ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ သြကာသအဖွင့်မှ ကောက်နုတ်တင်ပြခြင်း

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၁၁-ခုနှစ် တန်ဆောင် မုန်း လပြည့်ကျော် ၆-ရက်နေ့၌ ရန်ကုန်သာသနာ့ရိပ်သာကို ရောက်တော်မူ၍ နတ္တော် လပြည့်နေ့ မွန်းလွဲ ၂-နာရီအချိန်၌ ဓမ္မစက္ကပဝတ္တနသုတ်ကို စတင်ဟောကြားခဲ့ပါသည်။ တရားအားထုတ်လိုသူ ယောဂီသစ် ၂၅-ဦးတို့အားလဲ ထိုနေ့ညနေ ၅-နာရီခွဲ အချိန်၌ပင် ဝိပဿနာအလုပ်ပေး တရားတော်ကို စတင်ဟောကြားခဲ့ပါသည်၊ ထိုတရားပွဲတို့၌လဲ အစဉ်အလာအရ သီလခံယူသောအခါ သြကာသဖြင့်ပင် စခဲ့လေရာ တယောက်တမျိုး ရှိခိုးကြသော သြကာသအသံတို့မှာ မသဲမကွဲ သဲသဲမဲမဲ ရွာသွန်းလိုက်သော မိုးပမာ တဝေါဝေါ မည်လာပြီးလျှင် တဖြည်းဖြည်း အသံစဲ၍ တိတ်သွားတော့သည်။

ဆဋ္ဌသံဂါယနာမတင်မီ ၁၃၁၄-ခုနှစ်လောက်က ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး၏ သြဝါဒခံ ကမ္မဋ္ဌာန်းဌာနတို့မှာ မြန်မာနိုင်ငံအရပ်ရပ်၌ တစ်ရာနီးပါးရှိလာပါပြီ၊ ရန်ကုန်သာသနာ့ရိပ်သာ၌ တရားအားထုတ်နေကြသော ရဟန်း ရှင်လူ ယောဂီတို့လည်း နှစ်ရာခန့် အမြဲလိုလို ရှိနေပါပြီ၊ နိုင်ငံရပ်ခြား တိုင်းတပါးမှ လူမျိုးပေါင်းစုံတို့လဲ လာရောက် တရားအားထုတ်စ ပြုနေပါပြီ၊ ဆဋ္ဌသံဂါယနာတင်စဉ် အတွင်း ဂျာမဏီ, ပြင်သစ်, ဗြိတိန်, ဆွီဒင်, ဂျပန် စသော နိုင်ငံတို့က လူမျိုးပေါင်းစုံတို့ လာရောက် အားထုတ်နေသည်ကိုပင် မြင်ရသောကြောင့် ဥက္ကဋ္ဌကြီး ဆာဦးသွင်က ယောဂီထောက်ပံ့ရေး အစည်းအဝေးတခု၌ “ကျုပ်တို့က ဗမာပြည်သာမက ကမ္ဘာကိုပါ သာသနာပြုချင်လို့ ရိပ်သာထောင်စက ဘုန်းကြီးကောင်းကို ရွေးချယ် ကိုးကွယ်ခဲ့တာ ဗျာ့၊ အခုတော့ ကျုပ်တို့ရွေးချယ်တာ မှန်တာပေါ့ဗျာ၊ ဗမာပြည်သာမက နိုင်ငံရပ်ခြားက တောင် လာရောက် တရားအားထုတ်ကုန်ကြပြီ”ဟု အားရပါးရ ပြောခဲ့လေသည်၊ သို့ပါသော်လည်း သြကာသကတော့ သဲသဲမဲမဲ ရွာသွန်းမြဲ မိုးပမာ မသဲမကွဲ ရွာလေ တသဲသဲပင် ရှိပါသေးသည်။

ကျွန်တော် (မင်္ဂလာဦးအောင်မြင့်) သည် သြကာသကို တမူတည်းတသံတည်း ဖြစ်စေချင်ပါသည်။ မည်သို့ဆောင်ရွက်ရပါအံ့နည်း၊ သြကာသတမူတည်း တသံတည်း ဖြစ်ဖို့ရာမှာ သာသနာတော်၌ အတော်အသင့်သြဇာညောင်းရုံမျှသော ပုဂ္ဂိုလ်ဆောင်ရွက် ၍ ရနိုင်မည်မဟုတ်ပါ၊ အလွန်တရာ ထင်ရှား၍ တပည့်တပန်းပေါသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဆောင်ရွက်မှသာ ဖြစ်နိုင်ဖွယ်ရာရှိသည်ဟု ယုံကြည်ထားပါသည်။

တစ်နေ့သော် ဥက္ကဋ္ဌကြီး ဆာဦးသွင်အား သြကာသ တမူတည်းတသံတည်း ဖြစ်ရေးအတွက် တိုင်ပင်ကြည့်ရာ “တယောက်တမျိုးရထားတဲ့ သြကာသကို ညီအောင် လုပ်လို့ ရမလားဗျာ့၊ သြကာသမူတခု ဖြစ်လာအောင် မဟာစည်ဆရာတော်ကို အရင်လျှောက်ပေါ့”ဟု အကြံပေးပါသည်၊ မှန်ပါသည်၊ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး ချီးမြှင့်သော သြကာသဆိုပါလျှင် ဆရာတော်ဘုရားကြီး၏ သြဝါဒခံ ကမ္မဋ္ဌာန်းဌာနတိုင်း၌ အသုံးပြုကြပေမည်၊ အထူးသဖြင့် ဤသာသနာ့ရိပ်သာ၌ လည်း တမူထဲ တသံထဲ သြကာသကို ကြားနာရပေတော့မည်ဟု ကြိုတင်ဝမ်းသာ နေမိပါတော့သည်။

ဥက္ကဋ္ဌကြီးထံမှ အကြံကောင်းကို ရပြီးနောက်တနေ့မှာပင် ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးထံ ချဉ်းကပ်၍ သြကာသကန်တော့ခန်းက တစ်ဦးနှင့်တစ်ဦး မတူ ပုံ အများအားဖြင့် မှားယွင်းတဲ့သြကာသက များပုံတို့ကို အကြောင်းပြ၍ ဤသာသနာ့ ရိပ်သာ၌ “သြကာသမူ တခုတည်းရှိရန် ရေးသားချီးမြှင့်တော်မူပါမည့်အကြောင်း ရိုသေစွာ လျှောက်ထားပါသည်၊ ဆရာတော်ဘုရားကြီးသည် အတန်ကြာအောင် စဉ်းစား တော်မူပြီးမှ “ဟုတ်တယ်၊ တမူတည်း ရှိသင့်ပါတယ်”ဟု အမိန့်ရှိလိုက်ပါသည်။

နှစ်ရက်ခန့်ကြာသောအခါ ဆရာတော်ဘုရားကြီးက ခေါ်၍ “သြကာသစာမူ”ကို ချီးမြှင့်လိုက်ပါသည်။ ယောဂီများဖြစ်ကြသော ပုဇွန်တောင်ဒေါ်ငွေစော ဝင်္ကပါဒေါ်သန်း မေ ၁၅-လမ်း(ဦးချက်)ဒေါ်စော ရိပ်သာဒေါ်အေးကြည် ဒေါ်သာမေတို့၏ အကူအညီကို ယူ၍ ရွက်ရေငါးထောင်ခန့် ပုံနှိပ်ပြီးလျှင် ရိပ်သာအတွင်း တရားနာလာကြသော ပရိသတ်အား ဝေငှလိုက်ပါသည်။ ဆက်လက်ဖတ်ရှုရန် ...

ထိုစဉ်က ဝေငှသော သြကာသစာမူသည် ယခု အများနှုတ်တက်နေသော သြကာသစာမူနှင့် နောက်ပိုင်း၌ မတူတတ်ပါ၊ ဘုရားရတနာ, တရားရတနာ, သံဃရတနာတည်းဟူသော ရတနာမြတ်သုံးပါး (ဆရာသမား)တို့ကို ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရတည်းဟူသော သုံးပါးသောဒွါရတို့ဖြင့် အရိုအသေ လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြှော်မာန်လျော့ ကန်တော့ပါ၏ (အရှင်ဘုရား)ဟု ဖြစ်ပါသည်။

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ဤသြကာသစာမူ၌ “ရတနာမြတ်သုံးပါးတို့ကို ဘာဖြင့်ရှိခိုးသလဲ၊ ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရတို့ဖြင့် ရှိခိုးပါတယ်”ဟု ကရိုဏ်းပုဒ်ကို မှန်ကန်စွာ ထုတ်ပြနိုင်သော ကြောင့် သဒ္ဒါအနေအထားကို သဘောကျပါ၏၊ သို့သော်လည်း အများသော အမျိုးသမီးတို့က ဒွါရတို့ကို နှုတ်ကရွတ်ဆိုရန် မဝံ့မရဲ ဖြစ်နေကြသည်။ သို့ဖြစ်၍ ဤသြကာသကို ညီညီညာညာဆိုကြဖို့ရာ နှိုးဆော်ရန် ခက်နေပါတော့သည်။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၂၁-ခုနှစ် နယုန် လဆုတ် ၁၁-ရက် (၃၀-၆-၅၉)နေ့၌ ရန်ကုန်မြို့ကို ပြနကြွ်ကလာပြီးနောက် တပတ်ခန့်ကြာ သော တနေ့ဝယ် ကျွန်ုပ်တို့အားခေါ်၍ ဤသို့ မိန့်ကြားပါသည်။

“ဇိနရက္ခိတက အင်ဒိုနီးရှားမှာ ထေရဝါဒ ဗုဒ္ဓသာသနာကို စံနစ်တကျဖြစ် အောင် ပြုစုပျိုးထောင်ထားတယ်၊ ရဟန်းသံဃာရှေပမှာ လူဒါယကာ ဒါယိကာမတွေ ထိုင်တာကအစ အင်မတန် စံနစ်ကျတယ်၊ အားလုံးတန်းစီဝင်လာကြပြီး သံဃာရှေ့ မှောက်မှာ တန်းစီထိုင်ကြတယ်၊ ဦးချပုံကလဲ ပြီးလွယ်စီးလွယ် ဦးချပုံမျိုး မဟုတ်ဘူး၊ တည်ခြင်းငါးပါးနဲ့ ညီညွတ်အောင် အလေးအမြတ် လက်အုပ်မိုးပြီး ဦးချကြတယ်၊ သီလခံယူတဲ့အခါမှာလဲ ဗမာပြည်မှာလို မဟုတ်ကြဘူး၊ အားလုံး ညီညီညွတ်ညွတ် ရှိကြတယ်၊ ရှေ့ကရောက်နေတာတို့ နောက်ကျနေတာတို့ရယ်လို့ မရှိကြဘူး၊ အားလုံး တသံတည်း တပုံစံတည်းရှိကြတယ်၊ ဒါပေမယ့်လို့ ဘုန်းကြီးတို့ မြန်မာပြည်မှာလိုတော့ သြကာသက မစကြဘူး၊ သူတို့ဆီမှာ သြကာသ မရှိလို့ပါဘဲ၊ သီလတောင်းက စကြ တယ်၊ သီလတောင်းကိုလဲ မြန်မာပြည်မှာလို အများစုပေါင်းပြီး တောင်းကြတာပါပဲ၊ သီလတောင်းက စပြီးတော့ သီလခံယူပြီးသည့်အထိ မြန်မာပြည်မှာလိုပဲ အများစုပေါင်း ပြီး လိုက်ဆိုကြတယ်၊ အင်မတန်ညီတယ်၊ ကြားရသူတိုင်း စိတ်နှလုံး ကြည်နူးကြတယ်၊ ကြည်ညိုဖွယ်ကို ဆောင်နိုင်တဲ့ နည်းကောင်းပါပဲ၊

တနေ့ကျရင် ဇိနရက္ခိတက သူ့တပည့် ဒါယကာ ဒါယိကာမတွေနဲ့ မြန်မာပြည် ကို မလာဘူးလို့ မပြောနိုင်ဘူး၊ ဆရာသမားရဲ့ တိုင်းပြည်ဆိုပြီး အတုယူစရာတွေ အများကြီးရလိမ့်မယ်လို့ လာတဲ့အခါ အစစအရာရာ တယောက်တမျိုး ဆိုကြတာတွေကို တွေ့သွားရင် နေရာမကျလှဘူး၊ သြကာသကအစ ညီညီညွတ်ညွတ် ဖြစ်အောင် လုပ်ကြအုံးမှ တော်လိမ့်မယ်။”

ကျွန်တော့်မှာ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး မိန့်ကြားတော် မူသည်ကို နာယူရင်း အတိုင်းမသိ ဝမ်းသာနေပါတော့သည်၊ ရွာလေတသဲသဲ မသဲကွဲသော မိုးသံပမာ တဝေါဝေါ ကြားနေရသော သြကာသသံသည် ကွယ်ပျောက်၍ တမူတည်းသော သြကာသသံကို ကြားနေရသလိုပင် ရှိနေပါတော့သည်။

ဆက်လက်၍ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးက “ဦးအောင်မြင့် အရင်က ပုံနှိပ်ဝေငှတဲ့ သြကာသကို တသံတည်းဖြစ်အောင် ဆောင်ရွက်ဖို့လိုလာပြီ၊ သြကာသရော သီလခံယူတာပါ အားလုံး တညီတညွတ်တည်း တသံတည်းဖြစ်အောင် ဆောင်ရွက်ရမယ်”ဟု အမိန့်ရှိတော်မူပါသည်။

ကျွန်တော်သည် “မှန်ပါဘုရား”ဟု လျှောက်ထားကာ လက်အုပ်ချီ၍ အိမ်သို့ ပြန်ခဲ့ပြီးလျှင် ယခင် ဆရာတော်ဘုရားကြီး ချီးမြှင့်တော်မူသော သြကာသစာမူ နှစ်ရွက် ကို ယူခဲ့ပါသည်၊ တစ်ရွက်ကို ဆရာတော်ဘုရားကြီးအား ဆက်ကပ်လိုက်ပြီးလျှင် ကျန် တစ်ရွက်ကို ကျွန်တော်က ဖြန့်၍ ကြည့်နေပါသည်၊ ဆရာတော်ဘုရားကြီးက “ဘာလျှောက်စရာ ရှိလို့တုံး” ဟု အမိန့်ရှိပါသည်၊ ကျွန်တော့်မှာ ဘယ်ကစပြီး ဘယ်လိုလျှောက်ရမှန်း မသိနိုင်အောင် စကားစရှာမရနိုင်ပဲ ရှိနေပါသည်၊

နောက်မှ နိုင်ငံတော်အစိုးရ ဗုဒ္ဓသာသနာအဖွဲ့ အစည်းဝေးတခု၌ တရား ဝန်ကြီးချုပ် ပြောကြားသောစကားကို သတိရသဖြင့် ဤသို့ လျှောက်ထားလိုက်ရ ပါသည်။ “တခါတုံးက ဗုဒ္ဓသာသနာအဖွဲ့ အမှုဆောင် အစည်းအဝေးမှာ ကံနှင့် ဒွါရအကြောင်းက်ု စကားစပ်မိကြလို့ အမှုဆောင်လူကြီးများ တယောက်တမျိုးစီ ပြောကြ ပါတယ်ဘုရား၊ ဒီအခါတုံးက တရားဝန်ကြီးချုပ် ဒေါက်တာဦးသိမ်းမောင်က ကျုပ်က တော့ ဒွါရပဲ၊ ဒါပေမယ့်လို့ ဘုရားရှိခိုးတဲ့အခါ ကာယဒွါရ, ဝစီဒွါရ, မနောဒွါရလို့ မဆိုဘူး၊ ဘာပြုလို့လဲဆိုတော့ကာ ဒွါရဆိုတဲ့ အသံကို လူအများက မကြိုက်ကြဘူး၊ အထူးသဖြင့် အမျိုးသ္မီးတွေက မကြိုက်ကြဘူးဗျာ့လို့ ပြောဘူးပါတယ်ဘုရား”ဟု လျှောက်ပါသည်။

ထိုအခါ ဆရာတော်ဘုရားကြီးက မဆိုင်းမတွပင် “ဒီသြကာသထဲမှာ ဒွါရတွေ ပါနေသလား၊ ဒွါရပါတာက မှန်တော့ မှန်တာပဲ၊ ဒါပေမယ့်လို့ အများမကြိုက်တာကို တော့ ဖြုတ်တာ ကောင်းတယ်”ဟု အမိန့်ရှိတော်မူပြီးလျှင် ကာယဒွါရ, ဝစီဒွါရ, မနော ဒွါရတို့ကို ဖြုတ်၍ သြကာသစာမူကို ပြန်ပေးလိုက်ပါသည်။

ကျွန်တော်သည် ဆရာတော်ဘုရားကြီး ပြင်ပေးတော်မူလိုက်သော သြကာသ မူမှန်ဘုရားရှိခိုး ကန်တော့ခန်းကို အမြန်ဆုံးပုံနှိပ်၍ သာသနာ့ရိပ်သာ ယောဂီများနှင့် တရားနာလာရောက်ကြသော ပရိသတ်အား ဝေငှခဲ့ပါသည်၊ ဆရာတော်ဘုရားကြီး၏ ဆန္ဒတော်အတိုင်း ဖြစ်မြောက်အောင်လည်း သြကာသမှစ၍ သီလတောင်းပုံ သရဏဂုံ ဆောက်တည်ပုံ သီလခံယူပုံတို့ကိုပါ တညီတညွတ်တည်း တသံတည်းဖြစ်အောင် ကြားရသူတိုင်း ကြည်ညိုဖွယ်ဖြစ်အောင် ၁၃၂၁-ခုနှစ်အတွင်း၌ပင် စတင်ဆောင်ရွက်ခဲ့ ပါသည်။ ရွာလေမစဲ တသဲသဲမိုးပမာ မသဲမကွဲ တယောက်တပေါက် ကန်တော့ကြသော သြကာသအမျိုးမျိုးတို့သည် ရန်ကုန်သာသနာ့ရိပ်သာ၌ ထို ၁၃၂၁-ခုနှစ်ကပင် ဆိတ်သုဉ်းခဲ့ပါလေပြီ။

နေ့စဉ်ညနေ ၅-နာရီ အချိန်မှန် အလုပ်ပေးဝိပဿနာတရား တောင်းရန် ယောဂီသစ်တို့အား အချက်ပေးသော ခေါင်းလောင်းသံအလား ပရိသတ် ဘယ်လောက် ပင်များများ, တသံတည်းပီသ၍ ကြည်မြခန့်ညားလှသော သြကာသအသံကို နေ့စဉ် ကြားရပါလေပြီ။

ဤနိဒါန်းရေးသည့် ၁၃၃၅-ခုနှစ်၌ မြန်မာနိုင်ငံအရပ်ရပ်ဝယ် မဟာစည် ကမ္မဋ္ဌာန်းဌာနပေါင်း ၂၀၉-ဌာန ရှိခဲ့လေပြီ၊ တရားအားထုတ်ပြီး ယောဂီပေါင်းမှာ ၇၄၇၃၆၄-ဦးရှိခဲ့လေပြီ၊ ဤယောဂီအပေါင်းတို့သည် မဟာစည်သြကာသကို အကြေ အညက် ရရှိထားပြီးသူတို့ ဖြစ်ကြပါသည်။ ဤတရားအားထုတ်ပြီး ယောဂီစာရင်းတွင် ရန်ကုန်သာသနာ့ရိပ်သာ၌ တရားအားထုတ်ပြီးတော်မူကြသော နယ်အရပ်ရပ်မှ ရဟန်းတော် ယောဂီ ၈၃၄၈-ပါးတို့သည်လည်း ပါဝင်ပါ၏၊ ဤရဟန်းသံဃာတော်တို့ တွင် အများအားဖြင့် ကျောင်းထိုင်ဘုန်းတော်ကြီးများ ဂဏဝါစက, ဓမ္မာစရိယများလဲ ပါဝင်ကြလေရာ မိမိတို့၏ရပ်ရွာဒေသတို့သို့ ပြန်ရောက်သောအခါ မိမိတို့၏ တပည့်များ, ဒါယကာ ဒါယိကာမများကို ဤသြကာသ မူမှန်ကန်တော့ခန်းဖြင့် ရှိခိုးကန်တော့ကြရန် သင်ကြား ပေးကြမည်မှာ ယုံမှားစရာမရှိပါ။

လွန်ခဲ့သော ၁၃၃၁-ခုနှစ်က ပခုက္ကူမြို့ မဟာဝိသုကာရာမာဓိပတိ အဘိဓဇ္ထမဟာရဋ္ဌဂုရု ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးသည် ရန်ကုန်မြို့ ခြောက်ထပ်ကြီး ဘုရားကြီးကျောင်းတိုက်ကို ကြွလာသောအခါ ကျွန်ုပ်တို့ မိသားစုက သွားရောက်၍ မဟာစည်သြကာသ မူမှန်ဘုရားရှိခိုး ကန်တော့ခန်းဖြင့်ပင် ကန်တော့ကြပါသည်၊ ကန်တော့ပြီးသောအခါ ဆရာတော်ဘုရားကြီးက “မင်းတို့ မဟာစည်သြကာသကို နေရာတကာမှာ ကြားနေရပါပေါ့ကွ”ဟု ဂုဏ်ပြုစကား မိန့်ကြားပါသည်။

၁၃၃၃-နှစ် ဝါဦးက ကျွန်ုပ်တို့၏ မိတ်ဆွေကြီး ဦးတင်အောင်သည် အိမ်သူ အိမ်သားတို့နှင့်အတူ ပြည်မြို့ နိဗ္ဗိန္ဒချောင်သို့သွား၍ ငယ်ဆရာဖြစ်သော နိဗ္ဗိန္ဒ ဆရာတော်ကြီးအား ကန်တော့လေရာ ဆရာတော်ကြီးက မင်းတို့ ရှိခိုးကန်တော့တဲ့ သြကာသက နားထောင်ကောင်းသားကွဲ့ ဘယ်ကရသတုံး-ဟု မေးတော်မူပါသတဲ့” မဟာစည်ဆရာတော်ဘုရားကြီး ချီးမြှင့်တော်မူတဲ့ သြကာသပါဘုရားဟု လျှောက်ထား သောအခါ မင်းတို့က ဆရာကောင်း တပည့်တွေကိုးကွဲ့-ဟု မိန့်ကြား၍ သာဓုခေါ်လိုက် ကြောင်း ဦးတင်အောင်က တဆင့် ပြောပြပါသည်။

ဤနိဒါန်းရေနေစဉ်မှာပင် ၁၃၃၅-ခု တပို့တွဲလဆန်း ၈-ရက်နေ့က ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ကမ္မဋ္ဌာနာစရိယ ဆရာတော်ဦးသုမန သီတင်းသုံး ရာ ခရမ်းမြို့ သပြေကုန်းသာသနာ့ရိပ်သာသို့ အကြွမှာ သံလျင်မြို့ မင်းကျောင်း ပဌမပြန်စာသင်တိုက်၌ မင်းကျောင်းဆရာတော်ဘုရား အမှူးပြုသော ပရိသတ် တစ်ထောင်ကျော်တို့က ဆရာတော်ဘုရားကြီးအား ခရီးဦးကြိုဆို၍ ပူဇော်ကန်တော့ကြပါ၏၊ မင်းကျောင်းမှာ ကမ္မဋ္ဌာန်းဌာန မဟုတ်သော်လည်း ဆရာတော်နှင့်တကွ ပရိသတ် တစ်ထောင်ကျော်တို့က မဟာစည်သြကာသဖြင့်ပင် တသံတည်း တညီတည်း ကန်တော့ ကြသည်ကို ကြားနာခဲ့ရပါသည်။

အလားတူပင် မဟာစည်ကမ္မဋ္ဌာန်းဌာန မဟုတ်သော အချို့အရပ် ဒေသတို့၌ လည်း မဟာစည်သြကာသကိုပင် အသုံးပြု၍ ဘုရားရှိခိုးကန်တော့နေကြပြီ ဖြစ်သော ကြောင့် “မဟာစည်သြကာသ”ကို ဗုဒ္ဓသာသနာဝင်တိုင်း အဓိပ္ပါယ်ပြည့်စုံစွာ နားလည် လွယ်အောင် အဖွင့်ရေးဖို့ရာ ပုသိမ်မြို့ အောင်မြေဘုံကျော် မဟာစည်သာသနာ့ရိပ်သာ ခွဲ ပဓာနနာယက ကမ္မဋ္ဌာနာစရိယ ညောင်ကန် အရှင်ဣန္ဒကထေရ်က ကျွန်ုပ်တို့အား တိုက်တွန်းခဲ့ပါသည်။ မော်လမြိုင် မဟာစည်သာသနာ့ရိပ်သာ ပဓာနနာယက ကမ္မဋ္ဌ္ထာနာစရိယ ဦးသံဝရ သာသနဓဇ သီရိပဝရဓမ္မာစရိယ ဆရာတော်ကလဲ မဟာစည် သြကာသအဖွင့်ကို ပြည့်ပြည့်စုံစုံ ရေးသားရန် တိုက်တွန်းပြန်ပါသေးသည်။

ကျွန်ုပ်တို့သည် ညောင်ကန် အရှင်ဣန္ဒကထေရ်နှင့် ကမ္မဋ္ဌာနာစရိယ ဦးသံဝရ ဆရာတော်တို့၏ တာဝန်ပေးတိုက်တွန်းသည်ကို အလေးအမြတ်ခံယူ၍ ၁၃၃၄-ခု သီတင်းကျွတ်လပြည့်နေ့က ကျေးဇူးရှင် ဆရာတော်ဘုရားကြီးသည် သီလယူလာကြသော ပရိသတ်အား သီလပေးအပြီး အကျဉ်းအားဖြင့် ဟောကြားတော်မူအပ်သော သြကာသအကြောင်းပါသော တရားတော်နှင့် ယင်းသြကာသအကြောင်း နျင့်သက်ဆိုင် ရာ ပါဠိ အဋ္ဌကထာ ဋီကာတို့ကိုမှီငြမ်းပြု၍ ဤ “မဟာစည် သြကာသအဖွင့်” ကို ပြုစုပြီးလျှင် ဝက်လက်မြို့ မစိုးရိမ်ဆရာတော် ဦးတိဿမှတဆင့် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးထံ ဆက်ကပ်တင်ပြ၍ ပုံနှိပ်အပ်ပါသည်။

ကျွန်ုပ်တို့သည် ဤသြကာသအဖွင့်ကို ပြုစုပြီးလျှင် ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးအား ဝက်လက်ဆရာတော် ဦးတိဿမှ တဆင့် ဆက်ကပ်ခဲ့ပါ သည်။ ဆရာတော်ဘုရားကြီးက စာမူကို ဖတ်ရှုပြင်ဆင် ပေးသနားတော်မူပြီးနောက် “သြကာသဟာ ဘယ်ခေတ်ကစပြီး ပေါ်ပေါက်ခဲ့တယ်ဆိုတာ ဖော်ထုတ်ပြနိုင်ရင် ကောင်းမယ်၊ မွန်လူမျိုးတို့ စကားပြောတဲ့အခါ သြောင်းကာစလို့ ပြောလေ့ရှိတယ်၊ သြကာသကို မွန်တို့ကစခဲ့ပုံရတယ်၊ မွန်ရဟန်းပညာရှိ လူပညာရှိတို့ထံ စုံးစမ်းသင့် တယ်”ဟု အမိန့်ရှိလိုက်ပါသည်။

ကျွန်ုပ်တို့သည် သြကာသကို ပြုစုစဉ်ကပင် သြကာသအကြောင်း ရေးသားကြ သော စာအုပ် ၅-အုပ်ကို ဖတ်ခဲ့ရပါသည်၊ သြကာသအစ ဘယ်ခေတ်ကဟူ၍ ဘယ်ပုဂ္ဂိုလ်ရေးခဲ့သည်ဟူ၍ မဖော်ညွှန်းခဲ့ကြပါ၊ “ရှေးဆရာကြီးတို့ ရေးခဲ့ရာမှ တွင်ကျယ်လာခဲ့ဟန်တူသည်”ဟုသာ သာမညအားဖြင့် ဖော်ပြခဲ့ကြပါသည်၊ အရှင် အာဒိစ္စဝံသ ဆရာတော်ကမူ “သြကာသဆေးရိုးကြီး”ဟု အမည်ပေးခဲ့ပါသေးသည်။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူချိန်က သာသနာ့ရိပ်သာအတွင်း၌ တိပိဋကဓရရွေးချယ်ပွဲ ကျင်းပနေဆဲဖြစ်၍ တိပိဋကဓရ နာယကဆရာတော်များထံ ချဉ်းကပ်၍ သြကာသအစ ဘယ်ခေတ်က ဖြစ်သည်ကို ထောက်မှန်းလျှောက်ခဲ့ပါသေးသည်။ လောကီ လောကုတ္တရာ ဗဟုသုတ ကြွယ်ဝတော် မူသော ကြည့်မြင်တိုင် ဘုံပျံကျောင်းဆရာတော်ကြီး အရှင်ပညာသာမိက “ဘုန်းကြီး ရဟန်း ၃-ဝါအရက ဟင်္သာတမြစ်ကွေ့ကျောင်းတိုက်၌ စာသင်နေတုံးမှာ မြစ်ကွေ့ ဆရာတော်ဘုရားကြီးက ပေစာငယ်တခုကို အဖတ်ခိုင်းလို့ ဖတ်ပြရဘူးတယ်၊ အဲဒီ ပေစာထဲမှာ အခုအများရှိခိုးနေတဲ့ သြကာသ စာပါလာတယ်၊ ဒီသြကာသစာကို ရှင်အရဟံက အနော်ရထာမင်းအား ရေးပေးတယ်လို့ ဖတ်ရတယ်၊ မြစ်ကွေ့ဆရာတော် ဘုရားကြီးလည်း ပျံလွန်တော်မူပြီ၊ ပေစာတွေလည်း ဒုတိယကမ္ဘာစစ်အတွင်းက မီးထဲပါသွားပြီ”ဟု အမိန့်ရှိပါသည်။

ရှင်အရဟံသည် မွန်တို့ဌာနီသထုံပြည်မှ မြန်မာတို့ဌာနီ ပုဂံပြည်သို့ သာသနာပြု ကြွလာတော်မူသော အရှင်မြတ်ကြီးဖြစ်ပါ၏၊ အကယ်၍ မွန်လူမျိုးတို့သည် သထုံပြည် မနုဟာမင်းလက်ထက်ကထဲက ဤသြကာသဖြင့် ဘုရားရှိခိုးခဲ့သည်ဆိုပါလျှင် ရှင်အရဟံ သည် မွန်တို့ရှိခိုးကန်တော့လေ့ရှိသော ဘုရားရှိခိုးကို မြန်မာဘာသာပြန်၍ သို့မဟုတ် အလားတူ မြန်မာလိုရေး၍ အနော်ရထာမင်းအား ပေးခဲ့သည်ဟု ဆိုနိုင်စရာ ရှိပါသည်။ ကျွန်ုပ်တို့သည် မွန်သြကာသကို ၁၃၂၆-ခုနှစ်ကပင် စတင်ကြားခဲ့ဘူးပါ၏၊ အကြောင်း ကား ထိုနှစ်က တိပိဋကဓရရွေးချယ်ပွဲ၌ ပိဋကတ် သုံးပုံလုံး ကျမ်းပြီး အာဂုံရော ရေးဖြေပါ အောင်မြင်တော်မူသော ဒုတိယမြောက် တိပိဋကဓရ အရှင်နေမိန္ဒ (ပခုက္ကူ) အား မော်လမြိုင်မြို့ သုသမာစာရ အသင်းကြီးက ၂၅-နှစ်မြောက် ငွေရတုသဘင်ကြီး၌ ပင့်၍ ချီးကျူးပူဇော်သဖြင့် ကျွန်ုပ်မှာ တိပိဋကဓရ ရွေးချယ်ပွဲ အကျိုးဆောင်အဖြစ် လိုက်ပါခဲ့ရပါ၏၊ ထိုစဉ်က မော်လမြိုင်မြို့ကို ကြိုတင်ရောက်နှင့်နေသော မဟာစည် ဆရာတော်ဘုရားကြီးက အရှင်နေမိန္ဒနှင့် ကျွန်ုပ်ကိုပါ ကျိုက်မရောသို့ခေါ်၍ လိုက်သွား ရာ ရဟန်းရှင်လူ အပေါင်းတို့က မဟာစည်ဆရာတော်ဘုရားအား မွန်သြကာသဖြင့် ကန်တော့ကြသည်ကို ပြန်လည် သတိရမိပါသည်။

သို့ပါသော်လည်း ကျွန်ုပ်တို့သည် ရာဇဝင်သမိုင်း စာပေအထောက်အထား မရသေးသော ဤသြကာသကို မည်သို့ မှတ်တမ်းတင်သင့်သည်ကို မဝေခွဲနိုင်အောင် ရှိနေပါသေး၍ မွန်ရဟန်းပညာရှိ လူပညာရှိတို့ထံ ချဉ်းကပ်စုံစမ်းရန် ရန်ကုန်မြို့ ကြား တောရလမ်း ကျိုက်သီမွန်ဆရာတော်ဘုရားကြီး ဦးကုသလထံ သွားရောက်လျှောက်ထား စုံစမ်းပါသည်။ ဆရာတော်ကြီးက မွန်ဘာသာ သြကာသရှိတာမှန်တယ်၊ ဘယ်ခေတ်က စပြီး ရှိခဲ့တယ်ဆိုတာတော့ အထောက်အထား မပြနိုင်ဘူး၊ ရှေးရိုး အစဉ်အဆက်ကထဲ က ရှိခိုးလာခဲ့ကြတာပဲ”ဟုသာ အမိန့်ရှိလိုက်ပါသည်။

ထိုမှတဖန် ပါဠိမြန်မာ မွန်ပညာရှိ မွန်ကြင်စိန်ထံ ချဉ်းကပ်စုံစမ်းသောအခါ မွန်ကြင်စိန်သည် မွန်ဘာသာ သြကာသကို နှုတ်တက်ရသူဖြစ်၍ “သြောင်းကာစ၊ သြောင်းကာစ၊ သြောင်းကာစ၊ ဒုဟ်ကာယကောင်၊ ဒုဟ်ဝစီကောင်၊ ဒုဟ်မနောကောင်၊ ဒုဟ်ကာယကွယ်၊ ဒုဟ်ဝစီကွယ်၊ ဒုဟ်မနောကွယ် စသည်ဖြင့် ဆိုပြလိုက်ပါသေးသည်။

မော်လမြိုင်မြို့၌ ထင်ရှားကျော်စောတော်မူသော အဂ္ဂမဟာပဏ္ဍိတ မုပွန် ဆရာတော်ဘုရားကြီး အရှင်ကောသလ္လ မဟာထေရ်က သြကာသကို မွန်ကစခဲ့တယ်၊ ရှေးနှစ်ပေါင်းများစွာကပင် မွန်တို့သည် မွန်ဘာသာသြကာသဖြင့် အစဉ်အဆက် ဘုရားရှိခိုးလာခဲ့တယ်”ဟု အမိန့်ရှိကြောင်းကို မွန်ကြင်စိန်က ပြောပြလိုက်ပါသေးတယ်၊ မွန်ဘာသာဖြင့် ပုံနှိပ်ထားသော သြကာသ ဘုရားရှိခိုးပါသည့် စာအုပ်ကိုလဲ ပြလိုက်ပါသေး၏၊ ဟောင်းနွမ်းလှ၍ ပုံနှိပ်သည့် ခုနှစ် မတွေ့ရတော့ပါ။

ကျွန်ုပ်သည် ကျောက်စာဌာနမှ အထောက်အထား ရလိုရငြား (၉-၆-၇၄)နေ့က သုတေသနဌာန ကမ္ပည်းကျောက်စာ ဌာနခွဲ သုတေသနဌာနမှူး နိုင်ပန်းလှထံသို့ သွားရောက်စုံစမ်းပါသေး၏၊ “သြကာသ ဘယ်ခေတ်က စတင်သုံးစွဲခဲ့သည်ကို ကျောက်စာ၌ မတွေ့ဖူးသေးပါ၊ မွန်လူမျိုးတို့ ရှေးရိုးစဉ်လာ ဘုရားရှိခိုးကြီး ဖြစ်တယ်ဆိုတာကိုသာ သိရပါတယ်၊ ယင်း သြကာသ၏ အက္ခရာ အရေးအသားမှာ မြန်မာအက္ခရာနှင့် ‘ရေးပုံတူသော်လဲပဲ မွန်ဘာသာဖြင့် အသံထွက်တဲ့အခါ သြောင်း ကာစ’ဟု အသံထွက်ပါသည်၊ သို့ပါသော်လဲ မြန်မြန်ဆိုတဲ့အခါ ‘အောက်ကစ’လို့ ကြားရပါတယ်”ဟု ပြောပြလိုက်ပါသည်။

ကျွန်ုပ်တို့သည် အထက်ဖော်ပြပါ အကြောင်းအရပ်ရပ်တို့ကို စုပေါင်း၍ ခြုံပြီးလျှင် ဤသို့ မှတ်တမ်း တင်လိုပါသည်။ မြန်မာဌာနီ ပုဂံပြည်သို့ သာသနာ ရောက်ခဲ့သင်္ညမှာ သာသနာနှစ် ၁၆၀ဝ-ခုနှစ်က ဖြစ်လေသည်၊ မွန်တို့ဌာနီ သထုံ ပြည်သို့ သာသနာရောက်ခဲ့သည်မှာ သာသနာနှစ် ၂၃၅-နှစ်က ဖြစ်လေသည်၊ မွန်တို့က မြန်မာတို့ထက် ၁၃၆၅-နျစ်စော၍ ဗုဒ္ဓသာသနာကို ကိုးကွယ်ခွင့် ရခဲ့လေသည်။

မြန်မာတို့က ကိုးကွယ်ဘို့ရာ ဗုဒ္ဓသာသနာကို မွန်တို့ထံမှ ယူခဲ့ရသောကြောင့် သာသနာတော်နှင့်စပ်သော ကိုးကွယ်နည်း, ဆည်းကပ်နည်း, ရှိခိုးနည်း ပူဇော်နည်း စသော အလေ့အထ ယဉ်ကျေးမှုတို့ကိုလဲ မွန်တို့ထံမှပင် ယူရပေလိမ့်မည်မှာ ဧကန်ပင် ဖြစ်ပါသည်။

သို့ဖြစ်သောကြောင့် သြကာသဘုရားရှိခိုးသည်လည်းပဲ မည်သည့်ခေတ်က စတင်ပေါ်ပေါက်ခဲ့သည်၊ မည်သူရေးခဲ့သည်ဟူ၍ ရာဇဝင်သမိုင်း ကျောက်စာ အထောက်အထား မရသေးမီ “သြကာသအစ မွန်တို့က”ဟုသာ ယူဆထားသင့်ပါသေး ကြောင်း မှတ်တမ်းပြုစုလိုက်ရပါသည်။

မင်္ဂလာအောင်မြင့်

၉-၆-၇၄