သစ္စာလေးပါးတရားတော်
Author By - မဟာစည်ဆရာတော်ဘုရားကြီး
test
သစ္စာလေးပါးတရားတော်
Published Date - 2008
Author By - မဟာစည်ဆရာတော်ဘုရားကြီး
737 စာမျက်နှာ
နိဒါန်း
နမော ဗုဒ္ဓါယ သိဒ္ဓံ။
ဤစာအုပ်အကြောင်း
ဤစာအုပ်ဖြစ်ပေါ်လာရခြင်းအကြောင်းကို ပြရလျှင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး သည် “ဤသစ္စာလေးပါးတရားတော်ကြီး”ကို ၁၃၂၃ ခု၊ တော်သလင်းလဆုတ် (၈)ရက်နေ့မှစ၍ အခွင့်သင့်သော သီတင်းနေ့များ၌ ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ၊ ဖလ်ယဉ်ဓမ္မာရုံတော်ကြီးတွင် ဟောကြားတော်မူခဲ့လေသည်။
၁၃၂၄ ခု၊ ကဆုန်လကွယ်နေ့တွင် အပြီးသတ် ဟောကြားတော်မူခဲ့ပါ၏။ ယင်းတရားတော်ကို ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ တိပ်ရီကော်ဒါဖြင့် အသံဖမ်းယူထားခဲ့၏။ တစ်ဖန်ဆက်၍ ယင်းတရားတော်ကို လက်နှိပ်စက်ဖြင့် စာမူကြမ်း ထုတ်ယူခဲ့ပြန်သည်။ ၎င်းစာမူကြမ်းတွင် လျှောက်လွှာစာရွက်ဖြင့် စာမျက်နှာ (၆၀၀)ကျော်ရှိ၏။ အခန်းပေါင်း (၁၆)ခန်း ခွဲခြားပြီး တစ်ခန်းလျှင် တစ်သီတင်းကျ ဟောကြားတော်မူခဲ့ရာ ဒုက္ခသစ္စာမှာ လေးသီတင်း, လေးခန်း၊ သမုဒယသစ္စာမှာ တစ်သီတင်း, တစ်ခန်း၊ နိရောဓသစ္စာမှာ တစ်သီတင်း, တစ်ခန်း၊ မဂ္ဂသစ္စာမှာ (၁၀)သီတင်း, (၁၀)ခန်း ရှိခဲ့လေသည်။
ဟောတော်မူသောအခါ ကြားမှာ အကြောင်းအားလျော်စွာ ပြတ်လပ်မှုရှိခဲ့၍ ၁၃၂၄ ခုနှစ်၊ ကဆုန်လကွယ်နေ့မှ အပြီးသတ်တော်မူခဲ့၏။
ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော တရားတော်များ မပျောက်ပျက်စေရန် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ စာအုပ်အဖြစ်ရောက်အောင် ဆောင်ရွက်လာခဲ့ကြရာ ယခု စာမူကြမ်းကိုလည်း စာမူချောဖြစ်အောင် ကြည့်ရှုသုံးသပ်ပြီး ပေးပါရန် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် တွဲဖက်အကျိုးတော်ဆောင် ဒါယကာကြီး ဦးဖုန်းမြင့် က စာရေးသူအား လာရောက်လျှောက်ထားအပ်နှံခဲ့ လေသည်။ အပ်နှံမှုကို လက်ခံပြီး ၁၃၆၇ ခု၊ ဝါဆိုလမှစပြီး ဖတ်ရှုသုံးသပ်ခဲ့ရာ တော်သလင်းလတွင် အပြီးသတ်နိုင်ပြီး နိဒါန်းပါ ရေးသားပေးပါရန် လျှောက်ထားခဲ့သဖြင့် တစ်ဆက်တည်းရေးကာ သီတင်းကျွတ်မှ ပြန်လည်အပ်နှံ၍ “ဤစာအုပ်” ထွက်ပေါ်လာရခြင်းဖြစ်ပါသည်။
ကျေးဇူးဆပ်ရန် ရောက်ရှိပြန်
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် သက်တော်ထင်ရှားရှိစဉ်ကဆိုလျှင် ဟောပြီးသော တရားတစ်ပုဒ်ကို စာတစ်အုပ်ပြုလုပ်မည်ဆိုပါက တိတ်ခွေမှ ထုတ်ယူပြီး စာမူကြမ်းကို ကိုယ်တော်တိုင် ခရေစေ့တွင်းကျ ကြည့်ရှုပြင်တော်မူပြီး တပည့်များဖြစ်ကြသော နာယက၊ ကမ္မဋ္ဌာနာစရိယ ဓမ္မကထိက တစ်ပါးပါးအား ပြန်လည်ဖတ်ရှုပြီး နိဒါန်းများရေးရန် တာဝန်ပေးတော်မူလေ့ရှိ၏။ ယခုသော်ကား စံလွန်တော်မူပြီးမှ “ဤသစ္စာလေးပါးတရားတော်ကြီး”ကို စာမူကြမ်းထုတ်ကာ အချောပြင်ဆင် စက်တင်ပုံနှိပ်ရသည်ဖြစ်၍ ဤစာရေးသူထံ ပြင်ဆင်ရန် ရောက်ရှိ လာခြင်းသည် “ကတညုတ ကတဝေဒီ” မင်္ဂလာတရားတော်အရ ဆရာသမား၏ကျေးဇူးကို အထူးဆပ်ခွင့် ကြုံလာသော မင်္ဂလာအခါကောင်းကြီးတစ်ခု ရရှိလိုက်ခြင်းပဲဟု ဝမ်းမြောက်မဆုံး ဖြစ်ရတော့သည်။
ဆရာတော်ဘုရားကြီး၏ ဒေသနာဝိလာသဉာဏ်တော်
“ဆိုရေးရှိက ဆိုအပ်လှ၏” ဟူသော စကားအရ ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး၏ အဟောတရားတော်များစွာတို့တွင် “ဤသစ္စာလေးပါးတရားတော်ကြီး”သည် အကျယ်ပြန့်ဆုံးနှင့် အစုံအလင်ဆုံး တရားအစုတွင် တစ်ခုအပါအဝင်ဟုဆိုလျှင် ဆိုချင်ပါ၏။ အဘယ့်ကြောင့်ဆိုသော ဤစာရေးသူသည် ဒီစာမူကြမ်း စာမျက်နှာ (၆၀၀)ကျော်ကို တစ်ရွက်မကျန် အစမှအဆုံးအထိ ဖတ်ရှုသုံးသပ်ခဲ့ရသောကြောင့် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဆရာတော်ဘုရားကြီး၏ စာတွေ့ ကိုယ်တွေ့ ဟောညွှန်ပြသ ဆုံးမမှုများသည် ထင်ရှားပေါ်လွင်လှသည်ဖြစ်၍ ဆရာတော်ဘုရားကြီး၏ “ဒေသနာဝိလာသဉာဏ်တော်”ကိုလည်း ကြည်ညိုမဆုံး ဖြစ်ခဲ့ရပါသည်။
အခြေခိုင်မာ ဒေသနာ
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော တရားတော်များသည် ကြားနာကောင်းရုံ သာမန်ဟောထားသည်မဟုတ်ဘဲ ထိုထို ပိဋကတ်တော်မှ သုတ္တန်တစ်ခုခုကို မူရင်းတည်ပြီး ယောဂီတို့၏ ကိုယ်တွေ့ ဉာဏ်တွေ့နှင့် ဆက်စပ်လျက် ဟောကြားတော်မူသော တရားတော်များဖြစ်ပါ၏။ ယခုထုတ်ဝေမည့် သစ္စာလေးပါးတရားတော်ကိုလည်း “ဒီဃနိကာယ်သုတ်မဟာဝါပါဠိတော် မဟာသတိပဋ္ဌာနသုတ္တန်လာ ဓမ္မာနုပဿနာ သတိပဋ္ဌာန် (၅)ပိုင်းတွင် စတုသစ္စပဗ္ဗ သစ္စာလေးပါး အပိုင်းကဏ္ဍကို မူတည်ပြီးတော့ ဖတ်ရှုနားယူသူများ သိနားလည်အောင် ဥပမာ, ဥပမေယျ ပုံဆောင်ပြလျက် စုံလင်စွာ တန်ဆာဆင်ပြီး ဖွင့်လှစ်ဟောကြားထားသော တရားတော်ဖြစ်ပါ၏။
မူရင်းသုတ္တန်၏ ဦးတည်ချက်မပျက်စေဘဲ ဋီကာ အာစရိယမုဋ္ဌိ နည်းစုံညှိလျက် ဖြည့်စွက်ထည့်သွင်းကာ ပဋိပါဒါနည်း စနစ်ကျကျဖြင့် ဟောကြားခဲ့ပေသည်။
ဘုရားရှင်၏အလိုတော်နှင့် ဆရာတော်ဘုရားကြီး၏ ရည်မှန်းချက်ဖြစ်သည့် နိဗ္ဗာန်ဆီသို့ ကြားနာပွားရှုသူတို့ ဦးတိုက်သွားရောက်နိုင်အောင် ဓမ္မကထိကအစစ်၏ ဂုဏ်အင်္ဂါလက္ခဏာတို့ဖြင့် စုံလင်စွာ တန်ဆာဆင်၍ စီစဉ်ဟောကြားထားသောကြောင့် အခြေခိုင်မာ ဒေသနာအနှစ်အစစ် ဖြစ်ကြောင်းလည်း ပေါ်လွင်လှပါ၏။
သာသနာနဲ့တွေ့ရတာ ဘာအတွက်လဲ
ဆရာတော်ဘုရားကြီးသည် တရားဟောကြားတော်မူသောအခါ လိုရင်းကျသော အဓိပ္ပါယ်ကို ရှေးဦးစွာ ညွှန်ပြတော်မူလေ့ရှိပါသည်။
သို့ဖြစ်၍ ဤသစ္စာလေးပါးတရားတော် ဟောကြားတော်မူသောအခါမှ လိုရင်းအဓိပ္ပါယ်ကို အောက်ပါအတိုင်း ရှေးဦးစွာ ညွှန်ပြတော်မူခဲ့၏။ (နှာ-၁)
မြတ်စွာဘုရားသာသနာတော်မှာ သစ္စာလေးပါးဆိုတာ သိဖို့ရာ အရေးကြီးဆုံးပဲ။ သစ္စာလေးပါးကိုသိရင် သာသနာမှာ ကျင့်သင့်ကျင့်ထိုက်တဲ့ ကျင့်ဝတ်တာဝန်တွေဟာ အကုန်လုံးပြည့်စုံသွားတော့တာပဲ။ သစ္စာလေးပါးကို မသိနိုင်ကြတဲ့အတွက် သံသရာထဲမှာ ဒုက္ခအမျိုးမျိုးတွေနဲ့ တွေ့နေကြရတယ်။ သစ္စာလေးပါးကို သိသွားလို့ရှိရင် ဆင်းရဲတွေ အကုန်လုံးလွတ်ပြီးတော့ သွားနိုင်တယ်။
ရှေးရှေးသောဘုရားတွေလည်း သစ္စာလေးပါးကို သိပြီးတော့ နိဗ္ဗာန်ကို ဝင်ကြရတယ်။ ဘုရား၏တပည့်သားဖြစ်တဲ့ ရဟန္တာပုဂ္ဂိုလ်တွေလည်း ဒီသစ္စာလေးပါးကိုသိပြီးတော့ နိဗ္ဗာန်ကိုဝင်ကြရတယ်။ နောက်နောက်သောအခါ ပွင့်တော်မူလတ္တံ့သော ဘုရားတွေရော, အဲဒီဘုရားရှင်တို့၏ တပည့်သာဝကတွေရော, ကြားထဲမှာ ပွင့်မယ့် ပစ္စေကဗုဒ္ဓါတွေရော, ဒါတွေလည်း ဒီသစ္စာလေးပါးတရားတော်ကို သိပြီးတော့ နိဗ္ဗာန်ဝင်ကြမှာပဲ။ ယခုပွင့်တော်မူတဲ့ ဂေါတမမြတ်စွာဘုရားရော,တပည့်သားဖြစ်တဲ့ အရှင်သာရိပုတ္တရာ,အရှင်မောဂ္ဂလာန် အစရှိသော သာဝကတွေရော ဒီသစ္စာလေးပါးတရားကို သိဖို့ရာ အရေးကြီးတယ်ဆိုတာ ထင်ရှားနေပါတယ်။ အရေးကြီးလို့လည်း မြတ်စွာဘုရား ဘုရားဖြစ်ပြီး တရားဦးစ, ဟောကတည်းက ဓမ္မစကြာခေါ်တဲ့တရားမှာ သစ္စာလေးပါးအခြေခံတည်ပြီး ဟောခဲ့တာဖြစ်ပါတယ်။
မဟောင်းနိုင်သော ဗုဒ္ဓတရားတော်
လောက၌ ပေါ်ပေါက်နေသော စာပေအရေးအသားအချို့တို့က သူ့ခေတ် တစ်ခေတ်မှာသာ ခေတ်မီတွင်ကျယ်ပြီးနေငြားသော်လည်း နောင်တစ်ခေတ်ရောက်တဲ့အခါ ခေတ်ဟောင်းသွားပြီး ခေတ်၏စွန့်ပစ်ခြင်းကို ခံရတော့၏။
ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူခဲ့သော တရားတော်များကား ဟောင်းလေသစ်လေ, ကြာလေ ကောင်းလေ ဖြစ်ပြီး အတိတ်၊ အနာဂါတ်၊ ပစ္စပ္ပန် ကာလသုံးပါးလုံးမှာပင် အမြဲတမ်း သစ်လွင်လျက် ခေတ်မီနေသော တရားတော်များသာ ဖြစ်နေပေသည်။ ထို့ကြောင့် အရှေ့တိုင်း အနောက်တိုင်းမှ သိပ္ပံပညာရှင်များပင် လေ့လာနေကြပြီမဟုတ်ပါလား။
ခေတ်နောက်မကျသော ဗုဒ္ဓတရားတော်
လွန်ခဲ့သော အတိတ်သာသနာတော်နှင် (၂၅၀၀) ကျော်ကာလက ဟောကြားတော်မူခဲ့သော ဗုဒ္ဓ၏ အဆိုအမိန့်တရားတော်များကို ယခုခေတ် သိပ္ပံနည်းပညာအမျိုးမျိုးဖြင့် စမ်းသပ်ရှာဖွေကြသော်လည်း ဗုဒ္ဓ၏ဟောကြားချက် တရားတော်များကို ကျော်လွန်နိုင်သော သိပ္ပံပညာကား မပေါ်ပေါက်သေးပေ။ စကြဝဠာနှင့်စပ်၍ ဗုဒ္ဓဟောတော်မူခဲ့သော အချက်အလက်များကို သိပ္ပံပညာဖြင့် ယခုတိုင် ကုန်အောင်ရှာဖွေ၍ မရနိုင်သေးချေ။ သိပ္ပံပညာဖြင့် ရှာဖွေ၍ မရနိုင်သော ဝိပဿနာပညာ, မဂ်ဖိုလ်ပညာနှင့် နိဗ္ဗာန်တိုင်အောင် ချမ်းသာတို့သည် ဗုဒ္ဓသာသနာဝင်တို့၏ လက်ထဲမှာသာ အထင်အရှား ရှိနေကြပေသည်။ ထို့ကြောင့် ဗုဒ္ဓတရားတော် (စကားတော်)များသည် ယနေ့တိုင်ပင် ခေတ်၏ရှေ့မှ ပြေးနေလျက်ရှိကြောင်း ထင်ရှားလှပေသည်။
တရားတိုင်းတွင် သူပါဝင်
ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီးသည် ဤသစ္စာလေးပါးတရားတော်ကား ဗုဒ္ဓဟောကြား တရားတော်တိုင်းမှာပင် သူပါဝင်နေ၍ “ခပ်တိုင်းငံ ပဲခူးဆား” ဆိုစကားကဲ့သို့ ဖြစ်နေကြောင်းကို အောက်ပါအတိုင်း မိန့်ကြားတော်မူခဲ့၏။ (နှာ ၂)
“မြတ်စွာဘုရား ဟောတိုင်း ဟောတိုင်း တရားဒေသနာတိုင်းမှာ
ဒီသစ္စာလေးပါးတရား
သိဖို့ချည်း ရည်ရွယ်ပြီးတော့
ဟောတာပဲ။ တိုတိုဟောဟော, ရှည်ရှည်ဟောဟော, တိုက်ရိုက်ပဲဟောဟော, သွယ်ဝိုက်ပဲဟောဟော၊
ဒီသစ္စာလေးပါးတရားသိဖို့ ဟောတာပဲ၊ သတိပဋ္ဌာန်သုတ်မှာဆိုရင် ပထမအစပိုင်းကနေပြီး ကာယာနုပဿနာကိုဟောတယ်၊ ဒါလည်း သစ္စာလေးပါးသိဖို့ ဟောတာပဲ၊ ဝေဒနာနုပဿနာဟောလည်း ဒီသစ္စာလေးပါးသိဖို့ပဲ၊ စိတ္တာနုပဿနာဟောလည်း ဒီသစ္စာလေးပါးသိဖို့ပဲ၊ ဓမ္မာနုပဿနာထဲက နီဝရဏငါးပါးဟောတယ်၊ ဒါလည်း သစ္စာလေးပါးသိဖို့ပဲ၊ ခန္ဓာငါးပါးဟောလည်း သစ္စာသိဖို့ပဲ၊ အာယတန (၁၂)ပါးဟောလည်း ဒီသစ္စာသိဖို့ပဲ၊ ဗောဇ္ဈင်ဟောလည်း ဒီသစ္စာလေးပါးသိဖို့ပဲ ဟောတယ်၊ ဒီနေ့ ဟောမယ့်တရားကတော့ သစ္စာလေးပါးကို တိုက်ရိုက်ပဲ ဟောတယ်၊ သွယ်ဝိုက်ဟောတာ မဟုတ်ဘူး” ဟု မိန့်ခဲ့၏။
ပြည့်စုံလှပါ ဤကျမ်းစာ
ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီးသည် ဤသစ္စာလေးပါးတရားတော်ကြီးကို တစ်သီတင်းလျှင် တစ်ပိုင်းပိုင်း၍ (၁၆)သီတင်းတိုင်တိုင် သစ္စာလေးပါးကို ပေါ်လွင်အောင် ဟောတော်မူခဲ့ရာ ပိုင်နိုင်တော်မူလှပါပေသည်။ နိုင်နင်းတော်မူသလောက်ပင် ဟောကြားတော်မူသည့်နေရာမှာလည်း ဘယ်နေရာတော့ လိုနေသေးသည်ဆိုတာ မရှိရအောင် အကွက်စေ့စေ့ ပြည့်ပြည့်စုံစုံ ဟောထားသည်ကို တွေ့ရပါသည်။ “ဥပမာယ မိဓေကစ္စေ အတ္တံ အာဇာနိန္တိ ဝိညူ ပုရိသာ”ဟူသော ဆိုရိုးစကားလာရှိသည်နှင့်အညီ တရားသဘောတိုင်းမှာလိုလို အဓိပ္ပါယ်ပေါ်လွင် ထင်ရှားအောင် နှိုင်းယှဉ်ကြောင်း လောကဥပမာစကားများထည့်သွင်းကာ ဟောကြားထားပုံများကလည်း လွန်စွာမှ ပေါ်လွင်လှပါသည်။
ဟောကြားသည့်အခါမှာ ပရိယတ်အမြင်တစ်မျိုးတည်းသာ ကြည့်ပြီးဟောထားသည်မဟုတ်၊ ပရိယတ်, ပဋိပတ်နှစ်ရပ်သော အမြင်မျိုးနှင့် ဟောထားသော တရားတော်ဖြစ်သောကြောင့် ထိုပုဂ္ဂိုလ်နှစ်မျိုးလုံး လက်ခံနိုင်သော တရားတော်ဖြစ်ပေသည်။
ဤသစ္စာလေးပါးတရားတော်သည် မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်အထိ အလုပ်သဘောများကိုပါ ညွှန်ပြလို၍ အခြေခံဝိပဿနာရှုနည်းများကိုလည်း အခါအားလျော်စွာ ထည့်သွင်းဟောကြားခဲ့လေသည်။
ဥပမာ (နှာ၂၄၄)၌ “ယောဂီပုဂ္ဂိုလ်မှာတော့ မြင်တိုင်းကြားတိုင်း ဒွါရခြောက်ပါးက ပေါ်တိုင်းပေါ်တိုင်းတွေ ရှုပြီးနေတော့ သမာဓိဉာဏ်တွေ အားရှိလာတဲ့အခါ ပညတ်တွေ ပျောက်ပြီး ပရမတ်သဘောချည်း ထင်နေတာကိုး။ (ပ) ဝမ်းဗိုက်က ဖောင်းတာ ပိန်တာ မှတ်ရင်လည်း ဖောင်းတာပိန်တာလေးက လှုပ်လိုက်, ရွှေ့လိုက်,ပျောက်လိုက်, လှုပ်လိုက်, ရွှေ့လိုက်,ပျောက်လိုက် အဲဒါဖြစ်ပြီး ပျောက်ပျက်နေတဲ့ တရားချည်းပဲ၊ စိတ်ကူးတွေ ပေါ်လာတိုင်းလည်း အဲဒီစိတ်ကူးလေးတွေ လိုက်ပြီး ရှုလိုက်ရင် သူက သာပြီးမြန်သေး၊ ဖြစ်ပြီး ပျောက်သွားပြီ မရှိတော့ဘူး၊ ဘာမှ တာရှည်တည်နေတဲ့ အထည်ဝတ္ထုရှာလို့မရဘူး၊ ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေချည်းပဲ တွေ့နေတယ်”
ဆက်လက်၍ နိဗ္ဗာန်ဆိုက်ရောက်ပုံကိုလည်း ဒါလို့ ညွှန်ပြတော်မူခဲ့သည်။ (နှာ ၂၄၅) ၌ “ဒါကြောင့် ဒီရုပ်နာမ်အားလုံး ဖြစ်ပျက် ချုပ်ဆုံးပြီးတော့ သွားတာ၊ တွေ့ရတဲ့တရားဟာ တဏှာငြိမ်းရာဖြစ်လို့ သူ့ကို နိဗ္ဗာန်လို့ခေါ်တယ်”
“ရုပ်နာမ်အားလုံး၊
ဖြစ်ပျက်သုံး၊ ချုပ်ဆုံးနိဗ္ဗာန်တည်း”တဲ့။ ဒီလို မှတ်ချက်နှင့်တကွ
ပေါ်လွင်အောင် ဟောညွှန်ခဲ့လေသည်။
စာကြည့်မှ ကောင်းမှန်းသိသလို
ထမင်းဟင်း စသော အရသာများဟာ ကိုယ်တိုင်စားကြည့်မှ ကိုယ်တိုင်သိရသလို ဤကျမ်း၏ ကောင်းမွန်ပြည့်စုံသမျှကို ဤနေရာတွင် ကုန်စင်အောင် ဖော်မပြနိုင်ပါ။ သို့ဖြစ်၍ ဆားမြည်းလောက်သာ ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။ ကိုယ်တိုင်ဖတ်ရှုကြည့်ပါလို့ တိုက်တွန်းလိုပါသည်။ ကိုယ်တိုင်ဖတ်ရှုကြည့်သော အခါ အပြည့်အဝသိရမည်မှာ ဧကန်ပါ။ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားသောတရားဖြစ်စေ၊ ရေးသားသောကျမ်းဂန်ဖြစ်စေ၊ ဟောခွင့် ရေးခွင့်ရောက်လာလို့ ဟောပြီရေးပြီဆိုရင် ပရိယတ်ရော ပဋိပတ်ပါ အပြည့်အစုံ ဟောကြားရေးသားတော်မူလေ့ရှိပါသည်။
အချို့သောပုဂ္ဂိုလ်များ ဟောရာ, ရေးရာတို့၌ ပရိယတ်အားသန်လျှင် ပရိယတ်ဘက် အလေးထားလျက်၊ ပဋိပတ်အားသန်လျှင် ပဋိပတ်ဘက် အလေးထားလျက်သာ ဟောကြားရေးသားတတ်ကြပေသည်။ ဤသို့ဖြစ်နေလျှင် ထမင်းစားရာ၌ “ထမင်းက ကောင်းသော်လည်း ဟင်းက မကောင်း၊ ဟင်းက ကောင်းသော်လည်း ထမင်းက မကောင်း ဖြစ်နေက အရသာမတွေ့သလို” ဖြစ်နေတတ်ပါသည်။ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားရေးသားထားသော တရားတော်များကား ထမင်းရော ဟင်းပါ ဘက်စုံကောင်းသော ထမင်ပွဲစားရသည်နှင့်တူမည်မှာ သေချာလှပါသည်။
ဤသစ္စာလေးပါးတရားတော်ကြီးသည် နောင်လာနောက်သား ရဟန်းရှင်လူ သူတော်စင်များအတွက်ရော လက်တွေ့တရားဘာဝနာ ရှုပွားကြတဲ့ ယောဂီများအတွက်ပါ ကျေးဇူးများလှသော တရားတော်ကြီးဖြစ်သဖြင့် ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး တည်သမျှကာလပတ်လုံး အဓွန့်ရှည်ကြာ တည်ပါစေသော်ဟု ဆန္ဒကောင်းပြုပြီး အောက်ပါရည်ရွယ်ချက်ကလေးထားကာ ဤနိဒါန်းလွှာကို အဆုံးသတ်လိုက်ပါသည်။
“စိရံ တိဋ္ဌတု သဒ္ဓမ္မော၊ ဓမ္မေ ဟောန္တု သဂါရဝါ”
မဟာစည်နာယက
ဘဒ္ဒန္တဝါသဝ(မြစ်သား)
အဂ္ဂမဟာပဏ္ဍိတ
မြကျင် နာယကကျောင်း
မဟာစည်သာသနာ့ရိပ်သာ
ဗဟန်း၊ ရန်ကုန်မြို့။
၁၃၆၇ ခု၊ သီတင်းကျွတ်လဆန်း (၂)ရက်
(၄-၁၀-၂၀၁၅)