ဗောဇ္ဈင် တရားတော် (အကျယ်)
Author By - မဟာစည်ဆရာတော်ဘုရားကြီး
မိမိသန္တာန်မှာ သတိသမ္ဗောဇ္ဈင်ရှိရင် ဖြစ်ရင်ဖြစ်တယ်၊ ရှိမှန်းဖြစ်မှန်းသိတယ်၊ သတိလေးရှိရင် ရှိမှန်းသိတယ်၊ သတိမရှိလို့ရှိရင်လဲ မရှိမှန်းသိတယ်
ဗောဇ္ဈင် တရားတော် (အကျယ်)
Published Date - 1995
Author By - မဟာစည်ဆရာတော်ဘုရားကြီး
513 စာမျက်နှာ
ရှေးဦးစကားလက်ဆောင်
ပဉ္စဂုဏံ အဟံ ဝန္ဒာမိသဗ္ဗဒါ
ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး စံလွန်တော်မူပြီးနောက် အရေးကြီးသော တရားတော်ကြီးအချို့ ကျွန်ုပ်တို့လက်တွင် ကျန်ရှိကြောင်းနှင့် ၎င်းတရားတော်ကြီးများ စာအုပ်ဖြစ်မြောက်ရေးကို မည်ကဲ့သို့ကြိုးစားခဲ့ပုံနှင့် ဆရာတော်ကြီး၏ တရားဟောစဉ်များ ကျမ်းစာအုပ်အဖြစ် ဖြစ်မြောက်ရေးတို့တွင် ပါဝင်ခဲ့သူ အချို့၏ အမည်များကို ၁၈-၃-၈၅ နေ့စွဲဖြင့် ပထမအကြိမ် ပုံနှိပ်ထုတ်ဝေနိုင်ခဲ့သော အာသီဝိသောပမသုတ် တရားတော်ကြီးတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
အနန္တကျေးဇူးတော်ရှင် ဗုဒ္ဓရှင်တော်မြတ်၏ နှုတ်တော်မှ နညတြီနတ်သားအား ဟောကြားရာတွင် “သက်ရှိသတ္တဝါအပေါင်း၏ ချမ်းသာရေးအတွက် အားထားမှီခိုရာ အစစ်ဖြစ်သော ဗောဇ္ဈင်ခုနစ်ပါး တရားမှလွဲ၍ ငါဘုရားမြင်တော်မမူ”ဟု ဟောကြားတော်မူခဲ့ကြောင်းကိုလည်း နာကြားကြရဖူးပါသည်။
ယနေ့ ၁၃၅၇-ခု၊ တန်ဆောင်မုန်းလဆုတ် (၉)ရက်၊ ကြာသပတေးနေ့ (၃၀-၁၁-၉၅)တွင် မဟာစည် သာသနာ့ရိပ်သာကြီး၏ ရွှေရတုသဘင်အတွက် ပြင်ဆင်နေကြသည့်အချိန်၊ အထူးသဖြင့် (၄၆)ကြိမ်မြောက် သြဝါဒခံယူ ပူဇော်ပွဲကြီးကို ၁၃၅၇-ခုနှစ်၊ နတ်တော်လပြည့်ကျော် (၂) ရက်၊ (၈-၁၂-၉၅)ရက်နေ့မှစ၍ (၃)ရက်တိုင် ဆင်နွှဲကြမည့် ပွဲကြီးအမီ ရိုက်နှိပ်ထုတ်ဝေနိုင်သည့်အတွက် ဝမ်းမြောက်ဝမ်းသာ သာဓု အနုမောဒနာ ပြုရပါကြောင်း ဖော်ပြအပ်ပါသည်။
အာလုံးသော သတ္တဝါတွေ ချမ်းသာကြပါစေ။
ဦးသိန်းဟန်
ဘီအေ-ဘီအယ်လ်
မဟာစည်ယောဂီ
(အငြိမ်းစား တရားမ-တရားသူကြီး)
ရန်ကုန်မြို့။
ဘိက္ခဝေ-ရဟန်းကို၊ ဣဓ-ဤသာသနာတော်၌၊ ဘိက္ခု-သံသရာဘေးကို ရှုမြင်သော ပုဂ္ဂိုလ်သည်၊ သန္တံဝါအဇ္ဈတ္တံအဇ္ဈတ္တ ကိုယ်တွင်းသန္တာန်၌၊ သန္တံဝါ-သတိသမ္ဗောဇ္ဈင်္ဂ-ထင်ရှားရှိသော သတိသမ္ဗောဇ္ဈင်ကိုလည်း၊ မေ-ငါ၏၊ အဇ္ဈတ္တံ-ကိုယ်တွင်းသန္တာန်၌၊ သတိသမ္ဗောဇ္ဈင်္ဂေါ-သတိသမ္ဗောဇ္ဈင်သည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ဤသို့၊ ပဇာနာတိ-သိ။
မိမိသန္တာန်မှာ သတိသမ္ဗောဇ္ဈင်ရှိရင် ဖြစ်ရင်ဖြစ်တယ်၊ ရှိမှန်းဖြစ်မှန်းသိတယ်၊ သတိလေးရှိရင် ရှိမှန်းသိတယ်၊ သတိမရှိလို့ရှိရင်လဲ မရှိမှန်းသိတယ်၊ ဒါပါပဲ၊ မရှုမှတ်ဘဲနဲ့နေတဲ့ပုဂ္ဂိုလ်တွေမှာတော့ သတိ အမြဲမရှိနေတာပါပဲ၊ အမြဲမရှိနေတဲ့ဥစ္စာမှာ သတိသမ္ဗောဇ္ဈင်မရှိဘူး၊ သတိသမ္ဗောဇ္ဈင်မရှိဘူးလို့ ဒီလိုဆိုနေရုံနဲ့တော့ ဒီဓမ္မာနုပဿနာ ဖြစ်မှာမဟုတ်ဘူး၊ ဒီလို ဆိုနေတာနဲ့ ဗောဇ္ဈင်က ရောက်လာမှာမဟုတ်ဘူး၊ လိုရင်းကတော့ရှုနေရင်း ယောဂီပုဂ္ဂိုလ်မှာ ရှုနေရင်း သတိသမ္ဗောဇ္ဈင်ဖြစ်တဲ့အခါ
ဖြစ်မှန်းသိရတယ်၊ မဖြစ်ရင်လဲ မဖြစ်မှန်းသိရမယ်၊ ရှုနေရင်တော့ အမြဲတမ်း ဖြစ်နေတာပေါ့။ မှတ်တိုင်းမှတ်တိုင်း သတိသမ္ဗောဇ္ဈင်တွေ ဖြစ်နေတယ်။ အဲ-တစ်နေ့က ပြောတဲ့အတိုင်း ဒီဗောဇ္ဈင်တရားဟာ ဘယ်ကစဖြစ်တုံးဆို ဥဒယဗ္ဗယဉာဏ် ဥဒယဗ္ဗယဉာဏ်က စဖြစ်တယ်တဲ့၊ ဥဒယဗ္ဗယဉာဏ်က စပြီးတော့ဖြစ်တယ်၊ ဥဒယဗ္ဗယဉာဏ် မရောက်သေးလို့ရှိရင် မဖြစ်သေးဘူး၊ ပထမစပြီး ရှုကာစပုဂ္ဂိုလ်နာမ်နဲ့ ရုပ်သဘောလေး သိရုံပဲရှိသေးတယ်၊ သဘောသိအောင်တောင် အင်မတန်ရှုရပါတယ်၊ အစက တော်တော်နဲ့ကိုမသိဘူး၊ အဲမှတ်တိုင်းမှတ်တိုင်း နာမ်ရုပ်ရဲ့ သဘောလေးတွေသိတဲ့အခါ နာမရူပပရိစ္ဆေဒဉာဏ်ဖြစ်တယ်၊ အကြောင်းအကျိုးပါ ဆက်ပြီးတော့ သိတဲ့အခါ ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်တယ်၊ အဲဒီမှာ အဖြစ်အပျက်က မသိသေးဘူး၊ မသိသေးတော့ အဲဒီမှာဆိုလို့ရှိရင်ဖြင့် ဗောဇ္ဈင်တရားတွေ မရသေးဘူးလို့ ဆိုရမှာပေါ့။
နောက်သမ္မသနတို့၊ ဥဒယဗ္ဗယတို့ အဲဒီကနေပြီးတော့ အဖြစ်အပျက်တွေသိတယ်၊ အဲဒီအဖြစ်အပျက်တွေ သိတာကစပြီးတော့ ဗောဇ္ဈင်တရားတွေရလာတယ်၊ ဗောဇ္ဈင်လို့ နာမည်ရလာတယ်၊ နာမရူပ ပရိစ္ဆေဒတောင် မရောက်သေးတဲ့ပုဂ္ဂိုလ်တွေလဲရှိတယ်၊ တရားလုံးလုံး အားမထုတ်ဘဲနေတဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒါက ဗောဇ္ဈင်ကမရဘူး၊ သူ့မှာ ဗောဇ္ဈင်မရှိဘူး၊ နာမ်ရုပ်ကိုတောင် ပိုင်းခြားမသိဘဲနဲ့ ဘာဝနာအလုပ်ကို လုံးလုံးအားမထုတ်ဘဲနဲ့နေတဲ့ ပုဂ္ဂိုလ်တွေသန္တာန်မှာ ဗောဇ္ဈင် ၇-ပါး တရားတွေဒါမရှိ၊ ရတယ်လို့ မဆိုနိုင်ဘူး၊ အဋ္ဌကထာဆရာက “အာရဒ္ဓ ဝိပဿက တော ပဋ္ဌာယ”တဲ့ အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်အဖြစ်ကနေပြီးတော့ စ, ရမယ်တဲ့၊ ဗောဇ္ဈင်က သစ္စာ ၄-ပါး တရားသိတာက အဲဒီက စ,သိတာတဲ့၊ ဆိုလိုပါတယ်။