သက္ကပဉှသုတ်တရားတော်
Author By - မဟာစည်ဆရာတော်ဘုရားကြီး
သိကြားမင်းနှင့် နတ် ပရိသတ် ရှစ်သောင်းအား မဂ်ဖိုလ်နိဗ္ဗာန်ကို နာကြားနေရင်းပင် ရှုမှတ်နှလုံးသွင်းလျက် အလွယ်တကူရစေနိုင်သော သိကြားအမေး ချမ်းသာရေး တရားတော်ဖြစ်ပါသည်။
သက္ကပဉှသုတ်တရားတော်
Published Date - 1978
Author By - မဟာစည်ဆရာတော်ဘုရားကြီး
334 စာမျက်နှာ
အဖွင့်လွှာ စာမွန်ဦး
ကမ္ဘာ့
ငြိမ်းချမ်းရေးတရား
“ဘုရားတပည့်တော်များအား
လျှောက်ထားခွင့် ပြုတော်မူပါဘုရား၊ ဒီကနေ့ညနေ ဝိပဿနာ အလုပ်ပေးတရား ဟောကြားတော်မူတဲ့အခါ
မှတ်တမ်းတင် ရုပ်ရှင် ရိုက်လိုပါတယ် ဘုရား၊ အထူး လျှောက်လိုတာကတော့ အလုပ်ပေးတရား ဟောကြားခါနီးမှာ
အခြား ဘာသာများ၌ ပညတ်တော် ၁၀-ပါး စသည်ရှိကြသလို တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်တဲ့ ဗုဒ္ဓရှင်တော်မြတ်ဘုရား၏
သြဝါဒဓမ္မကို ရှေးဦးစွာ ၁၅-မိနစ်လောက် ဟောကြားချီးမြှင့် စေချင်ပါတယ်ဘုရား”
အချိန်မှာ
ညနေချမ်း ဆည်းဆာအချိန်ဖြစ်သည်၊ နေ့ရက်ကတော့ ၁၃၃၉-ခုနှစ်၊ နတ်တော်လဆန်း ၁၀-ရက်၊ (၂၀-၁၂-၇၇)
အင်္ဂါနေ့ဖြစ်သည်။
ဌာနကတော့
ရန်ကုန်မြို့ ကုက္ကိုင်း ဟာမစ်တစ်လမ်း ၁၆၊
သာသနာ့ရိပ်သာ မဟာစည် ကျောင်းတော် အပေါ်ထပ်တွင် မဟာစည် ဆရာတော်ဘုရားကြီး၏ ခြေတော်ရင်းဖြစ်သည်။
ဗုဒ္ဓသာသနာနုဂ္ဂဟ
အဖွဲ့ချုပ်၏ ဥက္ကဋ္ဌကြီး ဦးပွင့်ကောင်းသည် စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ ရွှေဒုံးဘီအောင်, ဗုဒ္ဓဓမ္မလောကစာစောင် အယ်ဒီတာ မင်္ဂလာဦးအောင်မြင့်တို့နှင့်အတူ
ကျေးဇူးရှင် ဆရာတော် ဘုရားကြီး၏ ထံတော်မှောက်သို့ လာရောက်ပြီး အထက်ပါစကားကို လျှောက်ထား
လေသည်။
ထင်ရှား
စေပါဦးမည်၊ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်က “ဗုဒ္ဓမြတ်စွာ၏ ၄၅-ဝါ ဒေသနာခရီးအချုပ် အပ္ပမာဒ
မဟာသတိပဋ္ဌာနသုတ်မှ ဝိပဿနာအလုပ်ပေးတရားတော်ကို သာသနာတော်နှစ် ၂၅၀ဝ-ဆဋ္ဌသင်္ဂါယနာ၊ ၂၅-ရာစုခေတ်တွင်
ပြန်လည်ဖော်ထုတ်တော်မူ၍ မြန်မာပြည်မှ ကမ္ဘာအနှံ့ ဖြန့်ချိတော်မူလျက်ရှိသော သက်တော်
၇၄-နှစ်အတွင်း ရောက်ရှိနေတော်မူသည့် သတိပဋ္ဌာန် ဝိပဿနာ သာသနာပြု မဟာနာယက ဆဋ္ဌသင်္ဂီတိပုစ္ဆက
အဂ္ဂမဟာပဏ္ဍိတ ဂန္ထကာရက ကျေးဇူးတော်အရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ၂၈-ကြိမ်မြောက် သြဝါဒခံယူပွဲတွင်”
ရုပ်ရှင်ရိုက် မှတ်တမ်းတင်ခဲ့ကြသည်မှာ လွန်ခဲ့သည့် ၂-ရက်တွင်မှ တစ်ခန်းရပ်လျက် ပြီးဆုံးခဲ့ပေသည်၊
ယခုတစ်ဖန် နောက်ဆက်တွဲ ရိုက်ရန် ကျန်ရှိနေသော လုပ်ငန်းစဉ်အတွက် ကြိုတင် လျှောက်ထားသည့်
စကား ဖြစ်ပါသည်။
ထိုအခါ
ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးက ဤသို့ မိန့်တော်မူပါသည်၊ “ဒီလိုဆိုရင် ယခုတရားစာအုပ်ထုတ်ဖို့
စာမူသန့် ပြုလုပ်နေတဲ့ သက္ကပဉှသုတ်တရားတော်ကိုပဲ ရှေးဦးစွာ ဟောပေးရမယ်၊ ဒီတရားတော်က
တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်တယ်၊ သိကြားမင်းက ကမ္ဘာသူ ကမ္ဘာသား နတ်လူများ အားလုံးဟာ
ငြိမ်းချမ်းအေးမြစွာ နေလိုကြပါလျက်နဲ့ ဘယ်အတွက်ကြောင့် ဆင်းရဲဒုက္ခ ရောက်နေကြရပါသလဲ၊
ဒေါသ စိတ်ညစ် ခိုက်ရန်ဖြစ်ပြီး ဆင်းရဲ နေကြရပါသလဲ ဘုရားလို့ မေးလျှောက်တယ်။
“အဲဒီတော့
မြတ်စွာဘုရားရှင်က ဒါယကာသိကြားမင်း၊ ကမ္ဘာသူ ကမ္ဘာသား နတ်လူများစွာ ကာမသတ္တဝါ အားလုံးဟာ
ကိုယ့်ထက်သာတာကို မနာလိုမှု-ဣဿာနှင့် ကိုယ်လို သူတစ်ပါး ကောင်းစားချမ်းသာတာကို ဝန်တိုမှု-မစ္ဆရိယ
ဆိုတဲ့ သံယောဇဉ်ကြိုးနှစ်မျိုးရဲ့ အချည်အနှောင် ခံနေကြရလို့ ချမ်းသာပျော်ရွှင်လျက်
နေချင်ကြသော်လဲ စားဝတ်နေရေး အစရှိတဲ့ ဆင်းရဲဘေးတွေနဲ့ တွေ့ကြုံပြီး ဆင်းရဲဒုက္ခ ရောက်နေကြရတယ်၊
ဒေါသစိတ်ညစ် ခိုက်ရန်ဖြစ်ပြီးတော့လဲ ဆင်းရဲ နေကြရတယ်လို့ ဖြေရှင်း မိန့်ကြားထားပါတယ်၊
အဲဒီတရားကို ရှေးဦးစွာ ဟောပေးရမှာပဲ”တဲ့။
ဤသို့
ဆရာတော်ဘုရားကြီးက တည်ငြိမ်အေးမြစွာ မိန့်ကြားတော်မူပါသည်၊ ထိုစဉ်အခါက ဤစာရေးသူဟာ တရားပွဲကိစ္စ, စာပေကိစ္စနှင့်ပတ်သက်၍ လျှောက်ထားရန် ဆရာတော်ဘုရားကြီးထံသို့
ရောက်ရှိနေဆဲ ဖြစ်ပါသည်၊ ထို့ကြောင့် သက္ကပဉှသုတ် တရားတော်၏ ကမ္ဘာ့ငြိမ်းချမ်းရေး တရားတော်ဖြစ်ကြောင်းကို
တစ်စိတ် တစ်ဒေသ အားဖြင့် သိခွင့်ရခဲ့ ပါသည်။
ဓမ္မကထိကများ၏
အလှည့်
“ဦးဣန္ဒကလဲ
မပေါ်လာသေးတာနဲ့၊ စာခေါင်းစီးကလေးများလဲ တပ်လို့မပြီးသေးတာနဲ့ စာမူကို မပေးရသေးတာပဲ၊
ရော့- ဒီစာမှုကို ယူသွား၊ ဒီစာမူကို ကြည့်ပြီး နိဒါန်းရေးခဲ့၊ လက်နှိပ်စက်နဲ့ ၆-မျက်နှာ
ထက်မများစေနဲ့၊ ကမ္မဋ္ဌာန်းဆရာတွေ နိဒါန်းရေးကြတာကတော့ တော်တော်စုံသွားပြီ၊ ယခုတော့
ဓမ္မကထိကတွေရဲ့ အလှည့်ပဲ၊ ဦးစန္ဒာဝရကတော့ မာလုကျပုတ္တသုတ် တရားတော်မှာ နိဒါန်းရေး ပြီးသွားပြီ”
နေ့က ၁၃၃၉-ခုနှစ် တပို့တွဲလဆုတ် ၉-ရက်နေ့ဖြစ်သည်၊ ထိုနေ့ ညနေချမ်း ဆည်းဆာ အချိန်မှာ
တပို့တွဲ လကွယ်နေ့၌ မိတ္ထီလာနယ် မလှိုင်မြို့သို့ ရိပ်သာဖွင့်ပွဲအတွက် ဆရာတော်ဘုရားကြီး
ကြွချီတော်မူမည်ဖြစ်ရာတွင် လိုက်ပါလိုသော ဇွဲဦးထွန်းရှိန်ခေါ် ဒကာကြီးကို ဆရာတော်ဘုရားကြီးထံသို့
ဤစာရေးသူက လိုက်ပို့ရပါသည်၊ ထိုအခါ ဆရာတော်ဘုရားကြီးက သက္ကပဉှသုတ် တရားတော် စာမူကို
ပေးပြီး ဖော်ပြပါအတိုင်း နိဒါန်းရေးရန် ခွင့်ပြုတော်မူလိုက်ပါသည်။
ထို့ကြောင့်
ဤစာရေးသူသည် ယင်းတရားစာမူကို အစအဆုံး အကုန်လုံး ကြည့်ရှုပြီးနောက် ယင်းတရားစာမွန်၏
ရှေ့အဦးအစကအဖွင့်အညွှန်းရေးရမှာလို့ သဘောပေါက်ပြီး “အဖွင့်လွှာစာမွန်ဦး” ဟု ခေါင်းစီးတပ်၍
ရေးသားလိုက် ပါသည်။
အရီမှန်တရား
ဦးစားပေးသည် မဟာစည်
“တရားကို
ဘာကြောင့် ဟောရသနည်း၊ နာရသနည်း” ဟူသော ဤမေးခွန်း ၂-ရပ်၏ အဖြေသည် ဗုဒ္ဓမြတ်စွာ လောင်းလျာ၏
ဘုရားဆုပန်ဆင်တော်မူစဉ်က ဆန္ဒမွန် ၃-ချက်အတိုင်းပင် ဖြစ်ပါသည်၊ ယင်းမူ ၃-ချက်မှာ “(၁)
ဗုဒ္ဓေါ ဗောဓေယျံ၊ (၂) မုတ္တော မောစေယျံ၊ (၃) တိဏ္ဏော တာရေယျံ” ဟူသော ဤ ၃-ချက်ပင် ဖြစ်ပါသည်၊
ထိုမူ ၃-ချက်တို့တွင် ဤ၌ ပထမ အချက်ကို ထုတ်ပြရုံမျှဖြင့်ပင် လုံလောက်အံ့ထင်ပါသည်။
“ဗုဒ္ဓေါ
ဗောဓေယျံ = အမှန်တရားကို သိမြင်အောင် ရှာကြံကျင့် သုံး၍ ငါကိုယ်တိုင် သိမြင်လျက် ဘုရား
ဖြစ်ပြီးသောအခါ ငါသိတဲ့ အမှန်တရားကို ဝေနေယျသတ္တဝါတို့အားလည်း ဟောကြား ကယ်တင်မည်”
ဤကား
ဗုဒ္ဓမြတ်စွာ၏ မူဝါဒပေတည်း၊ မေးခွန်း ၂-မျိုးအတွက် အဖြေဖြစ်ပါသည်၊ လိုရင်းကို အနည်းငယ်
ထပ်မံ ရှင်းလင်းပြရလျှင် အမှန်တရားကို မသိရှာကြ၍ ဆင်းရဲတွင်း နက်နေကြရရှာသော ဝေနေယျ
သတ္တဝါများအား ဖြစ်, အို, နာ, သေ အထွေထွေ ဆင်းရဲဘေးတို့
ကင်းဝေးနိုင်ကြောင်း နည်းကောင်းတရား ဟောကြားကယ်တင် သိမြင်ကြစေဖို့ရာ ရည်ရွယ်၍ တရားကို
ဟောကြားရသည်၊ နာကြားရသည်။
မြတ်ဗုဒ္ဓ၏
သာဝက ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီးသည်လည်း ထိုနည်းတူပင် နှလုံးသွင်း ကောင်းဖြင့်
တရားကို ဟောကြားတော်မူပေသည်၊ မဟာစည်တပည့် ပရိသတ်များသည်လည်း ထိုနည်းတူစွာ နှလုံးသွင်းကောင်းဖြင့်ပင်
တရားကို နာကြားကြပေသည်။
မဟာစည်ဆရာတော်နှင့်
မဟာစည်တပည့်များသည် အရွတ်အဆို အဖွဲ့အနွဲ့ အလွမ်းအသော ဝတ္ထုဇာတ်လမ်းကို ဦးစားမပေးအလေးမထားကြပေ၊
လိုရင်းအမှန်တရားကိုသာ ဦးစားပေးအလေးထား ကြပေသည်၊ ထို့ကြောင့် ဤသက္ကပဉှသုတ် အစပိုင်း၌
ဆရာတော်ဘုရားကြီးက ဤသို့ မိန့်ကြား ထားတော်မူခဲ့ပေသည်။
“ဒီသုတ်တရားတော်မှာ
နိဒါန်းကတော်တော်ရှည်လျား ကျယ်ဝန်းတယ်၊ ဒါကြောင့် နိဒါန်းကစပြီး ဟောရင် ဒီကနေ့ တရားသားကို
ဟောဖို့အချိန်ရမှာမဟုတ်ဘူးအဲဒီတော့ တရားနာသူတွေ တရားသားကို မနာရတဲ့အတွက် အားမလို အားမရ
ဖြစ်နေဖွယ် ရှိပါတယ်၊ ဒါကြောင့် သိကြားမင်း၏ အမေးကစပြီး ဟောရမယ်။ ဤသည်ကား တရားကို ဦးစားပေး
အလေးပြုသည့် စကားတော်ပေတည်း။
နိဒါန်းဟူသည်
ဝတ္ထုဇာတ်လမ်းနိဒါန်းကို
ဦးစားမပေးဆိုသော်လည်း ဒေသနာအရှိကိုကား ချန်လှပ်ထားတော်မမူပါ၊ တရားသားနှင့် ဝတ္ထုဇာတ်လမ်းကို
ညီမျှအောင်ခွဲတမ်းချ၍ ဖြစ်စေ၊ ဝတ္ထုဇာတ်လမ်းကို အကျဉ်းချုံး၍ ဖြစ်စေ တရားအလုပ်စခန်း
အကျင့်လမ်းမှန် ပါရှိအောင် ဂရုပြုလေးစားလျက် ဟောကြားတော်မူခြင်းသာ ဖြစ်ပါသည်၊ ဤတရားတော်၌လည်း
လိုရင်း တရားသားကို ဦးစွာ ဖော်ပြပြီး သုတ်ရင်း၏ နိဒါန်းကို စာမျက်နှာ (၁၄) မှ (၇၇)
အထိ ဖော်ပြထားပါသည်။
ထိုတွင်
နိဒါန်းဟူသော စကားရပ်၏ အဓိပ္ပါယ်ကိုလည်း လိုရင်းဖော်ပြထားသည်မှာ မှတ်သားဖွယ် ကောင်းလှပါပေသည်၊
နိဒါန်းပါလျှင် ဘုရားဟောပဲဟု သံသယကင်းစွာ သိနိုင်ပုံ၊ သို့သော် နိဒါန်း မပါရုံမျှဖြင့်လည်း
ဘုရားဟောမဟုတ်ဟု တစ်ဘက်စွန်းရောက်အောင် မယူသင့်ပုံ၊ ယခု မြန်မာပြည်မှာပင် အဘိဓမ္မာ
ဒေသနာတော်ကို နိဒါန်းမပါ၍ ဘုရားဟောမဟုတ်ဟု ယူဆနေသူအချို့ ရှိနေကြပုံတို့ကို ထောက်ပြလျက်
သတိပေး ဟောကြားထားပုံသည်လည်း မှတ်သား လိုက်နာဖွယ် ကောင်းလှပါပေသည်။
နှစ်ဘက်မြင်ဖြစ်ရန်
သတိပေးမှတ်ချက်
ဘုရား
ရဟန္တာ အရိယာ နတ်ဗြဟ္မာ အဘိညာဉ်တန်ခိုးရှင်တို့၏ ရောက်လိုရာရာကို တစ်ခဏချင်း ရောက်နိုင်ပုံကို
ပြဆိုထားသော “သေယျထာပိ နာမ ဗလဝါ ပုရိသော သမိဉ္ဇိတံ ဝါဗာဟံ ပသာရေယျ၊ ပသာရိတံ ဝါ ဗာဟံ
သမေဉ္ဇိယျ” ဟူသော ပါဠိတော်စကားရပ်ကို အဋ္ဌကထာအဖွင့်, ဝိသုဒ္ဓိမဂ်
မဟာဋီကာအဖွင့်တို့နှင့် ယှဉ်တွဲညှိနှိုင်းဖော်ပြပြီးလျှင် ဝိပဿနာယောဂီတို့၏ ဉာဏ်အမြင်ကိုပါ
ထုတ်ပြထားပုံသည်လည်း မှတ်ဖွယ်ကောင်းလှပါပေ၏၊ ထို့ပြင် သိပ္ပံပညာရှင်တို့၏ ဒုံးပျံအာကာသယာဉ်
တွေ ထက်ပင်အဘိဉာဏ်တန်ခိုးကမ္မဇိဒ္ဓိတန်ခိုးများကအစွမ်းထက်သာလွန်ကြောင်းကိုလည်း ဖော်ပြသင့်
သည့်အတိုင်း ဖော်ပြထားတော်မူပေ၏။ (နှာ-၂၀-၂၂)။
မြတ်စွာဘုရား သီတင်းသုံးတော်မူသည့် မဂဓတိုင်းရာဇဂြိုဟ်မြို့ ဣန္ဒသာသလိုဏ်ဂူအနီး ဝေဒိယကတောင်ပေါ်မှာ ဘုရားဖူးရန် စခန်းချနေတဲ့ သိကြားမင်းနှင့် နတ်ပရိသတ်တို့ရဲ့ ကိုယ်ရောင်ကိုယ်ဝါ များကို မြင်ကြရသူ ပတ်ဝန်းကျင်လူတို့က “နတ်တွေ ဘုရားဖူးလာကြဟန် တူတယ်” ဟု ဆင်ခြင်ပြီးလျှင် “ယခုလို အဝေးရပ်က နတ်များပင်လာရောက် ဖူးမြော်ရတဲ့ မြတ်စွာဘုရားကို ငါတို့က အနီးကပ် ကိုးကွယ်ပူဇော်ခွင့် ရကြပေတယ်” ဟု အံ့သြ ဝမ်းသာကြည်ညို သဒ္ဓါပွားကြပုံနှင့်စပ်ပြီး “ဘုရားကို လည်းမယုံ၊ နတ်တန်ခိုးကိုလည်း မယုံသူတစ်ဘက်သတ်မျှ မြင်သူများအတွက်” လောကနှင့် ဘာသာ နှစ်ဖြာလုံးမြင်အောင် သတြိုပကြရန် မှတ်ချက်အနေအားဖြင့် ဖော်ပြထားသည်မှာလည်း အကျိုးများဖွယ် ရှိပါပေသည်။ (နှာ-၂၃)
ပသာဒေယျာသိ-ပုဒ်၏ အဆုံးအဖြတ်ကို အဋ္ဌကထာအဖွင့်ဖြင့် ရှင်းပြပြီးလျှင် သတင်းစာထဲမှာ မသိသူကမေး၍ မတတ်သူက တလွဲဖြေထားပုံကို ဖတ်ရှုရဖူးကြောင်းနှင့် ပတ်သက်ပြီး ဟိတောပဒေသ ကျမ်းမှာ လာတဲ့ သက္ကတပုံပြင်ကိုပါ ထုတ်ပြပြီး ထပ်မံရှင်းပြတော်မူသည်မှာ ရှေးမီခေတ်မီ အဆုံးအဖြတ်ဖြစ်၍ အထူးပင် မှတ်သားသင့်ပါပေသည်။ (နှာ-၂၅)
သီချင်းသံဖြင့်
တရားမဟောသင့်ကြောင်း
ပဉ္စသိခနတ်သားက
သိကြားမင်းကိုယ်စား စောင်းတီးပြီး သီချင်းဆိုကာ မြတ်စွာဘုရားအား ဖူးမြော် ခွင့်တောင်းသည့်
စောင်းသီချင်းဂါထာများနှင့် ပတ်သက်၍ တရားဟော တရားနာတို့အား သတိပေးထားပုံကလည်း မှတ်သားဖွယ်
လိုက်နာဖွယ် ကောင်းလှပါပေသည်။
ထိုစောင်းသီချင်း
ဂါထာများကို အကြောင်းပြပြီး တရားကို သီချင်းဆိုကာ, ဟောကြ, နာကြလျှင် သာသနာပြုရာမရောက်ဘဲ သာသနာဖျက်ရာ ရောက်ပုံကို ပွင့်လင်းပြတ်သားစွာ
သတိပေးထားတော်မူ၏၊ ထိုအချက်ကို ဖတ်ရှုရသောအခါ “ပင်ကိုယ်အသံကလည်းကောင်း၍ ပရိသတ်၏ အားပေးခြင်းကိုလည်း
ခံယူတော်မူကြရသော မဟာစည် ဓမ္မကထိက အရှင်မြတ်များသည်လည်း အထူးသတိထား၍ ဟောကြားတော်မူကြပါဘုရား၊
တစ်ကမ္ဘာလုံးကစိတ်ဝင်စားလျက် တိုးတက်နေသော မဟာစည်နိကာယကို ဘုရားရှင်လက်ထက်တော်တုန်းက
တိတ္ထိများပမာ အပြစ်ရှာချင်သူတွေ, မနာလို ဝန်တိုသူတွေ, ပူးဖျက်-ခွာဖျက် ဖျက်ချင်သူတွေမရှိဘူးလို့ မဆိုနိုင်ပါဘုရား၊ ဒါကြောင့်
တပည့်တော်တို့ မဟာစည် ဓမ္မကထိကများ အထူးသတိထား၍ဟောကြားကြရန်အရေးကြီးလှပါတယ်ဘုရား” ဟူ၍ပင်
ဤနိဒါန်း စာကို ရေးနေရင်း သာသနာပြုဖြော်ပြုဖက် မဟာစည် ဓမ္မကထိက အရှင်မြတ်များအား လျှောက်ထားသတိပေးရန်
စိတ်အတွင်းမှာ ကြံစည်မိပါသည်။
ထို့နောက်
(နှာ ၃၀-မှ ၄၄-အထိ) ပဉ္စသိခ နတ်စောင်း သီချင်းဂါထာ ၁၄-ပုဒ်ကို ကျမ်းရင်းစာသားဖြစ်သောကြောင့်
ချန်မထားဘဲ လိုရင်းအတိုချုပ် အနေအားဖြင့် နိဿယနည်း ပြန်ဆိုဟောကြားထားပေသည်၊ တရားဟူသည်မှာ
ရာဂစသည်ကင်းအောင် ဟောရမည်ဖြစ်သောကြောင့် သီချင်းဂါထာပင် ဖြစ်သော်လည်း သီချင်းသံမပေါ်စေဘဲ
တရားသံရိုးရိုးဖြင့်သာ ဟောကြားရပုံကိုပါ နည်းညွှန်ဖော်ပြထားတော်မူပါပေသည်။
ပူဇော်မှုပျောက်ပြီး
ပွဲလွှမ်းမိုးမှုကို သတိပေးချက်
ထိုသီချင်းတရားစကားနှင့်
တစ်ဆက်တည်းပင် ဘုရားပူဇော်ပွဲဆိုပြီး ပူဇော်မှုပျောက်ကာ ပျော်ရွှင်ပွဲကသာ လွှမ်းမိုး၍
ဘုရားပူဇော်ပွဲများတွင် ပွဲလမ်းသဘင် အရောင်းအဝယ်တွေ အကြီးအကျယ် ကျင်းပခြင်းသည်လည်း
ဘုရားအလိုတော်ကျမည် မဟုတ်ကြောင်း သတိပေးဟောကြားထားပေသည်။
ဘုရားပူဇော်ပွဲကို
အကြောင်းပြုပြီး ကုသိုလ်မပွားကြဘဲ အကုသိုလ်အပြစ်များ ရကြပုံနှင့်စပ်ပြီး ရွှေဘိုမြို့အနောက်
ရေဦးနယ်က တန်ခိုးကြီးဘုရားသုံးဆူ၏ ပူဇော်ပွဲတော်များတွင် နွားသား အရောင်းအဝယ် ပြုလုပ်ကြသဖြင့်
တန်ခိုးအကြီးဆုံး ဘုရားပွဲတော်တွင် နွားအကောင်ရေ (၁၀ဝ၀) တစ်ထောင်၊ တန်ခိုးအလတ်စား ဘုရားပွဲတော်တွင်
နွားအကောင်ရေ (၇၅၀) ခုနစ်ရာ့ငါးဆယ်၊ တန်ခိုးအငယ်စား ဘုရားပွဲတော်တွင် နွားအကောင်ရေ
(၅၀ဝ) ငါးရာ သေရှာကြသည်ဟု ကြားသိရ ကြောင်းတို့ကိုလည်း သတိသံဝေဂ ဖြစ်စရာ သာဓကအဖြစ် ထုတ်ဖော်
ဟောကြားထားတော်မူ၏၊ မှန်ပေ၏၊ မြန်မာပြည် အရပ်ရပ်တွင် ထိုနည်းနှင်နှင် တစ်မျိုးမဟုတ်
တစ်မျိုး ကုသိုလ်အကျိုး နည်းပါးပြီး အကုသိုလ်အပြစ် များပြားဆိုးဝါးသော ဘုရားပွဲတော်တွင်
ရှိနေကြသည်မှာ ထင်ရှားလှပေသည်၊ ထိုထိုဘာသာရေးပွဲတော် ကျင်းပရေးခေါင်းဆောင် ရဟန်း, ရှင်, လူတိုင်းပင် သတိပြုဖွယ်ကောင်းလှပါပေသည်။
အမြိုက်နှင့်
ဆုတောင်း ဆုပေးစသည်
(နှာ
၄၁-၌) အမတပုဒ်၏ မြန်မာပြန် အမြိုက် ဟူသော စကားလုံးနှင့်စပ်၍ မွန်ဘာသာ, သက္ကတဘာသာတို့နှင့် နှီးနှောကာ အဆုံးအဖြတ်ပေးထားသည်မှာ သုတေသီတို့အတွက်
မှတ်ဖွယ်အောင်းလှပါပေသည်။
(နှာ
၅၁-၌) မြတ်စွာဘုရားက သိကြားမင်းအား (သုခီဟောတု-ဟု) ဆုပေးတော်မူပုံနှင့်စပ်ပြီး ရှည်စွာသော
ဆုပေးဆုတောင်း ဖောင်းပွမှုများကို စိစစ်ဝေဖန်တော်မူကာ ဘုရားအလိုတော်နှင့်လည်းညီ သဘာဝလည်းကျသော
ဆုတောင်း ဆုပေးပုံများကို နမူနာနှင့်တကွ ဖော်ပြထားပေသည်၊ ၎င်းသည် လေထဲမှာ တိုက်အိမ်ဆောက်ကာ
စိတ်ကူးယဉ် ကြသလို အခြေခံ အကျင့်လုပ်ငန်းမပါဘဲ ကြားနာကောင်းရုံတရားနာ ဆုတောင်းရုံမျှဖြင့်
ကိစ္စပြီးသလို ယုံကြည်ထင်မှတ် နေကြသော သူများအားလည်း သတိပေးစကား ဖြစ်ပါပေသည်။
(နှာ
၅၄-မှ ၂၀၂-အထိ ) သိကြားမင်း၏ အမေးနှင့် မြတ်စွာဘုရားရှင်၏ အဖြေ ဒေသနာတော်ကို သဘာဝသာဓက
အာဂမတို့ဖြင့် ခိုင်မာပေါ်လွင်စွာ လိုက်နာကျင့်ချင်လာအောင် ဖွင့်ပြဟောကြားထားတော်မူပေသည်၊
ဤအပိုင်းကို ဤသုတ် တရားတော်၏အနှစ်သာရပိုင်းဟု ဆိုကလွန်အံ့မထင်ပေ၊ ထိုတွင် နားကြားသူများ
လိုရင်း မှတ်သားနိုင်အောင် ဆောင်ပုဒ်လင်္ကာ များဖြင့်လည်း သတိပေးဟောကြားတော်မူပါပေသည်။
ဉာဏ်စဉ်ဂယက်
ဖြေရှင်းချက်
(နှာ
၁၆၃-၄-တို့၌) ဤတရားတော်တွင် ပါဝင်သည့် မှီဝဲအပ်သော ဒေါမနဿနှင့်စပ်၍, သာသနာ့ရိပ်သာများမှာ ဉာဏ်စဉ်တရား ဟောကြားချိန်တွင် ဉာဏ်စဉ်မပြည့်စုံသေးသဖြင့်
နာကြားခွင့် မရကြသေးသော ယောဂီအချို့မှာ ဝမ်းနည်းခြင်း ဖြစ်ပြီးနောက် “သူများလိုပင်ဉာဏ်စဉ်ပြည့်စုံအောင်
ဆက်လက်၍တိုးတက်အားထုတ်ရမည်” ဟုစိတ်ကိုတင်းကာ အားထုတ်ကြ သောကြောင့် ဝိပဿနာဉာဏ်စဉ်တွေ
တိုးတက်ပြည့်စုံကြရပုံနှင့် ထိုစဉ်အခါက ဖြစ်ခဲ့သည့် ဝမ်းနည်းမှုသည် ဝိပဿနာ ကုသိုလ်ထူးများကို
တိုးတက်ဖြစ်ပွားစေသောကြောင့် မှီဝဲအပ်သော ဒေါမနဿမည်ပုံကို ဤသုတ်တရားတော် မူတည်လျက်
ပါဠိအဋ္ဌကထာ ခိုင်လုံစွာဖြင့် ရှင်းပြထားတော်မူပေသည်၊ ထိုအချက်ကို သဘောမပေါက်သူအချို့က
ပြစ်တင်ရေးသား ရှုတ်ချပြောကြားပုံကိုလည်း မေတ္တာကရုဏာ ရှေ့ထားလျက် ဖြေကြား ရှင်းလင်း
ထားတော် မူပေသည်၊ ထိုအချက်ကို (နှာ ၁၆၆-မှ ၁၇၄-အထိ) ဆက်လက်ပြီး ဟောကြားထားသော သီရိလင်္ကာခေါ်
သီဟိုဠ်ကျွန်း ဂိရိကဏ္ဍကကျောင်းတိုက်အနီး ဆွမ်းခံရွာက အမျိုးသမီးဝတ္ထု, မဟာသီဝမထေရ် ဝတ္ထုတို့က ကျမ်းဂန်လာ သာဓကအဖြစ်ဖြင့် ပိုမို၍ ခိုင်မာစေပေသည်။
ဒေသနာက္ကမနှင့်
ပဋိပတ္တိက္ကမ ယှဉ်ပြပုံ
(နှာ
၁၃၂-မှ ၂၀၁-အထိ) ဒေသနာတော်အစဉ်နှင့် ပဋိပတ်အမြင်ကို တိုက်ဆိုင်ထောက်ပြ ဟောကြားထားတော်မူ
ပေသည်၊ ပရိယတ်သာ တတ်ကျွမ်း၍ ပဋိပတ်ကို မကျင့်ဖူးသူ၊ ပဋိပတ်သာ ကျင့်ဖူး၍ ပရိယတ်မကျွမ်းကျင်သူ၊
ပရိယတ်ပဋိပတ်နှစ်ရပ်လုံး၌ မလေ့လာဖူးသူများ ပြတ်သားအောင်ဟောပြောရန် မလွယ်သော သမထဈာန်နှင့်
ဝိပဿနာ ပကိဏ္ဏက ဒေသနာနည်းကို သာမန် ပုဂ္ဂိုလ်များပင် သိနားလည်အောင် ဖွင့်ပြ ဟောကြားထားသည်မှာလည်း
အံ့ချီးဖွယ် ကောင်းလှပါ ပေသည်။
ငြိမ်းချမ်းရေးရကြရအောင်
(နှာ
၂၃၆-၈-တို့၌) ဘုရားဟော ကုသိုလ်အစုသည် သတိပဋ္ဌာန်ကို ရှုမှတ် ပွားများနေရင်း တစ်စက္ကန့်မှာ
ရနိုင်သည့် ကုသိုလ်မှ တစ်နှစ်အတွင်းရနိုင်သည့် ကုသိုလ်အထိ ဂဏန်းဖြင့် တွက်ချက်ဖော်ပြကာ
ယောဂီများအား အားပေးထားသည်မှာလည်း အားတက်စရာကောင်းလှပါပေသည်၊ ထိုမှနောက်၌ ဆက်လက်၍ သိကြားမင်းအမေးနှင့်
ဘုရားရှင်အဖြေကို သိလွယ်ထင်ရှား သဒ္ဓါပွားအောင် ဟောကြားတော်မူသည်မျာလည်း စိတ်ဝင်စားဖွယ်
ကောင်းလှပါပေသည်။
ဤတရားတော်သည်
သိကြားမင်းနှင့် နတ် ပရိသတ် ရှစ်သောင်းအား မဂ်ဖိုလ်နိဗ္ဗာန်ကို နာကြားနေရင်းပင် ရှုမှတ်နှလုံးသွင်းလျက်
အလွယ်တကူရစေနိုင်သော သိကြားအမေး ချမ်းသာရေး တရားတော်ဖြစ်ပါသည်၊ တစ်ဦးတစ်ယောက် တစ်စုတစ်ဝေး
လောက်နှင့်သာ ဆိုင်သည့် တရား မဟုတ်ပေ၊ တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သော ကမ္ဘာ့ငြိမ်းချမ်းရေး, တစ်စကြဝဠာလုံး ငြိမ်းချမ်းရေး တရားတော်လည်း ဖြစ်ပေသည်၊ ကမ္ဘာသူ
ကမ္ဘာသားတွေအားလုံး, ဤစကြဝဠာအတွင်းရှိ နတ်လူတွေ
အားလုံး ဤတရားတော်ကို ကြားနာဖတ်ရှု၍ ကျင့်သုံးနိုင်လျှင် ကျင့်သုံးနိုင်သူ အကုန်လုံးပင်
ဆင်းရဲငြိမ်းအေး ချမ်းသာရေးကို ရကြမည်သာ ဖြစ်ပေသည်၊ သို့ဖြစ်၍ ဤတရားတော်ကို အဆင့်ဆင့်
ဖြန့်ချိနိုင်ကြသဖြင့် ဆင်းရဲငြိမ်းကာ ချမ်းသာရေးကို မနှေးအမှန် အလျင်အမြန် ရကြပါစေသော်။
ဆန္ဒမွန်
၁။ ဗုဒ္ဓမြတ်စွာ၊
သာသနာ၊ ရှည်ကြာတည်၍၊ လင်းစေသော်။
၂။ မဟာစည်လမင်း၊
ကြယ်ခပင်း၊ အလင်းကမ္ဘာ၊ ပြန့်စေသော်။
၃။ အလင်းရောင်ကို၊
လက်ခံကြို၊ ကြည်ညိုလေးမြတ်ကြစေသော်။
၄။ ကမ္ဘာငြိမ်းချမ်း၊ နိဗ္ဗာန်နန်း၊ စံမြန်းနိုင်ကြပါစေသော်။
ညောင်ကန်အရှင်ဣန္ဒက
၁၃၃၉-ခုနှစ်
မဟာစည်နယ်လှည့်သာသနာပြုဓမ္မကထိက
တပေါင်းလဆန်း
(၇)ရက် ၁၆-သာသနာ့ရိပ်သာ
(၁၅-၃-၇၈)
ရွှေဂုံတိုင်စာတိုက်၊ ရန်ကုန်မြို့။