ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး (ပထမတွဲ)
Author By - မဟာစည်ဆရာတော်ဘုရားကြီး
ပဋိစ္စသမုပ္ပါဒ်တရားတော်သည် ဗုဒ္ဓသာသနာတော်၌ အရေးကြီးသော အပိုင်းကဏ္ဍ တခုအဖြစ်ဖြင့် ပါဝင်လျက်ရှိပေ၏၊ အဘယ့်ကြောင့်ဆိုသော် ...
ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး (ပထမတွဲ)
Published Date - 1968
Author By - မဟာစည်ဆရာတော်ဘုရားကြီး
434 စာမျက်နှာ
နိဒါန်း
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဗုဒ္ဓသာသနာဝင် အစစ်
ပဋိစ္စသမုပ္ပါဒ်တရားတော်ဟုဆိုလျှင် အခြားဘာသာ သာသနာတို့နှင့်လုံးဝ မသက်ဆိုင်ကြောင်း, ဗုဒ္ဓသာသနာတော်နှင့်သာလျှင် သက်ဆိုင်၍ ဗုဒ္ဓသာသနာတော်တွင်း တရားသာလျှင် ဖြစ်ကြောင်း, မူလပဘဝအားဖြင့် ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တော်တိုင် ဟောတော်မူခဲ့သော တရားတော် ဖြစ်ကြောင်များ ထင်ရှားဖော်ပြလျက် ရှိပေသည်၊ ယင်း ပဋိစ္စသမုပ္ပါဒ်တရားတော်သည် ဗုဒ္ဓသာသနာတော်၌ အရေးကြီးသော အပိုင်းကဏ္ဍ တခုအဖြစ်ဖြင့် ပါဝင်လျက်ရှိပေ၏၊ အဘယ့်ကြောင့်ဆိုသော် ဝိပဿနာယောဂီပုဂ္ဂိုလ်တို့သည် ပစ္စယပရိဂ္ဂဟဉာဏ်အဆင့်သို့ ရောက်သောအခါ ယင်းပဋိစ္စသမုပ္ပါဒ် တရားကို အကျဉ်းအားဖြင့်ဖြစ်စေ, အကျယ်အားဖြင့်ဖြစ်စေ ထိုက်သည်အားလျော်စွာ မုချသိအပ်သောကြောင့်ပင် ဖြစ်ပေသည်၊ ထို့ကြောင့်ပင် ဗုဒ္ဓမြတ်စွာဘုရားသည် ဤပဋိစ္စသမုပ္ပါဒ် တရားတော်ကို အကြိမ်တရာမက များစွာပင် ဟောကြားတော်မူခဲ့ပေသည်။
ဤတရားကို သိလျှင် ရမည့် အကျိုးများ
ပဋိစ္စသမုပ္ပါဒ်ကိုသိလျှင် “ကိုယ့်ချမ်းသာ ဆင်းရဲကို ကိုယ်တိုင်ပြုသည်, သူတပါးကပြုသည်” စသည်ဖြင့် ယူမှားသော ဒိဋ္ဌိကင်းကြောင်းကိုလည်းကောင်း (နိဒါနဝဂ္ဂသံယုတ် အစေလ ကဿပသုတ် စသည်)၊ သမ္မာဒိဋ္ဌိ-အယူမှန်ရှိသူ ဖြစ်ကြောင်းကို လည်းကောင်း (၎င်း ကစ္စာနဂေါတ္တသုတ်)၊ သမဏ-ကိလေသာငြိမ်းသော ရဟန်းအစစ်ဖြစ်ကြောင်း, ဗြာဟ္မဏ-မကောင်းမှုကို ပယ်ထုတ်ပြီးသော သူမြတ်အစစ် ဖြစ်ကြောင်းကိုလည်းကောင်း (၎င်း-သမဏ ဗြာဟ္မဏသုတ်)၊ သေက္ခဉာဏ်နှင့်ပြည့်စုံသူ တရားအလျဉ်သို့ရောက်သူ အမြိုက်နိဗ္ဗာန်တံခါးဝသို့ရောက်သူ မည်ကြောင်းကိုလည်းကောင်း (၎င်း-ပစ္စယသုတ်) ဤသို့စသည် ပဋိစ္စသမုပ္ပါဒ် သိခြင်း၏ အကျိုးများကို ဗုဒ္ဓမြတ်စွာဘုရား ဟောကြား ဖော်ပြတော်မူခဲ့ပေသည်။
ခက်ခဲ၍ ဖွင့်ပြတော်မူကြသည်
သို့သော် ယင်း ပဋိစ္စသမုပ္ပါဒ်တရားတော်သည် သိလွယ်သော တရားကား မဟုတ်ပေ၊ အလွန်နက်နဲ၍ သိနိုင်ခဲသော တရားသာ ဖြစ်ပေသည်၊ ထို့ကြောင့်ပင် ဒီဃနိကာယ် မဟာဝဂ် မဟာနိဒါနသုတ်၌ ပဋိစ္စသပ္ပါဒ်တရားသည် နက်နဲ၍ နက်နဲယောင် ထင်ကြောင်း, ယင်း ပဋိစ္စသမုပ္ပါဒ်တရားကို မသိရခြင်းကြောင့် သတ္တဝါအပေါင်းသည် သံသရာကို မကျော်လွန်နိုင်ပဲ ဆင်းရဲဒုက္ခ ရောက်နေကြရ ကြောင်းများကို ဟောကြားတော်မူခဲ့ပေသည်၊ ယင်းသို့ နက်နဲ၍ အသိခက်သောကြောင့်ပင် ရှေးရှေးသော ဆရာမြတ်တို့သည် ဤပဋိစ္စသမုပ္ပါဒ်တရားကို မိမိတို့ ဉာဏ်စွမ်းရှိသမျှ ခေတ်ကာလအားလျော်စွာ ဖွင့်ပြဟောကြား ရေးသားတော် မူခဲ့ကြပေသည်။
သို့သော် သမုဒ္ဒရာရေသည် မည်ရွေ့မည်မျှပင် ခပ်ယူသော်လည်း မကုန်နိုင်သကဲ့သို့ ယင်း ပဋိစ္စသမုပ္ပါဒ် တရားတော်သည်လည်း ဖွင့်ပြ၍ကား မကုန်နိုင်ပေ၊ အကျယ်ဖွင့်ပြ ဟောကြား ရေးသား ထုတ်ဖော်ရန် လိုလျက်သာ ရှိချေသည်။
၁၁ - သီတင်းတိတိ အကျယ်ဟောတော်မူခဲ့သည်
ထို့ကြောင့် ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးသည်လည်း ဤပဋိစ္စသမုပ္ပါဒ်တရားတော်ကို ရန်ကုန်မြို့၊ သာသနာ့ရိပ်သာ ဖလ်ယဉ်ဓမ္မာရုံကြီး၌ များစွာသော ရဟန်း ရှင် လူ ပရိသတ်တို့အား ၁၃၂၄-ခု နယုန်လပြည့်ကျော် ၈-ရက်နေ့မှစ၍ ၁၁-သီတင်းတိုင်တိုင် စိတ်ပါဝင်စားသူတိုင်း သိနားလည်နိုင် လောက်အောင် အကျယ်ဖွင့်ပြလျက် ဟောကြားတော်မူခဲ့ပေသည်၊ ထိုသို့ ဟောကြားစဉ်ကာလက (ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် အကျိုးတော်ဆောင်) ဦးသိန်းအောင်နှင့် (ဒုတိယတရားမ တရားသူကြီး) ဦးသိန်းဟန်တို့က ထပ်ကာထပ်ကာ နာယူနိုင်ရန် ရည်သန်မျှော်လင့်လျက် တိတ်ရီကော်ဒါခေါ် အသံဖမ်းစက်များဖြင့် တရားသံကို ဖမ်းယူထားခဲ့ကြပေသည်၊ ယင်းတရားသံကို (ဟိုစဉ်အခါက ရန်ကုန်မြို့၊ သာသနာ့ရိပ်သာ၌နည်းပြ ကမ္မဋ္ဌာနာစရိယအဖြစ်ဖြင့် ဆောင်ရွက်လျက်ရှိသော) အရှင်ဝဏ္ဏိတမထေရ် (ယခု ဖျာပုံ သာသနာ့ရိပ်သာ ဆရာတော်)က တပည့်ရဟန်းတော်များ၏ အကူအညီဖြင့် တိတ်ခွေမှထုတ်ယူကာ လက်ရေး စာမူကြမ်းအဖြစ်သို့ ရောက်စေခဲ့ပေသည်၊ တဖန် ထိုလက်ရေး စာမူကြမ်းကို (ဒုတိယ တရားမ တရားသူကြီး) ဦးသိန်းဟန်က တိုက်ပရိုက် စာမူကြမ်းအဖြစ်သို့ ရောက်စေခဲ့ပေသည်။
ဗုဒ္ဓ ဓမ္မ လောက စာစောင်၌ တင်ပြခြင်း
ထိုသို့ တိုက်ပရိုက် စာမူကြမ်းဖြစ်ပြီးသောအခါ၌ ဗုဒ္ဓ ဓမ္မ လောက စာစောင် အယ်ဒီတာ ဦးအောင်မြင့်က ဗုဒ္ဓ ဓမ္မ လောကစာစောင်၌ ယင်း ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို တင်ပြလိုကြောင်း ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးထံ၌ ခွင့်ပန်လျှောက်ထားခဲ့လေသည်၊ ထိုလျှောက်ထားချက်အရ စာမူချောအဖြစ်သို့ ရောက်အောင် သုတ်သင် ပြင်ဆင်ရန်အတွက် (ဗုဒ္ဓသာသနာနုဂ္ဂဟ
အဖွဲ့ချုပ် အကျိုးတော်ဆောင်) ဦးသိန်းအောင်က ကမ္မဋ္ဌာနာစရိယ အရှင်ဝဏ္ဏိတထံမှ
တိုက်ပရိုက်မူကြမ်း
ပဋိစ္စသမုပ္ပါဒ်တရားတော် စာအုပ်ကြီးကို တောင်းယူခဲ့ကာ ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီး လက်သို့ ဆက်ကပ်လိုက်ပေသည်၊ ဆရာတော်ဘုရားကြီးက ထိုစာမူကြမ်းကို စာမူချောအဖြစ်သို့ ရောက်အောင် သုတ်သင် ပြင်ဆင်ပေးသဖြင့် ဗုဒ္ဓဓမ္မ လောကစာစောင်၌ တပိုင်းချင်း တပိုင်းချင်း တင်ပြခဲ့ရာ စာရှုသူ အပေါင်းတို့မှာ အလွန် နှစ်သက်ကြလျက် စာအုပ်အဖြစ်ဖြင့် တပေါင်းတည်း အပြည့်အစုံကြည့်ရှုလိုသော စိတ်ဆန္ဒပြင်းပြစွာ ဖြစ်ပေါ်ခဲ့ကြလေသည်၊ အချို့က စာအုပ်ပုံနှိပ်ပြီး ရှိလိမ့်မည် အထင်နှင့်စာအုပ်တင်ပို့ရန် အမှာစာများဖြင့် တောင်းဆိုကြလေသည်၊ အချို့ကလည်း စာအုပ်အဖြစ်ဖြင့် ပုံနှိပ်ဖြန့်ဝေရန် တောင်းပန်ကြလေသည်။
ပုံနှိပ်စာအုပ်အဖြစ်သို့ ရောက်ခြင်း
သို့ဖြစ်သောကြောင့် (ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် အကျိုးတော်ဆောင်) ဦးသိန်းအောင်က အဆိုပါ ပဋိစ္စသမုပ္ပါဒ် တရားတော်ကို စာအုပ်အဖြစ်ဖြင့် ပုံနှိပ်ဖြန့်ဝေခွင့်ပြုပါရန် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးအား တောင်းပန်လျှောက်ထားလေသည်၊ ထိုလျှောက်ထား တောင်းပန်ချက်အရ ဆရာတော်ဘုရားကြီးထံမှ သဘောတူ ခွင့်ပြုချက်ရသဖြင့် ဓမ္မဒေသနာဖြန့်ချီရေး စာပေတိုက်မှ “ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး”ဟူသော အမည်ဖြင့် ပုံနှိပ်ဖြန့်ဝေလိုက်ပေသည်။
ဤတရားတော်ကြီး၏ ထူးခြားချက်များ
ဤ ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး၏ ထူးခြားချက်များမှာ-
(၁) ယေဘုယျအားဖြင့် နားလည်လွယ်သော အရပ်သုံး မြန်မာစကား ရိုးရိုးဖြင့်ဟောထားခြင်း။
(၂) အတိုချုပ် ဆောင်မှတ်ထားနိုင်ရန် လင်္ကာစကားပြေ ဆောင်ပုဒ်များဖြင့် ဟောထားခြင်း။
(၃) သာဓကဝတ္ထုများကိုလည်း အရာအားလျော်စွာ ဆောင်ပြထားခြင်း။
(၄) လေးနက်ခိုင်မာသော
အသင့်ယုတ္တိနှင့်
တိကျသော အကြောင်းပြချက်အမျိုးမျိုး,
ပေါ်လွင်ထင်ရှား
သော ဥပမာ စသည်တို့ဖြင့် တန်ဆာဆင်၍ ဟောထားခြင်း။
(၅) ပါဠိကို မြန်မာပြန်ရာ၌ သိလွယ်သော ဝေါဟာရတို့ဖြင့်
ပြန်ဆို၍ ဟောထားခြင်း။
(၆) စာတွေ့မျှမဟုတ်ပဲ
ကိုယ်တွေ့ဖြင့် နှိုင်းချိန်နိုင်အောင် ဖေါ်ပြလျက် ဟောထားခြင်း။
(၇) သုတမယ, စိန္တာမယဖြင့်သာ
မဟုတ်ပဲ ဘာဝနာမယဖြင့်လည်း
သိနားလည်နိုင်အောင်
ဟောထားခြင်း စသည်တို့ ဖြစ်ပေသည်။
အထက်ပါ ထူးခြားချက်တို့တွင် အမှတ်-၁-၂-၃-၄-ထူးခြားချက်များမှာ အလွန်ထင်ရှားပါသည်၊
ဤစာအုပ်ကို ဖတ်
သွားယင်းပင် ၎င်းတို့ကို သဘောပေါက်သွားနိုင်ပါသည်၊ အမှတ်-၅-၆-၇ ထူးခြားချက်တို့နှင့်စပ်၍မူ ဤနိဒါန်းကပင် အနည်းငယ် အရိပ်အမြွက်မျှ ဖော်ပြလိုပါသည်။
သိလွယ်သောဝေါဟာရဖြင့် ပြန်ဆိုခြင်း
ထိုတွင် အမှတ် ၅-အရ အနည်းငယ် ဖော်ပြရလျှင် အပ္ပဋိပတ္တိ အဝိဇ္ဇာနှင့် မိစ္ဆာပဋိပတ္တိ အဝိဇ္ဇာတို့ကို- “အမှန်မသွား၊ အမှားမြင်ကာ၊ အဝိဇ္ဇာကြောင့်”ဟု (နှာ ၂၃-၃၀စသည်) ပေါ်လွင်ထင်ရှားသော ဝေါဟာရစကားဖြင့် ပြန်ဆိုဖော်ပြထားသည်၊ ယင်းမူလဆောင်ပုဒ်၏ အကျယ်ပြ ဆောင်ပုဒ်တို့၌လည်း “မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ဒွါရ ၆-ပါးက ထင်ပေါ်လာသမျှ ဆင်းရဲတွေကို ဆင်းရဲဟု မထင်မသိတာက အဝိဇ္ဇာ၊ ထိုဆင်းရဲတရားတွေကိုပင် ချမ်းသာဟု ထင်တာကလဲ အဝိဇ္ဇာ”ဟု (နှာ ၂၉)-
ဤသို့စသည်ဖြင့် လူတိုင်းပင်သဘောပေါက် သိနားလည်နိုင်လောက်အောင် သရုပ်ဖော်လျက် ပြဆိုထားပေသည်။
ထို့ပြင် အဝိဇ္ဇာကြောင့် သင်္ခါရတို့ ဖြစ်ကြသည်ဟူရာ၌ အဝိဇ္ဇာနှင့်သင်္ခါရတို့ မည်သို့ဆက်သွယ်သည် ဟူသောအချက်ကိုလည်း ပေါ်လွင်စေရန်-
“အဝိဇ္ဇာကြောင့်၊
ချမ်းသာလိမ့်နိုး၊
ရည်မျှော်ကိုးလျက်၊
သုံးမျိုးမှုကံ၊
ပြုစီမံ၍”ဟု (နှာ ၃၀-စသည်) ချမ်းသာလိမ့်မည်ထင်သော ရည်မျှော်ချက်ဖြင့် ဆက်စပ်ကြောင်းကို ဖြည့်စွက်လျက် ပြဆိုထားပေသည်။
ထို့ပြင် သင်္ခါရာ-ပုဒ်ကိုလည်း “သုံးမျိုးမှုကံ၊
ပြုစီမံ၍”ဟု ပေါ်လွင်သော ဝေါဟာရဖြင့် ပြန်ဆိုထား ပေသည်။
ထို့ပြင် အကုသလဝိပါကစက္ခုဝိညာဏံ-ပုဒ်ကို “မကောင်းတာကို မြင်ရတဲ့စိတ်”ဟူ၍လည်းကောင်း (နှာ-၇၆)၊
ကုသလ ဝိပါကစက္ခုဝိညာဏံ-ပုဒ်ကို “ကောင်းတာမြင်တဲ့စိတ်” ဟူ၍လည်းကောင်း (နှာ-၇၇) ဤသို့စသည်ဖြင့် လူတိုင်းသိလွယ်အောင်
ပြန်ဆိုထားပေသည်။
ဤပုံဤနည်းအတိုင်း သိလွယ်သော ဝေါဟာရတို့ဖြင့် ပြန်ဆိုထားသည်ကို ဤပဋိစ္စသမုပ္ပါဒ် တရားတော်ကြီး စာအုပ်ဝယ် နေရာပေါင်းများစွာတို့၌ တွေ့ရပါလိမ့်မည်။
ကိုယ်တွေ့ဖြင့် နှိုင်းချိန်နိုင်အောင် ပြခြင်း
အမှတ် (၆) အရ ထူးခြားချက်အနည်းငယ်ကို ဖော်ပြရလျှင် သင်္ခါရကြောင့် ဝိညာဏ်ဖြစ်သည် ဟူရာ၌ ဘဝသစ် ပဋိသန္ဓေဝိညာဏ်ဖြစ်ပုံကို ယောဂီတို့၏ ကိုယ်တွေ့ဉာဏ်ဖြင့် နှိုင်းချိန်နိုင်အောင် ရှင်းလင်းပြဆိုထားသည်မှာ အလွန်ပင် စိတ်ဝင်စားဖွယ် ကောင်းလှပါသည်၊ ပြဆိုပုံကတော့-သင်္ခါရကြောင့် ဘဝသစ် ပဋိသန္ဓေဝိညာဏ် ဖြစ်တယ်ဆိုတာဟာ အသိခက်ကြောင်း, သိဖို့လဲ အလွန်အရေးကြီးကြောင်း, အဲဒီအချက်ကိုမသိလျှင် မိစ္ဆာဒိဋ္ဌိဖြစ်စရာ အကွက်ကြီးတခု ဖြစ်သည်ဟု လယ်တီဆရာတော်ဘုရားကြီးက မိန့်မှာသွားကြောင်း, ထိုသို့ မိန့်မှာသည့်အတိုင်းပင် ယင်းအချက်နှင့် စပ်လျဉ်း၍ သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ ဖြစ်တတ်ကြောင်း, ကိုယ်ပိုင် ဆင်ခြင်ဉာဏ်ကိုသာ အားကိုးပြီး ကိုယ်တွေ့အထောက်အထားလောက်နဲ့သာ ကြံကြည့်လျှင် စာတတ်ပုဂ္ဂိုလ်တွေမှာလဲ ဒီအချက်ကို သဘောပေါက်ဖို့ ခက်နေတတ်ကြောင်း, ရုပ်ဝါဒသမားတို့၏ အတွေးအခေါ်တွေကို လေ့လာမိလျှင် ၎င်းတို့၏ တပည့်ဖြစ်သွားတတ်ကြောင်း စသည်ဖြင့် (နှာ ၇၈၊ ၇၉) ဝေဖန်ဖော်ပြပြီးလျှင် သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ်ရောက်နေတဲ့ယောဂီကစုတိနဲ့ ပဋိသန္ဓေဖြစ်ပုံကို ဒီလိုသိတယ်၊ “လောကမှာ သေတယ်ဆိုတာလဲ ရှုမှတ်ရတဲ့ စိတ်ကလေး ပျောက်သွားတာမျိုးပဲ၊ ယခု ရှုမှတ်နေယင်း ပျောက်ပျောက်သွားတဲ့ စိတ်ကလေးလိုပင် နောက်ဆုံး စိတ်ကလေး ပျောက်သွားတာဖြစ်မှာပဲ၊ ဘဝသစ်ဖြစ်တယ် ဆိုတာလဲ ယခုမှတ်သိရတဲ့ စိတ်ကလေးတွေ အသစ်အသစ်ဖြစ်ပေါ်လာတာမျိုး ဖြစ်မှာပဲ၊ သေတာလဲ နောက်ဆုံးစိတ် တစိတ်ပဲ၊ ဘဝသစ်ဖြစ်တာလဲ အစဆုံးစိတ် တစိတ်မျှပဲလို့ ဒီလို သဘောပေါက်ပြီး သိသွားပါတယ်”ဟု ပြဆိုထားပေသည်။ (နှာ ၈၀)။
ထို့ပြင် စိတ်ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပေါ်သည်ဟု ဆိုရာ၌ “ယခု စဉ်းစားကြည့်ပါ၊
မြင်တယ်ဆိုယင် မြင်ရတဲ့အာရုံကို
ကောင်းတဲ့အနေ မကောင်းတဲ့အနေအားဖြင့် ခံစားမှုလဲ ပါဝင်နေပါတယ်၊ အဲဒါဟာ ဝေဒနာပဲ၊ မြင်ရတဲ့အာရုံကို မှတ်သားတဲ့သဘောလဲ ပါဝင်နေတာပဲ” စသည်ဖြင့် (နှာ-၁၃၆) စိတ်ဝိညာဏ်ကြောင့် ဝေဒနာ သညာစသော နာမ်ဖြစ်ပုံကို ကိုယ်တွေ့ ဉာဏ်တွေ့ ရောက်အောင် ဟောထားပေသည်၊ ထို့ပြင် “လက်ခြေကို ကွေးချင်တဲ့စိတ်ဖြစ်ယင် ကွေးတဲ့ရုပ် ဖြစ်လာတယ်၊ ဆန့်ချင်တဲ့စိတ်ဖြစ်ယင် ဆန့်တဲ့ရုပ် ဖြစ်လာတယ်” စသည်ဖြင့် (နှာ-၁၃၈) စိတ်ဝိညာဏ်ကြောင့် ရုပ်ဖြစ်ပုံကိုလည်း ကိုယ်တွေ့ ဉာဏ်တွေ့ ရောက်အောင် ဟောထားပေသည်၊ ယင်းသို့ စိတ္တဇရုပ်ကို သိခြင်းဖြင့် ပဋိသန္ဓေ ကာလကလည်း စိတ်ဝိညာဏ်ကြောင့် ရုပ်ဖြစ်ခဲ့သည်ကို မှန်းဆ၍ သိနိုင်ကြောင်း အဋ္ဌကထာနှင့်အညီလည်း ပြဆိုထားပေသည် (နှာ-၁၂၉၊ ၁၃၀)၊
ဤသို့စသည်ဖြင့် ကိုယ်တွေ့ဖြင့် နှိုင်းချိန်နိုင်အောင် ပြဆိုထားချက်တို့ကိုလည်း ဤပဋိစ္စသမုပ္ပါဒ် တရားတော်ကြီး စာအုပ်ဝယ် နေရာပေါင်းများစွာတို့၌ တွေ့ရပါလိမ့်မည်။
ဘာဝနာမယဉာဏ်ဖြင့်လည်း သိနားလည်စေခြင်း
အမှတ် (၇)အရ ထူးခြားချက်ကို အမြွက်မျှ ဖော်ပြရလျှင် အတက္ကာဝစရော-မဂ်ဖိုလ်နိဗ္ဗာန်ကို ကြံဆရုံမျှဖြင့် မရောက်နိုင်ဘူးလို့ဆိုရာမှာ ကြံဆရုံမျှဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကို သိဖို့ဆိုတာမပြောနဲ့ ဝိပဿနာအသိမျိုးတောင် မဖြစ်နိုင်ကြောင်း, ဝိပဿနာထဲမှာ အောက်ထစ်ဆုံးဖြစ်တဲ့ နာမရူပ ပရိစ္ဆေဒဉာဏ်တောင် မဖြစ်နိုင်ကြောင်းများကို ပြဆိုပြီးလျှင် သတိပဋ္ဌာန်ဒေသနာနည်း အရ ဖြစ်ခိုက်ရုပ်နာမ်ကို မပြတ်လိုက်ပြီးမှတ်နေမှ သမာဓိဉာဏ် အားပြည့်တဲ့အခါ နာမ်နဲ့ရုပ်ကို ပိုင်းခြားသိတဲ့ နာမရူပပရိစ္ဆေဒဉာဏ်စသော ဝိပဿနာဉာဏ်များဖြစ်ပုံကို ပြဆိုထားသည်မှာ အထူးမှတ်သားဖွယ် ကောင်းလှပါပေသည် (နှာ-၉)။
ထို့ပြင် သစ္စာလေးပါးကို မသိတာက အဝိဇ္ဇာ-စသည်ဖြင့် သုတမယ, စိန္တာမယဉာဏ်ဖြစ်အောင် ပါဠိအဋ္ဌကထာတို့နှင့်တကွ ပြဆိုသည့်ပြင် “မရှုမမှတ်တဲ့အတွက်
အဝိဇ္ဇာက သိရိုးသိစဉ်အတိုင်း
ဒါက လူပဲ ယောက်ျားပဲ မိန်းမပဲ လက်ပဲ ခြေပဲ မျက်နှာပဲစသည်ဖြင့်
အလွဲတွေသိနေတာကို (အဝိဇ္ဇာက) ဖုံးတယ်လို့ ဆိုပါတယ်”စသည်ဖြင့် ဘာဝနာမယဉာဏ် မရှိသောသူမှာ အဝိဇ္ဇာဖြစ်ပုံကိုလည်း ဖော်ပြထားပေသည် (နှာ-၂၇)၊ ထို့ပြင် “ဖောင်းတယ် ပိန်တယ် စသည်ဖြင့်မှတ်နေယင်း
ကိုယ်ထဲမှာ တနေရာရာက ယားတာပေါ်ယင် အဲဒီယားတဲ့ သဘောကလေးကို ယားတယ် ယားတယ်လို့ သူ့အလိုလိုပဲ သိလျက် သိလျက်ဖြစ်နေတယ်၊
ယားတဲ့နေရာက လက် ခြေ ခေါင်း ကိုယ်ရယ်လို့ ပကတိသိနေကျ ပုံသဏ္ဌာန်နိမိတ်တွေလဲ မပေါ်လာဘူး၊ ငါယားတယ်လို့လဲနှလုံးမသွင်းမိဘူး၊ ယားတဲ့ အခံခက်တဲ့ သဘောကလေးတွေသာ ဆက်ကာ ဆက်ကာပေါ်နေတယ်၊ အဲဒါကလေးလဲ တည်မြဲနေတာရယ်လို့ မရှိဘူး၊ မှတ်ယင်း မှတ်ယင်းပျောက်ပျောက် သွားတာကိုသာ တွေ့ရတယ်၊ ဒါကြောင့် မမြဲတဲ့ တရားတွေပဲ ဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့ တွေ့ပြီးထင်ရှားသိရတယ်” စသည်ဖြင့် ဘာဝနာမယဉာဏ်ကြောင့် အဝိဇ္ဇာကင်းပုံကိုလည်း ဖော်ပြထားပေသည် (နှာ-၂၈-၂၉)။
ဤနည်းဖြင့် ဘာဝနာမယဉာဏ် ဖြစ်သင့်ရာဟူသမျှ၌ သုတမယ, စိန္တာမယမျှသာ မဟုတ်ပဲ ဘာဝနာမယဉာဏ်ဖြစ်ပုံ, ဘာဝနာဉာဏ်ဖြင့် သိပုံများကိုလည်း ဖော်ပြထားသည်ကို တွေ့ရပါလိမ့်မည်။
ကြည့်ရှုလေ့လာခြင်း၏ အကျိုး
ထို့ကြောင့် ဤ ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီးကို ကြည့်ရှုလေ့လာလျှင် ပဋိစ္စသမုပ္ပါဒ် သဘောသဘာဝ တို့ကို ပါဠိ အဋ္ဌကထာ ဋီကာတို့၌ ပြဆိုထားသည့်အတိုင်း ကောင်းစွာသိနားလည်၍ သုတမယဉာဏ်လည်း ဖြစ်ပွါးမည်၊ စိန္တာမယဉာဏ်လည်းဖြစ်ပွါးမည်၊ ယင်းဉာဏ် ၂-ပါးကို အခြေခြုံပ၍ ဖြစ်ခိုက်ရုပ်နာမ်ကို ရှုမှတ်ပွါးများလျှင် ဘာဝနာမယဉာဏ်လည်း ဖြစ်ပွါးမည်မှာ ယုံမှားဖွယ်မရှိဖြစ်ပေသည်၊ ဘာဝနာမယ ဝိပဿနာဉာဏ် ရင့်သန်ပြည့်စုံသောအခါ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုရမည်မှာ မုချဧကန် အမှန်မလွဲပင်ဖြစ်ပါတော့သည်။
နိဂုံးချုပ်
သို့ဖြစ်၍ သပ္ပုရိသအပေါင်း သူတော်ကောင်းတို့သည် ဤ ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီးစာအုပ်ကို စေ့စေ့စပ်စပ် သေသေချာချာ ကြည့်ရှုလေ့လာသောအားဖြင့် အလွန်နက်နဲသော ပဋိစ္စသမုပ္ပါဒ်တရားနှင့် စပ်လျဉ်း၍ သုတမယဉာဏ်ကိုလည်း ပွါးနိုင်ကြပါစေ၊ လေးလေးနက်နက် စဉ်းစားဆင်ခြင်သောအားဖြင့် စိန္တာမယဉာဏ်ကိုလည်း ပွါးနိုင်ကြပါစေ၊ အကြောင်းအကျိုးဆက်စပ်လျက် မပြတ်ဖြစ်နေသော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ရှုမှတ်သောအားဖြင့် ဘာဝနာမယဝိပဿနာဉာဏ် ကိုလည်း အပြည့်အစုံဖြစ်ပွါးစေကာ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် အဝိဇ္ဇာသင်္ခါရစသော ပဋိစ္စသမုပ္ပါဒ် တရားတို့၏ လုံးဝချုပ်ငြိမ်းရာ နိဗ္ဗာန်ချမ်းသာကို လျင်မြန်စွာ မျက်မှောက်ပြုနိုင်ကြပါစေသော်။
၁၃၂၉-ခု အရှင်ပဏ္ဍိတာဘိဝံသ
တပေါင်းလဆန်း (၈) ရက်။ သာသနာ့ရိပ်သာ၊ ရန်ကုန်မြို့။