ဝိပဿနာအခြေခံတရားတော်

Author By - မဟာစည်ဆရာတော်ဘုရားကြီး

ဤစာအုပ်တွင် ဝိပဿနာဆိုင်ရာ သိသင့် သိထိုက်သော အခြေအမြစ်များနှင့် တကွ မဂ်ဖိုလ်နိဗ္ဗာန်အထိ ဉာဏ်အဆင့်ဆင့် တိုးတက်ဆိုက်ရောက်သွားပုံများကို အပြည့်အစုံဖေါ်ပြထား သည့်ပြင်

ဝိပဿနာအခြေခံတရားတော်

Published Date - 1961

Author By - မဟာစည်ဆရာတော်ဘုရားကြီး

259 စာမျက်နှာ


အခြေခံနိဒါန်း

ဤစာအုပ်

 

ဝိပဿနာအခြေခံတရားတော်စာအုပ် ထွက်ပေါ်လာခြင်း၏ အကြောင်းမှာ ... လွန်ခဲ့သော ၁၃၂၀-ပြည့်နှစ်သင်္ကြန် အခါတော်တွင်းက အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ရန်ကုန်မြို့ သာသနာ့ရိပ်သာ ဖလ်ယဉ်ဓမ္မာရုံတော်ကြီး၌ များစွာသော ရဟန်း ရှင် လူ ပရိသတ်တို့အား ဝိပဿနာအခြေခံ တရားတော်ဟူသော အမည်ဖြင့် ဤစာအုပ်ပါ ဝိပဿနာတရားကို ဟောကြားတော်မူခဲ့လေသည်။ ထိုစဉ်အခါက တရားတော်ကို နာယူမှတ်သားကြရသော ရဟန်း ရှင် လူအပေါင်း သူတော်ကောင်းတို့သည် နှစ်ထောင်းအားရ အလွန်ပင် သဘောကျ ကြလေသည်။ ထို့ပြင် ထိုအခါက တိပ်ရကော်ဒါ အသံဖမ်းစက်ဖြင့် ဖမ်းယူထားသော ထိုတရားတော်ကို နာကြားကြရသော သူတော်စင်အပေါင်းတို့သည်လည်း နှစ်ထောင်းအားရ အလားတူပင် သဘောကျကြလေသည်။ ထိုသို့ သဘောကျကြသောကြောင့် ထိုတရားတော်ကို စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေရန် ကမ္မဋ္ဌာနာစရိယ ဆရာတော်တို့အား လျှောက်ထား တောင်းပန်ကြ လေသည်။

ထိုသို့ လူရှင်အများ လျှောက်ထား တောင်းပန်သောကြောင့် ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီး၏ လက်ထောက် ကမ္မဋ္ဌာနာစရိယနာယကဆရာတော်တပါး ဖြစ်သော ဦးဝဏ္ဏိတ အရှင်သူမြတ်သည် ၁၃၂၂-ခုနှစ် ဝါတွင်း၌ တရားအားထုတ်၍ ပြီးဆုံးကြပြီးသော တပည့် ရဟန်းတော်များအား တိပ်ရကော်ဒါ အသံဖမ်းစက်မှ ထိုတရားကို ဖွင့်ထုတ်နာကြား ရေးသား ကူးယူစေခဲ့ပေသည်၊ ထိုစာမူကို ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးထံတင်ပြ၍ ပုံနှိပ်ရန် ခွင့်ပန်ကြလေသည်၊ ဆရာတော်ဘုရားကြီးက ကြည့်ရှုစစ်ဆေး၍ အခွင့်ပြုတော်မူသဖြင့် ၁၃၂၂-ခုနှစ် နတ္တော်လတွင်ကျင်းပမည့် (၁၁)ကြိမ်မြောက် သာသနာ့ရိပ်သာ နှစ်ပတ်လည် သြဝါဒခံယူ ပူဇော်ပွဲတွင် ဓမ္မဒါနအဖြစ်ဖြင့် ဝေငှပူဇော်နိုင်ရန် စီမံအားထုတ်ခဲ့ကြလေသည်။

သို့ရာတွင် ထိုစဉ်အခါက ပုံနှိပ်စက္ကူချောများ ရရန် မလွယ်ကူခြင်း၊ အချိန် အနည်းငယ် နှောင်းသွားခြင်း ဟူသော အကြောင်းများကြောင့် ဤတရားတော်သည် ပုံနှိပ်စာအုပ်အဖြစ်သို့ မရောက်နိုင်ဘဲ ဖိုင်တွဲမူချော အဖြစ်ဖြင့်သာ တည်လျက်ရှိခဲ့လေသည်။

ဆရာတော်ဘုရားကြီး၏ မွေးနေ့

ယခု တဖန် ပုံနှိပ်ဝေငှရန် အကြောင်းပေါ်လာပြန်သည်မှာ-ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး သည် ၁၂၆၆- ခုနှစ် ဒုတိယ ဝါဆိုလပြည့်ကျော် -ရက် (၂၉၊ ၇၊ ၁၉၀၄) သောကြာနေ့တွင် ဖွါးမြင်တော်မူခဲ့သောကြောင့် ထိုရက်ကို အမှတ်အသားပြု၍ ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ ဆရာတော်ဘုရားကြီးအတွက် မွေးနေ့မင်္ဂလာ ပူဇာဒါနသဘင်ကို နှစ်စဉ်နှစ်တိုင်းပင် တပည့်ဒါယကာ ဒါယိကာမ အပေါင်းတို့က အလိုအလျောက် ဖြစ်ပေါ်သော သဒ္ဓါဆန္ဒဖြင့် ကျင်းပဆင်ယင်မြဲ ဖြစ်ပေသည်။ သို့ဖြစ်၍ ယခုလာမည့် ၁၃၂၃-ခုနှစ် ဒုတိယ ဝါဆိုလပြည့်ကျော် -ရက်နေ့၌ ဆရာတော် ဘုရားကြီး၏ သက်တော် ၅၇-နှစ် ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ်ဖြင့် ကျင်းပမည်ဖြစ်သော အဆိုပါ မွေးနေ့မင်္ဂလာပွဲတွင် ဤဝိပဿနာအခြေခံတရားတော်ကို စာအုပ်အဖြစ်ဖြင့် ဝေငှပူဇော်နိုင်ရန် ရည်သန်မျှော်လင့်၍ တပည့် ဒါယကာ ဒါယိကာမ အပေါင်းတို့က ထပ်လောင်း ဆောင်ရွက်ကြပြန် သောကြောင့် အဆိုပါ ဝိပဿနာတရားတော်သည် စာအုပ်ကလေး အသွင်အားဖြင့် ထင်ရှား ထွက်ပေါ်လာခဲ့ပေသည်။

အရသာပေါ်အောင် ဖတ်နည်း

ဤစာအုပ်ကလေးမှာ ကျမ်းစာတခုအဖြစ်ဖြင့် တမင်္ဂလာ စီစဉ် ရေးသားထားအပ်သည် မဟုတ်ပေ၊ ဖေါ်ပြခဲ့သည့်အတိုင်း ပရိသတ်အများအား တထိုင်အတွင်း၌ပင် ဟောကြားထားသော တရားအစဉ်မျှသာ ဖြစ်ပေသည်။ သို့ဖြစ်၍ ဤစာအုပ်ကို ဖတ်ရှုသူတို့သည် ကျမ်းစာအုပ်အနေအားဖြင့် ဖတ်သွားလျှင် တရားအရသာ ပေါ်သင့်သလောက် ပေါ်မည် မဟုတ်ပေ၊ ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် ဟောပြောနေသည်ကို နာယူနေသကဲ့သို့ နှလုံးသွင်းလျက် ဖတ်ရှုသွားမှသာလျှင် တရားအရသာ အပြည့်အစုံ ပေါ်နိုင်မည် ဖြစ်ကြောင်း အထူး သတိပြုစေလိုပါသည်။

ငယ်သော်လည်း အနှစ်အပြည့်

ထိုပြင် ဤစာအုပ်တွင် ဝိပဿနာဆိုင်ရာ သိသင့် သိထိုက်သော အခြေအမြစ်များနှင့် တကွ မဂ်ဖိုလ်နိဗ္ဗာန်အထိ ဉာဏ်အဆင့်ဆင့် တိုးတက်ဆိုက်ရောက်သွားပုံများကို အပြည့်အစုံဖေါ်ပြထား သည့်ပြင် ဒါန သီလ ဆိုင်ရာ တရားများကိုလည်း အခွင့်သင့်သည်အားလျော်စွာ ဖေါ်ပြထားပေသေးသည်။ သို့ဖြစ်၍ ဤစာအုပ်မှာ ငယ်ပင် ငယ်သော်လည်း ဗုဒ္ဓဘာသာဝင်တိုင်း လိုက်နာ ကျင့်သုံးရမည့် ဒါန သီလ ဘာဝနာ အနှစ်သာရတို့နှင့် ပြည့်ဝနေကြောင်းကို ဖတ်ရှုသူတိုင်း တွေ့မြင်ကြပါလိမ့်မည်။ ထိုပြင် ဤစာအုပ်ပါ တရားတော်တွင် သီလ သမာဓိပညာတို့နှင့် စပ်၍ ညွှန်ပြခြင်း, အားပေးခြင်း, တိုက်တွန်းခြင်းများကို မိမိ၏ ကိုယ်တွေ့အနေအားဖြင့်၎င်း၊ တပည့်ယောဂီတို့၏ ကိုယ်တွေ့အနေအားဖြင့်၎င်း ရဲရင့် ခိုင်လုံစွာ ဖေါ်ပြထားသည့်ပြင်၊ သီလ သမာဓိ ပညာ တည်းဟုသော ဗုဒ္ဓသာသနာတော်၏ အနှောင့်အယှက် အန္တရာယ်များကိုလည်း အရာအားလျော်စွာ ပယ်ရှား ဖြေရှင်းထားသေးသောကြောင့် ဤစာအုပ်ငယ်သည် သူ့အင်အားအလျောက် အစွမ်းကုန် ချီးမြှောက်ကာ သာသနာ ပြုသွားမည့် စာအုပ်တခုဖြစ်ကြောင်းကိုလည်း သူတော်ကောင်း ပညာရှိတို့ မြင်သိတော်မူ ကြပါလိမ့်မည်။

အထူးသတိပြုဘွယ်

ဝိပဿနာ လုပ်ငန်းတရားကို ဟောလျှင် ဖြစ်စေ၊ ကျမ်းရေးလျှင် ဖြစ်စေ ထိုဆရာသည် မိမိ ဟောပြော ရေးသားသော ထိုဝိပဿနာလုပ်ငန်းကို ထိထိရောက်ရောက် အားထုတ်ဘူးသူ ဖြစ်ဘို့ ရှေးဦးစွာ အရေးတကြီး လိုပါသည်။ ထိုပြင် ထိုနည်းအရ အားထုတ်သူ တပည့်များစွာတို့ ပေါက်ရောက်အောင်မြင်၍ ထောက်ခံချက် များစွာ ရရှိထားသော နည်းဖြစ်ဘို့လည်း ဒုတိယ အရေးတကြီး လိုပါသည်။ ဤအရာ၌ မဇ္ဈိမပဏ္ဏာသ (၁၅၇) မဟာဝစ္ဆသုတ်မှ သာဓက တခုကို အကျဉ်းချုပ်ထုတ်ပြလိုပါသည်။

ထိုသုတ်တွင်၊ ပစ္ဆပရဗိုဇ်က မြတ်စွာဘုရားမှ တပါးတရားထူးကို ရသော အခြား ပုဂ္ဂိုလ်များ ရှိပါ၏လောဟု မေးလျှောက်သဖြင့် မြတ်စွာဘုရားက-

ရဟန္တာ ဖြစ်ကြသော ငါ၏ တပည့် ရဟန်းယောက်ျား, ရဟန်းမိန်းမတို့သည် တရာ နှစ်ရာ သုံး လေး ငါးရာမက များစွာပင် ရှိကြသည်၊ အနာဂါမ် သကဒါဂါမ် သောတာပန် ဖြစ်ကြသော ငါ၏ တပည့် လူ ဥပါသကာ, ဥပါသိကာမ တို့သည်လည်း တရာ နှစ်ရာ သုံး လေး ငါးရာမကများစွာပင် ရှိကြသည်ဟု ဖြေကြားတော်မူလေသည်။ ထိုစကားကိုကြားရ၍ ဝစ္ဆပရဗိုဇ်က-

အရှင်ဂေါတမ၊ အကယ်၍ အရှင်ဂေါတမ ဟောပြသော ဤတရားသည် အရှင်ဂေါတမ တပါးသာ ပြီးစီး ပေါက်ရောက်၍ အခြားသူတို့ မပေါက်ရောက်ခဲ့ပါလျှင်၊ အရှင်ဂေါတမ ဟောပြသော ဤအကျင့်မြတ်သည် မပြည့်စုံဘဲ ရှိရာပါသည်၊ ယခုမူကား ထိုသို့ မဟုတ်ပါဘဲ အရှင်ဂေါတမလည်း ပေါက်ရောက်ပေသည်၊ တပည့် ရဟန်းယောက်ျား, ရဟန်းမိန်းမ, လူ ဥပါသကာ, ဥပါသိကာမတို့လည်း ပေါက်ရောက်ကြ ပေသည်။ သို့ဖြစ်၍ အရှင်ဂေါတမ ဟောပြသော ဤအကျင့်မြတ်သည် ပြည့်စုံလှပါပေသည်ဟု ချီးကျူးလျှောက်ထားလေသည်။

ဝိပဿနာ အခြေခံ တရားတော်ကို ဖတ်ရှုသူတို့သည်လည်း ဤစာအုပ်တွင် ထိုသို့သော ချီးကျူးဘွယ် အချက်များကို နေရာပေါင်းများစွာ၌ တွေ့မြင်ကြရပါလိမ့်မည်၊ အောက်ပါစကားတရပ်မှာ ထိုသို့သော ချီးကျူးဘွယ်အချက် တခုဖြစ်ပေသည်။

ဘုန်းကြီးက မိမိ တဦးတည်း ထင်မြင် သဘောကျတာတွေကို လျှောက် ဟောနေတာ မဟုတ်ပါဘူး၊ တပည့်ယောဂီ လေး ငါး ဆယ်ယောက်လောက် တွေ့မြင်ရုံနဲ့လဲ ဟောနေတာ မဟုတ်ပါဘူး၊ ယောဂီတွေ ရာပေါင်း များစွာ ဒီအတိုင်း တွေ့မြင်နေပြီ၊ ယခုလဲ တချို့က တွေ့မြင်နေဆဲ ဖြစ်နေကြတယ်။ ဒါကြောင့် ဟောနေတာပါ” (ဤစာအုပ် နံပါတ် ၁၂၂၊ စာကြောင်း ၁၉) 

ပညာရှိများသို့

ကျေးဇူးရှင် မဟာစည် ဆရာတော် ဘုရားကြီးသည် ဘုရားဟော ပါဠိတော်ကို အထူးသဖြင့် ရိုသေ လေးစားလျက် အနက်အဓိပ္ပါယ်ကို ယူဆ ဟောပြောလေ့ရှိပါသည်။ ထို့ကြောင့် ပါဠိတစုံတခု၌ တိုက်ရိုက် ဖြောင့်ဖြောင့်ရနေသော အနက်သည် အခြားပါဠိတော်များနှင့် ဆန့်ကျင်ခြင်းမရှိဘဲ ညီညွတ်နေလျှင် ထိုအနက်ကိုပင် ရိုသေ လေးစားသောအားဖြင့် အတိအကျယူဆ ဟောပြော ရေးသားတော်မူပေသည်။ အဘယ့်ကြောင့်နည်းဟူမူ-

သုတ္တံ အပ္ပဋိဗာဟိယံ၊ တံ ပဋိဗာဟန္တေန ဗုဒ္ဓေါဝ ပဋိဗာဟိတော ဟောတိ-ပိဋကသုံးပုံပါဠိတော်ဟူသော သုတ်ကို မမြစ်ပယ်အပ်၊ ၎င်းပါဠိတော်သုတ်ကို မြစ်ပယ်လျှင် မြတ်စွာဘုရားကိုပင် မြစ်ပယ်ရာ ရောက်လေတော့၏” (ဒီဋ္ဌ -၁၅၈)

ဟူသော အဋ္ဌကထာ သြဝါဒနှင့်အညီ အခြားပါဠိတော်များနှင့်လည်း မဆန့်ကျင်, အပြစ်လည်း မရှိ, သင့်လည်း သင့်လျော်သော ပါဠိ၏ အနက်ကို လျှော့၍ ဖြစ်စေ၊ တမျိုး ပြင်၍ ဖြစ်စေ ယူလျှင် မြတ်စွာဘုရားကို မြစ်ပယ်ရာ ရောက်မည် စိုးရိမ်သောကြောင့်ဟူ၏။

သို့ဖြစ်၍ ဝိပဿနာအခြေခံတရားတော်၌ ဖြစ်စေ၊ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရား ရေးသား ဟောပြောထားသော အခြားစာအုပ် စာတမ်းများ၌ ဖြစ်စေ ပါဠိအနက်တစုံတရာတွင် မိမိတို့ ဉာဏ် မသက်ဝင်နိုင်လျှင် အခြားပါဠိတော်များနှင့် နှီးနှော၍ ယူသင့်ပါကြောင်း သူတော်ကောင်းပညာရှိတို့အား အြွမက်အားဖြင့် ညွှန်ကြားလိုပါသည်။

နိဂုံးချုပ်

နိဂုံးချုပ် အနေအားဖြင့် ဤဝိပဿနာ အခြေခံတရားတော်မှာ လက်တွေ့အဖြစ်ဖြင့် ဟောထားသော တရားတော် ဖြစ်သောကြောင့် ဤတရားတော်ကို စာတွေ့မျှဖြင့် မဝေဘန် မဆုံးဖြတ်ဘဲ လက်တွေ့ ကျင့်သုံးကာ ဝေဘန်သုံးသပ် ဆုံးဖြတ်နိုင်ကြပါစေ ဟူသော ဆုတောင်း ပတ္ထနာ မင်္ဂလာစကားဖြင့် ဤအခြေခံနိဒါန်းကို အပြီးသတ် အပ်ပါသတည်း။

 

၁၃၂၃-ခုနှစ် အရှင်ပညာဇောတ

နယုန်လဆန်း ၁၂-ရက်။ (နာယကဆရာတော်)

သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်ကျောင်းတိုက်။

ပဲခူးမြို့။