Test 8
08 May 2024
ရေးသားသူ - ဖြည့်စွက်ရန်
ဖတ်ရှုချိန် - ဖြည့်စွက်ရန်
ဖြည့်စွက်ရန်
အဲဒီလို ပြတဲ့စကားထဲမှာ အထူးမှတ်ဖွယ်ကောင်းတာကလေး တစ်ခုကိုတော့ လျှောက်ထားပြောဆို လိုပါသေးတယ်။ အဲဒါက ဘာတုံးဆိုလို့ရှိလျှင် သုတ္တ-သုတ်ဆိုတဲ့ အမည်ကလေးပါပဲ။ ဒီသုတ်ဆိုတဲ့အမည်ဟာ ဗမာစကားလိုပဲ ဖြစ်နေပါတယ်၊ သုတ်လို့ပြောလိုက်လျှင် လူတိုင်းလိုပဲ နားလည်နေကြပါတယ်။ ဒါပေမယ်လို့ “သုတ်ဆိုတာ ဘယ်လို အနက်အဓိပ္ပါယ်ရှိတယ်” ဆိုတာကိုတော့ ကျကျနနသိတဲ့လူ နည်းပါတယ်၊
စာမသင်ဖူးတဲ့သူတွေမှာ “သုတ်ဆိုတာ ဘယ်လိုဟာလဲ” လို့မေးလျှင် ဖြေတတ်ဖို့ခက်ပါတယ်။ ဒါကြောင့်ဒီလို သုတ်ဆိုတဲ့အနက်အဓိပ္ပါယ်ကလေးကို ဖော်ပြတဲ့ဂါထာကလေးကို ရှေးဦးစွာ လျှောက်ထားပါတယ်၊ ဝိနည်းတို့ အဘိဓမ္မာတို့လဲ ပြောဘို့ရာပါပဲ၊ ဝိနည်းဆိုတာကိုတော့ တော်တော်နားလည်နေကြပါတယ်၊ ပြောလျှင်လဲ လွယ်နေပါတယ်၊ အဘိဓမ္မာကိုတော့ အဘိဓမ္မာရောက်တဲ့အခါကျမှ ပြောရပါမယ်၊ အခုသုတ်ရောက်နေတဲ့အခါတော့ သုတ်အကြောင်းလျှောက်ထားလိုပါတယ်။
န ခေါ ပနေဘံ အာနန္ဒ ဧဝံ ဒဋ္ဌဗ္ဗံ။ အဲဒါဟာ ဒီအတိုင်းမမှတ်သင့်ပါဘူးတဲ့။ ယော ခေါ အာနန္ဒ မယာ ဓမ္မောစ ဝိနယောစ ဒေသိတော ပညတ္တော။ သော ခေါ မမစ္စယေန သတ္ထာ-လို့ ဒီလိုမြတ်စွာဘုရားက မိန့်ကြားတော်မူခဲ့ပါတယ်။ အဲဒီမှာ ဒေသိတောနှင့် ပညတ္တောကို ရှေ့နားက ဓမ္မောစ ဝိနယောစဆိုတဲ့ နှစ်ပုဒ်နှင့် တပုဒ်စီ အသီးသီး အစဉ်အတိုင်း စပ်ရမှာလားလို့ ဒီလိုမေးစရာ ရှိပါတယ်၊ အဲဒါကို အဋ္ဌကထာက ဒီလို ဖွင့်ထားပါတယ်။
အတ္တာနံ သူစနတော၊ သုဝုတ္တတော သဝနတောထသူဒနတော၊ သုတ္တာဏာ သုတ္တသဘာဂတောစ၊ သုတ္တန္တိ အက္ခာတံ။
ဒါဟာသုတ်မည်ခြင်းရဲ့အကြောင်း ဗျုပ္ပတ်တွေကိုဖော်ပြတဲ့ ဂါထာဖြစ်ပါတယ်။ အတ္တာနံ၊ အကျိုးတို့ကို။ သူစနတောစ၊ ပြတတ်သောကြောင့်၎င်း။ အကျိုးကို ပြတတ်သောကြောင့်လဲ သုတ်လို့ခေါ်ပါတယ်တဲ့။ သဝနတောစ၊ အကျိုးစီးပွားကို ဖြစ်ပွားစေတတ်သောကြောင့်၎င်း။ သူဒနတောစ၊ ယိုထွက်စေတတ် သောကြောင့်၎င်း။ သုတ္တာဏာစ၊ ကောင်းစွာစောင့်ရှောက်တတ်သောကြောင့်၎င်း။ သုတ္တသဘာဂတောစ၊ တမျဉ်းခြည် ပန်းသီကြိုးများနှင့် တူသောကြောင့်၎င်း။ သုတ္တန္တိ၊ သုတ်ဟူ၍။ အက္ခာတံ၊ ခေါ်ဆိုအပ်၏လို့ သုတ်မည်ခြင်း၏ အကြောင်းတွေကို ပြထားပါတယ်။ ဆက်လက်ဖတ်ရှုရန် ...
အဲဒီမှာ အတ္တာနံ သူစနတော- အကျိုးတွေကို ဖော်ပြတတ်တယ်ဆိုရာမှာ ဘယ်လိုအကျိုးတွေတုံးဆိုလျှင် အကျိုးဆိုတာက အတ္တတ္ထ- မိမိ၏အကျိုးစီးပွား၊ ပရတ္ထ- သူတပါး၏အကျိုးစီးပွား၊ ဒိဋ္ဌဓမ္မိကတ္ထ- မျက်မှောက်၌ဖြစ်သော အကျိုးစီးပွား၊ သမ္ပရာယိကတ္ထ- တမလွန်၌ဖြစ်သော အကျိုးစီးပွား၊ လောကီယတ္ထ- လောက၌ဆိုင်သော အကျိုးစီးပွား၊ ဤသို့အစရှိသော အကျိုးစီးပွားတွေပဲ။
အဲဒီအကျိုးစီးပွားတွေဟာ သုတ္တန်ပိဋကတ်ထဲမှာ အပြည့်အစုံ ဖော်ပြထားပါတယ်၊ အဲဒါဟာ အရေးကြီးတဲ့ မှတ်သားဖွယ်ကလေးပါပဲ။
အရေးအကြီးဆုံး တရား ယခုကာလမှာ အများအားဖြင့် လူတွေက သုတ်တရားဆိုလျှင် ခပ်ပေါ့ပေါ့ ကလေးလဲ ပြောတတ်ကြပါတယ်၊ အမှန်ကတော့ သုတ်တရားဟာ အရေးကြီးဆုံး တရားပဲဆိုတာ တော်တော်ထင်ရှားနေပါတယ်။ ဘုရားပွင့်တော်မူလာကတည်းက ဘာတရားကိုစပြီးတော့ ဟောသလဲလို့၊ သတ္တဝါတွေအများဟာ ဘယ်တရားဟောလျှင် ကျွတ်သလဲဆိုတာ လိုက်ပြီးတော့ စစ်ဆေးကြည့်လို့ရှိလျှင် သုတ်တရားတွေချည်း ဖြစ်နေပါတယ်။ ပဌမစပြီးဟောကတည်းက စမ္မစက္ကပဝတ္တနသုတ်ဆိုတာ ရှေးဦးစွာဟောလိုက်ပါတယ်၊ ဒီတုန်းက ဝိနည်းလဲမရှိသေးပါဘူး၊ အဘိဓမ္မာလဲမဟောရသေးပါဘူး၊ အဲဒီလို ဟောလိုက်တဲ့အခါကာလမှာ အရှင်ကောဏ္ဍညဟာ တရားနာရင်းနဲ့ပဲ သောတာပန်ဖြစ်သွားပါတယ်၊ ပြီးတော့ တဆယ့်ရှစ်ကုဋေသော နတ်တွေဗြဟ္မာတွေဟာလဲ မဂ်တရားဖိုလ်တရားတွေရပြီးတော့ သွားကြပါတယ်၊ အဲဒါဟာ သုတ်တရားပါပဲ။
အဲဒီနောက်မှာလဲ သာတာဂိရိတို့ ဟေမဝတတို့ကို ဟေမဝတသုတ္တန်တရား ဟောပြန်ပါတယ်၊ အဲဒါလဲ သုတ်တရားပါပဲ၊ အဲဒီကနောက် အနတ္တလက္ခဏသုတ်ကို ဟောပြန်ပါတယ်၊ ဒါဟာလဲ သုတ်တရားပါပဲ၊ အဲဒီနောက် ဘဒ္ဒဝဂ္ဂီ ညီနောင်သုံးကျိပ်ကို ဟောချွတ်တဲ့နေရာမှာလဲ သုတ်တရားပါပဲ၊ အဲဒီနောက် ဥရုဝေလတောရောက်ပြီးတော့ ဥရုဝေလအစရှိသော ရသေ့တထောင်က ရဟန်းဖြစ်လာတဲ့အခါကာလ ဂယာသီသမှာ အာဒိတ္တသုတ်ကြီးကို ဟောပြန်ပါတယ်၊ အဲဒီရဟန်းတထောင် အကုန်လုံး ရဟန္တာဖြစ်ကြ ပါတယ်။ အဲဒါဟာလဲ သုတ်တရားပါပဲ။ အဲဒီလိုသုတ်တရားတွေ ဟောပြီးတော့ ကျွတ်သွားတာတွေဟာ အများကြီးပါပဲ၊
မြတ်စွာဘုရား ခုနှစ်ဝါအတွင်းမှာ သတ္တဝါတွေကို ဟောပြောနေတဲ့တရားတွေဟာ အားလုံးသုတ်တရား တွေချည်း ဖြစ်နေပါတယ်၊ အဲဒီသုတ်တရားတွေကို ကြားနာရသောအားဖြင့် အထက်တန်းစားဖြစ်တဲ့ရဟန္တာ ပုဂ္ဂိုလ်တွေç ဧဟိဘိက္ခု အစရှိသော ရဟန္တာပုဂ္ဂိုလ်တွေဟာ အဲဒီခေတ်တုန်းကကတော့ မရေတွက်နိုင်အောင် အများကြီးပါပဲ၊ အဲဒီတော့ ဒီသုတ်တရားဟာ ဘုရားဟောတဲ့တရားထဲမှာ အင်မတန်အရေးကြီးတဲ့ တရားပဲဆိုတာကို နှလုံးသွင်းစရာ အင်မတန်ကောင်းပါတယ်။
ဗမာပြည်နှင့် သုတ္တန်တရား
ဒါပေမယ်လို့ ဗမာပြည်မှာတော့ ဒီသုတ်တရားဟာ ခပ်ပေါ့ပေါ့လိုပဲဖြစ်ပြီးတော့ နေပါတယ်၊ သုတ်တရား ဆိုလို့ရှိလျှင် ဝတ္ထုကြောင်းတရားပဲလို့ အောက်မေ့စရာ အကြောင်းကလဲ ရှိပါပေတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တရားဟောတဲ့ပုဂ္ဂိုလ်တွေက ဝတ္ထုကြောင်းတရားတွေပဲ များများဟောနေကြပါတယ်၊ ဓမ္မပဒဟောတယ် ဆိုလို့ရှိလျှင် ဓမ္မပဒက တရားသားကို နည်းနည်းဟောပြီးတော့ အဋ္ဌုပ္ပတ္တိတွေကို များများဟောရပါတယ်။
ဒီလိုဟောရတာကလဲ ဘာကြောင့်တုံးဆိုတော့ တရားနာပုဂ္ဂိုလ်တွေကြောင့်ပါပဲ၊ တရားနာပုဂ္ဂိုလ်တွေကိုက ဒီလိုလွယ်လွယ်ကူကူတရားတွေကိုမှ နားလည်ကြပါတယ်၊ ခက်ခက်ခဲခဲ နက်နက်နဲနဲ တရားတွေကို သူတို့ကနားမလည်တော့ သူတို့ကသဘောမကျတတ်ပါဘူး၊ ဒါကြောင့် သူတို့နားလည်နိုင်တဲ့ သူတို့ သဘောကျတဲ့ ဝတ္ထုကြောင်းတွေကိုပဲ ဓမ္မကထိကတွေကလဲ များများဟောနေကြရပါတယ်၊ ဒီလိုချည်း ဟောနေတာက ကာလကြာညောင်းလာတော့ “သုတ်တရားဆိုလျှင် ဝတ္ထုကြောင်းပဲလို့” အများက ထင်မှတ်လာကြပါတယ်။
အမှန်မှာတော့ သုတ်တရားထဲမှာ အင်မတန်လေးနက်တဲ့ တရားတွေကသာ များပါတယ်၊ အလွန် အလေးပြု အပ်တဲ့တရားတော် ဖြစ်ပါတယ်၊ ဒီသုတ်တရားတော်၏ နက်နဲပုံ အလေးပြုအပ်ပုံတွေကို နက်ဖြန်ကျမှ ဆက်လက်ပြီး လျှောက်ပါဦးမည်ဘုရား။
မနေ့ကလျှောက်ထားခဲ့တဲ့ သုတ္တပုဒ်၏ဝစနတ္တကိုပဲ ဆက်လက်ပြီးတော့ ဒီနေ့ လျှောက်ထားပါမည်ဘုရား။
သုတ်တရားဟာ အရေးကြီးဆုံး သုတ္တ- သုတ်ဆိုတာဟာ မနေ့က ပြောခဲ့ပြီးဖြစ်သည့်အတိုင်း ဗမာပြည်မှာ တော့ နှုတ်တက်နေပါတယ်၊ ပါဠိဆိုပေမယ်လို့ ဗမာစကားလိုပဲ ဖြစ်နေပါတယ်၊ ဒါပေမယ်လို့ သုတ္တ- သုတ်ဆိုတာ ဘယ်လိုဟာလဲလို့ဆိုလို့ရှိလျှင် မနေ့က ပြောခဲ့တဲ့အတိုင်းပဲ တိတိကျကျ ပြောတတ်ဘို့ မလွယ်ပါဘူး၊ အတော်ခက်ပါတယ်။
သုတ်ဆိုတာဟာ အတ္ထာနံ သူစနတော သုတ္တံ၊ အတ္ထနံ- အတ္ထေ သူစေတီတိ သုတ္တံ။ အတ္ထာနံ၊ အကျိုးတို့ကို။ သူစနတော၊ ဖော်ပြတတ်သောကြောင့်။ အတ္ထေ၊ အကျိုးတို့ကို။ သူစေတိ၊ ဖော်ပြတတ်၏၊ ဣတိ၊ ထို့ကြောင့်။ သုတ္တံ၊ သုတ်မည်၏ဆိုတဲ့ အတိုင်း အကျိုးတွေကို ဖော်ပြတတ်သောကြောင့် သုတ်မည်တယ်လို့ခေါ်ပါတယ်။ အကျိုးတရားတွေ အကျိုးတွေက ဘာတွေတုံးဆိုလျှင် မိမိ၏အကျိုး၊ သူတပါးအကျိုး၊ နှစ်ပါးလုံးရဲ့ အကျိုး၊ ဒိဋ္ဌဓမ္မိက- မျက်မှောက်၌တွေ့ရ၊ ကြုံရခံစားရတဲ့အကျိုး၊ သမ္ပရာယိက- နောင်တမလွန်၌ တွေ့ရ၊ ကြုံရ၊ ခံစားရတဲ့အကျိုး၊ လောကီယတ္ထ- လောက၌ဆိုင်သောအကျိုး၊ လောကုတ္တရတ္ထ- လောကမှ လွန်မြောက်သော အကျိုး၊ ဤသို့အစရှိသော အကျိုးတွေပါပဲ။
ဒီအထဲမှာ မိမိ၏အကျိုးဆိုတာ သုတ္တန်ဒေသနာတော်ကို လေ့လာကျင့်သုံးတဲ့ ပုဂ္ဂိုလ်အား မိမိရဲ့အကျိုးတွေ ကိုလဲ အဲဒီသုတ္တန်ဒေသနာတော်က ဖော်ပြထားပါတယ်၊ မိမိကသူတပါးကို အကျိုးရှိအောင်လို့ ဟောပြောလို့ ရှိလျှင် သူတပါးအကျိုးဖြစ်အောင်လဲ အဲဒီသုတ္ထန်က ဟောပြောထားတာတွေ ရှိပါတယ်။ ဒါတွေကို အများသိလွယ်တဲ့ပုံစံ ထုတ်ပြရမယ်ဆိုလို့ရှိလျှင် ကလေးသူငယ်ဘဝကတည်းက ရပြီးတော့လာတဲ့ မင်္ဂလသုတ်ဆိုတာ ရှိပါတယ်၊ အဲဒီ မင်္ဂလသုတ်တသုတ်လုံးမှာ မိမိအကျိုးဖြစ်စေနိုင်တဲ့ အချက်အလက် တွေလဲ ပြထားပါတယ်၊ သူတပါး၏အကျိုး ဖြစ်စေနိုင်တာတွေကိုလဲ ပြထားပါတယ်၊ မိမိရောသူတပါးရော နှစ်ဦးလုံးအကျိုးရှိတာတွေကိုလဲ ပြထားပါတယ်။
လူမိုက်ကိုမမှီဝဲရဘူးဆိုလို့ရှိလျှင် ဒီအချက်ဟာ မိမိအကျိုးလဲ ဖြစ်ပါတယ်၊ “လူမိုက်ကို မမှီဝဲရဘူး”လို့ တဆင့်ပြောဟောလို့ရှိလျှင် အဲဒါဟာသူတပါး၏ အကျိုးတွေလဲ ဖြစ်ပါတယ်၊ ပညာရှိကိုမှီဝဲရမယ် ဆိုတာလည်း ထို့အတူပါပဲ၊ မိဘကိုလုပ်ကျွေးရမယ်၊ သားမယားကိုပြုစုထောက်ပံ့ရမယ်၊ ရာဇဝတ်မှု အစရှိသော ရှုပ်ထွေးသော၊ မသင့်သောအမှုများကို မပြုဘဲရှောင်ကြဉ်ရမယ်၊ အပြစ်ကင်းသောအမှုများကို မပြုဘဲ ရှောင်ကြဉ်ရမယ်၊ အပြစ်ကင်းသောအမှုများကို ပြုလုပ်ရမယ်စသည်ဖြင့် ဒီလိုမင်္ဂလာတွေဟာ မိမိ အကျိုးလဲ ဖြစ်ပါတယ်၊ သူတပါးအကျိုးလဲ ဖြစ်ပါတယ်၊ အထူးအားဖြင့်ဆိုလျှင် သိင်္ဂါလောဝါဒသုတ်ကြီးမှာ မိဘနှင့်သားသမီး၊ ညီအကိုမောင်နှမချင်း စသည်ဖြင့် ပြုကျင့်ရမည့်ကျင့်ဝတ်တွေကို အဲဒီမှာပြပြီးတော့ထား ပါတယ်၊ အဲဒါတွေဟာမိမိအကျိုးလဲ ဖြစ်စေနိုင်, သူတပါးအကျိုးလဲ ဖြစ်စေနိုင်တဲ့ဟာတွေ ချည်းပါပဲ။
လောကီအကျိုး လောကုတ္တရာအကျိုး မျက်မှောက်ဘဝအကျိုး တမလွန်အကျိုး ဆိုတာတွေထဲတွင် အဲဒီသိင်္ဂါလောဝါဒသုတ်မှာ များသောအားဖြင့် မျက်မှောက်အကျိုးတွေကို ညွှန်ပြထားတာပဲ များပါတယ်၊ တမလွန်အကျိုးလဲ အနည်းငယ်ပါပါတယ်၊ မြတ်စွာဘုရားဟောကြားတဲ့သုတ်တွေဟာ များသောအားဖြင့် တမလွန်အကျိုးကို ရည်ရွယ်ထားတာ များပါတယ်၊ လောကီအကျိုးနှင့်လောကုတ္တရာဆိုလျှင် လောကီအကျိုး တွေလဲ ရည်ရွယ်ထားတာ အများကြီးပါပဲ၊ လောကီမှာ ယခုမျက်မှောက်ဘဝတွင် တွေ့ကြုံရတဲ့အကျိုးတွေ ကိုလဲ ညွှန်ပြထားတဲ့သုတ္တန် ဒေသနာတော်တွေ အများကြီးရှိပါတယ်၊ နောင်တမလွန်ဘဝမှာရနိုင်တဲ့ အကျိုးတွေကိုရအောင် လူချမ်းသာတွေရအောင် နတ်ချမ်းသာတွေရအောင် ဗြဟ္မာချမ်းသာတွေရအောင် ညွှန်ကြားထားတာတွေလဲ အများကြီးပါပဲ၊ လောကကြီးထဲက လွန်မြောက်ပြီးတော့ နိဗ္ဗာန်ကို ရောက်အောင်လို့ ညွှန်ကြားထားတာတွေလဲ အများကြီးပဲရှိပါတယ်။
အားလုံး ဘုရားဟောတဲ့သုတ္တန်ဒေသနာတော်တွေဟာ ပဓာန ရည်ရွယ်ချက်အားဖြင့်ဆိုလျှင် လောကုတ္တရာ အကျိုးကိုပဲ ပဓာနပြုပြီးတော့ ဟောထားပါတယ်။ မြတ်စွာဘုရားဟောတဲ့ တရားတော်ဟာ ရသအားဖြင့် ဝိမုတ္တိရသ တခုတည်းရှိတယ် ဆိုတဲ့အတိုင်း ပဓာနရည်ရွယ်ချက်အားဖြင့်တော့ သံသရာဝဋ်ဆင်းရဲက လွတ်မြောက်ဘို့ရာချည်းပဲ ရည်ရွယ်ပြီးတော့ ဟောထားခြင်းဖြစ်ပါတယ်။
အဲဒီလို အကျိုးတွေကိုဖော်ပြပြီးတော့ ဟောထားတဲ့ သုတ်တရားတော်ဟာ အင်မတန်လေးစားရမည့် တရားတော်ဖြစ်ပါတယ်။ ဒါကြောင့် ဋီကာမှာဒီလို မိန့်ဆိုထား သုတ်တရားဟာ အရေးကြီးဆုံးပါတယ်၊ ဝိနယာဘိဓမ္မဟိ စ ဝိသေသေ တွာ၊ ဝိနည်း အဘိဓမ္မာတို့ထက် အထူးပြု၍။ သုတ္တသဒ္ဒဿ အတ္ထော၊ သုတ္တသဒ္ဒါ၏ အနက်ကို။ ဝတ္တဗ္ဗော၊ ပြဆိုသင့်၏လို့ မိန့်ဆိုထားပါတယ်။ ဝိနည်းရယ်၊ သုတ်ရယ်၊ အဘိဓမ္မာရယ် ဒီလို ပိဋကတ်အမည်သုံးမျိုး ရှိတဲ့အနက်က သုတ်ဆိုတဲ့အမည် သုတ်ဆိုတဲ့ ပုဒ်ကလေးရဲ့အနက်ကို ဝိနည်းရဲ့အနက်နှင့်လဲမတူဘဲ အဘိဓမ္မာရဲ့အနက်နှင့်လဲမတူဘဲ ထူးထူးခြားခြား ပြဆိုသင့်ပါတယ်၊ ဘာကြောင့်လဲ။ သုတ်တရားတော်ဟာ လိုက်နာကျင့်သုံးမည့် လူ၊ နတ်၊ ဗြဟ္မာဆိုတဲ့ ဝေနေယျ သတ္တဝါတွေ၏ အဇ္ဈာသယအလိုအားလျော်စွာ ဟောထားတဲ့ ဒေသနာတော်ဖြစ်ပါတယ်။ ဒါကြောင့် ဒီသုတ်တရားတော်ဟာ အတ္တဟိတ- မိမိ၏အကျိုးစီးပွား၊ ပရဟိတသူတပါး၏ အကျိုးစီးပွားအစရှိတဲ့ ခုနကပြောခဲ့တဲ့အကျိုးတွေကို ဝိနည်း အဘိဓမ္မာတို့ထက် သာလွန်ပြီးနောက် ထူးထူးကဲကဲ ပြနိုင်ပါတယ်၊ ဒါကြောင့် ဋီကာမှာ “သာတိသယံ ပကာသိတာနိ၊ အလွန် အကဲပြနိုင်တယ်” လို့ ဆိုထားပါတယ်။
သိက္ခာသုံးပါးစုံတဲ့သုတ်
ဒီနေရာမှာ ဝိနည်း အဘိဓမ္မာထက် သုတ်က အလွန်အကဲပြပုံကို အလွယ်တကူ ပြောရမယ်ဆိုလျှင် ဝိနည်းကတော့ သီလသက်သက်ကိုသာ ပြပါတယ်။ သမာဓိပညာကို မပြပါ၊ ဝိနည်းမှာပါနေတဲ့ ဝေရဉ္ဇကဏ္ဍတိ၊ ဓမ္မစကြာသုတ်၊ အနတ္တလက္ခဏသုတ်တို့ ဒီလိုတရားတွေကတော့ ဝိနည်းမဟုတ်ပါဘူး၊ သံဂါယနာတင်တဲ့ မထေရ်မြတ်တွေက သုတ္တန်ပိဋကတ်မှယူပြီး နိဒါန်းအဖြစ်ဖြင့် ထည့်သွင်းပြထားတဲ့ သုတ်တရားတွေသာ ဖြစ်ပါတယ်။ ပြီးတော့ ဝိနည်းမှာပြတဲ့ သီလကလဲ ရဟန်းများအတွက်သာဖြစ်ပါတယ်၊ လူဝတ်ကြောင်တွေ၊ နတ်ဗြဟ္မာတွေအတွက် အဟုတ်ပါဘူး၊ ဒါကြောင့် ဝိနည်းသက်သက်ဖြင့်ဆိုလျှင် လူဝတ်ကြောင်၊ နတ်၊ ဗြဟ္မာတွေမှာ သီလ သမာဓိ ပညာ ဘယ်သိက္ခာကိုမှ မရနိုင်ပါဘူး၊ ရဟန်းများမှာလဲ ဝိနည်းသက်သက်ဖြင့် သမာဓိ ပညာ သိက္ခာ မပြည့်စုံပါဘူး။ ပြီးတော့ အဘိဓမ္မာဆိုတာကလဲ ပညာ၏ကျက်စားရာသက်သက် ဖြစ်နေပါတယ်။ သူ့ထဲမှာ သီလ သမာဓိ ကျင့်ပုံကို ပြမထားပါ။ ဒါကြောင့် အဘိဓမ္မာ သက်သက်ဖြင့်ဆိုလျှင်လဲ သီလသိက္ခာကိုတောင်မှ ကျင့်တတ်ဘို့မရှိပါဘူး။
သုတ္တန်မှာတော့ လူရှင်ရဟန်း နတ်ဗြဟ္မာတွေပါ ကျင့်ဘို့သီလလဲ အပြည့်အစုံပါတယ်။ သမာဓိလဲ အပြည့်အစုံပါတယ်။ ပညာလဲ အပြည့်အစုံပါတယ်။ သီလက္ခန် ပါဠိတော်မှာ သုတ်တွေကိုလိုက်ကြည့်လျှင် သုတ်တိုင်းသုတ်တိုင်းမှာ သီလက္ခန္ဓာကိုလဲတွေ့ရတယ်။ သမာဓိက္ခန္ဓာ ပညာက္ခန္ဓာတွေကိုလဲတွေ့ရတယ်။ အဲဒီမှာ သိက္ခာသုံးပါးလုံးကို အပြည့်အစုံ အကုန်ဟောထားတဲ့သုတ်တွေချည်းပါပဲ။ ဒါကြောင့် သုတ္တန် ဒေသနာတော်က အတ္တဟိတ- မိမိ၏အကျိုးစီးပွား၊ ပရဟိတ- သူတပါး၏အကျိုးစီးပွား အစရှိတဲ့ အကျိုးတွေကို ဝိနည်းအဘိဓမ္မာထက် ထူးကဲပြီး ဖော်ပြတတ်တယ်ဆိုတာဟာ အလွန်ထင်ရှားနေပါတယ်။ ဒါကြောင့် ဒီသုတ်ကိုသာလျှင် “အတ္ထနံ သူစနတော သုတ္တံ” လို့အဋ္ဌကထာက ဝစနတ္ထဖွင့်ပြထားပါတယ်။ အကျိုးတွေကို ဖော်ပြတတ်သောကြောင့် သုတ်မည်တယ်လို့ ဆိုလိုပါတယ်။
ပြီးတော့ သုဝုတ္တတော- ကောင်းစွာဟောထားလို့လဲ သုတ် မည်ပါတယ်တဲ့။ သုဝုတ္တာ ပိဋိကတ်၌။ အတ္ထာ၊ အကျိုးစီးပွားတို့ကို။ ဝါ၊ အနက်တို့ကို။ သုဝုတ္တာ၊ ကောင်းစွာ ဟောအပ်ကုန်၏။ သုတ္တန်ပိဋကတ်မှာ အခုနပြောခဲ့တဲ့ အကျိုးစီးပွားတွေကိုလဲ ဟောထားတယ်၊ ပြီးတော့ အတ္တအရ သဒ္ဒါနက်ယူမည်ဆိုလျှင်လဲ အနက်အဓိပ္ပါယ်တွေပေါ့၊ အဲဒီ အနက်အဓိပ္ပါယ်တွေက ဥတ္တာနတ္တလဲရှိတယ်။ ဂမ္ဘီရတ္ထလဲရှိတယ်။ ဂုဠှတ္ထလဲ ရှိတယ်။ ပဋိစ္ဆန္နတ္ထလဲရှိတယ်။ နေယျတ္ထလဲ ရှိတယ်။ နီတတ္ထလဲရှိတယ်။ အနဝဇ္ဇတ္တတ္ထလဲ ရှိတယ်။ နိက္ကိလေတ္ထလဲ ရှိတယ်။ ဝေါဒါနတ္ထလဲ ရှိတယ်။ ပရမတ္ထလဲရှိတယ်။ ဒီလိုအနက်တွေ အမျိုးမျိုးရှိပါတယ်။ အဲဒီအကျိုးတွေနှင့် အနက်တွေကို ဒီသုတ္တန်မှာ ကောင်းစွာ ဟောထားပါတယ်တဲ့။
အနာနှင့်ဆေး ကိုက်အောင်ပေးဘာဖြစ်လို့ ကောင်းစွာဟောထားတယ်လို့ ဆိုရသလဲဆိုတော့ ဝေနေယျဇ္ဈသယာ နုလောမေန- ဝေနေယျတို့၏အလိုကို လိုက်လျောသောအားဖြင့်။ ဝုတ္တတ္တာ၊ ဟောထား လို့ပါတဲ့။ ဒီလိုဟောမှနားလည်မည့် ပုဂ္ဂိုလ်အား အဲဒီလိုပဲ ဟောတယ်၊ ဟိုလိုဟောမှ နားလည်မည့် ပုဂ္ဂိုလ်အား ဟိုလိုပဲဟောတယ်။ သူနားလည်မည့်အခြေအနေကို လိုက်ပြီးတော့ “အနာနှင့်ဆေး ကိုက်အောင်ပေး” ဆိုတာလိုပဲ ပုဂ္ဂိုလ်နှင့်တရား တန်ရုံတန်ရုံသာ ဝေနေယျတို့၏ အလိုအကြိုက်ကို လိုက်ပြီး မြတ်စွာဘုရားက ဟောကြားပါတယ်။
အဲဒါကြောင့် ဝိနည်းအဘိဓမ္မာတို့ထက် ထူးပြီးတော့ ဒီသုတ်ကိုသာလျှင် သုဝုတ္တကောင်းစွာ ဟောထားတဲ့ တရားတော်လို့ ချီးကျူးရပါတယ်တဲ့၊ ဒီမှာ ဋီကာက သုတ္တေ၊ သုတ်၌။ အာဏာဓမ္မသဘာဝါ၊ အာဏာနှင့် ဓမ္မသဘောတို့သည်။ ဝေနေယျဇ္ဈသယံ၊ ဝေနေယျ၏အလိုသို့။ အနုဝတ္တန္တိ၊ အစဉ်လိုက်ကုန်၏လို့ဆိုပါတယ်။ သုတ်တရားတော်မှာ အာဏာလဲ ပါပါတယ်။ ဓမ္မသဘာဝလဲ ပါပါတယ်၊ ဒါပေမယ်လို့ ဒါတွေကို ဝေနေယျအလိုလိုက်ပြီးတော့ ဟောထားပါတယ်၊ ဝိနည်းများလို အတင်းအကြပ်မဟုတ်ပါဘူး၊ ဥပမာ ဓမ္မဒါယာဒသုတ်ကို မြတ်စွာဘုရားဟာ အာဏာသဘောနှင့်ဟောလိုက်တာ ပစ္စည်းလေးပါးကိုသာယာပြီး ကိလေသာတွေ မဖြစ်ပွားရအောင်ဟာ ဓမ္မဒါယာဒ- တရားအမွေကိုခံကြပါ၊ ပစ္စည်းအမွေကိုမခံပါနှင့်လို့ ဒီလို ဟောပါတယ်၊ ပစ္စည်းအမွေကိုခံလို့ရှိလျှင် မည်သည့်အာပတ်အပြစ်သင့်စေလို့ ဒီလို အာဏာနှင့် အတင်းအကြပ် မဟုတ်ပါဘူး၊ သြဝါဒအနေနှင့်သာ ဟောပါတယ်၊ အဲဒီသုတ်မှာ ဆိုလိုရင်းကတော့ ပစ္စည်းအမွေကိုမခံပါနှင့်လို့ တရားအမွေကိုခံပါလို့ ဒီလိုအာဏာနှင့် အတင်းအကြပ်တိုက်တွန်းလိုတာပါပဲ၊ ဒါပေမယ်လို့ အဲဒီအာဏာကတရားအမွေတွေကို ခံယူကြပါ၊ ခံယူလျှင်ကောင်းပါတယ်ဆိုတဲ့အနေနှင့် ဝေနေယျ၏ အလိုလိုက်ပြီးတော့ ဟောထားပါတယ်။
သဘာဝဓမ္မကိုလဲ ဟောသည် ပြီးတော့သုတ်ဒေသနာတော်မှာ တရားသဘောတွေလဲရှိပါတယ်၊ ခန္ဓာတွေဟော, အာယတနတွေဟော, ဓာတ်တွေဟော, သစ္စာတွေဟော, ပဋိစ္စသမုပ္ပါဒ်တွေဟောနှင့် သုတ်မှာတရားသဘောတွေ အများကြီးပဲရှိပါတယ်၊ ဒါပေမယ်လို့ အဲဒီသုတ်မှာ ဝေနေယျတွေ နားလည်ရုံလောက်ကလေး ဟောပါတယ်၊ ခန္ခသံယုတ်ဆိုလို့ရှိလျှင် ခန္ဓာငါးပါးကိုဟောတာတွေ အများကြီး ရှိပါတယ်၊ တကျမ်းလုံးတဖွဲ့လုံးပါပဲ၊ သဠာယတနသံယုတ်မှာ အာယတနကိုဟောထားတာတွေ အများကြီးရှိပါတယ်၊ တကျမ်းလုံးတဖွဲ့လုံးပါပဲ။ နိဒါနဝဂ္ဂသံယုတ်မှာဆိုလျှင်တော့ မဂ္ဂင်တို့ ဗောဇ္ဈင်တို့ သတိပဋ္ဌာန်တို့ ဣန္ဒြေဣဒ္ဓိပါဒ်စသည်ဖြင့် အဲဒီမှာ ဗောဓိပက္ခိယတရားတွေဝေဘန်ပြီး ဟောထားတာတွေဟာ တကျမ်းလုံးပါပဲ၊ ဒါကြောင့် သုတ်မှာ ဓမ္မသဘာဝတွေ အများကြီးရှိပါတယ်၊ ဒါပေမယ့်လို့ အဲဒီ ဓမ္မသဘာဝတွေက ဝေနေယျတွေသိနိုင်ရုံလောက်သာ ဝေနေယျတွေ၏အလိုလိုက်ပြီးတော့ ဟောထား ပါတယ်။
ဒါကြောင့် သုတ္တေ၊ သုတ်၌။ အာဏာဓမ္မသဘာဝါ၊ အာဏာနှင့်ဓမ္မသဘော တို့သည်။ ဝေနေယျဇ္ဈာသယံ၊ ဝေနေယျ၏အလိုသို့။ အနုဝတ္တန္တိ၊ အစဉ်လိုက်ကုန်၏။ ဝိနယအဘိဓမ္မေသုဝိယ၊ ဝိနည်းအဘိဓမ္မာတို့၌ကဲသို့။ ဝေနေယျဇ္ဈာသယော၊ ဝေနေယျတို့၏အလိုသည်။ အာဏာဓမ္မသဘာဝေ၊ အာဏာနှင့် ဓမ္မသဘောတို့၏ နောက်သို့။ နအနုဝတ္တတိ၊ အစဉ်မလိုက်ရပါဘူးတဲ့။ ဝိနည်းမှာအဘိဓမ္မာဆိုလို့ရှိလျှင် ပုဂ္ဂိုလ်၏အလိုက မြတ်စွာဘုရား၏ အာဏာနောက်သို့ လိုက်ရတယ်၊ ဓမ္မသဘော၏အလိုနောက်သို့ လိုက်ရတယ်။ စာသင်ကျောင်းများလို ဒီနေရာမှာ လူအများနားလည်တဲ့ဥပမာလေး ပြောရမည်ဆိုလို့ရှိလျှင် စာသင် ကျောင်းများမှာ အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ရဲ့ အုပ်ချုပ်ရေး ကျောင်းစည်းကမ်းတွေရှိပါတယ်၊ ပြီးတော့ ကျောင်းသားတွေရဲ့သဘောကလဲ ရှိပါတယ်၊ ပြီးတော့ကာ သင်ကြားရမည့် ပညာတွေရဲ့သဘောကလဲ ရှိပါတယ်၊ အဲဒီလို သုံးမျိုးရှိနေပါတယ်။
အဲဒီသုံးမျိုးထဲမှာ ကျောင်းကိုအုပ်ချုပ်နေတဲ့ပုဂ္ဂိုလ်တွေက ကျောင်းသားတွေမှာ အကျိုးစီးပွားများအောင် ရည်ရွယ်ပြီးတော့ စည်းကမ်းဥပဒေတွေ ထားရပါတယ်၊ အဲဒီစည်းကမ်းတွေကို ကျောင်းသာတွေက ကြိုက်ချင်မှကြိုက်မယ်၊ မကြိုက်ပေမယ့်လို့လဲ သူ့ကျောင်းမှာနေခဲ့လျှင် သူ့စည်းကမ်းတွေကို လိုက်နာရလိမ့်မယ်၊ ဝိနည်းသဘောက အဲဒီကျောင်းစည်းကမ်းနှင့် တူပါတယ်။
ပြီးတော့သင်ကြားရမည့် ဘာသာစာပေပညာရပ်တွေဆိုတာကလဲ သူ့အချိန်နှင့်သူ အစဉ်အတိုင်း သင်ရပါတယ်၊ ဒီအချိန်မှာ ဒီပညာသင်ရမည်ဆိုလျှင် အဲဒီ ကျောင်းသားသူငယ်တွေရဲ့သဘောကတော့ သက်သက်သာသာနှင့် သင်ချင်တာလဲရှိမယ်၊ နားနေချင်တာလဲရှိမယ်၊ ဉာဏ်ထက်တဲ့သူလဲရှိမယ်၊ ဉာဏ်လေးတဲ့သူလဲရှိမယ်၊ အဲဒါက ဝေနေယျတို့၏အဇ္ဈာသယနှင့် တူပါတယ်၊ ကျောင်းသားတွေရဲ့ အလိုအကြိုက်ကိုလိုက်ပြီး တတ်မြောက်အောင် သင်ပေးနိုင်တဲ့နည်းရှိလျှင် အဲဒီနည်းဟာ သုတ္တန်ဒေသနာနှင့် တူတယ်လို့ ဆိုရပေလိမ့်မယ်။
ယခုပြောခဲ့တဲ့အတိုင်း သုတ် အဘိဓမ္မာ ဝိနည်းမှာ ဟောပုံဟောနည်းက သုံးမျိုးရှိနေပါတယ်၊ ဒါကြောင့် ဝေနေယျတို့ရဲ့အလိုအဇ္ဈာသယကို လိုက်လျောပြီး ဟောထားတဲ့ သုတ္တန်ဒေသနာတော်ဟာ ဝေနေယျတို့ရဲ့ စင်စစ်စီးပွားကိုဖြစ်စေနိုင်တဲ့ အကျင့်ပဋိပတ်ကို ရစေနိုင်ပါတယ်တဲ့၊ အဲဒီအကျင့်ပဋိပတ်ကို ကျင့်ဘို့ရန် ဖြစ်ပါတယ်တဲ့၊ ဒါကြောင့်သုတ္တန်ဒေသနာတော်ဟာ “ဧတ္ထ၊ ဤသုတ္တန်ပိဋကတ်၌။ အတ္တာ၊ ဝေနေယျတို့၏ အကျိုးစီးပွားတို့ကို။ သုဝုတ္တာ၊ ကောင်းစွာဟောထားသောကြောင့် သုတ်မည်ပါတယ်တဲ့။ ဒီလိုအဋ္ဌကထာမှာ ဆိုထားပါတယ်။
အနုပဗ္ဗသူဌေးသား
အဲဒီနေရာမှာ မှတ်သားစရားကောင်းတဲ့ ဝတ္ထုကြောင်းကလေးတစ်ခု ရှိပါတယ်၊ အဲဒါကို ထုတ်ပြလိုပါတယ်၊ မြတ်စွာဘုရားလက်ထက်တော်တုန်းက သာဝတ္ထိပြည်မှာ သူဌေးသားတစ်ဦးရှိပါတယ်၊ သဒ္ဓါတရား ကောင်းပါတယ်၊ သူက သံသရာဝဋ်ဆင်းရဲက လွတ်မြောက်ချင်တာနှင့် သူ့အိမ်ကိုဆွမ်းခြွံကလာတဲ့ ရဟန်းတော်တွေကို သံသရာဝဋ် ဆင်းရဲက လွတ်မြောက်ဘို့နည်းလမ်းကိုတောင်းတော့ ရဟန်းတော်တွေက ဒါနအမျိုးမျိုး တွေကိုပြုဘို့ ညွှန်ကြားပါတယ်၊ ညွှန်ကြားတဲ့အတိုင်း ဒါနတွေပြုတိုင်းပြုတိုင်း “ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု။ အကျွန်ုပ်၏ဤကောင်းမှုသည် အာသဝေါတရားလေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ရွက်ဆောင်ပါစေ” လို့ ဆုတောင်း ဆုတောင်းပြီး ပြုနေပါတယ်၊ ဒါပေမဲ့ သံသရာဝဋ်ဆင်းရဲက လွတ်မြောက်တဲ့ နိဗ္ဗာန်ကိုတော့ ဒါနပြုရုံနှင့် သူ့မှာ ရှာလို့မရဘဲ ဖြစ်နေပါတယ်၊ ဒီတော့ ဆရာ ရဟန်းတော်များကို “ဘာလုပ်ရဦးမည်လဲ”လို့ မေးပြန်ပါတယ်၊ “ဒီလိုဆိုလျှင် သရဏဂုံသုံးပါး ဆောက်တည်ရမယ်၊ ငါးပါးသီလ ဆောက်တည်ရမည်၊ ဆယ်ပါးသီလ ဆောက်တည်ရမယ်” လို့ သီလတွေကိုဆောက်တည်ကျင့်သုံးဘို့ အစဉ်အတိုင်း ညွှန်ကြားပါတယ်။
အဲဒီသီလတွေကိုလဲ ညွှန်ကြားတဲ့အတိုင်းပင် အကုန်လုံး အစဉ်အတိုင်း ဆောက်တည်ကျင့်သုံးပါတယ်၊ ဒီလို ဒါနအမျိုးမျိုးမှစပြီး အစဉ်အတိုင်း ကုသိုလ်တွေပြုလာလို့သူ့ကို အနုပုဗ္ဗသူဌေးသားလို့ ခေါ်ကြပါတယ်၊ ဒီသီလအကျင့်တွေနှင့်လဲ သံသရာဝဋ်ဆင်းရဲက လွတ်မြောက်တာမတွေ့ရသေးတော့ “ဘာလုပ်ရဦးမလဲ”လို့ ဒီလို မေးပြန်ပါတယ်၊ “ကဲ ဒါဖြင့် ရှင်ရဟန်းပြုပေတော့”လို့ ပြောပြီးတော့ သူ့ကိုရှင်ရဟန်းပြုပေးကြ ပါတယ်။
ရှင်ရဟန်းပြုပြီးတဲ့အခါမှာ နိဿရည်းဆရာက အဘိဓမ္မာဆောင်ဆရာ ဆိုပါတယ်၊ ဥပဇ္ဈယ်ဆရာကတော့ ဝိနည်းဆောင်ဆရာ ဆိုပါတယ်၊ အဲသည်တော့ နိဿရည်းဆရာဆီ ရောက်တဲ့အခါမှာ အဘိဓမ္မာက မေးခွန်းပြဿနာတွေကို သင်ကြားပြီး ပေးပါတယ်တဲ့၊ ဒါက ကုသလာဓမ္မ- ကုသိုလ်တရား ခေါ်တယ်၊ ဒီလို ကုသိုလ်တရား ဆိုလို့ရှိလျှင် ဖြစ်ပွားစေရမည့်တရားပဲ၊ ဒါကတော့ အကုသလာဓမ္မာ- အကုသိုလ်တရား ခေါ်တယ်၊ ဒီ အကုသိုလ်တရားမျိုးတွေတော့ မပြုရဘူး စသည်ဖြင့် အဘိဓမ္မာဆိုင်ရာတွေကို အဆုံးအမ သြဝါဒပေးတယ်။
ဥပဇ္ဈယ်ဆရာဆီ ရောက်တဲ့အခါကာလမှာ ဥပဇ္ဈာယ်ဆရာကလဲ ဒီလိုနေရမယ်၊ ဒီလိုထိုင်ရမယ်၊ ဒီလိုသွားရမယ်၊ သင်္ကန်းကိုဒီလိုဝတ်ရမယ်၊ ဒီလိုပြောရမယ်၊ ဆွမ်းခံသွားတော့ ဒီလိုသွားရမယ်စသည်ဖြင့် ဝိနည်းသိက္ခာပုဒ်တွေကို သင်ကြားပေတယ်၊ ဒီတော့ သူဌေးသားရဟန်း၏စိတ်ထဲမှာ အင်မတန်ကျဉ်းကျပ် လာတယ်လို့ ဆိုပါတယ်။ အဟောဘာရိယံ ဣဒံ ကမ္မံ၊ ဒီအလုပ်ကတော့ တော်တော့ကိုဝန်လေးတဲ့ အလုပ်ကြီးပါကလား။ အဟံဒုက္ခာ ဝိမုစ္စိတုကာမော ပဗ္ဗဇိတော၊ ငါဟာ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက် ချင်တာနှင့် ရဟန်းပြုလာခဲ့တာပဲတဲ့။ ဣဓမေ ဟတ္ထပသာရဏ ဋ္ဌာနမေဝနပညာယတိ၊ ဤသာသနာတော်၌ ငါ့မှာဖြင့် ယခု လက်ဆန့်ဘို့ရာတောင်မှလဲ မရှိပါဘဲကလားလို့ မလှုပ်ဝံ့ မလှဲ့ဝံ့ ဖြစ်နေပါတယ်၊ ဝိနည်းက အာပတ်သင့်သွားမှာ ကြောက်ရတာနှင့် အဘိဓမ္မာက အကုသလာဓမ္မာတွေ ဖြစ်သွားမှာ စိုးရိမ်ရတာနှင့် မလှုပ်သာမလှဲ့သာ ဖြစ်ပြီးတော့နေပါတယ်။ “ကျပ်တည်းလိုက်တာ”လို့ စဉ်းစားပြီးတော့ “ငါဟာ သာသနာတော်ဘောင် နေလို့တော့ မဖြစ်ပါဘူး၊ လူ့ဘောင်မှာ လူဆိုလျှင် ပစ္စည်းဥစ္စာတွေ ငါ့မှာရှိနေတာပဲ၊ လူ့ဘောင်မှာပဲ ပစ္စည်းဥစ္စာတွေနှင့် သုံးဆောင်ခံစားပြီးတော့ ဒါန သီလ ကုသိုလ်တွေနှင့် နိဗ္ဗာန်ရအောင် အားထုတ်မှာပါပဲ”လို့ ဒီလိုကြံစည်တွေးတောပြီးတော့ သာသနာတော်မှာ ပျင်းရိငြီးငွေ့နေတဲ့အတွက် တဖြေးဖြေးနှင့် တကိုယ်လုံး ပိန်ချုံးကျသွားပါသတဲ့။
အဲဒီအခါမှာ သူနှင့်နီးစပ်တဲ့ ရှင်သာမဏေတွေနှင့် ရဟန်းငယ်ကလေးတွေက “အရှင်ဘုရားမှာ ဘာကြောင့် ဒီလိုပိန်ချုံးနေရပါသလဲ” လို့မေးပြီးတော့ သူ့အကြောင်းကိုသိရတဲ့အတွက် မိမိတို့ဆရာဖြစ်တဲ့ မထေရ်ကြီးများထံ လျှောက်ထားကြပါတယ်၊ ဒီတော့ မထေရ်ကြီးများက အဲဒီငြီးငွေ့နေတဲ့ရဟန်းကို မြတ်စွာဘုရားထံ ခေါ်ဆောင်သွားကြပါတယ်၊ မြတ်စွာဘုရားထံရောက်သွားတဲ့အခါ “ချစ်သားရဟန်း ဘာ့ကြောင့် ဒီလို ပျင်းရိငြီးငွေ့နေပါသလဲ”လို့ မေးတော်မူပါတယ်၊ အဘိဓမ္မာကတမျိုး ဝိနည်းကတမျိုး စောင့်ရှောက်ဘို့ ခက်ခဲကျပ်တည်းလွန်းလို့ မပျော်မမွေ့ ငြီးငွေ့နေတဲ့အကြောင်းကို အဲဒီရဟန်းက လျှောက်ထားတဲ့အခါမှာ မြတ်စွာဘုရားကတော့ အဘိဓမ္မာနည်းလဲမဟောဘူး၊ ဝိနည်းကိုလဲ မဟောဘူး၊ “ချစ်သားရဟန်း မခက်ခဲ မကျပ်တည်းစေရဘူး၊ လွယ်ကူချောင်ချိတဲ့ နည်းလဲရှိတယ်၊ အများကြီး စောင့်ရှောက်ဘို့ မလိုပါဘူး၊ စိတ်ကလေးတစ်ခုတည်းကိုသာ စောင့်ရှောက်ရမည်၊ ဘယ်နှယ့်လဲ စောင့်ရှောက်နိုင်မယ် မဟုတ်လား”လို့ မေးတော်မူပါတယ်၊ စိတ်ကလေးတခုတည်းဆိုတော့ အဲဒီရဟန်းရဲ့ စိတ်ထဲမှာ နည်းတယ်၊ လွယ်တယ်လို့ထင်သွားပါတယ်။
အမှန်မှာတော့ မနည်းလှမလွယ်လှပါဘူး၊ အဘိဓမ္မာမှာဟောတဲ့ ကုသလာဓမ္မာ ဆိုတာတွေလဲ ဒီစိတ်ကလေး ပါပဲ၊ ဝိနည်းက မအပ်ဘူးအပ်တယ်ဆိုတာတွေလဲ ဒီစိတ်ကလေးနှင့်ဆိုင်တာပါပဲ၊ ထူးတာကတော့ ဝိနည်းမှာ အကုသိုလ်မဟုတ်ပါဘဲနှင့် စောင့်ရှောက်ရတာများလဲ ရှိပေတယ်၊ ဒါလောက်ပဲထူးပါတယ်၊ သို့ပေမယ့် “မြတ်စွာဘုရားက စိတ်ကလေးတခုပဲ စောင့်ရှောက်ရမည်”လို့ မိန့်တော်မူလိုက်တော့ သူ့စိတ်ထဲမှာ အင်မတန်ပေါ့သွားတယ်၊ ဒါကတော့လွယ်လွယ်ပဲလို့လဲ သဘောကျသွားတယ်၊ ဒါကြောင့် “စိတ်တခုဆိုလျှင်တော့ စောင့်ရှောက်နိုင်ပါတယ်ဘုရား”လို့ အဲဒီရဟန်းက ပြန်ကြားလျှောက်ထားပါတယ်၊ ဒီတော့ မြတ်စွာဘုရားက စိတ်နှင့်စပ်တဲ့ ကျင့်စဉ်လုပ်ငန်းကို ဒီလိုဟောတော်မူပါတယ်။
သုဒုဒ္ဒသံ သုနိပုဏံ၊ ယတ္ထကာမနိပါတိနံ။
စိတ္ထံ ရက္ခေထ မေဓာဝီ၊ စိတ္ထံ ဂုတ္တံ သုခါဝဟံ။
ဒီဂါထာဟာ သုတ္ထန်တရားတော်ပါပဲ၊ အပိုဒ်အားဖြင့် ၄-ပိုဒ်သာ ရှိပါတယ်၊ အက္ခရာအားဖြင့် ၃၂-လုံးသာရှိပါတယ်။ သုဒုဒ္ဒသံ၊ အလွန်မြင်နိုင်ခဲစွာထသော။ စိတ်ဆိုတာ မြင်နိုင်ခဲပါတယ်တဲ့၊ ရုပ်အထည် ဝတ္ထုတွေ ဆိုတာကတော့ အဇ္ဈတ္တရော ဗဟိဒ္ဓရော ထင်ရှားပါတယ်၊ မျက်စိနှင့်မြင်ရတဲ့ ရုပ်တွေရှိတယ်၊ နားနှင့်ကြားရတဲ့ ရုပ်တွေရှိတယ်၊ နှာခေါင်းနှင့်နမ်းရတဲ့ ရုပ်တွေရှိတယ်၊ လျှာနှင့်စားပြီးသိနိုင်တဲ့ ရုပ်တွေရှိတယ်၊ ကိုယ်နှင့်တွေ့ထိနိုင်တဲ့ ရုပ်တွေရှိတယ်၊ ဒါကြောင့် ရုပ်တွေက ထင်ရှားပါတယ်။ စိတ်ဆိုတာကလေးကတော့ သူ့ကို မျက်စိနှင့်လဲမမြင်ရဘူး၊ နားနှင့်လဲမကြားရဘူး၊ အထည်ဒြဗ်လဲမရှိဘူး၊ ဒါကြောင့် ရုပ်လိုမထင်ရှားဘူး၊ မထင်ရှားတဲ့အတွက်သူ့ကိုသိဘို့ရာ အင်မတန်ခက်ပါတယ်တဲ့၊ သို့ပေမဲ့ မြတ်စွာဘုရား၏နည်းနှင့်ဆိုလျှင်တော့ သိနိုင်ပါတယ်၊ သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ စသည်ဖြင့် ဟောထားတဲ့ စိတ္တာနုပဿနာအရ ဖြစ်တိုင်းဖြစ်တိုင်း စိတ်ကလေးတွေကို မပြတ်လိုက်ပြီး ရှုနေလျှင်ရာဂနှင့်တကွဖြစ်တဲ့ စိတ်ရာဂကင်းတဲ့စိတ် အစရှိတဲ့ ဒီစိတ်ကလေးတွေ တခုချင်း တခုချင်း ဖြစ်နေတာကို သိပါတယ်။
တခြားတပါးကို စိတ်ကလေးထွက်သွားလျှင်လဲ အဲဒီထွက်သွားတဲ့စိတ်ကလေးကို ချက်ချင်းပဲ သိနိုင်ပါတယ်၊ သွားမယ်လို့ဟန်ပြင်နေတဲ့ စိတ်ကလေးတောင်မှ သိနိုင်ပါသေးတယ်၊ လက်ခြေတွေကို ကွေးမယ် ဆန့်မယ် လှုပ်ရှားမယ်လို့ ကြံတဲ့ စိတ်ကလေးတွေဆိုတာရှိတယ်၊ အဲဒီလိုစိတ်ကလေးတွေကိုလဲ တခုချင်း တခုချင်း ပိုင်းခြားပြီးသိနိုင်ပါတယ်၊ သူ့ဖြစ်စဉ်အတိုင်း မပြတ်ရှုနေလျှင် ဒီစိတ်ကလေးတွေကို လက်နှင့်ကိုင်ကြည့်ရ သလို သေသေချာချာ သိနိုင်ပါတယ်၊ ဒါပေမဲ့ သူ့ဖြစ်စဉ်အတိုင်း ရှုမှတ်လေ့လာမှုမရှိဘဲနှင့် ပကတိအတိုင်း ဆင်ခြင်ကြည့်ရုံနှင့်တော့ ဒီစိတ်ကို အမှန်အတိုင်းသိဘို့ ခက်ပါတယ်၊ ဒါကြောင့် ပကတိလူတွေက ဒီစိတ်ကိုသတ္တဝါလို့ ထင်နေကြတာပါပဲ၊ “သိသိနေတဲ့ စိတ်ကလေးဟာ ငါပဲ၊ အသက်ကောင်ပဲ” လို့ ဒီလိုထင်နေကြပါတယ်။
ဒါကြောင့်မို့ သုဒုဒ္ဒသံ၊ အလွန်မြင်နိုင်ခံစွာထသော။ သုနိပုဏံ၊ အလွန်သိမ်မွေ့စွာထသော။ ယတ္ထကာမနိပါတိနံ၊ အလိုရှိရာအာရုံများသို့ ကျရောက်၍သွားတတ်သော။ အလိုရှိရာအလိုရှိရာသို့ ဖြုန်းကနဲဖြုန်းကနဲ သူက ကျရောက်ကျရောက်သွားပါတယ်၊ ယောမနသိကာရရှိတဲ့ ပုဂ္ဂိုလ်တွေမှာဆိုလျှင် ကုသိုလ်အာရုံတွေဆီကို များများသွားပါတယ်၊ ဥပမာ စာပေဝါသနာပါတဲ့ပုဂ္ဂိုလ်ဆိုလျှင် စာပေထည်း ရှောက်ပြီးတော့ သွားနေပါတယ်၊ ပစ္စည်းဥစ္စာတွေနှင့် လာဘ်လာဘတွေကို ရှာမှီးနေတဲ့ပုဂ္ဂိုလ်မှာလဲ ပစ္စည်းဥစ္စာ လာဘ်လာဘတွေဆီကိုပဲ ရှောက်သွားနေပါတယ်၊ ယောနိသောမနသိကာရ အယောနိ သောမနသိကာရ လိုက်ပြီးသကာလ သူကျချင်ရာကို ဖြုတ်ကနဲဖြုတ်ကနဲ ရောက်ရောက် သွားတတ်တယ်တဲ့၊ မသွားပါနဲ့လို့ ပိတ်ထားလို့လဲမရပါဘူး။
ယတ္ထကာမနိပါတိနံ၊ သူကျလိုရာအာရုံများ၌ ကျရောက်၍ သွားတတ်ပါသော။ စိတ္ထံ၊ စိတ်ကို။ မေဓာဝီ၊ ပညာရှိသည်။ ရက္ခေထ၊ စောင့်ရှောက်ရာ၏။ အဲဒီစိတ်ကလေးကို ဖြစ်တိုင်းဖြစ်တိုင်း ရှုပြီးသကာလ စောင့်ရှောက်နေပါတဲ့။ စိတ္တံ၊ စိတ်သည်။ ဂုတ္တံ၊ လုံခြုံစွာစောင့်ရှောက်အပ်သည်ရှိသော်။ သုခါဝဟံ၊ လူနတ်နိဗ္ဗာန် သုံးတန်သောချမ်းသာကို ဆောင်တတ်၏။ စိတ်ကိုလုံခြုံအောင် စောင့်ရှောက်လို့ရှိလျှင် လူချမ်းသာတွေလဲ ရနိုင်တယ်၊ နတ်ချမ်းသာတွေလဲ ရနိုင်တယ်၊ အရေးအကြီးဆုံးကတော့ မဂ်ချမ်းသာတွေ ဖိုလ်ချမ်းသာတွေ နိဗ္ဗာန်ချမ်းသာတွေပဲ၊ အဲဒီချမ်းသာတွေကိုလဲ ရနိုင်တယ်ဆိုတဲ့အကြောင်း ဒီဒေသနာဖြင့် ဟောပါတယ်။ အဲဒီဒေသနာကို နာရတာနှင့် ဝေနေယသတ္တဝါ၏အဇ္ဈာသယနှင့် ကိုက်ပြီးတော့ သွားတော့ ဘာမျှမကြာဘူး မြတ်စွာဘုရားထံမှာ ခဏကလေးအတွင်းပဲ သောတာပတ္တိ မဂ်ဖိုလ်ရောက်ပြီးတော့ သွားတယ်လို့ အဋ္ဌကထာမှာပြထားပါတယ်။ အဲဒါဟာ သုတ်တရားက အဘိဓမ္မာ ဝိနည်းတို့ထက် ဝေနေယျတို့အားအကျိုးများစေတယ် ဆိုရာမှာ မှတ်ထားဘို့ရာ သက်သေသာဓက ပုံဝတ္ထုတခု ဖြစ်ပါ သည်ဘုရား။
ပြီးတော့ ဒီသုတ္တပုဒ်ရဲ့ ဝစနတ္ထတွေက ဒီအပြင်လဲ များပါသေးတယ်။ ယခု နောက်ဆုံးတခုကိုပဲ လျှောက်ထားပြောပြတော့မယ်။ သုတ္တသဘာဂတော၊ တမျဉ်းခြည်များနှင့် တူသောကြောင့်လဲ သုတ်မည် ပါတယ်တဲ့၊ သုတ္တဆိုတဲ့ ပါဠိသဒ္ဒါက ခြည်မျှင်ကို ဟောပါတယ်၊ ရက်ကန်းခြည်မျှင် အပ်ခြည်မျှင် ဒီလို ခြည်မြှင်ကြိုးသေးကလေးများကို ဟောပါတယ်။ လက်သမားများ သစ်သားကိုရွေတဲ့အခါ သစ်သားကို ခွဲစိတ်တဲ့အခါများမှာ အဲဒီသုတ္တခေါ်တဲ့ ခြည်မျှင်ကြိုးသေးကလေးနှင့် မျဉ်းချရပါတယ်။ မျဉ်းမချပဲ ပကတိအတိုင်း မျက်ရမ်းမှန်းဆပြီး ရွေလိုက်ခွဲလိုက်လျှင် ဖြောင့်ဖြောင့်မတ်မတ် မဖြစ်နိုင်ပါဘူး။ မျဉ်းကြောင်းအတိုင်းလိုက်ပြီး ရွေမှခွဲမှ ဖြောင့်ဖြောင့်မတ်မတ် ရပါတယ်၊ ဒါကြောင့် လက်သမားများမှာ သုတ္တခေါ်တဲ့ အဲဒီမျဉ်းကြိုးကလေးနှင့် ချထားတဲ့မျဉ်းကြောင်းကို မလွန်စေပဲ ရိုသေလေးစားပြီး အလုပ်လုပ်ရပါတယ်၊ ဒီလိုမျဉ်းကြောင်းကို ရိုသေပြီးလုပ်မှ အလိုရှိတဲ့အတိုင်း ဖြောင့်ဖြောင့်မတ်မတ် သွားနိုင်ပါတယ်။
အဲဒါလိုပါပဲ၊ အတ္တတ္ထ- မိမိ၏အကျိုးစီးပွား၊ ပရတ္ထ- သူတပါး၏အကျိုးစီးပွား၊ မျက်မှောက် အကျိုးစီးပွား၊ တမလွန်အကျိုးစီးပွား၊ လောကီအကျိုးစီးပွား၊ လောကုတ္တရာ အကျိုးစီးပွားတွေကို တကယ်ဖြစ်အောင် အားထုတ်တော့မယ်ဆိုလို့ရှိလျှင် မြတ်စွာဘုရားဟောတော်မူတဲ့ သုတ္တန်တရားတော်နှင့် မျဉ်းချပြီးတော့ အဲဒီသုတ္တန်တရားမျဉ်းကြောင်းက ပြထားတဲ့အတိုင်း သီလသမာဓိပညာဆိုတဲ့ လုပ်ငန်းစဉ်တွေကို မမှားမယွင်းရအောင် အစဉ်အတိုင်း အားထုတ်သွားရပါတယ်၊ ဒါကြောင့် သုတ်တရားဟာ လက်သမားဆရာ များ၏ မျဉ်းချတဲ့ကြိုးနှင့် တူနေပါတယ်၊ ဒီလို မျဉ်းကြိုးနှင့် တူနေတဲ့အတွက် သုတ်တရားတော်ကို သုတ္တလို့ခေါ်ပါတယ်တဲ့၊ ဒါကြောင့် ဒီသုတ်တရားတော်ကို “အင်မတန် အလေးပြုအပ်တဲ့ တရားတော်ပါ”လို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
သုတ်တရားဆိုတာ မလွယ်ပြီးတော့ တချို့က သုတ်တရားဆိုတာ လွယ်လွယ်ကလေးပဲလို့လဲ ပြောတတ်ကြ ပါတယ်၊ အမှန်မှာတော့ သုတ်တရားဆိုတာ မလွယ်ပါဘူး၊ သုတ်တရားဆိုတာ အင်မတန်ခက်ပါတယ်၊ ဝိနည်းကတော့ ဒါမလုပ်ရဘူး၊ ဒါလုပ်လျှင် ဒီအာပတ်သင့်တယ်စသည်ဖြင့် သူ့ဟာနှင့်သူ တိကနဲတိကနဲ ပြတ်ပြတ်သားသားရှိပါတယ်၊ အဘိဓမ္မာမှာလဲ နက်နဲပေမယ်လို့ မြတ်စွာဘုရား၏နည်းနှင့်ဆိုတော့ ကုသလာဓမ္မာ အကုသလဓမ္မာ အဗျာကတာဓမ္မာဆိုတဲ့ တိက်ကကုသိုလ် အကုသိုလ်အဗျာကတတရားတွေကို အကုန်လုံး နားလည်သွားလို့ရှိလျှင် ဟိုအထက်ပိုင်းကျတော့လွယ်သွားပါတယ်။
သုတ်တွေကတော့ ဒီလိုမဟုတ်ပါဘူး၊ ဒီသုတ်မှာ ဒီအဓိပ္ပါယ်ရှိပေမယ်လို့ ဟိုသုတ်ကျတော့ ဘုရားအလိုတော်သိဘို့ သိပ်မလွယ်ပါဘူး၊ သုတ်က ပိုပြီးခက်ပါတယ်၊ ဒီသီလက္ခန်မှာပဲ သာမညဖလသုတ် မှာဆိုပါတော့၊ ဝိပနာဿနာဉာဏ် ဖြစ်ပုံကလေးကို ဟောထားတာရှိပါတယ် ၊ အဲဒါဟာ တော်တော်ကို မလွယ်ပါဘူး၊ သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနဉ္ဇပ္ပတ္တေ ဉာဏဒဿနာယစိတ္တံ အဘိနီဟရတိ အဘိနိန္နမေတိ ဆိုတဲ့ ဒီဒေသနာ စကားရပ်ပါပဲ။
စတုတ္ထဈာန်တိုင်အောင် ဈာန်ရပြီးဖြစ်တဲ့ပုဂ္ဂိုလ်၏ ဝိပဿနာရှုပုံကိုပြတဲ့ဒေသနာ ဖြစ်ပါတယ်၊ အဲဒီပုဂ္ဂိုလ်မှာ စတုတ္ထဈာန်ဖြင့် တည်ကြည်ပြီးတော့ စိတ်ဟာကောင်းကောင်း သန့်ရှင်းဖြူစင်နေပါတယ်၊ စိတ်အညစ်အကြေးကင်းပြီး နူးညံ့ပါတယ်၊ အလိုရှိရာကို နှလုံးသွင်းနိုင် ရှုနိုင်လောက်အောင် စိတ်ခန့်ကျန်းနေပါတယ်၊ ရှုရာအာရုံမှာ အလှုပ်မယှက် တည်တံ့နေပါတယ်တဲ့၊ အဲဒီလို စိတ်တည်ငြိမ် နေတဲ့အခါမှာ ဉာဏ ဒဿနာယ၊ အသိအမြင် ဝိပဿနာဉာဏ် ဖြစ်ရန်အလို့ငှါ။ စိတ္တ အဘိနီဟရတိ၊ စိတ်ကို ရှေးရှုဆောင်ပါတယ်တဲ့။
အဲဒီမှာ ရှေးရှုဆောင်တယ်ဆိုတာက ဘယ်လိုဆောင်ရမယ်ဆိုတာကို နားလည်ဘို့ သိပ်မလိုပါဘူး၊ ဒေသနာ နည်းအရ ဟောရုံပြောရုံဆိုလျှင်တော့ မခက်လှပါဘူး၊ တကယ်လက်တွေ့အလုပ်လုပ်ဘို့ဆိုတော့ ခက်ပါတယ်၊ တကယ်တမ်း အားထုတ်မည့်ပုဂ္ဂိုလ်ကို ဒီလိုအားထုတ်လျှင် သမာဓိက ဒီလိုဖြစ်လိမ့်မယ်၊ ဉာဏ်က ဒီလိုဖြစ်လိမ့်မယ်၊ အဲဒီလို သမာဓိဉာဏ်ဖြစ်လာတဲ့အခါမှာ ဒီလိုဒီလို ဆက်လက်ပြီး အားထုတ်သွားရမယ် စသည့်ဖြင့် လက်ဆုပ်လက်ကိုင် တိတိကျကျ ညွှန်ပြဘို့ဖြစ်စေ ကိုယ်တိုင်အားထုတ်ဘို့ ဖြစ်စေ အဲဒီလို တကယ်တမ်း လက်တွေ့ကျတော့ ခက်ပါတယ်၊ ဒီလိုနေရာမျိုးမှာ မြတ်စွာဘုရား၏ အလိုတော်ကျ အဓိပ္ပါယ်ကို မှန်မှန်ကန်ကန် ထုတ်ဖော်ဘို့ရာဟာ တော်တော်ကိုမလွယ်ဘဲ ဖြစ်နေပါတယ်၊ လက်တွေ့ ဆရာနည်းမရလျှင်တော့ မှန်မှန်ကန်ကန် ဖော်နိုင်ဘို့ရာ မရှိသလောက်ဖြစ်နေပါတယ်။
အဲဒီကနောက်မှာ ဝိပဿနာဉာဏ်ဖြစ်ပုံကို သော ဧဝံ ပဇာနာတိ စသည်ဖြင့် ပြသွားပါတယ်၊ ခုနက ပြောခဲ့တဲ့ ဒေသနာအတိုင်း စိတ်ကိုရှေးရှုဆောင်လိုက်တဲ့ အခါမှာ ဒီလိုသိသွားတယ်တဲ့၊ အယံ ခေါ မေ ကာယော ရူပီ၊ ငါ၏ ဤရုပ်ကိုယ်သည်။ စာတုမဟာဘူတိကော၊ မဟာဘုတ် ဓာတ်လေးပါးဖြင့် ပြီး၏။ မာတာပေတ္တိကသမ္ဘဝေါ၊ မိဘတို့၏ ရုပ်ကိုမှီ၍ ဖြစ်၏။ သြဒနကုမ္မာသူပစယော၊ ထမင်းမုံ့တို့ဖြင့် ကြီးထွားလျက်ရှိ၏။ အနိစ္စုစ္ဆာဒနပရိမဒ္ဒနဘေဒနဝိဒ္ဓံသနဓမ္မော၊ မမြဲခြင်း လိမ်းကျံပေးရခြင်း နှိပ်နယ် ပေးရခြင်း ပြိုကွဲခြင်း ပျက်စီးခြင်း သဘောရှိ၏။ ရုပ်ကိုယ်ကြီးကို ဒီလိုသိပါတယ်တဲ့။ ဒါလဲနားလည်ဘို့ ခက်တာပါပဲ။
ပြီးတော့ နာမ်တရားသိပုံကျတော့လဲ ဣဒဉ္စ ပန မေ ဝိဉာဏ် ဧတ္ထ သိတံ၊ ဧတ္ထ ပဋိဗဒ္ဓံလို့ ဟောပြန်ပါတယ်။ မေ၊ ငါ၏။ ဣဒဉ္စ ပန ဝိညာဏံ၊ ဤ စိတ်ဝိညာဉ်သည်ကား။ ဧတ္ထသိတံ၊ ဤရုပ်ကိုယ်၌ မှီ၏။ ဧတ္ထ ပဋိဗဒ္ဓံ၊ ဤရုပ်ကိုယ်၌ စပ်လျက်ရှိ၏။
ဒီစိတ်ဝိညာဉ်ကလေးကတော့ ဒီရုပ်ကိုယ်ထဲမှာပဲ၊ မှီနေတယ်၊ စပ်ဆိုင်နေတယ်လို့ သိတာဟာ စိတ်နာမ်တရားကိုသိတဲ့ ဝိပဿနာဉာဏ်ပါပဲတဲ့၊ ဒါလဲပဲ ဘယ်လိုရှုလျှင် ကိုယ်တိုင်တွေ့အားဖြင့် ဘယ်လိုသိသွားတယ်ဆိုတာ ဘုရားအလိုတော်ကျ လက်ဆုပ်လက်ကိုင် ဖော်ပြဘို့ တော်တော်ပဲခက်ပါတယ်၊ ဒါပေမဲ့ သတိပဋ္ဌာန်ဒေသနာတော်အရ ရှုလျှင်တော့ ရုပ်နှင့်နမ်ကို ဒီသာမညဖလသုတ်နှင့်အညီပဲ သိနိုင်ပါတယ်။
ပေါဋ္ဌပါဒသုတ်မှာ အဘိသညာနိရောဓာဆိုတဲ့ နိရောဓသမာပတ် ဝင်စားပုံကို ဟောထားတာက ဒါထက်ပိုပြီး ခက်ပါသေးတယ်၊ သီလက္ခန်ပါဠိစာမျက်နှာ ၁၇၁ -စာပိုဒ် ၄၁၄-မှာ ရှိပါတယ်၊ နိရောဓသမာပတ် ဝင်စားတဲ့ပုဂ္ဂိုလ်ဟာ သညဂ္ဂခေါ်တဲ့ အာကိဉ္စညာဈန်ရောက်တော့ “စေ့ဆော်အားထုတ်လျှင် မကောင်းဘူး၊ မစေ့ဆော် အားမထုတ်မှ ကောင်းတယ်၊ စေ့ဆော်အားထုတ်လျှင် လက်ရှိသညာများ ချုပ်သွားပြီး ကြမ်းတဲ့သညာများ ဖြစ်လာကြမည်၊ မစေ့ဆော်ဘဲ၊ အားမထုတ်ဘဲ နေတော့မည်” လို့ ဒီလိုကြံပြီးတော့ မစေ့ဆော် အားမထုတ်ဘဲ နေပါသတဲ့၊ ထိုသို့နေတဲ့ပုဂ္ဂိုလ်မှာ လက်ရှိသညာများလဲ ချုပ်သွားကြပြီးတော့ ကြမ်းတဲ့သညာများလဲ မဖြစ်ပေါ်လာတော့ဘဲ နိရောဓသမာပတ်ကို ရောက်သွားပါသတဲ့၊ အဲဒီ အနက်အဓိပ္ပါယ်မျိုးကို ဝိသုဒ္ဓိမဂ်မှာလဲ ပြဆိုချက်မရှိပါဘူး၊ နားလည်ဘို့ မလွယ်တဲ့ အချက်တရပ်ပါပဲ။
ယခုလို ခက်ခဲတာကလေးများကို ထုတ်ပြရတာကတော့ သုတ်တရားကို လွယ်တယ်လို့ထင်မှတ်ပြီး မရိုမသေ ပြောဆိုတတ်ကြလွန်းလို့ ဖော်ပြရခြင်းဖြစ်ပါတယ်၊ ဒါကြောင့် သုတ်တရားတော်ဟာ အလွန်လေးစားသင့်တဲ့ တရားတော်ဖြစ်တယ်ဆိုတာကို သုတ္တသဒ္ဒါရဲ့ ဝစနတ္ထပြတဲ့ အဋ္ဌကထာ ဋီကာစကားများဖြင့် အမှတ်တရ သတိပြုရအောင် ဒီနေရာမှာ စိစစ်လျှောက်ထားပါတယ်ဘုရား။ ဒီကနေ့ ဒီတွင်ပဲရပ်နားပြီးတော့ နောက်ထပ်လျှောက်ထားဘွယ်များကို နောက်ရက်များကျမှ ဆက်လက်ပြီး လျှောက်ထားပါတော့မည်ဘုရား။