Test 8
08 May 2024
ရေးသားသူ - ဖြည့်စွက်ရန်
ဖတ်ရှုချိန် - ဖြည့်စွက်ရန်
ဖြည့်စွက်ရန်
မဟာစည်ဆရာတော်၏ အသွားအလာ၊ အပြောအဆို၊ ကိုယ်နှုတ်အမူအရာ ငြိမ်သက်တည်ကြည်တော်မူပုံကိုကြည့်၍၊ သာသနာရေးရာနှင့်ပတ်သက်၍ ထူးခြား သော အမြော်အမြင်မရှိဟု တချို့ ထင်မြင်ယူဆနိုင်၏။ ထိုအယူအဆ မမှန်ပေ။ ဆရာတော်သည် ထူးထူးခြားခြားအမြော်အမြင်ရှိသော ပုဂ္ဂိုလ်တစ်ပါး ဖြစ်တော်မူပါ သည်။ မြန်မာသက္ကရာဇ် ၁၃၁၃–ခုနှစ်၌ နိုင်ငံတော်တစ်ဝန်းလုံးရှိ (က) ဂဏာစရိယ ဂဏပါမောက္ခဆရာတော်ကြီးများ၊ (ခ) အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော် ကြီးများ၊ (ဂ) နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ (ဃ) နိုင်ငံတော် ဝိနည်း ဓိုရ်ဆရာတော်ကြီးများ၊ စုစုပေါင်း ၁၀ဝ–ကို ရန်ကုန်မြို့၊ ကုက္ကိုင်း မဟာစည်သာသနာ့ ရိပ်သာသို့ပင့်၍ နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဆဋ္ဌသင်္ဂါယနာတင်ရန် ကိစ္စကို လျှောက်ထားကြပါသည်။ ဆက်လက်ဖတ်ရှုရန် ...
ထိုအစည်းအဝေး၌ ဆဋ္ဌသင်္ဂါယနာတင်ရန် ဆုံးဖြတ်တော်မူပြီးနောက် “အဘယ် ပုံ အဘယ်နည်း အဘယ်စည်းမျဉ်းများ ချမှတ်၍တင်မည်နည်း” ဟု စဉ်းစားတော်မူကြ သည်။ အတော်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေသဖြင့် အဘိဓဇမဟာရဋ္ဌဂုရု ညောင်ရမ်းဆရာတော်ကြီးက ဤအစည်းအဝေး၌ “ဟံသာဝတီဆရာတော် (မန္တလေးမြို့၊ ဒက္ခိဏာရာမ ဘုရားကြီးတိုက်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဣန္ဒာသဘ ဆရာတော်ကို ဆိုလိုသည်) မတက်ရောက်ဘူးလား” ဟုမေးတော်မူလိုက်၏။ အနီးရှိ ဆရာတော်များက ‘ပါဝင်ကြောင်း’ လျှောက်ထားရာ “ငါတို့အနီးသို့ကြွခဲ့ပါ”ဟု ခေါ်သဖြင့် အနီးသို့ရောက် သောအခါ ဒွါရနိကာယ ဂဏာစရိယ ဂဏပါမောက္ခဖြစ်တော်မူသော ပန်းတောင်း ဆရာတော်ကြီးက “အမောင် ဟံသာဝတီဆရာတော်၊ ယခုပြဿနာအရ ဆရာတော်တို့ မှာ ဇရာတရားနှိပ်စက်၍ သတိသမ္ပဇည ထိုင်းမှိုင်းနေပါပြီ။ သို့အတွက် ငါ့ရှင် ဉာဏ်မြင်သမျှ အကြံဉာဏ်ပေးစမ်းပါ” ဟု မိန့်တော်မူ၏။ ထိုအခါ ဟံသာဝတီ ဆရာတော်က “တပည့်တော် နှုတ်ဖြင့်လျှောက်ထားလျှင် ခိုင်မြဲသောသဘောမရှိပါ၊ တိကျစွာ စဉ်းစားတော်မူကြရန် ခဲယဉ်းပါလိမ့်မည်။ သို့အတွက် စာဖြင့်ရေး၍ အကြံ ပေးလိုပါသည်” ဟုလျှောက်၏။
ထိုအခါ “အေးကောင်းပြီ၊ နက်ဖြန်အစည်းအဝေးအမီ အကြံပေးအစီရင်ခံစာ တင်သွင်းပါ” ဟု အမိန့်ရှိလေရာ “ဘုရားတပည့်တော်၏ အကူအညီအဖြစ် မဟာစည် ဆရာတော်နှင့် အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်) တို့ကိုလဲ ထည့်သွင်းပေး တော်မူပါ” ဟုတောင်းပန်ရာ “ပါဝင်ဆောင်ရွက်ကြစေ” ဟုခွင့်ပြုပြီးလျှင် အစည်းအဝေး ကြီးကို ရုပ်သိမ်းတော်မူကြသည်။
ဆရာတော်ကြီးများ၏ တာဝန်ပေးချက်အရ (၁) ဟံသာဝတီဆရာတော်၊ (၂) မဟာစည်ဆရာတော်၊ (၃) မဟာဂန္ဓာရုံဆရာတော် ၃-ပါးတို့သည် ကုက္ကိုင်းရိပ်သာ အတွင်း သိမ်တော်ကြီး၌ ညဉ့်အခါဆွေးနွေးတိုင်ပင်ကြပြီးနောက် ဆဋ္ဌသင်္ဂါယနာတင် ကိစ္စ အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်အောင် အခြေခံစည်းမျဉ်းအဖြစ် အပိုဒ် ၁၃-ပိုဒ်ပါရှိသောအကြံပေးအစီရင်ခံစာ ရေးသားကြ၍ ဝိဇ္ဇာလင်္ကာရဆရာတော် အရှင်ဝိသုဒ္ဓကို (မန္တလေး ဝိဇ္ဇာလင်္ကာရကျောင်းတိုက် ဆရာတော်) လက်နှိပ်စက်ရိုက် စေပြီးမှ ကျိန်းစက်တော်မူကြသည်။
ဒုတိယအကြိမ် သံဃာ့အစည်းအဝေးကြီး၌ အဆိုပါအစီရင်ခံစာကို တင်သွင်း လျှောက်ထား၍ (၁) သြဝါဒါစရိယဆရာတော်များအဖွဲ့၊ (၂) ဝန်ဆောင်ဆရာတော်များ အဖွဲ့စသည် ဖွဲ့စည်းလျက် ဆဋ္ဌသင်္ဂါယနာတင်ကိစ္စကြီး အကောင်အထည်ပေါ်လာ အောင် ဆောင်ရွက်တော်မူကြသည်။ ဝန်ဆောင်ဆရာတော် ၂၅-ပါးအဖွဲ့၌ ညောင်ရမ်း ဆရာတော်ကို ဥက္ကဋ္ဌ၊ ဗားကရာဆရာတော် ဦးနာဂဝံသကို အတွင်းရေးမှူး၊ ဝိဇ္ဇာ လင်္ကာရဆရာတော်ကို တွဲဖက်အတွင်းရေးမှူးအဖြစ် ရွေးချယ်၍ ဟံသာဝတီဆရာတော်၊ မဟာစည်ဆရာတော်၊ မဟာဂန္ဓာရုံဆရာတော်စသော ဆရာတော်များ ပါဝင်ပေသည်။ ဤဖြစ်စဉ်ကိုကြည့်၍ မဟာစည်ဆရာတော်သည် ဆဋ္ဌသင်္ဂါယနာကိစ္စ၌ အဓိကကျသော ပုစ္ဆကတာဝန်ကြီးကို ဆောင်ရွက်ခဲ့ရုံသာမက ဆဋ္ဌသင်္ဂါယနာ ဖြစ်မြောက်အောင် အခြေခံစည်းမျဉ်းမှစ၍ အကြံပေးတော်မူခဲ့သော အမြော်အမြင်ရှိပုဂ္ဂိုလ်တစ်ပါး ဖြစ် ကြောင်း သိသာပေသည်။
ရေးသားသူ - ဖြည့်စွက်ရန်
ဖတ်ရှုချိန် - ဖြည့်စွက်ရန်
ဖြည့်စွက်ရန်
တစ်ခါတွင် ဆဋ္ဌသံဂါယနာအတွက် မဟာစည်ဆရာတော်ကြီးပြုစုသော သင်္ဂီတိ ကာရက သံဃာတော်တို့ လိုက်နာရမည့်အချက်များသည် အလွန်ပင်ကောင်းလှသော် လည်း အများစုလိုက်နာနိုင်ဖို့ရာမလွယ်ကူကြောင်း နီးစပ်ရာဆရာတော်တို့ လျှောက် ထားကြသည်ကို မဟာစည်ဆရာတော်ကြီးက မပြောင်းဘဲနေလေ၏။ ထိုအခြေအနေ တွင် မဟာဂန္ဓာရုံဆရာတော်ကြီးကြွလာ၍ “တန်ဖိုးမသိသူတို့အတွက် ဒန်ပေါက်ထမင်း ကိုပင်လျှင် ထမင်းအသိုးဟု ထင်မြင်တတ်ကြောင်း” ဥပမာဖြင့် ရှင်းလင်းပြောပြတော်မူ သောအခါမှသာ မဟာစည်ဆရာတော်ကြီးသည် မိမိရေးသားထားသည်တို့ကို ပြင်ဆင် လေတော့၏။ ဆဋ္ဌသံဂါယနာ သံဃအဖွဲ့ ဥပဒေကို သံဂါယနာစာစောင်မှ ကူးယူ၍ ဖော်ပြအပ်ပါသည်။ ဆက်လက်ဖတ်ရှုရန် ...
ဤဥပဒေကို ဆဋ္ဌသံဂါယနာတင်သြဝါဒါစရိယ သံဃနာယကဆရာတော်ကြီး များနှင့် ဆဋ္ဌသံဂါယနာ ပါဠိဝိသောဓကအဖွဲ့ဝင်ဆရာတော်များ အစည်းအဝေးကြီးမှ လွှဲအပ်သည့်အတိုင်း ဝန်ဆောင်သံဃအဖွဲ့ကဆုံးဖြတ် အတည်ပြုပြီးလျှင် ကြေငြာသည့် နေ့မှစ၍ ဆဋ္ဌသံဂါယနာတင်ကိစ္စ လုံးဝပြီးဆုံးအောင်မြင်သည်အထိ သင်္ဂီတိကာရက ပုဂ္ဂိုလ်တိုင်း လိုက်နာဆောင်ရွက်သွားရန်ဖြစ်သည်။
သံဂါယနာတင်ခြင်းသည် နှစ်ပေါင်းနှစ်ထောင့်ငါးရာအတွင်းမှာ ၆-ကြိမ်သာ ရှိမည်ဖြစ်၍ ကြုံကြိုက်ခဲသော ဒုလ္လဘကြီးတစ်ခုဖြစ်သဖြင့် ဗုဒ္ဓဘာသာဝင်ရဟန်းရှင်လူ အပေါင်းတို့သည် ကောင်းချီးသြဘာ ထောမနာအကြိမ်ကြိမ်ပြု၍ စိတ်အားထက်သန် စွာဖြင့် အားပေးချီးမြှောက်ကြရန် ဖြစ်သည်။ ဆဋ္ဌသံဂါယနာပွဲကြီး အောင်မြင်မှုကို ရှေးရှုး၍ ပြည်ထောင်စုအစိုးရနှင့်တကွ နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ကြီး အမှူးရှိသော ထေရဝါဒီအပေါင်းတို့ကလည်း ရှေးသံဂါယနာငါးတန်က သာသနာ့ဒါယကာများကဲ့သို့ သင်္ဂီတိကာရကဆရာတော်များ ကာယသုခ စိတ္တသုခရှိစေခြင်းငှါ ပစ္စယာနုဂ္ဂဟဖြင့် လိုလေသေးမရှိအောင် အစွမ်းကုန်ထောက်ပံ့ချီးမြှင့်ပူဇော်ကြရန်ဖြစ်သည်။
ဤဥပဒေဖြင့် တည်ထောင်အပ်သော အဖွဲ့အသီးသီးတို့၏ ဆုံးဖြတ်ချက်များကို သံဂါယနာဝင် ထေရ၊ မဇ္ဈိမ၊ နဝဖြစ်တော်မူသော သံဃာတော်အပေါင်းတို့ကလည်း ဘုရားရှင်၏မျက်နှာတော်ကို ထောက်ထား၍ လေးစားကြည်ညိုစွာ လိုက်နာကျင့်သုံးရန် ဖြစ်သည်။ ဤဆဋ္ဌသံဂါယနာပွဲကြီးသည် ကမ္ဘာလောက၏ ငြိမ်းချမ်းသာယာရေး ရောင်ခြည် ဖြစ်စေရန် ရည်ရွယ်သည်။
ရေးသားသူ - ဖြည့်စွက်ရန်
ဖတ်ရှုချိန် - ဖြည့်စွက်ရန်
ဖြည့်စွက်ရန်
သင်္ဂါယနာဆိုသည်မှာ ပိဋကတ်တော်များကို ရဟန်းတော်များ စုပေါင်းရွတ်ဆိုခြင်းဖြစ်ရာ မူကောင်းမူမှန် ပိဋကတ်တော်မရှိလျှင် သင်္ဂါယနာပင်မရှိနိုင်ပေ။ ထို့ကြောင့် သင်္ဂါယနာလုပ်ငန်း၌ အရေးကြီးသော ပိဋကတ်တော်သုတ်သင်ပြင်ဆင်ရေးကို ရှေးဦးစွာ ဆောင်ရွက်တော်မူကြသည်။
ပိဋကတ်တော်ကို ပြင်ဆင်ရာတွင် ရှေးဦးစွာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်သို ပိဋကတ်တော်များကို ပို့ကာ ထိုထိုနယ်ရှိ ကျမ်းတတ်မထေရ်တို့ကို မူအမျိုးမျိုးနှင့် တိုက်ဆိုင်ပြင်ဆင်စေသည်။ ထိုဆရာတော်များ ပြင်ဆင်ပြီးမူကို တစ်ဖန်ဝိသောဓကအဖွဲ့ဖွဲ့၍ ရန်ကုန်မြို့၌ ထပ်မံ ပြင်ဆင်စေသည်။ ထိုဆရာတော်များကို “ပိဋိဝိသောဓက” ဆရာတော်များဟုခေါ်သည်။ ဆက်လက်ဖတ်ရှုရန် ...
ပဋိဝိသောဓက ဆရာတော်များ ပြင်ဆင်ပြီးမူကိုမှ နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ ပုံနှိပ်တိုက်၌ ရိုက်နှိပ်ပြီး ပုံနှိပ်မူကြမ်း (ပရု)အဖြစ်သို့ ရောက်စေသည်။ ထိုမူကြမ်းကို အထပ်ထပ်စစ်ဆေး၍ နောက်ဆုံးမူကြမ်းကို ဆရာတော် (၅)ပါး၊ ပါဝင်သောအဖွဲ့သို့ ပို့ရသည်။ ထိုအဖွဲ့က ပြင်ဆင်စရာရှိသည်တို့ကို ပြင်ဆင်၍ အတည်ပြုပြီးနောက် စာမူချောအဖြစ်သို့ ရောက်အောင် ရိုက်နှိပ်စေရသည်။
နောက်ဆုံးပုံနှိပ်မူကြမ်းကို သုတ်သင်ပြင်ဆင်သောအဖွဲ့ကို “သြသာနသောဓေယျပတ္တပါဌကအဖွဲ့”ဟု ခေါ်သည်။ နောက်တွင် အတိုချုံး၍ “သြသာနာအဖွဲ့” ဟု ခေါ်ကြလေသည်။ သြသာနအဖွဲ့ဝင်ဆရာတော် များမှာ
ဤအဖွဲ့ဝင်များမှာ အစပိုင်း၌ဖြစ်သည်။ နောင်အခါအားလျော်စွာ အလယ် (၃)ပါး၌ အပြောင်းအလဲ ရှိသည်။ သြသာနဆရာတော်တို့၏ တာဝန်သည် အလွန်ပင်ကြီးလေးလှသည်။ အချုပ်ကိုဆိုရလျှင် စာတစ်အုပ်လုံး ကောင်းမွန်သန့်ရှင်းရေး, အပြစ်ကင်းရေးသည် သြသာနအဖွဲ့၏ တာဝန်ဖြစ်သည်။ ထို့ကြောင့် ထေရုပ္ပတ္တိရေး ဆရာတော်က ဤသို့ မှတ်တမ်းတင်ခဲ့သည်။
“ယခုအခါ ဆဋ္ဌသင်္ဂါယနာမူကျမ်းစာများကို ဖတ်ပြီးလျှင် အခြားရှေးရိုက်စာအုပ်များကို မဖတ်တတ်လောက်အောင်ပင် ဖြစ်ကြသည်။ ဆဋ္ဌမူကိုဖတ်ရသည်မှာ မျက်စိလည်းသက်သာ ဉာဏ်လည်း သက်သာလှသည်။ ဤသို့ အဖက်ဖက်မှ ရှေးစာအုပ်များနှင့်မတူအောင်၊ ဆဋ္ဌမူကျမ်းတို့ တိုးတက်ကောင်းမွန်လာခြင်း၊ ကမ္ဘာ့အဆင့်အတန်းမှီလာခြင်းအတွက် သြသာနအဖွဲ့ဆရာတော်များနှင့် နိုင်ငံတော် ဗုဒ္ဓသာသနာပုံနှိပ်တိုက် စာပြင်ဆရာကြီးများကို စာဖတ်သူများက အထူးကျေးဇူးတင်ရမည် ဖြစ်ပေသည်” မဟာစည်ဆရာတော်သည် ဤမျှတာဝန်ရှိသော အဖွဲ့၌ ပါဝင်ဆောင်ရွက်တော်မူရသည်။
ပုဒ်ခက်၊ ပါဌ်ခတ် အဆုံးအဖြတ်ကြုံလာလျှင် မဟာစည်ဆရာတော်၏ အယူအဆအဆုံးအဖြတ်ကို အခြားဆရာတော်များက လေးစားနှစ်ခြိုက်တော်မူကြသည်သာများလေသည်။ မဟာစည်ဆရာတော်သည် ဤသြသာနလုပ်ငန်းကို အစမှအဆုံးတိုင်အောင် ဆောင်ရွက်တော်မူခဲ့သည်။ အကျိုးဆောင်ဆရာတော် ဦးဝိသုဒ္ဓါဘိဝံသက ဝိသုဒ္ဓိမဂ်အဋ္ဌကထာ (၂)အုပ်ကို သုတ်သင်ပြင်ဆင်ရန် မဟာစည်ဆရာတော်အား အပ်နှင်းတော်မူသည်။
မဟာစည်ဆရာတော်သည် အပ်နှင်းသည့်အတိုင်း တစ်ပါးတည်း ပြင်ဆင်တော်မူသည်။ ဆဋ္ဌသင်္ဂါယနာနှင့်စပ်၍ မဟာစည်ဆရာတော်၏ ကြိုးပမ်းဆောင်ရွက်မှုကြီးမားပုံကို ထေရုပ္ပတ္တိရေး ဆရာတော်က ဤသို့မှတ်တမ်းတင်ကာ ချီးကျူးတော်မူသည်။ “မဟာစည်ဆရာတော်သည် ကြီးမားသော ဉာဏ်စွမ်း , ကြီးမားသော လုံ့လဝီရိယစွမ်းတို့ဖြင့် ဆဋ္ဌသင်္ဂါယနာကျမ်းစာတို့ကို ပြင်ဆင်တော်မူခဲ့သည်။
ထိုသို့ ပြင်ဆင်တော်မူခဲ့ရသော ကျမ်းစာများကား ၁၀-အုပ်၊ ၁၅- အုပ်မျှမဟုတ်၊ အစိတ်သုံးဆယ်လည်းမဟုတ်၊ ပါဠိတော် , အဋ္ဌကထာ, ဋီကာ အားလုံးပေါင်းလိုက်လျှင် စာအုပ်ပေါင်း ၁၁၇ အုပ်ဖြစ်လေသည်။
တစ်အုပ်တစ်အုပ်၌ ပျမ်းမျှစာမျက်နှာ ၃၅၀ ခန့်ပါဝင်မည်ဖြစ်ရာ စာမျက်နှာအားဖြင့်တွက်လျှင် စာမျက်နှာ ၄ သောင်းကျော်ခန့်ဖြစ်သည်။
ဤမျှ များပြားလှသော ပိဋကတ်တော်ကျမ်းစာတို့ကို သုတ်သင်ပြင်ဆင်ခွင့်ရသော မဟာစည်ဆရာတော် ဘုရားကြီးသည် ကုသိုလ်ထူးတော်မူပါပေစွ၊ နောင်လာနောင်သားတို့အတွက် ကျေးဇူးကြီးမားတော်မူပါပေစွ။ ဤကား မဟာစည်ဆရာတော်၏ လူသိနည်းသော ဆဋ္ဌသင်္ဂါယနာဆိုင်ရာ လုပ်ငန်းဖြစ်ပါသည်”။
ဆဋ္ဌသင်္ဂါယနာပုစ္ဆကဆရာတော်
မဟာစည်ဆရာတော်သည် ပိဋကတ်တော် သုတ်သင်ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်တော်မူရင်းပင် တစ်ဖက်မှလည်း ဆဋ္ဌသင်္ဂါယနာပုစ္ဆက ဆရာတော်အဖြစ် ဆောင်ရွက်တော်မူရသည်။ သင်္ဂါယနာအစဉ်အလာအရ စုပေါင်းရွတ်ဆိုခြင်းမပြုမီ ပါဠိတော်များကို တစ်ခုစီစစ်ဆေးရသည်။ “ဤသုတ်ကို မြတ်စွာဘုရား အဘယ်ဌာနမှာ ဟောခဲ့သနည်း၊ အဘယ်ပုဂ္ဂိုလ်ကိုအကြောင်းပြု၍ ဟောခဲ့ သနည်း၊ အဘယ်အကြောင်းကောင့် ဟောခဲ့သနည်း အစရှိသဖြင့် ဘုရားဟောအစစ်ဖြစ်ကြောင်း ခိုင်လုံသေချာအောင် အထပ်ထပ်စစ်ဆေးစိစစ်ရသည်။
ဤသို့ စစ်ဆေးစိစစ်၍ ကျေနပ်မှသာ အတည်ပြုလက်ခံကြောင်း ထင်ရှားစေရန် သံဃာတော်အားလုံး စုပေါင်းရွတ်ဆိုတော်မူကြသည်။ ထိုကိုပင် သင်္ဂါယနာတင်သည်ဟု ခေါ်လေသည်။
ပထမသင်္ဂါယနာတင်စဉ်က အရှင်မဟာကဿပက မေးစိစစ်သူ ပုစ္ဆကအဖြစ် ဆောင်ရွက်တော်မူ၍ အရှင်ဥပါလိ, အရှင်အာနန္ဒာတို့က ဖြေဆိုသူ ဝိသဇ္ဇကအဖြစ် ဆောင်ရွက်တော်မူကြသည်။ ထိုအစဉ်အလာအတိုင်းပင် ဆဋ္ဌသင်္ဂါယနာ၌ မေးစိစစ်မည့်ဆရာတော်, ဖြေဆိုမည့်ဆရာတော်ဟူ၍ ပုဂ္ဂိုလ်ထူး (၂)ပါးလိုအပ်နေသည်။
သံဃာ့ပရိသတ်, လူပရိသတ်အလယ်တွင် အမေး အဖြေ ပြုလုပ်ရမည်ဖြစ်၍ ထိုလုပ်ငန်းမှာ မလွယ်ကူလှပေ။ အများရှေ့မှောက် ပြုလုပ်ရမည့်အလုပ်ဖြစ်၍ စာကိုဖတ်ကာ မေးဖြေရန်လည်းမလျော်၊ မေးသူ, ဖြေသူ ၂ ပါးလုံး အလွတ်မေးဖြေကြရမည်ဖြစ်သည်။ ထို့ထက် သာ၍ခက်သည်မှာ အမေးအဖြေပြုလုပ်သောအခါ ပါဠိ, မြန်မာ (၂)ဘာသာဖြင့် ပြုလုပ်ရမည်ဖြစ်၍ ပါဠိတော်ကို ကျေပွန်စွာလေ့လာပြီးဖြစ်သည့်အပြင် ပါဠိဘာသာကိုလည်း ပြောနိုင်ဆိုနိုင်သည်အထိ ကျွမ်းကျင်ရပေမည်။
အမေးအဖြေပြုမည့် ၂ ပါးတွင် ဖြေဆိုသူ ဆရာတော်ကိုရှာရန်မှာ လွယ်ကူလျက်ရှိသည်။ အဘယ်ကြောင့် ဟုမူ ပိဋကသုံးပုံအာဂုံဆောင် ‘တိပိဋကဓရ’ဘွဲ့ရ အရှင်ဝိစိတ္တသာရဘိဝံသ ဆရာတော်ရှိသော ကြောင့်တည်း။ ပုစ္ဆကဆရာတော်ကို ရွေးချယ်ရာ၌ကား ဆဋ္ဌသင်္ဂါယနာ ဝန်ဆောင်ဆရာတော်တို့သည် ပုစ္ဆကလုပ်ငန်းနှင့် အထိုက်တန်ဆုံးလည်းဖြစ်, လက်လှမ်းလည်းမှီသော မဟာစည်ဆရာတော်ကိုပင် ရွေးချယ်တော်မူကြသည်။ အမေး, အဖြေ ၂ ဖက်လုံး၌ အတိုင်အဖောက်ညီသော ဆရာတော်များဖြစ်၍ လွန်စွာအဆင်ပြေလှသည်။ သင်္ဂါယနာဂုဏ်နှင့် လိုက်လျောအောင်ပင် ခမ်းခမ်းနားနားဖြစ်အောင် ဆောင်ရွက်တော်မူကြလေသည်။
အဋ္ဌကထာသင်္ဂါယနာ စိစစ်ခန်း
ပါဠိတော်သင်္ဂါယနာတင်ပြီးနေက် ဆရာတော်သံဃာတော်များနှင့် နိုင်ငံတော်အစိုးရတို့သည် အဋ္ဌကထာ သင်္ဂါယနာ, ဋီကာသင်္ဂါယနာတို့ကိုပါ ဆင်နွှဲကျင်းပရန် ဆုံးဖြတ်ချက်ချခဲ့ကြသည်။
ထို့ကြောင့်ပင် ပါဠိတော်သင်္ဂါယနာပြီးဆုံးသည့်နောက် ၁၃၁၈-ခုနှစ်၊ ပြာသိုလဆန်း (၂)ရက်နေ့မှာပင် အဋ္ဌကထာသင်္ဂါယနာကို စတင်ကျင်းပသည်။ အဋ္ဌကထာ, ဋီကာတို့ကို သင်္ဂါယနာတင်ခြင်းသည် ဆဋ္ဌသင်္ဂါယနာ၏ ထူးခြားချက်ပင်ဖြစ်သည်။ ရှေးသင်္ဂါယနာများ၌ကား ပါဠိတော်ကိုသာ သင်္ဂါယနာ တင်ခဲ့ကြသည်။
အဋ္ဌကထာတို့ကို သင်္ဂါယနာတင်သောအခါ ပါဠိတော်များကဲ့သို့ နေ့စဉ်အမေးအဖြေပြုလုပ်ဖွယ်မလို၊ ကြည်ညိုဖွယ် မှတ်သားဖွယ်ကောင်းသော အချက်များကိုသာ ထုတ်ဆောင်၍ စိစစ်ပြောဆိုမည်ဟု ဝန်ဆောင်သံဃာ့အဖွဲ့က ဆုံးဖြတ်ချက်ချထားသည်။
ထို့ကြောင့် အဋ္ဌကထာစိစစ်ရေးကို ဆောင်ရွက်ရန် ပခုက္ကူမြို့၊ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မဟာဝိဇယာရာမဆရာတော်ဘုရားကြီး၊ ပခုက္ကူမြို့၊ အဂ္ဂမဟာပဏ္ဍိတ (နောင်တွင် အဘိဓဇမဟာရဋ္ဌဂုရု) ဘွဲ့တံဆိပ်တော်ရ မဟာဝိသုတာရာမဆရာတော်ဘုရားကြီးနှင့် မဟာစည်ဆရာတော်တို့အား တာဝန်ပေးအပ်ကြသည်။ ထိုတွင် မဟာဝိဇယာရာမဆရာတော်ဘုရားကြီးနှင့် မဟာဝိသုတာရာမဆရာတော်ဘုရားကြီးတို့သည် အဋ္ဌကထာဆိုင်ရာနှင့် ပထမ, ဒုတိယ, တတိယ, ဆဋ္ဌသင်္ဂါယနာဆိုင်ရာ အကြောင်းအချက်တို့ကို မိန့်မြွက်တော်မူကြသည်။ ထိုဆရာတော်ဘုရားကြီးတို့၏ နောက်တွင်မူ မဟာစည်ဆရာတော်ဘုရားက တတိယသင်္ဂါယနာတင်ပြီးနောက် ကိုးတိုင်း ကိုးဌာန သာသနာပြုစေလွှတ်ခန်းမစ၍ အဋ္ဌကထာစိစစ်ရေးကို နေ့စဉ်လျှောက်ထားပြောဟောတော်မူသည်။
ပါဠိတော်သင်္ဂါယနာ အမေး,အဖြေ ပြုလုပ်စဉ်က မဟာစည်ဆရာတော်၏ စွမ်းရည်မှာပေါ်သင့်သလောက် မပေါ်သေးဟု ဆိုရမည်ဖြစ်သည်။ ထိုစဉ်က ဆရာတော်၏တာဝန်မှာ ပါဠိတော်မှ ကောင်းနိုးရာရာသုတ်များကို ရွေးချယ်၍ မေးမြန်းရသည့်တာဝန်သာရှိခဲ့သည်။
အဋ္ဌကထာသင်္ဂါယနာ စိစစ်ခန်းတွင်မူကား တစ်ပါးတည်း အစွမ်းပြရသော အလုပ်ဖြစ်လာလေသည်။ ဤအဋ္ဌကထာစိစစ်ခန်းကျမှ မဟာစည်ဆရာတော်၏ စွယ်စုံစွမ်းရည်များ ထင်ထင်ရှားရှား ပေါ်လာတော့သည်။ အဋ္ဌကထာစိစစ်ခန်းကို ကြားနာရမှပင် စာတတ်ဆရာတော်များလည်း မဟာစည်ဆရာတော်၏ အရည်အချင်းကို အမှန်အတိုင်း တစ်စိတ်တစ်ဒေသအားဖြင့် သိခွင့်ရသွားကြသည်။ အသင့်အတင့်မျှသာ စာတတ်မည့် ကမ္မဋ္ဌာန်းဘုန်းကြီးကလေးဟု အထင်သေးခဲ့ကြသော ဆရာတော်များလည်း ထိုအခါမှစ၍ အထင်သေးနိုင်ကြမည်မဟုတ်တော့ပေ။
အဋ္ဌကထာတို့၌ မဟာစည်ဆရာတော် မည်သို့မည်ပုံ စိစစ်ခဲ့သည်ကိုသိလိုလျှင် ဗုဒ္ဓသာသနာ့အဖွဲ့မှ ရိုက်နှိပ်ထုတ်ဝေသော အဋ္ဌကထာသင်္ဂါယနာစိစစ်ခန်းကို ဖတ်ပါဟုပင် ညွှန်ကြားရပေမည်။ အဋ္ဌကထာတို့ တစ်ကျမ်းနှင့်တစ်ကျမ်း မညီသကဲ့သို့ရှိနေရာတွင် ကျမ်းညှိစိစစ်၍ ဝေဖန်စရာရှိလျှင်လည်း ဝေဖန်ပြသွားသည်။ ဋီကာအဆိုနှင့်ဟပ်၍ အချို့နေရာတွင်လည်း ရှင်းလင်းပြသည်။ အချို့နေရာတွင် ဆိုင်ရာဋီကာကိုပင် သူ့ခေတ်ဖြင့် ဝေဖန်၍ဋီကာအဆိုကို စစ်ဆေးပြသွားသည်။
စာမြည်းသဘောအနေဖြင့် ထုတ်ပြရလျှင် သုဝဏ္ဏဘူမိဆိုင်ရာစိစစ်ချက်၊ သာသနာငါးထောင်နှင့် ယုဂ် ၅ ပါးဆိုင်ရာ ညှိနှိုင်းစိစစ်ချက်၊ ဓမ္မပဒဋီကာစိစစ်ချက်၊ ကထာဝတ္ထုကျမ်းဟောရာ သက္ကရာဇ် စိစစ်ချက်၊ ဇမ္ဗုပတိ ချွတ်ခန်းစိစစ်ခက်၊ မြတ်စွာဘုရား တရားဟောစဉ် ဘာသာစကားစိစစ်ချက်၊ အက္ခရာတစ်လုံး ဘုရားတစ်ဆူ စိစစ်ချက်တို့မှာ ပိဋကတ်တော်မှ ခဲကတ်သောအချက်များကို ဖြေရှင်းထားသော အချက်ဖြစ်၍ အလွန်အဖိုးတန်သော စိစစ်ချက်များဖြစ်သည်။ အချုပ်အားဖြင့်ဆိုရလျှင် မဟာစည်ဆရာတော်၏ စိစစ်ချက်သည် အဋ္ဌကထာတို့ကို ဤသို့ စိစစ်ရသည်ဟု နောက်သားတို့အား နည်းပေးလမ်းညွှန်ပြသနေသော မီးရှူးတိုင်သဖွယ် ဖြစ်ပေတော့သည်။
ဝိသုဒ္ဓိမဂ်နိဒါန်းရေးသားတော်မူခြင်း
၁၃၁၉-ခုနှစ် ကမ္ဘာအေးဗုဒ္ဓသာသနာအဖွဲ့ ပုံနှိပ်တိုက်၌၊ ဝိသုဒ္ဓိမဂ်ကျမ်းရိုက်နှိပ်ရန် မဟာစည်ဆရာတော် တည်းဖြတ်ပြင်ဆင်ချိန်ကဖြစ်၏။ တစ်နေ့သ၌ ကမ္ဘာအေး တိပိဋကပါဠိ-မြန်မာအဘိဓာန်ဌာန ကျမ်းပြု အရှင်သီလာနန္ဒာဘိဝံသသည် အမေရိကန်နိုင်ငံ၊ ဟာဗစ်တက္ကသိုလ်က ရိုက်နှိပ်ထုတ်ဝေသော ရောမအက္ခရာဖြင့် ပုံနှိပ်ထားသည့် ဝိသုဒ္ဓိမဂ်စာအုပ်ကြီးကို ဖတ်ရှုခဲ့သည်။ ဝိသုဒ္ဓိမဂ်ကို တည်းဖြတ်သူမှာ ဟင်နရီကလပ်ခ်ဝါရင့်ဆိုသူဖြစ်၏။ ထိုပုဂ္ဂိုလ်ကြီးမှာ အချောသတ်တည်းဖြတ်မှု မပြီးဆုံးမီ ၁၈၉၉ ခုနှစ် မှာပင် ကွယ်လွန်ခဲ့သည်။ သူ၏မပြီးမပြတ်သေးသော အလုပ်ကို အိန္ဒိယနိုင်ငံသား (မြန်မာပြည်၌လည်း နှစ်အတန်ကြာနေဖူးသော) ပါမောက္ခ ဓမ္မာနန္ဒကောသမ္ဗီဆိုသူက ဆက်လက်လုပ်ကိုင်ရသည်။ ထိုစာအုပ်ကို ၁၉၅၀-ခုနှစ်ကျမှပင် ရိုက်နှိပ်နိုင်သည်။
ထိုစာအုပ်ကို ထပ်မံတည်းဖြတ်သူ ပါမောက္ခ ဓမ္မာနန္ဒကောသမ္ဗီက နိဒါန်းစကားကိုရေးသည်။ ထိုနိဒါန်းတွင် “ဗုဒ္ဓဃောသဘဝအကြောင်း” ဟူသော ခေါင်းစဉ်ဖြင့် အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသအကြောင်းကို မတရားစွပ်စွဲပုတ်ခတ်၍ ရေးသားထားသည်။ ယင်းတို့ကို ဖတ်ရသော အရှင်သီလာနန္ဒာဘိဝံသသည် ဖြေရှင်းချေပလိုသောစိတ်များ ဖြစ်လေသည်။ ဤရေးသားချက်ကို တနည်းနည်းဖြင့် ချေပသင့်သည်ဟုယူဆသည်။
ဤအကြောင်းကို အကျိုးဆောင်ဆရာတော် ဦးဝိသုဒ္ဓါဘိဝံသအား လျှောက်ထားရာ ဆရာတော်က အရှင်သီလာနန္ဒာဘိဝံသအား ထိုနိဒါန်းကို မြန်မာပြန်ရန် အမိန့်ပေးသည်။ အရှင်သီလာနန္ဒာဘိဝံသ မြန်မာပြန်ပြီးနောက် စာကူးစက်ဖြင့်မူပွား၍ ဆဋ္ဌသင်္ဂါယနာ ဝန်ဆောင်သံဃာ့အဖွဲ့ဆရာတော်များထံ တင်ပြ၍ သြဝါဒခံယူသည်။ ၁၃၁၉-ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၄)ရက်တွင် ဝန်ဆောင်သံဃာ့အဖွဲ့အစည်းအဝေးတစ်ခုကျင်းပ၍ ဓမ္မနန္ဒကောသမ္ဗီ၏ စွပ်စွဲချက်များကို ချေပလျက် အရှင်မဟာဗုဒ္ဓဃောသ၏ စစ်မှန်သောအကျိုးအကြောင်း, ဂုဏ်သတ္တိတို့ကို ပေါ်လွင်စေသော နိဒါန်းတစ်ခုကို ရေးသားရန် ဆုံးဖြတ်ကြသည်။
ထိုအစည်းအဝေးကပင် ရေးသားသည့်တာဝန်ကို (၁) အနီးစခန်းဆရာတော် (၂) မဟာစည်ဆရာတော် (၃) တိပိဋကဓရ အရှင်ဝိစိတ္တသာရာဘိဝံသ ဆရာတော်နှင့် (၄) အရှင်သီလာနန္ဒာဘိဝံသတို့အား တာဝန်လွှဲအပ်ရန် တစ်ညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။
နိဒါန်းရေးအဖွဲ့ဝင် (၃)ပါးတို့ကလည်း မဟာစည်ဆရာတော်အား နိဒါန်းမူကြမ်းကို ရေးသားရန် တာဝန်လွှဲအပ်ကြပြန်သည်။ မဟာစည်ဆရာတော်ဘုရားသည် နိဒါန်းရေးရန် တာဝန်ယူပြီးနောက် သက်ဆိုင်ရာ ပါဠိ, အဋ္ဌကထာ, ဋီကာတို့ကိုလည်းကောင်း, သာသနာ့သမိုင်းဆိုင်ရာ ဒီပဝင်, မဟာဝင်, စူဠဝင်, နိကာယသင်္ဂဟ စသောကျမ်းတို့ကိုလည်းကောင်း၊ ဤနိဒါန်းနှင့်သက်ဆိုင်မည့် ရှေးဟောင်းသုတေသနဆိုင်ရာ ရေးသားချက်တို့ကိုလည်းကောင်း များစွာသော အင်္ဂလိပ်ဘာသာရေး ကျမ်းတို့ကိုလည်း အထပ်ထပ်ကြည့်ရှုစိစစ်လေ့လာ၍ အချိန်ယူကာ ရေးသားတော်မူသည်။
ထိုသို့ ရေးသားတော်မူပြီးနောက် စာမူကြမ်းကို မဟာစည်ဆရာတော်က နိဒါန်းပြုစုရေးအဖွဲ့သို့ တင်ပြတော်မူသည်။ မဟာစည်ဆရာတော်အပါအဝင် အဖွဲ့ဝင်တို့ကလည်း ရှုထောင့်အမျိုးမျိုးမှ ကြည့်ရှုသုံးသပ်ဝေဖန်၍ သေချာစွာစစ်ဆေးတည်းဖြတ်ကြသည်။
နိဒါန်းမူကြမ်းမှာ အလွန်ပြည့်စုံနေပြီးဖြစ်ရာ ပြင်ဆင်နှုတ်ပယ်ဖြည့်စွက်ဖွယ်မရှိဖြစ်၍ မဟာစည်ဆရာတော် ရေးသားတော်မူသည့်အတိုင်း အတည်ပြုကြလေသည်။ ထို ဝိသုဒ္ဓိမဂ္ဂနိဒါနကထာ၏ ပဓာနဦးတည်ချက်မှ အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသအပေါ် မဟုတ်မမှန် စွပ်စွဲထားသော ရေးသားချက်များကို ဖြေရှင်းချေပရန်ဖြစ်သည်။ သို့သော် မဟာစည်ဆရာတော်သည် ထိုမျှဖြင့် တင်းတိမ်တော်မမူဘဲ အရှင်မဟာဗုဒ္ဓဃောသ အကြောင်းနှင့်ဆက်စပ်၍ ပြသင့်ပြထိုက်သောအချက်အလက်မှန်သမျှကို ကျမ်းအမျိုးမျိုးမှ ရှာဖွေစုဆောင်း၍ ဂုဏ်မြောက်စွာ ရေးသားတော်မူခဲ့သည်။ ရှေးဦးစွာ ဓမ္မနန္ဒကောသမ္ဗီ၏ စွပ်စွဲချက်ကို ခိုင်လုံသော ယုတ္တိသာဓကတို့ဖြင့် ချေပရေးသားသည်။ ထို့နောက် အရှင်မဟာဗုဒ္ဓဃောသ၏ ထေရုပ္ပတ္တိကိုလည်း သဘာဝယုတ္တိရှိအောင် စိစစ်ရေးသားတော်မူသည်။
အချို့သော ပုဂ္ဂိုလ်တို့က အရှင်မဟာဗုဒ္ဓဃောသရေးဟုဆိုသော အချို့အဋ္ဌကထာကျမ်းများသည် အရှင်မဟာဗုဒ္ဓဃောသ၏ လက်ရာမဟုတ်၊ အခြားမထေရ်တစ်ပါး၏ လက်ရာသာဖြစ်သည်ဟု ဆိုကြသည်။ ထိုအဆိုများကိုလည်း သမာသမတ်ကျသော စိစစ်ချက်တို့ဖြင့် ဝေဖန်ပြဆိုထားပေသည်။
ထို့ကြောင့် အချုပ်အားဖြင့်ဆိုရလျှင် ဝိသုဒ္ဓိမဂ္ဂနိဒါနကထာသည် ဆဋ္ဌသင်္ဂါယနာက လက်ခံအတည်ပြုအပ်သော “အရှင်မဟာဗုဒ္ဓဃောသ အတ္ထုပ္ပတ္တိအသစ်” ဟု ဆိုထိုက်လေသည်။ ဆဋ္ဌသင်္ဂါယနာတင်သည့်အတွက် မြန်မာနိုင်ငံက ရအပ်သော အမြတ်အစွန်းတို့တွင် မဟာစည်ဆရာတော်၏ ဝိသုဒ္ဓိမဂ္ဂနိဒါနကထာသည် အမြတ်အစွန်းတစ်ခုဖြစ်သည်။ ဤနိဒါနကထာဖြင့် မျက်မှောက်ခေတ် မြန်မာနိုင်ငံတွင် အရှင်မဟာဗုဒ္ဓဃောသဆရာတော်တို့ ရေးမူရေးဟန်ကို အမှီလိုက်နိုင် အောင် ရေးစွမ်းနိုင်သော ပုဂ္ဂိုလ်များ ထင်ရှားရှိကြောင်းကိုလည်း ကြေညာပြီးဖြစ်သည်။
မြန်မာနိုင်ငံဆရာတော်များသည် ပိဋကတ်ကျမ်းသက်သက်မှာသာ ကျွမ်းကျင်ကြသည်မဟုတ်သေး၊ အခြား သမိုင်းဆိုင်ရာ, အယူဝါဒ စသည့်ဆိုင်ရာကျမ်းတို့၌လည်း ကျွမ်းကျင်သော ဆရာတော်များဖြစ်ကြောင်း မည်သည့်အယူအဆကိုမဆို သမာသမတ်စိတ်ထားဖြင့် မျှမျှတတ သဘာဝ ကျအောင် ဝေဖန်စိစစ်နိုင်စွမ်းသော ဆရာတော်များဖြစ်ကြောင်းကိုလည်း ပြသပြီးဖြစ်လေသည်။ ဤစကားကို အပြောကြီးသည်ဟုထင်လျှင် ဝိသုဒ္ဓိမဂ္ဂနိဒါနကထာကို မင်းတုန်းမင်းလက်ထက်ရေး သာသနဝိသပ္ပဒီပိကာနှင့် နှိုင်းယှဉ်၍ ကြည့်ပါဟု တိုက်တွန်းလိုပေသည်။
ရေးသားသူ - ဖြည့်စွက်ရန်
ဖတ်ရှုချိန် - ဖြည့်စွက်ရန်
ဖြည့်စွက်ရန်
ဤအကြောင်းအရာများကို ပခုက္ကူဆရာတော် အရှင်ကေလာသ ပြုစုသော မဟာစည်ဆရာတော်ဘုရားကြီး၏ ထေရဝုတ္တန္တဝိလာသိနီကျမ်းနှင့် ၁၃၁၅-ခု ဝါခေါင်လ သံဂါယနာစာစောင်များမှ ကူးယူဖော်ပြပါသည်။ မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၁၄-ခုနှစ် ဝါခေါင်လပြည့်နေ့က ပထမသင်္ဂါယနာအကြောင်းကို မြန်မာ့အသံမှ မိန့်ကြားတော်မူခဲ့လေသည်။ တဖန် ၁၃၁၅-ခုနှစ် ဝါခေါင်လပြည့်နေ့တွင် အောက်ပါ အတိုင်း သင်္ဂါယနာအခါတော်မိန့်ခွန်းကို မိန့်ကြားတော်မူခဲ့လေသည်၊ ဆရာတော်ကြီး ကား မရှိတော့ပြီ၊ စုတိကမ္မဇရုပ် ချုပ်ခဲ့လေပြီ၊ ဆရာတော်ဘုရားကြီး၏ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်မိန့်ခွန်းတော်ကို, ဝါ-ရှေးဆီကကြည်ညိုဖွယ် ကျေးဇူးရှင်မဟာစည် ဆရာတော်ဘုရားကြီး၏ သင်္ဂါယနာအခါတော်နေ့တွင် မိန့်ကြားအပ်သော ဒုတိယပိုင်း မိန့်ခွန်းတော်ကို အောက်ပါအတိုင်း ဖတ်ရှုကြည်ညိုရာ၏။ ဆက်လက်ဖတ်ရှုရန် ...
ပဋိဝိသောဓက ဆရာတော်များ ပြင်ဆင်ပြီးမူကိုမှ နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ ပုံနှိပ်တိုက်၌ ရိုက်နှိပ်ပြီး ပုံနှိပ်မူကြမ်း (ပရု)အဖြစ်သို့ ရောက်စေသည်။ ထိုမူကြမ်းကို အထပ်ထပ်စစ်ဆေး၍ နောက်ဆုံးမူကြမ်းကို ဆရာတော် (၅)ပါး၊ ပါဝင်သောအဖွဲ့သို့ ပို့ရသည်။ ထိုအဖွဲ့က ပြင်ဆင်စရာရှိသည်တို့ကို ပြင်ဆင်၍ အတည်ပြုပြီးနောက် စာမူချောအဖြစ်သို့ ရောက်အောင် ရိုက်နှိပ်စေရသည်။
ဒုတိယသင်္ဂါယနာ
ပထမသင်္ဂါယနာတင်ပြီးတဲ့နောက် အနှစ်တရာခန့်ကြာတဲ့အခါမှာ ဝေသာလီ ပြည်က ဝဇ္ဇီတိုင်းသားရဟန်းတွေဟာ မပြုအပ်တဲ့အမှုဆယ်မျိုးကို ပြုကောင်းတယ်လို့ ယူဆပြောဟောပြီး ဖောက်ပြန်စွာကျင့်နေကြသတဲ့၊ အဲဒီဆယ်မျိုးက ဘာတွေလဲ ဆိုရင်-
ဒီဆယ်ချက်ပါပဲ၊ ဟိုခေတ်တုန်းကတော့ ဒါလောက်ဆိုရင် အပြစ်ကြီးလှပြီလို့ ယူဆပြီးတော့ အရှင်မဟာယသမထေရ်က သင်္ဂါယနာတင်ရန် နှိုးဆော်တိုက်တွန်း ခဲ့တယ်၊ ဒါကြောင့် သဗ္ဗာကာမိ မထေရ်အမှူးရှိတဲ့ ဓမ္မဝါဒီမထေရ် ၇၀ဝ-တို့ကအဲဒီ ချွတ်ယွင်းချက်ဆယ်ခုကို ရှင်းလင်းသုတ်သင်ပြီးတော့ ဝေသာလီပြည် ဝါလုကာရုံ ကျောင်းတိုက်မှာ ဒုတိယအကြိမ်မြောက် သင်္ဂါယနာတင်တော်မူကြတယ်၊ ခုနစ်လကြာမှ ပြီးစီးသွားတယ်။ အဲသည်တုန်းက သင်္ဂါယနာတင်တဲ့ အရှင်မဟာယသတို့ ဓမ္မဝါဒီပုဂ္ဂိုလ်တွေက တဘက်, ဝဇ္ဇီတိုင်းသား အဓမ္မဝါဒီရဟန်းတွေကတဘက် ဒီလို နှစ်ဘက်ကွဲနေတယ်၊ ဝေသာလီပြည်ကို အုပ်စိုးနေတဲ့ ကာလာသောကမင်းကလည်း အစပထမမှာတော့ ဝဇ္ဇီတိုင်းသား အဓမ္မဝါဒီရဟန်းတွေဘက်က ဖြစ်နေတယ်၊ ဒါကြောင့် အဓမ္မဝါဒီရဟန်း တွေရဲ့စကားကို နားယောင်ပြီးတော့ သူက အရှင်မဟာယသတို့ကိုတောင် တားမြစ်ဖို့ အမိန့်ပေးလိုက်မိသေးတယ်၊ နောက်ကျတော့မှ သူ့နှမဖြစ်တဲ့ နန္ဒာထေရီရဟန္တာမက ပြောပြလို့ အရှင်မဟာယသတို့ကို ဓမ္မဝါဒီမှန်း သိသွားတယ်၊ ဒီတော့မှ ဝဇ္ဇီတိုင်းသား တွေကို စွန့်ပြီး အရှင်မဟာယသတို့ကို အားပေးချီးမြှောက်တယ်။
ဒါကြောင့် ဝဇ္ဇီတိုင်းသား အဓမ္မဝါဒီရဟန်းတွေဟာ အားကိုးစရာမရှိတာနဲ့ လျှော့ပေးလိုက်ကြတယ်၊ ဒါပေမယ့် သူတို့က လုံးလုံးလျှော့တာတော့ မဟုတ်သေးဘူး၊ တခြားတနေရာမှာသွားပြီးတော့ သဘောတူပုဂ္ဂိုလ်ချင်း စုပေါင်းပြီး စင်ပြိုင် သင်္ဂါယနာ တင်လိုက်ကြသေးသတဲ့၊ သူတို့သင်္ဂါယနာမှာ သံဃာဦးရေက ပိုပြီးတော့တောင် များသေးတယ်၊ သံဃာတစ်ထောင်တောင် ရှိဆိုပဲ၊ ဒါကြောင့် အဲဒီစင်ပြိုင်သင်္ဂါယနာ အဖွဲ့ကို မဟာသင်္ဂီတိဂိုဏ်းလို့ သူတို့ဟာသူတို့ အမည်ပေးထားကြတယ်၊ အရှင်မဟာ ယသတို့ကတော့ ထေရဝါဒဂိုဏ်းလို့ပဲ ခေါ်ပါတယ်၊ အရှင်မဟာယသ အစရှိသော မထေရ်ကြီးများ၏အဆုံးအမအတိုင်း ကျင့်တဲ့ဂိုဏ်းလို့ ဆိုလိုတယ်။
တတိယသင်္ဂါယနာ
ဒုတိယသင်္ဂါယနာတင်ပြီးတဲ့နောက် သာသနာတော်နှစ် (၂၂၀-ကျော် ၂၃၀) အတွင်းမှာ သာသနာ့အရှုပ်အထွေးတွေ ပေါ်လာခဲ့ပြန်တယ်၊ ဘယ်လိုလဲဆိုတော့ကာ ဇမ္ဗူဒိပ်တကျွန်းလုံးကို အစိုးရတယ်ဆိုတဲ့ သီရိဓမ္မာသောကမင်းကြီးဟာ တိတ္ထိပရဗိုဇ်တွေ ကို ကိုးကွယ်နေရာက ဗုဒ္ဓသာသနာကို သက်ဝင်ကြည်ညိုပြီး ကိုးကွယ်ဆည်းကပ်လာ တယ်၊ အဲဒီအခါမှာ တတ္ထိပရဗိုဇ်တွေကို အလေးမပြုတော့ပဲ သာသနာတော်ကိုသာ အကြီးအကျယ် ချီးမြှောက်အားပေးနေတယ်၊ ဒီတော့ တိတ္ထိပရဗိုဇ်တွေမှာ လာဘ်လာဘ ချို့တဲ့တာနဲ့ သာသနာတော်တွင်းသို့ အများအပြားပဲ ဝင်လာကြတယ်၊ တချို့ကလည်း ကိုယ့်ဟာကို သင်္ကန်းဝတ်ပြီးတော့ ရဟန်းသံဃာများထံမှာ ဝင်ရောက်နေထိုင်ကြတယ်၊ ဒီလိုဝင်ရောက်လာကြတဲ့ ရဟန်းတုရဟန်းယောင်တွေဟာ အကျင့်ကတော့ တတ္ထိတွေရဲ့ ကျင့်ဝတ်ကိုသာ ကျင့်တယ်၊ တချို့က နေကို မော့ကြည့်နေကြတယ်၊ တချို့က လ-ကို ကြည့်နေကြတယ်၊ မီးပူဇော်နေကြတယ်စသည်ဖြင့် တိတ္ထိတို့၏ကျင့်ဝတ်အမျိုးမျိုးကို ထင်သလိုကျင့်နေကြတယ်၊ တိတ္ထိတို့၏အယူဝါဒတရားတွေကိုလဲ ဟောပြောနေကြတယ်၊ ပြီးတော့ ရဟန်းကောင်းရဟန်းမြတ်တွေ ဥပုသ်ပဝါရဏာ သံဃာ့ကံပြုရာများမှာလည်း သူတို့က အတင်းဝင်လာကြတယ်၊ ဒါကြောင့် ပရိသတ်မစင်ကြယ်တာနဲ့ ပါဋလိပုတ် ပြည်က အသောကာရုံကျောင်းတော်မှာ ဥပုသ်ပဝါရဏာမပြုနိုင်ပဲ ပြတ်စဲနေတာ ၇-နှစ် တောင် ကြာသွားသတဲ့၊ ဒီလို ရဟန်းတုရဟန်းယောင်တွေနဲ့ ဖောက်ပြန်တဲ့အကျင့် အမျိုးမျိုးတွေ ပေါ်ပေါက်ပြီးတော့ သာသနာတော်မှာ အကြီးအကျယ် ရှုပ်ထွေးနေခဲ့ တယ်၊ ဒါကြောင့် အဲဒီအရှုပ်အထွေးတွေကို ရှင်းလင်းသုတ်သင်ပြီးတော့ သင်္ဂါယနာ တင်ရန်အတွက် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်က သံဃာတော် ၆-သိန်းထဲက သံဃာတစ်ထောင်ကို ရွေးချယ်တော်မူလိုက်တယ်၊ ဒီလိုရွေးချယ်ပြီးတော့ ပါဋလိပုတ် ပြည် အသောကာရုံကျောင်းတော်မှာ သာသနာတော် ၂၃၅-ခုနှစ် နယုန်လကစပြီး တတိအကြိမ် သင်္ဂါယနာတင်တော်မူကြရာ ၉-လကြာမှ ပြီးစီးသွားတယ်။
အဲဒီ သင်္ဂါယနာတင်ပြီးတဲ့အခါမှာ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်က ၉-တိုင်း ၉-ဌာနသို့ သာသနာပြုရန်စေလွှတ်တော်မူတယ်၊ အဲဒီ ၉-ဌာနထဲမှာ မြန်မာ ပြည်လည်းပါတယ်၊ သီဟိုဠ်ကျွန်းလည်းပါတယ်၊ မြန်မာပြည်ကို အရှင်သောဏနဲ့ အရှင် ဥတ္တရမထေရ်တို့ကြီးမှူးတဲ့ သာသနာပြုအဖကြွွဲ့ကလာတယ်၊ ဟိုတုန်းက သုဝဏ္ဏဘူမိလို့ ခေါ်တဲ့ သထုံပြည်ကစပြီး သာသနာပြုတော်မူကြတယ်၊ အဲဒီကတည်းကစပြီး မြန်မာပြည်အောက်ပိုင်းမှာ သာသနာတော်ဟာ အဆက် မပြတ် တည်ထွန်းလာခဲ့တယ်။ မြန်မာပြည်အထက်ပိုင်းမှာလဲ ပုဂံပြည် အနော်ရထာမင်း လက်ထက်သာသနာတော်နှစ် ၁၆၀၁-ခု၊ မြန်မာသက္ကရာဇ် ၄၁၉-ခုနှစ်ကစပြီး တည် ထွန်းလာခဲ့တယ်၊ အဲဒီတုန်းက အရှင်အရဟံအစရှိတဲ့မထေရ်များကို သထုံမှပင့်ဆောင် ပြီးတော့ အနော်ရထာမင်းက သာသနာပြုခဲ့တယ်၊ ဒါကြောင့် ယခုထက်ထိ မြန်မာပြည် တဝန်းလုံးမှာ ထင်ရှားတည်ရှိနေတဲ့ ဗုဒ္ဓသာသနာတော်ဟာ တတိယသင်္ဂါယနာမှ ဆင်းသက်လာခဲ့တဲ့ ထေရဝါဒဂိုဏ်းအဆက်အနွယ် ဖြစ်တယ်။
စတုတ္ထသင်္ဂါယနာ
သီဟိုဠ်ကျွန်းကိုတော့ ဒေဝါနံပိယတိဿမင်းလက်ထက် သာသနာတော် ၂၃၆္ထခုနှစ်မှာ အရှင်မဟိန္ဒမထေရ်အမှူးရှိတဲ့ သာသနာပြုအဖွဲ့က ကြွရောက်ပြီး သာသနာပြု တော်မူခဲ့တယ်၊ ဒါကြောင့် သီဟိုဠ်မှာလဲ အဲဒီကတည်းကစပြီးတော့ ဗုဒ္ဓသာသနာတော် တည်ထွန်းလာခဲ့တယ်၊ သာသနာနှစ် ၄၃၀-ကျော် ဝဋ္ဋဂါမဏိမင်းလက်ထက်မှာ သီဟိုဠ် တကျွန်းလုံး ဘေးရန်အကြီးအကျယ် တွေ့ခဲ့ရတယ်၊ တွေ့ပုံကတော့ ဝဋ္ဋဂါမဏိမင်း နန်းတက်လို့ ငါးလခန့်အကြာမှာ ဗြာဟ္မဏတိဿဆိုတဲ့ ဒမြကြီးက ပုန်ကန်ထကြွတယ်၊ ယခင် ကျေးကုလားမင်းများ၏ အဆက်အနွယ်ဖြစ်တဲ့ ကျေးကုလားခုနစ်ဦးကလည်း အနုရာဓမြို့ကို လာပြီးတိုက်ကြတယ်၊ (ကျေးကုလားဆိုတာ ယခု ‘တမယ်’လို့ ခေါ်တဲ့ လူမျိုးပါပဲ)
အဲဒီလိုတိုက်ခိုက်ကြတဲ့ ရန်သူတွေရဲ့ဒဏ်ကို မခံနိုင်လို့ နောက်ဆုံးကျတော့ ဝဋ္ဋဂါမဏိမင်းဟာ အနုရာဓမြို့မှာ အလွတ်ထွက်ပြေးရတယ်၊ တိမ်းရှောင်ပြီး မထင်ရှား တဲ့အသွင်နဲ့ ၁၄-နှစ်တိုင်တိုင် ပုန်းလျှိုးနေရတယ်၊ အနုရာဓမြို့မှာတော့ အဲဒီတုန်းက ကျေးကုလားတွေက အုပ်စုပြီး မင်းမူနေကြတယ်၊ တိုင်းပြည်ကလည်း မသာမယာ၊ မိုးကလဲခေါင်တာနဲ့ အဲဒီတုန်းက သီဟိုဠ်တကျွန်းလုံးမှာ ငတ်မွတ်ခေါင်းပါးတဲ့ ဘေးဆိုး ကြီး ဆိုက်ရောက်နေတယ်၊ ဒါကြောင့် သံဃာတော်များမှာ ဆွမ်းအတွက် အလွန်ပင် ကျပ်တည်းတော်မူရှာကြတယ်၊
အများအားဖြင့် သံဃာတော်တွေဟာ အိန္ဒိယဘက်ကူးပြီး သီတင်းသုံးတော်မူကြ ရတယ်။ သီဟိုဠ်ကျွန်းတွင်ပဲကျန်နေကြတဲ့မထေရ်များမှာလဲ ရသမျှသစ်သီးသစ်ရွက်ပြုတ် ကလေးများနဲ့ပဲ မျှတပြီးနေတော်မူကြရတယ်၊ ဒီလို အာဟာရက မပြည့်စုံပေမယ့် ပိဋကတ်တွေကိုတော့ မမေ့ရအောင်ပဲ နှလုံးသွင်း ပြန်ဆိုနေတော်မူကြသတဲ့၊ ဝမ်းထဲက ပူလောင်နေပေမယ့် ရေကိုထောက်ပြီးတော့ သဲပေါ်မှာဝမ်းလျားမှောက်လျက် သရဇ္ဈာယ် ပြန်ဆိုတော်မူကြရှာသတဲ့၊ ဒီလိုမမေ့မပျောက်ရအောင် ခက်ခက်ခဲခဲဆောင်ခဲ့ရတာလဲ ပေထက်အက္ခရာတင်ရခြင်းရဲ့ အကြောင်းတပါးပါပဲ။
နောက် ဝဋ္ဋဂါမဏိမင်းနန်းပြန်တက်လို့ ဘေးငြိမ်းတဲ့အခါမှာ အိန္ဒိယဘက် ကူးသွားတဲ့မထေရ်များလဲ သီဟိုဠ်ကိုပြန်လာကြတယ်၊ အဲဒီမထေရ်များနဲ့ သီဟိုဠ်တွင် နေရစ်တဲ့မထေရ်များဟာ ပိဋကတ်တော်များကို အချင်းချင်း တိုက်ဆိုင်နှီးနှောကြည့်ကြ တယ်၊ ဒီလိုတိုက်ဆိုင်ကြည့်ကြတဲ့အခါမှာ တပုဒ်တဝါကျမျှ တိမ်းယိမ်းမှားယွင်းနေတာ ကို မတွေ့ကြရဘူးတဲ့။
ဒါပေမယ့် ခေတ်ပျက်ကာလပျက် ဘေးအန္တရာယ်တွေအကြားထဲမှာ ခဲခဲယဉ်း ယဉ်း အာဂုံဆောင်လာခဲ့ရတာတွေနဲ့ နောင်ကာလများမှာ အာဂုံဆောင်ခက်ခဲမည့် အရေးတွေကို ဆင်ခြင်တော်မူကြပြီးတော့ ပိဋကတ်တော်များကို ပေထက်အက္ခရာ တင်ရန် စဉ်းစားဆုံးဖြတ်တော်မူကြတယ်၊ ဒီလို ဆုံးဖြတ်ပြီးတော့ မဟာဓမ္မရက္ခိတ မထေရ်အမှူးရှိသော မထေရ်ငါးရာတို့ မလယဇနပုဒ်, ယခု အာလုဝိဟာရခေါ်တဲ့ အာလောကလိုဏ်မှာ ပေထက်အက္ခရာ တင်တော်မူကြတယ်၊ တနှစ်ကြာမှ ပြီးတယ်၊ ဒီ ပေထက်အက္ခရာတင်တာကိုပဲ စတုတ္ထဝိယသင်္ဂဟံ- စတုတ္ထသင်္ဂါယနာတင်တာနဲ့ တူပါတယ်လို့ဆိုတဲ့ သာသနဝံသဒီပကျမ်းနှင့်အညီ စတုတ္ထသင်္ဂါယနာတင်တယ်လို့ အသိအမှတ်ပြုနေကြ ရတယ်။
ဒီနေရာမှာ အထူးသတိပြုစရာကတော့ ဝဋ္ဋဂါမဏိမင်းလက်ထက်မှာ စတုတ္ထ သင်္ဂါယနာတင်တယ်လို့ဆိုတာနဲ့ ဝဋ္ဋဂါမဏိမင်းကိုပဲ သင်္ဂါယနာရဲ့ဒါယကာလို့ ထင်မှတ် ပြောဆိုနေကြတယ်၊ အဲဒါကတော့ မဟုတ်ပါဘူး၊ အကြောင်းကတော့ အဲဒီ စတုတ္ထ သင်္ဂါယနာတင်ရာမှာ ဝဋ္ဋဂါမဏိမင်းက ဘာအကူအညီမှ ပေးတယ်လို့မထင်ရှားဘူး၊ အဲဒီဝဋ္ဋဂါမဏိမင်းဟာ အဘယဂိရိကျောင်းတိုက်ကို စတင်ပြီး တည်ထောင်ကိုးကွယ်တဲ့ ဒါယကာဖြစ်တယ်၊ ဒါကြောင့် သူက အဘယဂိရိဂိုဏ်းကို အားပေးတဲ့အကြောင်းသာ ထင်ရှားတယ်၊ ပေထက်အက္ခရာတင်တဲ့မထေရ်များမှာ အဘယဂိရိဂိုဏ်းကို အလေး မပြုတဲ့ မဟာဝိဟာရဝါသီဂိုဏ်းဝင်များ ဖြစ်နေပါတယ်၊ ဒိပြင် ထောက်ထားစရာ တချက်ကတော့ ဝဋ္ဋဂါမဏိမင်းက ဒါယကာခံပြီး သင်္ဂါယနာတင်တယ်ဆိုရင် သူ့ မြို့တော် အနုရာဓမှာပဲ တင်စရာအကြောင်းရှိတယ်၊ သို့ဖြစ်ပါလျက် တကယ်သင်္ဂါယနာ တင်ရာဌာနက အနုရာဓမြို့တော်နဲ့ မိုင်ပေါင်း ၆၀-ကျော်ဝေးတဲ့ မလယဇနပုဒ် အာလောကလိုဏ်မှာ ဖြစ်နေတာကိုတွေ့ရတယ်၊
မကြာမီက ဆရာတော်များကိုယ်တိုင်လဲ အဲဒီလိုဏ်ကိုရောက်သွားလို့ သင်္ဂါယနာ တင်မထေရ်များကို အာရုံပြုပြီး ကန်တော့ခဲ့ရသေးတယ်၊ ခုပြောခဲ့တဲ့ အကြောင်းများ ကြောင့် ပေထက်တင်တဲ့ သင်္ဂါယနာတင်မထေရ်များမှာ သာသနာပြုမင်း ဒါယကာ အကူအညီမရှိပဲနဲ့ သင်္ဂါယနာကိစ္စကို အောင်မြင်စွာ ဆောင်ရွက်သွားတော်မူကြတယ်လို့ မှတ်ကြရမယ်။
ဒါကြောင့် အဲဒီ ပေထက်တင်တဲ့ စတုတ္ထသင်္ဂါယနာနဲ့ နှိုင်းယှဉ်ထောက်ဆ ကြည့်ရင် ယခု ရှေ့နှစ်များမှာတင်မယ့် ဆဋ္ဌသင်္ဂါယနာအတွက်တော့ အများကြီးပဲ အားတက်စရာကောင်းတယ်၊ ဘယ်လိုလဲဆိုရင် စတုတ္ထသင်္ဂါယနာတင်တုန်းက သီဟိုဠ် ဘုရင် ဝဋ္ဋဂါမဏိမင်းထံမှ အထောက်အပံ့ဆိုရင် ဘာမျှမရခဲ့ဘူး၊ ဒါတောင်မှ သင်္ဂါယနာ ကိစ္စဟာ အောင်မြင်ထမြောက်တဲ့ပြင် ယခုထက်တိုင် အဲဒီသင်္ဂါယနာမှ ဆင်းသက် လာတဲ့ ပိဋကစာမူတွေကြောင့် အကျိုးများနေတာကို တွေ့ကြရတယ်မဟုတ်လား၊ ဒီတော့ ယခု ဆဋ္ဌသင်္ဂါယနာတင်လိုက်ရင် ပိုပြီးအကျိုးများသွားမယ်ဆိုတာ ဘာမှယုံမှား စရာမရှိတော့ဘူး၊ ဘာကြောင့်လဲဆိုရင် အခုတင်မယ့် ဆဋ္ဌသင်္ဂါယနာမှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရက သိန်းတစ်ရာမက အကုန်ခံပြီးတော့ သင်္ဂါယနာတင်ရာတွင် ဒါယကာအဖြစ်နဲ့ အရာရာမှာ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိနေပါတယ်၊ ဒါတွင် မကသေးဘူး၊ သီဟိုဠ်, ယိုးဒယား, ကမ္ဗောဒီယား, လာအို-ဆိုတဲ့ ထေရဝါဒ နိုင်ငံခြားများကလည်း အစိုးရများကရော ပြည်သူပြည်သားများကပါ စိတ်အားထက်သန် စွာနဲ့ အားပေးကြပါတယ်၊ ဒီလိုအားပေးတဲ့ ဒါယကာတွေ ပြည့်စုံတဲ့အတွက် ဆဋ္ဌသင်္ဂါယနာဟာ ခမ်းခမ်းနားနားကြီး အောင်မြင်ထမြောက်သွားတဲ့ပြင် အနာဂတ် သာသနာအတွက်လည်း အတိုင်းမသိ ကျေးဇူးများသွားမယ်လို့ဆိုတာ ခန့်မှန်းနိုင်ပါ တယ်၊ ဒါလဲ တချက်ပဲ။
ပြီးတော့ အဲဒီ ပေထက်အက္ခရာတင်နေတုန်းက သင်္ဂါယနာတင်နေတယ် ဆိုတာ ကို သီဟိုဠ်ကျွန်းတွင်တောင်မှ အလှမ်းဝေးတဲ့မြို့ရွာများက သိချင်မှသိကြမယ်၊ ယခု တင်မယ့် ဆဋ္ဌသင်္ဂါယနာကိုတော့ မြန်မာပြည်တပြည်လုံးမှာ ယခုကတည်းက အနှံ့ အပြားသိနေကြတဲ့ပြင် သီဟိုဠ်, ယိုးဒယား, ကမ္ဗောဒီးယား, လာအို-ဆိုတဲ့ ထေရဝါဒ နိုင်ငံအားလုံးကလည်း သိပြီးဖြစ်နေပါတယ်၊ ပြီးတော့ ဥရောပတိုက်, အမေရိကတိုက် များနှင့်တကွ တကမ္ဘာလုံးကတောင် သိတန်သလောက်သိပြီး ဖြစ်နေပါတယ်၊ ဒါလဲ အားတက်စရာတချက်ပါပဲ။
ပြီးတော့ စတုတ္ထသင်္ဂါယနာတင်တုန်းက သွားရေးလာရေးစသည် ယခုလို မလွယ်ကူတဲ့အတွက် သီဟိုဠ်ကျွန်းကသံဃာများတောင်မှ နယ်တိုင်းနယ်တိုင်းမှ စုံစုံ လင်လင် ပါဝင်နိုင်ကြမယ် မထင်ပါဘူး၊ ယခု ဆဋ္ဌသင်္ဂါယနာမှာတော့ ပထမကစပြီး သြဝါဒါစရိယသံဃနာယကအဖွဲ့ကြီး ဖွဲ့လိုက်ကတည်းက မြန်မာပြည်မှာ ထင်ရှား ကျော်စောတဲ့ ပိဋကတ်ကျမ်းဂန်တတ် သီလဝန္တ လဇ္ဇီပေသလ သိက္ခာကာမ ပုဂ္ဂိုလ်တွေ နယ်တိုင်းနယ်တိုင်းမှ အစုံအလင် ပါဝင်နေတာကို တွေ့ရပါတယ်၊
အဲဒီနောက် ပါဠိဝိသောဓကအဖွဲ့တွေ ထပ်မံပြီး ဖွဲ့လိုက်တဲ့အခါမှာလည်း ထင်ထင်ရှားရှား ကျမ်းဂန်တတ်ပုဂ္ဂိုလ်တွေဆိုရင် ကုန်သလောက်နီးပါး စုံလင်နေတာကို တွေ့ရပြန်တယ်၊ နောက်ဆုံး သင်္ဂါယနာတင်ပွဲကြီး ကျင်းပတဲ့အခါကျတော့ ပါဝင်သင့်တဲ့ မထေရ်ကြီးတွေမှန်သမျှ မကျန်ရအောင် ပင့်ဆောင်ဖို့ရန်လည်း စီမံဆုံးဖြတ်ထားပါတယ်၊ ဒါတွင် မကသေးဘူး၊ ပထမ, ဒုတိယ, တတိယ, စတုတ္ထ သင်္ဂါယနာတွေမှာ ဆိုင်ရာ သူ့ တိုင်းပြည်တွင်းက သံဃာများလောက်သာ ပါဝင်ဆောင်ရွက်သွားကြတယ်၊
သက္ကရာဇ် ၁၂၂၂-ခုမှစပြီး ၁၂၃၃-ခုနှစ်အတွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကျောက်ထက်အက္ခရာတင် ပဉ္စမသင်္ဂါယနာမှာလည်း အထက်မြန်မာပြည်က သံဃာ လောက်သာ ပါဝင်နိုင်ခဲ့တယ်၊ အောက်မြန်မာပြည်ကတောင် မပါဝင်နိုင်ခဲ့ဘူး၊ ယခု ဆဋ္ဌသင်္ဂါယနာမှာတော့ ပြည်ထောင်စုမြန်မာတနိုင်ငံလုံးက ပါဝင်တဲ့အပြင် သီဟိုဠ်, ယိုးဒယား, ကမ္ဗောဒီးယား, လာအိုဆိုတဲ့ ထေရဝါဒနိုင်ငံအားလုံးကလည်း သံဃာတော် တွေ ပါဝင်လျက် ရှိနေပါတယ်၊ ဒါလည်း အားတတ်စရာတချက်ပဲ။
ပြီးတော့ စတုတ္ထသင်္ဂါယနာ ပေထက်အက္ခရာတင်တုန်းက မူတူပေစာဟာ အနည်းငယ်လောက်သာ ရနိုင်မယ်၊ နောက်မှ အဆင့်ဆင့်ကူးပြီး ယူကြရတာပဲ ဖြစ်မယ်၊ ဒီလို အဆင့်ဆင့်ကူးယူရတယ်ဆိုတော့ ပထမမူရင်းနဲ့ တသွေမတိမ်း ကိုက်ညီဖို့ဟာ သိပ်မလွယ်ဘူး။
ဒါတောင်မှ အဲဒီလို အဆင့်ဆင့်ကူးယူရတဲ့မူတွေက နိုင်ငံအနှံ့အပြားကို ပြန့်ပွား သွားတဲ့အထိ ဗုဒ္ဓသာသနာတော်ကြီး ယခုထက်တိုင်ခိုင်မြဲတည်တံ့ပြီး ကျေးဇူးများနေတာ ကို ထင်ရှားတွေ့နေကြတယ် မဟုတ်လား၊ ယခု ဆဋ္ဌသင်္ဂါယနာမှာဆိုရင် သင်္ဂါယနာတင် ပိဋကမူမှန်တွေကို စက်တင်ပုံနှိပ်ပြီးတော့ စာအုပ်တွေ ဖြန့်ချိဖို့စီစဉ်ထားတယ်၊ ဒါကြောင့် မူမှန်ဖြစ်တဲ့ ပိဋကစာအုပ်တွေကို တသောင်းပဲဖြစ်ဖြစ်, တသိန်းပဲဖြစ်ဖြစ် လိုသလောက်ရနိုင်တယ်၊ အဲဒီမူတူ ပိဋကတွေဟာ တကမ္ဘာလုံး နိုင်ငံအနှံ့အပြားကို ပျံ့နှံ့သွားမယ်၊ ဒီလို ပျံ့နှံ့နေတဲ့အတွက် ကမ္ဘာ့စစ်ဘေးအစရှိတဲ့ ဘေးရန်အန္တရာယ် တွေနဲ့ ဘယ်လိုပဲတွေ့တွေ့ ဒီပိဋကစာအုပ်တွေဟာ အကုန်လုံးတော့ ဘယ်နည်းနဲ့မှ ပျောက်ကွယ်မသွားနိုင်တော့ဘူး၊ ဒါကြောင့် ဒီဆဋ္ဌသင်္ဂါယနာဟာ အနာဂတ် သာသနာ အတွက် အတိုင်းမသိ ကျေးဇူးများသွားနိုင်ပါတယ်၊ သာသနာတော်နှစ် ၅၀ဝ၀-အထိ ဒီပိဋကမူမှန်တွေဟာ တည်တံ့လည်းသွားနိုင်တယ်၊ ဒါလည်း အားတက်စရာတချက်ပဲ။
တချို့က သင်္ဂါယနာဆိုတာ သံဃာအားလုံးနဲ့တိုင်ပင်ရမယ်၊ သံဃာအားလုံး ပါဝင် ရမယ်၊ သံဃာအားလုံးက အညီအညွတ် သဘောတူရမယ်လို့ ဒီလို ထင်မှတ် ပြောဆိုနေကြတယ်၊ ဒါကတော့ ရှေးရှေးသင်္ဂါယနာတွေကို သေသေချာချာ စဉ်းစား မကြည့်လို့ပါပဲ၊ ပထမသင်္ဂါယနာမှာလည်း သံဃာ ၇-သိန်းရှိတဲ့အနက်က ၅၀ဝ-မျှသာ ပါဝင်ရပါတယ်၊ တတိယသင်္ဂါယနာမှာလည်း သံဃာ ၆-သိန်းရှိတဲ့အနက်က ၁၀ဝ၀-သာ ပါဝင်ရပါတယ်၊ ဒုတိယသင်္ဂါယနာတင်တုန်းကတော့ မဟာသံဃိကဂိုဏ်းသားတွေက သီးခြားခွဲပြီး စင်ပြိုင်တောင် သင်္ဂါယနာတင်လိုက်ကြသေးတယ်၊ စတုတ္ထသင်္ဂါယနာ မှာလည်း သံဃာ၅၀ဝ-မျှသာ ပါဝင်ရတယ်၊ ဒိပြင်ကျန်နေတဲ့ သံဃာတွေလည်း အဲဒီတုန်းက ရှိဦးမှာပါပဲ၊ မင်းတုန်းမင်းတရားကြီး လက်ထက်က အထက်မြန်မာပြည်မှာ သံဃာတော် ရှစ်သောင်းခန့်ရှိတယ်လို့ ပြောကြတယ်၊ အဲဒီတုန်းက ပဉ္စမသင်္ဂါယနာ တင်ရာမှာတော့ သံဃာ ၂၄၀ဝ-သာ ပါဝင်ရပါတယ်။
ဒါတွေကို သေသေချာချာ စဉ်စားကြည့်ရင် သင်္ဂါယနာတင်တယ်ဆိုတာဟာ သံဃာတွေရှိသမျှ အကုန်လုံးကို တိုင်ပင်ဖို့, အကုန်လုံးပါဝင်ဖို့ အကုန်လုံးညီညွတ်ဖို့က လိုရင်းမဟုတ်ဘူး၊ သီလဝန္တလဇ္ဇီ ပေသလ သိက္ခာကာမ ဖြစ်တဲ့ ပိဋကတ်ကျမ်းဂန်ထက် ထင်ထင်ရှားရှား ပုဂ္ဂိုလ်တွေ အများအပြား ပါဝင်ဆောင်ရွက်သွားဖို့ကသာ လိုရင်းဖြစ် တယ်လို့ ထင်ရှားနေပါတယ်၊ တကယ်ဆိုတော့ ယခုတင်မယ့် ဆဋ္ဌသင်္ဂါယနာမှာ ထေရဝါဒနိုင်ငံအားလုံးက ပါဝင်သင့်တဲ့ သံဃာတော်တွေ အများဆုံးပါဝင်နိုင်အောင် စီစဉ်ထားတယ်။
ဒါကြောင့် ယခုတင်မယ့် ဆဋ္ဌသင်္ဂါယနာဟာ နိုင်ငံနယ်ပယ်အားဖြင့်လည်း သံဃာတော် အစုံအလင်ဆုံးပါပဲ၊ အရေအတွက်အားဖြင့်လည်း သံဃာတော် အများဆုံး ပါပဲ၊ ဒါလည်း အားတက်စရာ တချက်ပဲ။
တချို့က မင်းတုန်မင်းတရားကြီးရဲ့ ကျောက်စာတော်တွေ ထင်ရှားရှိနေတဲ့ အတွက် ပါဠိကိုသုတ်သင်ပြီး သင်္ဂါယနာတင်စရာ မလိုသေးပါဘူးလို့လဲ ဆိုကြပြန်တယ်၊ ဒီစကားကတော့ ပါဠိကျမ်းဂန်တတ်ပုဂ္ဂိုလ်များရဲ့ အရာသာဖြစ်တယ်၊ ပါဠိမတတ်တဲ့ ပုဂ္ဂိုလ်တွေနဲ့တော့ ဘာမျှမဆိုင်ပါဘူး၊ ဒါကြောင့် သုတ်သင်စရာ လိုတယ်, မလိုဘူးလို့ တိတိကျကျ ဆုံးဖြတ်ဖို့ရာကတော့ ပါဠိဝိသောဓကဆရာတော်တွေရဲ့ ပြင်ဆင်ချက်များ အပေါ်မှာ တည်နေပါတယ်၊ ဝိသောဓကဆရာတော်တွေက မူကွဲတွေ့တိုင်း တွေ့တိုင်း ကျောက်စာမူကသာ မှန်တယ်၊ တခြားမူတွေက မှားတယ်လို့ ဒီလိုချည်း ပြင်ဆင်ချက် ပေးကြမယ်ဆိုရင်တော့ သုတ်သင်စရာမလိုဘူးလို့ပဲ ဆိုရပေလိမ့်မယ်၊ သို့ပေမယ့် ယခု ပါဠိပဋိဝိသောဓက ဆရာတော်တွေ ပါဠိမူအမျိုးမျိုးနဲ့ရော, အဋ္ဌကထာ, ဋီကာတွေနဲ့ရော, ဗျာကရုဏ်းကျမ်း, အဘိဓာန်ကျမ်း အမျိုးမျိုးနဲ့ရော တိုက်ဆိုင်ပြီး သုတ်သင်နေကြရာမှာ တွေ့ရတာကတော့ အဲဒီလို မဟုတ်ဘူး၊ ကျမ်းစာတအုပ် တအုပ်မှာကို ပြင်ဆင်ဆုံးဖြတ် ချက်တွေ ငါးဆယ်ခြောက်ဆယ်ထက် မနည်းရှိနေတယ်၊ အဲဒီအထဲမှာ ကျောက်စာမူကို လည်း မှန်တယ်လို့ ဒီလို တဘက်သတ် ဆုံးဖြတ်မထားကြပါဘူး၊ အခြားမူတွေကို လက်ခံရတာလဲ ရှိနေပါတယ်။
ဆရာတော်ကိုယ်တိုင်လဲ ပိဋကတ်မြန်မာပြန်တွေကို ထပ်မံပြီး သုတ်သင်ရတဲ့ အဖွဲ့ထဲမှာ ပါဝင်နေလို့ ဒီအကြောင်းကို တာဝန်မဲ့ပုဂ္ဂိုလ်များထက် ပိုပြီးသိနေပါတယ်၊ တခါတရံ မူကွဲနေလို့ပဲဖြစ်ဖြစ်, အနက်အဓိပ္ပါယ် မဖြောင့်လို့ပဲဖြစ်ဖြစ် ခက်ခဲနေတဲ့ အခါများမှာ အင်မတန်ကို ဂရုစိုက်ရပါတယ်၊ ပါဠိမူအမျိုးမျိုးကို အဋ္ဌကထာ, ဋီကာများနဲ့ တိုက်ဆိုင်ကြည့်ရတယ်၊ ရှေးနိဿယ ပြန်ဆိုထားပုံ, ဆရာမြို့ဘာသာပြန်နဲ့ အင်္ဂလိပ် ဘာသာပြန်တို့က ဆိုထားပုံများကိုလည်း ကြည့်ရတယ်၊ ပါဠိအဘိဓာန်, သက္ကတ အဘိဓာန်ကြီးများနဲ့လည်း တိုက်ဆိုင်ပြီးကြည့်ရတယ်၊ ဒီလိုကြည့်ရတဲ့အခါမှာ ကျောက်စာမူက ပိုပြီးယုတ္တိရှိတာကိုလည်း တွေ့ရတယ်၊ အခြားမူတွေက ပိုပြီးယုတ္တိရှိ တာကိုလည်း တွေ့ရတယ်၊ ဒီတော့ ယုတ္တိအရှိဆုံးကိုပဲ ယူပြီးတော့ မြန်မာပြန်မှာ မူတင် ထားရပါတယ်။
ပြီးတော့ ကျောက်စာမူဆိုတာကလည်း ပါဠိတော်လောက်သာရှိတာပဲ၊ အဋ္ဌ ကထာ, ဋီကာတွေကတော့ သင်္ဂါယနာတင်ကျောက်စာမူရယ်လို့ မရှိသေးဘူး၊ ပြီးတော့ တချို့တချို့နေရာများမှာ ပါဠိတော်နဲ့အဋ္ဌကထာ, အဋ္ဌကထာနဲ့ဋီကာ အဆင်မပြေပဲ ဖြစ်နေတာတွေလည်းရှိတယ်၊ အဲဒါတွေဟာ ယခုဆဋ္ဌသင်္ဂါယနာမှာဖြင့် အဆင်ပြေသွား လိမ့်မယ်လို့ မျှော်လင့်ရတာပဲ၊ ဒါကြောင့် ယခု ဆဋ္ဌသင်္ဂါယနာတင်တဲ့အတွက် အထင်အရှားရမယ့် အကျိုးတွေကို အကြမ်းအားဖြင့် ဖော်ပြရလျှင်-
ယခု ပြောခဲ့တာတွေဟာ အကြမ်းလောက်ပဲ ရှိပါသေးတယ်၊ အနုစိတ်ပြီး ပြောရမယ်ဆိုရင်တော့ အများကြီးပဲကျန်နေပါသေးတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင် လူရှင်ရဟန်းပုဂ္ဂိုလ်တိုင်း ဒီဆဋ္ဌသင်္ဂါယနာပွဲတော်ကြီးဟာ ငါတို့အတွက် ပေါ်လာရ တယ်၊ ငါတို့ပါဝင်ပြီး သာသနာပြုရအောင် ပေါ်လာရတယ်၊ ငါတို့မှာ ကုသိုလ်အထူးတွေ တိုးပွားရအောင် ပေါ်လာရတယ်လို့ ဒီလို ယောနိသောမနသိကာရဖြင့် နည်းလမ်းမှန်စွာ နှလုံးသွင်းနိုင်ကြပါစေ။ အဲဒီလို နှလုံးသွင်းပြီးတော့ ဆဋ္ဌသင်္ဂါယနာနဲ့စပ်ပြီး မိမိတို့ ရသင့်ရထိုက်တဲ့ သာသနာပြုမှု အခွင့်အရေးတွေ, ကုသိုလ်ထူးတိုးပွားမှု အခွင့်အရေး တွေကို လက်မလွတ်ရအောင် သတိဆောင်ပြီး အရယူနိုင်ကြပါစေကုန်သတည်း။
ရေးသားသူ - ဖြည့်စွက်ရန်
ဖတ်ရှုချိန် - ဖြည့်စွက်ရန်
ဖြည့်စွက်ရန်
ပထမသင်္ဂါယနာတင်ပြီးသောအခါ ဝိနည်းပိဋကတ်ကို တပည့်များအား ပို့ချပေးရန် အရှင်ဥပါလိမထေရ်အား အပ်နှင်းတော်မူကြသည်၊ ထို့အတူ ဒီဃနိကာယ်ကို အရှင်အာနန္ဒာမထေရ်အားလည်းကောင်း၊ မဇ္ဈိမနိကာယ်ကို အရှင်သာရိပုတ္တရာ၏ တပည့်မထေရ်တို့အားလည်းကောင်း၊ သံယုတ္တနိကာယ်ကို အရှင်မဟာကဿပမထေရ် အားလည်းကောင်း၊ အင်္ဂုတ္တရနိကာယ်ကို အရှင်အနုရုဒ္ဓါမထေရ်အားလည်းကောင်း၊ ဆိုင်ရာတပည့်များအား ပို့ချရန် အပ်နှင်းတော်မူခဲ့ကြသည်။ ဆက်လက်ဖတ်ရှုရန် ...
သင်္ဂါယနာတင်ပြီးနောက် ကြောင့်ကြမဲ့ဖြစ်မည်စိုး၍လည်းကောင်း၊ ပိဋကတ်တော်များ အဆက်မပြတ် တည်တံ့စေရန်လည်းကောင်း၊ အရှည်ကိုမျှော်ကိုး၍ ပြုလုပ်ခဲ့သော အလွန်ကောင်းမြတ်သည့် အစဉ်အလာ ဖြစ်ပေသည်။ ဤအစဉ်အလာအတိုင်း ဆဋ္ဌသင်္ဂါယနာတင်ပြီးသောအခါ မဟာစည်ဆရာတော်သည် “ဝိသုဒ္ဓိမဂ် အဋ္ဌကထာနှင့် မဟာဋီကာ, ပဋိသမ္ဘိဒါမဂ် ပါဠိတော်နှင့် ၎င်းအဋ္ဌကထာ, မိလိန္ဒပဉှာပါဠိတော်” ဟူသော ဤ ၅-ကျမ်းကို မပြတ်ပို့ချရန် တာဝန်ယူတော်မူခဲ့သည်။ ဤကျမ်းတို့ကို လေ့လာကျေပွန်ထားပါက ကမ္မဋ္ဌာန်းနှင့်ပတ်သက်၍ အရှုပ်အထွေးပေါ်လာလျှင် ခိုင်လုံသောအဆုံးအဖြတ် ပေးနိုင်မည်ဖြစ်သောကြောင့် ကမ္မဋ္ဌာနာစရိယတို့အဖို့ မယူမနေရ ဘာသာရပ်အဖြစ်ပြဋ္ဌာန်း၍ ပို့ချရန်ရည်ရွယ်ခဲ့ခြင်း ဖြစ်ပေသည်။
ဤသို့တာဝန်ယူတော်မူပြီးနောက် ဝိသုဒ္ဓိမဂ်အဋ္ဌကထာကို မဟာဋီကာနှင့်တွဲ၍ နေ့စဉ် တစ်နာရီခွဲ နှစ်နာရီခန့် ပို့ချတော်မူခဲ့လေသည်၊ ပို့ချသောအခါ ရှေးဦးစွာ အနက်အဓိပ္ပါယ်ကို သဘောပေါက်လောက်အောင် ရှင်းလင်းပြောကြားပြီးမှ နိဿယမူ ရေးသားရန် ရည်ရွယ်ချက်ဖြင့် နိဿယနက်ကို ပို့ချပေးတော်မူသည်၊ ထိုအနက်ကို စာလိုက်ပုဂ္ဂိုလ်တို့က မှတ်ယူပြီးနောက် လက်နှိပ်စက်ဖြင့်ရိုက်၍ နိဿယမူကြမ်းကို ဆရာတော်ထံ တင်ပြကြသည်၊ ထိုမူကြမ်းကို မဟာစည်ဆရာတော်သည် အထပ်ထပ် ကြည့်ရှုသုဓ်သင် ပြင်ဆင်၍ အဆုံးအဖြတ်, အမှာအထား ထည့်သင့်သည့်နေရာတို့၌ ထည့်ကာ တည်းဖြတ်တော်မူသည်၊ ဆရာတော်တည်းဖြတ်ပြီး ထိုမူကိုမှ မူချောအဖြစ် လက်နှိပ်စက်ဖြင့် တဖန်ရိုက်ရသည်၊ ဤသို့ဖြင့် ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယသည် သန္ဓေတည် ပေါက်ဖွားခဲ့ရသည်။
၁၃၂၂-ခု တပို့တွဲလဆန်း ၃-ရက်နေ့မှစတင်၍ ရေးသားခဲ့သော မဟာဋီကာ နိဿယသည် ၁၃၂၈-ခု တပို့တွဲလဆန်း ၁၄-ရက်နေ့ကျမှ ပြီးဆုံးခြင်းသို့ ရောက်ခဲ့သည်၊ နှစ်အားဖြင့်ကြည့်လျှင် ၆-နှစ်မျှ ကြာလေသည်၊ သို့သော် ၆-နှစ် အတွင်းတွင် သီတင်းနေ့များ အခြားအရပ်တို့သို့ တရားဟောထွက်ရသောရက်များလည်း ပါဝင်ရာ ထို မပို့ချနိုင်သောရက်တို့ကိုနုတ်လျှင် မဟာဋီကာကို အဆုံးရောက်အောင် ပို့ချသော ရက်များမှာ စုစုပေါင်း-၈၃၀ ဖြစ်လေသည်၊ ဤအကြောင်းကို ဆရာတော်သည် နိဿယနိဂုံးတွင် အသေအချာ ဖော်ပြထားပါသည်။
နိဿယစာမူချောကို ၁၃၂၈-ခုနှစ်မှစ၍ ပုံနှိပ်စေခဲ့သည်၊ ပုံနှိပ်တိုက်သို့ ပို့ခါနီး၌လည်း အထပ်ထပ်ကြည့်ရှု၍ ပြင်သင့်သည်တို့ကို ပြင်တော်မူသည်၊ ပုံနှိပ်တိုက်မှပေးပို့သော ပုံနှိပ်မူကြမ်း(ပရု)ကိုလည်း ကျနစွာ ကြည့်ရှုစစ်ဆေး၍ ပြင်သင့်သမျှတို့ကို ပြင်တော်မူသည်၊ ဝိသုဒ္ဓိမဂ်မဟာဋီကာပါဌ်သည် ၂-တွဲရှိ၏၊ ပါဌ်တစ်တွဲအတွက် နိဿယ ၂-တွဲဖြစ်ရကား နိဿယမှာအားလုံး ၄-တွဲဖြစ်သည်၊ ထိုတွင် ပဌမတွဲကို ၁၃၂၈-ခုနှစ်၌လည်းကောင်း၊ ဒုတိယတွဲနှင့်တတိယတွဲကို ၁၃၂၉-ခုနှစ်၌လည်းကောင်း၊ စတုတ္ထတွဲကို ၁၃၃၀-ပြည့်နှစ်၌လည်းကောင်း ထုတ်ဝေနိုင်ခဲ့သည်။
ဆရာတော်ကြီး၏ ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယကို သာသနာတွင်ထင်ရှားလှ သည့် ကျမ်းတတ်ဆရာတော်တို့ များစွာချီးကျူးတော်မူခဲ့ကြသည်။
သပြေကန်ဆရာတော်ကြီးကမူ “ဆရာတော်အရှင်မြတ်၏ ထူးခြားသောဉာဏ်, ထက်သန်သော ဝီရိယ, ကရုဏာတို့ကိုအစွဲပြု၍ ဖြစ်ခဲကြီးဖြစ်ပေါ်လာရသော ဝိသုဒ္ဓိမဂ် မဟာဋီကာနိဿယကို ဓမ္မဒါနအဖြစ်ရရှိခဲ့ရာ အဖိုးအနဂ္ဃထိုက်တန်လှသော ရတနာအသွင် ထင်မြင်အားရ ဝမ်းမြောက်လှပါသည်။ အများမြင်နိုင်တွေ့နိုင် ခဲသော စာများကို ပြင်နိုင်ခြင်း, မြှုပ်ကွက်ကို ဖော်ပြနိုင်ခြင်း, အသစ်အဆန်းမှတ်စရာကို ပြနိုင်ခြင်းတို့မှာ စဉ်းစားခြင်းအကျင့်အထုံရလျက်ရှိသော ထူးခြားသောပညာရှင်ပုဂ္ဂိုလ်တို့၏ အရာသာဖြစ်ပါသည်။ ဝိသုဒ္ဓိမဂ် မဟာဋီကာနိဿယမှာ ယခုခေတ်၌ အမှန်ပင်လိုအပ်လျက်ရှိရာ ဆရာတော်အရှင်မြတ်သည် ထိုလိုကွက်ဟာကွက်ကို ဖော်ထုတ်ဖြည့်စွက်ကာ သာသနာပြုတော်မူခဲ့ပေသည်” ဟူ၍ စာဖြင့်ချီးကျူး လျှောက်ထားတော်မူခဲ့လေသည်။
စစ်ကိုင်းတောင်ရိုး အောင်မြေဘုံစံချောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဆရာတော်အရှင်ဉာနုတ္တရသည် ၁၂၆၂-ခုနှစ်တွင် ဖွားမြင်၍ ၁၃၃၄-ခုနှစ်တွင် ပျံလွန်တော်မူသည်၊ ဆဋ္ဌသင်္ဂီတိကာရက, ပဋိဝိသောဓက, သြသာနသောဓက, ဓမ္မဒူတ ဝိဇ္ဇာလယနာယက, ဂျပန်ပြည်သာသနာပြုအဖွဲ့နာယက စသည်ဖြစ်၍ သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူသည့် ပုဂ္ဂိုလ်မြတ်ဖြစ်သည်။ ဆရာတော် အရှင်ဉာနုတ္တရ သည် မဟာစည်ဆရာတော်ဘုရားကြီးအား များစွာလေးမြတ် ကြည်ညိုသည်၊ ဆရာတော်ဘုရားကြီးထက် သက်တော် ၄-နှစ်ခန့်ကြီးသည်၊ မဟာစည်ဆရာတော်ဘုရားကြီးထံ သတိပဋ္ဌာန်ဝိပဿနာ နည်းခံတော်မူခဲ့ လေသည်။
မဟာစည်ဆရာတော်ဘုရားကြီးအား များစွာချီးကျူးတော်မူလေသည်၊ အထူးသဖြင့် ဆရာတော်အရှင်ဉာနုတ္တရ မထေရ်သည် ၁၇-ကြိမ်မြောက် မဟာစည်သြဝါဒခံယူပူဇော်ပွဲတွင် ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယနှင့်စပ်၍ အောက်ပါအတိုင်း ချီးကျူးတော်မူခဲ့လေသည်။
“ဝိသုဒ္ဓိမဂ်ဆိုတာ အဋ္ဌကထာကို ပြောပါတယ်၊ အဲဒီအဋ္ဌကထာရဲ့ အဓိပ္ပာယ်ကို ထပ်ဖွင့်တဲ့ ဋီကာဆိုတာလဲ ရှိပါတယ်၊ အဲဒီဋီကာက သာခက်သွားတယ်၊ ဒီဋီကာဟာ ဘယ်လောက်ခက်သလဲဆိုရင် ပါဠိသက်သက် တတ်နေရုံနဲ့တော့ ဒီဋီကာရဲ့ပုဒ်ပါဌ်ရှိသမျှကို အပြည့်အစုံ အနက်မပြန်နိုင်ဘူး၊ သက္ကတပါတတ်ပါတယ် ဆိုတောင်မှ သဘာဝကို နားမလည်လို့ရှိရင် ဒီဝိသုဒ္ဓိမဂ်ဋီကာကို နိဿယမရေးနိုင်ဘူး၊ အဲဒီလောက်ခက်တဲ့ ဝိသုဒ္ဓိမဂ်မဟာဋီကာကြီးကို မဟာစည်ဆရာတော်က နိဿယရေးပါတယ်၊ ရေးရုံတင်မကပါဘူး၊ ပထမတွဲဆိုရင် ထွက်ပေါ်ပြီးတော့တောင်နေပါပြီ၊ ဝိသုဒ္ဓိမဂ်မဟာဋီကာကြီးကိုရေးမယ်ဆိုရင် ခုနက ပြောခဲ့သလိုပဲ ပါဠိကျမ်းဂန်အမျိုးမျိုးကိုလဲ ကျေပွန်ရမယ်၊ သက္ကတကျမ်းအမျိုးမျိုးကိုလဲ နားလည်ရမယ်၊ သက္ကတမှာ ဒဿနလို့ခေါ်တဲ့ စကားရှိတယ်၊ ဒဿနဆိုတာ အယူဝါဒကိုပြတဲ့အပိုင်းဖြစ်တယ်၊ သက္ကတနဲ့ရေးထားတဲ့ အဲဒီ ဒဿနအမျိုးမျိုးတွေကိုလဲ နားလည်ရတယ်၊ အဲဒီအယူဝါဒအမျိုးမျိုးတွေ စုပေါင်းဖော်ပြထားတဲ့ (သဗ္ဗဒဿနသင်္ဂဟ)စတဲ့ ကျမ်းမျိုးတွေရှိတယ်၊ ဒါမျိုးတွေကိုလဲ မဟာစည် ဆရာတော်က ကောင်းကောင်းလေ့လာထားတယ်၊ ဒီလို လေ့လာထားလို့သာလျှင် မဟာဋီကာမှာ အဲဒီဝါဒတွေနဲ့ စပ်တဲ့ အပိုင်းတွေကိုလဲ ရှင်းလင်းပြီးရေးနိုင်ပါတယ်။
အဲဒီမဟာဋီကာမှာပါတဲ့ အခြားအယူဝါဒတွေကိုရေးထားတဲ့ သမယန္တရပိုင်း ဆိုတာလဲရှိတယ်၊ အဲဒီအပိုင်းဟာ ခက်လွန်းလို့ မဟာစည်ဆရာတော်က သူများတွေလဲ ခက်ကြပေလိမ့်မယ်လို့ မျှော်တွေးပြီး အဲဒီသမယန္တရ ပိုင်းကို သီးခြားနိဿယအဖြစ်နဲ့ ရေးသားပုံနှိပ်ပြီး ဖြန့်ဝေထားတယ်၊ အဲဒါလဲ ဋီကာနိဿယ စတုတ္ထတွဲစာအုပ် လောက်မှာ ပါလိမ့်မယ်လို့ထင်ပါတယ်၊ ဒီဋီကာနိဿယမှာ ပြောစရာ ချီးကျူးစရာတွေကတော့ အများကြီးရှိ ပါတယ်၊ ဒါပေမယ့် အချိန်မရဘူး၊ ဒါကြောင့် တိုတိုနဲ့ပြီးအောင် အဲဒီ မဟာဋီကာနိဿယရဲ့ နိဒါန်းကိုရေးတဲ့ ပုဂ္ဂိုလ်က ပြောထားတာကလေးတွေကိုပဲ ထုတ်ပြပါတော့မယ်။
ပါဠိကို ဘယ်လောက်တတ်တတ်, သက္ကတဘယ်လောက်တတ်တတ်, လာခဲ့ပါ၊ ဒီနိဿယမျိုး ရေးပါဆိုရင်တော့ မရေးနိုင်ဘူးလို့၊ ခုနကပြောခဲ့သလိုပဲ အဲဒီနိဒါန်းရေးတဲ့ ပုဂ္ဂိုလ်က စကားတစ်လုံးသုံးထားတယ်၊ ဘယ်လိုလဲ ဆိုတော့ မဟာဋီကာနိဿယကိုကြည့်ရင် ဒီလိုကြည့်ပါတဲ့၊ မဟာစည်ဆရာတော်က ဘယ်ကလောက် ခက်ခက်ခဲခဲ ရေးသားထားသလဲ၊ ဒီနိဿယဟာ ဘယ်လောက်ကောင်းသလဲ၊ ဘယ်လောက်ပြည့်စုံ သလဲဆိုတာ နိဿယကိုချည်းလျှောက်ကြည့်နေရုံနဲ့တော့ သိမယ်မဟုတ်ဘူးတဲ့၊ ဘယ်လိုမှသိမလဲဆိုရင် မဟာဋီကာပါဠိမှာ (အထူးခက်တယ်လို့ထင်ရတဲ့) ကြိုက်ရာ အခန်းက စာတရွက်လောက်ကို ဖတ်လိုက်ပါ၊ ဖတ်ပြီးပြီဆိုတော့ အဲဒီပါဌ်တွေကို ကိုယ်ကြိုက်သလိုအနက်ပေးပြီး စာနဲ့လဲရေးထားပါ၊ ပြီးတော့ အဲဒီ ကိုယ်ရေးထားတဲ့စာနဲ့ မဟာစည်ဆရာတော်ရဲ့နိဿယနဲ့ တိုက်ကြည့်လိုက်ပါ၊ အဲဒီအခါကျရင် မဟာစည်ဆရာတော် ဘယ်လောက်စွမ်းသလဲ, မဟာစည်ဆရာတော်ရဲ့နိဿယဟာ ဘယ်လောက် သဘာဝကျသလဲဆိုတာ ကောင်းကောင်းကြီး သိလာပါလိမ့်မယ်တဲ့၊ ဒီလို နိဒါန်းရေးတဲ့ ပုဂ္ဂိုလ်က ဆိုထားတယ်။
အဲဒီတော့ နိဿယဘယ်လောက်ကောင်းတယ်ဆိုတာကို ကျမ်းစာသား မဖတ်ရသေးခင် နိဒါန်းကြည့်ကတည်းက သိနှင့်ရတယ်၊ ဘုန်းကြီးနိဒါန်းကြည့်ရင်း ဒီကိုယ်တော်ပြောတာ မှန်ပေတယ်၊ သဘာဝကျတယ်လို့ ချီးကျူးမိတယ်၊ စာဆိုတာ သူများရေးထား တာကိုကြည့်လိုက်ရင် သိလွယ်တယ်၊ ကောင်းသားပဲလို့ သဘောကျတတ်ပါတယ်၊ ခက်တယ်လို့တော့ မထင်တတ်ဘူး၊ ဒါပေမယ့် သူများရေးထားတာကို မကြည့်ဘဲနဲ့ ကိုယ်တိုင်ရေးစမ်းပါဆိုတော့ စွမ်းနိုင်ခဲပါတယ်၊ မလွယ်ပါဘူး၊ ဒါကြောင့် သူများရေးထားတာကို မကြည့်သေးခင် မဟာဋီကာမှာ ကြိုက်ရာစာရွက်ကိုလှန်ပြီး ကိုယ့်ဉာဏ်စွမ်းအားရှိသမျှ နိဿယရေးပြီးတော့မှ မဟာစည်ဆရာတော်ရဲ့နိဿယနဲ့ တိုက်လိုက်ပါ၊ ဘယ်လို ကွာခြားသွားတယ်ဆိုတာ သိပါလိမ့်မယ်တဲ့၊ အဲဒီလို နိဒါန်းရေးတဲ့ပုဂ္ဂိုလ်က စကားတစ်လုံးသုံးထားပါတယ်။ (ဤသို့စသည်ဖြင့် ၁၇-ကြိမ်မြောက် သြဝါဒခံယူပူဇော်ပွဲတွင် ဆရာတော်အရှင်ဉာနုတ္တရက ချီးကျူးကြွမက်ကြားခဲ့ပါသည်။)
မဟာစည်ဆရာတော်ဘုရားကြီးသည် ဆရာတော်ကြီးအရှင်ဉာနုတ္တရ နောက်ဆုံး မရဏန္တိကဝေဒနာဖြင့် မကျန်းမမာဖြစ်သည့်အခါ သာသနာ့ရိပ်သာသို့ပင့်၍ ကုသတော်မူသည်၊ နောက် ကမ္ဘာအေး ဇမ္ဗူဒီ ပကျောင်းဆောင် ပြန်လည်ကြွသောအခါတွင်လည်း မကြာခဏကြွရောက်၍ သတိရှိဖို့, မမေ့ဖို့, ဝေဒနာ သည်းခံဖို့ အကြိမ်ကြိမ် သတိပေးတော်မူသည်၊ နောက်ဆုံး ဆရာတော်ကြီးအရှင်ဉာနုတ္တရ ပျံလွန်တော်မူ သောအခါ သံဃာတော်များလှူရန် သင်္ကန်းအစုံပေါင်းများစွာ ကူညီရုံမျှမက နောက်ဆုံးဈာပနနေ့တွင် ဘာရသုတ္တန်တရားတော်ကြီးကို ဟောကြား၍ ရေစက်ချတော်မူခဲ့လေသည်။
ဆရာတော်ကြီးအရှင်ဉာနုတ္တရသည် သတိပဋ္ဌာန်ဝိပဿနာတရားတော်အပေါ် ကိုယ်တိုင်လည်း လေးလေးစားစား အားထုတ်ခဲ့သည်မျှမက အခြားသူများကိုလည်း အထူးအလေးအနက် ဟောပြောတိုက်တွန်းတော်မူခဲ့သောဂုဏ်များ၊ တရားတော်၌ ခိုင်မြဲ သောယုံကြည်မှု ရရှိတော်မူပြီးဖြစ်ကြောင်း အစရှိသော ဆရာတော်ကြီးအရှင်ဉာနုတ္တရ၏ ဂုဏ်ကျေးဇူးတော်များကို ထုတ်ဖော်၍ မဟာစည် ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် ရဟန်း, ရှင်, လူ ပရိသတ်ကြီးအား ဟောကြားတော်မူခဲ့လေသည်။
ဆရာတော်ဘုရားကြီးကား ဥဿဝေ ဗျာသနေစေဝ, ဒုဗ္ဘိက္ခေ သတ္တု ဝိဂ္ဂဟေ၊ ရာဇဒွါရေ သုသာနေစ, ယော တိဋ္ဌတိသော ဗန္ဓဝေါ။ ယော-အကြင်သူသည်၊ ဥဿ ဝေစ-ပွဲလမ်းသဘင် ဆင်ယင်ကျင်းပရာအခါ၌ လည်းကောင်း၊ ဗျသနေစေဝ-စည်းစိမ် ဥစ္စာ ပျက်စီးရာအခါ၌လည်းကောင်း၊ ဒုဗ္ဘိက္ခေစ-ငတ်မွတ်ခေါင်းပါး အစာရှားရာအခါ၌ လည်းကောင်း၊ သတ္တုဝိဂ္ဂဟေစ-ရန်သူနှင့် ဖက်ပြိုင်တိုက်ခိုက် ငြင်းခုံရာအခါ၌လည်း ကောင်း၊ ရာဇဒွါရေစ-မင်းအိမ်ရောက်ရာအခါ၌လည်းကောင်း၊ ဝါ-အမှုအခင်းဖြစ်ပွားရာ အခါ၌လည်းကောင်း၊ သုသာနေစ-သုသာန်၌လည်းကောင်း၊ ဝါ-နာရေးကြုံရာအခါ၌ လည်းကောင်း၊ တိဋ္ဌတိ-အဖော်အဖက်ဖြစ်၍ တည်၏၊ သော-ထိုသူသည်၊ ဗန္ဗဝေါ-မိတ်ကောင်းဆွေမွန်မည်၏ ဟူသောနီတိနှင့်ကိုက်ညီသည့် ကတညုတ ကတဝေဒီ သူတော်ကောင်း မိတ်ဆွေမွန်ကြီး စစ်မှန်တော်မူပါပေသည်။
၁၃၁၁-ခုနှစ် ပြာသိုလဆန်း ၇-ရက်နေ့တွင်ကျင်းပသည့် ဒုတိယအကြိမ် တိပိဋကရွေးချယ်ရေးစာမေးပွဲသည် တိပိဋကသမိုင်းတွင် အရေးကြီးသောအဆုံးအဖြတ်ပေးမည့် စာမေးပွဲဖြစ်ခဲ့သည်။ အကြောင်းမှာ ဤဒုတိယအကြိမ်တွင်လည်း အောင်မြင်သူ တစ်ပါးမျှမရှိခဲ့လျှင် တိပိဋကရွေးချယ်ရေးစာမေးပွဲကို အပြီးတိုင်ပယ်ဖျက်ရန် ဆုံးဖြတ်ချက် ချပြီးဖြစ်သောကြောင့်တည်း။
ဤစာမေးပွဲတွင် ‘ပထမဦးဆုံး ဝိသိဋ္ဌဝိနယဓရ’ ဘွဲ့ထူးကို ဆွတ်ခူးရရှိခဲ့သော, နိုင်ငံတော်အစိုးရက သမ္မတအိမ်တော်၌ မင်းခမ်းမင်းနားနှင့်ပူဇော်ခြင်းကို ခံယူတော်မူခဲ့သော, တွဲဖက်ရွှေကျင်သာသနာပိုင် ညောင်တုန်း ရွှေဟင်္သာတောရ ပထမစံကျောင်းဆရာတော်ကြီး အရှင်ဝါယာမ(၁၂၃၅-၁၃၀၉)ကို ဥပဇ္ဈာယ်ပြု၍ သိမ်ဝင်သံဃာ ၁၀၀ နှင့် ရဟန်းဖြစ်ခဲ့သော, မူလမင်းကွန်းဇေတဝန်ဆရာတော်ကြီးထံ သတိပဋ္ဌာန် နည်းခံ၍ နှစ်ဝါတိုင်အားထုတ်ခဲ့ပြီးနောက် ပဲခူး၌ တောရဆောက်တည်လျက်ရှိသော, (နောင်အခါ သက်တော် ၆၄-နှစ် လွန်တော်မူသည်အထိ သတိပဋ္ဌာန်တရားတော်ကိုသာ တစိုက်မတ်မတ် ကျင့်ကြံပွားများ အားထုတ်တော် မူခဲ့သော) သက်တော် ၂၆-နှစ်၊ သိက္ခာ ၄-ဝါ မျှရှိတော်မူသော အရှင်ပညာသာရ (၁၂၈၅-၁၃၄၉)သည် ဤတိပိဋကစာမေးပွဲကြီး ဖြေဆိုရန် မဟာစည်ဆရာတော်ဘုရားကြီးထံ စာဝါလိုက်ခဲ့လေသည်။
စာဝါမှာ ၂၁-ရက်မျှပင်ဖြစ်သော်လည်း ပရိယတ္တိသာသနာတော်အတွက် များစွာအထောက်အပံ့ ဖြစ်ခဲ့ပေသည်။ “မဟာစည်ဆရာတော်ကြီးဟာ ပိဋကသုံးပုံဆောင် ပုဂ္ဂိုလ်ကြီးပဲ၊ ဦးပဉ္ဇင်းစာလိုက်နိုင်သမျှထက် ပို၍ချပေးနိုင်တဲ့အပြင် ကျမ်းပေါင်းစုံကို ညှိနှိုင်းပြသော အဆိုအမိန့်များပါ ထည့်ပြီးရှင်းလင်းပြပါတယ်။ ဦးပဉ္ဇင်းတွေ့ဖူးသမျှ ဆရာတော်ကြီးများထဲမှာ ပရိယတ္တိဘက်မှာရော ပဋိပတ္တိဘက်မှာပါ ထိပ်ဆုံးတန်း ရောက်အောင် အောင်မြင်ပေါက်မြောက်တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်တဲ့အတွက် ဒကာကြီး အသက်ထက်ဆုံးသာ ကိုးကွယ်ပါတော့” ဟူ၍ အရှင်ပညာသာရက ရဟန်းဒါယကာ ဦးပွင့်ကောင်းအား အမိန့်ရှိခဲ့လေသည်။
အရှင်ပညာသာရသည် ၁၃၀၄-ခုနှစ် တပေါင်းလပြည့်နေ့တွင် ရဟန်းဖြစ်တော်မူပြီး မကြာမီပင် ညောင်တုန်းရွှေဟင်္သာတောရ ဝိနည်းပြန်ဆိုပွဲ၌ ဝိနည်း ၅-ကျမ်းလုံးကို အထောက်အမလွတ် ပြန်ဆိုနိုင်ခဲ့သည်။ ထိုနောက် စံကျောင်းဆရာတော်ကြီးထံ ခွင့်ပန်၍ မူလမင်းကွန်းဇေတဝန်ဆရာတော်ကြီးထံ သတိပဋ္ဌာန်နည်းခံ၍ နှစ်ဝါတိုင် အားထုတ်ခဲ့လေသည်။ ထိုစဉ် ခမည်းတော်ကြီးဦးဖိုးဘ အသည်းအသန်ဖြစ်၍ သုံးဆယ်မြို့သို့ ပြန်ကြွတော်မူရကာ ရဟန်းသိက္ခာချပြီး သာမဏေဘဝနှင့် ခမည်းတော်ကြီးကို ပြုစုခဲ့သည်။ ခမည်းတော်ကြီးကွယ်လွန်ပြီး ၁၃၀၇-ခုနှစ်တွင် ဒုတိယအကြိမ် ရဟန်းဖြစ်တော်မူပြီးနောက် ရန်ကုန်အင်းစိန်ရှိ မင်းကွန်းဇေတဝန်ကျောင်းတိုက်တွင် တရားအားထုတ်တော်မူသည်။ ထို့နောက် ပဲခူးနာရဏီသိမ်ရှိရာ၌ တောရဆောက်တည်ကာ တရားအားထုတ်တော်မူလေသည်။ ထိုစဉ်၌ ရဟန်းဒါယကာ ဦးပွင့်ကောင်းက တိပိဋကဓရ စာပြန်ပွဲကြီး ဝင်ရောက်ဖြေဆိုရန် သွားရောက်ပင့်ဆောင်ခဲ့ခြင်းဖြစ်၏။
ပြန်လည်သုံးသပ်၍ကြည်ညိုရပါလျှင် အရှင်ပညာသာရသည် စာဝါနှင့်ကင်းဝေး နေခဲ့သည်မှာ ၅-နှစ်ကျော် ၆-နှစ်ခန့်ရှိခဲ့ပြီဖြစ်ရာ (တိပိဋကဓရ စာပြန်ပွဲဖြေဆိုရန် ရက်ပေါင်း ၅၀-ခန့်အလို) ယခုအချိန်တွင် ဝိနည်း ၅-ကျမ်း ဖြေဆိုအောင်မြင်ရန် အဓိကအကျဆုံးအချက်မှာ စာချနိုင်မည့်ဆရာတော်ရရှိမှုနှင့် ကျန်းမာရေး ကောင်းမွန်မှု တို့ပင် ဖြစ်လေသည်။
ထိုအချက်ကိုဖြည့်စွမ်း၍ စာချတော်မူခဲ့သည့် မဟာစည်ဆရာတော်ကြီးသည်လည်း ၁၃၀ဝ-ပြည့်နှစ်ကတည်းက သတိပဋ္ဌာန်ကမ္မဋ္ဌာန်းတရား ပြသတော်မူလျက် ရှိလေရာ စာချခြင်းနှင့်ကင်းဝေးနေခဲ့သည်မှာ ၁၁-နှစ်ခန့်ရှိခဲ့ပြီ ဖြစ်ပါသည်။
စာချခြင်း၊ စာသင်ခြင်းနှင့် ကင်းဝေးနေခဲ့သော်ငြား စာချ၊ စာသင် ဆရာတော် ၂-ပါးစလုံးတို့သည် မူလမင်းကွန်းဇေတဝန်ဆရာတော်ကြီးထံ သတိပဋ္ဌာန်နည်းခံ၍ အားထုတ်တော်မူခဲ့ခြင်း၊ သတိပဋ္ဌာန် တရားတော်ကို စဉ်ဆက်မပြတ် အားထုတ်တော်မူလျက်ရှိနေကြခြင်းဖြင့် ထူးခြားသော သီလပိုင်ရှင်၊ သမာဓိပိုင်ရှင်၊ ပညာပိုင်ရှင်များ ဖြစ်ကြလေသည်။ ဤအကြောင်းသည်ပင် တိုတောင်းလှသောအချိန်အတွင်း စာချခြင်း၊ စာသင်ခြင်းဟူသော ပြင်ဆင်မှုဖြင့် တိပိဋကဓရစာပြန်ပွဲကို ဂုဏ်ထူးနှင့် ထူးခြားစွာ အောင်မြင်ခြင်း၏ အဓိကအကြောင်း ဖြစ်လေသည်။
ထိုထက်ပိုမို၍ထူးခြားသည်မှာ မဟာစည်ဆရာတော်ကြီးသည် ဤစာမေးပွဲကြီး မတိုင်မီ ၄၅-ရက်ခန့်အလို ၁၃၁၁-ခုနှစ် တန်ဆောင်မုန်းလဆုတ် ၅-ရက်နေ့တွင်မှ ဆာဦးသွင်အမှူးပြုသော ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီးက ပင့်ဆောင်ခဲ့ကြ၍ ရန်ကုန်သာသနာ့ရိပ်သာသို့ ကြွရောက်တော်မူခဲ့ခြင်းဖြစ်၏။ မဟာစည်ဆရာတော်ဘုရားကြီး သည်ကား သာသနာပြုခွင့်ဘုန်းကံ ကြီးမားတော်မူလှပါပေ၏။
ဤအကြောင်းအရာနှင့်စပ်လျဉ်း၍ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီးက “ဘုန်းကြီးတို့ တိပိဋကဓရ ဖြစ်ရတာ ဦးပညာသာရကြောင့်ပဲ၊ ဦးပညာသာရသာ တိပိဋကဓရစာပြန်ပွဲကြီး ဝင်ရောက်ပြန်ဆိုမှုမပြုလျှင် အဲဒီနှစ်က စာပြန်ပွဲကြီး ဖျက်ပစ်လိုက်ရမှာပဲ၊ ဦးပညာသာရ ဝင်ရောက်ပြန်ဆိုရာမှာ အောင်မြင်မှုရရှိခဲ့လို့ စာပြန်ပွဲကြီး ဆက်လက်ကျင်းပနိုင်ပြီး ဘုန်းကြီးတို့တိပိဋကဓရပုဂ္ဂိုလ် ၄-ပါးနှင့် ပိဋကတ် ၂-ပုံအောင်၊ ပိဋကတ် ၁-ပုံအောင်ပုဂ္ဂိုလ်တွေ ပေါ်ထွက်လာရတာပ၊ ဦးပညာသာရဟာ သူကိုယ်တိုင် ပိဋကတ် ၃-ပုံ မပြန်ဆိုခဲ့သော်လည်း ပိဋကတ် ၃-ပုံ ပြန်ဆိုနိုင်တဲ့ လမ်းကြောင်းကြီးကိုတော့ သူက ဖောက်ပေးသွားတာပဲ” ဟူ၍ မိန့်တော်မူခဲ့လေသည်။