စိန်ရတု မင်္ဂလာပူဇော်ပွဲ နှင့် ဝိပဿနာဂန္ဓာရုံရိပ်သာဖွင့်ပွဲ အထိမ်းအမှတ်တရားတော်
Author By - မဟာစည်ဆရာတော်ဘုရားကြီး
ဒီစာအုပ်ငယ်မှာ ပါရှိတဲ့ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို စာသိ သိရုံမဟုတ်ဘဲ ဉာဏ်သိ သိအောင် အားထုတ်လှည့်ပါ၊
စိန်ရတု မင်္ဂလာပူဇော်ပွဲ နှင့် ဝိပဿနာဂန္ဓာရုံရိပ်သာဖွင့်ပွဲ အထိမ်းအမှတ်တရားတော်
Published Date - 1980
Author By - မဟာစည်ဆရာတော်ဘုရားကြီး
96 စာမျက်နှာ
မိတ်ဆက်လွှာ
ထူးခြားပြည့်စုံတဲ့ တရားစာအုပ်
“ဝိပဿနာဂန္ဓာရုံရိပ်သာသစ်ဖွင့်ပွဲ အထိမ်းအမှတ်တရားတော်”လို့ နာမည်တပ်ထားတဲ့ ဒီတရားစာအုပ်ငယ်က ငယ်ပင်ငယ်သော်လဲ ထူးခြားပြည့်စုံတဲ့ တရားစာအုပ်ငယ်ဖြစ်ပါတယ်။ ထူးခြားတဲ့အရာမှာ တည်ရာဌာနအားဖြင့်လဲ ထူးခြားတာ၊ တည်တဲ့ ပုဂ္ဂိုလ်အားဖြင့်လဲ ထူးခြားတာ၊ ဟောတဲ့ ဆရာတော်အားဖြင့်လဲ ထူးခြားတာကို တွေ့ရပါတယ်။
သဒ္ဓါမှန်ပေါက်တော့ ကာယကံမြောက်တယ်
တည်ရာဌာနအားဖြင့် ထူးခြားပုံကတော့ ဝိပဿနာဂန္ဓာရုံ ရိပ်သာသစ်ဟာ ရွှေဘိုမြို့အတွင်း အရှေ့တောင် မျက်နှာသမိုင်းဝင် ပုခမ်းဘုရား(စေတီတော်)ကြီးရဲ့ အနောက်ဘက် မြေနေရာမှာ ဘုရားကြီးနှင့်ကပ်လျက် တည်နေပါတယ်။
ဒီမြေနေရာက ရှေးက အကျန်အကြွင်း ကျောင်းတိုက်ဟောင်းနေရာမဟုတ်ပါဘူး။ ဂန္ဓာရုံဆရာတော်ရဲ့ ဘုန်းကံအလျောက် သာသနာရေးအမြင်ကျယ်ကြတဲ့ ဒကာ ဒကာမများက သဒ္ဓါစေတနာပေါက်ပြီး ထက်ထက်သန်သန်နှင့် ဂန္ဓာရုံဆရာတော်အား လှူဒါန်းထားတဲ့ အသစ်စက်စက်နေရာဖြစ်ပါတယ်။ ရိပ်သာသစ်တည်ဖို့ ကြံရွယ်မှန်းသိကြတော့ အသစ်စက်စက် ထပ်မံတိုးချဲ့ပြီး လှူကြပြန်ပါတယ်။
ကျောင်းတိုက် စတည်ထောင်စဉ်အချိန်က ဒီနေရာမှ ဂန္ဓာရုံဆရာတော်ဟာ သက်ကယ်မိုး၊ ဝါးထရံကာ၊ ဝါးကြမ်းခင်း ကျောင်းငယ်ကလေးပေါ်မှာ သီတင်းသုံးပြီး ဒီလို ကျောင်းငယ်ကလေးများအား သာသနာတော်ရဲ့ အခြေအမြစ်ကျမ်းစာများ ပို့ချပြီးနေခဲ့တာကို တွေ့သိခဲ့ရပါတယ်။ သာသနာတော်ရဲ့ အလုပ်မှန်ကို စည်းကမ်းကျကျ စေတနာမှန်မှန်နဲ့ မှန်မှန်လုပ်နေတော့ သဒ္ဓါမှန်ပေါက်တဲ့ အထဲက ကာယကံမြောက်နိုင်တဲ့ ကုသိုလ်ရှင်ဆိုတာလဲ ပေါ်ရစမြဲပါ။
ဒါကြောင့် ဒီလို သီတင်းသုံးနေလာလို့ နှစ်ပိုင်းများ များမကြာမှီမှာဘဲ ရွှေဘို မင်းရပ်မှာ နေကြတဲ့ ဦးလှိုင်၊ ဒေါ်ဟန်ဆင်၊ စျေးတန်းရပ် ဒေါ်ဒေါ်ခင် စတဲ့ ကုသိုလ်ရှင်များက ထိုက်တန်ထည်ဝါတဲ့ အုဌ်ကျောင်းများ ဆောက်လုပ်လှူဒါန်းကြလို့ ကျောင်းဒကာ ကျောင်းအမဆိုတဲ့ ဗုဒ္ဓသာသနာတော်နဲ့ ဆိုင်တဲ့နာမည်ထူး၊ ဂုဏ်ထူး၊ ဘွဲ့ထူးက သူတို့အပေါ် အလိုလိုသက်ရောက်ပြီး အမည်တပ်ပြီးဖြစ်ခဲ့ပါတယ်။
လှူလဲလှူ ကျင့်လဲကျင့် ထပ်ဆင့်ပွား
အဲဒီကျောင်းဒကာ ကျောင်းအမများဟာ “ကျောင်းကို လှူထားတဲ့ပုဂ္ဂိုလ်ဟာ အားလုံးကို လှူထားရာရောက်တယ်” ဆိုတဲ့ ဗုဒ္ဓစကားတော်နဲ့လဲ ကိုက်ညီနေကြတာကို တွေ့ရပါတယ်။ ဒီလို ထူးခြားတဲ့နေရာပါ။
ဒါပေမယ့် ဝိပဿနာ ဂန္ဓာရုံရိပ်သာရယ်လို့ ယခုလို အကောင်အထည်ပေါ်လာအောင် နှစ်ပိုင်း တိုတိုလောက်နဲ့ သန္ဓေတည်လာခဲ့တာတော့ မဟုတ်ပါဘူး။ ဂန္ဓာရုံဆရာတော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော် (၁၉၅၈-၁၃၂၀)ခုနှစ် လောက်က ဒီလိုဖြစ်လိုတဲ့ စိတ်ကူးကြံစည်မှုရှိလာခဲ့ကြောင်း သိရပါတယ်။ အဲဒီအချိန်က မဟာစည်ဆရာတော်ကြီးကိုယ်တိုင်က ရိပ်သာဖွင့်ဖို့ တိုက်တွန်းခဲ့ကြောင်းကိုလဲ သိရပါတယ်။ ဒါပေမယ့် အကြောင်းမညီညွတ်ခဲ့သေးပါဘူး။ ခုတော့ -
“ကြမ္မာလည်းသင့်၊
ဘုန်းလည်းပွင့်၍၊
အကျင့်လည်းပြည့်၊
ခွင့်ညီလည့်က၊ ထွန်းစည့်ဝင်းရှိန်၊
တေဇာထိန်၍” – ဆိုတဲ့အတိုင်း ကြမ္မာတော်သင့် ဘုန်းတော်ပွင့် အကျင့်ပြည့်ပြီ အခွင့်ညီတော်မူလွန်းလို့ တေဇာတော်ထွန်းဆဲပါ။
တေဇာတော်ထွန်းချင်တော့ ဆိပ်ခွန်ရွာ အဆက်အနွယ်ဖြစ်ကြတဲ့ ကျောင်းဒကာကြီး ဦးလှိုင်နှင့် ကျောင်းအစ်မကြီး ဒေါ်ဟန်ဆင်တို့ဟာ “ကျောင်းဒကာကြီး သာသနာပျော် သံဃာတော်တို့အား ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး၊ ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းနေနိုင်ရုံနဲ့ အားမရနဲ့အုံး သာသနာတော်ထွန်းတုန်း ပရမတ်အစစ်၊ ဓါတ်အနှစ်ကို သိအောင်လဲ အားထုတ်အုံး”လို့ မြတ်စွာဘုရားက ကျောင်းဒကာ အနာထပိဏ်ကို သတိပေး ဆုံးမဘူးတဲ့စကား ကြားသိဘူးကြတော့ ၁၃၃၉ ခုနှစ်၊ နှစ်ဦးပိုင်းမှစ၍ ဝါကျွတ်တိုင်အောင် မဟာစည်ဆရာတော်ကြီးရဲ့ ဇာတိရပ်ရွာ မူလဘူတ ဝိပဿနာကမ္မဋ္ဌာန်းဌာန ဆိပ်ခွန်ရွာ မဟာစည်ရိပ်သာကိုသွားကြပြီး၊ မဟာစည်ဆရာတော်ရဲ့ စက်ကျအတိုင်း ဝိပဿနာအလုပ်ကို ဟုတ်ဟုတ် ဟပ်ဟပ် အားထုတ်ကြလို့ ထူးခြားတဲ့တရားအရသာ တွေကို ကိုယ်တိုင်တွေ့သိကြရတယ်။
သူတို့ တွေ့သိထားတဲ့ တရားအရသာမျိုးတွေကို အများလူတွေလဲ တွေ့သိစေလိုတဲ့ သဒ္ဓါဆန္ဒတွေ အလှိုင်းတကြီး ဖြစ်ဖြစ်နေပြန်တော့ သူတို့ကိုယ်တိုင်စစဦး တည်ထားကိုးကွယ်ရာ ရွှေဘို ဂန္ဓာရုံတိုက်သစ်မှာဘဲ ကမ္မဋ္ဌာန်းကျောင်းတွေဆောက်၊ ယောဂီတွေကိုလဲ ထောက်ပံ့၊ ကမ္မဋ္ဌာနာစရိယ မောင်းမောင်းနဲ့ ခိုင်ခိုင်ခန့်ခန့် နိဗ္ဗာန်လမ်းကျောင်း စခန်းကောင်းကြီး တည်ဆောက်လို့ သာသနာနယ် ပြန့်ကျယ်နိုင်သလောက် သသနာ့ဒါယကာ သရဖူကို ဆောင်းချင်စိတ်တွေပေါက်ပြီး၊ ဂန္ဓာရုံဆရာတော်နဲ့ တိုင်ပင်လျှောက်ထားမိတဲ့အခါ “တရားတော်ကျင့်ခါ နေလာလို့ ပင့်ပါလေ” ဆိုတာလို အကြံတူ ဖြစ်သွားကြလေတော့၊ ၁၃၃၉ ခုနှစ်၊ တပို့တွဲလလောက်ကစပြီး တည်ဆောက်လာလိုက်တာ အခုဆို ယောဂီတရာကျော်ကျော် တသုတ်တည်း နေပျော်လောက်တဲ့ ကမ္မဋ္ဌာန်းကျောင်း အဆောက်အဦ (၂၀)ကျော် လောက်ပေါ်ပေါက်တည်ရှိနေပါပြီ။
ဦးပီယန်း-ဒေါ်ခင်တင့်၊ ဦးနိုင်-ဒေါ်ဖို့ မိသားစု။ ဒေါ်ရီနှင့်တူ ဦးကံအောင်-ဒေါ်နှင်း၊ ဦးစံသင်း - ဒေါ်ပေါမြင့်၊ ဦးကျော်မြင့်-ဒေါ်လှပို၊ တူ-ဦးကံအောင်၊ ဦးဌေးကြွယ်-ဒေါ်တင်ကြည်၊ ဦးသိန်းကြွယ်-ဒေါ်စိန်စိန်၊ ဦးခင်မောင်တင့်-ဒေါ်ခင်သန်း၊ ဒေါ်သိန်းတင် မိသားစု။
ဦးလှဘော်-ဒေါ်ညွန်ကြီး မိသားစု၊ ဒေါ်ကျင်မေ မိသားစု၊ ဦးခွေး-ဒေါ်တင်ကြည် မိသားစု စတဲ့ ပါရမီဖြည့်ဘက်တွေကလဲ ပစ္စည်း (၄)ပါး ထည့်စွက်လာလိုက်ကြတာ၊ နာယကဆရာတော်၊ ကမ္မဋ္ဌာနာစရိယဆရာတော်တို့အတွက်သာမက ယောဂီတွေအတွက်ပါ အေးအေးစက်စက် ကမ္မဋ္ဌာန်းအလုပ်လုပ်ရုံ သက်သက်မှတပါး ဘာတခုအတွက်မျှ ငဲ့ကွက်အားနာနေစရာမလို အားလုံးကောင်း ပြည့်စုံနေပါတယ်။ တည်တဲ့ပုဂ္ဂိုလ်အားဖြင့်လည်း ဒီလိုထူးခြားတာပါ။
ဌာနအနေနှင့် ဒီလိုပြည့်စုံအားထုတ်မဲ့ ယောဂီကလည်း (၃၀)ကျော်လုံလောက်နေလို့ ရိပ်သာသစ်ဖွင့်ပွဲ ပြုလုပ်ဘို့ ၁၃၄၀ ပြည့်နှစ်၊ တပေါင်းလပြည့်ကျော် (၃)ရက် သတ်မှတ်ခဲ့ပေမဲ့ မဟာစည်ဆရာတော်ကြီး နိဗ္ဗာန် လမ်းမှန်သတိပဋ္ဌာန် တရားတော် ဖြန့်ဖြူးရေးအတွက် ကမ္ဘာအနှံ့ ဒေသစာရီကြွချီဘို့ အခွင့်ဆိုက်လာလို့ အဲဒီရက်မှာ မဖွင့်ခဲ့ရပါဘူး။ ဒါကလဲ ထူးခြားသထက် ထူးခြားဘို့အကြောင်း ဖန်ပြန်တာပါဘဲ။
ကမ္ဘာလှည့်မဟာစည်နှင့် ရိပ်သာဖွင့်ပွဲ
မဟာစည်ဆရာတော်ကြီးဆိုရင်၊ ဗမာတွင် မက ကမ္ဘာကပါ သိထားပြီးဖြစ်နေပေမဲ့ နဲနဲလောက် ထည့်ပြောချင်ပါတယ်။
ရဟန်းသိက္ခာ (၈)ဝါရလောက်ကစပြီး မဂ်စစ်ဖိုလ်မှန် နိဗ္ဗာန်မြင်ရန် ကိုယ်တော်တိုင် အားထုတ်လို့၊ တရားအစစ်အမှန်ကို ကိုယ်တော်တိုင် တွေ့မြင်သိရှိလာတဲ့အခါ ရဟန်း သိက္ခာ (၁၈)ဝါလောက်ကစပြီး ကိုယ်တော်အလား အများ လူရှင်တို့ကို သိစေချင်လွန်းလို့၊ ဝိပဿနာသတိပဋ္ဌာန်အလုပ်စခန်းတွေဖွင့်ပြီး၊ ဝိပဿနာအလုပ်ပေးတရား ဟောကြားညွှန်ပြလို့ လိုလားတဲ့ လူရှင်ရဟန်းတို့ကို ဝိပဿနာအလုပ် လုပ်စေခဲ့ပါတယ်။
ကမ္ဘာ့ဝိပဿနာပြန့်ပွားရေးအဖွဲ့လို့လဲ ကမ္ဘာနှင့်ချီပြီး အမည်တပ်ခဲ့ပါတယ်။ နိဗ္ဗာန်မြင်ဘို့ နည်းမှန် လမ်းမှန်ကို သိသင့်တဲ့ ကမ္ဘာသူ ကမ္ဘသားတွေကို သိစေမယ်ဆိုတဲ့ ရည်ရွယ်ချက်ပါဘဲ၊ စပြီး တရားပန္နပက်ချစဉ်ကတဲက ဗမာလောက်သာ ရည်ရွယ်တဲ့ သေးငယ်ကျဉ်းမြောင်းလှတဲ့ ရည်ရွယ်ချက်မဟုတ်ပါဘူး။ အလွန်ကြီးမားလှတဲ့ မေတ္တာတော်၊ ကရုဏာတော်ပါ၊ အလွန်ကျယ်ပြန့်တဲ့ အမြင်တော်ပါ၊ ဒီလိုအမြင်နဲ့ ကြီးမားတဲ့မေတ္တာ၊ ကရုဏာတော်ဟာ အလွန့်အလွန်ရင့်ရုံမက ပွင့်ရုံလဲမက မှည့်ရွှန်းလာလို့ မူလအဓိဋ္ဌာန်အတိုင်း၊ ကမ္ဘာလှည့်ပြီး မဟာသတိပဋ္ဌာန်တော်ကို မွှန်းခဲ့ပါပြီ၊ ဟောတဲ့ ဆရာတော်အားဖြင့်လည်း ဒီလိုထူးခြားပါတယ်။ ဒီလို ထူးခြားမှုတွေ ဆုံဆည်းစုံလင်လာတော့ နာယူမှတ်သားရတဲ့ ပရိသတ်များလဲ ထူးခြားတာတွေကို ကြားသိကြရပါတယ်။
“သတိပဋ္ဌာန် သာသနာပြုသွားတဲ့အခါ
ထိုထိုအရပ်တွေမှာ
တရားအားထုတ်ကြတဲ့ပုဂ္ဂိုလ်တွေ တော်တော်များများ တွေ့ရပါတယ်။ အဲဒီပုဂ္ဂိုလ်တွေထဲမှ အချို့က ဗုဒ္ဓတရားတော်ရယ်လို့မဟုတ်ပါဘူး။ သူတို့နည်းနဲ့ သူတို့တရားတွေဟောကြားပြီး အားထုတ်နေကြတယ်။ ဗုဒ္ဓဘာသာအမည်ခံပြီးတော့ ဟောပေမယ်လို့ ဗုဒ္ဓတရားတော် မဟုတ်ဘဲနဲ့ ပုံတော်သလို သူတို့စိတ်ကူးနဲ့သူတို့ စိတ်ချမ်းသာမှုရအောင် ဆိုပြီးတော့၊ ဟိုဟယစဉ်းစား၊ ဒီဟာစဉ်းစား ဟောပြောတာလဲရှိပါတယ်။ အဲဒီအတိုင်းလိုက်နာပြီး အားထုတ်နေကြတယ်၊ အဲဒါနဲ့သူတို့မှာ စိတ်ချမ်းသာမှုရတယ်ဆိုပြီး သဘောကျနေကြတယ်၊ အင်း - သူတို့အားထုတ်တာက နိဗ္ဗာန်ရောက်ကြောင်းတရားတော့မဟုတ်ပါဘူး” (စသည်)။
ဆရာတော်ကြီးရဲ့ ကမ္ဘာ့ခရီးစဉ်မှာ ဒီလိုတွေ့ကြုံခဲ့တာကို ကြားသိကြရတော့ ဒီမြန်မာနိုင်ငံမှာ ဒီ(မဟာစည်) ဆရာတော်ကြီးရဲ့ တကယ် စိတ်ချမ်းသာရေး နိဗ္ဗာန်ရရေး ဗုဒ္ဓအလိုတော်ကျ နည်းမှန်လမ်းမှန်ကို ယုံယုံကြည်ကြည်နဲ့ နာယူမှတ်သားကြရတာ၊ အားထုတ်ကြရတာ၊ ဘယ်လောက် ဝမ်းသာစရာ၊ အားကိုးစရာ၊ အားတက်စရာကောင်းတာကို သဘောပေါက်နိုင်ပါတယ်။
ကမ္ဘာသူ ကမ္ဘသားအများစုဟာ၊ စိတ်ချမ်းသာမှုကို တကယ်ရလိုပြီး တကယ်အားထုတ်လိုပါလျက် နည်းမှန်လမ်းမှန်ကိုမသိရဘဲ ယောင်လည်လည်ဖြစ်နေကြပုံ တကယ်အားထုတ်နေပါလျက်၊ (မိမိလိုလားတဲ့ စိတ်ချမ်းသာမှုကို ရစေနိုင်တဲ့ အားထုတ်မှုမဟုတ်တာကို အဟုတ်ထင်အားထုတ်နေတော့) အချီးနှီးဖြစ်နေမှန်း မသိကြပုံ စသည်ကို သိကြရတော့၊ မိမိတို့မှာ ကုသိုလ်ထူးလှပါကလားလို့ အတိတ်ကံကို မှန်းဆနိုင်ပါတယ်။
ဒီလိုထူးခြားမှုမျိုးပေါင်း စုံလင်ရလေအောင် အချိန်ကတမင်ဖန်တီးလာလို့ မဟာစည်ဆရာတော်ကြီး သတိပဋ္ဌာန်ခရီးစဉ်မှ ပြန်လည်ကြွရောက်လာပြီး၊ ၁၃၄၁-ခုနှစ်၊ ဝါခေါင်လဆန်း (၉)ရက်နေ့မှာမှ ဝိပဿနာ ဂန္ဓာရုံရိပ်သာသစ်ဆိုတဲ့အမည်နဲ့ ရိပ်သာဖွင့်ပွဲ ခင်းကျင်းခဲ့ရပါတယ်။
ဆရာတော်ကြီးရဲ့ သက်တော် (၇၅)နှစ်ပြည့် အထိမ်းအမှတ်ဖြင့် စိန်ရတုသဘင် အခမ်းအနားကိုပါ ထည့်သွင်းပြီး တပည့်ရဟန်းပရိသတ် လူပရိသတ်များစွာတို့က ဆရာတော်ကြီးအား ပူဇော်ကန်တော့ကြပါတယ်။
အဲဒီ (၉) ရက်နေ့ညမှာပင် ဆရာတော်ဘုရားကြီးက
ထင်ဒါထက် အဆမတန်များပြားလှသော
တောရော မြို့ပါ ရဟန်းရှင်လူပရိသတ်တို့အား ကမ္ဘာ့ခရီးစဉ်တစ်လျှောက်မှာ တွေ့ကြုံခဲ့တဲ့ ဘာသာရေးအတွေ့အကြုံ များစွာမှ မြန်မာဗုဒ္ဓဘာသာပရိသတ်တို့ အထူးသတိပြုထိုက်တဲ့ အတွေ့အကြုံ အနည်းငယ်ကိုပါ ထည့်သွင်းပြီး နိဗ္ဗာန်မြင်နိုင်ရန် ဝိပဿနာနည်းလမ်းမှန်ကို အချိန်အနည်းငယ်အတွင်းမှာ အပြည့်အစုံ ဟောကြားတော်မူခဲ့ပါတယ်။
ရိပ်သာသစ်ဖွင့်ပွဲမှာ ဟောထားအပ်တဲ့ တရားတော်ကို ဂန္ဓာရုံဆရာတော်က အမှတ်တရဖြစ်ဖို့ တရားစာအုပ်ငယ်ဖြစ်အောင် အမျိုးမျိုးကြိုးစားလို့ ဒီတရားစာအုပ်ငယ်ပေါ်ထွက်လာရပါတယ်။
အများကြိုက် ဘုရားကြိုက် တရားစာအုပ်ငယ်
ဒီစာအုပ်ငယ်ကို ဖတ်ရှုသူဟာ “ငယ်သာငယ် ကယ်ဆယ်မဲ့ဘုရား” ဆိုတာလို စာအုပ်ပင် ငယ်သော်လဲ နိဗ္ဗာန်မြင်ဘို့ တကယ်အားထုတ်လိုသူများ ရှောင်တိမ်းလို့ မဖြစ်တဲ့ ဝိပဿနာရှုနည်းမှန် လိုရင်းချုပ်ကို သိရမည့်ပြင် ဆင်းရဲငြိမ်းမှု နိဗ္ဗာန်လိုချင်လို့ မြတ်စွာဘုရား၏ တရားတော်အမှန်ကို ရှာကြံသူတို့ အမှန်တကယ် သိထိုက်တဲ့ ဖော်ပြထားမည့်အချက်များကိုလဲ ပြတ်သားစွာ သိရပါလိမ့်မယ်။
ဒါကြောင့် ဒီစာအုပ်ငယ်မှာ ပါရှိတဲ့ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို စာသိ သိရုံမဟုတ်ဘဲ ဉာဏ်သိ သိအောင် အားထုတ်လှည့်ပါ၊ ဝိပဿနာဂန္ဓာရုံရိပ်သာသစ်မှာ ဂန္ဓာရုံဆရာတော်က နာယကအဖြစ် ကြီးကြပ်ကွပ်ကဲလျက် ကမ္မဋ္ဌာနာစရိယဆရာတော် ဦးဣန္ဒာသိရီနဲ့ ဆိပ်ခွန်မှ ဆရာတော်တို့က ဉာဏ်သိ သိနိုင်အောင် ဉာဏ်တွေ့လုပ်ငန်းကို မဟာစည်ဆရာတော်၏ စက်တော်ကျအတိုင်း တိတိကျကျ ဖြောင့်ဖြောင့်တန်းတန်း ညွှန်ပြပေးနေပါတယ်။ မဟာစည်ဆရာတော်ရဲ့ သြဝါဒခံ ဒီဝိပဿနာဂန္ဓာရုံရိပ်သာသစ်မှာ အားထုတ်ယင်လဲ ဉာဏ်သိသိနိုင်ပါတယ်လို့ မိတ်ဆက်လိုက်ရပါတယ်။
ဤစာအုပ်တွင်
(၁) တကယ် ကိုယ်ချမ်းသာ စိတ်ချမ်းသာမှုရအောင် အားထုတ်ရမည့် နည်းမှန် လမ်းမှန်ကို မြတ်စွာဘုရားကိုယ်တော်တိုင် အာမခံ နည်းပေးခဲ့ပုံ။
(၂) မြတ်စွာဘုရား ပေးထားခဲ့တဲ့နည်းအတိုင်း မဟာစည်ဆရာတော်ကြီးက မြန်မာပြည်သူ ပြည်သား ကမ္ဘာသူ ကမ္ဘာသားတို့အား နည်းပေးထားပုံ။
(၃) မြတ်စွာဘုရား ကိုယ်တော်တိုင် တကယ်ကိုယ်ချမ်းသာ
စိတ်ချမ်းသာမှုရအောင် အားထုတ်ခဲ့ပုံ။
(၄) ဘုရားအလောင်းတော်၏
ဘုရားဖြစ်အောင် အားထုတ်နည်းနဲ့ သူသူငါငါ မဂ်ဖိုလ်နိဗ္ဗာန်
ရနိုင် မြင်နိုင်ရန်အားထုတ်နည်း (၂)ခု ထူးခြားကွဲလွဲမှု
ရှိ/မရှိ။
(၅) မဂ်ဖိုလ်နိဗ္ဗာန်
ရောက်ရပါလို၏ဟု ဆုတောင်းမှုဖြင့်
မဂ်ဖိုလ်နိဗ္ဗာန်
ရောက်/မရောက် (စသည်)။
အရှင်ဝိမလာဘိဝံသ
ပုခန်းကျောင်းတိုက်၊
ရွှေဘိုမြို့။