စူဠဝေဒလ္လသုတ်တရားတော်
Author By - မဟာစည်ဆရာတော်ဘုရားကြီး
မူလပဏ္ဏသပါဠိတော်မှာ မဟာဝေဒလ္လနဲ့ စူလဝေဒလ္လ ဆိုတဲ့ သုတ် (၂)ခုရှိတယ်။ ဝေဒလ္လဆိုတာ ဝေဒခေါ်တဲ့ဉာဏ်နဲ့ နှစ်သိမ့်အားရခြင်းကို စွဲမှီပြီးမေးလို့ ဖြေကြားတဲ့သုတ်တရားလို့ အနက်ရှိတယ်။
စူဠဝေဒလ္လသုတ်တရားတော်
Published Date - 1979
Author By - မဟာစည်ဆရာတော်ဘုရားကြီး
296 စာမျက်နှာ
အချီးနိဒါန်း
ဤနိဒါန်းရေးသူ၏အမြင်
ဆဋ္ဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြား ပြုစုတော်မူသော သုတ္တန်တရားတော်များအနက် ၁၃၃၁ - ခုနှစ်၊ နှောင်းတန်ခူးလမှစ၍ ဟောကြားပြုစုတော်မူခဲ့သော သလ္လေခသုတ်တရားတော်ကြီးကို သေသေချာချာဖတ်ရှုလေ့လာကြည့်ခဲ့ရာ ကြားဝင်စရာမရှိလောက်အောင် စေ့စပ်သေချာလှသည်ကို ဤစာရေးသူ ကိုယ်တိုင်ပင် ထင်ရှားတွေ့ရပါသည်။
ယင်း သလ္လေခသုတ်ဒေသနာတော်မျာ ကိုယ်တိုင်သိနားလည်ရန် ခက်သည့်အပြင် သူတစ်ပါးအား နားလည်အောင် ဟောပြောရန်လည်း မလွယ်ကူလှပါ။ သို့သော်လည်း ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက နိုင်နိုင်နင်းနင်း ရှင်းလင်းဝေဖန်၍ ဟောကြားတော်မူနိုင်သဖြင့် ကြားနာကြရ ဖတ်ရှုကြရသူတိုင်းမှာ အလွယ်တကူပင် သိမြင်သဘောပေါက်နိုင်ကြပေသည်။ ဤသို့ သဘောပေါက်နိုင်ပုံကို ယင်းသလ္လေခသုတ်တရားတော်ကြီးက ဖတ်ရှုသူတို့အား ထင်ရှားဖော်ပြလျက်ရှိနေပါသည်။
ဤသို့ သလ္လေခသုတ်တရားတော်ကြီးကို ချီးကျူးဂုဏ်ပြုနေခိုက် ၁၃၃၇ - ခုနှစ်တွင် ကမ္ဘာဦးသူ ကမ္ဘာဦးသားတို့က အလင်းရောင်ကို မျှော်လင့်တောင့်တနေကြစဉ် နေ - လများထွက်ပေါ်လာသလိုပင် ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့က မဇ္စျိမပဋိပဒါလမ်း ဝိပဿနာအလုပ်စခန်းကို မျှော်လင့်တောင့်တနေကြစဉ်မှာ စကြာရတနာယာဉ်ခေါ်ထိုက်သည့် ဓမ္မစကြာသုတ်တရားတော်ကြီးသည်လည်း ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ကြီးမားသော မေတ္တာ ကရုဏာ စေတနာအပြည့်အဝနှင့် ပညာတော်စွမ်းရည်ဖြင့် ထွက်ပေါ်လာခဲ့ပါသည်။
“ယခင်က ဝိပဿနာအလုပ်တရားတော်အဖြစ်ဖြင့် ဖွင့်ပြရေးသားခြင်း မပြုခဲ့သည့် ယင်းဓမ္မစကြာသုတ် တရားတော်ကြီးကို” ပါဠိ အဋ္ဌကထာ ဋီကာပေါင်းများစွာကို အခြေခံသာဓကပြုလျက် မဂ်ရောက် ဖိုလ်ဝင် မဇ္စျိမပဋိပဒါ ဘာဝနာလုပ်ငန်းစဉ်ကို ပိုင်နိုင်တိကျ ဒေသနာဉာဏ် ကိုယ်ပိုင်ဉာဏ် အတွေ့တို့ဖြင့် ဟောဖော်ညွှန်ပြထားနိုင်သည့်အတွက် ကြားနာဖတ်ရှုသူတို့မှာ သံသယကင်း အသိဉာဏ်ရှင်း၍ ထင်လင်းပေါ်လွင်လျက်ရှိပါပေသည်။
သတိပြု၍ ဖတ်ရှုကြည့်လျှင်
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားပြုစုတော်မူသော သုတ္တန်တရားတော်များမှာ ဖတ်ရှုနေရဆဲတရားတော်ကို အခြားတစ်ပုဒ်ထက် ပိုကောင်းသည် ပိုလေးနက်သည်ဟု သတ်မှတ်ကြရပါသည်။
သို့ဖြစ်၍ ယခင်က ဖတ်ရှုခဲ့ဖူးသည့် သလ္လေခသုတ်တရားတော်ကြီး, ဓမ္မစကြာတရားတော်ကြီး စသည်တို့ကို လေးနက်ကောင်းမွန်လှပေသည်ဟု အသိအမှတ်ပြုခဲ့သော ဤစာရေးသူသည် ဤစူဠဝေဒလ္လသုတ်တရားတော်ကို ဖတ်ရှုရသည့်အခါ ရေးသားဟောပြပုံအရအားဖြင့် ဤတရားတော်က ပိုမိုလေးနက်သလို ပိုမိုကောင်းမွန်သလို ထင်မှတ်ရပြန်ပါသည်။
ယင်းသုတ်တရားတော်၏ ဦးတည်ချက်
သာသနာတော်ကို မကြည်ညိုသေးသောသူတို့အား ကြည်ညိုသဒ္ဓါဖြစ်လာစေရန်, ကြည်ညိုပြီး သူတို့အား သဒ္ဓါတိုးပွား၍ ဝိပဿနာတရား အားထုတ်လိုစိတ်ဖြစ်ပေါ်လာစေရန် ရည်သန်ဦးတည်ထားပါသည်။ ယင်းဦးတည်ချက်ကို အမြွက်မျှ ဖော်ပြရလျှင် -
တရားပလ္လင်ခံ
“ဒီကနေ့စပြီး ဟောဖို့တရားကတော့
စူဠဝေဒလ္လသုတ်ဆိုတဲ့
တရားတော်ပါပဲ၊ အဲဒီသုတ်က သံဂါယနာတင်ထားတဲ့
နိကာယ်ငါးရပ်ထဲမှာ
မဇ္စျိမနိကာယ်ထဲမှ
ပဏ္ဏာသသုံးကျမ်းထဲက
မူလပဏ္ဏသပါဠိတော်မှ
ဖြစ်တယ်။ အဲဒီ မူလပဏ္ဏသပါဠိတော်မှာ
မဟာဝေဒလ္လနဲ့ စူလဝေဒလ္လ ဆိုတဲ့ သုတ် (၂)ခုရှိတယ်။ ဝေဒလ္လဆိုတာ ဝေဒခေါ်တဲ့ဉာဏ်နဲ့
နှစ်သိမ့်အားရခြင်းကို စွဲမှီပြီးမေးလို့ ဖြေကြားတဲ့သုတ်တရားလို့ အနက်ရှိတယ်။ မဟာ ဆိုတာက အကြီးစားလို့ အနက်ရှိတယ်။ စူဠဆိုတာက အငယ်စားလို့ အနက်ရှိတယ်”။
ဒါကြောင့် “စူဠဝေဒလ္လသုတ်ဆိုတာ ဝေဒလ္လသုတ်အငယ်စားလို့ အနက်ရှိတယ်။ ဗမာစကားသက်သက်နဲ့ ပြောရရင်တော့ အသိဉာဏ်နဲ့ နှစ်သိမ့်အားရကြေနပ်ခြင်းကို စွဲမှီပြီးမေးလို့ ဖြေကြားထားတဲ့ သုတ်တရားငယ်လို့ ဆိုရမှာပဲ -
“ဘယ်သူကမေးလို့ ဘယ်သူကဖြေကြားထားတဲ့
တရားလဲဆိုတော့ အနာဂါမ်ဖြစ်တဲ့ ဝိသာခသေဌေးကြီးက
မေးလို့ ဓမ္မဒိန္နာ ဆိုတဲ့ ရဟန္တာထေရီမက ဖြေကြားထားတဲ့ သုတ်တရားတော်ပါပဲ။
မှတ်သားစရာလည်း အင်မတန်ကောင်းပါတယ်။
အမျိုးသမီးတွေဘက်က
သဒ္ဓါဆန္ဒ တက်ကြွပြီး ဂုဏ်ယူစရာ, အတုလိုက်ပြီး ကျင့်စရာလည်း ကောင်းပါတယ်”။
“အဋ္ဌကထာဆရာမြတ်တွေကတောင် ဒီစူဠဝေဒလ္လသုတ်ကို ကိုးကားပြီး ဖွင့်ပြရတာရှိပါတယ်”
ဟူ၍ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက စူဠဝေဒလ္လသုတ်တရားတော်၏ ဂုဏ်ပုဒ်တွေကို တရားဦး စကားပလ္လင်မှာ ထုတ်ဖော်မြွက်ကြားတော်မူပါသည်။
စေ့စပ်သေချာတော်မူပုံ
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် နှုတ်ဖြင့် တရားကို ဟောသည်ဖြစ်စေ၊ လက်ဖြင့် ကျမ်းစာကို ရေးသားရိုက်နှိပ်သည်ဖြစ်စေ စေ့စပ်သေချာတော်မူလှပါပေသည်။ သိသင့် သိထိုက်တာမှန်သမျှ ကျကျနန သိရအောင် ဓမ္မနှင့် ဝိနယကိုလည်း ဆက်စပ်ပြတော်မူလေ့ရှိပါသည်။ အနည်းငယ် ထုတ်ဖော်ပြရလျှင် ဤသုတ်တရားတော်စာအုပ် (နှာ - ၃) ၌
အခါတပါးမှာ မြတ်စွာဘုရားရှင်ဟာ ရာဇဂြိုဟ်မြို့အနီး ဝေဠုဝန-ဝေဠုဝန်ခေါ်တဲ့ ကျောင်းတိုက်မှာ သီတင်သုံးနေတော်မူပါတယ်တဲ့။ အဲဒီ ဝေဠုဝန်ကျောင်းတိုက်ဆိုတာ ဖြစ်ပေါ်လာပုံကတော့ မြတ်စွာဘုရားက ပဌမဝါကျွတ်ပြီးတဲ့နောက် ဥရုဝေလတော အရပ်သို့ ကြွတော်မူပြီးတော့ ဥရုဝေလကဿပ အမှူးရှိသော ရသေ့တထောင်ကို ချွတ်တော်မူခဲ့တယ်၊ အဲဒီရသေ့တထောင်မှ ဖြစ်လာတဲ့ ရဟန္တာ တစ်ထောင်နှင့်တကွ မြတ်စွာဘုရားက ဗိမ္မိသာရမင်းကြီး၏ စောစောကဖိတ်မန်ထားချက်အရ ရာဇဂြိုဟ်သို့ကြွတော်မူပါတယ်၊ အဲဒီအခါမှာ ဗိမ္မိသာရမင်းကြီးက အခြွေအရံပရိသတ်တသိန်း နှစ်သောင်းနှင့်တကွ မြတ်စွာဘုရာအား ကြိုဆိုပူဇော်ပွဲကြီး ပြုလုပ်တယ်။
“အဲဒီကြိုဆိုပူဇော်ပွဲမှာ မြတ်စွာဘုရား ဟောကြားတော်မူတဲ့ တရားတော်ကို နာနေရင်းပင် ဗိမ္မိသာရ မင်းကြီးနှင့်တကွ တသိန်းတသောင်းသော အခြွေအရံလူစုဟာ သောတာပတ္တိမဂ်ဖိုလ်ရောက်ပြီး သောတာပန်ဖြစ်ကြတယ်၊ ကျန်တဲ့လူတသောင်းကတော့ သရဏဂုမ်တည်တဲ့ ဥပါသကာ ဖြစ်ကြတယ်။” (နှာ ၆ - ၇)
“ယခု ပြဆိုခဲ့တဲ့အတိုင်း ဗိမ္မိသာရမင်းကြီးဟာ သောတာပန် ဖြစ်ပြီးနောက် ဝမ်းသာစကားများကို လျှောက်ထားပါတယ်၊ အဲဒီလို လျှောက်ထားပြီးတော့ နောက်နေ့နံနက်မှာ ဆွမ်းဘုဉ်းပေးကြွလာရန် နောက်ပါသံဃာတော်များနှင့်တကွ မြတ်စွာဘုရားကို ပင့်လျှောက်ပါတယ်။ အဲဒီ ပင့်လျှောက်ချက်အရ နောက်နေ့ နံနက်မှာ နောက်ပါသံဃာတော် တထောင်နှင့်တကွ မြတ်စွာဘုရားက ဗိမ္မိသာရမင်းကြီး၏ နန်းတော်အိမ်တော်သို့ ကြွတော်မူတယ်၊ သံဃာတော် တထောင်နှင့်တကွ မြတ်စွာဘုရားအား ဆွမ်းကပ်ပြီးလို့ ဆွမ်းဘုဉ်းပေးပြီးတဲ့အခါမှာ ဗိမ္မိသာရမင်းကြီးက ဝေဠုဝန်ဥယျာဉ်တော်ကြီးကို ဘုရားအမှူးရှိသော သံဃာတော်အား လှူဒါန်းတယ်၊ မြတ်စွာ ဘုရားကလဲ လက်ခံတော်မူပါတယ်။ အဲဒါဟာ ပဌမဆုံး ကျောင်းတိုက်အလှူပါဘဲ”-ဟု ဤတရားတော်စာအုပ် (နှာ ၈ ) ၌ နိဒါန်းမှာပါရှိတဲ့ ဝေဠုဝန်ကျောင်းတိုက် အကြောင်းအရာများကို ဝိနည်း ပိဋက မဟာဝဂ္ဂပါဠိအရ ကျကျနန သိကြရအောင် ထုတ်ဆောင်ဖော်ပြထားတော်မူပါသည်။
ထို့ပြင် ရှင်ပြုပေးခါနီး၌ လိုက်နာ၍ ဆောင်ရွက်သင့်သည့် ညွှန်ကြားချက်ကိုလည်း ဤသို့ သေချာစွာ ဖော်ပြထားပါသည်-
“ရှင်ပြုပေးခါနီး
ခေါင်းရိတ်ပေးတဲ့
အခါမှာ ကေသာ-ဆံပင်တွေ၊ လောမာမွေးညှင်းတွေ၊
နခါ-လက်သည်းခြေသည်းတွေ၊
ဒန္တာ-သွားတွေ၊ တစော-အရေ ဆိုတဲ့ဒီငါးမျိုးကို
ရှုဆင်ခြင်ဘို့ ညွှန်ကြားပေးရတယ်၊
အဲဒါဟာ အရေလျှင် ငါးခုမြောက်ရှိသောကြောင့် တစပဉ္စက-လို့ခေါ်တာဘဲ”။
“ဆံပင်တွေဟာ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်ဘူး၊ သဘောတရားမျှဘဲလို့
နှလုံးသွင်းရမယ်၊
မွေးညှင်းစသည်တွေလဲ
ပုဂ္ဂိုလ်သတ္တဝါ
မဟုတ်ဘူး၊ သဘောတရားမျှဘဲလို့
နှလုံးသွင်းရမယ်
ဆိုတာကို ညွှန်ကြားသင်ပြပြီးတော့ ခေါင်းရိတ်ပေးရတယ်၊ ခေါင်းရိတ်တဲ့အခါကျတော့ အောက်ကျလာတဲ့ ဆံပင်တွေ မြင်ရတော့ အဲဒီဆံပင်တွေကို ငါမဟုတ်ဘူးသဘောတရားမျှဘဲလို့ သိရတယ်၊ အဲဒီ ဆံပင်တွေလိုဘဲ ခေါင်းမှာရှိတဲ့ ဆံပင်တွေကိုလဲငါမဟုတ်ဘူး သဘောတရားမျှဘဲလို့ သဘောပေါက်တတ်တယ်၊ ထို့အတူပင် မွေးညှင်းစသည်တွေကိုလဲ ငါ မဟုတ်ဘူး သဘောတရားမျှဘဲလို့ သဘောပေါက်တတ်ပါတယ်၊ အဲဒီလို သဘောပေါက်ပြီးတော့ အချို့ ပါရမီထူးရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ခေါင်းရိတ်ခံနေရဆဲမှာပင် အရဟတ္တမဂ်ဖိုလ်ရောက်ပြီး ရဟန္တာဖြစ်သွားကြတာလဲ ရှိပါတယ်၊ အဲဒီလို ဖြစ်နိုင်ပါက ဖြစ်ရအောင်လို့ တစပဉ္စက ကမ္မဋ္ဌာန်းပေးပြီး ခေါင်းရိတ်ပေးရတာပါဘဲ”။ (နှာ-၁၂)
ထို့ပြင် သက္ကာယဆိုတာ ဘာလဲ ဆိုတဲ့ အမေးကို ဖွင့်ပြဟောကြားရာမှာလဲသက္ကာယ-ပုဒ်မှာ သ-ဆိုတာက ထင်ရှားရှိသည်လို့ အနက်ရှိတယ်၊ ကာယ-ဆိုတာက ရုပ်နာမ်အပေါင်းလို့ အနက်ရှိတယ်၊ ဒါကြောင့် သက္ကာယ-ဆိုတာထင်ရှားရှိတဲ့ ရုပ်နာမ်အပေါင်းလို့ ဆိုတာပါပဲ။ အဲဒါဟာ အမြင်မှား အသိမှား ဒိဋ္ဌိနှင့် တွဲစပ်ပြီးပြောလျှင် ထင်ရှားရှိတဲ့ ရုပ်နာမ်အပေါင်းကို ငါကောင် သတ္တဝါကောင်လို့ အမြင်မှား အသိမှားတာကို သက္ကယဒိဋ္ဌိလို့ ဆိုတာဘဲ။
“သစ္စာလေးပါး အမှန်တရားနှင့်ဆက်စပ် ပြောလျှင်တော့ သက္ကာယဆိုတဲ့ ထင်ရှားရှိသည့် ရုပ်နာမ်အပေါင်းဟာ ခဏမစဲ ဖြစ်ပျက်နေသောကြောင့် ဆင်းရဲအစစ်အမှန် ဒုက္ခသစ္စာတရားဘဲ။” (နှာ-၁၃) လို့
နာကြားသူ ဖတ်ရှုသူအများ နားလည်အောင် ရှင်းလင်းပြဆိုထားပါသည်။ ထို့ပြင် ဤသို့လည်း သတိပေး မှာထားတော်မူပါသေးသည်။
“သက္ကာယမေးခွန်းဟာ
ဖြေရန် ခက်ခဲ နက်နဲပါတယ်၊ တရားအမှန်ကို သိထားတဲ့ သူပေမဲ့ ဗုဒ္ဓစာပေလဲ ကျကျနန မလေ့လာဘူးဘူး၊ ပဋိသမ္ဘိဒါဉာဏ်နဲ့လဲ
မပြည်စုံဘူးဆိုယင်
ဖြေဘို့ခက်ပါတယ်၊
စာပေတတ်တဲ့ သူပေမဲ့ တရားသဘောကို ကျကျနနလေ့လာမထားယင်
ဖြေဘို့ခက်တာပါဘဲ။” (နှာ-၁၃) ဟူ၍--
မဖြေနိုင်တိုင်း မဖြေနိုင်တဲ့သူကို အထင်မသေးကြစေရန် သတိပေးထားပါသည်။ အဲဒါဟာ ဓမ္မဒိန္နာထေရီ၏ ဖြေကြားချက်ကိုချီးမွမ်းရင်း သတိပေးသွားသော စကားဖြစ်ပါသည်။
ဆုံးဖြတ်ရာ၌ တိကျသေချာလှပေသည် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီးသည် ပရိယတ် ပဋိပတ် နှစ်ရပ်လုံး၌ ကျွမ်းကျင်တော် မူလှသောကြောင့် အဆုံးအဖြတ် ပေးသင့်သည့် နေရာများ၌လည်း တိတိကျကျ ဆုံးဖြတ်နိုင်စွမ်း ရှိတော်မူကြောင်းလည်း တွေ့နိုင်ပါသည်။ သာဓကထုတ်ပြရလျှင်-
“ဥပါဒါန-ဥပါဒါန် ဆိုတာ စွဲလမ်းတတ်တဲ့ တရားဘဲ၊ အဲဒါက ဘာလဲဆိုယင် ဒီသုတ်မှာ ပြဆိုမည့် စကားအရအားဖြင့် ဆန္ဒရာဂခေါ်တဲ့ လိုချင်တပ်မက်မှု
တဏှာပါဘဲ။
“သုတ္တန်ဒေသနာများမှာ
ခန္ဓာငါးပါး စွဲလမ်းတဲ့ ဥပါဒါန်ကို ဆန္ဒရာဂလို့သာပြဆိုထားပါတယ်၊ လိုချင်နှစ်သက် တပ်မက်သာယာပြီး စွဲလမ်းတဲ့ တဏှာလို့ ဆိုလိုပါတယ်။
“အဘိဓမ္မာ ဒေသနာ မှာတော့ စွဲလမ်းတတ်တဲ့ ဥပါဒါန်ကို ၄-ပါး ခွဲပြထားတယ်၊ (၁) ကာမုပါဒါန်က တပါး၊ (၂) ဒိဋ္ဌုပါဒါန်က တပါး၊ (၃) သီလဗ္ဗတု ပါဒါန်ကတပါး၊ (၄) အတ္တဝါဒုပါဒါန်က
တပါး ဒီ ၄-ပါးပါဘဲ။
“အဲဒီ ဥပါဒါန် ၄-ပါးထဲမှာ အမှတ် (၁) ကာမုပါဒါန် ဆိုတာက တဏှာစွဲဘဲ၊ ကျန်တဲ့ ၃-ပါးက ဒိဋ္ဌိစွဲချည်းဘဲ၊
ဒါကြောင့် အကျဉ်းအားဖြင့် စွဲလမ်းမှုဟာ တဏှာနဲ့ဒိဋ္ဌိ ဒီ ၂-ပါးပါဘဲ။
“အဲဒီ ၂-ပါးထဲက တဏှာဖြင့် စွဲလမ်းရာမှာ ဒိဋ္ဌိဖြင့် စွဲလမ်းမှုလဲ ပါဝင်တာပါဘဲ၊ ဒါကြောင့် စူဠဝေဒလ္လသုတ်စသော
သုတ္တာန်ဒေသနာများမှာ ဒိဋ္ဌိဥပါဒါန်ကိုသီးသန့် မပြတော့ပဲ ဆန္ဒရာဂဆိုတဲ့ တဏှာဥပါဒါန်ကိုသာ ပဓာနအားဖြင့် ပြတယ်၊ သို့သော် အပ္ပဓာနအားဖြင့် ဒိဋ္ဌိဥပါဒါန်ကိုလဲ ထည့်သွင်းပြီးယူယင် သုတ္တန်နှင့် အဘိဓမ္မာ ညီညွတ်တယ်လို့ ဆိုရမှာဘဲ” (နှာ ၁၄ - ၁၅)ဟု တိကျ သေချာစွာ ဆုံးဖြတ်ထားပါသည်။
ထို့ပြင် အခြားသာဓက တခုကို ထုတ်ပြရလျှင်-ဤတရားစာအုပ် (နှာ - ၅၀) ၌ “အရိယမဂ်ဟာ သင်္ခတလားအသင်္ခတလား” ဆိုတဲ့အမေးကို ဖြေထားပုံပါဘဲ။ အဲဒီ ဖြေထားပုံကတော့ “စာပေ ကျမ်းဂန်တက် ပုဂ္ဂိုလ်တွေ အနေအားဖြင့် အရိယမဂ်ဟာ ဆိုင်ရာအကြောင်း များကြောင့် ဖြစ်လို့ သင်္ခတတရားဖြစ်ကြောင်း ထင်ရှားနေပါတယ်၊ မေးစရာတောင် မလိုဘူးလို့ ဆိုရမှာပါဘဲ။ ဒါပေမဲ့ သုတမရှိတဲ့ ပုဂ္ဂိုလ်တွေ အနေအားဖြင့်တော့ အထင်မှားစရာရှိပါတယ်၊ အရိယမဂ်ဟာ ရုပ်နာမ်ဆင်းရဲ ငြိမ်းတဲ့ အသင်္ခတနိဗ္ဗာန်ကို အာရုံပြီးဖြစ်တော့ နိဗ္ဗာန်လိုပင် အသင်္ခတလေလားလို့ ယုံမှားစရာ ထင်မှားစရာ ရှိပါတယ်၊ သမ္မတ္တနိယာမ မည်သောကြောင့် အသင်္ခတလို့ ထင်စရာလဲ ရှိပါတယ်။
“တော်တော်ဆီက လူတယောက်က ဒီမှာလာပြီးတော့
မေးပါတယ်၊ ‘အရိယမဂ်ဟာ အသင်္ခတရားပါလား’တဲ့။ ဘာကြောင့် ဒီလို မေးရတာလဲ ဆိုတော့ ဆရာကြီးတယောက်က သူ့ကျမ်းစာအုပ်ထဲမှာ
အရိယမဂ်ကို အသင်္ခတ တရားလို့ ပြဆိုထားတာကိုတွေ့ရသောကြောင့်ပါတဲ့ ....။ ဒီလို အယူမှားကို ပယ်ဖျက်နိုင်ရန်အတွက် ‘အရိယမဂ်ဟာ သင်္ခတလား အသင်္ခတလား’လို့ မေးတာလဲ မေးသင့်ပါတယ်၊ ‘သင်္ခတပါ’လို့ အဖြေလဲ ဖြေသင့်တာပါဘဲ။
“အသင်္ခတဆိုယင် နိဗ္ဗာန်လိုပင် ချုပ်ပျက်ခြင်းမရှိပဲ အမြဲတည်နေရမှာ၊ အရိယ မဂ်ကတော့ အခြားစိတ်များလိုပင် ဥပါဒ်-ဌီ-ဘင် ဆိုတဲ့ ခဏငယ်သုံးချက်မျှသာ တည်ရှိ
တယ်၊ ဘင်ခဏမှာ လုံးဝချုပ်ပျောက် သွားတယ်၊ ဒါကြောင့် နိဗ္ဗာန်လို အမြဲတည်ရှိ
နေတာလဲ မဟုတ်ဘူး၊ ခုတင်က ပြောခဲ့တဲ့အတိုင်း ဝိပဿနာစသော အကြောင်းများ
ကြောင့် ဖြစ်ပေါ်တဲ့ တရားလဲ ဖြစ်နေတယ်၊ ဒါကြောင့် သင်္ခတတရား ဖြစ်ကြောင်း
အလွန်ပင် ထင်ရှားပါတယ်”။ (နှာ ၅၀-၅၁)
အထက်ပါအတိုင်း ဆုံးဖြတ်ထားပုံဟာ အလွန်ပင် တိကျ သေချာ၍ ပေါ်လွင်ထင်ရှားလှပါပေသည်။ သို့ဖြစ်ပါ၍--
(၁) ပရိယတ္တိစာတွေ့မှ
ပဋိပတ္တိဉာဏ်တွေ့သို့ ရောက်လိုသူများ-
(၂) သာသနဓမ္မတို့ကို
မကြည်ညိုတတ်သေးသဖြင့် ကြည်ညိုတတ်လိုသူများ-
(၃) တရားအားထုတ်ရန် ဆန္ဒနည်းပါးသဖြင့်
ဆန္ဒတိုးပွါး ထက်သန်လိုသူများ-
(၄) ဝိပဿနာ ရှုမှတ်ပုံ ရှုမှတ်နည်းကို အတိအကျ မှန်ကန်စွာ သိလိုသူများ-
(၅) မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော အသိထူး ဉာဏ်ထူး ဖြစ်လိုသူများ-
ဤသို့ အလိုဆန္ဒ အမျိုးမျိုးရှိကြသော သူတော်ကောင်းများသည် မိမိတို့ လိုအင်ဆန္ဒအတိုင်း ပြည့်ဝစေနိုင်သော “ဤ စူဠဝေဒလ္လသုတ် တရားတော်” ကို လေးလေးစားစား ကြည့်ရှုပွါးများ ကျင့်သုံးအားထုတ်သောအားဖြင့် လူအများတို့ လိုလားတောင့်တ မြှော်လင့်နေကြသည့် ငြိမ်းချမ်းရေး အစစ်အမှန် မြတ်နိဗ္ဗာန်သို့ အလျင်အမြန် ဆိုက်ရောက်ကြပါ စေသောဝ်။
အရှင်ပညာသာမိ
၁၃၄၀-ခုနှစ် (ရွှေရေးဆောင်)
တန်ဆောင်မုန်းလဆန်း (၁၃) ရက်။ ကမ္မဋ္ဌာနာစရိယ
(၁၂-၁၁-၇၈) မဟာစည်သာသနာ့ရိပ်သာ၊ ရန်ကုန်။