အဘိဓမ္မာတရားတော်ကြီး
Author By - မဟာစည်ဆရာတော်ဘုရားကြီး
test
အဘိဓမ္မာတရားတော်ကြီး
Published Date - ၁၉၈၃
Author By - မဟာစည်ဆရာတော်ဘုရားကြီး
၄၉၄ စာမျက်နှာ
နိဒါန်း
မတူညီသော ဘုံနှင့်ဘဝ
မိမိတို့ လက်ရှိဘုံဘဝမှ လှမ်းကြည့်လျှင် အခြားဌာနများမှာလည်း ဘုံတွေ ဘဝတွေ ရှိလေသေးသည်ကို သိနေကြရသည်။ အောက်ဘက်၌ အပါယ်ဘုံဘဝ အထက်ဘက်၌ နတ်ပြည်ခြောက်ထပ်နှင့် ဗြဟ္မာနှစ်ဆယ်တို့ ဖြစ်လေသည်။ အထက်အောက်အနေနှင့် ကြည့်လိုက်မည်ဆိုလျှင် ဤလူတို့ဘုံသည် အလယ်ဆင့်ဟူ၍ပင် မဆိုနိုင်ဘဲ အောက်သို့ပင် အတော်ရောက်နေသည်။ သုဂတိဘုံ အချင်းချင်း အားဖြင့်ဆိုပါမူ အောက်ဆုံးအဆင့်တွင် ဖြစ်နေသည်။ လူတို့ဘုံ၏အောက်တွင် အပါယ်လေးဘုံသာလျှင် ရှိလေတော့သည်။
အနိမ့်ဘက်တွင် နီးကပ်နေပါသော်လည်း လူတို့ဘုံ, လူတို့ဘဝကိုကား လူတို့က အထင်ကြီးလျက်ပင် ရှိနေကြသည်။
“ငါတို့ဘုံက လောကတွင် အမြတ်ဆုံး ဘုရားပွင့်တော်မူရတဲ့ဘုံ”ဟု ရသေ့ စိတ်ဖြေနှစ်သိမ့်
နေကြရပြီး မာနမှာမူ ဘုရားရှင်ကို ရှေ့မှထားကာ အကာအကွယ်ယူလျက် နတ်ပြည်ခြောက်ထပ်
ဗြဟ္မာနှစ်ဆယ် ၏အထက်သို့ရောက်အောင်
မြင့်မောက် နေခဲ့ကြသည်။ သို့သော် အဘယ်မျှပင် အထင်ကြီးပြီး စိတ်က ဘယ်လောက်ပင် မြင့်မောက်နေစေကာမူ
ဤလူတို့ ဘုံကတော့ အနိမ့်မှာသာလျှင်
ရှိနေလေသည်။
လူ့ခန္ဓာနှင့် နတ်ခန္ဓာ
လူတို့၏ခန္ဓာကိုယ်မှာ နတ်သြဇာကို စားပြီး ကြီးထွားနေကြရသည်မဟုတ်၊ ကြမ်းတမ်းလှသည့် ထမင်း အစာအာဟာရကို စားသောက်ပြီး ကြီးထွားနေကြရသော ခန္ဓာကိုယ်တို့သာဖြစ်လေသည်။ ထို့ကြောင့် လူတို့ခန္ဓာ ကိုယ်သည် နတ်တို့ ခန္ဓာကိုယ်နှင့် နှိုင်းစာလိုက်လျှင် နတ်သြဇာကို စားသောက်နေကြရသော နတ်တို့ခန္ဓာ ကိုယ်လောက်သွက်လက် ပေါ့ပါးခြင်းမရှိပေ။ လူတို့ခန္ဓာကိုယ်က ထိုင်းလည်း ထိုင်းမှိုင်းသည်၊ လေးလည်း လေးတွဲသည်။
နတ်တို့သည် သူတို့ခန္ဓာကိုယ်ကို ပေါ့ပေါ့ပါးပါး သယ်ဆောင်၍ ကောင်းကင်တွင် လိုရာခရီးသို့ သွားလာနိုင်ကြသည်။ လူတို့ခန္ဓကိုယ်မှာမူ စက်စသည် အကူအညီမပါဘဲဆိုလျှင် တစ်တောင်ခန့်မြင့်သော အမြင့်ကိုပင် မနည်းအားခဲပြီး လွတ်အောင်ခုန်ကြရသည်။ ကျန်းမာရေးမှာလည်း မခိုင်ခံ့လှ၊ မကြာခဏ ပြုပြင်ပေးနေကြရသည်။ ဆေးရုံများတွင် လူနာတွေ ထားစရာနေရာ မလောက်သဖြင့် အပိုဆေးခန်းတွေ အမြောက်အမြား ဖွင့်ပေးထားကြရသည်။ အစိုးရဆေးရုံမဟုတ်သော ပုဂ္ဂလိက အိမ်ဆေးခန်းများမှာ ဆေးရုံကြီးတွင် နေရာမလောက်၍ ဖွင့်ထားသော ဆေးခန်းများဟု ဆိုနိုင်သည်။ အထက်နတ်ပြည်တို့၌မူ နတ်လူနာရှိသည်ဟူ၍လည်း မကြားဖူး၊ နတ်ဆေးရုံရှိသည် ဟူ၍လည်း မကြားဖူးပေ။
နတ်ပြည်ရှိနတ်တို့မှာ ကံကိုသာမှီ၍ အသက်မွေးကြရသော (ကမ္မူပဇီဝိ)ပုဂ္ဂိုလ်တို့သာ ဖြစ်သောကြောင့် ရှေးက ပြုခဲ့သော ကံ၏ အထောက်အပံ့ဖြင့်
စားစရာဆိုလည်း နတ်သြဇာအသင့်, ဝတ်ရုံစရာဆိုလည်း
နတ်ဝတ်တန်ဆာအသင့်, နေစရာဆိုလည်း နတ်ဗိမာန်အသင့် ကံက ထောက်ပံ့ပေးထားသည်။
လူတို့မှာမူ ထိုသို့မဟုတ်၊ လုံ့လဝီရိယကိုမှီ၍ အသက်မွေးကြရသော (ဝီရိယူဗဇီဝိ) ပုဂ္ဂိုလ်တို့သာ ဖြစ်သောကြောင့် စားသောက်ရန် အစားအသောက်ကိုလည်း ကိုယ်တိုင်ချက်ပြုတ် စားကြသောက်ကြရ သည်၊ ဝတ်ရန် အဝတ်ဆိုလည်း ကိုယ်တိုင်အားထုတ်ယက်လုပ်ပြီး ဝတ်ရုံကြရသည်။ နေထိုင်ရန် အိမ်ဆိုလျှင်လည်း ကိုယ်တိုင် ဆောက်လုပ်ပြီး နေကြ, ထိုင်ကြရသည်။ အားသေးလှသော လူတို့၏ကံကို ဝီရိယဖြင့် ကူပံ့ပေးနေကြရသည်။
ဉာဏ်ပညာရှေ့သွားမရှိသော ဝီရိယဆိုလျှင်လည်း လူ့ဘဝအတွက်မပြည့်စုံသေးပေ၊ ဝီရိယကို အမှီပြုနေရသော လူ့ဘဝသည် ဉာဏ်ပညာက ရှေ့ဆောင်ညွှန်ကြားပေးမှသာ သင့်တင့်ရုံရှိသည်။ ဤကဲ့သို့ အဘက်ဘက်မှ ထောက်ကူပေးလျက်လည်း နတ်တို့ဘဝကို မမှီသေးပေ။ နတ်တို့ဘုံဘဝက များစွာသာလျက်ပင် ရှိသေးသည်။ လောကီလူတို့အနေနှင့် နေချင့်စဖွယ်ကောင်းလှသော နတ်တို့၏ဘုံဘဝပေတည်း။
အသက်တမ်းကလည်းကွာ
လေ, မိုး စသောရာသီဥတုတို့ကလည်း ဤလူတို့ပြည်လိုမဟုတ်ဘဲ နတ်ပြည်တွင် သာယာငြိမ်သက် လှပေသည်၊ နတ်တို့ပြည်၌ မည်သည့်နှစ်, မည်သည့်လက လေမုန်တိုင်း တိုက်သွား၍ နတ်ဗိမာန်တွေ ဘယ်ရွေ့ ဘယ်မျှ ပျက်စီးသွား သည်ဟူ၍လည်းကောင်း၊ မိုးရေတွေကြီး၍ နတ်ဗိမာန်တွေ မည်ရွေ့မည်မျှ ရေတွင် မျောပါကုန်သည် ဟူ၍လည်းကောင်း မကြားမသိရဘူးသဖြင့် လူတို့ပြည်ကဲ့သို့ ဗရုတ်သုတ်ခမရှိပေ။
သက်တမ်းအားဖြင့်လည်း မျက်မှောက်ခေတ် လူတို့သက်တမ်းနှင့် နှိုင်းစာလိုက်လျှင် နတ်တို့သက်တမ်းက မြင့်မားလှသည်။ နတ်ပြည်ခြောက်ထပ်တွင် အောက်ဆုံးဖြစ်သော စာတုမဟာရာဇ်နတ်တို့၏ သက်တမ်းသည်ပင် လူတို့သက်တမ်းနှင့်များစွာ ကွာခြားနေပေသည်။ စာတုမဟာရာဇ်နတ်တို့ သက်တမ်းသည် သူတို့အရေအတွက်ဖြင့် နှစ်ပေါင်း ၅၀ဝ (ငါးရာ)သည် လူတို့အရေအတွက်ဖြင့်ဆိုပါက နှစ်ပေါင်း ၉,ဝ၀ဝ,ဝ၀ဝ (ကိုးသန်း) အသက်ရှည်သည်ဟု နှိုင်းယှဉ် ဖော်ပြထားသည်။ သူ့အထက်က တာဝတိံသာနတ်တို့၏ နတ်သက်မှာမူ သူတို့အရေအတွက်အားဖြင့် နှစ်ပေါင်း ၁,ဝ၀ဝ (တစ်ထောင်)၊ လူတို့ အရေအတွက်အားဖြင့်
နှစ်ပေါင်း ၃၆,ဝ၀ဝ,ဝ၀ဝ (သုံးဆယ့်ခြောက်သန်း) အသက်ရှည်သည်။
တာဝတိံသာနတ်တို့ပြည်တွင် နတ်တို့အရေအတွက်အားဖြင့် နှစ်ပေါင်း ၁,ဝ၀ဝ တစ်ထောင်ဆိုပါက လပေါင်း ၁၂,ဝ၀ဝ တစ်သောင်းနှစ်ထောင်၊ ရက်ပေါင်း ၃၆၀,ဝ၀ဝ သုံးသိန်းခြောက်သောင်း၊ လူတို့ အရေအတွက်အားဖြင့် (နှစ်ပေါင်းကိုဆိုခဲ့ပြီ) လပေါင်း-၁,ဝ၈၀,၈၀ဝ,ဝ၀ဝ-သန်းတစ်ထောင့်ရှစ်ဆယ်၊ ရက်အားဖြင့် ဆိုပါမူ ၁၅,၆၀ဝ,ဝ၀ဝ,ဝ၀ဝ- ကုဋေတစ်ထောင့်ငါးရာခြောက်ဆယ် ဖြစ်လေသည်။
ဤလူတို့ပြည်တွင် အဘိဓမ္မာတရားကိုမဟော
မြတ်စွာဘုရားဟောကြားသော ဒေသနာတော်တို့မှာ သုတ်, အဘိဓမ္မာ, ဝိနည်းဟူ၍ သုံးမျိုးခွဲခြား ထားရာတွင် အခြားဒေသနာတော်များကို ဤလူတို့ပြည်၌ ဟောကြားတော်မူခဲ့ပါသော်လည်း အဘိဓမ္မာ ဒေသနာတော်ကိုမူ ဤလူတို့ပြည်၌ ဟောကြားတော်မမူပေ။ ဝါတွင်းသုံးလပတ်လုံး (ရက်ပေါင်း ကိုးဆယ်ခန့်) ဟောကြားရမည့် ဤအဘိဓမ္မာဒေသနာတော်ကြီးကို ဤလူတို့ပြည်တွင် ဟောကြားရန် မလျော်ဘဲဖြစ်နေသည်။ မြတ်စွာဘုရားက ဟောကြားနိုင်သည်ဆိုဦးတော့ နာကြားကြရမည်ဖြစ်သော လူပရိသတ်တို့တွင် နာကြားနိုင်ရာသော ဣရိယာပုထ်ကား မရှိပေ။
နေ့ရောညဉ့်ပါ မပြတ် သုံးလတာကာလပတ်လုံး နာကြားဖို့မဆိုထားနှင့် လူတို့အနေဖြင့်မူ သုံးရက်ပင် မထတန်း နာကြားနိုင်ကြမည်မဟုတ်။ ယခုမျက်မှောက် ဓမ္မကထိကတို့ သုံးနာရီခန့် ဟောကြားလျှင်ပင် တချို့တရားနာပရိသတ်တို့မှာ ငိုက်သူငိုက်, ထပြန်သူပြန် ဖြစ်ကုန်ကြသည်။ ထို့ကြောင့် နတ်တို့ပြည်၌ နာရီပိုင်းမျှသာ ကြာမည်ဖြစ်သော တာဝတိံသာ နတ်တို့ဌာနကိုလည်းကောင်း, ဤမျှသော အချိန်ကာလ၌ ငြီးငွေ့ဖွယ်မရှိဘဲ နာကြားနိုင်သော နတ်၊ ဗြဟ္မာပရိသတ်ကို လည်းကောင်း၊ ရွေးချယ်တော်မူ ပြီးလျှင် ဤအဘိဓမ္မာဒေသနာတော်ကြီးကို တာဝတိံသာနတ်ပြည်၌ ဟောကြားတော်မူလေသည်။
ပဏ္ဍုကမ္ပလာကျောက်နေရာနှင့် မြတ်စွာဘုရား
ကဏ္ဍအမည်ရှိသော ဥယျာဉ်စောင့်စိုက်ပျိုးအပ်သော သရက်ဖြူပင်၏အနီး ယမိုက်ပြာဋိဟာကို ပြတော်မူပြီးသည်၏ အဆုံး၌ အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူရန် မြတ်စွာဘုရားသည် တာဝတိံသာ နတ်ပြည်သို့ ကြွတော်မူသည်။
အချိန်ကာလမှာ ဝါဆိုလပြည့်နေ့ ဖြစ်လေသည်။ တာဝတိံသာနတ်ပြည်သို့ ကြွတော်မူလာသော မြတ်စွာဘုရားကို သိကြားမင်း ကမြင်ရာ၌ သိကြားမင်းမှာ အကြံဖြစ်ခဲ့သည်။
“မြတ်စွာဘုရားသည်
ဤတာဝတိံသာနတ်ပြည်
ပဏ္ဍုကမ္ပလာ ကျောက်ဖျာထက်၌ ဝါကပ်တော်မူကောင်း
မူပေလိမ့်မည်၊ ဤပဏ္ဍုကမ္ပလာကျောက်ဖျာမှာ အလျားယူဇနာခြောက်ဆယ်၊ အနံယူဇနာငါးဆယ် ကျယ်ပြန့်သည်။ အမြင့်ယူဇနာသည်လည်း တစ်ဆယ့်ငါး ယူဇနာရှိနေသည်။ အင်မတန်ကြီးမားလှသော ဤကျောက်ဖျာထက်တွင် သီတင်းသုံးတော်မူရာ၌ ဗန်းကြီးအလယ်တွင် ငှက်ငယ်လေးနားနေသကဲ့ ရှိပေ လိမ့်မည်။ အသုံးဝင်သော နေရာမှာ အနည်းငယ်သာဖြစ်ပြီး အသုံး မဝင်သော နေရာလပ်တွေ အချည်းနှီး ပိုနေပေလိမ့်မည်။ ပိုနေသောနေရာတွင် ဘယ်နတ်, ဘယ်ဗြဟ္မာမှ တက်နေဖို့ မဆိုထားနှင့်လက်သော်မှ တင်ထားနိုင်စွမ်း ရှိကြမည်မဟုတ်”ဟူ၍အကြံဖြစ်ခဲ့သည်။
ဝါတွင်းသုံးလပတ်လုံး မြတ်စွာဘုရား သီတင်းသုံးတော်မူလျှင် ပိုနေမည် ဖြစ်သော နေရာအတွက် အသုံးမဝင် အချည်းနှီးဖြစ်နေမည်ကို အလိုမကျဘဲဖြစ်နေသော သိကြားမင်း၏ အကြံကို မြတ်စွာဘုရား သိတော်မူရာ၌ မြတ်စွာဘုရားသည် ထိုင်တော်မူရန် သင်္ကန်းကြီးကို ကျောက်ဖျာတစ်ခုလုံး ဖုံးမိအောင် ခင်းတော်မူသည်။ ထိုအခင်းပေါ်တွင် ထိုင်တော်မူရာ၌လည်း နေရာလပ်မရှိ အပြည့်ပင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူလေသည်။ ထိုအခါ သိကြားမင်းသည် မြတ်စွာဘုရား၏ ဂုဏ်တော် တန်ခိုးတော်ကို မသိရာရောက်နေသော မိမိအကြံမှားအတွက် စိတ်မကောင်းဖြစ်မိသွားသည်။ ဤတွင် မြတ်စွာဘုရား၏ ဂုဏ်တော်, ကျေးဇူးတော်တို့ကို ဆင်ခြင်လျက် သိကြားမင်းသည် မြတ်စွာဘုရားအား ရိုသေမြတ်နိုး ရှိခိုးလေတော့သည်။
စုရုံးရောက်လာကြသည့် နတ်ဗြဟ္မာတွေ
ပဏ္ဍုကမ္ပလာ ကျောက်ဖျာထက်၌ သပ်သပ်ရပ်ရပ် တင့်တယ်စွာထိုင်နေတော်မူသော မြတ်စွာဘုရား၏ ထံမှောက်သို့ ဇာတိခေတ်အနှံ့ စကြဝဠာပေါင်း တိုက်တစ်သောင်းရှိ နတ်, ဗြဟ္မာတို့သည် ဆည်းကပ်ဝိုင်းရံ ကြက်ပျံမကျ ရောက်လာကြတော့သည်။ သပ်သပ်ပယ်ပယ်နှင့် တင့်တယ်စွာ ထိုင်နေသော မြတ်စွာဘုရားကိုလည်း ဖူးမြော်လိုကြသည်။ ဟောကြားမည့် တရားတော်ကိုလည်း နာကြားလိုသည်။ ကြီးကျယ်လှသော ထိုနတ်, ဗြဟ္မာတို့ ပရိသတ်ကြီးအတွင်းဝယ် လူဆို၍ တစ်စုံတစ်ယောက်မျှ ရောနှောပါဝင်ခြင်းမရှိပေ။ နတ်,ဗြဟ္မာတို့ချည်းသာ ဖြစ်လေသည်။ ဝါတွင်းသုံးလပတ်လုံး အကျယ်ဟောကြားတော်မူမည့် အဘိဓမ္မာဒေသနာတော်ကို အပြီးအဆုံးသို့ရောက်သည်အထိ နာကြားကြမည့် တရားနာပရိသတ်ကြီး ဖြစ်လေသည်။ အဘိဓမ္မာဒေသနာတော်ကို နာကြားနိုင်ရန် နတ်ပြည်ဗြဟ္မာပြည်တို့မှ စောင့်မျှော်နေခဲ့ကြရာ ယခုသော် သူတို့၏စောင့်မျှော်ခဲ့ရမှုမှာ ပြည့်စုံတော့မည့် အခါကာလသို့ ရောက်နေလေပြီ ဖြစ်သည်။ ထို့ကြောင့် ဤတရားပွဲကို လက်လွတ်မခံဘဲ စုရုံးရောက်ရှိနေကြခြင်းလည်းဖြစ်လေသည်။
အစဉ်မပြတ် အသံမစဲ ဟောကြားတော်မူသည်
“ကုသလာ ဓမ္မာ၊ အကုသလာ ဓမ္မာ၊ အဗျာကတာ ဓမ္မာ”အစချီသော ဤအဘိဓမ္မာ ဒေသနာတော်မြတ်ကို
မြတ်စွာဘုရားသည်
နာကြားရန် စောင့်မျှော်လျက်ရှိကြသော နတ်, ဗြဟ္မာ တရားနာ ပရိသတ်တို့အား အစဉ်မပြတ် စီးဆင်းနေသော မြစ်ရေအလျင်ကဲ့သို့ ဝါတွင်းသုံးလပတ်လုံး အသံမစဲ မရပ်မနားဘဲ အကျယ်အားဖြင့် ဟောကြားတော် မူလေတော့သည်၊ မြောက်ကျွန်းသို့ ဆွမ်းခံကြွချိန်၊ ဆွမ်းစားချိန်၊ နေ့သန့်စင်ရာ အချိန်တို့၌မူ ကိုယ်တော်မြတ်နှင့် တူစွာနိမ္မိတ တစ်ဆူ ဖန်ဆင်းတော်မူ၍ ဆက်လက်ပြီး ဟောရစ်စေတော်မူပါ သည်။
မြတ်စွာဘုရားသည် ဆွမ်းခံကြွတော်ချိန်တွင် မြောက်ကျွန်းသို့ ဆွမ်းခံကြွတော်မူပြီးလျှုင် ဆွမ်းဘုဉ်းပေးရာအခါ၌ အနောဒတ်အိုင်အနီးတွင် ဆွမ်းဘုဉ်းပေးတော်မူပြီးနောက် စန္ဒကူးတော၌ နေ့သန့်စင်တော်မူလေသည်။ ထိုအခါ အရှင်သာရိပုတ္တရာမထေရ်သည် မြတ်စွာဘုရား နေ့သန့်စင်တော်မူရာ စန္ဒကူးတောသို့ ကြွရောက်ပြီးလျှင် မြတ်စွာဘုရား၏ ဝတ်ကြီးဝတ်ငယ်ကို ပြုတော်မူခဲ့သည်။ ပြုဖွယ်ရှိသော ဝတ်ကြီးဝတ်ငယ်တို့ကို ပြုတော်မူပြီးနောက် အရှင် သာရိပုတ္တရာ မထေရ်မြတ်သည် မြတ်စွာဘုရားထံမှောက်တွင် သင့်တင့်လျှောက်ပတ်ရာနေရာ၌ ထိုင်နေတော်မူပေသည်။
ထိုအခါမြတ်စွာဘုရားသည်အရှင်သာရိပုတ္တရာမထေရ်မြတ်အား”ချစ်သားသာရိပုတ္တရာ၊ငါဘုရားသည် ဤမျှသောတရားကို ဤသို့သော အခြင်းအရာအားဖြင့် ဟောကြားအပ်ခဲ့ပြီ”ဟု နည်းပေး ညွှန်ပြတော်မူလျက် အဘိဓမ္မာ ဒေသနာတော်ကို အကျဉ်းချုပ်အားဖြင့် ဟောကြားတော်မူပေသည်။ အကျဉ်းချုပ် အားဖြင့် ဤမျှဟောကြားလိုက်သည် ဆိုလျှင်ပင် ပညာအရာတွင် ဧတဒဂ်ရဖြစ်တော်မူသော တရားစစ်သူကြီး ဖြစ်သော အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး၏ အသိဉာဏ်တွင် ကမ်းခြေမှရပ်၍ မဟာသမုဒ္ဒရာ အပြင်ကို လက်ညှိုးဖြင့် ညွှန်ပြလိုက်ရာ၌ သမုဒ္ဒရာတစ်ပြင်လုံးကို မြင်ရသကဲ့သို့ အဘိဓမ္မာ ဒေသနာတော်ကြီး၏ နည်းအလုံးစုံ အကုန်သိလေတော့သည်။
မြတ်စွာဘုရားဟောကြား ညွှန်ပြလိုက်သော အကျဉ်းနည်းကို အကျယ်အားဖြင့် သိရှိတော်မူပြီးနောက် အရှင်သာရိပုတ္တရာမထေရ်မြတ်သည် သူ့တပည့် ရဟန်းငါးရာတို့ကို ပို့ချရာ၌ ဤအဘိဓမ္မာ ဒေသနာတော်ကို အကျဉ်း အကျယ် အလယ်အလတ် ဖြစ်သောနည်းဖြင့် ပို့ချသင်ကြားပေးတော်မူ လေသည်။
မျက်မျောက်ကာလ၌ ပို့ချသင်ယူနေကြသောနည်း
သာသနာတော်တရပ်လုံး ယခုမျက်မှောက်ကာလ၌ ပို့ချသင်ယူနေကြရသော အဘိဓမ္မာဒေသနာတော် များမှာ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက သူ့တပည့် ရဟန်းငါးရာတို့အား ပို့ချသင်ကြားပေးခဲ့သော နည်းအတိုင်းပင် သင်ကြား ပို့ချပေးနေကြခြင်းဖြစ်လေသည်။ တာဝတိံသာနတ်ပြည်၌ နတ်, ဗြဟ္မာတို့အား ဝါတွင်းသုံးလပတ်လုံး ဟောကြားခဲ့သောနည်းမှာ ကျယ်လွန်းလှသဖြင့် သင်ကြားပို့ချရန် စွမ်းနိုင်ကြမည် မဟုတ်ပေ။ အရှင်သာရိပုတ္တရာအား ဟောကြားသော မြတ်စွာဘုရား၏ နည်းမှာလည်း အင်မတန် ကျဉ်းလွန်းနေသဖြင့် လူတို့အသိဉာဏ်တွင် သက်ဝင်နိုင်မည်မဟုတ်။ ထို့ကြောင့် အဆိုပါ ကျယ်လွန်း, ကျဉ်းလွန်းသော ဤနည်းများကို သင်ကြားပို့ချခြင်းမပြုကြဘဲ မကျဉ်းလွန်းမကျယ်လွန်းသော အရှင်သာရိပုတ္တရာ၏ သင်ကြားပို့ချနည်းကိုသာ ယူ၍ သင်ကြားပို့ချ ပေးလျက်ရှိကြသည်။
လျှောက်ထားတောင်းပန်ခဲ့ဖူးသည်
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး သီးခြားဟောကြားသော အဘိဓမ္မာတရားကို မနာမကြားရဖူးသေးသဖြင့် နာကြားလိုသော ဆန္ဒဖြစ်ပေါ်လာသည်။ ဆရာတော်ဘုရားကြီးမှာ တိကျပြီးဖြစ်သည့်အတိုင်း ပရိယတ်, ပဋိပတ် သာသနာနှစ်ရပ်တွင် ပဋိပတ်ကို ပို၍အားသန်တော်မူ ခဲ့သည်။ ထို့ကြောင့် ဟောကြားတော်မူရာတွင် ပဋိပတ်နှင့်လျှော်သော သုတ္တန်တရားတော်ကြီးများကိုသာ အဟောအပြောများခဲ့သည်။ အဘိဓမ္မာတရားတော်ကိုကား အဟောအပြောနည်းလှသည်။
မိမိအတွက်ပြောရလျှင် ဆရာတော်ဘုရားကြီး ဟောကြားသော အဘိဓမ္မာတရားကို နာကြားရဖူး သည်ဟူ၍ မမှတ်မိပေ၊ ထို့ကြောင့် ဆရာတော်ဘုရားကြီး ဟောကြားသော အဘိဓမ္မာတရားကိုလည်း နာကြားလိုစိတ် ဖြစ်ပေါ်လာမိသည်။
မိမိစိတ်တွင် ဖြစ်ပေါ်လာသော အလိုဆန္ဒကို လျှောက်ထား၍ ဆရာတော်ဘုရားကြီး ဟောကြားပါက အခြားက တရားနာပရိသတ်များစွာတို့ပါ နာကြားရသဖြင့် အင်မတန် ကျေးဇူးများပေလိမ့်မည်ဟု မြော်မြင်မိသည်။ သို့နှင့် လျှောက်ထားခွင့်ရသော အချိန်တစ်ချိန်တွင် မိမိ၏အလိုဆန္ဒကို ဆရာတော်ဘုရားကြီးအား လျှောက်ထားခဲ့သည်။
မိမိလျှောက်ထားသည်ကို အကြောင်းပြု၍ ဟောကြားတော်မူလေသလော။ ထိုသို့မဟုတ် အကြောင်းအခွင့် အားလျော်စွာ ဆရာတော်ဘုရားကြီး၏ သဘောဆန္ဒတော်အလျှောက် ဟောကြားတော်မူလေ သလောတော့ မသိ၊ ၁၃၃၆-ခုနှစ်၊ ပြာသိုလပြည့်နေ့မှ စ၍ မိမိနာကြားလိုသော အဘိဓမ္မာတရားတော်ကြီးကို ဟောကြားတော်မူခဲ့ရာ မဟာစည် တရားနာပရိသတ်တို့ နာကြားခဲ့ကြရပြီ ဖြစ်ပေသည်။
ဆရာတော်ဘုရားကြီးဟောကြားသော ဤအဘိဓမ္မာတရားတော်ကြီးမှာ ၁၃၃၆-ခုနှစ်၊ ပြာသိုလပြည့် နေ့မှစ၍ ၁၃၃၉-ခုနှစ်၊ ပထမဝါဆိုလပြည့်နေ့အထိ ဟောကြားတော်မူသဖြင့် နှစ်အားဖြင့်ဆိုပါလျှင် ၃-နှစ်၊ ရာသီ,လအားဖြင့် ၃၀၊ ၃- နှစ်ရာသီသို့ ဝင်ရောက်ခဲ့သော်လည်း ၆-လလျော့ရကား လပေါင်း ၃၆-လ မပြည့်၊ ၃၀-လသာလျှင် ဖြစ်သည်။
အခြားဓမ္မကထိကတို့ ဟောကြားသည့် အဘိဓမ္မာတရား
အခြား ဓမ္မကထိကများစွာတို့သည် အဘိဓမ္မာတရားတော်ကို သီးခြားသန့်သန့် ဟောကြားတော်မူလေ့ မရှိကြဘဲ သုတ္တန်တရား၏ နောက်ဆွယ်တွင် တရားသိမ်းအနေဖြင့် အနည်းငယ်မျှသော အဘိဓမ္မာပါဠိကိုသာ ရွတ်ဆို ဟောကြားတော်မူလေ့ရှိကြသည်။ အဘိဓမ္မာတရားတော်ဆိုသည်မှာ ကုသိုလ်, အကုသိုလ်, အဗျာကတအားဖြင့် လည်းကောင်း၊ ခန္ဓာ, အာယတန, ဓာတ်, သစ္စာ စသည်အားဖြင့် လည်းကောင်း မူထား၍ နည်းပေါင်းများစွာဖြင့် ဟောကြားထားသော တရားတော် ဖြစ်လေသည်။
အဘိဓမ္မာတရားမှာ သူ့ချည်း သီးခြားတရားတစ်ထုံး ဟောကြားရန် အင်မတန် ခက်ခဲလှသည်။ သုတ္တန်တရားတော်ကို ဟောကြားရသကဲ့သို့ တရားနာပရိသတ်နားလည်အောင် ဟောကြားဖို့ လွယ်ကူသော တရားမဟုတ်၊ နည်းပေါင်းများစွာကို တန်ဆာဆင်၍ ဟောကြားထားခြင်းကြောင့် ဟောကြားသည့် ဓမ္မကထိကက ဘုရားဟောထားသည့်နည်းကိုပင် ဟောကြားဖို့ မဆိုထားနှင့် ထိုနည်းဤနည်းကို ဟောကြားသူကိုယ်တိုင်က သိဖို့ပင်မလွယ်ကူလှပေ။ ဟောကြားရန်ပင် မလွယ်ကူသော ဤအဘိဓမ္မာနည်းကို နာယူရသူပုဂ္ဂိုလ်တို့အနေဖြင့်သိနားလည်ဖို့ ဆိုသည်ကပို၍ပင် ခက်ခဲလှသည်။ ထို့ကြောင့်ဤအဘိဓမ္မာတရားကြီးကို တရားတစ်ထုံးတစ်ဖွဲ့ အနေဖြင့် ဟောကြားသော ဓမ္မကထိက မရှိလောက်အောင် နည်းပါးနေခဲ့သည်။
ဤအဘိဓမ္မာ ဒေသနာတော်ကြီးကို တရားတစ်ထုံးတစ်ဖွဲ့အနေဖြင့် ရှေးက ဓမ္မကထိကတို့ ဟောကြားခဲ့ဖူးသည်ဟု မသိခဲ့ရသော ဤအဘိဓမ္မာဒေသနာတော်ကြီးကို မဟာစည်ဆရာတော် ဘုရားကြီးသည် တရားတစ်ထုံးတစ်ဖွဲ့အနေဖြင့် နှစ်နှင့်ချီ လနှင့်ချီ၍ တခမ်းတနား ဟောကြားထား လေပြီ၊ ဆရာတော်ဘုရားကြီး၏စွမ်းရည်ဖြင့် ဟောကြားထားသော အဘိဓမ္မာဒေသနာတော်ကြီးကို နောင်လာနောက်သားတို့အားလည်း ကျေးဇူးများစေရန် မပျောက်မပျက်စေဘဲ စာအုပ်ပေါ်တွင် အက္ခရာ တင်ထားဖို့ လိုအပ်လှသည်။
ခုနစ်ကျမ်း ပိုင်းခြားထားသည်
ဘုရားဟော အဘိဓမ္မာဒေသနာတော်ကို ခုနစ်ပိုင်းပိုင်းပြီး စုစည်းထားပေသည်။ စုစည်းထားသော ခုနစ်ပိုင်း ၁-ဓမ္မသင်္ဂဏီ၊ ၂- ဝိဘင်္ဂ၊ ၃- ဓာတုကထာ၊ ၄- ပုဂ္ဂလပညတ္တိ၊ ၅- ကထာဝတ္ထု၊ ၆- ယမက၊ ၇- ပဋ္ဌာန ဟူ၍ ဖြစ်လေသည်။
(၁) ဓမ္မသင်္ဂဏီ-ဟူသည် သဘာဝတရားများကို
အပြည့်အစုံ ရေတွက်ပြထားသော အပိုင်းဖြစ်လေသည်။
ဤအပိုင်းတွင်လည်း
စိတ္တုပ္ပါဒကဏ္ဍ, ရူပကဏ္ဍ, နိက္ခေပကဏ္ဍ အဋ္ဌကထာကဏ္ဍအားဖြင့်
ခွဲဝေပိုင်းခြား
လေးဌာနအားဖြင့် ဝေဖန်ထားသည်၊ ဤတွင် ရုပ်, နာမ်သဘာဝတို့ကို
အမည်တပ်လျက် အကြွင်းမဲ့ ဖော်ပြထားသည်။ တရားကိုယ်အရဆိုလျှင်
စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဟူသော ပရမတ္ထတရားများပင်
ဖြစ်လျက် ၎င်းတို့ကို စစ်တမ်းထုတ်ပြီး
ဟောကြားထားသည်။
(၂) ဝိဘင်္ဂ။ ဝိဘင်္ဂဟူသည် ဓမ္မသင်္ဂဏီတွင်
ဟောကြားထားသော တိက, ဒုက တရားများနှင့် ထိုတရားများကို ခန္ဓာ, အာယတန, ဓာတု, သစ္စ, ဣန္ဒြိယ, ပဋိစ္စသမုပ္ပါဒ, ဗောဇ္ဈင်္ဂ စသော တရားများဖြင့် ဝေဖန်ဖွင့်ပြထားသော
အပိုင်းဖြစ်သည်။
နည်းအားဖြင့် သုတ္တန်နည်း, အဘိဓမ္မာနည်း, အမေး, ဖြေနည်းတို့ဖြင့်
တန်ဆာဆင်၍ စိစစ်ထားသည်။
(၃) ဓာတုကထာ။ ဓာတုကထာဟူသည် ဓာတ်သဘောတရားများကို
ဝေဖန်ဟောကြားထားသော
အပိုင်းဖြစ်သည်။
ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ဣန္ဒြေ စသည်တို့ကို သင်္ဂဟ, အသင်္ဂဟ, သသင်္ဂဟိတနည်း တို့ဖြင့် ဟောကြားထားသည်။
(၄) ပုဂ္ဂလပညတ္တိ။ ပုဂ္ဂလပညတ္တိဟူသည်
ပုဂ္ဂိုလ်အမျိုးမျိုးကို ခေါ်ဝေါ်သမုတ်သောအားဖြင့် သိစေသော တရားများကို ဝေဖန်ဟောကြားထားသော အပိုင်းဖြစ်သည်။ ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ ဟူ၍ ပညတ်အခေါ်အဝေါ် သမုတိသစ္စာအားဖြင့် စိစစ်ဖော်ပြထားသည်။ သမုတိသစ္စာဟူသည် ပရမတ္ထသစ္စာမဟုတ်ပေ၊ လူတို့ အညီအညွတ် အမှန်အကန် ပြုလုပ်ခေါ်ဝေါ်ကြရာမှ ဖြစ်ပေါ်လာရသော သစ္စာဖြစ်သည်။
(၅) ကထာဝတ္ထု။ ကထာဝတ္ထုဟူသည် သကဝါဒီ ပုဂ္ဂိုလ်, ပရဝါဒီပုဂ္ဂိုလ်တို့
အခြေအတင် ပြောပုံများကို ဖော်ပြထားသော အပိုင်းဖြစ်သည်။
အနည်းအကျဉ်းမျှ မြတ်စွာဘုရားဟောထားသော နည်းကို နယဂ္ဂါဟပြု၍ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်က အကျယ်ဆက်လက် ဟောကြားထားသည်။ ပရမတ်၊ ပညတ်အရာ၌ မတူညီသော အယူဝါဒတို့ကို စောဒနာ၊ သောဓနာနည်းများဖြင့် စေ့စေ့စပ်စပ် ရှင်းလင်းထားသည်။ ဓမ္မသင်္ဂဏီမှသည် ဤကထာဝတ္ထုအထိ (၅)ပိုင်းတို့မှာ ဓမ္မဝ၀တ္ထာနဉာဏ် ကျက်စားရာဖြစ်လေသည်။
(၆) ယမက။ ယမကကို ယမိုက်ဟူ၍ မြန်မာလိုပြန်ဆိုထားသည်။ အစုံဟူ၍ အနက်အဓိပ္ပာယ် ထွက်၏။ အမေး, အဖြေအားဖြင့်လည်းကောင်း၊ အနုလုံ, ပဋိလုံအားဖြင့် လည်းကောင်း၊ ဝေဒနာက္ခန္ဓာ, သညက္ခန္ဓာ စသည်အားဖြင့်လည်းကောင်း၊ ဓမ္မသဘာဝတို့ကို အစုံအစုံပြု၍ ဝေဖန်ဟောကြားထားသည်။ ကဏ္ဍအားဖြင့်လည်း မူလ, ခန္ဓာ, အာယတန, ဓာတု, သစ္စ, သင်္ခါရ, အနုသယ, စိတ္တ, ဓမ္မ, ဣန္ဒြိယ ယမိုက်ဟူ၍ (၁၀)ကဏ္ဍထားလျက် ဝေဖန်ဟောကြားထားသည်။ ဘုံနှင့် ပုဂ္ဂိုလ်အားဖြင့်လည်း ဓမ္မသဘာဝအလိုက် ဖြစ်သင့်ဖြစ်ထိုက်သည်တို့ကို ဝေဖန်ထားသေး၏။
(၇) ပဋ္ဌာန။ မြန်မာလို ပဋ္ဌာန်းဟု ဘာသာပြန်ထားသည်။
အမျိုးမျိုးသော အကြောင်းဟူ၍ အဓိပ္ပါယ်ဖွင့်ထားသည်။
ဤတွင် ပစ္စယုဒ္ဒေသ, ပစ္စယနိဒ္ဒေသ, ပဋ္ဌာန ဟူ၍လည်း သုံးပိုင်းပါဝင်လျက်ရှိ၏။ ပစ္စယုဒ္ဒေသပိုင်း၌ ဟေတုစသော ၂၄- ပစ္စည်းတို့ကို အကျဉ်းအားဖြင့် ဖော်ပြပြီးလျှင် ပစ္စယနိဒ္ဒေသပိုင်း၌ ပစ္စည်းပစ္စယုပ္ပန် ယှဉ်တွဲလျက် အကျယ်ဖော်ပြထားသည်။
ပဋ္ဌာန်းပိုင်း၌ ပုစ္ဆာဝါရ, ဝိသဇ္ဇနာဝါရအားဖြင့် ၂-ပိုင်းခွဲခြားပြီးလျှင် ထို၌ ဓမ္မနုလောမ၊ ဓမ္မပစ္စနိယ၊ ဓမ္မနုလောမပစ္စနိယ၊ ဓမ္မပစ္စနိယာနုလောမအားဖြင့် ၄-ဌာန ခွဲထားသေးသည်။ ဤပဋ္ဌာန်းအရာတွင် နက်နဲလှသည့် ဓမ္မသဘာဝတို့ကို နည်းပေါင်းများစွာဖြင့် တန်ဆာဆင်လျက် အကျယ်ပြန့်ဆုံး ဟောကြားထားသည်။
ထင်ရှားကျော်ကြားလှသော ကျမ်းကြီးများ
သဗ္ဗညုဉာဏ်တော်အားကလည်း ကြီးမားတော်မူလှသည်၊ ပဋ္ဌာန်းဒေသနာတော်ကလည်း နက်နဲလှသည်။ သေးငယ်သော ချောင်း, မြောင်း, အင်း, အိုင်တို့၌ မကျက်စား၊ မမြူးတူးလောက်သော အာနန္ဒာငါးကြီးသည် မဟာသမုဒ္ဒရာထဲမှာမှ ကျက်စာမြူးတူး ပျော်ပါးနိုင်သကဲ့သို့ ထို့အတူပင် ကျဉ်းမြောင်းသော အခြား အခြားသော ဒေသနာတော်၌ ကြီးမားလှသော သဗ္ဗညုတဉာဏ်တော်အားက မကျက်စားလောက်ဘဲ နက်ကျယ်လှသော ပဋ္ဌာန်း ဒေသနာတော်သို့ ရောက်ရာအခါမှသာ ဆင်ခြင်သုံးသပ် ကျက်စားလောက်သဖြင့် အလိုရှိသလို ကျက်စားသုံးသပ် တော် မူရသဖြင့် ကိုယ်တော်မှ နီလ, ပီတစသော ရောင်ခြည်တော်ခြောက်သွယ်တို့သည် ပြိုးပြိုးပြက်ပြက် ထွက်ပေါ်လာလေ တော့သည်။
ဤအပိုင်းကြီး ၇-ပိုင်းဖြင့် ပိုင်းခြားဟောကြားထားသော ကျမ်းကြီးများကို အဘိဓမ္မာ ၇-ကျမ်းဟူ၍ ခေါ်ဝေါ်ခဲ့ကြသည်။ ဗုဒ္ဓမြတ်စွာသာသနာတော်တွင် အင်မတန်ထင်ရှားသော ကျမ်းဂန်ကြီးများလည်း ဖြစ်ပေသည်။ သဘာဝအားဖြင့် သိမ်လည်းသိမ်မွေ့ နက်လည်းနက်ကျယ် ဟောကြားရာဌာနကလည်း တာဝတိံသာနတ်ပြည် ဖြစ်နေရုံသာမက တရားနာပရိသတ်တို့ကလည်း လူတစ်ဦးတစ်ယောက်မျှ မနှော စကြဝဠာ တိုက်တစ်သောင်းမှ စုပေါင်းရောက်လာကြသည့် နတ်, ဗြဟ္မာ ပရိသတ်တို့ချည်းသာ ဖြစ်သောကြောင့် ဤမျှ ထင်ရှားကျော်စော နေခြင်းလည်း ဖြစ်လေသည်။
အမည်တပ်မှု
တရားတော်တွေကို မြတ်စွာဘုရား ဟောကြားတော်မူစဉ်ကမူ အကြောင်းအားလျော်စွာ ဟောစရာရှိသော တရားများကို ဟောတော်မူသွားပါလိမ့်မယ်၊ ဤသည်က သုတ္တန်တရား၊ ဤသည်က အဘိဓမ္မာတရားဟူ၍ အမည်တပ်ပြီး ဟောကြားနေဟန်မတူ၊ သင်္ဂါယနာတင်ရာအခါကျမှသာ သင်္ဂီတိဆရာတော်တို့က တရားသဘောကို ကြည့်၍ သင့်လျော်သော အမည်ကို မှည့်ခေါ်တော်မူခဲ့ကြဟန် တူပေသည်။
သို့သော် ယံ ဝါ တံ ဝါ-ထင်ရာမှည့် ခေါ်တော်မူကြသည်တော့မဟုတ်၊ တရားတော်နှင့် လျော်သော အမည်ကို မှည့်ခေါ်တော်မူထားကြသည်မှာတော့ ထင်ရှားလျက်ရှိသည်။ ဥပမာ-တေမိမင်းသား အကြောင်း ဟောသော ဇာတ်တော်ကို “တေမိဇာတ်” သို့မဟုတ် “မုဂပက္ခဇာတ်”ဟူ၍လည်းကောင်း၊ ဇနက္ကမင်းသားအကြောင်း ဟောထားသောဇာတ်တော်ကို “ဇနကဇာတ်”ဟူ၍လည်းကောင်း မှည့်ခေါ်သကဲ့သို့
ဒေသနာတော် အားလျော်စွာ မှည့်ခေါ်တော်မူခဲ့ကြသည်ကို ထောက်ထားနိုင်ပေသည်။
ဤသို့အမည်တပ်၍ ခေါ်သည်ကိုပင်ဖြစ်စေ အရာရာတွင် စေ့စပ်တော်မူလှသော ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် သုတ်, အဘိဓမ္မာ, ဝိနည်းပိဋကတ်တွေ ဟောပုံဟောနည်းကို စိစစ်ဖော်ပြတော်မူပြီးနောက် စာမျက်နှာ(၂၅)တွင်-
“တချို့ကတော့ အဘိဓမ္မာဆိုတာ ပရမတ္ထတရားတွေကို
ဟောထားလို့ “အဘိဓမ္မာ”ခေါ်တယ်တဲ့၊ ဒီလိုကိန်းသေ မှတ်ထားကြတယ်၊ ပရမတ္ထ တရားတွေကို ဟောထားတာကတော့များပါတယ်။ ဒါပေမယ် လို့ ပရမတ္ထတရားတွေချည်းတော့ မဟုတ်ပါဘူး၊ ပုဂ္ဂလပညတ်မှာ ပညတ်တရားတွေကိုချည်း ဟောကြားတော်မူထားတာလည်း ရှိနေသားပဲ၊ ပုဂ္ဂလပညတ်ဆိုတာ အဘိဓမ္မာခုနစ်ကျမ်းထဲမှာ တစ်ကျမ်း အပါအဝင်ပင်ဖြစ်တယ်။ အဲဒီကျမ်းမှာ ပညတ်တွေကိုလည်း ဟောကြားထားတာ အထင်အရှားပါပဲ၊ အဲဒါကြောင့်မို့ ပရမတ္ထတရားတွေကို ဟောကြားတော်မူထားလို့ အဘိဓမ္မာ ခေါ်တယ်လို့ ဒီလို ကိန်းသေ မှတ်ချက် ချမထားဖို့လည်း သတြိုပသင့်တယ်” ဟူ၍ သတိပေးထားသည်။
အချို့ဆိုသည်မှာ
မျက်မှောက်ခေတ် စာပေတို့၌ လူတို့သဘောကို ဖော်ပြသည့်အခါ “လူ့အဘိဓမ္မာ” ဟူ၍လည်းကောင်း၊ တစ်စုံတစ်ခုသော သဘာဝကို ပြောလိုသည့်အခါ “အဘိဓမ္မာကျကျ ပြောရလျှင်” ဟူ၍လည်းကောင်း စကားပလ္လင်ခံ၍ ပြောတတ်ကြသည်၊ ဤသူ ထိုသူတို့သည် ဘုရားဟော အဘိဓမ္မာကို အတုလိုက်၍ အဘိဓမ္မာမှည့်ခေါ်ထားရခြင်းကို တကယ်မသိကြသောကြောင့် ဤသို့ ပြောဆိုသုံးနှုန်းနေကြခြင်းသာ ဖြစ်လေသည်။
အများအားဖြင့်မူ လူရော ရှင်ပါပင် ခန္ဓာ, အာယတန, ဓာတ်, သစ္စာစသော ပရမတ္ထ သဘောတရားများကို တွေ့လျှင်သော်လည်းကောင်း၊ ပြောဟောလျှင်သော်လည်းကောင်း “ဒါက အဘိဓမ္မာပဲ, ဒါက အဘိဓမ္မာကို ပြောတာပဲ”ဟု ထင်မှတ်ပြောဆိုလျက်
ရှိနေကြသည်။ ဤသည်တို့ကို ကြားသိနေရသော ဆရာတော်ဘုရားကြီးသည်
အမှတ်မှားနေသော ထိုသူတို့၏ အယူအဆကို အမှန်သို့ရောက်စေရန်
ဟောကြား ညွှန်ပြတော်မူခြင်း
ဖြစ်လေသည်။
သည်တစ်ခါသာ နာကြားရဖူးသေးသည်
အဘိဓမ္မာပါဠိတော် (၇)ကျမ်းကို အဋ္ဌကထာနှင့်တကွ အပြည့်အစုံ သင်ယူခဲ့ဖူးပါသည်။ သို့သော် သင်ရိုးအတိုင်း ချပို့သော ဆရာသမားတို့ထံ၌ သင်ရိုးအတိုင်းသာ သင်ကြားခဲ့ရသဖြင့် သင်ရိုးအတိုင်းသာ နားလည်ခဲ့ရသည်။ ဆရာတော်ဘုရားကြီး ဟောကြားသကဲ့သို့ အဘိဓမ္မာတရားတော်ကြီးကို တရားတစ်ထုံး တစ်ဖွဲ့အနေဖြင့် ဤလို ကျယ်ကျယ်ပြန့်ပြန့် တခမ်းတနား ဟောကြားထားသော အခြားဓမ္မကထိကတို့၏ အဘိဓမ္မာတရားကို တစ်ကြိမ်တစ်ခါမျှ မကြားမနာရဖူးပေ။
ကြားနာရသည်ဆိုရာ၌လည်း ဆရာတော်ဘုရားကြီး ကိုယ်တိုင် ဟောကြားစဉ်ကာလက တရားနာပရိသတ်တွင် ပါဝင်ခွင့် မရသဖြင့် မကြားမနာခဲ့ရ။ အသံဖမ်းယူ ထားသော တိတ်ခွေမှကူးယူပြီး တရားကိုသာ ကြားနာခွင့်ရခဲ့သည်။ ကျေးဇူးတင် စရာကောင်းသော သိပ္ပံဆရာ တို့၏ အတတ်ပေတည်း။
နာယကအဖွဲ့က တိုက်တွန်းခဲ့သည်
ဆရာတော်ဘုရားကြီး ဟောကြားထားခဲ့ပြီး တရားတော်တို့တွင် အဘိဓမ္မာတရားတော် မပါရှိသေးဘဲ ထိုတရားတော် လိုအပ်နေသေးသည်ကိုလည်းကောင်း၊ ဆရာတော်ဘုရားကြီး ဟောကြားသော အဘိဓမ္မာတရားတော် ဆိုလျှင် ကျယ်ကျယ်ပြန့်ပြန့် ခမ်းခမ်းနားနား ရှိမည်ကိုလည်းကောင်း သိပြီးဖြစ်နေကြသော နာယကအဖွဲ့ဝင် ဆရာတော်တို့သည် ဤအဘိဓမ္မာတရားတော်ကြီးကို “ဟောတရားမှ စာအုပ်အဖြစ်သို့ရောက်အောင် ဆောင်ရွက်ပါရန်” မိမိအား တိုက်တွန်းတော်မူကြ ပါသည်။
ဆရာတော်တို့အဖွဲ့မှ တိုက်တွန်းသည်ကို လေးစားသောအားဖြင့်လည်းကောင်း၊ ကိုယ်တိုင်ကလည်း ဤတရားတော်ကြီး စာအုပ်အဖြစ်သို့ရောက်လျှင် အဓွန့်ရှည်ကြာ တည်နေမည်ဖြစ်၍ မနာမကြားရသေးသော ပုဂ္ဂိုလ်များစွာတို့အတွက် ကျေးဇူးများမည်ကို မျှော်မှန်းမိပြီးဖြစ်သဖြင့် လည်းကောင်း၊ ဆောင်ရွက်ရန် စိတ်အားထက်သန်ရင်း ရှိနေခဲ့သည်။ သို့သော် တာဝန် မသေးလှသော ဤကိစ္စကို ဆောင်ရွက်ရာအခါ၌ အခက်အခဲများနှင့် ကြုံတွေ့နေခဲ့သည်။ ထိုအခက်အခဲမှာ အသံဖမ်း ယူထားသော တိတ်ခွေများမှ စာရွက်ပေါ်သို့ ရောက်ရန် ဖြစ်လေသည်။
ဤလိုအခက်အခဲများနှင့် ကြုံတွေ့နေရသည့်အထဲတွင် ရှောင်လွှဲ၍မရသော အခြားကိစ္စများကလည်း ဝင်ရောက်လာ ပြန်သောကြောင့် တစ်နှစ်ကာလ လွန်မြောက်သွားသည့်တိုင်အောင် အလုပ်မစနိုင် ဖြစ်နေခဲ့ရကား နာယကအဖွဲ့ ဆရာတော်တို့က နောက် နှစ်ပတ်လည်အစည်းအဝေးတွင် တစ်ကြိမ်ထပ်မံ၍ တိုက်တွန်းတော်မူကြ ပြန်ပါသည်။
ဤတွင် မိမိ၌ရှိနေသော ဤတာဝန်ကိစ္စကြီး အပြီးသို့မရောက်နိုင်ဘဲ မျောသွားမည်ကို စိုးရိမ်မကင်း ဖြစ်လာ တော့သည်။ ဤသို့သောစိုးရိမ်မှုကြောင့် အကူအညီပေးနိုင်မည့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ဥက္ကဋ္ဌထံ အကူအညီ တောင်းရတော့သည်။
ဤတွင်မှ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ဝင် လူကြီးတို့သည်လည်း မနေသာကြတော့ဘဲ သူတို့တတ်နိုင်သည့် ဘက်မှ လိုအပ်သော အကူအညီကိုပေးကြသည်။ ပေးကြရမည့် အကူအညီမှာ သေးငယ်လှသည် မဟုတ်၊ ရီကော်ဒါတိတ်ခွေကြီးမှ ကက်ဆက် တိတ်ခွေငယ်သို့ ကူးယူရန်နှင့် တစ်ဖန် တိတ်ခွေငယ်မှ စာရွက်ပေါ်၌ စာအဖြစ်ရောက်ရန်ဖြစ်လေသည်။ စာရွက်ပေါ် ရောက်ဖို့ရန်မှာလည်း တစ်ကြိမ်တစ်ခါဖြင့် ပြီးသည် မဟုတ်၊ ကက်ဆက်တိတ်ခွေမှတရားကို ပထမလက်ရေးဖြင့် အကြမ်းလိုက်၍ ရေးပြီးလျှင် တစ်ဖန် သန့်သန့်ရှင်းရှင်း ဖတ်ဖြစ်အောင် လက်နှိပ်စက်ဖြင့် စာမူကြမ်းအဖြစ် ကူးယူရပြန်သည်။
ဤအဘိဓမ္မာတရားတော်ကြီးမှာ နက်နဲသိမ်မွေ့ရုံသာမက ပါဠိပါဌ်သားများများ ပါရှိနေရကား လက်နှိပ်စက် ရိုက်တတ်ရုံဖြင့် မဖြစ်သည်ကို သိနေကြသော အဖွဲ့ဝင်လူကြီးတို့သည် ပါဠိပါဌ်သား၌ လေ့လာပြီးဖြစ်ကြသော မဟာစည်သာသနာ့ရိပ်သာရှိ ယောဂီဟောင်း ရဟန်းတော်တို့ထံ အကူအညီပေးကြရန် တောင်းပန်လျှောက်ထားကြရသည်။ ကူးယူရန်လိုအပ်သော စက္ကူ၊ တိတ်ခွေ စသည်တို့ကိုမူ အဖွဲ့ဝင်လူကြီးတို့က လိုအပ်သမျှ ဆောင်ရွက်ပေးကြပေသည်။ ဤတွင်မှ ယောဂီဟောင်းရဟန်းတော်တို့၏ ကူညီမှုဖြင့် ဟောတရားမှ စာမူကြမ်းအဖြစ်သို့ရောက်လာခဲ့သည်။ အရေးတကြီး လိုအပ်နေသည့် ဤကိစ္စကို ဝိုင်းဝန်းကူညီကြသော ထိုထို ပုဂ္ဂိုလ်တို့ကိုလည်း ဤနေရာတွင် မှတ်တမ်းတင် ထားရမည်သာ ဖြစ်သည်။
စာမူကြမ်းကို တည်းဖြတ်ချိန်
တိတ်ခွေမှ စာမူကြမ်းအဖြစ်သို့ ရောက်လာသည့်အချိန်၌ ဆရာတော်ဘုရားကြီး၏ ကျမ်းမာရေးမှာ မဟာစည်ပရိသတ်က စိုးရိမ်သော အချိန်ဖြစ်နေသည်။ ထို့ကြောင့် စာမူကြမ်းကြီးကို ဆရာတော် ဘုရားကြီး တည်းဖြတ်ရန်မလိုလားဘဲဖြစ်နေကြသဖြင့် တည်းဖြတ်ရန် ဝန်လေးနေသော ဤတည်းဖြတ်မှု ကိစ္စကြီးကို မိမိက တာဝန်ယူ တည်းဖြတ်ခဲ့ရသည်။
မိမိမှာလည်း ထိုအချိန်တွင် ချမ်းမြအောင်စည်ရိပ်သာသစ် ကိစ္စတွေက တစ်ဖက် ဖြစ်နေသောကြောင့် အားလပ်သည့် အချိန်က နည်းပါးလှသည်။ နည်းပါးလှသော အားလပ်သည့် အချိန်ထဲမှပင် ရသမျှအချိန်ကိုယူ၍ ပြီးသမျှဖြင့် တည်းဖြတ်နေရသည်။ သို့နှင့်လည်း စာမျက်နှာ (၂၈၀) နှစ်ရာ့ရှစ်ဆယ်ကျော် (စာတစ်အုပ်စာခန့်) ပြီးသွားရာအခါ၌ ဆရာတော်ဘုရားကြီး၏ ကျန်းမာရေးမှာ ကောင်းမွန်လာလေသည်။ ထိုအချိန်အထိ မိမိ၏ ရိပ်သာသစ် ကိစ္စများကလည်း မအေးသေးဘဲ ရှိနေသေးသည်။
ဆရာတော်ဘုရားကြီး တည်းဖြတ်နိုင်ပြီ ဖြစ်ပါက တည်းဖြတ်ပါရန် လျှောက်ထားရသည် ထိုအချိန်တွင် ဆရာတော်ဘုရားကြီး၏ ကျန်းမာရေးမှာ စိုးရိမ်စရာမရှိတော့ပေ။ ချမ်းမြအောင်စည် ရိပ်သာသစ်ဖွင့် အခမ်းအနားစသည်၌ အနုမောဒနာတရားဟောကြားခြင်း၊ ရေစက်ချခြင်း ကိစ္စတို့ကိုပင် ဆောင်ရွက်တော်မူလျက်ရှိနေလေပြီ၊ ထို့ပြင် အညာဒေသသို့ ကြွရောက်နေကျအတိုင်း ကြွရောက်တော်မူလျက် ပင့်ဖိတ်သမျှ တရားပွဲများကိုလည်း အသင့်အတင့် ဟောကြားတော်မူနေပြီ ဖြစ်သည်။
ဆရာတော်ဘုရားကြီး၏ ကျန်းမာရေးအတွက် အားရလောက်အောင် ကောင်းလာပြီဖြစ်ရာ ထိုအခါ၌ “ဆရာတော်ဘုရားကြီး
တည်းဖြတ်နိုင်လောက်အောင် ကျန်းမာရေးကောင်းပြီဖြစ်ပါက ကျန်ရှိနေ သေးသော အဘိဓမ္မာ တရားတော်ကြီးကို တည်းဖြတ်ပါရန်” လျှောက်ထားရတော့သည်။ လျှောက်ထားသည်ကို ဆရာတော် ဘုရားကြီးက လက်ခံတော်မူရုံသာမက မိမိတည်းဖြတ်ပြီး စာမူများကိုပါ ကိုယ်တိုင်စစ်ဆေးတော်မူပေသည်။ ထို့ကြောင့်မိမိတည်းဖြတ်ပြီး စာမူသည်လည်း ဆရာတော် ဘုရားကြီး၏ အလိုတော်ကျ ဖြစ်သွားတော့သည်။
ယခုသော် ပြည့်စုံသွားပေပြီ
သုတ္တန်တရားတော်ကြီးများကိုသာ အဟောများခဲ့သော ဆရာတော်ဘုရားကြီး၏ တရားတော်တို့မှာ ပိဋကတ်မစုံဘဲ တစ်ဖက်သတ်ဖြစ်နေသကဲ့သို့ ရှိနေခဲ့ရာမှ ယခုသော် ပြည့်စုံသွားပေပြီဖြစ်သည်။ သုတ္တန်ဘက်မှ “အရိယာဝါသ” တရားတော် စသောတရားတော်ကြီးများ၊ ဝိနည်းဘက်မှ” ဝိနယဝိနိစ္ဆယသင်္ဂ”နှင့် အဘိဓမ္မာဘက်မှ ဤ “အဘိဓမ္မာတရားတော်ကြီး”အားဖြင့် အဘက်ဘက်မှ ပြည့်စုံသွားပေပြီ၊
ဤကဲ့သို့ အဘက်ဘက်မှ ပြည့်စုံခြင်းကြောင့်ပင် ပညာရှိပုဂ္ဂိုလ်တို့က မဟာစည်ဆရာတော် ဘုရားကြီး၏ ပဋိပတ်လုပ်ငန်းကို လက်ခံတော်မူခဲ့ကြသည်ကို တွေ့ရသဖြင့်ပင်-
“ပရိယတ် ပဋိပတ်, နှစ်ရပ်စုံညီ၊ မဟာစည်နည်း, သိပ်သည်းခိုင်တည်။
သတိပဋ္ဌာန်နည်းကျ, ညွှန်ပြကျမ်းမှီ၊
ပညာရှိ, ကဝိလက်ခံသည်”။ ။
ဟူသော ဤကဗျာလင်္ကာဖြင့် ရွှေဘိုမြို့ ဂန္ဓာရုံရိပ်သာဖွင့် အခမ်းအနားတွင် ဆရာတော် ဘုရားကြီးအား ကြိုဆိုကြရာ၌ အမျိုးသမီးများ ရွတ်ဆိုပူဇော်ကြသည်ကို ကြားခဲ့ရသည်။ အကောင်အထည် မပေါ်ဘဲရှိနေသော စွမ်းအင်သည် အကျိုးမများလှ၊ မပေါ်မလွင်ဘဲ ငုတ်နေတတ်သော စွမ်းအင်ကို ဖော်ထုတ်ပေးနိုင်မှသာ အကျိုးရှိလေသည်။ ဆရာတော်ဘုရားကြီးတွင် ဤမျှခမ်းနားသော အဘိဓမ္မာတရား တစ်ထုံးတစ်ဖွဲ့ကို ဟောစွမ်းနိုင်သော စွမ်းအင်ကား ရှိနေသည်သာဖြစ်သည်။
သို့သော် ထိုစွမ်းအင်မှာ အတန်ကြာ အကောင်အထည်မပေါ်ဘဲ ငုတ်နေခဲ့ရကား အတန်ကြာပင် အကျိုးမများဘဲ ရှိနေခဲ့သည်။ ယခုသော်ရှိနေသော ထိုစွမ်းအင်အလျောက် အကောင်အထည် ပေါ်လာခဲ့ပြီဖြစ်သောကြောင့် အဘိဓမ္မာဂဝေသီ တရားနာပရိသတ်တို့အတွက် အတိုင်းမသိ ကျေးဇူးများပေတော့မည်။
ဤအဘိဓမ္မာတရားတော်ကြီးကို ဆရာတော်ဘုရားကြီး ဟောကြားတော်မူစဉ်က တရားနာပရိသတ်တွင် ပါဝင်သူတို့လည်း နာကြားခဲ့ရပြီးဖြစ်၍ ကျေးဇူးများတန်သရွေ့ များခဲ့ကြလေပြီ။ ဟောတရားမှ စာအုပ်အဖြစ်သို့ ရောက်လာရာအခါ၌မူ အလိုရှိသလို ဖတ်ရှုနာကြားနိုင်ပြီဖြစ်၍ ဖတ်ရှုရသူတိုင်း မည်မျှကျေးဇူးများမည်ကို မည်သူမျှ ခန့်မှန်းနိုင်လိမ့်မည်မဟုတ်။ အတိုင်းမသိ ကျေးဇူးများပေမည် ဟူ၍သာ ခန့်မှန်းနိုင်မည်ဖြစ်သည်။
ထူးခြားလွန်ကဲသော အဘိဓမ္မာ
“ကေနတ္ထေန အဘိဓမ္မော။ ဓမ္မာတိရေက ဓမ္မဝိသေသတ္ထေန အဘိဓမ္မော”ဟု အဋ္ဌကထာက ဤသို့ဖွင့်ပြ ထားသည်ကို မူတည်ပြီးလျှင် ဆရာတော်ဘုရားကြီးက
အဘိဓမ္မာမည်ပုံကို
ဟောကြားထားရာ၌ တရားနာပုဂ္ဂိုလ်
တွေ နားလည်အောင် အတော်ကျယ်ကျယ်ပြန့်ပြန့် ဟောကြားထားပေသည်။ ဤနေရာ၌ ခန္ဓာ, အာယတန စသည် ပရမတ္ထ သဘာဝတွေကို တွေ့တိုင်း အဘိဓမ္မာတရားတွေလို့ ထင်မှတ်နေ သူတို့သည် စာမျက်နှာ(၆၁)မှစ၍ ဆရာတော်ဘုရားကြီး ဟောကြားထားသော ဤအဘိဓမ္မာ ဒေသနာတော်ကို ကြည့်ရှုလေ့လာကြရန် ညွှန်ကြား လိုပေသည်။
ထို့ပြင် ကုသိုလ်စိတ်ဖြစ်ရာအခါ၌ ပါဠိတော်တွင် တစ်ပေါင်းတည်းဖြစ်သော တရားတွေကို ၅၆-ပါးဟူ၍ ထုတ်ဖော် ဟောကြားထားသည်။ ဤသည်ကို ဓမ္မပဒအဖွင့် ဋီကာဆရာက သူ့နည်းနှင့် ရေတွက်ပြထားရာ၌ ယုတ္တိမရှိပုံကို ဆရာတော်ဘုရားကြီးက နှာ (၆၅)၌ ရှင်းလင်းဖော်ပြ ဟောကြားထားသည်။ ဤသည်မှာလည်း ကုသိုလ်တရားတွေကို ဟောကြားတော်မူရာတွင် အဘိဓမ္မာဒေသနာတော်၌ ထူးခြားလွန်ကဲပုံကို ဟောကြားရင်း ဆရာတော်ဘုရားကြီးက ဋီကာ၏ အမှားကို ပြင်ဆင်ထားခြင်းဖြစ်၍ အမှန်ကို သိလိုသူ သုတဂဝေသီတို့ သတိပြုဖွယ် အချက်ပင်ဖြစ်လေသည်။
အဘိဓမ္မာဟောပုံနှင့် သုတ္တန်မှာ ဟောပုံ
“စက္ခုဝိညာဉ်က မြင်ရုံမျှပဲ”ဟူသော ခေါင်းစဉ်ဖြင့် နှာ(၃၁၀)တွင် ဆရာတော်ဘုရားကြီးက
အဘိဓမ္မာအရာမှာ ဟောကြားပုံနှင့်
သုတ္တန်အရာမှာဟောကြားပုံများကို ခွဲခြားပြီး ဟောကြားထားပေသည်။ ဤသို့ ခွဲခြားဟောကြားနိုင် ဖို့ဆိုသည်မှာ မလွယ်ကူပေ။ အဘိဓမ္မာသဘော၊ သုတ္တန်သဘော ဟောကြားနည်းကို နက်နက်နောနော သိနားလည်ပါမှသာ အဘိဓမ္မာတွင်ဤသို့ဟော၍ သုတ္တန်တွင် ဤသို့ဟောသည်ဟု ခွဲခြားဟောစွမ်းနိုင်မည်ဖြစ်သည်။ ပါဠိတော်တို့၌ မြတ်စွာဘုရား ဟောကြားတော်မူနည်းနှင့် ဓမ္မသဘာဝကို ပိုင်ပိုင်နိုင်နိုင်သိသော ဆရာတော်ဘုရားကြီးဖြစ်၍သာ ဤအဓိပ္ပာယ်မျိုးကို ဟောကြားတော်မူနိုင်ခြင်းဖြစ်သည်။ ဓမ္မကထိက သာမန်တို့ ဟောစွမ်းနိုင်သော အရာဌာနမျိုးမဟုတ်ပေ။
အကယ်၍သာ အဘိဓမ္မာသဘော၊ သုတ္တန်သဘောကို ပိုင်ပိုင်နိုင်နိုင် မသိပါလျှင် ဟောစွမ်းနိုင်ရန် မဆိုထားဘိ “ဟိုတစ်မျိုးသည်တစ်မျိုး မတူတယူ ပရမ်းပတာ ဟောထားတာပဲ”ဟု မြတ်စွာဘုရားအပေါ် စွပ်စွဲမိမည်ကိုပင် စိုးရိမ်ရသည်။
ဤသို့သော စွပ်စွဲမိခြင်းမျိုးမဖြစ်စေရန် ဆရာတော်ဘုရားကြီး ဟောကြားထားသော ဤအချက်ကိုလည်း သတြိုပဖို့ကောင်းလှသည်။
ယောဂီတို့ လက္ခဏ စသည် သိမှု
“စက္ခုသန္နိဿိတ ရူပဝိဇာနနလက္ခဏံ
စက္ခုဝိညာဏံ”အရ ယောဂီတို့ဝိပဿနာရှုမှတ်ရာ၌ လက္ခဏ၊ ရသ စသည်အားဖြင့် ယောဂီတို့ သိနိုင်ပုံကို ရှင်းလင်းဖော်ပြထားသည်မှာ ပညာရှိတို့ လက်ခံနိုင်လောက်အောင် တိကျလှပေသည်။
စာပေက ဆိုထားသည်ကို စာပေအတိုင်းသာ သိနေရုံဖြင့် မပြီးသေးပေ။ စာပေနှင့် အနက်အဓိပ္ပာယ် သဘောကို ကိုက်ညီအောင် ညွှန်ပြနိုင်မှသာ သို့မဟုတ် သိမြင်မှသာ ဆိုထားသော စာပေ၏ အနက်အဓိပ္ပာယ်ကို စာပေလာအတိုင်း တကယ်သိသူ ဖြစ်နိုင်ပေသည်။ ယောဂီတို့ ဝိပဿနာ ရှုမှတ်သည့်အခါ လက္ခဏ၊ ရသ စသည်အားဖြင့်လည်း သိပုံကို ဤအဘိဓမ္မာ တရားတော်ကြီးတွင် ဆရာတော်ဘုရားကြီးက ဟောကြားထားသည်မှာ “ဤမျှ နက်နဲသော သဘောတွေကို ယောဂီတို့ မသိနိုင်ပါဘူး”လို့ ထင်နေသူတို့အတွက်
ကျေးဇူးများလှပါပေသည်။ ဤသဘောများကို တရားနာပရိသတ်တို့ သိမှတ်နိုင်ရန်ကိုလည်း-
“မျက်စိမှီရင်း, အဆင်းမြင်သည်၊ မြင်သိရုံမျှ, ကိစ္စရှိသည်၊ အဆင်းဆီရှေးရှု, သြုူပနေသည်၊ မြင်သိ၌ သိထိုက် ဤသုံးမည်။ ။
ဟူသောဤလင်္ကာဖြင့်ချပို့ဟောကြားထားသည်။ဤအဘိဓမ္မာတရားတော်ကြီးနှာ(၃၁၇) စသည်၌ ကျယ်ကျယ်ပြန့်ပြန့် ဟောကြားထားသည်ကို တွေ့ကြရမည်ဖြစ်သည်။
ကုန်နိုင်မည် မဟုတ်ပါ
ဤအဘိဓမ္မာတရားတော်ကြီးတွင် ပါရှိသော မှတ်သားဖွယ်တွေကို ဖော်ပြနေမည်ဆိုပါလျှင် ကုန်နိုင်မည် မဟုတ်ပါ။ စာအုပ်အဖြစ်သို့ ရောက်လာပြီဖြစ်သဖြင့် မိမိတို့ ဉာဏ်အမြင်ရှိသလို ကြည့်ရှုလေ့လာ ကြည့်ကြသည့်အခါတွင် မှတ်သားဖွယ်တွေ မည်မျှများသည်ကို တွေ့ကြရမည်သာဖြစ်ပါသည်။ နက်နဲသိမ်မွေ့လှသော အဘိဓမ္မာဒေသနာတော်ကြီးကို ဆရာတော်ဘုရားကြီး၏ နက်နဲသောဉာဏ်ဖြင့် မည်မျှလေ့လာကျက်စား ဟောကြားထားသည်ကို ကြည့်ရှုလေ့လာသူတို့ ကိုယ်တိုင်တွေ့နိုင်သည် ဖြစ်၍လည်း ကိုယ်တိုင်ကြည့်ရှုသုံးသပ်ကြပါရန် မှာကြားရင်း ဤနိဒါန်းကို ဤတွင် အဆုံးသတ်လိုက်ပါသတည်း။
သိစေချင်ပါသေးသည်
ဤဖော်ပြပါနိဒါန်းနှင့် တည်းဖြတ်ပြီး ဤအဘိဓမ္မာတရားတော်ကြီး စာအုပ်အဖြစ်သို့ မရောက်သေးမီ ၁၃၄၄-ခု၊ ဒုတိယဝါဆိုလဆုတ် (၁၀)ရက်၊ စနေနေ့ မွန်းလွဲ (၁: ၃၆)နာရီတွင် ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးမှာ သင်္ခါရတရားတို့၏ ထုံးစံဓမ္မတာအားလျော်စွာ ရုပ်နာမ်ခန္ဓာကို စွန့်ခွာတော် မူခဲ့ရပါလေသည်။ အကယ်၍သာ ဤအချိန်ဤကာလတွင် ဆရာတော်ဘုရားကြီးသည် လွန်တော်မမူသေးဘဲ ရှိနေဦးမည် ဆိုပါလျှင် ဤအဘိဓမ္မာတရားတော်ကြီးမှာ ဆရာတော်ဘုရားကြီး၏ နောက်ဆုံးပြုစုရေးသားတော် မူသွားသော တရားတော်ကြီး ဖြစ်လာနိုင်မည်မဟုတ်ပါ။
ယခုသော် ဤအဘိဓမ္မာတရားတော်ကြီးကို ပြုစုတော်မူပြီးနောက်တွင် မည်သည့်ကျမ်းစာ တရားတော်ကိုမျှ မပြုစု မရေးသားတော့ဘဲ လွန်တော်မူသွားခဲ့ပြီးဖြစ်သဖြင့် ဤအဘိဓမ္မာ တရားတော်ကြီးမှာ ကျေးဇူးတော်ရှင်မဟာစည်ဆရာတော် ဘုရားကြီး၏ နောက်ဆုံးပြုစုရေးသား သွားတော်မူသော တရားတော်ကြီး တစ်ထုံးတစ်ဖွဲ့ အဖြစ်ဖြင့် ထူးထူးခြားခြား ကျန်ရစ်ခဲ့ပါလေပြီ။ “အပ္ပမာဒ ဒေသနာတော်”သည် မြတ်စွာဘုရား၏ နောက်ဆုံးတရားတော်
ဖြစ်သကဲ့သို့ ဤအဘိဓမ္မာတရားတော်
ကြီးသည်လည်း ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီး၏ နောက်ဆုံးပြုစုတော်မူသော တရားတော်ကြီးဖြစ်သည်ကို မမေ့နိုင်ဖွယ် ထူးကဲစွာပင် မှတ်တမ်းတင်ကြရမည် ဖြစ်ပါတော့သည်။
ဝက်လက်-မစိုးရိမ်ဦးတိဿ
၁၃၄၄-ခု၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၀-ရက်၊ စနေနေ့။
သာသနာ-၂၅၂၆ (၁၄-၈-၈၂)