ဗုဒ္ဓသာသနအန္တရာယ်ကာကွယ်ရေးတရားတော်
Author By - မဟာစည်ဆရာတော်ဘုရားကြီး
ဗုဒ္ဓသာသနအန္တရာယ် ကာကွယ်ရတာဟာ ရဟန်းကောင်း ရဟန်းမြတ်တို့၏ အစဉ်အလာ တာဝန်ဖြစ်ပါသည်
ဗုဒ္ဓသာသနအန္တရာယ်ကာကွယ်ရေးတရားတော်
Published Date - 1979
Author By - မဟာစည်ဆရာတော်ဘုရားကြီး
110 စာမျက်နှာ
အချီး နိဒါန်း
အန္တရာယ်ကာကွယ်ရေး အလေးပြုသင့်သည်
လောက၌ လူတို့ အန္တရာယ် မဖြစ်ပေါ်ရအောင်, ဖြစ်ပေါ်လာလျှင်လည်း ပြေငြိမ်းရအောင် သက်ဆိုင်ရာ တာဝန်ဆောင် ပုဂ္ဂိုလ်တို့က ကာကွယ်စောင့်ရှောက်ကြရသည်၊ ယင်းသို့ အန္တရာယ် ကာကွယ် စောင့်ရှောက်သည်ကို လူတိုင်း လူတိုင်း အလိုရှိအပ်သည် ချည်းပင်၊ ထိုသို့ အလိုရှိအပ်သည်ချည်း ဖြစ်သောကြောင့် စောင့်ရှောက် ကာကွယ်ပေးသူတို့အား တတ်စွမ်းနိုင်သူတို့က ကူညီရ, အားပေးကြရသည်၊ ကျေးဇူးလည်းတင်ကြရသည်၊ ထို့အတူပင် ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တိုင်းက ဗုဒ္ဓသာသနာတော်နှင့် စပ်လျဉ်း၍ အန္တရာယ် မဖြစ်ရအောင်, ဖြစ်ပေါ်လာလျှင်လည်း ပြေငြိမ်းရအောင် ကာကွယ်စောင့်ရှောက်ခြင်းကို အလိုရှိအပ်သည်ချည်းပင် ဖြစ်သည်၊ ထို့ကြောင့် ထိုသို့ ဗုဒ္ဓသာသန အန္တရာယ် ကာကွယ်ရေး ဆောင်ရွက်သူများဖြစ်ထွန်း ပေါ်ပေါက်လာလျှင် ထိုပုဂ္ဂိုလ်တို့၏ ကာကွယ်စောင့်ရှောက်ရေးကို တတ်နိုင်သမျှ အားပေးသင့်ကြသည်ချည်းပင် ဖြစ်ပါသည်။
သာသနအန္တရာယ် မငြိတွယ်ဖို့ အရေးကြီးပါသည်
ယခုခေတ်အခါ၌ အချို့ပုဂ္ဂိုလ်တို့သည် “သစ္စာကို မသိသေးလျှင် အလှူဒါန ကုသိုလ်ကို မပြုသင့်” ဟူ၍ လည်းကောင်း၊ “သစ္စာမသိသေးသော အလှူရှင်တို့၏ လှူဖွယ်ပစ္စည်းများကို သူတို့ကိုယ်တိုင်က လက်မခံ” ဟူ၍လည်းကောင်း၊ “သစ္စာသိသူတို့၏ လှူဖွယ်များကိုသာ သူတို့ကိုယ်တိုင်က လက်ခံသည်”ဟူ၍လည်းကောင်း၊ လူ့ချမ်းသာ, နတ်ချမ်းသာကို တောင့်တပြီး မလှူသင့်ဟူ၍ လည်းကောင်း၊ ထိုသို့သော အလှူရှင်များက ပေးဝေသော ဒါနကုသိုလ်၏ အဖို့ဘာဂကို သာဓုမခေါ်သင့်” ဟူ၍လည်းကောင်း၊ “အကုသိုလ်များကို
ရှောင်ရန်မလို, အနိစ္စ, ဒုက္ခ, အနတ္တလက္ခဏာတို့ကို
သိအောင် ရှုဖို့လည်းမလို၊
သူတို့ ပြောပြသည့်အတိုင်း
နှလုံးသွင်းနေရုံမျှဖြင့် ကိစ္စပြီးသည်”ဟူ၍လည်းကောင်း၊ ဟောနေကြ ပြောနေကြသည်ကို ဤနိဒါန်းရေးသူကိုယ်တိုင်ပင် ကြားနာရဖူးပါသည်၊ ထိုသို့ကြားနာရသောအခါ ပျားရည်ကုန်သည် ညီနောင် သုံးယောက်၏ ဝတ္ထုအကြောင်းအရာကို သတြိုပဆင်ခြင်မိပါသည်၊ ထိုဝတ္ထုထဲမှာ ညီငယ်ဖြစ်သူက ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား ပျားရည်ကိုလှူပါသည်၊ သူဆုတောင်းပုံကတော့-” တပည့်တော်သည် ဤကောင်းမှုကြောင့် ဤဇမ္ဗူဒီပ၌ ဧကရာဇ်မင်းဖြစ်၍ အထက်တစ်ယူဇနာ, အောက်တစ်ယူဇနာ အာဏာပျံ့နှံ့ရပါလို၏”ဟု ဆုတောင်းလိုက်ပါသတဲ့၊ သူ့အစ်ကို နှစ်ယောက်က ထိုကောင်းမှုကို သာဓုအနုမောဒနာ ပြုကြပါသတဲ့၊ အဲဒီ ကုသိုလ်ကံကြောင့် အလှူရှင်ဖြစ်သော ညီငယ်က ဇမ္ဗူဒိပ်မှာ အသောကမင်း ဖြစ်လာသည်၊ သာဓုခေါ်ကြသော အစ်ကိုနှစ်ယောက်တို့တွင် တစ်ယောက်က သီဟိုဠ် (သီရိလင်္ကာ)ကျွန်း၌ ဒေဝါနံပိယတိဿမင်း ဖြစ်လာသည်၊ အစ်ကိုအကြီးဆုံးက ဇမ္ဗူဒိပ်၌ နိဂြောဓမထေရ် ရဟန္တာအရှင်မြတ် ဖြစ်လာပါသတဲ့။
အကယ်၍ အဲဒီခေတ်တုန်းက “သစ္စာမသိလျှင် မလှူရဘူး”ဟု ပြောသူရှိနေပါမူ၊
ထိုသို့ဟောပြောချက်ကိုလည်း ယုံကြည်နေခဲ့ပါမူ ထိုစဉ်ကာလက သစ္စာတရားဟောသူ မရှိသေး၍ သစ္စာကို မသိသေးသောကြောင့် ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား ပျားရည်ကို မလှူဘဲနေခဲ့ပါက ထိုပျားရည်ကုန်သည် ညီနောင်သုံးဦးထဲက ညီငယ်ဖြစ်သူဟာ အသောကမင်းတောင် ဖြစ်ခွင့်ရမည် မဟုတ်ပါ၊ အစ်ကိုနှစ်ယောက်ကလည်း လူ့ချမ်းသာကို တောင့်တပြီး လှူသည့် အလှူဖြစ်၍ ငါတို့က သာဓုမခေါ်ဘူးဆိုပြီး သာဓုမခေါ်ဘဲနေခဲ့ကြပါမူ ဒေဝါနံပိယ တိဿမင်းအဖြစ်, နိဂြောဓရဟန္တာမထေရ်အဖြစ်ကို ရကြမှာ မဟုတ်ပေဘူးလို့ သတိပြုမိပါသည်။ (သာရတ္ထ ဋီကာ၊ နှာ-၁၂၉)
ထိုသို့ အလွန်အကျွံ တစ်ဘက်စွန်းသို့ ရောက်သော အယူအဆမျိုးနှင့် ဟောပြောသူတို့အတွက် လည်းကောင်း၊ ထိုသူတို့၏ ဟောပြောချက်ကို ယုံကြည်ပြီး လိုက်နာပြုကျင့်နေကြသူတို့ အတွက်လည်းကောင်း ဗုဒ္ဓသာသနာတော်မြတ်နှင့် တွေ့ကြုံနေကြရစဉ်မှာ ရရှိနိုင်သော အကျိုးတရားတို့ဟာ ဆုံးရှုံးသွားနိုင်ကြပါသည်၊ လာဘန္တရာယ်, သဂ္ဂန္တရာယ်, ပုညန္တရာယ်, ဓမ္မန္တရာယ်ဟူသော အန္တရာယ်တို့လည်း ဖြစ်နိုင်ကြပါသည်၊ ဖြစ်နိုင်ကြပုံကတော့ ထိုသူတို့၏ တစ်ဘက်စွန်းရောက် အလွန်အကျွံ ဟောပြောချက်ကြောင့် တစ်စုံတစ်ယောက်ကဖြစ်စေ, အများကဖြစ်စေ ပေးလှူမှု ဒါနကို မပြုဘဲနေလျှင် ဗုဒ္ဓသာသနာဝင်ရဟန်း, ရှင်တို့မှာ ရသင့် ရထိုက်သော လာဘ်လာဘကို မရအောင် အန္တရာယ်ပြုရာရောက်သည်၊ ထိုလာဘအန္တရာယ်ကြောင့် ပရိယတ္တိ, ပဋိပတ္တိသာသနာကို ပြုကျင့်နေသူတို့မှာ ပြည့်ပြည့်စုံစုံ အားမထုတ်နိုင်သည်ဖြစ်၍ သာသနအန္တရာယ်လည်း ဖြစ်နိုင်ပါသည်၊ ဒါနကုသိုလ်ဖြင့် နတ်ပြည်သို့ ရောက်ရမည့် အခွင့်အရေးကိုလည်း ပျက်စေသောကြောင့် သဂ္ဂန္တရာယ်လည်းဖြစ်နိုင်ပါသည်၊ ဖြစ်သင့် ဖြစ်ထိုက်သော ဒါနကို မပြုသောကြောင့် ပုညန္တရာယ်လည်း ဖြစ်နိုင်ပါသည်၊ မဂ်, ဖိုလ်, နိဗ္ဗာန်သို့ ရောက်စေနိုင်သော အကျင့်လမ်းမှန်ကို မကျင့်သောကြောင့် ဓမ္မန္တရာယ်လည်း ဖြစ်နိုင်ပါသည်။
ဆရာကောင်း အမှီရမှ ကောင်းကျိုးရသည်
ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးသည်ကား တရားဓမ္မ ဟောပြောသောအခါမှာ ဖြစ်စေ, ကျမ်းစာကို ရေးသားသောအခါမှာဖြစ်စေ တိကျခိုင်လုံသော ကျမ်းဂန်စာသားများကို ကိုးကားဖော်ပြလျက် အမှန်အကန် အတိအကျဟောပြော ရေးသား ညွှန်ကြားတော်မူလေ့ ရှိပါသည်။ ထို့ကြောင့် ဤဗုဒ္ဓသာသနအန္တရာယ် ကာကွယ်ရေး တရားကျမ်းစာကို အသေအချာ လေ့လာကြည့်ရှုပြီး ဆရာတော်ဘုရားကြီး ညွှန်ပြထားတော်မူသည့်အတိုင်း လိုက်နာပြုကျင့်သွားကြမည် ဆိုလျှင် လိုက်နာပြုကျင့်ကြသူတိုင်းမှာ လာဘန္တရာယ်စသော အန္တရာယ်ဟူသမျှမှ လုံးဝ ကင်းလွတ်ကြပြီးလျှင် ဗုဒ္ဓသာသနာတော်မြတ်နှင့် တွေ့ကြုံနေရစဉ်မှာ ရရှိနိုင်သည့် လူ့ချမ်းသာ, နတ်ချမ်းသာ, မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ချမ်းသာဟူသော ကောင်းကျိုးချမ်းသာ ဟူသမျှကို မုချဧကန် အမှန်ရရှိမည်သာ ဖြစ်ပါသည်။
ဗုဒ္ဓသာသနအန္တရာယ် ကာကွယ်ရတာဟာ ရဟန်းကောင်း ရဟန်းမြတ်တို့၏ အစဉ်အလာ တာဝန်ဖြစ်ပါသည်။ ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ၇-ရက်မြောက်နေ့မှာ သုဘဒ္ဒမည်သော တောထွက်ရဟန်းအိုကြီးသည် ဗုဒ္ဓသာသနာတော်၏ အန္တရာယ်ကို ဖြစ်စေနိုင်သည့် မသင့်လျော်သော စကားကို ပြောဆိုခဲ့ပါသည်၊ ထိုအခါ အရှင်မဟာကဿပရဟန္တာမထေရ် အရှင်မြတ်က “ဗုဒ္ဓသာသနာတော်မြတ်၏
အန္တရာယ်ကို ကာကွယ်မှသာလျှင်
ငါဟာ ဘုရားရှင်အား ကျေးဇူးဆပ်ရာ ရောက်သည့်ပြင် ဗုဒ္ဓသာသနာတော်လည်း
တိကျမှန်ကန်စွာ အရှည်အကြာ တည်တံ့သွားပေလိမ့်မည်”ဟု ယောနိသော မနသိကာရဖြင့် ကျနသင့်လျော်စွာ
ကြံစည်တော်မူပြီးလျှင် အထက်တန်းကျသည့် ရဟန္တာမထေရ်မြတ် ၄၉၉-ပါးတို့နှင့် ညှိနှိုင်းတိုင်ပင်၍ ပထမသင်္ဂါယနာတင်လျက် ဗုဒ္ဓသာသနအန္တရာယ် ကာကွယ်ရေးကို ပြုတော်မူခဲ့ပေသည်။ (ဝိ-စူဠဝဂ္ဂပါဠိ၊ နှာ-၄၈၀၊ ဝိ-ဋ္ဌ-ပ-နှာ-၅၁)
ထို့နောက် ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးနောက် အနှစ် ၁၀ဝ ရှိသောအခါ၌လည်း ဝေသာလီပြည်မှာ နေကြသည့် ဝဇ္ဇီတိုင်းသား ရဟန်းများက ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမ ဝိနည်းသာသနာတော်နှင့် ဆန့်ကျင်ဘက်ဖြစ်သော ရွှေငွေတို့ကို ကိုင်ခံခြင်း စသည့် အကျင့်ပျက်များကို ပြုလုပ်နေကြသည်၊ ထိုအကျင့်ပျက်များကို ပြုကောင်းသည့် အနေဖြင့်လည်း ဟောပြောနေကြသည်၊ ထိုအကျင့်ပျက် ဟောပြောချက်များကို ကြားရ, တွေ့ရသဖြင့် အရှင်ယသ ရဟန္တာမထေရ်မြတ်သည် “ငါလို ရဟန္တာ မထေရ်မြတ် ရှိနေပါလျက် ဗုဒ္ဓသာသနအန္တရာယ်ကို မကာကွယ်ဘဲ လျစ်လျူရှုနေလျှင် မသင့်တော်ဘူး”ဟု ဆင်ခြင်တော်မူပြီးလျှင် အရှင်ရေဝတ ရဟန္တာမထေရ်မြတ်နှင့်တကွ အရှင်သဗ္ဗကာမိ ရဟန္တာမထေရ်မြတ်ကြီး အမှူးရှိသော ရဟန္တာမထေရ် ၇၀ဝ တို့ကို စုဝေးစေကာ ဒုတိယ သင်္ဂါယနာတင်စေလျက် ဗုဒ္ဓသာသနအန္တရာယ် ကာကွယ်ရေးကို ဆောင်ရွက်တော်မူခဲ့ပါသည်။ (စူဠဝဂ္ဂပါဠိ နှာ-၄၉၁၊ ဝိ-ဋ္ဌ ပ-နှာ-၂၆)
ထို့နောက် ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီးနောက် နှစ်ပေါင်း ၂၁၈-နှစ်ကျော်ကာလ၌ ဗုဒ္ဓသာသနာ အပြင်ပမှတိတ္ထိတို့သည် ဗုဒ္ဓသာသနာတော်အတွင်းသို့ ရှင်တု, ရဟန်းတုအဖြစ်ဖြင့် ဝင်ကြလျက် ဗုဒ္ဓသာသနာတော်နှင့် ဆန့်ကျင်ဘက်မိစ္ဆာ အယူဝါဒများကို ဟောပြောနေကြပါသည်။ ထိုအခါ ပိဋကတ်တော်၌ ကျွမ်းကျင်တော်မူကြသည့် ဘုရားတပည့် သားတော်အစစ် ရဟန်းတော်အရှင်မြတ်တို့က ဗုဒ္ဓသာသနာတော် အစစ်အမှန်ဖြင့် ပြောဆိုဆုံးမကြသော်လည်း ယင်းတိတ္ထိ ရဟန်းတုတို့သည် ဓမ္မဝိနယအားလျော်သော အကျင့်မှန်၌ မတည်ကြဘဲ အယူဝါဒအမှားတွေကို ဖြန့်ချီဟောပြော နေကြလေသည်၊ ထိုစဉ်အခါက သီရိဓမ္မာသောက ဘုရင်မင်းမြတ်ကြီးအား အရှင်မောဂ္ဂလိပုတ္တတိဿ ရဟန္တာမထေရ်မြတ်ကြီးက ဗုဒ္ဓသာသနာဆိုင်ရာ တရားစစ်တရားမှန်ကို သင်ပြပေးပြီးလျှင် အာဏာစက်ဖြင့် မိစ္ဆာဝါဒဆိုင်ရာ သာသနအန္တရာယ်ကို ကာကွယ်စေခဲ့သည်၊ မိမိကိုယ်တော်တိုင်လည်း ကထာဝတ္ထုကျမ်းကြီးကို ဟောကြား၍ မိစ္ဆာဝါဒ သာသနအန္တရာယ်တို့ကို ဓမ္မစက်ဖြင့် ပယ်ဖျက် ကာကွယ်တော်မူခဲ့ပြီးနောက် ရဟန္တာမထေရ်မြတ် ၁၀ဝ၀-ခန့်နှင့်တကွ တတိယအကြိမ် သင်္ဂါယနာတင်တော်မူခဲ့ပေသည်၊ ဤအချက်များသည်လည်း ဗုဒ္ဓသာသနအန္တရာယ် ကာကွယ်ရေးများပင် ဖြစ်ပါသည်။ (ဝိ-ဋ္ဌ-ပ-နှာ-၂၆-၂၇)
ထို့နောက်လည်း ပိဋကတ်ကျမ်းဂန်တို့၌ ကျွမ်းကျင်၍ ဗုဒ္ဓသာသနာတော်ကို အလေးအမြတ် ပြုတော်မူသော ရဟန်းကောင်း ရဟန်းမြတ်ထေရ် အရှင်တို့သည် ဆရာတပည့်အဆက်ဆက်ပင် ဗုဒ္ဓသာသနအန္တရာယ်ကို ကာကွယ်စောင့်ရှောက်တော်မူခဲ့ကြသောကြောင့် ယခုခေတ် ယခုအခါထိအောင် ထေရဝါဒ အစဉ်အလာဖြင့် ဗုဒ္ဓသာသနာတော်အစစ် မပျက်စီးဘဲ တည်မြဲ တည်တံ့လျက် ရှိနေပေသည်။
သာသနာ့ဘေး ကင်းဝေးစေရန် မြတ်ကျမ်းဂန်
ဗုဒ္ဓသာသနအန္တရာယ်ကို ကာကွယ်စောင့်ရှောက်ချီးမြှောက်တော်မူသွားကြသော ပထမသင်္ဂီတိပုစ္ဆက ဖြစ်တော်မူသော အရှင်မဟာကဿပ, ဒုတိယသင်္ဂီတိပုစ္ဆက ဖြစ်တော်မူသော အရှင်ရေဝတ ရဟန္တာ မထေရ်မြတ်ကြီးတို့နှင့် အရှင်မဟာယသ, အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်ကြီးတို့ကဲ့သို့ ဆဋ္ဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးသည်လည်း ယခုအခါ မြန်မာပြည်အတွင်း၌ ဗုဒ္ဓအလိုတော်နှင့်ဆန့်ကျင်သော ပြောဟောမှုတွေရှိနေသည့်အတွက် ဗုဒ္ဓမြတ်စွာ ဘုရားရှင်ဟူသမျှတို့၏ အဆုံးအမတော်ဖြစ်သော သြဝါဒပါတိမောက် တရားတော်ကို ဗုဒ္ဓသာသန အန္တရာယ်ကာကွယ်ရေး တရားတော်ဟူသော အမည်ဖြင့် သံဃာတော် ၆၀ဝ-ကျော် သီတင်းသုံးလျက်ရှိသော ခြောက်ထပ်ကြီး ဘုရားကြီးကျောင်းတိုက် မဟာသိမ်တော်ကြီး၌ ရဟန်း, ရှင်, လူတို့အား ဟောကြားတော်မူခဲ့ပါသည်၊ ယင်းတရားတော်ကို ကြားနာကြရကုန်သော ရဟန်း, ရှင်, လူတို့သည် ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး ဟောကြားတော်မူစဉ်က အသံဖမ်းစက်ဖြင့် ဖမ်းယူခဲ့သည့် ထိုတရားတော်ကို တိပ်ခွေမှ လက်ရေးစာလုံးများဖြင့် ကူးယူးပြီးနောက် တရားစာအုပ်အဖြစ်ဖြင့် ထုတ်ဝေဖြန့်ချိရန် တောင်းပန် လျှောက်ထားခဲ့ကြလေသည်၊ ယင်းသို့ တောင်းပန် လျှောက်ထားချက်အရ စာမူချောပြုလုပ်ပြီးလျှင် ဤနိဒါန်းစာကိုရေးသားရန် ဆရာတော်ဘုရားကြီးက မိန့်ကြားတော်မူခဲ့ပါသည်၊ ထိုမိန့်ကြားချက်ကိုလက်ခံကာ အလေးဂရုပြု လျက်ဤအချီးနိဒါန်းကို ဗုဒ္ဓသာသနအန္တရာယ် ကာကွယ်ရေး အားပေးသောအားဖြင့် စွမ်းနိုင်သမျှ ရေးသားပြုစုခဲ့ပါသည်။
ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏ သာသနာတော်ကို အလေးအမြတ်ပြုသူတိုင်း ဆဋ္ဌသင်္ဂီတိပုစ္ဆက ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဗုဒ္ဓသာသနအန္တရာယ် ကာကွယ်ရေး တရားတော်စာအုပ်ကို အရိုအသေအလေးအမြတ် အထပ်ထပ် ကြည့်ရှုကြလျက် ဘုရားအလိုတော်နှင့်အညီ အကုသိုလ်ဟူသမျှကို မပြုဘဲ ကြဉ်ရှောင်ခြင်း, ဒါန, သီလစသော ကုသိုလ် ဟူသမျှကို စွမ်းနိုင်သမျှပြည့်စုံအောင် ပြုကျင့်အားထုတ်ခြင်း, မိမိ၏ စိတ်ဓာတ်၌ ကိလေသာအညစ်အကြေး ကင်းဝေးစင်ကြယ်အောင် စွမ်းနိုင်သမျှ အားထုတ်ခြင်းဟူသော ဗုဒ္ဓသာသနာတော် အစစ်အမှန် ၃-ပါးကို ရိုသေစွာ လိုက်နာကျင့်သုံးခြင်းဖြင့် ဆင်းရဲခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက် ပြုနိုင်ကြပါစေသော်။
စိတ္တသုခအရှင်ဝါသဝ
၁၃၄၁-ခုနှစ် ဂဏဝါစက
တော်သလင်းလဆုတ် (၇)ရက် ခြောက်ထပ်ကြီးဘုရားကြီးတိုက်
(၁၂-၉-၇၉) ရန်ကုန်မြို့။