"၂၆" ကြိမ်မြောက် သြဝါဒခံယူပူဇော်ပွဲ သြဝါဒကထာ
Author By - မဟာစည်ဆရာတော်ဘုရားကြီး
အမှတ်(၁)အရ ဝိနည်းကို အလေးပြုရေးဆိုတာ အရေးကြီးပါတယ်၊
"၂၆" ကြိမ်မြောက် သြဝါဒခံယူပူဇော်ပွဲ သြဝါဒကထာ
Published Date - 1976
Author By - မဟာစည်ဆရာတော်ဘုရားကြီး
38 စာမျက်နှာ
၁၃၃၇-ခုနှစ်၊ နတ္တော်လဆုတ်(၄)ရက်
ရန်ကုန်မြို့၊ သာသနာ့ရိပ်သာ
၂၆ ကြိမ်မြောက် နှစ်ပတ်လည်ပွဲအကြိုနေ့၌ မိန့်ကြားတော်မူသော
အဂ္ဂမဟာပဏ္ဍိတ
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏
သြဝါဒကထာ
အခြေခံစကား
နှစ်ပတ်လည်
သြဝါဒခံယူပူဇော်ပွဲ ကျင်းပခြင်း၏ ရည်ရွယ်ချက်အကြောင်းကို အယင်နှစ်များကလဲ ပြောခဲ့ပါပြီ။
ယောဂီအဟောင်း အသစ်တွင် အချင်းချင်း တွေ့ဆုံခွင့်ရအောင် ဒါကလဲ ရည်ရွယ်ချက်တစ်ခုပါဘဲ။
မိမိတို့ အားထုတ်ခဲ့ဘူးတဲ့ နေရာဌာနသို့ ပြန်ရောက်လာပြီးတော့ အသစ်လို့ဘဲ စိတ်ဓာတ်ဖြစ်ပေါ်လာပြီး
ရှုမှတ်နေကျတရားကို တက်တက်ကြွကြွနဲ့ အားထုတ်နိုင်အောင်၊ ဒါကလဲ ရည်ရွယ်ချက်တစ်ခုပါဘဲ၊
အဲဒီ ရည်ရွယ်ချက်များဖြင့် နှစ်ပတ်လည် သြဝါဒခံယူပူဇော်ပွဲကို ကျင်းပစေခဲ့ပါတယ်။ ဟိုတုန်းကတော့
တပည့်ယောဂီတွေနဲ့ ကမ္မဋ္ဌာန်းဆရာတွေက အလွန်နဲပါသေးတယ်။ ယခုတော့ တပည့်ယောဂီတွေရော ဆရာတွေရော
ပရိသတ်က များလာတဲ့အတွက် အဲဒီ မူလက ရည်ရွယ်ချက်လောက်တွင် မကဘူး၊ သြဝါဒခံယူပွဲဆိုတဲ့အတိုင်း
သြဝါဒပေးဘို့ရာကိစ္စလဲ ပေါ်လာပါတယ်။
မျှော်လင့်ယုံကြည်ခဲ့တဲ့အတိုင်း
မဟုတ်ဘူး
ပဌမ တရားပြခါစဆီက
ဆိုလို့ရှိယင် “တရားအားထုတ်ထားတဲ့သူတွေဟာ တရားထူး ဉာဏ်ထူးအဆင့်သို့ မရောက်သေးစေကာမူ
သဒ္ဓါတရားဖြစ်လောက်တဲ့ ဝိပဿနာဉာဏ်အဆင့်လောက် ရောက်လာယင် အဲဒီ ပုဂ္ဂိုလ်တွေမှာ စိတ်ဓာတ်တွေ
ပြောင်းလဲပြီး အစဉ်တစိုက် ကောင်းသွားကြလိမ့်မယ်”လို့ မျှော်လင့်ခဲ့ပါတယ်။ ယုံကြည်ခဲ့ပါတယ်၊
“ပရိယတ္တိစာသင်တိုက်ဌာနများမှာတော့ စိတ်ဓာတ်ပြုပြင်ရေးက မပါတဲ့အတွက် စာသင်သား တပည့်အချင်းချင်းလဲ
မညီမညွတ်ဖြစ်တတ်တယ်။ ဆရာနဲ့တပည့်လဲ မညီမညွတ် ဖြစ်တတ်တယ်။ ဒါကတော့ အရပ်တိုင်း အရပ်တိုင်းမှာ
မျက်မြင် တွေ့နေရတာတွေဘဲ၊ ပဋိပတ္တိဌာနများမှာလဲ သဘာဝ ကျကျ အားမထုတ်ယင် အဲဒီလို ဖြစ်ကြမှာပါဘဲ၊
သတိပဋ္ဌာန်းနည်းအရ ဝိပဿနာပြနေတဲ့ ဌာနမှာတော့ သဘာဝကျကျ အားထုတ်ထားတဲ့ ယောဂီတွေမှာ လူဖြစ်ဖြစ်၊
ရဟန်းဖြစ်ဖြစ် မဂ်ဖိုလ်ဉာဏ်တရားထူးကို မရောက်သေးစေကာမူ (ရောက်ပြီးဆိုယင်တော့ ပြောစရာမလိုပါဘူး)
သဒ္ဓါတရားဖြစ်လောက်တဲ့ ဝိပဿနာဉာဏ်လောက် ရောက်ယင်ကို စိတ်ဓာတ်တွေ ပြောင်းလဲပြီးတော့
အရှုပ်အထွေးမရှိဘဲ အစဉ်တစိုက် ညီညွတ်ပြီး ကောင်းသွားလိမ့်”လို့ ဘုရားတပည့်တော်ဟာ အစတုန်းက
မျှော်လင့်ခဲ့ပါတယ်။ အဲဒီတုန်းက တကယ်ကို မျှော်လင့်ခဲ့တာပါဘဲ။ ဒါပေမဲ့ ယခု ပရိသတ်တွေများလာတော့
အဲဒီ မျှော်လင့်ချက်အတိုင်း သိပ်မဟုတ်လှဘူး။ ချွတ်ယွင်းသူတွေက ပေါ်ပေါ်လာတယ်။ လွန်ခဲ့တဲ့
(၂)နှစ် သုံးနှစ်လောက်ကဘဲ ဆိုပါတော့ အဲဒီလောက်အတွင်းကမှ ချွတ်ယွင်းတာတွေ ပိုပြီးထင်ရှားလာတယ်။
အစကောင်းပေမဲ့
အနှောင်းချွတ်ယွင်း
ဗုဒ္ဓမြတ်စွာဘုရား
ပွင့်တော်မူခါစ သာသနာတော် အဦးအစက ရဟန်းပြုကြတဲ့ ပုဂ္ဂိုလ်တွေဟာ သဒ္ဓါရော တရားဂုဏ်အဆင့်ရော
ပြည့်စုံကြပါတယ်။ ရဟန္တာပုဂ္ဂိုလ်တွေဘဲ များခဲ့ပါတယ်၊ အဲဒီတုန်းက ဝိနည်းသိက္ခာပုဒ်တော်ဟာ
ပြောလောက်ဆိုလောက်အောင် မရှိခဲ့သေးဘူး၊ ဝိကာလဘောဇန သိက္ခာပုဒ်ဆိုတာကို ပဌမအစက မပညတ်ခဲ့သေးဘူး။
ပညတ်တဲ့အခါကျတော့လဲ နေမွန်းလွဲတဲ့ ညနေပိုင်း မစားဘို့ ရှေးဦးစွာ ပညတ်ပြီးတော့ အတော်အတန်ကြာမှ
ညပိုင်းမစားဘို့ ပညတ်တော်မူပါသတဲ့။ အဲဒီ သိက္ခာပုဒ် မရှိသေးမီကဆိုယင် သီလသိက္ခာအလေးပြုတဲ့
ပုထုဇဉ် အရိယာများက နေမွန်းလွဲတဲ့အခါ မစားဘဲကြဉ်ရှောင်နေကြပေမယ့် အချို့ကတော့ ညနေပိုင်းရော
ညဉ့်ပိုင်းရော ဆွမ်းခံပြီး စားနေကြပါသတဲ့။ မဇ္ဈိမပဏ္ဏာသပါဠိတော် လဋုကိကောပမသုတ် စသည်ဖြင့်ထင်ရှားပါတယ်။
ဝိနည်းအလေးပြုရေး
ယခု သြဝါဒပေးဘို့ကတော့
အယင်ကပေးနေကျ သြဝါဒ ခေါင်းစဉ်ခုနစ်ပါးဖြင့်ပင် ပြည့်စုံနေပါပြီ။ အဲဒီ ခုနစ်ပါးထဲက အမှတ်(၁)အရ
ဝိနည်းကို အလေးပြုရေးဆိုတာ အရေးကြီးပါတယ်၊ အရှင်ဘုရားတို့ဟာ ဝိနည်းကို တတ်သိကြပြီးချည်းဖြစ်ပါတယ်။
ဒါပေမယ့် ပြည့်စုံသည်ထက် ပြည့်စုံအောင် ထပ်ပြီး လေ့လာဘို့လိုပါတယ်။ ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့
စာပေကျမ်းဂန်တတ် စာချဆရာတော်ကြီး တစ်ပါးက ဝိနည်းအဆုံးအဖြတ် စာအုပ်တစ်ခု ရေးထုတ်တာကို
တွေ့ရပါတယ်။ အဲဒီစာအုပ်ထဲမှာ မှတ်သားလောက်တဲ့ အဆုံးအဖြတ်တွေလဲ တော်တော်များများ ပါပါတယ်။
ဒါပေမယ့် မမှားသင့်ရာမှာ မှားပြီး ရေးသားဆုံးဖြတ်ထားတာ တွေကိုလဲ တွေ့ရတယ်။ သာသနာတော်အတွက်
ဝမ်းနည်းစရာပါဘဲ။ တွေ့ရတာ တစ်ခုကတော့ ဝိကာလဘောဇန သိက္ခာပုဒ်နှင့်စပ်ပြီး သတ္တာဟကာလိက
အကြောင်း မှားယွင်းစွာရေးသားဆုံးဖြတ်ထားချက်ပါဘဲ။
အဲဒီမှာ
ရေးထားပုံက “သတ္တာဟကာလိကကို အာဟာရအတွက် အကပ်ခံပြီး ခုနစ်ရက်ပတ်လုံး သုံးဆောင်ကောင်းတယ်၊
ဆေးအတွက်ဆိုယင်တော့ တသက်ပတ်လုံး သုံးဆောင်ကောင်းတယ်”တဲ့။ အဲဒီ ဆုံးဖြတ်ချက် မှားယွင်းကြောင်း
ဝိနည်းတတ်သိကြတဲ့ အရှင်ဘုရားတို့လဲ သိကြမှာပါဘဲ။ အမှန်ကတော့ သတ္တာဟကာလိကကို အကပ်ခံပြီး
ခုနစ်ရက်အတွင်း သုံးဆောင်ရတယ်ဆိုတာဟာ ဆေးအဖြစ်ဖြင့် သုံးဆောင်ရတာကိုဆိုတာပါ။ အာဟာရအတွက်
မဟုတ်ပါဘူး။ သတ္တာဟကာလိကကို နေမွန်းလွဲတဲ့အခါ အာဟာရအတွက် အကပ်ခံယင် ဒုက္ကဋ်အာပတ်သင့်တယ်။
စားသောက်ယင်လဲ ဒုက္ကဋ်အာပတ်သင့်တယ်၊ အဲဒီအနက်အဓိပ္ပါယ်ဟာ “ယာမကာလိကံသတ္တာဟကာလိကံ ယာဝဇီဝံ
အာဟာရတ္ထာယ ပဋိဂ္ဂဏှာတိ အာပတ္တိ ဒုက္ကဋဿ။ အဇ္ဈောဟာရေ အဇ္ဈောဟာရေ အာပတ္တိ ဒုက္ကဋဿ”လို့
ဝေဘန်ပြထားတဲ့ ဝိကာလ ဘောဇန သိက္ခာပုဒ်၏ ပဒဘာဇနီပါဠိဖြင့်ပင် အလွန်ထင်ရှားနေပါတယ်။
နောက်ပြီးတော့
သတ္တာဟကာလိကကို ဆေးအတွက် အကပ်ခံပြီး ခုနစ်ရက်အတွင်းသာ သုံးဆောင်ရတယ်၊ ခုနစ်ရက်ထက် ပိုလွန်ပြီးထားလျှင်
နိဿဂ္ဂိပါစိတ်အာပတ်သင့်တယ် ဆိုတာလဲ “ယာနိ ခေါ ပန တာနိ ဂိလာနာနံ ဘိက္ခူနံ ပဋိသာယနီယနိ
ဘေသဇ္ဇာနိ။ပ။ တာနိ ပဋိဂ္ဂဟေတွာ သတ္တာဟပရမံ သန္နိဓိကာရကံ ပရိဘုဉ္ဇိတဗ္ဗာနိ၊ တံ အတိက္ကာမယတော
နိဿဂ္ဂိယံ ပါစိတ္တိယံ”ဆိုတဲ့ ပါတိမောက်သိက္ခာပုဒ်ဖြင့်ပင် ထင်ရှားနေပါတယ်။
ဒါလောက်
ထင်ရှားနေပါလျက်နဲ့ အဲဒီစာအုပ်မှာ “သတ္တာဟကာလိကကို အာဟာရအတွက် အကပ်ခံပြီး ခုနစ်ရက်ပတ်လုံး
သုံးဆောင်ကောင်းကြောင်း၊ ဆေးအတွက် ဆိုလျှင်တော့ တစ်သက်ပတ်လုံး သုံးဆောင် ကောင်းကြောင်း”
မှားယွင်းစွာရေးထားတာဟာ အလွန်ပင် အံ့စရာကောင်းပါတယ်။ အဲဒီကျမ်းဆရာ ကိုးကားထားတာကတော့
သာရတ္ထဒီပနီဋီကာပါဌ်ပါဘဲ၊ အဲဒီ ဋီကာကတော့ သူယူဆတဲ့အတိုင်း ဆိုလိုတာ မဟုတ်ပါဘူး။ ဝိနည်းပါဠိ
အဋ္ဌကထာများအတိုင်းပင် ထပ်ဆင့်၍ ဖွင့်ပြထားချက်မျှသာ ဖြစ်ပါတယ်။
ယခုပြောခဲ့တဲ့
မှားယွင်းသော အဆုံးအဖြတ်ကို ယုံကြည်ပြီးတော့ သတ္တာဟကာလိကကို အာဟာရအတွက် သုံးဆောင်ယင်၊
ဆေးအတွက် ခုနစ်ရက်ကျော်လွန်ပြီး သုံးဆောင်ယင် အာပတ်သင့်ရုံမျှ မက ဝိနည်းကိုလဲ မရိုသေရာရောက်ပါလိမ့်မယ်၊
ဒီလို ဝိနည်းကို မရိုမသေ ဆုံးဖြတ်ပြီး မရိုမသေပြုကျင့်သွားကြယင် ဝိနည်းကျင့်ဝတ်တွေ
ပျက်သွားဘို့ သေချာပါတယ်။
ယခု ပြောခဲ့တာက
ပုံစံတစ်ခုအနေနဲ့ ထုတ်ပြတာပါဘဲ၊ ဝိနည်းသိက္ခာပုဒ်တွေနဲ့စပ်ပြီး အကျယ်ဝေဘန်ပြောဖို့တော့
အချိန်မရှိပါဘူး။ မိမိတို့ လေ့လာတတ်သိပြီးဖြစ်သည့်အတိုင်း ရိုသေစွာ ကျင့်သွားကြဘို့ပါပဲ၊
အချိန်ရပါလျှင် ဝိနည်းကို အထပ်ထပ်လေ့လာပြီး တတ်သိသည့်အတိုင်း ကျင့်သုံးသွားကြဘို့ပါဘဲ၊
အရေးကြီးတာကလေး သုံးလေးခုလောက်တော့ ပြောချင်ပါသေးတယ်။
အရုဏ်တက်
သတိပြုရန်
ယာဝကာလိက
ဆိုယင် နံနက် အာရုဏ်တက်ပြီးမှ အကပ်ခံပြီး သုံးဆောင်ရတယ်။ အရုဏ်မတက်ခင်က အကပ်ခံထားယင်
အရုဏ်တက်တဲ့အခါ သန္နိဓိဖြစ်သွားတယ်၊ အဲဒါကို မစားကောင်းတော့ဘူး။ စားယင် သန္နိဓိသိက္ခာပုဒ်အရ
ပါစိတ်အာပတ်သင့်တယ်၊ အာရုဏ်မတက်ခင် စားယင်တော့ ဝိကာလဘောဇနသိက္ခာပုဒ်အရ ပါစိတ်အာပတ်သင့်တယ်။
တစ်နေ့လုံး တစ်ညဉ့်လုံး မစားဘဲ ရှောင်ကြဉ်လာခဲ့ပြီးမှ အရုဏ်တက်ခါနီး တစ်နာရီခန့် နာရီဝက်ခန့်အတွင်းမှာ
စားသုံးမိလို့ အာပတ်သင့်ရတယ်ဆိုယင် တစ်နေ့လုံး တစ်ညဉ့်လုံး ရှောင်ကြဉ်လာခဲ့တာတွေဟာ
အလကားလိုဖြစ်သွားတယ်၊ ဝမ်းနည်းစရာဘဲ။
ဝိနယာလင်္ကာရဋီကာမှာ
အရုဏ်ချိန်နှင့်စပ်ပြီး ဆုံးဖြတ်ထားတာရှိပါတယ်၊ သင့်လဲ သင့်ပါတယ်၊ နေမထွက်မီ တစ်နာရီ
(၂)နာရီခန့်ဖြင့် အရုဏ်တက်သည်ဟု သတ်မှတ်အပ်ကြောင်း ပြဆိုထားပါတယ်။ အဲဒီမှာ တစ်နာရီ
(၂)နာရီဆိုတာက ဘာနာရီလဲဆိုရင် အဲဒီဋီကာရေးတဲ့ခေတ်တုန်းက ဗမာပြည်မှာ စက်နာရီမပေါ်သေးဘူး။
နေ့နာရီ ၃၀၊ ညဉ့်နာရီ ၃၀ ဆိုတဲ့ ဗမာနာရီကို အသိအမှတ်ပြုနေကြတဲ့အခါ ဖြစ်တယ်။ ဒါကြောင့်
အဲဒီဋီကာမှာ ပြဆိုထားတဲ့နာရီဟာ ဗမာနာရီဖြစ်ကြောင်း သိသာပါတယ်။ အဲဒီ ဗမာနာရီ (၁)နာရီမှာ
ယခု စက်နာရီဖြင့် (၂၄) မိနစ်ရှိတယ်၊ ဒါကြောင့် မကြာမီက မင်းဘူးမှ ဆရာတော်တစ်ပါးက ရေးသားစီရင်တဲ့
အရုဏ်တက်ချိန် အဆုံးအဖြတ်စာအုပ်မှာ နေမထွက်မီ ၂၄ မိနစ်၌ အရုဏ်တက်ကြောင်း ဆုံးဖြတ်ထားပါတယ်။
ဒါပေမဲ့
နေထွက်ပုံကို ထင်ရှားမြင်ရတဲ့ အရပ်မှာဆိုယင် မိမိတို့၏ မျက်မြင်ဖြင့်ပင် နေမထွက်မီ
မည်မျှလောက်အချိန်က အရုဏ်ရောင် ထွက်ပေါ်လာတယ်ဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်၊ အရုဏ်ရောင်ဆိုတာ
နေမထွက်မီက ပေါ်လာတဲ့ နေ၏အရောင်ဖြစ်ကြောင်း၊ စဉ်းငယ်နီတဲ့အရောင် ဖြစ်ကြောင်း အဘိဓာန်ကျမ်းစသည်မှာ
(သူရေဿာဒယတော ပုဗ္ဗု- ဋ္ဌိတရံသိ သိယာရုဏော)စသည်ဖြင့် ၎င်း၊ (အရုဏော ကိဉ္စိရတ္တော)ဟူ၍၎င်း
ပြဆိုထားပါတယ်။ ဒါကြောင့် နံနက်လင်းစပြုတဲ့ အချိန်မှာ နေထွက်မည့်အရပ်ဆီကို စောင့်မျှော်ကြည့်နေယင်
နေမထွက်မီ မိနစ် (၅၀)ခန့်လောက်မှာ စဉ်းငယ်နီသော အရောင်ပေါ်လာတာကို တွေ့ရပါလိမ့်မယ်၊
အဲဒီ စဉ်းငယ်နီတဲ့အရောင် ပီပီသသပေါ်လာတဲ့အချိန်ကို အရုဏ်တက်ချိန်လို့ မှတ်ယူနိုင်ပါတယ်၊
စက်နာရီအလိုအားဖြင့် နေမထွက်မီ မိနစ် (၅၀)ခန့်အချိန်မှာ အဲဒီအရုဏ်ရောင်ကို တွေ့မြင်ရတတ်ပါတယ်၊
ဒါကြောင့် နေမထွက်မီ မိနစ် (၅၀)ခန့်အချိန်ကို အစောဆုံး အရုဏ်တက်ချိန်လို့ မှတ်ယူသင့်ပါတယ်။
ဒါပေမယ့် ရှင်ရဟန်းများ ဥသုပ်သည်များမှာ အဲဒီအချိန်ထက် (၅)မိနစ်ခန့် (၁၀)မိနစ်ခန့်
နောက်ချပြီး စားသုံးလျှင် သာပြီး သံသယကင်းဘွယ်ရှိပါတယ်။
နေထွက်ချိန်
နာရီကိုတော့ ဗမာလနှင့် ကိန်းသေမှတ်ထားယင် အတိအကျ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့
ဗမာလက ဝါထပ်ပြီးခါစမှာ အချိန်မှန်ပေမဲ့ တစ်နှစ်တစ်နှစ်မှာဆိုယင် (၁၁)ရက်သာသာလောက် စောစောလာပါတယ်။
(၃)နှစ်ခန့် (၂)နှစ်ကျော်ခန့်မှာ ရက် (၃၀)လောက် စောနေတဲ့အတွက် ပဌမဝါဆို တစ်လလုံးကိုပယ်ပြီး
ဒုတိယဝါဆိုတစ်လ ထပ်ရတယ်၊ ဒါကြောင့် ဗမာလနှင့်ဆိုယင် နေထွက်ချိန်ဟာ အတိအကျမှတ်ယူထားလို့မဖြစ်ပါဘူး။
ယခုနေအခါမှာ ကမ္ဘာသုံးလဖြင့် ရက်စဉ်အတိုင်း နေထွက်ချိန် နာရီမိနစ်များကို အတိအကျပြထားတဲ့
စာရင်းဇယားတွေ ရှိပါတယ်။ အဲဒီစာရင်းဇယားအရက နေထွက်ချိန် ပိုပြီးတိကျပါတယ်။ ဒါကြောင့်
အဲဒီနေထွက်ချိန် စာရင်းဇယားဖြင့် နေမထွက်မီ (၄၅)မိနစ်ခန့် (၄၀)ခန့်မှာ အရုဏ်တက်တယ်လို့
ယူယင် သင့်လျော်ပါလိမ့်မယ်။ ဒါပေမဲ့ ဆောင်းရာသီမှာ ဗမာပြည်တောင်ပိုင်းက နေထွက်စောတတ်တယ်၊
နွေရာသီမှာ မြောက်ပိုင်းက စောတတ်တယ်၊ အဲဒီ နေထွက်အပြောင်းအလဲကိုလဲ သတိပြုသင့်ပါတယ်။
အဲဒီ
အာရုဏ်တက်ချိန်ဟာ ဝိကာလဘောဇနသိက္ခာပုဒ်အတွက် အရေးကြီးသည့်ပြင် ပရိဝတ် မာနတ်ဆောင်တည်ရမှာလဲ
အရေးကြီးပါတယ်။ အရုဏ်မတက်သေးဘဲ ပရိဝတ်မာနတ်ကို ချမိယင် အဲဒီရက်ဟာ ရတ္တိစ္ဆေဒ ဖြစ်သွားပါတယ်၊
စာရင်းမဝင်တော့ပါဘူး။ ဒါကြောင့် ပရိဝတ် မာနတ်အတွက် ဆိုရင် နေမထွက်မီ စက်နာရီဖြင့် တစ်နာရီခွဲခန့်က
ဆောက်တည်ပြီးတော့ နေထွက်ခါနီး မိနစ် (၂၀)လောက်ကျမှ ဝတ်ကိုချယင် သာပြီး စိတ်ချရပါတယ်။
နောက်တစ်ခုကတော့
ကျောင်းဝင်းမှ ထွက်ခွါသွားယင် သင်္ကန်းရုံသွားဘို့ပါဘဲ၊ အဲဒါက အလွန်ကျေးဇူး များပါတယ်။
ဒါကြောင့် မဟာစည် စည်းမျဉ်းဥပဒေထဲမှာ အဲဒါကို ထည့်သွင်းထားပြီး ရှိနေပါတယ်။
နောက်ပြီးတော့
ပရိမဏ္ဍလ ပါရုပနအရာ၌ ပါဠိကာရကရဟန်းကဲ့သို့ လက်ဝဲလက်မောင်းကို ဖော်၍ ဧကသီကို မရုံမိစေရန်
သတိပြုကြဘို့ပါဘဲ။ အဋ္ဌကထာမှာ အဝန်းညီစွာရုံပုံကို ဖွင့်ပြထားပုံကတော့ သုပ္ပဋိစ္ဆန္နသိက္ခာပုဒ်မှာလိုဘဲ
ဉဘောကဏ္ဏေ သမံ ကတွာ ပါရုပနံ လို့ပြဆိုထားပါတယ်။ ပဋိသင်္ဃရိတွာ ၊ ခေါက်လိပ်၍ ဆိုတဲ့
ပုဒ်မပါတာလောက်ဘဲ ထူးပါတယ်။ ဒါကြောင့် အရိုအသေ ရုံသင့်ရာဌာနများအတွက် ရုံတဲ့အခါမှာ
အထက်ပိုင်းသင်္ကန်းအစွန်း (၂)ခုကို အညီအညွတ်ပြုပြီး သုပ္ပဋိစ္ဆန္နရုံတာလိုပင် လက်ဝဲလက်မောင်းကို
ရစ်ပတ်ပြီးရုံတာဟာ အဋ္ဌကထာအဆိုနှင့်ညီပါတယ်၊ ဧကံသံ စီဝရံ ကတွာအရ ရုံရာမှာလဲ ဒီနည်းဖြင့်
ရုံတာဟာ အလွန်သင့်လျော်ပါတယ်၊ အဲဒီလိုမဟုတ်ဘဲ အများရုံနည်းဖြင့် ရုံယင်လဲ လက်ဝဲလက်မောင်းလုံခြုံနေယင်
သင့်လျော်တယ်လို့ ယူရမှာပါပဲ။ အဲဒီ ဧကံသပါရုပနဟာ ဘုရားဆင်းတုတောရှေ့ စေတီတော်ရှေ့ မထေရ်ကြီးများရှေ့၌
အရိုအသေပြုသောအားဖြင့် ရုံပုံရုံနည်းပါဘဲ၊ မြို့ထဲရွာထဲမဟုတ်ယင် အရိုအသေပြုသင့်တဲ့
နေရာဌာနမှာ အဲဒီ ဧကံသပါရုပနဖြင့် အရိုအသေပြုရပါတယ်။ ဥဘောအံသပါရုပနနည်း သင်္ကန်းရုံလျက်
အရိုအသေပြုတာကတော့ မသင့်လျော်ပါဘူး။ ဘာကြောင့်လဲဆိုယင် အရိုအသေပြုသင့်တဲ့အရာတိုင်းမှာ
ဧကံ သံ စီဝရံ ကတွာ လို့ချည်း ဟောတော်မူသောကြောင့်ပါဘဲ၊ နောက်တစ်ခုကတော့ ဘုရားရှေ့ မထေရ်ကြီးများရှေ့နဲ့
သံဃာ့ အလယ်တို့မှာ ဒူးတဖက်ကို ဖြစ်စေ၊ နှစ်ဖက်လုံးကိုဖြစ်စေ၊ လက်နှစ်ဖက်ဖြင့် ပိုက်ပြီးထိုင်တဲ့
ပလ္လတ္ထိကထိုင်နည်းဖြင့် မထိုင်မိစေရန်လဲ သတိပြုကြစေလိုပါတယ်။
နောက်တစ်ခုက
ရွှေငွေကို နဝကမ္မဆိုပြီး ဒကာ ဒကာမတွေက လှူရာမှာ အပြစ်ကင်းတဲ့နည်းဖြင့် အလှူခံဘို့ သိမ်းထားဘို့ သုံးစွဲဘို့ပါပဲ၊ အဲဒါကလဲ အလွန်အရေးကြီးပါတယ်။
အဲဒီအကြောင်းကို
အရှင်ဘုရားတို့လဲ လေ့လာပြီးဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ပြည့်စုံသည်ထက်ပြည့်စုံအောင် ထပ်ပြီးလေ့လာကြစေလိုပါတယ်။
ပါဠိတတ်တဲ့ ဆရာတော်တွေဆိုယင် ပါဠိအဋ္ဌကထာဋီကာများကို ထပ်မံကြည့်ရှုပြီး လေ့လာကြရုံပါဘဲ၊
ပါဠိမှာ ကောင်းကောင်းမကျွမ်းကျင်ယင်လဲ ယခုနေအခါမှာ မြန်မာဘာသာဖြင့် ရေးထားတဲ့ ဝိနည်းဆိုင်ရာ
ကျမ်းစာအုပ်တွေရှိပါတယ်။ မန္တလေးတောင်မြို့က ဆရာတော် အရှင်ဇနကာဘိဝံသရေးထားတဲ့ ဝိနည်းဆိုင်ရာ
ကျမ်းစာအုပ်တွေဆိုယင် သာပြီး သိလွယ်ပါလိမ့်မယ်။
အပြစ်ကင်းအောင်
အလှူခံနည်း အကောင်းဆုံးကတော့ ဝိနည်းမဟာဝါ (၃၄၂)မှာ ပြထားတဲ့ (သန္တိ ဘိက္ခဝေ မနုဿာ သဒ္ဓါ
ပသန္နာ၊ တေ ကပ္ပိယကာရကာနံ ဟတ္ထေ ဟိရညံ ဥပနိက္ခိပန္တိ “ဣမိနာ အယျဿ ယံ ကပ္ပိယံ၊ တံ ဒေထာ”
တိ၊ အနုဇာနာမိ ဘိက္ခဝေ ယံ တတော ကပ္ပိယံ၊ တံ သာဒိတုံ) ဆိုတဲ့ ခွင့်ပြုတော်မူချက် မေဏ္ဍကသိက္ခာပုဒ်အရ
(ဤဝတ္ထုငွေတို့မှ ဖြစ်ပေါ်လတံ့သော ရဟန်းတော်တို့အား အပ်စပ်သော ဆွမ်း သင်္ကန်းစသော လိုရာရာပစ္စည်းတို့ကို
အရှင်ဘုရားအားလှူပါ၏။ ဝတ္ထုငွေတို့ကို အရှင်ဘုရား၏ ကပ္ပိယကာရကထံ၌ အပ်နှံ၍ထားပါမည်။
အလိုရှိသော ဆွမ်း သင်္ကန်းစသည်ကို ထိုကပ္ပိယကာရကထံမှ တောင်းယူ၍ သုံးတော်တော်မူပါလို့)ဆိုပြီး
လှူတာဟာ အကောင်းဆုံးပါဘဲ။ အဲဒီလို ဆိုကာ လှူပြီးတော့ ကပ္ပိယကာရကထံမှာ အပ်နှံထားခဲ့ယင်
အလိုရှိသောပစ္စည်းကို အဲဒီကပ္ပိယကာရကထံမှ တောင်းယူသုံးစွဲနိုင်တယ်။ အပြစ်မရှိ စင်ကြယ်ပါတယ်။
နဝကမ္မအား လှူပါ၏ လို့ဆိုပြီး လှူပေမဲ့ သိမ်းမှု သုံးစွဲမှုနှင့်စပ်ပြီး အပ်စပ်ဘို့လိုပါသေးတယ်။
ဟိုနားမှာထားလိုက်၊ ဘယ်သူ့ထံ ပေးလိုက် စသည်ဖြင့် ညွှန်ကြားပြီးသိမ်းယင် အဲဒါ မအပ်ဘူး။
သုံးတဲ့အခါလဲ အရောင်းအဝယ်သဘော သက်ရောက်တဲ့ စကားဖြင့် ပြောဆိုသုံးစွဲယင် အဲဒါလဲ မအပ်ဘူး။
အပ်စပ်တဲ့ပစ္စည်းကို ကပ္ပိယကာရကထံမှ တောင်းယူပါမှ အပ်တယ်။ ဒါကြောင့် ခုတင်က ပြောခဲ့တဲ့
မေဏ္ဍကသိက္ခာပုဒ်အရ လှူနည်းသုံးနည်းဟာ အကောင်းဆုံးပါဘဲ။
သာပြီးဆိုးတာကတော့
ငွေတွေ ငွေစက္ကူတွေကို ဒကာ ဒကာမတွေက လှူတဲ့အခါ ရဟန်းတော်တွေက မိမိတို့၏ လက်ဖြင့်ပင်ခံယူတာတွေရှိတယ်။
မဟာစည်ဂိုဏ်းထဲမှာတော့ အဲဒီလို ခံယူတာကို မတွေ့ဘူး၊ မကြားဘူးပါဘူး။ ဒါပေမယ့် မဟာစည်ဂိုဏ်းဝင်အမည်နဲ့
ပုဂ္ဂိုလ်တွေက အများကြီးဆိုတော့ ဒီလိုအလှူခံတာ မရှိဘူးလို့တော့ မဆိုနိုင်ပါဘူး။ အဲဒီမအပ်မရာ
အလှူခံမှုမျိုး, ရွှေငွေကို ကိုင်တွယ်မှုမျိုး တွေဟာ အလွန်အမြင်မတော်တဲ့ အမှုမျိုးတွေဖြစ်တဲ့အတွက်
လွတ်လွတ်ကင်းကင်း ရှောင်ကြဉ်ကြရန် အထူးသတိပေးပါတယ်။
နောက်ပြီးတော့
အကပ်ခံတဲ့နေရာမှာ ကပ်တဲ့စားသောက်ဖွယ်၏ တည်ရာ ပုဂံခွက် စားပွဲခုံစသည်ကို လက်နဲ့သွားတို့တာ,
မကပ်သေးခင်က ဆွဲယူတာ ဒီလိုကိုယ်က သွားကိုင်တာမျိုး မဖြစ်စေရဘူး။ (အဘိဟာရ) ရှေးရှုဆောင်ကပ်ပေးခြင်းဆိုတဲ့
အင်္ဂါနှင့်အညီ ပေးကပ်တဲ့သူက ရဟန်း၏လက်ထဲသို့ ထည့်ပေးခြင်းသာဖြစ်စေရတယ်။ ကပ်သူနှင့်အကပ်ခံသူ
အကွာအဝေးကတော့ ၂ တောင်ထွာ ဟတ္ထပါသ်အတွင်းမှာ တည်ရှိစေရမယ်တဲ့။ အဲဒီ ၂ တောင်ထွာ ပမာဏကိုလဲ
အကပ်ခံသူက ထိုင်နေယင် အကပ်ခံသူ၏နောက်ဖက်မှ စပြီးယူရမယ်။ ရပ်နေယင်လဲ ဖဏှောင့်အစွန်းမှ
စပြီးယူရမယ်။ ကပ်သူ၏ဘက်မှတော့ လှမ်းပြီးကပ်တဲ့ လက်မှတပါး အနီးဆုံး ကိုယ်အင်္ဂါ၏ အတွင်းဘက်မှ
ယူရမယ်တဲ့၊ ၂ ယောက် ၊ ၃ ယောက် ကပ်ယင် တစ်ယောက်ကတော့ အဲဒီ ဟတ္ထပါသ်အတွင်းရောက်ဘို့ လိုပါတယ်။
အလေးချိန်ကတော့ အလယ်အလတ်အားရှိသူ ပင့်မနိုင်တဲ့အရာဝတ္ထုဖြစ်ရမယ်တဲ့။ ဒါကြောင့် အားအလယ်အလတ်ရှိသူ
မပင့် မမနိုင်လောက်ဘူးထင်ယင် တစ်ချို့ကို ချထားစေပြီးမှ အကပ်ခံရတယ်။ အဲဒါဟာ အကပ်ခံမှုနှင့်စပ်ပြီး
သတိပြုဘို့ပါဘဲ။
နောက်တစ်ခုကတော့ ကမ္မဋ္ဌာန်းဌာနအတွင်း၌ နစ္စ ဂိတ ဝါဒိတ များကို အခွင့်မပြုဘို့ပါဘဲ၊ ရန်ကုန် သာသနာ့ရိပ်သာမှာတော့ ရှင်ပြုအလှူအခမ်းအနားများ၌ အတီးအမှုတ်အဆိုများမပါစေရန် တားမြစ်ထားပါတယ်။ အတီးအမှုတ်အဆိုတွေ ထည့်ချင်ယင် အခြားဌာနများမှာ ကျင်းပကြဘို့လဲ ညွှန်ကြားထားပါတယ်။ တိပိဋကပူဇော်ပွဲကတော့ ဘုရားတပည့်တော် သာသနာ့ရိပ်သာ မရောက်ခင်ကတည်းက ကျင်းပတဲ့ပွဲဖြစ်သည့်ပြင် တားမြစ်ရန်လဲ မပိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် အဲဒီပွဲမှာ စည်တော်ကြီး တီးတာကိုတော့ လျစ်လျူရှုထားရပါတယ်။ အဲဒါကို အကြောင်းပြုပြီးတော့ ဆင်ခြေမကန်ရန်လဲ သိနားလည်ထားကြစေလိုပါတယ်။ ယခုနေအခါမှာ ရကော်ဒါကတ်ဆက် ရေဒီယိုတွေက အလွန်ပေါနေပါတယ်။ အဲဒီ ရကော်ဒါကက်ဆက် ရေဒီယိုများဖြင့် သီချင်းများ အတီးအမှုတ် အသံများကို ကမ္မဋ္ဌာန်းဌာန၌ ကိုယ်တိုင်လဲမဖွင့်ကြရန်၊ သူတစ်ပါးအားလဲ ဖွင့်ခွင့်မပြုကြရန် အထူးသတိပြုကြစေလိုပါတယ်။