမှတ် ပြုဖို့လောက်ပါပဲ၊ အထိမ်းအမှတ်အနေနဲ့ တည်ထားတာကတော့ အကျိုးရှိသင့် သလောက် ရှိပါလိမ့်မယ်” ဟူ၍ဖြစ်ပါသည်။

၁၉၅၂-ခုနှစ်၊ ဖေဖော်ဝါရီလတွင် လာရောက်အားထုတ်သော ဗြိတိသျှ ဒုတိယရေတပ်ဗိုလ်ချုပ် (E. H. Shattock) ၏အမြင်ကို တင်ပြပါမည်။ “ပထမပတ် ကုန်ဆုံးခါနီး တစ်နေ့တွင် မဟာစည်ဆရာတော် ဆေးရုံမှဆင်းလာ၍ ကျွန်တော်သည် တရားအားထုတ်ရာ၌ တွေ့ရသည့် အတွေ့အကြုံတို့ကို ဆရာတော်ကြီးနှင့် တွေ့ဆုံ လျှောက်ထားခွင့်ရပါတော့သည်။ ဆရာတော်ကြီးအား ကြည့်ရသည်မှာ သိပ်နေကောင်းပုံ မပေါ်သေး၊ နွမ်းနယ်၍လည်းနေသည်။ သို့သော် ပြောစမှတ်ပြုရလောက်အောင် စိတ်ဓာတ်ကြံ့ခိုင် တည်ငြိမ်သည့်အပြင် ဉာဏ်ပညာအမြော်အမြင်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်မြတ်တစ်ပါးဖြစ်ကြောင်းကိုမူ ရုတ်ခြည်းသဘောပေါက်လိုက် ပါသည်။

ဆရာတော်ကြီးသည် အရပ်မြင့်မား၍ ကိုယ်ကာယ တောင့်တင်းသန်မာပြီးလျှင် မျက်နှာပုံသဏ္ဌာန်မှာ ထူးခြားပေါ်လွင်လှသည့်အပြင် စိတ်အားထက်သန်သည့်အသွင် ကို ဆောင်လျက်ရှိသည်။ ကြည့်ပုံရှုပုံကတော့ တမူထူးခြားစွာ စူးရှထက်မြက်၍ တွေဝေမှုကင်းသည်။ ကြင်နာမှုနှင့် တစ်ဖက်သားအား စာနာသဘောပေါက်မှုတို့ အတိုင်းမသိ ကိန်းအောင်း တည်ရှိနေသည်ဟူ၍လည်း စိတ်ထဲတွင် ခံစားလာမိပါသည်။ ဤကဲ့သို့သောပုဂ္ဂိုလ်မျိုးသည် အမှန်တရားကို ကျဉ်းကျဉ်းမြောင်းမြောင်း ဆုပ်ကိုင်ထားရှိ မည်ကား မဟုတ်ပေ။ ဆရာတော်ကြီး၏ မျက်နှာတော်သည် ယုံကြည်ချက်၊ အင်အား၊ အေးငြိမ်းမှုတို့နှင့်လည်း လွှမ်းခြုံလျက်ရှိပေသည်။ ဆရာတော်ကြီး၏ သက်တော်မည်မျှ ရှိမည်ကို ကျွန်တော်မသိပေ၊ မျက်နှာတော်ပေါ်တွင် အသားအရေများ တွန့်ရှုံ့နေခြင်း ကင်းလေသည်။ ကျွန်တော့်အတွက်မူ ဆရာတော်၏စာနာမှုနှင့် အေးငြိမ်းတည်ငြိမ်မှု တို့ကို မပျက်ပြယ်စတမ်း စွဲမှတ်နေမည်ဖြစ်သည်။ ဆရာတော်၏ သြဇာတိက္ကမသည် ကျွန်တော့်အား လွှမ်းခြုံသွားရာ၌ အဖွဲ့အစည်းတစ်ခု၏ အကြီးအကဲဟူသည့် အရှိန် အဝါက မဟုတ်ဘဲ ပုဂ္ဂိုလ်အရသာ ဖြစ်ပါသည်” ဟူသတည်း။