ဖြည့်စွက်ရန်
ရေးသားသူ - ဖြည့်စွက်ရန်
ဖတ်ရှုချိန် - ဖြည့်စွက်ရန်
ဆွမ်းအလှူပြုနေပုံ
၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်
ဓာတ်ပုံဆရာ - ကျော်ကျော်
ဖြည့်စွက်ရန်
PDF ဖြင့်လည်းဖတ်ရှုနိုင်ပါသည် ...
ပဋိပတ္တိသာသနာတော် တည်တံ့ပြန့်ပွားရေး သြဝါဒကထာ
ရေးသားသူ - ဖြည့်စွက်ရန်
ဖတ်ရှုချိန် - ဖြည့်စွက်ရန်
ဆွမ်းအလှူပြုနေပုံ
၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်
ဓာတ်ပုံဆရာ - ကျော်ကျော်
ကျေးဇူးရှင်ဆရာတော်ဘုရားကြီးသည် ၁၃၃၇-ခုနှစ် နှစ်ပတ်လည် သြဝါဒခံယူ ပူဇော်ပွဲ၌ ဝိနည်းအလေးပြုရေး, တရားအလေးပြုရေး, အရှည်တည်တံ့ရေး, အညီ အညွတ် ဆောင်ရွက်ရေးစသည်ဖြင့် သြဝါဒပေးတော်မူခဲ့ရာ ... “ကမ္မဋ္ဌာန်းဌာနဟာ ကမ္မဋ္ဌာန်းဌာနအဖြစ် အရှည်တည်တံ့သွားဘို့ပါပဲ၊ ဒါကြောင့် ကမ္မဋ္ဌာန်းဌာနများမှာ ကမ္မဋ္ဌာန်းတရားအမွေကို ရိုရိုသေသေ ခံယူ စောင့်ရှောက်နိုင်မည့် အရည်အချင်းနှင့်ပြည့်စုံတဲ့ တပည့်ရှိရင် အကောင်းဆုံးပါပဲ၊ ကျောင်းတိုက်, ပစ္စည်းအမွေလောက်သာခံယူပြီးတော့ ကမ္မဋ္ဌာန်းကျောင်းကို ပျက်စေ မည့် ပုဂ္ဂိုလ်များအား လွှဲအပ်မထားခဲ့ဘို့ အရေးကြီးပါတယ်။
တပည့်တော်ကတော့ မူလကတည်းက ကျောင်းအဆောက်အအုံများကို ပုဂ္ဂလိကအဖြစ် အလှူမခံပါဘူး၊ သံဃာအားဖြစ်စေ, ယောဂီအပေါင်း ဂိုဏ်းအားဖြစ်စေ လှူစေခဲ့ပါတယ်၊ ငါ့ဥစ္စာဆိုတဲ့ အစွဲအလမ်းကင်းတဲ့အတွက် အင်မတန်ကောင်းပါတယ်၊ ဘယ်သူ့ကိုမျှ အမွေပေးစရာမရှိတဲ့အတွက် စိတ်လည်းသန့်ရှင်းစင်ကြယ်ပါတယ်။ လိုရင်းကတော့ ဝိနည်းဆိုင်ရာ သီလအကျင့်ပဋိပတ်ရော, သုတ္တန်ဆိုင်ရာ သီလ, သမာဓိ, ပညာပဋိပတ်ရော ပဋိပတ္တိသာသနာတော် တည်တံ့ပြန့်ပွားရေးကို အလေးပြုပြီး ဆောင်ရွက်သွားကြဘို့ပါပဲ။
လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်ကျော်လောက်က ရွှေကျင်သာသနာပိုင် ဆရာတော် ဘုရားကြီးက ‘သာသနာတော်ကို ကိုယ့်အတွက်မသုံးဘို့, ကိုယ့်ကိုယ်ကိုသာ သာသနာ တော်အတွက် အသုံးချဘို့’ လို့ မိန့်တော်မူတဲ့စကားဟာ အင်မတန်ကောင်းပါတယ်” ဟူ၍ မိန့်ကြားတော်မူခဲ့လေသည်။
ကျေးဇူးရှင် ဆရာတော်ဘုရားကြီးသည် မဟာစည်နယ်လှည့်ဓမ္မကထိကတို့အား သြဝါဒပေးတော်မူခဲ့၏။ “အလွန်ကျဉ်းမြောင်းကျပ်တည်းသော ဝဋ်ဆင်းရဲထဲ၌ကျရောက်နေသော သတ္တဝါတို့အား ထိုဆင်းရဲမှထွက်မြောက်နိုင်အောင် နှလုံးသွင်းအားထုတ်ဖို့ တရားကိုဟောမည်ဟု ရည်ရွယ်၍ ဟောအပ်၏။ ဤသို့ စင်ကြယ်သောရည်ရွယ်ခြင်း သည် ဘာဝနာတရားကို ဟောရာ၌ မလွယ်ကူလှပေ။ ကိုယ်တိုင်က ပြည့်စုံစွာအားထုတ် ပြီးသော်လည်းကောင်း၊ အားထုတ်မှု မပြည့်စုံသေးလျှင်လည်း မျက်မှောက်ကိုယ်တိုင်သိ များကို များစွာတွေ့ရပြီးသည့်တိုင်အောင် အားထုတ်ဖူးသော်လည်းကောင်း၊ ဖြစ်ပါမှ သာလျှင် ဘာဝနာလုပ်ငန်းတရားကို ဟောရာ၌ ထိုသို့သောရည်ရွယ်ခြင်း စင်ကြယ်စွာ ဖြစ်နိုင်ပေမည်။ ကိုယ်တိုင်အားထုတ်မှု ကိုယ်တိုင်တွေ့သိမှုက ဘာမျှမရှိသေးပါဘဲလျက် ဘာဝနာလုပ်ငန်းတရားကို ဟောရမည်ဆိုလျှင် သူတစ်ပါးတို့ ဝဋ်ဆင်းရဲမှထွက်မြောက် အောင်အားထုတ်နိုင်စေရန် စင်ကြယ်စွာ ရည်ရွယ်နိုင်မည်မဟုတ်ပေ။ အဘယ်ကြောင့် နည်းဟူမူ ဟောသောပုဂ္ဂိုလ်ကပင် မိမိဟောသောလုပ်ငန်းစဉ်ဖြင့် မဂ်ဖိုလ်သို့ ဧကန် ရောက်နိုင်သည်ဟု စိတ်ချလက်ချ သက်ဝင်ယုံကြည်ချက် မရှိသေးသောကြောင့်ပေ တည်း။ သို့ဖြစ်၍ဘာဝနာလုပ်ငန်းတရားကိုဟောသော ဓမ္မကထိကပုဂ္ဂိုလ်သည် မြတ်စွာ ဘုရား၏အလိုတော်ကျအားဖြင့် ဟောလိုလျှင် သိသင့်သမျှကို မျက်မှောက်သိပြီး ဖြစ် အောင် မိမိကိုယ်တိုင်ပင် ရှေးဦးစွာအားထုတ်၍ စိတ်ချလက်ချ သက်ဝင်ယုံကြည်ချက် ရှိသောအခါကျမှ ‘ငါကဲ့သို့ပင် သိကြပါစေ’ ဟု သနားသောစိတ်ဖြင့် ဟောအပ်၏”။
ကျေးဇူးရှင် ဆရာတော်ဘုရားကြီးသည် ရွှေဘို မြို့ထောင်စေတီတော်ရိပ်သာ ဆရာတော်အား “ဦးတိလောက၊ ကမ္မဋ္ဌာန်းဆရာဆိုတာ ပေတက်သမားနဲ့ တူရမယ်လို့ ဥပမာပေးထားပြီး မိန့်ကြားတော်မူပါတယ်။ ပေပင်တက် ပေရည်ခံတဲ့ ပေတက်သမား ဟာ ပေရည်အိုးနဲ့ခံနေတဲ့အချိန်မှာ ကိုယ့်အမေသေတာတောင် ပေပင်ကိုပစ်မသွားရ ဘူး၊ ပစ်သွားလို့ ရက်ကွာသွားရင် ပေရည်က နောက်မထွက်တော့ဘူး။ အဲဒီ ဥပမာလိုပဲ၊ ကမ္မဋ္ဌာန်းဆရာဟာ ကိုယ့်ယောဂီကို ပစ်သွားရင် ရှိရင်းစွဲ သတိ, သမာဓိ, ပညာတွေ ဆုတ်ယုတ်ပျက်ပြားပြီး နိဗ္ဗာန်မဂ်ဖိုလ်သို့မရောက်ဘူး။ ဒါ့ကြောင့် ကမ္မဋ္ဌာန်းဆရာတော် ဟာ ပေတက်သမားနဲ့တူရမယ်” ဟူ၍ မိန့်တော်မူခဲ့လေသည်။
သမ္မာ ဝိဟရေယျုန္တိ ဧတ္ထ-သမ္မာ ဝိဟာရေယျုံဟူသော ဤစကား၌ သောတာပန္နော- သောတာပန်ပုဂ္ဂိုလ်သည်၊ အတ္တနော အဓိဂတဋ္ဌာနံ- မိမိ၏ ရပြီး တရားထူး အရာဌာနကို၊ ဝါ- တရားထူးရခြင်း၏ အကြောင်းနည်းလမ်းကို၊ အညဿ ကထေတွာ- အခြားသူအား ပြောပြ၍၊ တံ- ထိုအခြားသူကို၊ သောတာပနံ္န ကရောန္တေ္ထာသောတာပန်ဖြစ်အောင် ပြုနိုင်သည်ရှိသော်၊ သမ္မာ ဝိဟရတိ နာမ- ကောင်းမွန်မှန်ကန် စွာနေသည် မည်ပေ၏တဲ့။
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဥပုသ်သီလ သြဝါဒ အနုမောဒနာ တရားတော်
ရေးသားသူ - ဖြည့်စွက်ရန်
ဖတ်ရှုချိန် - ဖြည့်စွက်ရန်
ဆွမ်းအလှူပြုနေပုံ
၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်
ဓာတ်ပုံဆရာ - ကျော်ကျော်
“သူများကို အပြစ်မတင်ရာ ကိုယ့်အပြစ်ကိုဆင်ခြင်ပါ”
ဒီကနေ့ ၁၃၄၀-ပြည့်နှစ် နယုန်လပြည့်နေ့ဖြစ်တယ်၊ လပြည့်နေ့ဆိုတော့ သီလ ယူတဲ့ပုဂ္ဂိုလ်တွေ တော်တော်များတယ်၊ နယုန်လပြည့်ဆိုတော့ မဟာသမယနေ့ပဲ။ ဘုန်းကြီးက ၁၃၃၆-ခုနှစ် ငွေရတုသဘင်တုန်းက ဟောထားတဲ့တရားကို စာမူချော လုပ်နေပါတယ်။ အဲဒီစာမူထဲမှာ အနုပဝါဒေါ အနုပဃာဘော- ဆိုတဲ့ သြဝါဒ ပါတိမောက်ဂါထာထဲက အနုပဝါဒေါ၊ သူတစ်ပါးကို မစွပ်စွဲရဆိုတာနဲ့စပ်ပြီး ဓမ္မပဒ ထဲမှာ ဂါထာတစ်ခုကို ဟောထားတာတွေ့ရတယ်၊ “မှတ်စရာကောင်းတာပဲ၊ ကနေ့တော့ သီလပေးပြီးရင် ဒီဂါထာကလေးကို ဟောဦးမှာပဲ” လို့ စိတ်ကူးရတယ်။
သူများအပြစ်ကို မရှုရှာ၊ ကိုယ့်အပြစ်ကိုရှုပါ
န ပရေသံ ဝိလောမာနိ၊ န ပရေသံ ကတာကတံ။ အတ္တနောဝ အဝေက္ခေယျ၊ ကတာနိ အကတာနိစ။
ဘုရားလက်ထက်တော်ကာလက သာဝတ္ထိမြို့မှာ ဒကာမကြီးတစ်ယောက်က တက္ကတွန်းတစ်ယောက်ကို ကိုးကွယ်နေတယ်ဆိုတဲ့၊ တက္ကတွန်းဆိုတာ အဝတ်မဝတ်ဘဲနဲ့ ကျင့်နေတဲ့သူပါပဲ၊ အဲဒီတက္ကတွန်းကို အဲဒီဒကာမကြီးက သားအနေနဲ့ အတော့်ကို ရင်းရင်းနှီးနှီးလုပ်ပြီးတော့ ကိုးကွယ်နေတယ်တဲ့။ အဲဒီဒကာမကြီးက မြတ်စွာဘုရားရဲ့ ဂုဏ်သတင်းတွေကို ကြားရတာနဲ့ ဘုရားထံသွားပြီးတော့ ဖူးမြော်ချင်တယ်၊ ဒါနဲ့ အဲဒီသူကိုးကွယ်တဲ့ တက္ကတွန်းကို ပြောကြားတယ်၊ ဘုရားဖူးသွားချင်တယ်ဆိုတော့ အဲဒီ တက္ကတွန်းက ‘ဟာ-မသွားနဲ့’ဆိုပြီး တားမြစ်တယ်။
တစ်နေ့ တော်တော်ဆီက မန္တလေးမှာ အရှုပ်အထွေးဖြစ်ခဲ့တယ်၊ လူတစ်စုက သူတို့ဘာသာရေးအတိုင်းသာ လိုက်နာ၊ တခြားသော ဘာသာရေးတွေဆိုရင် စာအုပ် တွေ ဘာတွေလဲ မကြည့်ရဘူး၊ တရားလဲမနာရဘူးဆိုပြီးတော့ တားမြစ်ကန့်ကွက် ထားတယ် ဆိုတာပဲ၊ သစ္စာလဲ ဆိုရသေးသတဲ့၊ တခြားတရားကို နာလို့ရှိရင် တခြား စာအုပ်တွေကို ကြည့်လို့ရှိရင် “ဘာဖြစ်ပါစေ၊ ညာဖြစ်ပါစေ’ဆိုပြီး သစ္စာဆိုရသေးသတဲ့၊ တယ်သံဝေဂဖြစ်စရာ ကြောက်စရာကောင်းတာပဲ၊ တခြားဘာသာတွေဆီ သွားလို့ရှိရင် မကောင်းကျိုးတွေရအောင် ကြောက်အောင် တမင်တကာ ခြောက်လှန့်နေတာ၊ အဲဒါ ဘာမဟုတ်တဲ့တရားတွေ၊ ဘုရားတရားနဲ့ပြောင်းပြန်တွေပဲ၊ အဲဒီဘုရားတရားနှင့် ပြောင်းပြန်တွေဟာ သိပ်နေရာမကျဘူး၊ မြန်မာပြည်မှာ ဘုရားတရားနှင့် ပြောင်းပြန် ဖြစ်ရတယ်ဆိုတာ သိပ်နေရာမကျဘူး။
မကြာမီ နှစ် ၅၀-လောက်စပြီးတော့ ပေါ်လာတာထင်ပါရဲ့၊ ဟိုကတစ်မျိုး၊ ဒီက တစ်မျိုး၊ လေးငါးခြောက်မျိုးလောက်ရှိတယ်၊ ဘုရားတရားနှင့် ပြောင်းပြန်ဖြစ်ရတာဟာ သူ့အယူနှင့်သူ၊ သူ့ပရိသတ်နှင့်သူတော့ အဟုတ်အမှန် အကောင်းမှတ်ပြီး ယူနေကြ တာပဲ၊ ရိုးရိုးယူရင် တော်သေးရဲ့၊ အမှန်တွေကို ကဲ့ရဲ့တာလဲ ရှိသေးတယ်။
အဲဒီနေ့က အရှုပ်အရှင်းဖြစ်တာကတော့ ဘုရားဆင်းတုတော်တွေ ကိုးကွယ် တာဟာ အပိုပဲ၊ မဟာမြတ်မုနိဘုရားကြီးဆိုတာ အပိုပဲ ဆိုပြီးတော့ ပြောဟောကြသတဲ့၊ အဲဒါဟာ အကုသိုလ်ဖြစ်အောင် တမင်တကာ သူတို့ဝါဒ တီထွင်ထားတာပဲ၊ ဘာမှ ဟုတ်တာမဟုတ်ဘူး၊ သူတို့သိတားတာလဲ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် သိတာမဟုတ် ဘူး၊ ဒီလိုဟာတွေကလဲ ရှိသေးတယ်။
အခုဒီဝတ္ထုထဲမှာ ဘုရားသာသနာအပြင်ဘက်ကမို့ ဘာမှ အထူးပြောစရာ မလို ပါဘူး၊ အကြိမ်ကြိမ်တောင်းပန်တော့လဲ အဲဒီတက္ကတွန်းက ခွင့်မပြုတာနဲ့ နောက်တနေ့ ကျတော့ “ဘုရားထံ သွားလို့တော့ ဖြစ်မှာမဟုတ်ဘူး၊ ဘုရားကို ဆွမ်းစားပင့်ပြီးတော့ ဆွမ်းကပ်ပြီး တရားနာမှဖြစ်မှာပဲ” ဆိုပြီး ဒကာမကြီး သူ့သားအရင်းကို ဘုရားဆီ ဆွမ်းစားပင့်ဖို့ စေလွှတ်လိုက်တယ်။
အဲဒီကလေးကလဲ တက္ကတွန်းနှင့် ရင်းနှီးတာကိုး၊ အဲဒီတော့ အဲဒီသွားပြီး အကြောင်းကြားလိုက်ရသေးတယ်၊ “ဘုရားကို ဆွမ်းစားပင့်မလို့ဆိုတော့ တက္ကတွန်းက “မသွားနဲ့၊ မသွားနဲ့”လို့ တားမြစ်တယ်၊ တားမြစ်တော့ သားကလေးက “ငါတော့ မသွားလို့ မဖြစ်ဘူး၊ အမေ့စကားကို နားထောင်ရမှာ၊ သွားတော့ သွားရမှာပဲ၊ မသွားလို့ မဖြစ်ဘူး”လို့ ပြောတယ်။
အဲဒီတော့ တက္ကတွန်းက “မဖြစ်လို့ရှိရင် သွားချင်လဲ သွားတာပေါ့ကွာ၊ ဒါပေမယ့်လို့ မင်းတို့အိမ်က ဘယ်လမ်းမှာရှိတယ်၊ ဘယ်အရပ်မှာရှိတယ် ဆိုတာကို တော့ မပြောလေနဲ့၊ ဘုရားမလာနိုင်လို့ရှိရင် မင်းအမေချက်ထားတဲ့ ထမင်းတွေကို ငါနဲ့မင်းနဲ့နှစ်ယောက်တည်း စားရအောင်” လို့ အဲဒီလိုပြောတာကိုး။
ဒါနဲ့ ဘုရားဆီသွားပင့်တော့ တက္ကတွန်းက မှာလိုက်တဲ့အတိုင်းပဲ ဘုရားကို လမ်းညွှန်ပြီး မပြောခဲ့ဘူး၊ ပင့်ရုံသာ ပင့်ထားခဲ့တယ်၊ ဒါပေမယ့်လို့ “ဘုရားဆိုတာ တရားအလုံးစုံကိုလဲ သိနေတာ၊ လောကအကြောင်းတွေကိုလဲ သိနေတာ”ဆိုတော့ လမ်းညွှန်ဖို့ဆိုတာဟာ ဘာမျှမလိုပါဘူး၊ သူတို့ကသာ နားမလည်တဲ့ပုဂ္ဂိုလ်တွေမို့ တော်တော် အထင်သေးနေတာပဲ၊ ဘုရားကတော့ အကုန်လုံး သိနေတာပဲ။
လောကအကြောင်းအရာလောက်ကို မပြောနဲ့တော့၊ တရားအကြောင်းအရာ တွေ နိဗ္ဗာန်ရောက်ကြောင်းလမ်းအထိ သိတော်မူနေတာပဲ၊ လူ့ဘဝ နတ်ဘဝ ဗြဟ္မာ ဘဝရောက်ကြောင်း၊ အပါယ်လေးပါး ရောက်ကြောင်းလဲ အကုန်သိတယ်။
အဲဒီလိုပင့်လာတော့ အဲဒီဒကာမကြီးကလဲ ဘုရားကိုးကွယ်နေကျ မဟုတ်တဲ့ အတွက် သူက ဘုရားနှင့်သင့်တော်အောင် ပြင်ဆင်ထားနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် ဘုရားနှင့်ရင်းနှီးတဲ့ အိမ်နီးချင်းပုဂ္ဂိုလ်တွေက သူ့အိမ်သွားပြီးတော့ ဝိုင်းဝန်းကူညီလျက် ဝေယျာဝစ္စတွေကို လုပ်ကြတယ်၊ မြတ်စွာဘုရား နေထိုင်တော်မူဖို့ရာ အစစအရာရာ အဆင်ပြေအောင်လို့ နေရာထိုင်ခင်းကစပြီးတော့ ပြုပြင်ပေးကြတာပေါ့။
မြတ်စွာဘုရားရှင်လဲ အချိန်ရောက်တော့ ကြွလာတော်မူတယ်၊ ကြွလာပြီးလို့ ဆွမ်းဘုဉ်းပေးပြီးတော့ အနုမောဒနာတရားကို ဟောကြားတော်မူတယ်၊ တရားဟောတဲ့ အခါကျတော့ ဒကာမကြီးက သဘောကျဝမ်းသာလွန်းလို့ အသံကလေးထုတ်ပြီး “သာဓု-သာဓု-သာဓု”လို့ ခဏခဏခေါ်ပြီး တရားနာနေတယ်။
ထိုတက္ကတွန်းကလဲ နောက်ဖေးအခန်းကနေပြီး နားထောင်နေတယ်။ အဲဒီလို သာဓုတွေခေါ်တာကို ကြားရတော့ “နေရာမကျတော့ဘူး”ဆိုပြီး သည်းမခံနိုင်တာကို နောက်ဖေးမှထွက်လာပြီးတော့ ဒကာမကြီးကို ဆဲဆိုမောင်းမဲတယ်၊ မြတ်စွာဘုရားကိုလဲ အပြစ်တင်ကဲ့ရဲ့တယ်၊ ပြီတော့ ထွက်ပြေးသွားပါသတဲ့။
အဲဒီတက္ကတွန်းက ထွက်ပြေးနေတဲ့နောက်လဲ ဘုရားရှင်က ဆက်လက်ပြီး တရားကို ဟောမြဲဟောနေတယ်၊ ဒကာမကြီးမှာတော့ စိတ်မချမ်းမသာ ဖြစ်နေတယ် “သြော် နေရာမကျလိုက်တာ၊ ငါ့လဲ အကျိုးယုတ်တာပဲ၊ ပင့်ထားတဲ့ဘုရားကိုလဲ အပြစ်တင်သွားသေးတယ်”လို့ နှလုံးသွင်းပြီး စိတ်မချမ်းမသာ ဖြစ်နေတယ်။
အဲဒီတော့ မြတ်စွာဘုရားက “သူတစ်ပါးတွေ ချွတ်ယွင်းတာ သွားမစဉ်းစားနဲ့၊ ကိုယ့်အလုပ်သာ ကိုယ်နှလုံးသွင်း အားထုတ်၊ သူတစ်ပါးအပြစ် စဉ်းစားတာ အပိုပဲ” ဆိုပြီးတော့ ဒီအဓိပ္ပါယ်ကို မြတ်စွာဘုရားက ဟောကြားတော်မူပါတယ်။
န ပရေသံ ဝိလောမာနိ၊ န ပရေသံ ကတာကတံ။ အတ္တနောဝ အဝေက္ခေယျ ကတာနိ အကတာနိစ။
ပရေသံ-သူတစ်ပါးတို့၏၊ ဝိလောမာနိ-ချွတ်ယွင်းသောအမှုတို့ကို၊ န အဝေက္ခေယျ- မကြည့်ရှု မစဉ်းစားရာ၊ (သူတစ်ပါးတွေ ချွတ်ယွင်းတာတွေဆိုတာ မပြောသင့်တာပြော၊ မပြုသင့်တာ ပြုတာတွေပါပဲ၊ အဲဒါတွေ နေပါစေ၊ သူ့အပြစ်နဲ့ သူပဲလို့သာ နှလုံးသွင်းထားလိုက်တဲ့၊) ပရေသံ- သူတစ်ပါးတို့၏၊ ကာတာကတံစ-မပြုအပ်သော အမှုကိုပြုခြင်း၊ ပြုအပ်သော အမှုကိုမပြုခြင်းကိုလည်း၊ နအဝေက္ခေယ္ထျမကြည့်ရှုရာ၊ သူတစ်ပါးတွေက မပြုသင့်တာလဲ ပြုတာပေါ့၊ အဲဒါတွေလဲ စဉ်းစားမနေ နဲ့၊ ပြုသင့်တာတွေကို မပြုတာကိုလဲ စဉ်းစားမနေနဲ့တဲ့၊ ဒါတွေက လျစ်လျူရှုထားဖို့ အရေးကြီးတယ်၊ အဲဒီသူတစ်ပါးတွေက ကိုယ်နှင့်မဆိုင်လို့ရှိရင် ချွတ်ယွင်းတာတွေကို ပြောရဆိုရတယ်၊ ဆရာသမားကဆိုရင် တပည့်၏ချွတ်ယွင်းတာတွေကို ကြည့်ရှုပြောဆို ပြီး ဆုံးမရတယ်၊ ဥပဇ္ဈာယဆိုတာ တပည့်ရဲ့အပြစ်ကို ကြည့်ရှုပြီးတော့ ဆိုဆုံးမပြီးတော့ ဥပဇ္ဈာယ်ဆရာခေါ်တာပဲ၊ ဒါကြောင့် ဆရာက တပည့်ကို တမင်တကာကိုဆုံးမရတယ်၊ အဲဒီလို သက်ဆိုင်ရာတော့ဖြင့် ကြည့်ရှုဆုံးမရပါတယ်။
အခုဟာကတော့ မဆိုင်တဲ့ပုဂ္ဂိုလ်မို့ နေပစေ၊ သူမတော်တာတွေပြုရင် သူ့အပြစ် ပဲ၊ ဗုဒ္ဓသာသနာတော်နဲ့စပ်ပြီးတော့လဲ တရားတွေ မတော်တာတွေဟော မတော်တာ တွေပြုနေကြတဲ့ ပုဂ္ဂိုလ်တွေလဲ ရှိတာပဲ၊ ပြုသင့်တာတွေ မပြုကြဘူး၊ သီလတောင် ကောင်းကောင်း မကျင့်တာလဲရှိတယ်၊ တချို့က ရဟန်းဆိုပြီးတော့ သီလတောင် ကောင်းကောင်းမကျင့်ဘဲနဲ့ သီလမပြည့်စုံဘဲနေတာတွေလဲ ရှိတာပဲ၊ တချို့ကသူများကို သာ အပြစ်ပြောတာ အပြစ်တင်တာ သူကိုယ်တိုင်ကတော့ ကောင်းကောင်းမကျင့်ဘူး၊ တရားလဲပဲ အားထုတ်တာ မဟုတ်ဘူး၊ ရဟန်းဆိုတော့ သမဏဓမ္မ- ရဟန်းတရားဆိုတဲ့ သမာဓိပညာတွေ ကျင့်ကြံအားထုတ်ရမယ်၊ များသောအားဖြင့် ရဟန်းတရား မကျင့်တဲ့ ပုဂ္ဂိုလ်တွေက များနေတယ်၊ ကျင့်တဲ့ပုဂ္ဂိုလ်တွေတော့ မရှိသလောက် နည်းနေတာပါပဲ၊ အခုဒီမှာ အားထုတ်ကြတာဟာ ဒကာဒကာမတွေက များနေတယ်။
အခု ဒီနှစ်တော့ တော်တော်ဟန်ကျတယ်၊ လာပြီးအားထုတ်တဲ့ ရဟန်းတွေ တော်တော်များလာတယ်၊ တော်တော်နေရာကျပါတယ်၊ ဒါပေမယ့် ဒီရိပ်သာတစ်ခုမှာပဲ များများရှိတယ်၊ သည့်ပြင်နေရာမှာတော့ တယ်ရှိတာမဟုတ်ဘူး၊ ဒီမှာတော့ အဆင်ပြေ ပါတယ်၊ လူပရိသတ်တွေ ဒီမှာ အားထုတ်ကြတာ တော်တော်များပါတယ်၊ နေရာပေးဖို့ တောင် ခပ်ကျပ်ကျပ် ဖြစ်နေတယ်။
တခြားနေရာတွေမှာ အားထုတ်သူနည်းပေမယ့် သူတစ်ပါးတွေ ချွတ်ယွင်းတာ ကြည့်နေဖို့မလိုပါဘူး၊ “လျစ်လျူရှုထားရမယ်”လို့ ဆိုတဲ့အတိုင်း ဘုန်းကြီးတို့ကတော့ ဒီလိုဟာကို လျစ်လျူရှုထားတာကြာပါပြီ၊ ဘုန်းကြီးတို့ ဟောတဲ့တရားတွေကို အမြဲတမ်း ကဲ့ရဲ့ရှုတ်ချတာတွေ ရှိတာပဲ၊ အဲဒါတွေကို ဘုန်းကြီးက ပြန်မချေပါဘူး။
တစ်နေ့တွင်က စာကလေးတစ်စောင် ရောက်လာတယ်၊ အဲဒီစာထဲမှာ ဖော်ပြ ထားတာကတော့ သူကြည့်ရတဲ့ စာအုပ်တစ်အုပ်ထဲမှာ “သွားရင်သွားတယ်၊ ရပ်ရင် ရပ်တယ်၊ ထိုင်ရင်ထိုင်တယ်၊ ကွေးတယ်၊ ဆန့်တယ်၊ မြင်တယ်၊ ကြားတယ်၊ ဖောင်း တယ်၊ ပိန်တယ်၊ ဒီလိုရှုနေတာတွေဟာ စာထဲပေထဲက နာမည်တွေမပါလို့၊ စာပေ ကျမ်းဂန်ထဲက ရုပ်တို့ နာမ်တို့ ဖဿ ဝေဒနာ သညာတို့၊ ဒီလိုနာမည်တွေ မပါလို့၊ တရားမှန်တွေကို မသိနိုင်ဘူး”လို့ ရေးထားတယ်တဲ့။
“သွားတယ်၊ ရပ်တယ်” စသည်ဖြင့် ရှုသိပုံဟာ မဟာသတိပဋ္ဌာနသုတ်က မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ရဖို့ တစ်ခုတည်းသောလမ်းလို့ ဟောထားတဲ့နည်းပဲ၊ အဲဒါကိုနားမလည်လို့ ပစ်ပယ်တာပါပဲ၊ အဲဒီစာရေးတဲ့ပုဂ္ဂိုလ်မှာ ဝိပဿနာဉာဏ်အစစ် ဖြစ်ဖူးပုံမရပါဘူး၊ ‘ကိုယ့်သန္တာန်က တကယ်ဖြစ်တဲ့ရုပ်ကို ရှုရမယ်’ ဆိုတာကိုလည်း သိပုံမရပါဘူး၊ အဋ္ဌကထာတွေက ပြထားတဲ့ ရုပ်နာမ်သရုပ်ခွဲတာတွေ၊ အနိစ္စ ဒုက္ခ အနတ္တဆိုတာတွေ၊ ဒီလိုဟာတွေက သဘောကျပြီး အဲဒီလိုဆင်ခြင်ရုံနဲ့ ဝိပဿနာဖြစ် တယ်လို့ ယုံကြည်ယူဆပြီး အဲဒီလို ဆင်ခြင်မှုမှန်တယ်လို့ ထင်နေတဲ့ လက္ခဏာပါပဲ။
စောင့်စည်းမှုရှိတဲ့ ပုဂ္ဂိုလ်တွေကတော့ သူများကိုမကဲ့ရဲ့ပါဘူး၊ မစောင့်စည်းတဲ့ ပုဂ္ဂိုလ်တွေက သူများကို ကဲ့ရဲ့တတ်ကြပါတယ်၊ ဘုန်းကြီး ရန်ကုန်ရောက်စကတည်းက စပြီးတော့ ဦးပဂျီငိုဆိုတဲ့ လူကြီးတစ်ယောက်က ဘုန်းကြီးတို့ဟောတဲ့တရားကို အမြဲ တမ်း အပြစ်ပြောရေးသားပြီး ဝါဒဖြန့်နေတယ်၊ အခုနေအခါ ဓမ္မကထိကထဲကလဲ နာမည်ကြီးပုဂ္ဂိုလ်တစ်ပါးက ဘုန်းကြီးတို့ဟောတဲ့တရားကို အမြဲတမ်းအပြစ်ပြော ဟောကြားနေတယ်၊ သူတို့ ဟောပုံပြောပုံတွေထဲမှာ ချွတ်ယွင်းတာတွေ ရှိပါတယ်၊ ဒါပေမယ့်လို့ သူတို့ကို ဘုန်းကြီးက အပြစ်မပြောပါဘူး၊ အရေးကြီးတာမဟုတ်ဘူးလို့ နှလုံးသွင်းပြီးတော့ သူတို့အပြစ်ကို ဘုန်းကြီးက အပြစ်မပြောပါဘူး။
ဒီကဘာတွေတော့ ပြောတုန်းဆိုရင် ဘုရားတရားနဲ့ ပြောင်းပြန်ဖြစ်နေတဲ့ဝါဒ ကိုတော့ မေတ္တာကရုဏာ ရှေ့ထားပြီးတော့ပြောပါတယ်၊ ဒါကတော့ မပြောမဖြစ်ဘူး၊ “သစ္စာလေးပါးတရားသိအောင် အားထုတ်ဖို့မလိုဘူး၊ ဝိပဿနာရှုဖို့မလိုဘူး”ဆိုတဲ့ ဝါဒ တွေ၊ “သီလစောင့်ရှောက်ဖို့မလိုဘူး”ဆိုတဲ့ ဝါဒတွေ အဲဒီလိုဟာတွေကျတော့ ဘုန်းကြီး က ကိုယ်နဲ့ ဘာမှမဆိုင်ပေမယ့်လို့ ရှင်းလင်းပြီး ဟောရတယ်၊ ဘုန်းကြီးတို့ကို အဲဒီ ပုဂ္ဂိုလ်တွေက မကဲ့ရဲ့ကြပါဘူး၊ မသိနားမလည်တဲ့ ပုဂ္ဂိုလ်တွေက အဲဒီအမှားတွေ ယုံပြီး အဲဒီနောက်လိုက်သွားလို့ရှိရင်ဖြင့် အမှားကိုပြုလုပ်ပြောဆိုပြီး အကုသိုလ်တွေ ပွားမှာ စိုးလို့ အမှားနှင့် အမှန်ကိုသိရအောင်လို့ ရှင်းလင်းပြောရတာပါပဲ၊ ဒီလိုမှားနေတာတွေ သာသနာတော်နှင့် ပြောင်းပြန်ဆန့်ကျင်နေတာတွေကျတော့ ဘုန်းကြီးက ပြောလဲ ပြောပါတယ်၊ စာထဲပေထဲလဲ ထည့်ပြီးတော့ရေးပါတယ်၊ ဒါပေမယ့် မိမိဝါဒကို ရှုတ်ချပြီး ပြောနေကြတာကိုတော့ လျစ်လျူရှုထားပါတယ်၊ သူတို့သိသင့်သိထိုက်တဲ့ အချိန်မတန် သေးလို့ တရားမှန်တွေ မသိကြတာဘဲ-လို့ နှလုံးသွင်းထားပါတယ်။
သာသနာပက ဈာန်ရပုဂ္ဂိုလ်တွေ အဘိညာဉ်ရတဲ့ပုဂ္ဂိုလ်တွေမှာ သမာဓိတော့ ပြည့်စုံနေတာပဲ၊ ဒါပေမယ့်လို့ သူတို့က တရားအားထုတ်နည်းကို မသိတော့ ကိုယ် ခန္ဓာထဲက တကယ်ဖြစ်နေတဲ့ ရုပ်နာမ်တွေကို မရှုကြဘူး၊ အဲဒီလို ရှုသင့်တာကို မရှုကြတော့ အဲဒီသာသနာပက ဈာန်ရပုဂ္ဂိုလ်တွေဟာ ရုပ်နာမ်တရားတွေ၊ အနိစ္စ ဒုက္ခ အနတ္တတရားတွေကို မသိကြဘူး၊ မသိကြတာနဲ့ သေတဲ့အခါကာလ ဗြဟ္မာ့ပြည်ရောက် ကြပေမယ့် သောတာပန်လဲ မဖြစ်ဘူး၊ သကဒါဂါမ် အနာဂါမ် ရဟန္တာလဲ မဖြစ် နိုင်ကြဘူး။
အဲဒါဟာ မြတ်စွာဘုရားဟောကြားတဲ့ ဝိပဿနာရှုပုံရှုနည်း တရားတော်တွေကို မသိကြလို့ပါပဲ၊ သာသနာပမှာ ဒီလိုဝိပဿနာရှုနည်းကို ဟောနိုင်တဲ့ပုဂ္ဂိုလ် မရှိဘူး၊ သာသနာတွင်းကျတော့လဲ ဒီလိုဟောတဲ့ ရှုနည်းအမှန်တရားကို မယုံကြည်တဲ့ ပုဂ္ဂိုလ် တွေက ဒီလိုပါပဲ၊ သူတို့က ဝိပဿနာ မရှုကြ အားမထုတ်ကြဘူး၊ သူတို့ဟာ တရား အမှန်ကို မသိသင့်မသိထိုက်သေးလို့ မသိကြသေးတာပါပဲ၊ သူ့ကံနဲ့သူပဲလို့ ဒီလိုသာ နှလုံးသွင်းပြီး လျစ်လျူရှုထားပါတယ်၊ အဲဒါဟာ…
ပရေသံ- သူတစ်ပါးတို့၏၊ ဝိလောမာနိ- ချွတ်ယွင်းချက်တို့ကို၊ န အဝေက္ခေယျ-မကြည့်ရှုရာ၊ ပရေသံ- သူတစ်ပါးတို့၏၊ ကတာကတံ- မပြုသင့်သည်ကို ပြုမိခြင်းကို၊ န အဝေက္ခေယျ- မကြည့်ရှု မစဉ်းစားရာ၊ (မပြုအပ်သောအမှုဆိုတာက မတော်တာတွေကို ပြုတာပဲ၊ အကုသိုလ်တရားတွေကို ပြုတာပေါ့၊ ပြုအပ်တဲ့အမှုဆိုတာက ပြုသင့်ပြုထိုက် တဲ့ ကုသိုလ်တရားတွေပဲ၊ ကုသိုလ်တရားတွေဆိုတာ ပြုရမှာပဲ၊ အဲဒါတွေကို မပြုတာ မပွားများတာဟာ ချွတ်ယွင်းတာပဲ၊ အဲဒီလို မပြုသင့် မပြောသင့်တာတွေကို သူများက ပြောပြုထားရင်လဲ အဲဒါတွေကို လျစ်လျူရှုထားရမယ်၊ ပြုသင့်တာတွေကို မပြုဘဲ လစ်ဟင်းနေတာတွေကိုလဲ လျစ်လျူရှုထားရမယ်လို့ ပြဆိုထားတဲ့အတိုင်း လျစ်လျူရှု ထားပုံပါပဲ) အတ္တနောဝ- မိမိသာလျှင်၊ ကတာနိစ- ပြုမိသည်တို့ကိုလည်းကောင်း၊ အကတာနိစ- မပြုမိသည်တို့ကိုလည်းကောင်း၊ အဝေက္ခေယျ- ကြည့်ရှုရမယ်တဲ့၊ (မိမိ ကိုယ်တိုင်တောင် ပြုသင့်ပြုထိုက်တာကို ပြုမိရဲ့လား၊ မပြုမိဘဲ နေသလား၊ ဒါကို သိရမယ်၊ မပြုသင့် မပြုထိုက်တာ ပြုမိသလား၊ မပြုမိဘဲ ကင်းရှင်းရဲ့လား၊ ဒါကိုလဲ သိဖို့ရာ လိုတယ်တဲ့။)
အဲဒီတော့ သီလ သမာဓိ ပညာတွေ ပြုသင့်ပြုထိုက်တာတွေ ပြုပြီးပြီလား၊ သီလပြည့်စုံပြီလား မပြည်စုံဘူးလား၊ သမာဓိဘာဝနာ ပညာဘာဝနာတွေ အားထုတ် ပြီးပြီလား၊ အားမထုတ်ရသေးဘူးလား အဲဒါတွေကို ဆင်ခြင်ဖို့ရာလိုတယ်၊ အဲဒီလို ဆင်ခြင်ပုံဟာ အင်မတန်ကောင်းပါတယ်၊ အဲဒါတွေဟာ ယခုတရားထဲမှာ ပါတာတွေပဲ၊ ဒါကလေးတွေလဲ ပြည်စုံပါတယ်၊ ရှေးကပြောထားတာတွေလည်း ပြည့်စုံပါတယ်၊ အခု နောက်ထပ်ပြီး ပြောရဦးမယ်။
ရဟန်းတော်များမှာ အကြောင်းသီလဆိုတာ စင်ကြယ်ဖို့ရာ အရေးကြီးတယ်၊ သီလစင်ကြယ်မှ ကိုယ့်အကျိုးရှိတယ်၊ ကိုယ့်ကိုလှူဒါန်းနေတဲ့ ဒကာဒကာမတွေလဲ အကျိုးရှိတယ်၊ အထူးအားဖြင့် ဘဝတစ်ပါး ကွယ်လွန်သွားတဲ့ပုဂ္ဂိုလ်အတွက်ဆိုပြီး လှူဒါန်းတဲ့အခါကာလမှာ သီလစင်ကြယ်တဲ့ပုဂ္ဂိုလ်တွေကို လှူဒါန်းပြီး အမျှပေးဝေမှ အဲဒါကို ဟိုကသာဓုခေါ်ပြီးတော့ ကောင်းကျိုးတွေကို ရနိုင်တယ်၊ အကျိုးပေးတာတဲ့၊ သီလမစင်ကြယ်တဲ့ပုဂ္ဂိုလ်တွေကို လှူလို့ကတော့ အကျိုးမပေးဘူး၊ အဲဒါ အရေးကြီးပါ တယ်၊ အခု ကိုယ့်ဆိုင်ရာ ဒကာဒကာမတွေကို ချီးမြှောက်နိုင်ရန် ကိုယ်တိုင် သီလ စင်ကြယ်အောင်ကျင့်ဖို့ အရေးကြီးတယ်၊ သမာဓိ ပညာအလုပ်တွေဆိုတာ သမဏဓမ္မ္ထရဟန်းတရားတွေပဲ၊ ဒီရဟန်းတရားဆိုတဲ့ သမာဓိ ပညာကျင့်တွေကို ကျင့်ပြီးပြီလား၊ ဘယ်လောက်ကျင့်ခဲ့သတုံး၊ ဘယ်လောက်ထိထိရောက်ရောက် ကျင့်ခဲ့တုံး၊ ဒါ စဉ်းစား စရာတွေပဲ၊ ဒါတွေကို ဟောပေးရတယ်၊ ဒါပေမယ့် အများပုဂ္ဂိုလ်တွေအတွက် မဟုတ်ပါ ဘူး၊ ဘုန်းကြီးတို့က ငွေရတုသဘင်မှာ ဟောဖို့ဆိုတော့ ဒီမှာလာတဲ့တပည့် ပရိသတ် တွေအတွက် သြဝါဒပေးတဲ့ဟာပဲ၊ တခြားပုဂ္ဂိုလ်တွေက တို့ပြောရမလား ဆိုပြီးတော့ ဘာမှ အပြစ်တင်စရာမရှိပါဘူး၊ ဘာကြောင့်လဲ သူတို့အတွက် ပြောတာမဟုတ်လို့ပါပဲ၊ သူတစ်ပါးအပြစ်ကို လျစ်လျူရှုဖို့ သီလစသည်ကို ကိုယ်တိုင်ကျင့်ဖို့ ဒီကပြောတာ တွေဟာ ဒီကတပည့်ပရိတ်သတ်တွေကို ပြောတာပါ။
အဲဒါတွေက ကင်းသင့်တာတွေ ကင်းအောင် ပြည့်စုံသင့်သလောက် ပြည့်စုံ အောင် ပြည့်စုံသထက် တိုးတက်ပြီးတော့ပြည့်စုံအောင် ကျင့်ဖို့ရာလိုတယ် ဆိုတာလေး တွေကို ဟောရတယ်၊ ဒီက ကမ္မဋ္ဌာန်းဆရာတွေ ဓမ္မကထိကတွေဟာ များသော အားဖြင့် ပြည့်စုံကြပါလိမ့်မည်၊ သို့သော် မပြည့်စုံတဲ့ပုဂ္ဂိုလ်လဲ နည်းနည်းပါးပါး ရှိချင် ရှိမယ်၊ မပြည့်စုံတဲ့ပုဂ္ဂိုလ်တွေ ပြည့်စုံအောင် အားထုတ်ဖို့ရာအတွက် ရည်ရွယ်ပြီးတော့ သြဝါဒအနေနဲ့ ပြောပါတယ်၊ အဲဒါ အင်မတန်ကောင်းပါတယ်။
န ပရေသံ ဝိလောမာနိ၊ န ပရေသံ ကတာကတံ။ အတ္တနောဝ အဝေက္ခေယျ၊ ကတာနိ အကတာနိစ။
ပရေသံ- သူတစ်ပါးတို့၏၊ ဝိလောမာနိ- မလိုအပ်သော ချွတ်ယွင်းသော အမှုတို့ကို၊ န အဝေက္ခယျ- မကြည့်ရှု မစဉ်းစားရာ၊ ပရေသံ- သူတစ်ပါးတို့၏၊ ကတာကတံ- မပြုသင့်သည်ကို ပြုမိခြင်း၊ ပြုသင့်သည်ကို မပြုမိခြင်းကို၊ န အဝေက္ခယ္ထျမကြည့်ရှု မစဉ်းစားရာ၊ အတ္တနောဝ- မိမိ၏သာလျှင်၊ ကတာနိစ- ပြုမိသည်တို့ကို လည်းကောင်း၊ အကတာနိစ- မပြုမိသည်တို့ကိုလည်းကောင်း၊ (အဲဒါပြုသင့်တာကို မပြုမိဘဲနဲ့နေတာကို သိရမှာ၊ မပြုသင့်တာတွေ ပြုမိတာလဲ သိရမှာ၊ မပြုသင့်တာ မပြုမိဘဲ ပြုသင့်တာကို ပြုမိတယ်ဆိုရင်တာ့ ဝမ်းမြောက်ဖို့ပါပဲ) အတ္တနောဝ- မိမိ၏ သာလျှင်၊ ကတာနိစ- ပြုမိသည်တို့ကိုသာလည်းကောင်း၊ အကတာနိစ- မပြုမိသည် တို့ကိုလည်းကောင်း၊ အဝေက္ခယျ- ကြည့်ရှုရာ၏။
တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေအဖို့ အရေးကြီးတာပေါ့လေ၊ တရား အားထုတ်ဆဲ ပုဂ္ဂိုလ်တွေဟာ စဉ်းစားနေရင် အလုပ်ပျက်နေတာပဲ၊ မစဉ်းစားဘဲနဲ့ ကိုယ့်အမှတ်ကို စူးစိုက်ပြီးတော့ ရှုမှတ်နေမှကောင်းတာ၊ အဲဒါအရေးကြီးတယ်၊ မြတ်စွာ ဘုရားက အဲဒီဒကာမကြီးကိုဟောတော့ အဲဒီဒကာမကြီးလဲ တရားထူးတွေ ရသွားတယ်၊ အင်မတန်ကောင်းပါတယ်။
ဒါကြောင့် မိမိမှာ ပြုသင့်တဲ့အမှုတွေ ပြုမိသလား၊ မပြုမိသလား၊ မပြုသင့် တာတွေကို ပြုမိသလား၊ မပြုမိသလား ဆိုတာတွေကို စဉ်းစားပြီးတော့ ပြုသင့်တာတွေ လိုနေလို့ရှိရင်လဲ ပြုမိဖို့၊ မပြုသင့်တာတွေ ပြုမိတာဖြစ်ရင်လည်း ကြဉ်ရှောင်ဖို့ ဒါပါပဲ၊ ပြုသင့်ပြုထိုက်တာတွေထဲက မပြည့်စုံတာတွေ ပြည့်စုံအောင် အားထုတ်ခြင်းဖြင့် မိမိတို့ အလိုရှိအပ်သော မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို လျင်မြန်စွာဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ။ (ပေးတဲ့ဆုနှင့် ပြည့်စုံရပါလို၏ အရှင်ဘုရား)
(သာဓု-သာဓု-သာဓု)
လာဘ်လာဘနှင့်စပ်၍ ရဟန်းတော်များ ရှောင်ကြဉ်အပ်သည်များကို ကျေးဇူး တော်ရှင် မဟာစည်ဆရာတော်ကြီး သတိပေးဟောကြားတော်မူခဲ့ခြင်း
ရေးသားသူ - ဖြည့်စွက်ရန်
ဖတ်ရှုချိန် - ဖြည့်စွက်ရန်
ဆွမ်းအလှူပြုနေပုံ
၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်
ဓာတ်ပုံဆရာ - ကျော်ကျော်
ဖြည့်စွက်ရန်
PDF ဖြင့်လည်းဖတ်ရှုနိုင်ပါသည် ...