သတိပဋ္ဌာန်ဝိပဿနာလမ်းညွှန်ကျမ်း

Author By - မဟာစည်ဆရာတော်ဘုရားကြီး

ဤသတိပဋ္ဌာန်ရှုမှတ်နည်းစာအုပ်ငယ်သည်ကား လွန်ခဲ့သော ၃၇-နှစ်က ထွက်ပေါ်ခဲ့၏၊

သတိပဋ္ဌာန်ဝိပဿနာလမ်းညွှန်ကျမ်း

Published Date - ၁၉၃၉

Buddha Date - ၂၄၈၃

Myanmar Date - ၁၃၀၁

AD Date - ၁၉၃၉

Author By - မဟာစည်ဆရာတော်ဘုရားကြီး

၁၂၈ စာမျက်နှာ


ပထမဆုံးထွက်ပေါ်ခဲ့သည့်

မဟာစည်သာသနာ ခေတ်ဦးစာအုပ်

 

လောကတွင် သစ်ဆန်း လှပါသည်ဟု ကြွေးကြော် ထွက်ပေါ်လာသော အရာဝတ္ထုတို့သည် သူ့ထက် သစ်ဆန်းသော နောက်နောက် အရာဝတ္ထုများ ထွက်ပေါ်လာသောအခါ အဟောင်းအဖြစ်သို့ ကောင်းကောင်းကြီးရောက်ကြရ၏။ သစ်ဆန်းပါသည်ဆိုသော တချို့နည်းဥပဒေသ ပညာရပ်သည် နောက်တချိန်မှာ တွေ့ရသော အဖြေမှန်အရ မဟုတ်မမှန်ဟု ပစ်ပယ်ခြင်းကိုပင် ခံရတတ်လေသည်။ ဤနည်းနှင်နှင်လူတို့သည် မနေ့က အကောင်းဆုံးဆိုသော အကြံဉာဏ်တို့ကိုပင် ယနေ့အချိန်မှာ မျက်ကွယ်ပြုကာ ပစ်ပယ်တတ်ကြလေသည်။ လူအများနှင့် ဆုံးဖြတ်ထားသည့် အကောင်းဆုံးဆိုသော ဆုံးဖြတ်ချက်ကိုပင် တနာရီမပြည့်မှ မကောင်းဟု ဆုံးဖြတ်ပြန်ကာ စွန့်ပယ် ပစ်တတ်ကြသည်လည်း ရှိသည်။

ဤသတိပဋ္ဌာန်ရှုမှတ်နည်းစာအုပ်ငယ်သည်ကား လွန်ခဲ့သော ၃၇-နှစ်က ထွက်ပေါ်ခဲ့၏၊ သို့သော် ဤစာအုပ်၌ ပါရှိသော ဝိပဿနာ ရှုမှတ်နည်းများသည်ကား ပြုပြင်ပြောင်းလဲစရာ မရှိသော ဧကာယနမဂ္ဂ-တကြောင်းတည်းသော ခရီး-တခု တည်းသော လမ်းဟောင်း လမ်းမှတ်ဖြစ်သည့် သတိပဋ္ဌာန်ရှုမှတ်နည်းများသာ ဖြစ်သောကြောင့် ယခုအချိန်အထိ မရိုးမဟာင်းဘဲ သစ်လွင် တောက်ပ ပီပြင်လျက် အရှိန်အဟုန် ကောင်းစွာဖြင့် နိုးကြားတက်ကြွလျက် ရှိပေသည်။

ဤစာအုပ်မှ သတိပဋ္ဌာန် ရှုမှတ်နည်းတို့သည် စာအုပ်ဖြစ်ပေါ်စ ဟိုအတိတ်ကာလက ခမ်းနားဝင့်ထယ် တင့်တယ်စုံညီ နည်းမှီစံပြဖြစ်ခဲ့ကြသလိုပင် ယခုခေတ်မှာလည်း မတိမ်မကောပဲ လက်တွေ့ နည်းနှင့် ရောနှောလျက် ရှိသည့်ပြင် နှောင်းခေတ် ယောဂီများနှင့် သုတေသီများအတွက်ပါအားသစ် အင်သစ်လောင်းလျက် ဦးတည်လှုပ်ရှားနေပေသည်။ ထို့ကြောင့် ကျေးဇူးတော်ရှင် မဟာစည် ဆရာတော် ဘုရားကြီးက ဤစာအုပ်ငယ်ကို ဝိပဿနာလမ်းညွှန်ကျမ်းဟု ရဲတင်း ခိုင်မာစွာ နာမည်ပေးလိုက်ခြင်း ဖြစ်ဟန်တူပေသည်။

ဒုတိယအကြိမ် စာအုပ်ဖြစ်ပေါ်လာပုံ

ဤစာအုပ်၏ နောက်ကျောဖုံးတွင် “ဆိပ်ခွန်ရွာ၊ ကျောင်းအစ်မကြီး ဒေါ်ဆင်နှင့် ဦးကံချိန်-မသောင်း၊ မောင်ညွန့် မဧဆင့်၊ မောင်ထွန်းအောင်-မမြကြည်တို့၏ ဓမ္မဒါနကုသိုလ်ဟု တွေ့ရ၏။ ကျောင်းအစ်မကြီး ဒေါ်ဆင်ကာ မရှိတော့ပြီ၊ ယခု ဒုတိယအကြိမ် ဤစာအုပ် ဖြစ်ပေါ်လာသည်မှာ ကျောင်းအစ်မကြီး ဒေါ်ဆင်၏ မြေးများ ဖြစ်ကြသော ဦးညွန့်-ဒေါ်အေးဆင့် တို့ကသူတို့အဖွား၏ ကုသိုလ်ဖြစ်သော အဖိုးတန်ဓမ္မရတနာဖြစ်သည့် ဤဝိပဿနာလမ်းညွှန်ကျမ်းစာအုပ်ငယ်ကို ပျောက်ကွယ် တိမ်မြုပ် မသွားစေလိုကြပေ၊ တည်တန့်နေစေချင်ကြ၏၊ အဖွား၏ ကုသိုလ်ကို အသစ်အသစ် ထပ်မံ တိုးပွားနေစေချင်ကြ၏၊ ထို့ကြောင့် အဖွား၏ ကုသိုလ်ကို ဆက်လက်ပြီး ကုသိုလြ်ုပလိုပါကြောင်းကို ဦးညွန့်-ဒေါ်အေးဆင့်တို့က ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးအား လျှောက်ထားကြရာ ဆရာတော် ဘုရားကြီးက ကုသိုလ်ပြုခွင့် ပေးလိုက်ပါသည်။

သို့သော် စာအုပ်မှာ ဒုတိယကမ္ဘာစစ် အပါအဝင် ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာရသဖြင့် ရှားပါးသော စာအုပ်တအုပ်ဖြစ်၍ နေလေပြီ၊ ကုသိုလ်ရှင်က ကိုယ်တိုင်လဲ စာအုပ်ကို ရှာဖွေ၏၊ နီးစပ်သူများကလဲ ဝိုင်းဝန်းရှာဖွေကြ၏၊ စာအုပ်ရှာပုံတော် ဖွင့်ရသည်မှာ အချိန်ကာလ ကြာညောင်း သွားတော့၏။

စာအုပ်ဒုလ္လဘတအုပ်

အချိန်ကြာမြင့်စွာ ပျောက်ကွယ် တိမ်မြုပ် နေသော ဤစာအုပ်ကို ရရှိလာသော ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး၏ ဇာတိဖြစ်သည့် ဆိပ်ခွန်ရွာမှ ဒကာတဦးက ဝမ်းသာအားရစွာနှင့် ကိုယ်တိုင် ကိုယ်ကျ သယ်ဆောင်လာခဲ့၏၊

သို့သော် လူသာ ရန်ကုန်ရောက်လာခဲ့ရ၏၊ စာအုပ်လာပို့သူ၏ ခရီးဆောင် ပစ္စည်းများကို ခါးပိုက်နှိုက်ခံရသဖြင့် စာအုပ်မှာကား အခြား ပစ္စည်းများနှင့်အတူ သူခိုးနောက်သို့ ကောက်ကောက်ပါ သွားရလေသည်။ သို့သော် အားမလျှော့၊ ဤစာအုပ်ရရှိနိုင်မည့် နေရာများကို ဆက်လက်စုံစမ်းပြန်ရာ ဒုတိယအကြိမ် ဤစာအုပ်ငယ်ကို ရလာပြန်သည်၊ ရပါသော်လည်း နောက်ဆုံး စာသားတရွက်နှင့် ကျောဘက် အဖုံးစုတ်နေ၍ အခက်အခဲရှိနေပြန်၏။

ထို့ကြောင့် ရှာရပြန်၏၊ နောက်ဆုံး တတိယအကြိမ် ရှာတွေ့သော စာအုပ်မှာကား အထက်ဖေါ်ပြပါ ကောင်းမှုရှင်အမည်များ ပါလာသည့် အဖုံးကလေးနှင့်တကွ နောက်ဆုံး စာရွက်ပါ ပါလာသော်လည်း အပေါ်ဒေါင့်စွန်းများ စုတ်နေ၍

အပေါ်ဆုံးမှ စာ ၄-ကြောင်းမှာ အပြည့်အစုံ မပါတော့ပေ၊ သို့သော် ကံကောင်းသေးသည်မှာ စုတ်နေသည့် ယင်းစာသားများသည် ပါဠိအကိုးသာဓကများသာဖြစ်၍ မူရင်းပါဠိ စာအုပ်များမှကူးယူ ရ၏၊ယင်းသို့စီစဉ်ကာဤစာအုပ်ကို မူလကောင်းမှုရှင်များ ဖြစ်ကြသော အဆိုပါ ဦးညွန့်နှင့် ဒေါ်အေးဆင့်တို့က မ,တည် လှူဒါန်း၍ အခြားသော ကုသိုလ်ရှင်များကလည်း

ပါဝင်လှူဒါန်းကြကာ ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေလိုက်ခြင်း ဖြစ်ပါသည်။ဤသို့ဤပုံ အခက်အခဲ အမျိုးမျိုးကြုံကာ ထွက်ပေါ်လာရသော စာအုပ်ဖြစ်သောကြောင့် ဤစာအုပ်ကို စာအုပ်ဒုလ္လဘဟု ဆိုလိုက်ခြင်း ဖြစ်ပါသည်။

ဦးပဉ္စင်းတို့သည် ဤစာအုပ်ငယ်ကို မတွေ့ရဘူးမီ ယခင်က ဆိုလျှင် ၁၃၀၆-ခုနှစ်မှာ ထွက်ပေါ်သော ဝိပဿနာရှုနည်းကျမ်းကြီးကို ပဌမဆုံး စာအုပ်ဟု မှတ်သားထားခဲ့ကြသည်။ ၁၀-၁-၇၆-နေ့ကမူ “ဒီစာအုပ်ကို ပြန်ပုံနှိပ်ရအောင် လက်နှိပ်စက်နဲ့ ကူးပေးစမ်း”ဟု ကျေးဇူးတော်ရှင် ဆရာတော် ဘုရားကြီးက တာဝန်ပေးသောအခါမှ ဤဝိပဿနာ လမ်းညွှန်ကျမ်း စာအုပ်သည်သာ ပဌမဆုံး စာအုပ်ဖြစ်ကြောင်းကို သိရပေတော့သည်။

“မူလကျမ်းညွှန်း နံပါတ်များအရာတွင် ယခုခေတ် ဆဋ္ဌမူစာအုပ်များရဲ့ စာမျက်နှာနံပါတ်ကို လဲလှယ်ပြရမယ်”ဟု အမိန့်ရှိသဖြင့် ကျမ်းညွှန်းရှာကာမှဘဲ ပါဠိ အဋ္ဌကထာ ဋီကာ ၁၇-ကျမ်းတို့မှ စာများကို ၇၁-နေရာ ခွဲ၍ ဖြန့်၍ အနှံ့ပြထားကြောင်းကို ရင့်သပ်ရှုမော အံ့သြဘွယ်ရာ တွေ့ရပါတော့သည်။ ထို့ကြောင့် ဤကျမ်းငယ်ကို ကျမ်းညွှန်းနံပါတ်မှ တပါး မပြုမပြင်ပဲ ပင်ကိုယ်အတိုင်း ပြန်လည်ရိုက်နှိပ်ထားသော မဟာစည် သာသနာခေတ်ဦး ကျမ်းကလေးသာ ဖြစ်ကြောင်းကိုလည်း ထပ်လောင်း၍ သိစေအပ်ပါသည်။

ဤ ဝိပဿနာ လမ်းညွှန်ကျမ်း ၌ ပါဠိ အဋ္ဌကထာ ဋီကာတို့ကို ၇၁-နေရာ ခွဲ၍ပြထားရာဝယ် ဝိသုဒ္ဓိမဂ်မှ ၂၁-နေရာ မဟာဋီကာမှ ၁၂-နေရာ သတိပဋ္ဌာနသုတ်မှ ၈-နေရာ, ပဋိသမ္ဘိဒါမဂ်မှ ၆-နေရာ, အဘိညေယျသုတ်မှ ၆-နေရာ, အခြားကျမ်းများမှ တနေရာစီ နှစ်နေရာစီ ပြထားသဖြင့် ကမ္မဋ္ဌာန်းနှင့် စပ်ဆိုင်သော ကျမ်းများမှ အများဆုံး ပြထားခြင်း ဖြစ်ပေသည်။

ဤသို့ များစွာသော ပါဠိ အဋ္ဌကထာ ဋီကာများကို ကိုးကား၍ ရေးသားထားသော်လည်း နေရာတိုင်းမှာ ပါဠိ စာသားများများကြီးထုတ်၍ အနက်ရှည်ရှည်မြောမြောကြီးကို ဆွဲငင်ပေးနေသည် မဟုတ်ပေ။ ယောဂီဉာဏ်တွေ့ ကိုယ်တွေ့ ပါသော သတိပဋ္ဌာန်ရှုမှတ်နည်းကို ဦးတည်၍ သိပ်သည်း ကျစ်လစ် ခိုင်မာစွာနှင့် ရှုမှတ်ပုံ အနှစ်သာရ သက်သက်ကိုသာ ထုတ်နှုတ်ရေးသားရင်း စပ်ရာဆိုင်ရာ ပါဠိ အဋ္ဌကထာဋီကာတို့ကို တို့ရုံ ပင့်ရုံ ထိရုံ မိရုံ ဟပ်မိရုံမျှ ထပ်ကာ ညှပ်ကာ သူ့နေရာနှင့်သူ အချက်ကျကျ ညှိ၍ ညှိ၍သာ ပြသွားခြင်း ဖြစ်ပေသည်။

ထို့ကြောင့် ဤစာအုပ်သည် ယောဂီများ၏ အားဆေးတခွက်ဖြစ်၏။ ကမ္မဋ္ဌာန်းဆရာတို့၏ မှတ်ကျောက်သဖွယ်ဖြစ်၏။ ပါဠိ မြန်မာစာပေ ပညာရှင်တို့၏ ပေကြိုး ပေတန်သဖွယ် ဖြစ်၏။ ဓမ္မကထိကတို့၏ အမြုတေသဖွယ် ဖြစ်၏။

သုတေသီတို့၏ လေ့လာစရာ ရတနာပြတိုက်ကြီးသဖွယ် ဖြစ်၏။ နိက္ခမ္မဇ္ဈာသယဓာတ် ရှိသူတို့၏ လက်သုံးတောင်ဝှေးသဖွယ်ဖြစ်၏။

ဤကျမ်း၏ သိပ်သည်း ကျစ်လစ်ပုံ, စေ့စပ်သေချာပုံ, အချက်အလက် ပြည့်စုံပုံ, မှန်ကန်တိကျပုံ, နက်နဲသိမ်မွေ့ပုံ, ပြည့်ဝခိုင်မာ အနှစ်သာရရှိပုံတို့ကို ပညာရှိမှန်က ဖတ်ကြည့်ရုံမျှဖြင့်ပင် ရှင်းလင်းသိမြင်ကာ သဘောချင်း အံဝင်ဂွင်ကျ ဖြစ်နေပေလိမ့်မည်။