ကျေးဇူးတော်ရှင် မူလမင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီး(၁၂၃၀-၁၃၁၆)

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဂန္ထဝါစကပဏ္ဍိတ ကျမ်းတတ်အကျော် မူလမင်းကွန်းဇေတဝန်ဆရာတော် လောင်းလျာ အရှင်နာရဒသည် ပဋိပတ္တိဘက်သို့ ပြောင်းရွှေ့ကျင့်သုံးတော့မည်ဟု စိတ်ပိုင်းဖြတ်တော်မူပြီးနောက် ငါးနှစ်ပတ်လုံးပင် ပါဠိတော်, အဋ္ဌကထာ, ဋီကာ, ဂဏ္ဌိ စသည်တို့ကို အပြန်ပြန်အလှန်လှန် အဖန်ဖန်ရှေ့နောက် ညှိနှိုင်း၍ မွှေနှောက်ရှာဖွေခဲ့ ရာတွင် “နိဗ္ဗာန်မြတ်ကို လိုလားပါလျှင် ဘူတံ ဘူတတော ပဿတိနှင့်ပင် ရနိုင်ကြောင်း” ဆရာဖြစ်သူ မင်းကွန်းအလယ်တောရဆရာတော်ကြီး၏သြဝါဒနှင့် လွတ်ကင်းသောတရားကို မတွေ့ရကြောင်း ထေရုပ္ပတ္တိ၌ ပါရှိလေသည်။

ထို့အပြင် ကမ္မဋ္ဌာန်းအားထုတ်နည်းကို မဟာဝိသုဒ္ဓါရာမဆရာတော်ကြီး၏ ပရမတ္ထသရူပဘေဒနီ ဈာန်ခန်းမှ သဲလွန်စရရှိခဲ့ကြောင်း, ထိုစာအုပ် ဒုတိယတွဲ တစ်အုပ်လုံးရသည်ဟု မော်လမြိုင်မဟာမြိုင်တောရဆရာတော် အရှင်ရေဝတအား မိန့်တော်မူခဲ့ကြောင်း ရွှေကျင်သာသနာပိုင် မြောင်းမြဆရာတော်ကြီး၏ မဟာမြိုင် ဝိနည်းစာပြန်ပွဲသြဝါဒ၌ ပါရှိလေသည်။

ဤသို့အားဖြင့် သတိပဋ္ဌာန်ဝိပဿနာတရားတော်များကို ဆရာမြတ်တို့ထံမှ အမွေခံနည်းယူကာ ၃-နှစ်ခန့် ကိုယ်တော်တိုင်ကျင့်ကြံအားထုတ်တော်မူပြီးလျှင် လွန်ခဲ့ သောနှစ်ပေါင်း ၁၀ဝ-ကျော်(၁၂၇၀-ခုနှစ်)မှ စတင်၍ ရဟန်း, ရှင်, လူအများ, သတိပဋ္ဌာန်ဝိပဿနာတရား ရှုမှတ်ပွားများအားထုတ်တတ်စေရန် ရိပ်သာတည်ထောင် လျက် အခက်အခဲအမျိုးမျိုးတို့ကို သည်းခံကျော်လွန်ကာ စွန့်ဦးတီထွင် လမ်းညွှန်ပြသ တော်မူခဲ့သော ဂုဏ်ကျေးဇူးပိုင်ရှင်မှာ မူလမင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီး ဖြစ်တော်မူပါသည်။

ဆရာတော်ဘုရားကြီးသည် မိလိန္ဒပဉှာအဋ္ဌကထာပါဌ်, ပေဋကောပဒေသ အဋ္ဌကထာပါဌ်နှင့် ယင်းနိသျ, ဝိသုဒ္ဓိမဂ်အဋ္ဌကထာနိသျသစ်, ဝိပဿနာဉာဏ်စဉ် ကျမ်းကြီးစသော ကျမ်းဂန်ပေါင်း ၂၅-ကျမ်းမျှ ပြုစုတော်မူခဲ့သော အဋ္ဌကထာကျမ်းပြု ဆရာတော်ကြီး ဖြစ်တော်မူပါသည်။

ဆရာတော် အရှင်ကုသလ(၁၂၆၃-၁၃၃၉)

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီးသည် ဆရာတော် အရှင်ကုသလ(၁၂၆၃-၁၃၃၉)၏ဈာပန၌ ကျေးဇူးဂုဏ်များကိုထုတ်ဖော်၍ ကျေးဇူးဆပ် တော်မူခဲ့သည်များကို တင်ပြလိုပါသည်။

“ဆရာတော်ကြီး ဦးကုသလနှင့် ဘုန်းကြီးဟာ ငယ်စဉ် သာမဏေဘဝမှစ၍ ချစ်ကျွမ်းတဝင် ခင်မင်လာကြတာ ယခု ပျံလွန်တော်မူသွားသည်အထိပဲ၊ တစ်ခါတလေ မျှ စိတ်ဝမ်းမကွဲခဲ့ဘူး။ ဦးကုလသ၏ကူညီအားပေးမှုနှင့် ဆိပ်ခွန် ဦးကုသလကျောင်းမှာ ဘုန်းကြီး ဝိပဿနာတရား စတင်ပြသလာခဲ့တာပဲ။ ထိုစဉ်က ဦးကုသလက လှိုက်လှိုက် လှဲလှဲ ဝမ်းမြောက်ဝမ်းသာ စိတ်ကောင်းနှလုံးကောင်းနှင့် လက်ခံကူညီခဲ့လို့ပေါ့။ နို့မို့ရင် ဘုန်းကြီးမှာ နေရာဌာန မရှိပါဘူး။ တရားဟော တရားပြဖို့ မလွယ်ကူပါဘူး၊ ခက်ခဲပါ တယ်။ ဦးကုသလလက်ခံပေလို့ ဝိပဿနာတရား ယခုလို ပြန့်ပွားသွားတာပါပဲ။ ဒါတင် မကသေးဘူး၊ သူပိုင်တဲ့ မဟာစည်ကျောင်းတိုက်ကိုလည်း ဘုန်းကြီးကို အပ်နှင်းလိုက် တယ်။ သူက ကျောင်းနေအဖြစ်နေပြီး ပြုစုမယ်တဲ့။ ဘုန်းကြီးက လက်မခံပါဘူး။ ငြင်းပယ်လိုက်ပါတယ်။

ဦးကုသလဟာ ဘုန်းကြီးအတွက်ရော အားလုံးအတွက်ရော အင်မတန် ကျေးဇူး ကြီးမားတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပေတယ်။ ဒါကြောင့် ယခုနောက်ဆုံး ကျေးဇူးဆပ်တဲ့အနေနဲ့ ဘုန်းကြီးက ထိုက်ထိုက်တန်တန် လှူဒါန်းပါတယ်။ ဈာပနတုန်းကလည်း ပင့်သံဃာ ၇၆-ပါးတို့အား လှူဒါန်းပြီး ကျောင်းထွက်ကအစ ကြံတောသုသာန်အထိအောင် မှတ်တမ်းတင်ဓာတ်ပုံများလည်း ပုံ ၂၀-ကျော်ခန့်လောက် ရိုက်ကူးထားတယ်။

မီးသင်္ဂြိုဟ်ရာမှာလည်း ဘုန်းကြီးကိုယ်တိုင် စောင့်ရှောက်ဆောင်ရွက်ပြီး အရိုးတော်များကိုလည်း အသင်းလူကြီးများနှင့် ကောက်ယူခဲ့တယ်။ ရေစက်ချပြီးရင် အရိုးတော်နှင့် မှတ်တမ်းဓာတ်ပုံတွေကို မောင်ချစ်သာတို့ရွာပြန်တော့ ပေးလိုက်မယ်။ ရွာကျတော့ တပည့်ကြီးများကိုးကွယ်ဖို့ တစ်နေရာရာမှာ တစ်ခုခုနှင့် မိမိတို့တတ်နိုင် သလောက် ပြုလုပ်ထားကြ၊ အမှတ်တရဖြစ်စေချင်တယ်။ တပည့်တွေဆိုတာ ဆရာ သမား၏ဂုဏ်ကျေးဇူးကို မမေ့အပ်ဘူး။ အရိုးတော်ဌာပနာပွဲဆိုပြီး ပွဲကြီးလမ်းကြီးတော့ မလုပ်ကြနဲ့ပေါ့” ဟူ၍ဖြစ်ပါသည်။ (ရက်လည်ဖြစ်သော ၁၃၃၉-ခုနှစ် ပြာသိုလဆုတ် ၉-ရက်နေ့၌ မဟာစည်ရိပ်သာမှ သံဃာကုန်၊ ယောဂီကုန်တို့အား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ထိုနောက် သံဃာတော် ၁၂-ပါးတို့အား သင်္ကန်းဒွိစုံစသော အသုံးအဆောင်များ လှူဒါန်းခြင်း၊ တရားနာပရိသတ်များကို မုန့်ဟင်းခါးကျွေးမွေးခြင်း တို့သည် မဟာစည်ဆရာတော်ကြီး၏ ကုသိုလ်တော်များဖြစ်ပါသည်။ )

ရန်ကုန်မြို့မဟာစည်သာသနာ့ရိပ်သာ ၁၇-ကြိမ်မြောက် သြဝါဒခံယူပူဇော်ပွဲတွင် မဟာစည်ဆရာတော်ဘုရားကြီးအား ချီးကျူးပူဇော်တော်မူခဲ့သော အဂ္ဂမဟာပဏ္ဍိတ အောင်မြေဘုံစံဆရာတော် အရှင်ဉာနုတ္တရသည် “အခုအချိန်မှာဆိုရင် ကမ္ဘာပေါ်မှာ မဟာစည်ဆရာတော်ရဲ့အသံဟာ အမြည်ဆုံးပဲ၊ ဘာ့ကြောင့် မဟာစည်ဆရာတော်ရဲ့ အသံဟာ မြည်သလဲဆိုရင်ဖြင့် ကိုယ်တော်တိုင် နှုတ်နဲ့မြွက်၍ဟောတဲ့၊ ပကတိအသံဖြင့် ဟော၍ ပကတိနားဖြင့်ကြားတာက တစ်မျိုး၊ အသံလွှင့်ရုံမှတဆင့် အသံလွှင့်ဟောတဲ့ အသံကတစ်မျိုး၊ မြန်မာဘာသာအားဖြင့်လည်းကောင်း၊ ပါဠိဘာသာအားဖြင့် လည်း ကောင်း၊ အင်္ဂလိပ်ဘာသာအားဖြင့်လည်းကောင်း၊ အဲဒီဘာသာအမျိုးမျိုးနဲ့ ထုတ်ဝေထား တဲ့ စာအုပ်တွေ၊ စာစောင်တွေ၊ သတင်းစာတွေ၊ မဂ္ဂဇင်းတွေ၊ အဲဒီတွေမှာပါနေတဲ့ အတွက် မဟာစည်ဆရာတော်ရဲ့ အသံဟာ ကမ္ဘာပေါ်မှာအမြည်ဆုံးပဲ၊ တီးစရာ မှုတ်စရာ တူရိယာတွေထဲမှာ စည်ဟာ အမြည်ဆုံးပဲ။

မဟာစည်ဆရာတော်ဟာ သတ္တဝါအများကို နိဗ္ဗာန်သို့ရောက်အောင်ပို့၍ တရား စည်ကြီးတီးခတ်တဲ့အသံဟာ အမြည်ဆုံးဖြစ်လိမ့်မယ်၊ ဒါကြောင့်မို့ မဟာစည်ဆရာတော်ကို ကမ္ဘာတည်သရွေ့လည်းကောင်း၊ သာသနာ တည်သရွေ့လည်းကောင်း၊ ကြည်ညို ပူဇော်နိုင်ပါတယ်၊ တရားတည်းဟူသောအသံကို ကမ္ဘာမှာအမြည်ဆုံး တီးခတ်ကြေညာ နိုင်တဲ့အတွက် “မဟာစည်ဆရာတော်” လို့ ခေါ်တယ်လို့ ဘုန်းကြီးက ဆိုလိုပါတယ်” ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုတော်မူခဲ့လေသည်။

ဓမ္မာနန္ဒဝိဟာရဆရာတော် အရှင်သီလာနန္ဒာဘိဝံသ

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဓမ္မာနန္ဒဝိဟာရဆရာတော် အရှင်သီလာနန္ဒာဘိဝံသ လောင်းလျာသည်ကား ၁၂၈၉-ခုနှစ်၊ နတ်တော်လဆုတ် ၈-ရက်နေ့တွင် ဖွားမြင်တော်မူပါသည်။ ၁၃၀၉-ခု၊ ဝါဆိုလပြည့်နေ့တွင် စစ်ကိုင်းတောင်ရိုး မဟာဝိဇ္ဇောဒယချောင်ဆရာတော် အရှင် ပညာဝန္တမဟာထေရ်ကိုဥပဇ္ဈာယ်ပြု၍ ရဟန်းဖြစ်တော်မူခဲ့ပါသည်၊ ရွှေဟင်္သာဆရာတော် (နောင် ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး) အရှင်ပဏ္ဍိတသိရီက ကမ္မဝါဆရာအဖြစ် ဆောင်ရွက်တော်မူခဲ့သည်၊ စစ်ကိုင်းမြို့ ရွှေဟင်္သာချောင်ဆရာတော် အရှင်ဝါစက၊ မင်းလှချောင်ဆရာတော် အရှင်နိပုဏ၊ ဟိတောဒယချောင်ဆရာတော် အရှင်နန္ဒိယ၊ မြတောင်ချောင်ဆရာတော် အရှင်ဓမ္မလောက၊ နံ့သာချောင်ဆရာတော် အရှင် အာလောက၊ ကျစွာချောင်ဆရာတော် အရှင်ဝိဇယ၊ မန္တလေးမစိုးရိမ်ဆရာတော် အရှင်သူရိယ၊ ဒက္ခိဏာရာမဘုရားကြီးတိုက်ဆရာတော် အရှင်အရိယဝံသ၊ ဆရာတော် အရှင်နာရဒ၊ ဆရာတော် အရှင်ဥဂ္ဂံသ(ဦးကြယ်)၊ ဆရာတော်အရှင်ဥက္ကံသ၊ အရှင်ပညာ ဇောတ ဆရာတော်များအထံတော်၌ စာပေဆည်းပူးခဲ့ပါသည်။ သာသနဓဇသိရီပဝရ ဓမ္မာစရိယ၊ သကျသီဟဓမ္မာစရိယဘွဲ့များ ရရှိခဲ့ပါသည်၊ သီရိလင်္ကာနိုင်ငံရှိ လန်ဒန် တက္ကသိုလ်၌ ကျင်းပသော G.C.E စာမေးပွဲတွင် ပါဠိ၊ သက္ကတ ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့ပါသည်။

ဆရာတော်သည် ဆဋ္ဌသင်္ဂါယနာတင်ပွဲအတွက် ပါဠိတော်များအကြိုတည်းဖြတ် ခြင်းလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ပဉ္စမသင်္ဂါယနာတင်မင်းတုန်းမင်းတရားကြီး၏ ပိဋကတ်ကျောက်စာတော်မူနှင့် ပါဠိတော်ကျမ်းစာအုပ်များ ညှိနှုင်းတိုက်ဆိုင် စစ်ဆေးမှု လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်း၊ ရှေ့ပိုင်း ဆဋ္ဌသင်္ဂါယနာမတင်မီကာလတွင် မဟာစည်သာသနာ့ရိပ်သာ၌ သီတင်းသုံး၍လည်းကောင်း၊ နောက်ပိုင်းတွင် ကမ္ဘာအေး ဇမ္ဗူဒီပကျောင်းဆောင်၌ သီတင်းသုံး၍လည်းကောင်း၊ ဆဋ္ဌသင်္ဂါယနာလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်း၊ ၁၉၅၇-ခုနှစ် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ တိပိဋက ပါဠ္ထိမြန်မာ အဘိဓာန်ဌာနတွင် တာဝန်ခံကျမ်းပြုဆရာတော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ ခြင်း၊ တိပိဋက ပါဠိ-မြန်မာ အဘိဓာန်၏ နိဒါန်းကြီးကို ပြုစုတော်မူခဲ့ခြင်း၊ တိပိဋက ပါဠိ-မြန်မာ အဘိဓာန် အတွဲ-၁ နှင့် အတွဲ-၂ တို့ကို ပြုစုရေးသားတည်းဖြတ်ရာတွင် ဦးဆောင်တော်မူခဲ့ခြင်း၊ စသည်ဖြင့် သာသနာပြုတော်မူခဲ့ပါသည်။

၁၉၆၀-ခုနှစ်တွင် မဟာဝိဇ္ဇောဒယဆရာတော်ကြီးလွန်တော်မူ၍ ထိုချောင်၏ ကျောင်းထိုင်ဆရာတော်အဖြစ် ဆောင်ရွက်ခဲ့ခြင်း၊ အတိသုဒ္ဓါရုံ ပါဠိတက္ကသိုလ်၌ ကထိကအဖြစ် စာပေပို့ချခဲ့ခြင်း၊ ၁၉၆၉-ခုနှစ်တွင် မန္တလေးမြို့ အဘယာရာမ ရွှေဂူ ကျောင်းတိုက်သို့ပြောင်းရွှေ့၍ ကျောင်းတိုက်၏ ဒုတိယနာယကဆရာတော်အဖြစ်ဖြင့် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်းများအပြင် သက္ကတ၊ ပြာကရိတ်တို့ကိုပါ ပို့ချခဲ့ပါ သည်။ ထို့အပြင် မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်၏ အရှေ့တိုင်းဘာသာရပ်ဌာန၌ B.A နှင့် M.A ဒီဂရီဆိုင်ရာ ပြင်ပစာစစ်ပုဂ္ဂိုလ် အဖြစ်လည်း ဆောင်ရွက်ခဲ့ပါသည်။

နောင်အခါ အဘယာရာမ ရွှေဂူကျောင်းတိုက်၏ ပဓာနနာယက၊ မြန်မာနိုင်ငံ ရွှေကျင်ဂိုဏ်းကြီး၏ ဂိုဏ်းလုံးဝန်ဆောင်နာယကနှင့် ရတ္တညူမဟာနာယက အဖြစ် လည်းကောင်း၊ ၁၉၉၆-ခုနှစ် ဒီဇင်ဘာလတွင် ပြည်တွင်းပြည်ပ မဟာစည်သာသနာ့ ရိပ်သာများ၏ သြဝါဒါစရိယအဖြစ်လည်းကောင်း၊ ၁၉၉၉-ခုနှစ် ဒီဇင်ဘာလတွင် ပြည်ပ သာသနာပြု ရွှေကျင်နိကာယသံဃနာယက အဖြစ်လည်းကောင်း၊ ရွေးချယ်တင်မြှောက် ခဲ့ကြ၍ ၎င်းတာဝန်များကိုလည်း ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၈-ခု ဒီဇင်ဘာလတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ်ဆရာတော် အဖြစ်လည်း တာဝန်များကိုထမ်းဆောင်ခဲ့ပါသည်။

ဆရာတော်သည် နိုင်ငံခြားသာသနာပြုအနေဖြင့် ၁၉၅၈-ခုနှစ်တွင် ဆဋ္ဌသင်္ဂါ ယနာ ဝန်ဆောင်သံဃာအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော်ဦးဝိသုဒ္ဓါဘိဝံသ၊ အဖွဲ့ဝင်အဖြစ် မြသိန်းတန်ဆရာတော် ဦးသောဘနနှင့်အတူ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဂျပန်နိုင်ငံသို့ ကြွရောက်ခဲ့ပါသည်။ ၁၉၅၉-ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုမှပင့်ဖိတ်ချက်အရ အနီးစခန်းဆရာတော်၊ ရွှေကျင်ကျောင်းသစ်ဆရာတော် ဦးကောသလ္လ၊ ကပ္ပိယဦးဘလေး (ရန်ကုန်တက္ကသိုလ် ပါဠိကထိက) လေးဦးပါဝင်သော ကိုယ်စားလှယ်အဖွဲ့ဖြင့် ကြွရောက်ခဲ့ပါသည်။ အပြန် တွင် အင်္ဂလန်နှင့်ဂျာမနီနိုင်ငံသို့လည်း ကြွရောက်ခဲ့ပါသေးသည်။ ၁၉၆၀-ခုနှစ်တွင် ကမ္ဘာ့သာသနာပြု ဆရာတော်ဦးသေဋ္ဌိလ၊ ဦးချန်ထွန်းတို့နှင့်အတူ ဂျာမဏီ၊ ဆွီဒင်၊ ဒိန်းမတ်၊ ပြင်သစ်၊ အင်္ဂလန်နိုင်ငံသို့ ကြွရောက်၍ သာသနာပြုခဲ့ပါသည်။ ၁၉၇၈-ခုနှစ်၊ တိုကျိုနှင့်ကျိုတိုမြို့တို့၌ ကျင်းပသော ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံသို့ တက်ရောက်၍ မလေးရှားနှင့်စင်္ကာပူနိုင်ငံများသို့ ဆက်လက်ကြွရောက်ခဲ့ပါသည်။

ဆရာတော်သည် ဆဋ္ဌသင်္ဂါယနာတင်စဉ်ကပင် မဟာစည်ဆရာတော်ကြီးနှင့် ရင်းနှီးကျွမ်းဝင်၍ ဆရာတော်ဘုရားကြီးအား ကြည်ညိုလေးစားပြီး မဟာစည် သတိပဋ္ဌာန်ဝိပဿနာတရားကို သိုသိုသိပ်သိပ် ကျင့်ပွားလာခဲ့သည်မျှမက ပြည်ပ သာသနာပြုခရီးကြွခါနီးတွင် ဆရာတော်ဘုရားကြီး၏ခြေတော်ရင်း၌ တစ်လတာမျှ ထပ်မံ၍ အားထုတ်တော်မူခဲ့လေသည်။

၁၉၇၉-ခုနှစ်၊ ဧပြီလတွင် မဟာစည်ဆရာတော်ဘုရားကြီး အမေရိကန်နိုင်ငံသို့ သာသနာပြကြွုကတော်မူစဉ် ဆန်ဖရန်ဆစ္စကိုမြို့နှင့်အနီး ပတ်ဝန်းကျင်မြို့များမှ ဒါယကာ၊ ဒါယိကာမများ၏ လျှောက်ထားတောင်းပန်ချက်အရ နောက်ပါရဟန်းတော်များအနက် ဆရာတော်ဦးသီလာနန္ဒာဘိဝံသနှင့် ဆရာတော်ဦးကေလာသတို့ကို အမေရိကန်နိုင်ငံ၌ ထားရစ်ခဲ့ပါသည်။ ဆရာတော်သည် “ဓမ္မာနန္ဒဝိဟာရကျောင်းတိုက်၏ ပဓာနနာယက, အမေရိကန်နိုင်ငံ ထေရဝါဒဗုဒ္ဓဘာသာအသင်းကြီး၏နာယက, ကယ်လီဖိုးနီးယား ပြည်နယ် ဥက္ကလန်မြို့ ဓမ္မစက္ကရိပ်သာနှင့် ဖလော်ရီဒါပြည်နယ် လာဂိုမြို့ ဗောဓိထရီး ရိပ်သာများ၏ သြဝါဒါစရိယ, ဆန်ဟိုဈေးမြို့ တထာဂတရိပ်သာ၏ သြဝါဒါစရိယ” တို့အဖြစ် ဆောင်ရွက်ခဲ့လေသည်။

သက်တော် ၇၈-နှစ်၊ သိက္ခာတော် ၅၈-ဝါ ၁၃၆၇-ခုနှစ်၊ ဝါခေါင်လဆန်း ၉ - ရက်နေ့ လွန်တော်မူသည်အထိ သတိပဋ္ဌာန်ဝိပဿနာတရားတော်များကို အသက်ထက်ဆုံး စွမ်းစွမ်းတမံ ပြသတော်မူခဲ့သည်။ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ (Doctor of Letters) ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓဇောတိက ဘွဲ့တံဆိပ် တော်များ အလှူခံတော်မူခဲ့ပါသည်။

(ပ-အကြိမ်) ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီး၏ ဝိပဿနာရှုနည်းကျမ်း

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

1947-၌ ပုံနှိပ်ခဲ့သောမူ။ (ပ-အကြိမ်) ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီး၏ ဝိပဿနာရှုနည်းကျမ်း။

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ဖြည့်စွက်ရန်

PDF ဖြင့်လည်းဖတ်ရှုနိုင်ပါသည် ...