သလ္လေခသုတ်တရားတော် (ပထမတွဲ)

Author By - မဟာစည်ဆရာတော်ဘုရားကြီး

ဝမ်းဗိုက်၏ ဖောင်းမှု ပိန်မှုသည် သဘာဝအားဖြင့် ထောက်ကန် တောင့်တင်း လှုပ်ရှားမှု ဝါယောဓာတ်ဖြစ်ကြောင်း

သလ္လေခသုတ်တရားတော် (ပထမတွဲ)

Published Date - 1973

Author By - မဟာစည်ဆရာတော်ဘုရားကြီး

328 စာမျက်နှာ


လက်ဦးရှုဖွယ်

 

ဟောတရားမှ စာအုပ်အဖြစ်သို့

ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားသော သုတ္တန်တရားတော်ကြီးများကို ဟောတရားမှ စာအုပ်အဖြစ်သို့ရောက်အောင်

၁။ ဟောစဉ်ကာလက အသံဖမ်းစက်ဖြင့် ဖမ်းယူထားခြင်း၊

၂။ ထိုဖမ်းယူထားသော တရားအသံတိပ်ကြိုးခွေများမှ ထုတ်ယူရေးကူးခြင်း၊

၃။ ထိုရေးကူးထားသော စာမူကို ဆရာတော်ဘုရားကြီးထံ တင်ပြခြင်း။

၄။ ဆရာတော်ဘုရားကြီးက ပြင်သင့်သည်ကို ပြင်တော်မူ၍ စာအုပ်အဖြစ် ရိုက်နှိပ်ရန် အခွင့်ပြုသောအခါ တာဝန်ဆောင်အဖွဲ့က ပုံနှိပ်တိုက်သို့ အပ်နှံ၍ ရိုက်နှိပ်စေခြင်းဟူသော ဤအစဉ်ဖြင့် အဆင့်ဆင့် ဆောင်ရွက် ကြရပါသည်။

ဤနည်းဖြင့် ဆရာတော်ဘုရားကြီးဟောသော တရားတော်များကို အဝေးအနီးများစွာသော ရဟန်းရှင်လူတို့ အလွယ်တကူ ကြည့်ရှုမှတ်သား နာကြားနိုင်စေရန်အလို့ငှါ စာအုပ်အဖြစ်သို့ ရောက်အောင် ရွက်ဆောင်ခဲ့ကြပါသည်၊ ယခုထုတ်ဝေသော သလ္လေခသုတ်တရားတော်ကြီးကိုလည်း ထိုနည်းအတိုင်းပင် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ကြီး၏ အတွင်းရေးမှူးဦးသိန်းအောင်က ဟောတရားမှ စာမူအဖြစ်ရောက်အောင် ရွက်ဆောင်ကြိုးစားခဲ့ကြောင်း ကြားသိရပါသည်။

ဟောတရားမှ စာအုပ်အဖြစ်သို့ရောက်အောင် အားထုတ်ကြသော ဤနည်းမှာ သင့်လျော်ကောင်းမြတ် သောနည်းဖြစ်ပေသည်၊ ဤနည်းဖြင့် ခန့်ညားလေးနက်၍ အလွန်အဖိုးတန်သော တရားတော်ကြီးများမှာ တစ်ကြိမ်တစ်ခါ နာကြားရုံမျှဖြင့် ပျောက်ကွယ်ခဲ့ရသော အခြားတရားများလို ပျောက်ကွယ်မသွားခြင်း၊ စာအုပ်အဖြစ်သို့ ရောက်သောအခါ ကမ္ဘာတစ်ဝန်လုံးရှိ ဘာသာရေးတရားကို စိတ်ဝင်စားသူတိုင်း အဖန်ဖန်အခါခါ ကြည့်ရှုလေ့လာနိုင်ခြင်းစသော အကျိုးကျေးဇူး အမြောက်အမြား ထွက်ပေါ်လာ နိုင်ပါသည်။

တရားတစ်ပွဲလျှင် တစ်ပိုင်း

ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် စာအုပ်အဖြစ်သို့ရောက်ခဲ့ပြီးသော အရိယာဝါသ တရားတော်ကြီး ဝမ္မိကသုတ်တရားတော်ကြီး၊ ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး စသည်တို့ကို အများနားလည်အောင် ကျယ်ကျယ်ပြန့်ပြန့် ဟောကြားတော်မူသကဲ့သို့ ဤသလ္လေခသုတ် တရားတော်ကြီးကိုလည်း အများနားလည်အောင် ကျယ်ကျယ်ပြန့်ပြန့်ပင် ဟောတော်မူထားပါသည်။ ပါဠိစာမျက်နှာအားဖြင့် -မျက်နှာမျှရှိသော သလ္လေခသုတ်တရားတော်ကြီးကို တရားပွဲ ၁၂-ပွဲအထိ ဟောတော်မူပြီးမှ အဆုံးသတ်သွားသဖြင့် စာအုပ်အဖြစ်စီစဉ်ရာ၌ တရားပွဲတစ်ပွဲကို တစ်ပိုင်းတစ်ပိုင်းပြုလျက် ၁၂-ပိုင်း စီစဉ်ထားပါသည်။ ထိုတွင် ရှေ့ -ပိုင်းကို ပထမတွဲအဖြစ် ဖြင့်လည်းကောင်း၊ နောက် -ပိုင်းကို ဒုတိယတွဲအဖြစ်ဖြင့်လည်းကောင်း တွေ့ကြရပါလိမ့်မည်။

ဟောကြားတော်မူသော နှစ်၊ လ၊ ရက်တို့ကိုလည်း တရားတစ်ပိုင်း တစ်ပိုင်း၏ အစ၌ အတိအကျဖော်ပြထားသဖြင့် ယင်းနှစ်၊ လ၊ ရက်တို့ကိုပါ အတိအကျသိလိုသူ သုတေသီတို့အတွက် ကျေးဇူးများလှပါပေသည်။ ၎င်းမှာ နောက်တစ်ချိန်တွင် သုတေသီတို့အတွက် အလွန်အရေးကြီး၍ အဖိုးတန်သော အချက်ဖြစ်နေဖွယ်ရာ ရှိပါပေသည်။

ယင်းနှစ်၊ လ၊ ရက်နှင့် တရားအပိုင်းတို့ကို ဤနေရာ၌ အကျဉ်းချုပ် ဖော်ပြရလျှင် ၁၃၃၁-ခုနှစ် နှောင်းတန်းခူး လဆန်း -ရက် သင်္ကြန်အကျနေ့၌ ပထမပိုင်းကို ၁၃၃၂-ခုနှစ်ဦး တန်းခူးလပြည့်နေ့၌ ဒုတိယပိုင်းကို၊ ထိုနှစ်ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၌ တတိယပိုင်းကို၊ ထိုနှစ်နယုန်လပြည့်နေ့ မဟာသမယနေ့၌ စတုတ္ထပိုင်းကို၊ ထိုနှစ်ဝါခေါင်လပြည့်နေ့၌ ပဉ္စမပိုင်းကို၊ ထိုနှစ် တော်သလင်းလပြည့်နေ့၌ ဆဋ္ဌမပိုင်းကို ထိုနှစ်သီတင်းကျွတ်လပြည့်နေ့၌ သတ္တမပိုင်းကို၊ ထိုနှစ်သီးတင်းကျွတ် လဆုတ် -ရက်နေ့၌ အဋ္ဌမပိုင်းကို ထိုနှစ်ပြာသိုလပြည့်နေ့၌ နဝမပိုင်းကို ထိုနှစ် ပြာသိုလဆုတ် -ရက်နေ့၌ ဒသမပိုင်းကိုထိုနှစ် တပို့တွဲလပြည့်နေ့၌ ဧကာဒသမပိုင်းကို ထိုနှစ် တပို့တွဲလကွယ်နေ့၌ ဒွါဒသမနောက်ဆုံးပိုင်းကို ဟောခဲ့ကြောင်း အသီးသီး ဖော်ပြထားပါသည်။

(၁၃၃၂-ခုနှစ်၊ ဝါဆိုလပြည့်နေ့၌ ဝါဆိုသင်္ကန်းတရားကို ထိုနှစ် နတ်တော်လပြည့်နေ့၌ နှစ်ပတ်လည် သြဝါဒခံယူပွဲတွင် သြဝါဒတရားကို ဟောရသောကြောင့်လည်းကောင်း၊ ထိုနှစ် တန်ဆောင်မုန်း လပြည့်နေ့၌ မန္တလေး စစ်ကိုင်းစသည်သို့ ကြွရောက်နေခိုက်ဖြစ်သောကြောင့်လည်းကောင်း ယင်းလပြည့်နေ့များ၌ ဤသလ္လေခသုတ်တရားတော်ကို ဟောခွင့်မရဘဲ ရှိခဲ့လေသည်။)

စေ့စပ်သေချာတော်မူလှပေသည်

အမှတ်တမဲ့ ပြုတတ်သူများအဖို့မှာဆိုလျှင် နာကြားလိုသည့် တရားသားသက်သက်ကို နာကြားရရုံမျှဖြင့်ပင် အားရကျေနပ်နေကြပေလိမ့်မယ်၊ သို့သော် ထိုမျှလောက်ဖြင့် အားမရ မကျေနပ်နိုင်သေးဘဲ ဟောရာ နှစ်၊ လ၊ ရက်၊ ဌာန စသည်ကိုပါ သိလိုမှတ်သားလိုကြသော သုတေသီတို့ကလည်း ရှိနေပေသေးသည်၊ ထိုသုတေသီတို့အတွက် နေရာတကာမှာ အတိအကျဖော်ပြထားခြင်းကို လိုအပ်လှပေသည်။

ဤသို့ တိကျမှုကို လိုလားသူ သုတေသီတို့အတွက်ပင် အရှင်မဟာကသာပ အစရှိသော သင်္ဂါယနာတင်ထေရ် အရှင်မြတ်တို့သည် ဧဝံ မေ သုတံအစချီလျက် မည်သည့်အခါတွင် မည်သည့်မြို့ရွာအရပ်၌ မည်သူကို အကြောင်းပြု၍ ဤတရား ဤသုတ်တော်ကို မြတ်စွာဘုရား ဟောကြားတော်မူသည်ကို ကျွန်ုပ်အာနန္ဒာ ကြားသိလိုက်ရပါသည်ဟု တရားတော်သုတ်တို့၏ အစ၊ အစ၌ နိဒါန်းပျိုးကာ ပျိုးကာ သင်္ဂါယနာတင်တော်မူခဲ့ကြရပေသည်။

ထိုနည်းတူပင် စေ့စပ်သေချာတော်မူလှသော ကျေးဇူးရှင်မဟာစည်ဆရာတော် ဘုရားကြီးသည်လည်း နှုတ်ဖြင့်တရားကို ဟောသည်ဖြစ်စေ၊ လက်ဖြင့် ကျမ်းဂန်ကို ရေးသည်ဖြစ်စေ စေ့စပ်သေချာတော်မူ လှပေသည်။ ဟောကြားသော တရားတော်ကို သေသေချာချာ နာကြားကြည့်ပါ။ ရေးသားသော ကျမ်းဂန်တို့ကို သေသေချာချာ ဖတ်ရှုကြည့်ပါ၊ ကြားဝင်စရာမရှိလောက်အောင် စေ့စပ်သေချာလှသည်ကို ကိုယ်တိုင် တွေ့ရပါလိမ့်မယ်။

ဤသို့ပြောရခြင်းမှာ ကိုယ့်အမြင်နှင့်ကိုယ် မိမိတစ်ကိုယ်တည်း အထင်ကြီးပြီး ပြောနေခြင်း မဟုတ်ပါ။ ငါတစ်ဦးတည်းမှသာ ဤလိုအမြင်မျိုး မြင်နေခြင်း ဖြစ်လေသလောဟူသော သံသယကြောင့် ဤစာရေးသူသည် အခြားပညာရှင်တို့အားလည်း အခွင့်သင့်တိုင်း စုံးစမ်းမေးမြန်း ကြည့်မိဖူးပါသည်။ ထိုပညာရှင်တို့ကလည်း ဤအတိုင်းပင် မြင်တော်မူကြလျက် ဤအတိုင်းပင် အားပါးတရ ချီးကျူးတော်မူကြသည်ကို တွေ့ရပါသည်။ အတော်မြင့်မား၍ အထက်တန်း အတော်ကျသော စာရေးဆရာကြီးတစ်ဦးကပင် ဤအဓိပ္ပါယ်မျိုးပါသော အဆိုတစ်မျိုးကို ဆိုခဲ့ဖူးကြောင်း တစ်ဆင့်စကား တစ်ဆင့်နားကြားဖူးပါသေးသည်။ အဘယ်သို့နည်းဟူမူ-

မဟာစည်ဆရာတော်ဘုရားရေးသားသော စာဆိုလျှင် သဝေထိုးတစ်လုံးမျှပင် မပြင်လေနှင့် ပြင်စရာမလိုဘူးဟူ၍ဖြစ်လေသည်။ ထိုစာရေးဆရာကြီးက ဤသို့ပင် သိနေသောကြောင့် ဤသို့ပင် ဆိုခြင်းဖြစ်ပါလိမ့်မည်။ သူရေးသောစာမူကိုပင် မဟာစည်ဆရာတော်ဘုရားကြီးထံ တင်ပြ၍ ပြင်ဆင်ပေးပါရန် တောင်းပန်လျှောက်ထားရကြောင်းကို ထိုဆရာကြီး၏ စာအုပ်နိဒါန်းတွင် ဖော်ပြထားသဖြင့် ဤစာအုပ်ကို ဖတ်နေသူသည်လည်း ထိုနိဒါန်းကို ဖတ်ရှုဖူးကောင်း ဖတ်ရှုဖူးပါလိမ့်မည်။ ထိုပုဂ္ဂိုလ်ကြီးသည် သာမန်ပုဂ္ဂိုလ်မဟုတ် စာရေးဆရာ အကျော်အမော်တွေထဲတွင် အပါအဝင် ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ပေသည်။

တရားဦးစကားပလ္လင်

ဤတရားတော်ကြီး စာအုပ်စာမျက်နှာ () -

ဒီသုတ်ကတော့ ဝိပဿနာတရား အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေအတွက်လဲ အသုုံးကျပါတယ်၊ ကျေးဇူးများပါတယ်၊ အားမထုတ်ဘဲ အလွတ်နေတဲ့ ပုဂ္ဂိုလ်တွေအတွက်လဲ အသုံးကျပါတယ်၊ ကျေးဇူးများပါတယ်၊ အကုသိုလ်ကို ပယ်ရှားလိုတဲ့ ကုသိုလ်ကို ပွားများလိုတဲ့ပုဂ္ဂိုလ်တွေ အားလုံးအတွက် ကျေးဇူးများစေနိုင်တဲ့ သုတ်တော်ကြီးဖြစ်ပါတယ်ဟူ၍ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးက သလ္လေခသုတ်တရားတော်ကြီးနှင့် ထိုက်တန်တဲ့ ပုဂ္ဂိုလ်တွေကို တရားဦး စကားပလ္လင်ခံမှာ ထုတ်ဖော်ပြထားပါသည်။ ဆိုလိုရင်းကတော့ ဝိပဿနာတရား အားထုတ်သောသူရော အားမထုတ်သော သူရော မည်သူမဆို အကုသိုလ်ပယ်လိုလျှင် ကုသိုလ်ကိုပွားစေလိုလျင် ဤသို့တရားတော်ကြီးကို နာယူမှတ်သားသင့်သည်၊ ဤသုတ်၌ ညွှန်ပြထားသည့်အတိုင်း ကျင့်သင့်သည်။ ထိုသို့သော ပုဂ္ဂိုလ်အားလုံးပင် ဤသုတ်တရားတော်ကြီးနှင့် ထိုက်တန်ပါသည်။ ငါတို့နှင့်မတန်၊ ငါတို့၏ အရာမဟုတ်ဟု မည်သူမှ စိတ်အားငယ်နေစရာ မရှိဟု ဆိုလိုပါသည်။

ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီး၏ ထိုညွှန်ကြားပြဆိုချက်ကို တွေ့ရသောအခါ လွန်ခဲ့သော ၁၅-နှစ်ခန့်က ဆရာတော်ကြီးတစ်ပါးက ပြောကြားဖူးသော စကားကို ပြန်လည်အမှတ်ရလာပါ တော့သည်။ ထိုဆရာတော်ကြီး၏ ပြောကြားပုံမှာ

 “လူတွေက သတိပဋ္ဌာန်တရားတော်ကြီးကို အာဂုံကျက်လိုကျက်၊ ကမ္မဋ္ဌာန်း အားထုတ်တယ်ဆိုပြီး ဝိပဿနာလုပ်လိုလုပ်နဲ့ ရယ်စရာကောင်းသေးတော့၊ သတိပဋ္ဌာန် တရားဆိုတာက လူတွေနဲ့ နဲနဲမှ တော်တဲ့တရား မဟုတ်ဘူးတဲ့။

ဘုရားဒေသနာတော်များကို ရိုသေလေးစားတာကတော့ ကောင်းပါသည်။ သို့သော် လူတွေနှင့်မတန်အောင် လေးစားနေသည်မှာမူ လွန်လွန်းလှပါသည်။ ဘုရားဒေသနာတော်များဟာ လူတွေနှင့် မတန်မရာဘူးဆိုလျှင် နတ်တွေ ဗြဟ္မာတွေနှင့် သာတန်သည်ဟု ဆိုလိုပါသလား၊ သို့ဆိုပါလျှင် ထိုတရားဒေသနာတော်တွေကို အဘယ်ကြောင့် လူ့လောက၌ ဟောတော်မူပါသနည်း၊ ဤသို့လည်း ဆင်ခြင်မိဖို့ကောင်းပါသည်။ သို့မဟုတ် လူတွေနှင့် မတန်ဟူသော စကားဖြင့် ရဟန်းများနှင့်သာ တန်သည်ဟု ဆိုလိုပါသလား၊ သို့ဆိုလျှင်လည်း ပါဠိတော်အဋ္ဌကထာတို့၌ သိရိဝဎ္ဍုမည်သော သူကြွယ်၊ မာနဒိန္နမည်သော သူကြွယ်၊ မာတိကမာတာမည်သော ဒါယိကာမကြီး ဤသို့စသော လူဝတ်ကြောင်များလည်း သတိပဋ္ဌာန်းတရားကို ပွားစေ၍ အနာဂါမ်အထိ ဖြစ်နေကြကြောင်း ပြဆိုထားသည်ကို အမှတ်ရဖို့ကောင်းပါသည်၊ ထိုအကြောင်းအရာတွေက တိမ်မြုပ်နက်နဲနေသောကြောင့် သတိမမူမိတောင်မှ သတိပဋ္ဌာနသုတ် အဋ္ဌကထာတို့၌ ကုရုတိုင်း ကမ္မာသဓမ္မနိဂုံး အရပ်၌ ပရိသတ်လေးပါးလုံး သတိပဋ္ဌာန်ဘာဝနာကို အားထုတ်ကြကြောင်း၊ အောက်ထစ်ဆုံးအားဖြင့် ကျွန်အလုပ်သမား အခြွေအရံ အောက်တန်းစားလူများတောင် သတိပဋ္ဌာန်စကားကိုသာ ပြောကြကြောင်း ရေခပ်ရင်းဗိုင်းငင်ရင်းတောင်မှ သတိပဋ္ဌာန်စကားပြောကြ သတိပဋ္ဌာန် အလုပ်လုပ်ကြကြောင်းပြဆိုထားသည်ကိုမူ အမှတ်ရဖို့ကောင်းပါသည်။ မမေ့သင့်ပါ၊ ထိုတရားတော်ကြီး၏ ထိုစကားကို ကြားခဲ့စဉ်က ဆင်ခြင်မိသည်မှာ-

ဤဆရာတော်ကြီးလို အထင်ရှိနေသူပုဂ္ဂိုလ်တွေ အများအပြားရှိနေကောင်း ရှိနေကြပေလိမ့်မည်၊ ဤအထင်မျိုး ထင်နေကြသူတွေဆိုလျှင် ကြုံတောင့်ကြုံခဲလှသည့် သတိပဋ္ဌာန်ကျင့်စဉ်ကို ငါတို့နှင့် မတန်ဘူးဆိုပြီး ကျင့်ကြံအားထုတ်ဝံ့ကြတော့မည် မဟုတ်တော့ဘူး၊ အလွန်အကျိုးနဲအောင် မှားတဲ့အမြင်မှားကြီးပါကလားဟူ၍ ဆင်ခြင်မိခဲ့ပါသည်။

ဤသလ္လေခသုတ်တော်နှင့်စပ်၍ အကျိုးများနိုင်သည့် ပုဂ္ဂိုလ်တို့ကို ထုတ်ဖော်ပြသော ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ အဆိုပါစကားသည် အရာဌာနအားလျော်စွာ ဟောကြားမည့် သုတ်တော်၏ ဂုဏ်ကျေးဇူးများကို ဓမ္မဓိဋ္ဌာန်ကျကျ ဖော်ပြမှုမျှသာ ဖြစ်ပါလိမ့်မည်၊ သို့သော် ထိုဆရာတော်ကြီးကဲ့သို့ အထင်အမြင်မှားနေသူတို့အတွက် အမြင်မှန်ရစေရန် ညွှန်ကြားထားသည် နှင့်လည်း တူလှပေတော့သည်။

သုတ္တာနုလောမ

သလ္လေခသုတ်ပါဠိအဋ္ဌကထာဋီကာတို့၌ မည်သူတွေအတွက် အသုံးကျသည် ကျေးဇူးများသည်ဟူ၍ ပြဆိုထားချက်ကားမရှိပေ၊ ထိုသို့ပင် မရှိသော်လည်း ကျေးဇူးရှင်ဆရာတော်ဘုရားကြီးက မည်သူတွေအတွက် အသုံးကျပါသည်၊ ကျေးဇူးများပါသည်ဟု ထုတ်ဖော်ဟောကြားထားပေသည်။ ဤသို့ဟောကြားတော်မူခြင်းသည် ပါဠိတော်အားလျော်စွာ ဟောတော်မူခြင်းသာ ဖြစ်ပေသည်။ ပါဠိတော်နှင့် ဆန့်ကျင်ခြင်းကား လုံးဝပင်မရှိပေ။

အဘယ်ကြောင့်ဆိုသော် ဤသလ္လေခသုတ် တရားတော်သည် ဝိနည်းသိက္ခာပုဒ်ကဲ့သို့ ရဟန်းတော်တို့ အတွက်သာ ပညတ်အပ်သောတရားလည်း မဟုတ်ပေ။ သိင်္ဂါလောဝါဒသုတ်ကဲ့သို့ လူဝတ်ကြောင်တို့ အတွက်သာ ဟောကြားအပ်သော တရားလည်းမဟုတ်ပေ။ စင်စစ်သော်ကား ဝိဟိံသာ-ညှဉ်းဆဲမှု၊ ပါဏာတိပါတ-သတ္တဝါကို သတ်မှုစသော အကုသိုလ်တရား လုံးဝမကင်းသေးသော ရဟန်း၊ ရှင်၊ လူ မည်သူမဆို ကျင့်ရမည့်တရားတို့ကိုသာ ဟောထားသော သုတ်တရားတော်ကြီးဖြစ်ပေသည်။ ထို့ကြောင့် ပါဠိတော်အားလျော်စွာ ဟောထားသော သုတ္တာနုလောမစကားသာ ဖြစ်ပါပေသည်။

ပါဠိတော် အဋ္ဌကထာတို့၌ တိုက်ရိုက်ပြဆိုမထားသော ဤလို အနက်အဓိပ္ပါယ်မျိုးကို လျော်စွာယူရမည့် နေရာများ၌ ကျေးဇူးရှင် မဟာစည်ဆရာတော် ဘုရားကြီးသည် သူမတူအောင် ယူဆဟောပြောနိုင်သော စွမ်းရည် ရှိတော်မူကြောင်းကို ဝမ်းဗိုက်၏ ဖောင်းမှု၊ ပိန်မှု ရုပ် ဝိပဿနာရှုအပ်ကြောင်း အဆုံးအဖြတ်ပေးခြင်းဖြင့် ထင်ရှားသိရပေသည်။

အဆုံးအဖြတ်ပေးပုံကို အခြေအမြစ်ကစ၍ ပြပါမည်၊ မင်းကွန်းဇေတဝန် (မူလ) ဆရာတော်ဘုရားကြီး၏ မူလရင်း တပည့်ဖြစ်သော ပျော်ဘွယ်မြို့ ကမ္မဋ္ဌာန်းပြ ဆရာကြီး ဦးစံဒွန်း၏ တပည့်ဖြစ်သူ မြို့လှမြို့ ဓမ္မကထိကဆရာကြီး ဦးချစ်အောင် ရေးစားစီရင်သော သတိပဋ္ဌာနဒီပနီကျမ်း စာမျက်နှာ ဝ၀ဝ အောက်ပါအတိုင်း ပြဆိုထားသည်ကို တွေ့ရပါသည်။

ကာယာနုပဿနာအရ ဗိုက်ပူသည်၊ ပိန်သည်ကို ရှုမှတ်၍ နေရာ စကောဝိုင်းသကဲ့သို့ လှည့်ကာ၊ လှည့်ကာ တအိအိဖြင့် သိမှတ်တိုင်း ရုပ်နာမ်တို့ပျက်ခြင်းကို ထင်မြင်ပါသည်ဟု ကမ္မဋ္ဌာန်းဆရာထံ အစစ်ခံရာ ဆရာကနှစ်သက်အားရလှသဖြင့် ကြိုးစား၍ ရှုမှတ်ပါလော့ဟု မိန့်တော်မူသတည်း။ ဗိုက်ပူသည် ပိန်သည်ဟူရာ၌ ကာယေကာယနုပဿီ ဝိဟရတိဟူသော သတိပဋ္ဌာန်ပါဠိတော်ကို ထောက်၍ သိမြင်စေကုန်လော့။

အထက်ပါ သတိပဋ္ဌာနဒီပနီကျမ်းကို ၁၂၉၀-ပြည့်နှစ်က ရိုက်နှိပ်ပြီးစီးကြောင်း ထိုစာအုပ်၌ပြထားသည်။ ထိုစာအုပ်၌ ပြထားသော အထက်ပါစကားဖြင့်ပင် ဝမ်းဗိုက်ပူသည်၊ ပိန်သည်ကို ရှုခြင်းသည် ကာယာနုပဿနာ၌ အတွင်းဝင်ကြောင်း သုဝိညာပယ (သိနားလည်စေလွယ်သော) ပုဂ္ဂိုလ်များအတွက် သဘောပေါက်နားလည်နိုင်လောက်ပါစေ။ သို့သော် ထိုမျှဖြင့် သဘောမပေါက်နိုင်ကြသော ပုဂ္ဂိုလ်များ အတွက် ဝိပဿနာဋီကာကျမ်း ပထမတွဲ စာမျက်နှာ ၁၈၉- အောက်ပါအတိုင်း ဖော်ပြထားသည်ကို တွေ့ရပြန်၏။

အာနာပါနကမ္မဋ္ဌာန်း၌ နှာသီးဖျားမှာစိတ်ထား၍ ထွက်တယ် ဝင်တယ်ဟူ၍လည်းကောင်း၊ ရှုတယ် ရှိုက်တယ်ဟူ၍လည်းကောင်း အများတို့မှတ်ရှုကြလေရာ မင်းကွန်းဂိုဏ်းမှာမူကား အချို့ ဝမ်းဗိုက်မှာ စိတ်ထား၍ ပူတယ် ပိန်တယ်ဟူ၍ လည်းကောင်း၊ ဖောင်းတယ် ရှုပ်တယ် ဟူ၍လည်းကောင်း ရှုမှတ်သည်ဟူ၍ ကျမ်းဂန်လည်းမရှိ၊ ရှုမှတ်သော အရိုးအစဉ်လည်း မရှိပါဘဲနဲ့ ထူးကဲလွန်းသည်ဟု အများတို့ကပင် ပြောကြလေသည်။ ထိုသူများသည်ကား ကျမ်းဂန် တိုက်ရိုက် အထင်အရှားတွေ့ရှိခြင်း ရှေးရိုးစဉ်လာ ဆရာသမားနှင့် အများတို့ ပြုလုပ်ကြသည်ကိုသာ မှတ်သားထား၍ သဘာဝတရား၏ အမှန်အမှားကိုကား ဉာဏ်မမြင်နိုင်ကြပေ၊ သဘောမှာကား လေတို့၏ ဖြစ်ရာဌာနကို ပြဆိုရာ၌ ထွက်လေ၏အစ ချက်၊ အလယ်ရင်ချိုင့်၊ အဆုံး နှာသီးဖျား၊ ဝင်လေ၏အစ နှာသီးဖျား၊ အလယ်ရင်ချိုင့် အဆုံးချက်ဟု ထွက်လေ၏ ဖြစ်ရာဌာနသုံးမျိုး၊ ဝင်လေ၏ ဖြစ်ရာဌာနသုံးမျိုး ကျမ်းဂန်၌ လာရှိပေ၏။ ယခုကဲ့သို့ လာရှိသည်အရ နှာသီဖျား၌ စိတ်ထား၍ ရှုမှတ်ခြင်းသည် ထွက်လေ၏ အဆုံးဌာနနှင့် ဝင်လေ၏အစဌာနကို နိမိတ်ပြု၍ ရှုမှတ်ခြင်းဖြစ်လေရာ ဗိုက်မှာ စိတ်ထား၍ ရှုမှတ်ခြင်းသည်ကား ဝင်လေ၏ အဆုံးဌာနနှင့် ထွက်လေ၏ အစဌာနကို နိမိတ်ပြု၍ ရှုမှတ်ခြင်း ဖြစ်ပေ၏ (ဤသို့စသည်ဖြင့် ပြဆိုထားလေသည်။)

ယင်းဝိပဿနာဋီကာကျမ်းကို မင်းကွန်းဇေတဝန် (မူလ) ဆရာတော်ဘုရားကြီး၏ တပည့်ရင်းဖြစ်သော ကမ္မဋ္ဌာနစရိယ ဆရာကြီးဦးမြတ်ကျော် ရေးသားစီရင်သည်။ ၁၂၉၈-ခုနှစ်က ပုံနှိပ်ထုတ်ဝေကြောင်း ထိုစာအုပ်၌ ပြထားသည်။ ထိုဋီကာအဆိုဖြင့်လည်း အချို့ သဘောကျဖွယ် ရှိပါသည်။ သို့သော် ထိုမျှဖြင့် သဘောမကျနိုင်သေးသော ပုဂ္ဂိုလ်များအတွက် ကျေးဇူးရှင်မဟာစည် ဆရာတော်ဘုရားကြီးက ဝမ်းဗိုက်၏ ဖောင်းမှု ပိန်မှုသည် သဘာဝအားဖြင့် ထောက်ကန် တောင့်တင်း လှုပ်ရှားမှု ဝါယောဓာတ်ဖြစ်ကြောင်း၊ ဖောင်းတယ် ပိန်တယ်ဟု ရှုမှတ်ခြင်းဖြင့် ဝါယောဓာတ်၏ ဝိတ္ထမ္ဘနလက္ခဏာ၊ သမုဒီရဏရသ၊ အဘိနီဟာရပစ္စုပဋ္ဌာန်တို့ကို ထင်ရှားသိရ၍ သဘာဝကျကြောင်း၊ ကွေးမှု ဆန့်မှုကို ရှုမှတ်၍ သိခြင်းကဲ့သို့ပင် ဖောင်းမှုပိန်မှုကိုရှုမှတ်၍ သိခြင်းသည်လည်း ကိုယ်အမူအရာရုပ်ကို သိခြင်းပင်ဖြစ်၍ ကာယာနုပဿနာ၌ အတွင်းဝင်ကြောင်း (သတိပဋ္ဌာနသုတ်ဋီကာ ဒုတိယနည်း အဖွင့်အားဖြင့်) “ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာနံ ပဇာနာတိဟူသော သတိပဋ္ဌာနသုတ်ပါဠိ၌ အတွင်းဝင်ကြောင်း၊ အဘိညေယျသုတ် ပရိညေယျသုတ် စသည်တို့နှင့်လည်း ညီညွတ်ကြောင်း၊ ဝိပဿနာအရာ၌ မည်သည့်ကိုယ်အစိတ်အပိုင်းက ရုပ်မဆို ရှုအပ်ကြောင်း မည်သည့် ဝါယောရုပ်မဆို ရှုအပ်ကြောင်းဤသို့စသည်ဖြင့် သဘာဝ၊ အာဂမ -ပါးလုံးကိုပြ၍ ပြတ်သားစွာ ရှင်းလင်းဆုံးဖြတ် ပြထားလေသည်။ (အကျယ်သိလိုလျှင် ဝိပဿနာရှုနည်းကျမ်း ပထမတွဲ ပဉ္စမနှိပ်နှာ ၂၈၈-၉၊ ၎င်း ဒုတိယတွဲ သတ္တမနှိပ် နှာ -- မှတ်ချက်၌လည်းကောင်း၊ အရိယာဝါသတရားတော်ကြီး နှာ ၁၈၄-မှ ၁၈၉၊ နောက်ဆက်တွဲ နှာ ၂၄၄ စသည်၌လည်းကောင်း၊ ဝမ္မိကသုတ်တရားတော်ကြီး နှာ ၂၁၇ စသည်၌ လည်းကောင်း၊ မဟာစည်ဆရာတော်ဘုရားကြီး၏ သတိပဋ္ဌာနသုတ် ပါဌ်နိဿယ နောက်ဆက်တွဲ၌လည်းကောင်း ကြည့်ရှုလေ့လာနိုင်ပါသည်။)

ယင်းသို့ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးက ဖောင်းပိန်ရုပ်ကို ရှုအပ်ကြောင်း ခိုင်လုံစွာ အဆုံးအဖြတ်ပေးသော ကျေးဇူးကြောင့် ဖောင်းပိန်ရုပ်ကို ပဓာနအရင်းခြုံပ၍ ဒွါရ -ပါးမှ ပေါ်လာသမျှ ရုပ်နာမ်တို့ကို ရှုမှတ်ခြင်းဖြင့် သိန်းသောင်းမက များပြားလှစွာသော ယောဂီတို့မှာ မည်မျှအကျိုး ရှိနေကြသည်ကို မြန်မာနိုင်ငံ တစ်ဝန်းလုံး သိကြပြီးဖြစ်နေရုံမျှမက ထိုင်းနိုင်ငံ၊ သီဟိုဠ်၊ အင်္ဂလန်၊ အမေရိကန် စသည်တို့မှာလည်း ထင်ရှား၍နေလေပြီ။

ဟောပြောနိုင်ဖို့မလွယ်

စုန္ဒမထေရ်က မေးလျှောက်၍ မြတ်စွာဘုရားက ဖြေကြားထားသော ဤသလ္လေခသုတ် တရားတော်ကို ဆဋ္ဌသင်္ဂါယနာ မူပမာဏဖြင့် ဖော်ပြရလျှင် ပါဠိမှာ -မျက်နှာသာရှိ၍ အဋ္ဌကထာမှာ ၁၅-မျက်နှာခန့်သာ ရှိပါသည်။ ၎င်းပါဠိ အဋ္ဌကထာတို့ကို ရွတ်ဖတ်မည်ဆိုလျှင် မိနစ် ၄၀-၅၀ ခန့်ဖြင့် ပြီးစေနိုင်ပါသည်။ သို့သော် အနက်အဓိပ္ပါယ်အားဖြင့်မူ အလွန်ပင်နက်နဲခက်ခဲ၍ ကျယ်ဝန်းလှပါသည်။ သိမ်မွေ့လှပါသည်။

ဈာမဂ်ဖိုလ်တရားများနှင့်စပ်၍ မေး၊ ဖြေထားသော အမေးအဖြေတရားများ ဖြစ်သောကြောင့် မည်မျှနက်နဲ ခက်ခဲသိမ်မွေ့မည်ကို ပညာရှိတို့သိမြင်နိုင်ပေသည်။ တရားသဘောရင်းကိုက ဤသို့ နက်နဲခက်ခဲ သိမ်မွေ့လှသည့်အထဲမှာ အမေးအဖြေ သဘောကလည်း ဆိုလိုသည်ကိုသိနိုင်ရန် ခက်ခဲချက်တစ်ရပ် ပါဝင်နေပြန်ပါသေးသည်။ ထို့ကြောင့်ပင် ကျေးဇူးရှင်မဟာစည် ဆရာတော်ဘုရားကြီးက-

ဒီအမေးအဖြေ -ခုလုံးဟာ သဘောပေါက်ဖို့ နားလည်ဖို့ မလွယ်ဘူးခက်တယ်၊ အမေးမှာ နှလုံးသွင်းခါစနှင့် ဒီအယူအမှားတွေကို ပယ်နိုင်ပါသလား-လို့ မေးထားတယ်၊ ဒိဋ္ဌိအယူမှားတွေ ဖြစ်ပွားရာဘုံ အာရုံဖြစ်တဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို ငါ့ဥစ္စာ မဟုတ်၊ ငါမဟုတ်၊ ငါ၏အတ္တမဟုတ်လို့ ရှုမြင်လျှင် အဲဒီ ဒိဋ္ဌိအယူမှားတွေကို ပယ်စွန့်ခြင်း ဖြစ်တယ်လို့ ဖြေထားတယ်ဟူ၍အမေးအဖြေကို ရှင်းလင်းဟောပြောတော့မည်ပြုရာတွင် ထည့်သွင်းဟောပြောထားခြင်း ဖြစ်ပေသည်။ ယင်းဟောပြောချက်ဖြင့် သဘာဝအခက်ကို ဆိုလိုသည်မဟုတ်သေးဘဲ အမေးအဖြေ ဝေါဟာရအပေါ်မှာ သိနိုင်ရန်ခက်ခဲကြောင်းကိုသာ ဆိုလိုကြောင်းထင်ရှားပါသည်။ တရားတော်၏ အစဖြစ်သော အမေးအဖြေ သဘောကိုက နားမလည်နိုင်လောက်အောင် ခက်နေပြီဆိုလျှင် ဓမ္မသဘာဝကို သိနိုင်ဖို့ကျတော့ အဆများစွာ ပိုမိုခက်ခဲတော့မည်မှာ သေချာလှပါသည်။

သို့သော် ဤအရာ၌ ခက်တယ်ဆိုသည်မှာ တရားနာပရိသတ်တို့အတွက်သာ ဆိုလိုခြင်းဖြစ်ပါသည်။ ကျေးဇူးရှင် ဆရာတော်ဘုရားကြီးအတွက်မှာမူ မခက်ပါ၊ မခက်သောကြောင့်ပင်- “အဲဒီအသိခက်တာတွေကို သိနားလည်အောင် ရှင်းပြရလိမ့်မယ်လို့ ရှင်းပြဖို့ရန် ဆက်လက်ပြီး တာဝန်ခံတော်မူ လိုက်ခြင်းဖြစ်ပါသည်။ အကယ်၍ ဆရာတော်ဘုရားကြီးအတွက်လည်း ခက်နေပါလျှင် ရှင်းပြရန်တာဝန်လည်း ခံနိုင်မည်မဟုတ်၊ ရှင်း၍လည်း ပြနိုင်မည်မဟုတ်ပေ။ ယခုမူ ဆရာတော်ဘုရားကြီးက ရှင်းပြရန် တာဝန်ခံပြီးလျှင် အများပရိသတ်တို့ နားလည်အောင် အစအဆုံး ပြည့်ပြည့်စုံစုံ ရှင်းပြထားပေသည်။

မရှိခဲ့ဖူးသေး

အစမှာလည်းခက်၊ အလယ်မှာလည်းခက်၊ အဆုံးမှာလည်းခက်လှသော ဤလိုသုတ္တန်ဒေသနာတော်မျိုး တွေကို ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးလို တခမ်းတနား ထိမိနိုင်နင်းစွာ ဝေဖန်ဟောကြားရန်မှာ မလွယ်ကူပါ၊ မလွယ်ကူသောကြောင့်ပင် ယခင်က ဤတရားတော်ကြီးမျိုး မပေါ်မထွက်ဘဲ ရှိခဲ့လေသည်။ မှန်ပါသည်။ ကျေးဇူးရှင်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသကဲ့သို့ အခြားသောဓမ္မကထိကတို့ ဟောကြားထားသော ဤလိုခမ်းနားပြည့်စုံသည့် သုတ္တန်တရားတော်ကြီးများ မရှိခဲ့ဖူးသေးပါ၊ စေ့စေ့စပ်စပ်မဟုတ်ဘဲ ဟိုတစ်စ သည်တစ်စ လိုရာအကွက်ကလေးလောက်သာ ဆွဲထုတ် ဟောကြားရေးသားထားသော တရားနှင့် စာအုပ်များမှာမူ မရှိမဟုတ် ရှိကြပါသည်။ သို့သော် အစအဆုံး ပြည့်ပြည့်စုံစုံ မဟုတ်ကြသောကြောင့် ပညာရှိတို့ အားရကျေနပ်လောက်အောင် မဖြစ်ရုံသာမက ထည်ဝါခန့်ညားခြင်းလည်း မရှိကြပါ။

အကြောင်းအားလျော်စွာ တစ်ခါတစ်ရံ ဆွမ်းစသည်တို့နှင့်စပ်သော အနုမောဒနာတရားများကို ဟောကြားသေးသော်လည်း အနုသာသနီအနေဖြင့် ဟောကြားရသည့် သီးသန့်တရားပွဲကြီးများ၌မူ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ဤသလ္လေခသုတ်တော်ကြီးလို လေးနက်သော သုတ်တော်ကြီးတို့ကိုသာ ဟောကြားတော်မူလေ့ရှိပါသည်။

ထိုသုတ္တန်တရားတော်တို့မှာ အဟောအပြောခက် အသိခက်ငြားသော်လည်း ကျေးဇူးရှင် ဆရာတော်ဘုရားကြီးက နိုင်နိုင်နင်းနင်း ရှင်းလင်းဝေဖန် ဟောကြားတော်မူနိုင်သဖြင့် နာကြားရသူ တို့မှာ အလွယ်တကူပင် သိမြင်သဘောပေါက်နိုင်ကြပေသည်။ ဤသို့သဘောပေါက်နိုင်ပုံကို ဤသလ္လေခသုတ် တရားတော်ကြီးက ဖတ်ရှုသူတို့အား ထင်ရှားသိစေပါလိမ့်မည်။

ဤသလ္လေခသုတ်တော်ကြီးသည် မဂ်ဖိုလ်ကို မရသေးပါဘဲ ရပြီဟုထင်မှု အဓိမာနရှိသော ပုဂ္ဂိုလ်တို့ အတွက် ရည်ရွယ်၍ဟောထားသော တရားတော်ဖြစ်သောကြောင့် အခြားသုတ်တော်တို့ထက်ပင် အဆစ်အဖု အခက်အခဲတွေများသောကြောင့်သာ၍ အဟောခက်အသိခက်သည်ဟု ဆိုချင်ပါသည်။ အကြောင်းမူကား အဓိမာနဟုတ်သည် မဟုတ်သည်ကို အဆုံးအဖြတ်ခက်ခဲရာမှာ တိတိကျကျ ဆုံးဖြတ်နိုင်အောင် အလွန်သိမ်မွေ့နက်နဲသော ဈာန်မဂ်ဖိုလ်တရားများကို ဟောကြားရခြင်းကြောင့် ဖြစ်ပါသည်။

ယင်းသို့ အခြားသုတ်တော်ကြီးတို့ထက် အဟောရခက်မည်ဟု ထင်ရငြားသော်လည်း ကျေးဇူးရှင် ဆရာတော်ဘုရားကြီး၏ ဟောကြားထားပုံကို ဖတ်ရှုကြည့်ရသောအခါ အခြားသုတ်တော်ကြီးများကို ပေါ်လွင်ထင်ရှားအောင် ဟောကြားထားသည်ကိုတွေ့ရပေသည်။ ယောဂီတို့မှာ အထင်ကြီးမှု အဓိမာန ဖြစ်တတ်သည့်အရာဌာနများကို အကွက်ချ၍ ဖော်ပြဟောကြားထားသည်ကိုလည်း တွေ့ရပေသည်။ အဓိမာန ဖြစ်တတ်သည့် သဘောကို ဖော်ပြရာ၌-

တရားအားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ တရားတွေကို တွေ့ရလိမ့်မည်လို့ မျှော်လင့်ပြီးအားထုတ်နေတယ်၊ ဒီတော့ ထူးထူးခြားခြားကလေးကိုတွေ့ရင် တရားထူးပဲလေလားလို့ ထင်မြင်အောက်မေ့မိတတ်တယ်၊ တောထဲမှာ မှိုရှာတဲ့ လူဟာ ဖွေးဖွေးကို မြင်ရင် မှိုလေလားလို့ တွေးမိတာ လိုပါပဲဟူ၍တရားနာပရိသတ်တို့ အသိဉာဏ်တွေ သိလွယ်မြင်လွယ်အောင် ထင်ရှားလွယ်ကူသော ဥပမာကိုဆောင်၍ ဖော်ပြဟောကြားထားပေသည်။

ဆုံးဖြတ်ရာ၌ တိကျသည်

ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီးသည် ပရိယတ် ပဋိပတ်နှစ်ရပ်လုံး၌ ကျွမ်းကျင်တော်မူ လှသောကြောင့် အဆုံးအဖြတ်ပေးသင့်သည့် နေရာများ၌လည်း တိတိကျကျ ဆုံးဖြတ်နိုင်စွမ်း ရှိတော်မူသည်ကိုလည်း တွေ့နိုင်ပါသည်။

သာဓကတစ်ခုလောက်ကို ထုတ်ပြရလျှင် အချို့ကမ္မဋ္ဌာန်းဆရာများ တွေဝေမှားယွင်းတတ်သော အရာ၌-“တချို့က တုံးလုံးပက်လက်လဲနေတာ၊ ကိုးရိုးကားရား လူးလိမ့်နေတာကို တရားထူးလို့ ထင်မှတ်နေကြတယ်၊ ဒါကတော့ မဟုတ်ပါဘူး။ ဈာန်-မဂ်-ဖိုလ်ဆိုတာတွေဟာ အပ္ပနာဇောတွေပဲ၊ အပ္ပနာဇောဆိုတာ ထိုင်ခြင်း ရပ်ခြင်း အစရှိတဲ့ ဣရိယာပုတ်တွေကို မူလတည်မြဲအတိုင်းပင် တည်စေတတ်တယ်၊ ဒါကြောင့် အပ္ပနာဇဝနံ ဣရိယာ ပထမ္ပိသန္နာမေတိလို့ အဋ္ဌကထာတွေမှာ အထင်အရှားပြဆိုထားပါတယ်ဟူ၍- (ဤတရားတော်ကြီး နှာ ၃၉-မှာ) ခိုင်လုံတဲ့ သာဓကနှင့်တကွ အဆုံးအဖြတ် ပေးထားသည်ကို တွေ့ကြရပါလိမ့်မည်။

ထိုကဲ့သို့ မှားမှားယွင်းယွင်း ထင်မြင်ယူဆပြီး တရားထူးမဟုတ်သည်ကို တရားထူးအနေဖြင့် အသိအမှတ်ပြုနေတဲ့ ကမ္မဋ္ဌာန်းဆရာတို့သည်ကား ပရိယတ်ပဋိပတ်အရာ၌ မကျွမ်းကျင်သော ကြောင့်လည်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့မဟုတ် ဝိပဿနာအလုပ်ကို ကိုယ်တိုင်က ကျကျနန အားမထုတ်ဖူးပါပဲ၊ ကမ္မဋ္ဌာန်းခေတ်စားနေခိုက်မှာ ငါလည်း ကမ္မဋ္ဌာန်းဆရာလုပ်မည်ဟု လာဘသက္ကာရ သိလောကကိုမျှော်လင့်ပြီး သူမနိုင်သောအလုပ်ကို လုပ်နေသူလည်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

ဤသို့တွေးတောယူဆရာ၌ အထောက်သာဓကမှာ မြတ်စွာဘုရားလက်ထက်တော် ကာလကပင် ဘုရားမဟုတ်ပါဘဲ ဘုရားလုပ်နေသူ တွေ့ရှိခဲ့သည်ကို ထောက်ဆကြည့်လျှင် ယခုခေတ်၌ ကမ္မဋ္ဌာန်းဆရာအတု ဟူသည်မှာလည်း မရှိဘူးဟူ၍ အဘယ်မှာ ဆိုနိုင်လိမ့်မည်နည်း။

ထိုသို့သော ကမ္မဋ္ဌာန်းဆရာအတုတို့ထံ၌ နည်းခံ၍ကျင့်သဖြင့် အရိယာဖြစ်ပြီ သောတာပန်ဖြစ်ပြီ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်ပြီဟု အသိအမှတ်ပြုချက်ရသော်လည်း စိတ်မချရ၊ မကြာမီပင် ပုထုဇဉ်အဖြစ်သို့ ပြန်ရောက်တတ်သည်။

ရဟန္တာလူထွက်အထိ ဖြစ်ပေါ်ခဲ့ဖူးသည်ကို မကြာမီ နှစ်များအတွင်းက သတင်းစာများ၌ပင် အထင်အရှား မကြားကောင်း မနာသာ တွေ့ခဲ့ကြရလေသည်။ ထို့ကြောင့် တရားထူးအရာ၌ အထင်မှားတတ်သည်ကို ဆရာတော်ဘုရားကြီးက ဓမ္မဓိဋ္ဌာန်ကျကျ ဖော်ပြထားသည်မှာ သင့်လျော်လှပါပေသည်။ 

ပရိယတ် ပဋိပတ်စွယ်စုံ

ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီးသည်ကား ပရိယတ် ပဋိပတ်နှစ်ရပ်လုံး စွယ်စုံဖြစ်ပေသည်။ အနည်းငယ်ဖော်ပြရလျှင် ၁၂၉၃-ခုနှစ် ရဟန်းသိက္ခာ -ဝါရအရွယ်၌ သထုံမြို့ မင်းကွန်းဇေတဝန် (မူလ) ဆရာတော်ဘုရားကြီးထံ၌ နည်းနိဿယခံယူ၍ သတိပဋ္ဌာန် ဝိပဿနာအလုပ်ကို လေးလကျော် အားထုတ်ခဲ့သဖြင့် ပဋိပတ်ဘက်မှာလည်း ပြည့်စုံတော်မူပေသည်။ ပရိယတ်နှင့် ပြည့်စုံကြောင်းမှာမူ ဆဋ္ဌသင်္ဂါယနာတင်စဉ်က သြသာနသောဓနကိစ္စနှင့် အမေးပုစ္ဆကအရာတို့၌ ဆောင်ရွက်တော်မူခဲ့ခြင်းဖြင့် အလွန်ထင်ရှားလှပါပေသည်။ သို့သော် ကျေးဇူးရှင် ဆရာတော်ဘုရားကြီးသည် တရားအားထုတ်ပြီးလျှင် ပြီးချင်း ကမ္မဋ္ဌာန်း ဟောကြားပြသခဲ့သည် မဟုတ်ပေ။ သင့်လျော်သော အချိန်အခါကို ငံ့လင့်လျက် ပရိယတ် ပဋိပတ်တို့ကို ထပ်မံလေ့လာနေခဲ့ပြီးလျှင် ၁၃၀ဝ-ပြည့်နှစ်မှသာလျှင် အစပြု၍ ဝိပဿနာကမ္မဋ္ဌာန်းတရားကို ဟောကြားပြသတော်မူခဲ့ပေသည်။

အရိယာလူထွက်မရှိ

ဟောကြားညွှန်ပြရာ၌လည်း တပည့်ယောဂီ၏ အားထုတ်ပုံ တွေ့မြင်ပုံများကို နေ့စဉ်မေးမြန်း စစ်ဆေး၍ ဝိပဿနာဉာဏ်များ အစဉ်အတိုင်း အပြည့်အစုံဖြစ်ပေါ်လျက် မဂ်ဖိုလ်ဉာဏ်များဖြစ်ပုံ ထင်ရှားသည် တိုင်အောင် ညွှန်ကြားပြသတော်မူပေသည်။ တရားထူးနှင့် ပြည့်စုံလောက်ပြီဟု ယုံကြည်ရသော သူအားလည်း သောတာပန်ဖြစ်ပြီစသည်ဖြင့် အဆုံးအဖြတ်မပေးဘဲ ဓမ္မာဒါသသုတ်တရားတော်နှင့်အညီ ဉာဏ်စဉ်တရားကို ဟောပြ၍ ယောဂီ၏ ကိုယ်တိုင်တွေ့ ကိုယ်ပိုင်ဉာဏ်ဖြင့်သာလျှင် ဆုံးဖြတ်စေပါသည်။ ထို့ကြောင့်ပင် ယခုအထိ နှစ်ပေါင်းသုံးဆယ်ကျော်အတွင်းမှာ ကျေးဇူးရှင် ဆရာတော်ဘုရားကြီး၏ တပည့်ထဲမှ အရိယာလူထွက်ဟူ၍ တစ်ဦးတစ်ယောက်မျှ ပေါ်လာခြင်းမရှိဘဲ ကြည်ညိုဖွယ်ဂုဏ်နှင့် ပြည့်စုံလျက်ရှိပါပေသည်။

အမြှော်အမြင်ဉာဏ်ပညာနှင့် ပြည့်စုံသူ စာပေကျမ်းဂန်တတ် ရဟန်း၊ ရှင်၊ လူတို့၏ ယုံကြည်လေးစားခြင်းကိုလည်း ခံယူရပါသည်။ ဤအချက်မှာ ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာ တစ်ခုတည်း၌ပင် စာပေကျမ်းဂန်တတ် ရဟန်းတော်များ သုံးလေးဆယ်အထိ အသစ်အဟောင်း ပြောင်းလဲကာ အားထုတ်လျက် အမြဲတမ်း ရှိနေခြင်းဖြင့် ထင်ရှားလှပါသည်။

တစ်စ တစ်စနှင့် ကြီးထွားလာရသည်

ဤသို့ ရဟန်း၊ ရှင်၊ လူအများ၏ ယုံကြည်လေးစားခြင်းကြောင့် ကျေးဇူးရှင် ဆရာတော်ဘုရားကြီး၏ ပဋိပတ်လုပ်ငန်းစဉ်ကြီးသည် ၁၃၀ဝ-ပြည့်နှစ်မှစ၍ ပေါက်ပွားလျက် တစ်စတစ်စနှင့် ကြီးထွားလာခဲ့ရာ ယခုအခါမှာ အကြီးဆုံး၊ အကျယ်ပြန့်ဆုံးအဖြစ်သို့ ရောက်နေပြီ၊ ဤသည်မှာ ဆရာတော်ဘုရားကြီး၏ ပရိယတ် ပဋိပတ် နှစ်ရပ်လုံး ပြည့်စုံလုံလောက်ခြင်း၊ စိတ်စေတနာ သဒ္ဓါတရား ဖြူစင်သန့်ရှင်းခြင်း ဖြောင့်မတ်မှန်ကန်ခြင်းတို့ကြောင့်ဖြစ်ကြောင်း ထင်ရှားလှပါသည်။ မမှန်ကန်သော အတုအယောင် တို့မှာမူ တစ်ရှိန်ထိုး အမြန်တက်လာပြီးလျှင် တစ်ခဏလောက်နှင့် ပျောက်မှန်းမသိ ပျောက်ကွယ်သွား တတ်ကြပါသည်။

ဤသို့ ထင်မှတ်ရသည်

နောက်ဆုံး နိဂုံးချုပ်အနေအားဖြင့် ဖော်ပြလိုသည်မှာ ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီး ဟောကြားထားသော သုတ္တန်တရားတော်ကြီးများမှာ တရားတစ်ပုဒ်ကို နာကြားဖတ်ရှုနေစဉ် အခြားတစ်ပုဒ်ထက် ပိုကောင်းသည်၊ ပိုလေးနက်သည်ဟု ထင်မှတ်ကြရပါသည်။ သို့ဖြစ်၍ ယခင်က ဖတ်ခဲ့ဖူးသော အရိယာဝါသတရားတော်ကြီး စသည်တို့ကို လေးနက်ကောင်းမွန်လှပါပေသည်ဟု ထင်မှတ်ခဲ့ပြီးသော သူတို့သည် ဤသလ္လေခသုတ်တရားတော်ကြီးကို ဖတ်ရှုကြရသည့်အခါ ဤသုတ်တရားတော်ကြီးက ပိုလေးနက် ပိုကောင်းပါတကားလို့ ထင်မှတ်ရလိမ့်မည်ဖြစ်ကြောင်း နိဂုံးချုပ် အနေဖြင့် ဖော်ပြလိုက်ပါသတည်း။

 

၁၃၃၇-ခုနှစ်၊ ဦးတိဿ

ဦးတန်ခူးလပြည့်ကျော် -ရက် နာယကဆရာတော်

(၁၈--၇၁) မစိုးရိမ်ကျောင်းတိုက်

ဝက်လက်မြို့။