Test 8
08 May 2024
ရေးသားသူ - ဖြည့်စွက်ရန်
ဖတ်ရှုချိန် - ဖြည့်စွက်ရန်
ဖြည့်စွက်ရန်
၁။ နိဗ္ဗာန်၏ အဓိပ္ပာယ် အတိုချုပ်
နိဗ္ဗာနဆိုတာ ငြိမ်းသည်ဟု အနက်အဓိပ္ပာယ်ရှိသည်၊ ကိလေသာတွေ အကုန် ငြိမ်းခြင်း, ရုပ်နာမ်တွေ အကုန်ငြိမ်းခြင်းပင်ဖြစ်သည်။ ငြိမ်းဆိုတာကလဲ အသစ်ဖြစ်ခွင့် မရှိတော့ပဲ ပြတ်စဲခြင်း, ကင်းခြင်းပင်ဖြစ်သည်၊ အဲဒီလို ကိလေသာဟူသမျှ လုံးဝငြိမ်း သည့်အတွက် ဘဝသစ်ရုပ်နာမ်တွေ ဖြစ်ခွင့်မရှိတော့ပဲ ဆင်းရဲအားလုံး ငြိမ်းလေတော့ သည်။ ဘဝအသစ်ဖြစ်ခြင်း, ဇာတိမရှိသောကြောင့် အိုခြင်း, နာခြင်း, သေခြင်း, ကိုယ်စိတ်ဆင်းရဲခြင်းဟူသမျှ လုံးဝမရှိတော့ပဲ ကင်းငြိမ်းသွားလေတော့သည်။ ယင်းသို့ ဆင်းရဲငြိမ်းသည့် နိဗ္ဗာန်ရောက်ကြောင်းတရားကို ရှင်တော်မြတ်ဘုရားက ဟောကြား တော်မူခဲ့ကြောင်း၊ ထိုနိဗ္ဗာန်ရောက်ကြောင်းအကျင့်တွင် ရုပ်နာမ်မျှ, အကြောင်းအကျိုးမျှ ကို သိအောင်ရှုမှတ်ရန် ခဏမစဲဖြစ်ပျက်နေသည်ကို ကိုယ်တိုင်တွေ့ပြီးသိအောင် ရှုမှတ်ရန်၊ အနိစ္စ, ဒုက္ခ, အနတ္တသဘောကို ကိုယ်တိုင်တွေ့ပြီးသိအောင် ရှုမှတ်ရန် များကိုလည်း ဟောကြားတော်မူခဲ့ကြောင်း ရှင်းလင်းဖြေကြားတော်မူခဲ့သည်။
၂။ တရားဟောနေစဉ် ဟောနေသည့်ပုဂ္ဂိုလ်သန္တာန်၌ ဖိုလ်စိတ်ဖြစ်ခြင်း ရှိ-မရှိ
မြတ်စွာဘုရားမှာ တရားနာပရိသတ်များက သာဓုခေါ်နေစဉ်၌ ဖလသမာပတ် ဝင်စားတော်မူကြောင်း၊ သာဓုခေါ်မှုဆုံးသည့်အခါ တရားကို ဆက်ပြီးဟောတော်မူ ကြောင်း ပြဆိုထားတာရှိပါသည်။ ဘုရားတပည့်သာဝကများမှာတော့ ထိုသို့ ဖိုလ်ဝင်စား ခြင်း ဖြစ်-မဖြစ်ကို ပြောဖို့မဖြစ်နိုင်ပါ၊ သာမန်ပုဂ္ဂိုလ်တွေမှာဆိုရင် ဟောသင့်သော တရားများကို ဆင်ခြင်နေရသောကြောင့် ဖလသမာပတ်ဝင်စားနိုင်သည့် ရဟန္တာပင် ဖြစ်သော်လဲ ဖိုလ်စိတ်ဖြစ်ခြင်းရှိသည်ဟုဆိုရန် မဖြစ်နိုင်ပါ။ သို့သော် ဖလသမာပတ် ဝင်စားနိုင်သည့်ပုဂ္ဂိုလ်မှာဆိုရင်တော့ ဝင်စားလိုသည့်အခါ ဖြစ်နိုင်ခွင့်ရှိပါသည်။
၃။ ရှုမှတ်နေစဉ် ကြောက်စိတ်ပေါ်လာပါက အဘယ်သို့ ပြုအပ်ပါသနည်း
မပြတ်ရှုမှတ်လျက် တရားအားထုတ်နေသူမှာ ကြောက်စရာမရှိပါ၊ ရှုမှတ်တိုင်း ရှုမှတ်တိုင်း ဘေးရန်ကင်းကြောင်း, ချမ်းသာကြောင်း ကုသိုလ်တရားသာ ဖြစ်ပွားနေ သည်။ အကယ်၍ ကြောက်စိတ်ဖြစ်ပေါ်လာလျှင် အဲဒီစိတ်ကို ကြောက်တယ် ကြောက်တယ်ဟုရှုမှတ်ပြီး ဖောင်းတာပိန်တာစသော မှတ်နေကျကိုသာ စူးစိုက်ပြီး ရှုမှတ်နေရမည်၊ အဲဒီလိုရှုမှတ်နေရင်း ကြောက်စိတ်ပေါ်လာပြန်ရင် ကြောက်တယ် ကြောက်တယ်လို့ရှုမှတ်ပြီး မှတ်နေကျကိုသာ စူးစူးစိုက်စိုက် မပြတ်ရှုမှတ်နေရမယ်။ အဲဒီလို စူးစူးစိုက်စိုက်ရှုမှတ်နေလျှင် မကြာခင်မှာပဲ ကြောက်စိတ်ကင်းပြီး အမှတ် ကောင်းမြဲ ကောင်းသွားနိုင်သည်။
၄။ ရှုမှတ်အားထုတ်နေဆဲ၌ စိတ်ပျံ့လွင့်မှုဖြစ်လျှင် ဘယ်လိုလုပ်ရပါမလဲ
ရှုမှတ်အားထုတ်ခါစမှာ သမာဓိအားက မရှိသေးသောကြောင့် စိတ်ကူးကြံစည်မှု တွေဟာ မကြာခဏဖြစ်တတ်တယ်၊ အဲဒီလို စိတ်ကူးပျံ့လွင့်နေတာကို မသိပဲလဲ ရှိနေတတ်တယ်၊ အကယ်၍ အဲဒီလို ပျံ့လွင့်နေတဲ့စိတ်ကူးကိုသိရင်တော့ အဲဒီ စိတ်ကူးကို ဘယ်ပုံဘယ်နည်းဖြင့် ကြံစည်စိတ်ကူးနေတယ်လို့ ဆင်ခြင်နေဘို့တော့ မလိုပါဘူး၊ အဲဒီစိတ်ကူးကြံစည်မှုကို စိတ်ကူးတယ်, ကြံစည်တယ်, ပျံ့လွင့်တယ် စသည် ဖြင့်ရှုမှတ်ပြီးတော့ ဖောင်းတာပိန်တာစသော ရှုမှတ်နေကျကိုသာ မပြတ် ရှုမှတ်သွားရ တယ်။ အဲဒီလို ပေါ်လာသမျှစိတ်ကူးကို ရှုမှတ်ရှုမှတ်ပြီး ရှုမှတ်နေကျကိုသာ စူးစူးစိုက်စိုက် မပြတ်ရှုမှတ်နေရင် အဲဒီလိုပျံ့လွင့်တဲ့စိတ်ကူးတွေမရှိတော့ပဲ မှတ်သိမှုဟာ အထူးကောင်းလာပါတယ်။ အကယ်၍ ကိုယ်ထဲ၌ နာကျင်ကိုက်ခဲမှု ဖြစ်ပေါ်လာရင်လဲ အဲဒါကို နာတယ်နာတယ်စသည်ဖြင့် သည်းခံပြီးရှုမှတ်ရတယ်၊ အဲဒီလို ရှုမှတ်နေရင်း နာကျင်မှုဟာ ပျောက်သွားတတ်ပါတယ်။ အကယ်၍ မပျောက်လျှင်လဲ ဖောင်းတာ ပိန်တာစသော ရှုမှတ်နေကျကိုသာ စူးစိုက်ပြီးမပြတ်ရှုမှတ်နေရတယ်။ အဲဒီလို ရှုမှတ် နေရင်းလဲ နာကျင်ကိုက်ခဲမှုစသည်ဟာ ကင်းပျောက်သွားတတ်တယ်။ ဆက်လက်ဖတ်ရှုရန် ...
၅။ သမာဓိကောင်းအောင် မည်သို့လုပ်ရပါသနည်း
ဝင်သက်ထွက်သက် (သို့မဟုတ်) ဝင်လေထွက်လေကို ဝင်တယ်ထွက်တယ် စသည်ဖြင့် မပြတ်ရှုမှတ်နေပါကလည်း စိတ်တည်ငြိမ်မှု သမာဓိကောင်းလာနိုင်ပါသည်။ သမာဓိကောင်းတယ်ဆိုတာ ရှုမှတ်ရာအာရုံ၌သာ မပြတ်ရှုမှတ်လျက် ရှုမှတ်လျက်သာ ဖြစ်ပြီး တည်ငြိမ်နေတာပါဘဲ၊ အဲဒီလိုသမာဓိကောင်းသည့်အခါမှာ ကိုယ်ထဲက အတွေ့အထိဟူသမျှတွေကိုလဲ ရှုမှတ်ကြည့်သင့်ပါတယ်။ မြင်တာ, ကြားတာ စသည်တွေ ကိုလဲ ရှုမှတ်ကြည့်နိုင်ပါတယ်။ ဒွါရ ၆-ပါးက ပေါ်လာသမျှကို မြင်တယ်, ကြားတယ်, ထိတယ်, သိတယ်စသည်ဖြင့် မပြတ်ရှုမှတ်နေလျှင် သမာဓိအထူးကောင်းလာသည့် အခါမှာ သိစရာရုပ်နှင့်သိတဲ့နာမ်ကိုလဲ ခွဲခြားပြီးသိတယ်၊ အကြောင်းနှင့်အကျိုးကိုလဲ ခွဲခြားပြီးသိတယ်၊ ရှုမှတ်တိုင်းရှုမှတ်တိုင်း ရှုသိရတာရော၊ ရှုသိတာရော အသစ်အသစ် ဖြစ်ဖြစ်ပြီး ချက်ခြင်းပင် ပျက်ပျက်သွားတာကိုလဲသိတယ်။ အသံကြားသည့်အခါ ကြားတယ်ကြားတယ်လို့ ရှုမှတ်တိုင်းရှုမှတ်တိုင်း အသံရော ကြားတာရော ချက်ခြင်း ပျောက်ပျောက်သွားတာကို ထင်ရှားသိရတယ်။ အဲဒီလို ကိုယ်တိုင်တွေ့ပြီးသိတာဟာ သမာဓိကြောင့်ဖြစ်တဲ့ ဝိပဿနာဉာဏ်အစစ်ပဲ၊ အဲဒီလို ကိုယ်ပိုင်ဉာဏ်ဖြစ်အောင်လို့ ရှုမှတ်ရတာပဲ။
၆။ ဈာန်သမာဓိ ဖြစ်အောင် ရှုပြီးမှ ဝိပဿနာရှုလျှင် ကောင်း-မကောင်း
ဈာန်ရပြီးမှ ဈာန်ကိုအခြေခံပြုပြီး ဝိပဿနာရှုတာဟာ ပိုပြီးကောင်းပါသည်။ ဘုရားလက်ထက်တော်ကာလက ပါရမီပြည့်စုံသောပုဂ္ဂိုလ်များဟာ ဈာန်ကိုအခြေခံပြုပြီး ဝိပဿနာရှုကြတာတွေ များစွာရှိခဲ့ကြပါသည်။ ဈာန်အခြေခံပြုပြီး ဝိပဿနာရှုတယ် ဆိုတာ ဈာန်စိတ်ကိုဖြစ်စေပြီးတော့ အဲဒီဈာန်စိတ်ကို စပြီးရှုရတာပါဘဲ၊ သို့သော်လဲ ယခုနေအခါမှာတော့ တရားအားထုတ်ရန် အချိန်များများမရတဲ့သူတွေမှာ ဈာန်ရ အောင် အားထုတ်ဖို့ကလဲ မလွယ်လှပါဘူး၊ ဈာန်ရပြီလို့ တိတိကျကျဆုံးဖြတ်ဖို့ရာလဲ မလွယ်လှပါဘူး။ ဒါကြောင့် အချိန်များများမရလျှင် ဝိပဿနာကစပြီး အားထုတ်တာက ဝိပဿနာဉာဏ်များကို မကြာခင်တွေ့ရပြီး အကျိုးများတတ်ပါတယ်။
၇။ ယထာဘူတ ကျကျနန ရှုမှတ်နည်း
မြင်တိုင်း, ကြားတိုင်း, နံတိုင်း, စားသိတိုင်း, တွေ့ထိတိုင်း, ကြံသိတိုင်း ဥပါဒါနက္ခန္ဓာလို့ခေါ်တဲ့ ရုပ်နာမ်အစစ်တွေ ထင်ရှားဖြစ်ပျက်နေတယ်၊ အဲဒါတွေကို မရှုမှတ်နိုင်လျှင် မြဲသည့်အနေ, ချမ်းသာသည့်အနေ, အသက်ရှင်လျက် တည်နေသည့် အတ္တကောင်အနေဖြင့် ထင်မှတ်ပြီး စွဲလမ်းနေကြတယ်။ ဒါကြောင့် အဲဒီရုပ်နာမ်တွေကို (ဥပါဒါနက္ခန္ဓာ) အစွဲအလမ်းခံ ရုပ်နာမ်အစုတွေလို့ ဆိုရတာပဲ။ အဲဒီရုပ်နာမ်အစုတွေ ကို မြင်ဆဲကြားဆဲစသည်၌ မြင်တယ်ကြားတယ်စသည်ဖြင့် စူးစူးစိုက်စိုက်ရှုမှတ်နေလျှင် သမာဓိအားကောင်းတဲ့အခါမှာ ခဏမစဲဖြစ်ပျက်နေတာကို အမှန်အတိုင်း တွေ့ရသိရ တယ်။ ဒါကြောင့် အဲဒီလို ကိုယ်တိုင်တွေ့အားဖြင့် အမှန်အတိုင်းသိရအောင် မြင်ဆဲ ကြားဆဲစသည်မှာ မြင်တယ်ကြားတယ်စသည်ဖြင့် မပြတ်ရှုမှတ်နေရတယ်။
ဒါပေမဲ့ ရှုမှတ်ခါစမှာတော့ မြင်တိုင်းကြားတိုင်းစသည်မှာ အကုန်စေ့ငှအောင် ရှုမှတ်ဖို့မလွယ်ပါဘူး။ ထင်ရှားတွေ့ထိရတဲ့ တခုနှစ်ခုလောက်ကစပြီး ရှုမှတ်မှ သမာဓိ အားကောင်းလာတဲ့အခါ အမှန်အတိုင်း တွေ့နိုင်သိနိုင်တယ်။ ဒါကြောင့် ဝမ်းဗိုက် အတွေ့အထိကစပြီး ဖောင်းတယ်ပိန်တယ်စသည်ဖြင့် ရှုမှတ်ဖို့ ညွှန်ပြနေတာပါဘဲ။ အဲဒီလိုရှုမှတ်နေရင်း စိတ်ကူးကြံစည်မှုတွေ ဖြစ်ပေါ်လာရင်လဲ အဲဒီစိတ်ကူးကြံစည်မှုကို ရှုရတယ်၊ အဲဒီလိုရှုပြီးတော့ ဖောင်းတာပိန်တာကိုပဲ ပြန်ပြီး မပြတ်ရှုနေရတယ်။ အခံခက်တဲ့ဝေဒနာစသည် ဖြစ်ပေါ်လာရင်လဲ အဲဒါကိုရှုရတယ်။ ပြီးရင် ဖောင်းတာ ပိန်တာကိုပဲ ပြန်ပြီး မပြတ်ရှုမှတ်သွားရတယ်။ ကိုယ်လက်စသည် လှုပ်ရှားပြုပြင်မှု, ထမှု, သွားမှုစသည်ဖြစ်ရင်လဲ အဲဒါကိုရှုရတယ်။ ပြီးတော့ ဖောင်းတာပိန်တာကိုပဲ ပြန်ပြီး မပြတ် ရှုမှတ်သွားရတယ်။
အဲဒီလိုရှုမှတ်နေရင်း သမာဓိအားကောင်းလာတဲ့အခါကျတော့ ရုပ်နာမ်အာရုံ တွေကို ရှုမှတ်တိုင်းရှုမှတ်တိုင်း မှတ်သိရတဲ့ရုပ်ကတခြား, မှတ်သိတာကတခြား ခွဲခြားပြီး သိလာတယ်။ စိတ်ကူးကြံသိမှုကို ရှုမှတ်တဲ့အခါမှာလဲ ကြံသိတာရှုသိတာက တခြား၊ ကြံသိမှုရှုသိမှု၏တည်ရာဖြစ်ရာ ရုပ်ကိုယ်ကတခြား ခွဲခြားပြီးသိလာတယ်။ ကြားတယ်လို့ ရှုမှတ်တဲ့အခါလဲ ကြားရတဲ့အသံရုပ်ကတခြား၊ ကြားသိတာကတခြား ခွဲခြားပြီး သိလာတယ်။ မြင်တယ်စသည်ဖြင့် ရှုမှတ်တဲ့အခါများမှာလဲ မြင်ရတာနဲ့မြင်သိတာ စသည်ကို ခွဲခြားပြီးသိလာတယ်။ အဲဒီလိုသိတာဟာ မသိတတ်တဲ့ရုပ်နှင့် သိတတ်တဲ့ နာမ်ကို ခွဲခြားပြီးသိတဲ့ အစဆုံး ဝိပဿနာဉာဏ်အစစ်ပဲ။
အဲဒီကနောက် သမာဓိဉာဏ် တိုးတက်အားကောင်းလာတဲ့အခါ အကြောင်းနှင့် အကျိုးကိုလဲ ပိုင်းခြားပြီးသိလာတယ်။ သိပုံကတော့ မြင်တယ်လို့ ရှုမှတ်ရတဲ့အခါ မျက်စိရှိသောကြောင့် မြင်တယ်၊ မြင်စရာ အဆင်းရှိသောကြောင့် မြင်တယ်လို့သိရ တယ်။ ကြားတယ်လို့ ရှုမှတ်ရတဲ့အခါလဲ နားရှိသောကြောင့် ကြားတယ်၊ ကြားစရာ အသံရှိသောကြောင့် ကြားတယ်လို့သိရတယ်။ နောက်ပြီးတော့ လှုပ်ချင်လို့ လှုပ်တယ်။ သွားချင်လို့ သွားတယ်၊ သွားလို့ သွားတယ်လို့ရှုမှတ်ရတယ်။ မြင်လို့ မြင်တယ် ရှုမှတ်ရတယ်၊ ကြားလို့ ကြားတယ်ရှုမှတ်ရတယ်။ ဖောင်းလို့ ဖောင်းတယ်ရှုမှတ်ရတယ်၊ ပိန်လို့ ပိန်တယ်ရှုမှတ်ရတယ်စသည်ဖြင့်လဲ အကြောင်းအကျိုးကို ပိုင်းခြားပြီးသိရတယ်။ အဲဒီလိုသိတာဟာ အကြောင်းအကျိုးကို ပိုင်းခြားပြီးသိတဲ့ ပစ္စယပရိဂ္ဂဟဉာဏ်ပဲ။
အဲဒီကနောက် သမာဓိဉာဏ် တဆင့်တက်ပြီး အားကောင်းလာတဲ့အခါ ရှုမှတ် တိုင်းရှုမှတ်တိုင်း မှတ်သိရတာရော မှတ်သိတာရော အသစ်အသစ်ဖြစ်ဖြစ်ပြီး ချက်ခြင်း ပျောက်ပျောက် ပျက်ပျက်သွားတာကိုချည်း ကိုယ်ပိုင်ဉာဏ်ဖြင့်တွေ့သိရတယ်၊ အဲဒီတော့ မမြဲတာချည်းပဲ၊ ဆင်းရဲချည်းပဲ၊ အတ္တမဟုတ်တဲ့ သဘောတရားမျှချည်းပဲလို့လဲ ထင်ရှား သိရတယ်၊ အဲဒါဟာ နိဗ္ဗာန်ရောက်ကြောင်း ဝိပဿနာဉာဏ်အစစ်တွေပဲ၊ အဲဒီ အသိဉာဏ်တွေ အားပြည့်တဲ့အခါ အဲဒီလို ရှုမှတ်လျက် သိသိနေရင်း ရုပ်နာမ်သင်္ခါရ ငြိမ်းတဲ့သဘောထဲသို့ အသိဉာဏ်က ရောက်သွားတယ်၊ အဲဒါဟာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုသွားတာပါဘဲ၊ အဲဒါဟာ အရေးအကြီးဆုံး သိပုံပါပဲ။
၈။ ဆင်းရဲငြိမ်းအောင် ဘယ်လို လုပ်ရပါမည်နည်း
သတ္တဝါတွေမှာ ကိလေသာမကင်းသမျှကာလပတ်လုံး ဘဝဟောင်းက သေပြီး လျှင် ကံအားလျော်စွာ ဘဝအသစ်အသစ်ဖြစ်ရတယ်၊ ဖြစ်ရာဘဝမှာ အိုရမယ်၊ အများ အားဖြင့် ကိုယ်ဆင်းရဲစိတ်ဆင်းရဲတွေကိုလဲ တွေ့ရခံစားရမယ်၊ နောက်ဆုံး အချိန်ကျ တော့ သေရမယ်၊ ဒါဟာ ကိလေသာမကင်းသေးတဲ့ သတ္တဝါတွေမှာ အမြဲတွေ့ကြုံ ခံစားနေကြရတဲ့ ဆင်းရဲတွေပဲ။ အဲဒီဆင်းရဲတွေမှ ကင်းလွတ်ချင်ရင် ကိလေသာတွေ လုံးဝကင်းငြိမ်းသွားအောင် ကျင့်ဘို့လိုပါတယ်၊ အဲဒီလို ကိလေသာကင်းငြိမ်းအောင် တကယ်မှန်ကန်တဲ့ အကျင့်ကလဲ အရိယမဂ္ဂင်ရှစ်ပါးဖြစ်ပွါးအောင် ရှုမှတ်ရတဲ့အကျင့်ပါပဲ၊ အဲဒီ မဂ္ဂင်ရှစ်ပါးဖြစ်ပွါးအောင် ဘုရားအလောင်းတော်က ဥပါဒါနက္ခန္ဓာငါးပါး တို့၏ အဖြစ်အပျက်ကို ကိုယ်တိုင်တွေ့ခြင်းအားဖြင့် သိမြင်အောင် ရှုပြီးသိလာခဲ့တယ်၊ အဲဒီလိုရှုပြီး အဖြစ်အပျက်ကိုသိမြင်နေရင်း မကြာမီအတွင်းမှာ အရဟတ္တဖိုလ်ရောက်ပြီး ဘုရားဖြစ်လာခဲ့တယ်။ အဲဒီလို ဘုရားဖြစ်ပြီးတဲ့နောက် တရားထူးရထိုက် ကျွတ်ထိုက်တဲ့ ဝေနေယျသတ္တဝါတွေလဲ မိမိလိုရှုသိပြီး မဂ်ဖိုလ်နိဗ္ဗာန်ကို ကိုယ်တိုင်တွေ့သိမြင်ရအောင် ဓမ္မစကြာသုတ်တရားတော်ကစပြီး ဟောကြားတော်မူခဲ့ပါတယ်၊ မဇ္ဈိမပဋိပဒါ အလယ် လမ်းအကျင့်ဆိုတဲ့ မဂ္ဂင်ရှစ်ပါးဖြစ်ပွားအောင် ကျင့်ဘို့၊ အဲဒီလိုကျင့်ရင် ဖြစ်ပေါ်လာတဲ့ မဂ္ဂင်ရှစ်ပါးက ရုပ်နာမ်အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တစသည်ကို တွေ့မြင်တဲ့ ပညာမျက်စိကို ဖြစ်စေကြောင်း၊ သစ္စာ ၄-ပါးကိုသိမြင်တဲ့ ပညာမျက်စိကို ဖြစ်စေ ကြောင်း ဟောပြတော်မူခဲ့ပါတယ်။
အဲဒီလို မဂ္ဂင်ရှစ်ပါးဖြစ်ပွားအောင် ရှုပုံအားထုတ်ပုံကို သတိပဋ္ဌာနသုတ် တရားတော်မှာ သွားနေဆဲ၌ သွားသည်ဟုသိရမည်စသည်ဖြင့် အတိအကျ ဖော်ပြတော် မူခဲ့ပါသည်။ နောက်ပြီးတော့ ပရိနိဗ္ဗာန်စံတော်မူခါနီးညမှာ မဂ္ဂင်ရှစ်ပါးဖြစ်ပွားအောင် ကျင့်နည်းမရှိသောပုဂ္ဂိုလ်တွေထဲမှာ ကိလေသာငြိမ်းတဲ့အရိယာ မရှိကြောင်း၊ မဂ္ဂင်ရှစ်ပါး ပွားများစေတဲ့ပုဂ္ဂိုလ်တွေသာ ကိလေသာငြိမ်းပြီး ဆင်းရဲခပ်သိမ်းငြိမ်းတဲ့ အရိယာပုဂ္ဂိုလ် ရဟန္တာပုဂ္ဂိုလ်များဖြစ်နိုင်ကြောင်းကို အတိအကျဟောပြောတော်မူခဲ့ပါသည်။ ဘုန်းကြီး တို့ကလဲ မြတ်စွာဘုရားဟောကြားထားတဲ့ အဲဒီတရားတော်နှင့်အညီ ဖြစ်ခိုက်ရုပ်နာမ်ကို ရှုမှတ်ပြီး မဂ္ဂင်ရှစ်ပါးပွားစေဘို့ ညွှန်ကြားပြသနေပါသည်။ အဲဒီလို ညွှန်ပြသည့်အတိုင်း ရိုရိုသေသေ ကျကျနန ရှုမှတ်ကြတဲ့သူတွေဟာလဲ ရုပ်နာမ်အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တစသည်ကို ကိုယ်တိုင်ပင်ထင်ရှားတွေ့ပြီး သိကြရပါတယ်။ အဲဒါဟာ သန္ဒိဋ္ဌိကော-ကိုယ်တိုင်တွေ့မြင်နိုင်တဲ့ တရားတော်ဖြစ်ကြောင်း ချီးကျူးထားတဲ့ တရားဂုဏ်တော်နှင့် အညီ တွေ့ကြရသိမြင်ကြရတာပါဘဲ။ ဒါကြောင့် ဘဝအသစ် ထပ်ကာထပ်ကာဖြစ်ခြင်း အိုခြင်း နာခြင်း သေခြင်းစသော ဆင်းရဲခပ်သိမ်း တကယ်ငြိမ်းချင်ရင် ထင်ရှားဖြစ်ပျက် နေတဲ့ ရုပ်နာမ်တွေကို အမှန်အတိုင်းသိမြင်ရအောင် ရှုမှတ်အားထုတ်ကြဖို့ပါဘဲ။
၉။ မဂ္ဂင်ရှစ်ပါး ဖြစ်ပွားအောင် ကိလေသာဆင်းရဲ ရုပ်နာမ်ဆင်းရဲ လုံးဝကင်းငြိမ်းအောင် သတိပဋ္ဌာန်နည်းအရ ဘယ်လို အားထုတ်ရပါသလဲ
သွားဆဲ ရပ်ဆဲ ထိုင်ဆဲ လျောင်းဆဲ ကွေးဆန့်လှုပ်ရှားဆဲမှာ သွားတယ် ရပ်တယ် ထိုင်တယ် လျောင်းတယ် ကွေးတယ် ဆန့်တယ် လှုပ်ရှားတယ် စသည်ဖြင့် ရှုမှတ်ရတယ်၊ ဒါက ကိုယ်အမူအရာရှုမှတ်ပုံ ကာယာနုပဿနာပွားစေပုံပဲ။ ကိုယ်ထဲက နာကျင်မှု မခံသာမှုဖြစ်ရင် နာတယ် အခံခက်တယ် ဆင်းရဲတယ်စသည်ဖြင့် ရှုမှတ်ရ တယ်၊ အတွေ့အထိကောင်းရင် ကောင်းတယ် ချမ်းသာတယ်စသည်ဖြင့် ရှုမှတ်ရတယ်၊ စိတ်ထဲက စိတ်ပျက်ခြင်း စိတ်ညစ်ခြင်း ဆင်းရဲခြင်းဖြစ်ရင် စိတ်ပျက်တယ် စိတ်ညစ် တယ် ဆင်းရဲတယ်စသည်ဖြင့် ရှုမှတ်ရတယ်၊ ဝမ်းသာပျော်ရွှင်ရင် ဝမ်းသာတယ် ပျော် တယ် စသည်ဖြင့် ရှုမှတ်ရတယ်။ မဆိုးမကောင်း အလယ်အလတ်ဖြစ်ရင် နေသာရုံမျှပဲ စသည်ဖြင့် ရှုမှတ်ရတယ်။ ဒါက ခံစားမှုဝေဒနာကိုရှုပုံ ဝေဒနာနုပဿနာ ပွားစေပုံပဲ၊ စိတ်ကူးကြံစည်မှု နှစ်သက်မှု စိတ်ဆိုးမှုစသည်ဖြစ်ရင် စိတ်ကူးတယ် ကြံစည်တယ် နှစ်သက်တယ် စိတ်ဆိုးတယ်စသည်ဖြင့် ရှုမှတ်ရတယ်၊ ဒါက စိတ်အမူအရာရှုပုံ စိတ္တာနုပဿနာ ပွားစေပုံပဲ။ မြင်ခိုက် ကြားခိုက်စသည်မှာတော့ မြင်တယ် ကြားတယ် နံတယ် စားသိတယ် ထိသိတယ်စသည်ဖြင့် ရှုမှတ်ရတယ်။ ဒါက သဘောတရားကိုရှုပုံ ဓမ္မာနုပဿနာပွားစေပုံ အကျဉ်းချုပ်ပဲ။
ဒီလိုဖြစ်ပုံကတော့ ပါရမီအလတ်စား ပုဂ္ဂိုလ်အတွက်ပါပဲ၊ ပါရမီ အထူးရင့်ကျက် နေတဲ့ ပုဂ္ဂိုလ်မှာတော့ တနေ့တညဉ့်အတွင်းမှာတောင် မဂ်ဖိုလ်တရားထူးများကို ရနိုင် ကြောင်း မြတ်စွာဘုရားက ဖော်ပြထားပါသေးသည်။ အဲဒီလို ဖော်ပြထားသည့်အတိုင်း ယခုနေအခါ တလအတွင်း နှစ်လအတွင်းမှာပင် ဝိပဿနာဉာဏ် အပြည့်အစုံဖြစ်ပြီး မဂ်ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်တွေ့ပုံကိုပြောကြတဲ့ ယောဂီတွေလဲ တော်တော်များပါသည်။
၁၀။ သမဏဟု ဘိက္ခုဟု ခေါ်သော တရားထူးရသူများ
သမဏဟူ၍၎င်း၊ ဘိက္ခုဟူ၍၎င်း သုဘဒ္ဒသုတ်မှာ မြတ်စွာဘုရားဟောထားတဲ့ တရားထူးရသည့်ပုဂ္ဂိုလ်များဟာ အကျဉ်းချုပ်အားဖြင့် (၁) သောတာပန်၊ (၂) သကဒါ ဂါမ်၊ (၃) အနာဂါမ်၊ (၄) ရဟန္တာဟူ၍ ၄-ပါးရှိသည်။ အလယ်အလတ် အရေအတွက် အားဖြင့် မဂ် ၄-ပါးရောက်ဆဲမဂ်ပုဂ္ဂိုလ်နှင့်တကွ ရှစ်ပါးရှိပါသည်။ အဲဒီ မဂ်ပုဂ္ဂိုလ် ဆိုသည်မှာ မဂ်စိတ်ဖြစ်ခိုက် တခဏမျှသာရှိသည်၊ အဲဒီ မဂ်စိတ်၏အခြားမဲ့ ဖိုလ်စိတ် ဖြစ်သည်မှစ၍ ဖိုလ်ပုဂ္ဂိုလ် ဖြစ်သွားပါသည်။ ထို့ထက်အကျယ်အားဖြင့် မဂ်လေးပါးသို့ ရောက်အောင် ဝိပဿနာရှုဆဲ ပုဂ္ဂိုလ်လေးပါးနှင့်တကွ တကျိပ်နှစ်ပါးဖြစ်သည်။
အဲဒီ တကျိပ်နှစ်ပါးသော သမဏ, ဘိက္ခုခေါ်သည့်ပုဂ္ဂိုလ်များဟာ မိမိလိုပင် သူတပါးလဲ အသိဉာဏ်ထူးရရှိအောင် ဟောပြောညွှန်ကြားပေးသွားကြလျှင် လောက၌ ရဟန္တာတွေမပြတ်ဖြစ်ပြီး သာသနာတော် အမြဲတမ်းတည်တံ့သွားနိုင်ကြောင်း မြတ်စွာ ဘုရားက မိန့်ကြားတော်မူခဲ့ပါသည်။ မူလအခြေခံအနေဖြင့် ကိုယ်တိုင်ရှုမှတ်အားထုတ် ပြီး ဥဒယဗ္ဗယဉာဏ်ရောက်သည့်ပုဂ္ဂိုလ်က သူတပါးအား မိမိလိုပင် ဥဒယဗ္ဗယဉာဏ် ရောက်အောင်ညွှန်ပြပြီး တိုက်တွန်းပေးလျှင်ပင် ရဟန္တာအထိ သာသနာတည်တံ့အောင် နည်းလမ်းတကျကောင်းစွာနေသည်မည်ကြောင်း ဖော်ပြထားပါသည်။ ထို့ထက် သောတာပန်စသည်ဖြစ်ပြီး သူတပါးအားလဲ သောတာပန်စသည်ဖြစ်အောင် ဟောကြား တိုက်တွန်းပေးနိုင်ရင်တော့ ပိုပြီးကောင်းပါသည်။
၁၁။ တရားအားထုတ်နေကြရာမှာ အမျိုးသားနှင့်အမျိုးသမီးများ မရောပဲ ကင်းရှင်းစွာနေတာက ပိုပြီးကောင်းသည်
မြတ်စွာဘုရားက ရဟန်းများအား မြို့ရွာနှင့်မနီးသော တောရကျောင်းများ၌ နေဖို့ ညွှန်ကြားတော်မူခဲ့ပါသည်။ အဲဒီညွှန်ကြားချက်အတိုင်း သင့်လျော်သည့်အခါ သင့်လျော်သည့်အရပ်ဒေသများမှာ ရဟန်းများဟာ အဲဒီလိုတောရကျောင်း၌ နေထိုင်ခဲ့ ကြသည်။ အဲဒါဟာ အမျိုးသမီးအာရုံတွေနှင့်စပ်ပြီး ရာဂအဖြစ်နည်းအောင် နေထိုင်ကြ ရတာပဲ၊ အခွင့်မသင့်သောကြောင့် မြို့ထဲရွာထဲကကျောင်းများ၌ နေရသော်လည်း ရဟန်းများဟာ အမျိုးသမီးများနှင့် ကင်းသင့်သမျှကင်းအောင် သတိပြုနေကြရပါသည်။
အထူးအားဖြင့် တရားအားထုတ်နေသည့်အခါ ပို၍အရေးကြီးပါသည်၊ ဒါကြောင့် အရှေ့တိုင်းနိုင်ငံများ၌ တရားအားထုတ်သော ယောဂီများဟာ အမျိုးသားနှင့် အမျိုးသမီးများ မနီးစပ်ပဲ ကင်းသင့်သမျှကင်းအောင် အထူးသတိပြုပြီး အားထုတ်နေကြ ရသည်။ တချို့မှာဆိုလျှင် မိမိအခန်းထဲမှ အပြင်ထွက်သောအခါ မမြင်သင့်သည့်ပုဂ္ဂိုလ် ကို မမြင်ရအောင် အဝတ်ဖြင့်မျက်နှာကို ဖုံးကွယ်လျက်တောင် သွားလာကျင့်သုံးလေ့ ရှိပါသည်။ အဲဒီလို အမျိုးသမီးများနှင့်အမျိုးသားများဟာ အချင်းချင်း အတွေ့အမြင် ကင်းသင့်သမျှကင်းအောင် အားထုတ်နေလျှင် ကာမဂုဏ်နှင့်စပ်ပြီး ကိလေသာဖြစ်ခွင့် သက်သာသင့်သမျှ သက်သာနိုင်ပါသည်။ ထို့ကြောင့် တရားအားထုတ်ဆဲ၌ အမျိုးသား များနှင့် အမျိုးသမီးများ မရောနှောပဲ ကင်းသင့်သမျှကင်းအောင် သတိပြုပြီးနေလျှင် ကိလေသာဖြစ်ခွင့် သက်သာဖွယ် ရှိပါသည်။ ဖြစ်နိုင်ပါမူ ဖြစ်နိုင်သမျှ သတိပြုပြီး အားထုတ်သင့်ပါသည်။
၁၂။ တရားစစ်နည်း
တရားစစ်သည့်အခါမှာ အစစ်ခံမည့်ယောဂီတွေများနေလျှင် အခြေအနေအရ တကြိမ်တကြိမ်စစ်သည့်အခါ (၅)ယောက်သို့မဟုတ် (၁၀)ယောက်လောက်စုပြီး စစ်ရ သည်။ အဲဒီလို လေးငါးဆယ်ယောက်လောက် စု၍စပ်ခြင်းဖြင့် တယောက်အား ပြောသင့်သမျှကို ပြောပြခြင်းဟာ အခြားအလားတူပုဂ္ဂိုလ်အားလဲ ပြောပြီးဖြစ်သွားနိုင်ပါ သည်။ အဲဒီလို သိနားလည်သွားကြသောကြောင့် အလားတူပြောသင့်သည်ကို မပြောရ တော့ပဲ ပြီးစီးပြည့်စုံသွားသဖြင့် ကမ္မဋ္ဌာန်းဆရာမှာ သက်သာသည့်ပြင် အချိန်လည်း မကြာပဲ ပြီးသွားနိုင်ပါသည်။ တယောက်ချင်း မေးစစ်နေရင်တော့ လူတိုင်းလူတိုင်းအား ပြောသင့်သမျှကို အထပ်ထပ်ပြောပြနေရသောကြောင့် ပြောပြသူမှာ ပင်ပန်းသည့်ပြင် အချိန်လည်းပို၍ကြာသွားနိုင်သည်။ သို့ဖြစ်သောကြောင့် (၅)ယောက် (၁၀)ယောက် စုပြီး မေးစစ်တာက ပိုပြီး သင့်လျော်ပါသည်။ ထို့ပြင် သူတပါး၏အထူးတွေ့သိပုံကို ကြားရသောကြောင့် မတွေ့မသိရသေးသည့်သူမှာလည်း သဒ္ဓါဆန္ဒ အထူးဖြစ်ပွားတတ် ပါသည်။
၁၃။ တရားအားထုတ်မှုကြောင့် ကိုယ်ချမ်းသာ စိတ်ချမ်းသာဖြစ်တတ်ပုံ
အနောက်တိုင်းနိုင်ငံတွေမှာ ဘာဝနာအလုပ်အားထုတ်သူတွေထဲက ယခု လက်ငင်း ကိုယ်စိတ်ချမ်းသာရေးကို မျှော်လင့်သူလဲ တချို့ရှိကြောင်း ကြားသိရတယ်။ ညွှန်ပြတဲ့ဆရာအချို့ကလဲ သူတို့အကြိုက်ကိုလိုက်ပြီး ညွှန်ပြနေကြကြောင်း ကြားသိရ တယ်၊ သူတို့ညွှန်ပြကြ အားထုတ်ကြတဲ့ ကမ္မဋ္ဌာန်းအလုပ်ကတော့ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း မဟုတ်ပါဘူး၊ ဟိုအာရုံဆင်ခြင်လိုက် ဒီအာရုံဆင်ခြင် လိုက်နဲ့ အားထုတ်နေရင်း သူတို့မှာ စိတ်ချမ်းသာမှုကိုရနေတယ်လို့ဆိုပါတယ်။ အဲဒါက တော့ သူတို့အကြိုက်ဖြစ်တဲ့အာရုံကို ဆင်ခြင်ပြီး တွေ့မြင်နေရတာနဲ့ သဘောကျပြီး ဝမ်းမြောက်ဝမ်းသာဖြစ်နေတဲ့ သဘောပါပဲ။ ကိလေသာငြိမ်းစေပြီး ဆင်းရဲခပ်သိမ်း ငြိမ်းစေတဲ့ ဝိပဿနာကုသိုလ်အလုပ်တော့ မဟုတ်ပါဘူး။ အဲဒီလို အားထုတ်နေကြတဲ့ သူတွေဟာ ယုံကြည်မှုကအားကောင်းပြီး လိုလားမှုထက်သန်စွာနှင့် အားထုတ်နေပေ မယ်လို့ ဘာဝနာလုပ်ငန်းမှန်ဖြင့် ရသင့်တဲ့ကောင်းကျိုး ချမ်းသာတွေကိုတော့ မရပဲ ရှိနေပါတယ်။
တချို့ကတော့ ဗုဒ္ဓဘာသာဝင်လို့ အမည်ခံနေကြပေမဲ့ ဗုဒ္ဓတရားတော်ဟာ ကြားနာပြီး သိနားလည်ရန် ခဲယဉ်းတယ်၊ ဒါကြောင့် ဘုရားတရားကို မနာပဲနဲ့ ကိုယ့်ဟာကိုယ် ဆင်ခြင်ရုံမျှဖြင့် ကိစ္စပြီးတယ်လို့ ယူဆဟောပြောနေကြတာလဲရှိတယ်၊ အဲဒီလိုဟောပြောတာကို သဘောကျပြီး အရှေ့နိုင်ငံများမှာရော, အနောက်နိုင်ငံများမှာ ရော အဲဒီနည်းအတိုင်း ဟောပြောနေကြတာ လိုက်နာပြီး ရွတ်ဆိုဆင်ခြင်လျက် အားထုတ်နေကြတာလဲရှိတယ်၊ အဲဒါဟာ ဆင်းရဲငြိမ်းဘို့ မဂ်ဖိုလ်နိဗ္ဗာန်ရဘို့ သတိပဋ္ဌာန် တလမ်းတည်းရှိတယ်လို့ ဟောထားတဲ့ဘုရားတရားတော်နှင့် မညီသောကြောင့် ဘုရား အလိုတော်ကျမဟုတ်ဘူး၊ ဆင်းရဲငြိမ်းပြီး အမြဲတမ်းချမ်းသာသွားလိမ့်မယ်လို့လဲ ယုံကြည် စရာမရှိပါဘူး။ ဒါကြောင့် စိတ်ဆင်းရဲမှုတကယ်ငြိမ်းပြီး ချမ်းသာချင်ရင် ဘုရား ဟောထားသည့် သတိပဋ္ဌာနသုတ် တရားတော်နှင့်အညီ ကိုယ်အမူအရာဟူသမျှ ခံစားမှု ဝေဒနာဟူသမျှ စိတ်ကူးကြံစည်မှုဟူသမျှ ရုပ်နာမ်သဘောတရားဟူသမျှကို ထင်ရှား ဖြစ်ခိုက်မှာ မပြတ်ရှုလျက် ဝိပဿနာတရားကို ကျကျနန အားထုတ်သွားဘို့ပါဘဲ။
အဲဒီ သတိပဋ္ဌာနသုတ် တရားတော်နှင့်အညီ ဝိပဿနာအလုပ်ကို မပြတ် အားထုတ်သွားရင် ယခုမျက်မှောက်ဘဝမှာလဲ ကိုယ်ဆင်းရဲစိတ်ဆင်းရဲငြိမ်းပြီး ချမ်းသာ သွားနိုင်ပါသည်။ မြတ်စွာဘုရားကိုယ်တော်တိုင် ပရိနိဗ္ဗာန်စံခါနီး ဝါဆိုဦးကာလမှာ ပရိနိဗ္ဗာန်စံလောက်အောင် ဖြစ်ပေါ်လာတဲ့ အလွန်ပြင်းထန်သောရောဂါကို သတိပဋ္ဌာန် ဝိပဿနာနည်းဖြင့် ရှုမှတ်အားထုတ်ပြီး ကင်းပျောက်စေခဲ့ကြောင်း ဟောပြထားတာ ရှိပါတယ်။ ယခုနေအခါလဲ တချို့ယောဂီတွေမှာ သတိပဋ္ဌာန်ဝိပဿနာနည်းဖြင့် ရှုမှတ် နေရင်း အလွန်ကြီးကျယ်တဲ့ ရောဂါပျောက်သွားကြတာတွေ တော်တော်များများ ရှိပါတယ်။ တက္ကသိုလ်ဝိပဿနာတရားတော်ဆိုတဲ့စာအုပ်ထဲမှာ ဖော်ပြထားတာ ရှိပါ တယ်။ အင်္ဂလိပ်ဘာသာပြန်ပြီး ထုတ်ဝေနိုင်တဲ့ အခါကျရင်တော့ အဲဒီအကြောင်းအရာ တွေကို ထင်ရှားတွေ့ရမှာပါပဲ။
တချို့ရောဂါတွေဟာ အနောက်တိုင်းဆေးနည်းများ, အရှေ့တိုင်းဆေးနည်းများ ဖြင့် ကုသလို့မပျောက်ပဲရှိနေပါလျက် ဝိပဿနာရှုမှုဖြင့် ပျောက်သွားတာကိုလဲ တွေ့ကြ ရပါတယ်။ ဘာ့ကြောင့် ရောဂါပျောက်သလဲဆိုတော့ စင်ကြယ်တဲ့ဝိပဿနာစိတ်ကြောင့် ရုပ်ကောင်းရုပ်သန့်ရုပ်ထူးတွေ ဖြစ်ပွားလာသောကြောင့် ပျောက်တယ်လို့ မှတ်ယူရပါ တယ်။ နောက်ပြီးတော့ စိတ်ဆင်းရဲတွေကိုလဲ စူးစူးစိုက်စိုက်ရှုမှတ်နေရင် အဲဒီ စိတ်ဆင်းရဲတွေ လုံးဝပျောက်သွားပြီး စိတ်ချမ်းသာသွားတာကိုလဲ ဝိပဿနာရှုသူတွေ ဟာ ကိုယ်တိုင်တွေ့နိုင်ပါတယ်။ ဒါကြောင့် သတိပဋ္ဌာန်နည်းဖြင့် ဝိပဿနာရှုတာဟာ မျက်မျောက်မှာ ကိုယ်စိတ်ဆင်းရဲတွေ ပျောက်ငြိမ်းစေပြီးတော့ ကိုယ်စိတ်ချမ်းသာသွား စေနိုင်ပါတယ်၊ ကိလေသာဟူသမျှကို ကင်းငြိမ်းစေပြီးတော့ အိုခြင်း, နာခြင်း, သေခြင်း စသော ဆင်းရဲဟူသမျှကိုလဲ ကင်းငြိမ်းစေနိုင်ပါတယ်။ ဒါကြောင့် ဆင်းရဲကင်းငြိမ်းပြီး ချမ်းသာလိုတဲ့ပုဂ္ဂိုလ်တိုင်းပင် ဗုဒ္ဓမြတ်စွာဘုရားဟောကြားသည့် သတိပဋ္ဌာန်ဒေသနာ တော်နှင့်အညီ ဝိပဿနာအလုပ်ကို အခါအခွင့်ရသမျှ ကြိုးစားအားထုတ်သွားသင့်တာ ချည်းပါဘဲ။