အနတ္တလက္ခဏသုတ်တရားတော်ကြီး
Author By - မဟာစည်ဆရာတော်ဘုရားကြီး
test
အနတ္တလက္ခဏသုတ်တရားတော်ကြီး
Published Date - 1977
Author By - မဟာစည်ဆရာတော်ဘုရားကြီး
325 စာမျက်နှာ
လက်ဦးရှုဘွယ်
အစွဲသန်ကြသည်
စွဲလမ်းတတ်သော လောဘစသည့် ကိလေသာတို့သည် ပုထုဇဉ်ပုဂ္ဂိုလ်သတ္တဝါတိုင်းမှာ ထူပြောလျက် ရှိနေကြသည်၊ ထူပြောလျက်ရှိသော ထိုကိလေသာတို့သည် ရူပါရုံစသည့် အာရုံ ၆-ပါး၌လဲ စွဲလမ်း၏၊ အသက်ကောင် ငါကောင်ဟူ၍လဲ စွဲလမ်းဘွယ်ဟူသမျှကို စွဲလမ်းကြရာ၌ အသက်ကောင်ငါကောင် ဟူသော အတ္တစွဲသည် အရင်းအကျဆုံး ဖြစ်ရုံသာမက အစွဲကြီးလွန်းသောကြောင့် အခွါရ အခက်အခဲဆုံးလဲ ဖြစ်လေသည် သာမန်အားထုတ်မှု လုံ့လပယောဂဖြင့် ကိုယ်တိုင်လဲ ခွါပစ်နိုင်စွမ်းမရှိ၊ သာမန်စွမ်းအင်ဖြင့် သူတပါးတို့ကလဲ ခွါပေးခြင်းငှါ မစွမ်းနိုင်ကြပေ။
ပစ္စေက ဗုဒ္ဓအရှင်မြတ်တို့သည် သူတို့၏ လုံလောက်သော ကြိုးစားအားထုတ်မှုဖြင့် သူတို့အတ္တစွဲကို သူတို့ကိုယ်တိုင် ခွါပစ်တော်မူနိုင်ခဲ့ကြပေသည်၊ သို့သော် သူတပါးတို့၏ အတ္တစွဲကို ခွါပေးရန်ကိုကား ထိုအရှင်မြတ်တို့၌ လုံလောက်သော အင်အားမရှိသောကြောင့် ခွါပေးနိုင်စွမ်းရှိတော်မမူကြချေ၊ သူတပါးတို့၌ စွဲနေသော အတ္တစွဲကို ခွါပစ်နိုင်ဘို့ဆိုသည်မှာ သစ္စာလေးပါးတရားကို သူတပါးတို့ နားလည်သိရှိအောင် ဟောစွမ်းနိုင်သော ဉာဏ်အင်အားကောင်းပါမှ ခွါပေးနိုင်မည် ဖြစ်ပေသည်၊ ထိုပစ္စေကဗုဒ္ဓ အရှင်တို့မှာ ထိုသို့သော ဉာဏ်အင်အား ကောင်းလှသည်မဟုတ်ပေ၊ ထို့ကြောင့်ပင် တဆူထီးတည်း ပွင့်ပေါ်တော်မူကြပြီးလျှင် နောက်လိုက် နောက်ပါ တပည့် သာဝက တပါးတလေကိုမှ အပါခေါ်ဆောင်သွားတော်မူနိုင်ကြခြင်း မရှိ၊ တဆူထီးတည်း ပရိနိဗ္ဗာန် ဝင်စံတော်မူကြရပေသည်။
သစ္စာလေးပါးကိုသိပါမှ အတ္တစွဲပြုတ်မည်
သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့မှာမူ ပစ္စေက ဗုဒ္ဓဘုရားရှင်တို့ထက် ဉာဏ်အင်အား ကောင်းတော်မူကြသည်၊ ထိုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့မှာ ကိုယ်တော်တိုင်လဲ သစ္စာလေးပါးတရားကို ထိုးထွင်းသိတော်မူကြသည်၊ သူတပါးတို့အားလဲ သစ္စာလေးပါးတရားကို သိအောင် သွန်သင်ပြသ ဆုံးမတော်မူနိုင်ခဲ့ကြသည်၊ ထို့ကြောင့် သမ္မာသမ္ဗုဒ္ဓ သဗ္ဗညု ဘုရားအဖြစ်သို့ ရောက်တော်မူလျှင် ပဉ္စဝဂ္ဂီ ငါးဦးနှင့်တကွ နတ်ဗြဟ္မာတို့အား သစ္စာလေးပါး တရားကို ရှေးဦးစွာ ဟောကြားတော်မူခဲ့ပေသည်၊
သစ္စာလေးပါးတရားကို ဟောကြားထားသော ထိုသုတ်တော်သည် ဓမ္မစက္ကပ္ပဝတ္တနသုတ် (ဓမ္မစကြာ) ဟူသောအမည်ဖြင့် ထင်ရှားလျက် ရှိလေသည်။ ထိုသုတ်တော်ကို ဘုရားအဖြစ်သို့ရောက်တော်မူသည်မှ ၂-လမြောက် ဝါဆိုလပြည့် စနေနေ့တွင် တရားဦးအဖြစ် ဟောကြားတော်မူခဲ့ပေသည်၊ ထိုတရားပွဲတွင် ပဉ္စဝဂ္ဂီငါးဦးထဲမှ အရှင်ကောဏ္ဍညသည် ပဌမဦးစွာ အရိယသောတာပန်အဖြစ်သို့ ရောက်တော်မူခဲ့သည်၊ အရိယာသောတာပန် အဖြစ်သို့ရောက်၍ ဝိစိကိစ္ဆာနှင့် သက္ကာယဒိဋ္ဌိ အတ္တစွဲပြုတ်သွားပြီဖြစ်သော အရှင်ကောဏ္ဍညမှာ “ငါလုပ်ယင် ဖြစ်သည်, ငါပြောယင် ဖြစ်သည်, ငါကြံယင်ဖြစ်သည်”ဟူသော အသ္မိမာနစွဲကား ကျန်ရှိနေပေသေးသည်။
ဝပ္ပစသူတို့မှာမူ
တစုံတခုသော တရားထူးကိုမျှ မရရှိကြသေး။
ဟေမဝတသုတ်တော်
နေဝင်လုဆဲဆဲမှစ၍ ဟောကြားတော်မူသော ဓမ္မစကြာ တရားတော်မှာ ဝါဆိုလပြည့် စနေနေ့ည ပဌမယာမ်တွင် အပြီးအဆုံးသို့ ရောက်လေသည်၊ မဇ္ဈိမယာမ်သို့ .... အရောက်တွင် သာတာဂိရိနတ်နှင့် ဟေမဝတနတ်တို့သည် အခြံအရံ နတ်ဘီလူးတစ်ထောင်နှင့်အတူ ဘုရားရှင်ထံတော်သို့ ချဉ်းကပ်ပြီးလျှင် ပုစ္ဆာ ၁၀-ချက်ကို မေးလျှောက်ရာတွင် ဘုရားရှင်သည် ဓမ္မစကြာဒေသနာတော်၏အကြား၌ ဟေမဝတသုတ်တော်ကို ဟောကြားတော်မူရသေးသည်၊ ဤတရားပွဲတွင် ထိုနတ်ကြီး ၂- ဦးတို့လဲ အတ္တစွဲပြုတ်ပြီး သောတာပန်အဖြစ်သို့ ရောက်သွားကြသဖြင့် သံသရာရှည်လျားစွာက စွဲလမ်းလာခဲ့ကြသော သူတို့၏အတ္တစွဲလဲ ဤတွင် ပြုတ်သွားခဲ့ကြသည်။ ထို့နောက် ဓမ္မစကြာ တရားတော်ကို အကျယ်ဝေဘန်၍ ဘုရားရှင်က ဆက်လက်ဟောကြားတော်မူပေသည်။
သူတို့လဲ တရားထူးရကြသည်
အရှင်ကောဏ္ဍညတွင် အသ္မိမာနစွဲ ကျန်ရှိနေသေးသည့်ပြင် အရှင်ဝပ္ပစသူတို့မှာလဲ မည်သည့်တရားထူးမှ မရရှိကြ သေးသဖြင့် ဓမ္မစကြာတရားတော်ကို ဆက်လက်ဟောကြားတော်မူရင်း ဘုရားရှင်သည် ၎င်းတို့အားလုံးကို ဝိပဿနာတရား ရှုမှတ်ပွါးများ အားထုတ်စေတော်မူ၏၊ ဤသို့အားထုတ် စေတော်မူရာ၌ ဝါဆိုလဆုတ်တရက်နေ့တွင် အရှင်ဝပ္ပသည်၎င်း၊ ၂- ရက်နေ့တွင် အရှင် ဘဒ္ဒိယသည်၎င်း၊ ၃-ရက်နေ့တွင် အရှင်မဟာနာမ်သည်၎င်း၊ ၄-ရက်နေ့တွင် အရှင်အဿဇိသည်၎င်း သစ္စာလေးပါးကို ထိုးထွင်းသိသွားသဖြင့် သောတာပန်အရိယာ အဖြစ်သို့ ရောက်ရှိသွားပြီးလျှင် သူတို့၏ အတ္တစွဲများ ပြုတ်သွားကြလေတော့သည်။
ဝါဆိုလဆုတ် ၅-ရက်နေ့
သောတာပန် အရိယာအဖြစ်သို့ ရောက်တော်မူကြပြီးသော ပဉ္စဝဂ္ဂီငါးဦးတို့ကို တပေါင်းတည်း စည်းဝေးစေပြီးလျှင် ဘုရားရှင်သည် ၎င်းတို့အား အနတ္တလက္ခဏသုတ်တော်ကို ဟောကြားတော် မူပေသည်၊ ထိုနေ့မှာ ဝါဆိုလဆုတ် ၅-ရက် ကြာသပတေးနေ့ဖြစ်၏၊ ထိုအနတ္တလက္ခဏသုတ်တော်ကို နာကြားကြရသော ပဉ္စဝဂ္ဂီငါးဦးတို့သည် ကိလေသာကုန်ခန်းရဟန္တာ အဖြစ်သို့ ရောက်တော်မူကြ ကုန်ရကား အသ္မိမာနစွဲပါမကျန် သူတို့အားလုံး အတ္တစွဲပြုတ်သွားကြပြန်သည်။
အနတ္တလက္ခဏသုတ်တော် ဆိုသည့်အတိုင်း ငါကောင် အသက်ကောင်ရှိသည်ဟူသော အတ္တစွဲဝါဒသမား တို့ စွဲလမ်းနေကြသော အတ္တဟူသည် လွဲမှားသော အယူဝါဒဖြစ်ကြောင်း ထင်ရှားစေရန် သဘာဝကျကျ အကြောင်းပြလျက် ဝေဘန်ဟောကြားတော်မူထားပေသည်။
ရှုမှတ်နည်း မပါ
အနတ္တလက္ခဏသုတ် ဒေသနာတော်မှာ ရှည်လျားသည်မဟုတ်၊ ပမာဏအားဖြင့် ဆဋ္ဌမူစာအုပ်တွင် စာရွက်တစ်ရွက်စာမျှသာ ရှည်လျားသည်၊ ထိုသုတ်တော်တွင် မဟာသတိပဋ္ဌာန် ဒေသနာတော်ကဲ့သို့ ရှုမှတ်အားထုတ်ရန် ရှုမှတ်နည်းမပါပေ၊ ဓမ္မသဘာဝကိုသာ ဟောကြားထားပေသည်၊ ဝိပဿနာရှုမှတ် နည်းကို နည်းလမ်းတကျ မရှုမှတ်ဖူးသူတို့ဆိုပါလျှင် ထိုသုတ်တော်၌ ဟောကြားထားသောအတ္တစွဲ ပြုတ်၍ အနတ္တထင်အောင် ဒိဋ္ဌကိုယ်တိုင် မြင်သည်အထိ ရှုတတ်ရန် ခဲယဉ်းလှပေသည်၊ ထိုစဉ်က ဓမ္မဒေသကပုဂ္ဂိုလ်ကလဲ ဘုရားရှင်ကိုယ်တော်တိုင် ဖြစ်ပြီးလျှင် ဓမ္မသဝနပုဂ္ဂိုလ်တို့ကလဲ ပဉ္စဝဂ္ဂီငါးဦး ပုဂ္ဂိုလ်ထူးတို့သာ ဖြစ်သောကြောင့်သာ အနတ္တအဖြစ်ကို ဒိဋ္ဌထင်ထင် သိမြင်တော်မူနိုင်စွမ်း ရှိကြပေသည်၊ ဓမ္မစကြာတရားတော်ကို ဟောတော်မူစဉ်ကပင် ပဉ္စဝဂ္ဂီငါးဦးတို့မှာ အသားကျကျ ရှုမှတ်တတ်ကြပြီးသား ပုဂ္ဂိုလ်များဖြစ်၍၎င်း၊ သူတို့ကိုယ်တိုင်က သောတာပန် ပုဂ္ဂိုလ်အဖြစ် ရင့်ကျက်ပြီးဖြစ်၍၎င်း ဤမျှဖြင့် လျင်လျင်မြန်မြန် ရဟန္တာပုဂ္ဂိုလ်အဖြစ်ထိအောင် အဆင့်ဆင့် တက်ရောက်တော်မူသွားကြခြင်းဖြစ်ပေသည်။
မရှုမှတ်ပဲ တရားထူးမရ
ဘုရားရှင်လက်ထက်တော်က ပါရမီရင့်သန် ထက်မြက်လှသော ပုဂ္ဂိုလ်တို့သည် ပဉ္စဝဂ္ဂီငါးဦးတို့လိုပင် ဘုရားရှင် ဟောသော တရားကို နာကြားစဉ်မှာ မဂ်ဖိုလ်ရရှိသွားကြသည်၊ သို့သော် ဝိပဿနာ ဘာဝနာရှုမှတ်မှု မပြုပဲ ရကြသည်တော့ မဟုတ်ပါပေ၊ လျင်မြန်စွာ ရှုမှတ်နိုင်မှုတို့ကြောင့်သာ တမင်ရှုမှတ်သည်ဟုမထင်ရပဲ တရားထူးရရှိသွားခြင်း ဖြစ်လေသည်၊ ပုဂ္ဂိုလ်အနည်းငယ်သာ ဤလို လျင်လျင်မြန်မြန် ရနိုင်ရှုမှတ်နိုင်သော ပါရမီဉာဏ်ရှိကြပေသည်၊ ပုဂ္ဂိုလ်များစွာတို့မှာကား ဤလို လျင်လျင်မြန်မြန် ရနိုင်ရှုမှတ်နိုင်သည်ချည်း မဟုတ်ပါပေ၊ ဤသည်ကို သိပါလျက်လဲ တချို့အားထုတ်ရန် ပျင်းယိသော လူပျင်းတို့ “ဟောသူက ဟော၍ နာသူက အနတ္တသဘောကို သိလျှင် အားထုတ်နေရန်မလို၊
တရားနာရုံဖြင့် တမဂ် တဖိုလ်ရနိုင်သည်” ဆိုတာ သူတို့ရောက်လိုသော
အရိယာအဆင့် သတ်မှတ်ပြီး အရိယာပုဂ္ဂိုလ်တွေ
ပြုလုပ်လိုက်ကြတော့သည်၊ လူပျင်း လူပေါ့ကြိုက်တရားဒေသနာများ ဖြစ်သောကြောင့် သူတို့တရားကို ကြိုက်၍ တရားနာရုံဖြင့် အရိယာဖြစ်နေသူတွေလဲ နည်းပါးလှသည်တော့ မဟုတ်ပေ၊ ဝိပဿနာ ရှုမှတ်အားထုတ်မှု မရှိပဲ တရားနာရုံဖြင့် သိနေကြသော ထိုအနတ္တတရားများမှာ ကိုယ်တိုင်ထိုးထွင်း၍သိသော ဒိဋ္ဌသိမဟုတ်ပဲ စာသိ ပေသိ သုတသိသာဖြစ်သည်၊ ကြားရနာရ၍ သိသော ထိုအသိဖြင့် တမဂ်တဖိုလ်ရသည်ဆိုလျှင် ဗုဒ္ဓသာသနာဝင် ပုဂ္ဂိုလ်တိုင်းလိုလို အနတ္တသဘောကို သုတဖြင့် သိနေကြသည် ဖြစ်သောကြောင့် အရိယာပုဂ္ဂိုလ်တွေချည်း ဖြစ်ကုန်စရာ ရှိပေသည်၊ သို့သော် အရိယာဟူ၍ သူတို့ဟာ သူတို့ ပြောဆိုဝန်ခံ ကြသော ထိုအရိယာပုဂ္ဂိုလ်တို့မှာ အရိယာအစစ်တို့၏ အင်္ဂါလက္ခဏာနှင့် ပြည့်စုံသည်ကို မတွေ့မမြင်ကြရ သောကြောင့် အရိယာပုဂ္ဂိုလ်တွေမဟုတ်ကြောင်းမှာ ထင်ရှားလျက်ရှိပေသည်။ ဤလို မမှန်မကန် အလုပ်မျိုးနှင့်စပ်၍ ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးက ဤအနတ္တ လက္ခဏသုတ် တရားတော်ကြီးကို (နှာ - ၃၉။ နှာ - ၅၁) တွင်အမှန်သို့ ရောက်အောင်ညွှန်ပြ ဟောကြားထားသည်ကိုလဲ တွေ့ကြမည်သာဖြစ်သည်။
ရှုမှတ်နည်း အပြည့်အစုံ
ဘုရားဟော ဤအနတ္တလက္ခဏသုတ်တော်မှာ အရိယာအဖြစ်သို့ရောက်ပြီးသော ပဉ္စဝဂ္ဂီငါးဦးတို့အား ဟောကြားထားသော သဘာဝပြဒေသနာတော် ဖြစ်သည့်အတိုင်း ရှုမှတ်အားထုတ်နည်း မပါမရှိသော်လဲ ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားထားသော ဤအနတ္တလက္ခဏသုတ် တရားတော်ကြီး၌ကား ရှုမှတ်အားထုတ်နည်းနှင့်တကွ အနတ္တ ထင်လာပုံ, မဂ်ဖိုလ်ရောက်၍ နိဗ္ဗာန်သို့ ဆိုက်ရောက်သွားပုံများပါ အပြည့်အစုံဖွင့်ပြ ဟောကြားထားပေသည်၊ ထိုသို့ ဟောကြားရာ၌ ထင်သလို စာပေလွတ် ဟောကြားထားသည်လဲ မဟုတ်၊ ကိုယ်တိုင် ဝိပဿနာတရားကို အားမထုတ်ဖူးပဲ သူတပါးအားထုတ်ရန်သာ ဟောကြားထားသည်လဲ မဟုတ်ပေ၊ ပါဠိတော်, အဋ္ဌကထာ အရပ်ရပ်၌ လာသည့်အတိုင်း၊ ညှိနှိုင်း ဆင်ခြင်တော်မူ၍၎င်း၊ ဆရာသမားထံ နည်းခံကာ ကိုယ်တိုင်အားထုတ် တော်မူပြီးသည် ဖြစ်၍၎င်း တပါးသော တရားနာပရိသတ်တို့အား ဟောကြားတော်မူခြင်း ဖြစ်လေသည်။
ဤဘုရားဟော အနတ္တလက္ခဏသုတ် အကျဉ်းကို ပရိသတ်တို့အား ဟောကြားတော်မူစဉ်က အကျယ်ချဲ့၍ ပရိသတ်နားလည်အောင် ရှုငဲ့တော်မူကာ ဆရာတော်ဘုရားကြီးက ဟောကြားတော် မူခဲ့သည်၊ ဟောကြားသမျှ ထိုတရားတော်ကြီးကို အငြိမ်းစား တရားမ တရားသူကြီး ဦးသိန်းဟန်သည် တိပ်ခွေဖြင့် တလုံးတပါဒမကျန် ဖမ်းယူထားသော တိပ်ခွေမှ လက်နှိပ်စက်ဖြင့် တဖန် ကူးယူလိုက်သည့်အခါ စာမျက်နှာ ၄၂၀-ပင် ရှည်လျား ကျယ်ပြန့်လေသည်၊ မနာ မကြားရသေး သူတို့အတွက် နာကြားနိုင်စေရန် စာအုပ်အဖြစ် ထုတ်ဝေလိုရာ၌ ဦးသိန်းဟန်သည် ဆရာတော်ဘုရားကြီး၏ ခွင့်ပြုချက်ကို ရယူရန် ထိုစာမူကို ဆရာတော်ဘုရားကြီးထံ တင်ပြခဲ့ပေသည်၊ ဦးသိန်းဟန် ပြုစုခဲ့သော စာမျက်နှာ ၄၂၀-ရှိ ထိုစာမူကြီးကို ဆရာတော်ဘုရားကြီးသည် စက္ကူအခက်အခဲကို ရှုငဲ့တော်မူလျက် စာအုပ် ကြီးသွားမည်ကို မလိုလားသောကြောင့် စာမျက်နှာ ၁၅၂-သို့ရောက်အောင် လျှော့ချ၍ ချုံးတော်မူလိုက်ပြီး စာအုပ်အဖြစ် ရိုက်နှိပ်ခွင့် ပြုတော်မူလိုက်ပေသည်။
ကျွမ်းကျင်တော် မူလှသည်
ဆရာတော်ဘုရားကြီးသည် အကျဉ်းကို အကျယ်ချဲ့တော်မူရာ၌၎င်း၊ အကျယ်ကို အကျဉ်းချုံးရာ၌၎င်း ကျွမ်းကျင် နိုင်နင်းတော်မူလှသည်၊ ဤအနတ္တလက္ခဏသုတ် တရားတော်ကြီး၌သာ ချုံးခဲ့ ချဲ့ခဲ့သည်ကားမဟုတ်၊ ဓမ္မစကြာတရားတော်ကို ဟောတော်မူစဉ်က၎င်း၊ ဝိပဿနာရှုနည်းကို ရေးသားတော်မူစဉ်က၎င်း ချဲ့၍ ချုံး၍ထားသည်ကို တွေ့ခဲ့ကြရဘူးလေပြီ၊ အကျယ်ချဲ့တော်မူရာ၌လဲ အကျဉ်းအားလျော်စွာ ကျယ်ကျယ်ပြန့်ပြန့် ချဲ့တော်မူနိုင်၍ အကျဉ်းချုံးရာ၌လဲ အကျယ်ကို ငုံမိအောင် ချုံးတော်မူနိုင်ပေသည်၊ ထို့ကြောင့်ပင် အကျဉ်းကိုသာလိုလားနှစ်သက် သူတို့အတွက်ရော အကျယ်ကို လိုလား နှစ်သက် သူတို့အတွက်ပါ နာကြားကြည့်ရှုနိုင်ကြပေသည်။
သဘာဝနက်ကို ပို၍ အလေးထားသည်
ဆရာတော်ဘုရားကြီးသည် တရားဟောကြားတော် မူရာ၌၎င်း၊ စာရေးသားရာ၌၎င်း သဒ္ဒါရေးထက် သဘာဝ အနက်အဓိပ္ပါယ်ကို ပို၍ အလေးထားတော်မူလေ့ရှိသည်၊ အခြား နိဿယဆရာတော်တို့က ဗာရာဏသိယံ-ဗာရာဏသီပြည်၌-ဟု သဒ္ဒါနက်ကို အလေးထား ရေးသားတော်မူခဲ့ကြသည်၊ ထိုအနက်မှာ မှားသည်ဟု မဆိုလိုသော်လဲ တကယ်စိစစ်လျှင် မြတ်စွာဘုရားသည် ဗာရာဏသီပြည်၌ သီတင်းသုံးတော်မူသည်ကားမဟုတ်၊ ဗာရာဏသီမြို့ (ပြည်)၏ အနီး မိဂဒါဝုန် တော၌သာ သီတင်းသုံးတော်မူသည်၊ ထို့ကြောင့် ကျေးဇူးရှင် ဆရာတော်ဘုရားကြီးက ဗာရာဏသိယံ၊ ဗာရာဏသီမြို့၏အနီး၌-ဟူ၍ သဘာဝကျကျ သဒ္ဒါလဲမပျက် အနက်ပြန်ဆိုတော်မူပေသည်၊ မဟာသတိပဋ္ဌာနသုတ် နိဿယသစ်၌လဲ အခြားနိဿယဟောင်းတို့၌ ကုရူသု-ကုရုတိုင်းပြည်တို့၌ဟူ၍ ဗဟုဝုစ်-သု-ဝိဘတ်နက်အတိုင်း သဒ္ဒါကို အလေးထားရေးသား ပြန်ဆိုတော်မူကြသည်၊ ဆရာတော် ဘုရားကြီးကမူ ထိုတိုင်း၌ မင်းသားအများသို့လိုက်၍ ပါဠိနည်းအရ ဗဟုဝုစ်နှင့် ရှိသော်လဲ ထိုကုရုတိုင်းမှာ အများမရှိ တတိုင်းတည်းသာ အနက် ရှိသောကြောင့် မြန်မာစကား၌ ထိုအများအနက်မျိုးမရှိရကား ကုရူသု-ကုရုတိုင်းပြည်၌- ဟု သဘာဝတ္ထ နက်သို့ လိုက်၍ ပြန်ဆိုတော် မူခဲ့သည်၊ မဟာသတိပဋ္ဌာန် နိဿယသစ် (နှာ-၃)။
ရိုးရာမလိုက် အမှန်ကြိုက်သည်
သဘာဝကို အလေးထားသည် ဆိုသော်လဲ ဆရာတော်ဘုရားကြီးသည် သဒ္ဒါကို အလေးမထားပဲ သဒ္ဒါတပါး အနက်တခြား ဆိုတော်မူလေ့ရှိသည်ကားမဟုတ်၊ သဒ္ဒါကိုလဲ အလေးထားသည်၊ ထိုထက် သဘာဝကိုပို၍ အလေးထားသည်၊ ထို့ကြောင့် အနက်ပြန်ဆိုရာ ယူဆရာတို့၌ သဘာဝမကျလျှင် ရိုးရာသို့ ကောက်ကောက်ပါအောင် လိုက်တော်မမူပဲ အမှန်ရောက်အောင် စိစစ်တော်မူလျက် စိစစ်လို့ အမှန်တွေ့ပြီဆိုလျှင် အမှန်အတိုင်း အနက်ပြန်ဆို၍ အယူအဆကိုလဲ အမှန်အတိုင်း ယူဆရေးသားတော်မူ လေ့ရှိသည်။ ဤအဆိုကို ဝိပဿနာရှုနည်းကျမ်း ပဌမတွဲ ရဟန်းတော်တို့၏ သီလခဏ်း (နှာ ၁၃-မှ ၂၃) ပစ္စယသန္နိဿိတအရာတွင် ဖော်ပြထားသည်က သက်သေခံလျက် ရှိပေသည်၊ ထိုအခဏ်း၌ ရှေးကျမ်းဂန်အချို့က ပစ္စဝေက္ခာဏာ မဆင်ခြင်ပဲ ပစ္စည်းလေးပါးကို သုံးဆောင်လျှင် ထိုရဟန်းမှာ ဣဏပရိဘောဂ-ကြွင်းယူသုံးဆောင်ခြင်းမျိုးဖြစ်၍ ကြွေးဆပ်ရမည့် အနေဖြင့် ဆိုထားသည်ကို ထိုအဆိုမသင့်ကြောင်း ခိုင်မာစွာ သာဓကပြ၍ ဖော်ပြထားပေသည်။ ထို့ပြင် ဤအနတ္တလက္ခဏသုတ် တရားတော်ကြီး (နှာ-၁၂)တွင်လဲ-- “ဒီနေရာမှာရှေးရှေး ဆရာတော် အရှင်မြတ်များက အာဗာဓာယ ပုဒ်ကို နာကျင်ခြင်းငှါ-လို့မြန်မာပြန်ကြပါတယ်၊ အဲဒီပြန်ချက်ဟာ သဒ္ဒါအလိုအားဖြင့်ရော အနက်အလို အားဖြင့်ရောမသင့်ဘူးလို့ထင်ပါတယ်၊ မသင့်ပုံကတော့-အာ-ရှေးရှိတဲ့ ဗာဓ-ဓာတ်ဖြင့်ပြီးတဲ့ အာဗာဓာယ-ပုဒ်ဟာ နာကျင်တယ်ဆိုတဲ့အနက်ကို မဟောနိုင်ဘူး၊ နှိပ်စက်တယ်ဆိုတဲ့ အနက်ကိုသာ ဟောပါတယ်၊ အာဗာဓ-ပုဒ်ကို အနာလို့ ပြန်ဆိုရတာကလဲ နာကျင်စေလျက် နှိပ်စက်တတ်သောကြောင့် မြန်မာဝေါဟာရအားဖြင့် ပြောဆိုလေ့ ရှိတဲ့အတိုင်း အနာ-လို့ ပြန်ဆိုရတာ ဖြစ်ပါတယ်၊ အာဗာဓပုဒ်က နာတတ်တယ်လို့ ဟောသောကြောင့် ပြန်ဆိုတာတော့မဟုတ်ပါဘူး၊ ဒါကြောင့် အာဗာဓာယ-ပုဒ်ကို နာကျင်ခြင်းငှါ-လို့ ပြန်ဆိုချက်ဟာ နှိပ်စက်ခြင်း အနက်ရှိတဲ့ ဗာဓ-ဓာတ်ဖြင့်ပြီးသော သဒ္ဒါအရ အားဖြင့်လဲ အသင့်ယုတ္တိမရှိဘူး၊ နောက်ပြီးတော့ ရုပ်မှာနာကျင်ခြင်း သဘော မရှိဘူး၊ သညာ, သင်္ခါရ, ဝိညာဏ်တို့မှာလဲ နာကျင်ခြင်းသဘော မရှိကြဘူး”
စသည်ဖြင့် “အာဗာဓာယ-နှိပ်စက်ခြင်းငှါ၊
န သံဝတ္တေယျ-မဖြစ်တန်လေရာ”ဟူ၍ မြန်မာပြန်ဆို ထားသော မိမိ၏အနက်ကို သဒ္ဒယုတ္တိ, အတ္ထယုတ္တိ ၂-ပါးညှိ၍ စိစိစစ်စစ် ရှင်းပြတော်မူထားသည်၊ ထိုပြင် ဤအနတ္တလက္ခဏသုတ်တရားတော်ကြီး (နှာ-၁၇)၌ပင် “မာရော ပါပိမာ အညတရံ ဗြဟ္မပါရိသဇ္ဇံ အနွာဝိသိတွာ”ဟူသော ပါဠိတော်၌”မာရ်နတ်က အခြွေအရံ ဗြဟ္မာတဦးကို ပူးကပ်ပြီး လျှောက်တယ်” ဆိုရာမှာလဲ ဆရာတော်ဘုရားကြီးက
ကာမာဝစရနတ်တွေဟာ
ဗြဟ္မာ၏ ပကတိရုပ်ကိုပင် မမြင်နိုင်ကြောင်း
အခိုင်အမာ ကျန်းဂန်စကား ရှိနေသောကြောင့်
ကာမာဝစရမာန်နတ်ကို
တိုက်ရိုက်မယူပဲ
ဗြဟ္မာ့သန္တာန်၌ရှိသော အဝိဇ္ဇာ, မိစ္ဆာ ဒိဋ္ဌိ-စသည့် ကိလေသာမာရ်ကို ယူလျှင် သင့်လျော်ကြောင်း မိန့်ဆိုထားသည်မှာလဲ ရှေးအဆိုသို့ မလိုက်ပဲ သဘာဝကျကျ စိစစ် မိန့်ဆိုထားခြင်းသာ ဖြစ်ပေသည်။
လွယ်မယောင်နှင့်ခက်
အနိစ္စ, ဒုက္ခ, အနတ္တတရား သုံးပါးတို့မှာ ဗုဒ္ဓသာသနာဝင်တိုင်း၏ နှုတ်ဖျားတွင် နှုတ်တက်နေသော တရားများ ဖြစ်လေသည်၊ ခလုပ်စသည် တိုက်ခိုက်မိရာ၌ ယောင်ရမ်းသည့်အခါ ဤတရားများအမည်ဖြင့်သာ ယောင်ရမ်းတတ်ကြသည်၊ နှုတ်တက်နေကြသည့်အလျောက် သိပြီးသားတွေ ဟူ၍လဲ ထင်မှတ်နေတတ်ကြ၏၊ ထင်မှတ် နေတတ်ကြသည့်အတိုင်း သုတသိဖြင့် ယောင်ဝါးသိ သိကြမည် ဖြစ်သော်လဲ ကိုယ်တိုင်ဒိဋ္ဌသိတို့မှာမူ လွယ်မယောင်နှင့်ခက်သော တရားများ ဖြစ်လေသည်၊ ဤအထဲတွင် အနတ္တတရားက ပို၍ခက် ပို၍လဲ နက်နဲပေသည်၊ ဗုဒ္ဓမြတ်စွာသည် သစ္စကပရိဗိုဇ်, ဗကဗြဟ္မာကြီးတို့လို အတ္တဝါဒသမားများနှင့်အကြီးအကျယ် ရင်ဆိုင်တော်မူခဲ့ရသည်မှာ ဤအနတ္တတရား၏ ခက်ခဲနက်နဲမူကြောင့်ပင် ဖြစ်ပေသည်။
ဘုရားရှင် ဟောတော်မမူမီက မသိကြရသော ဤ အနတ္တတရားမှာ ရုပ်နာမ် ၂-ပါးနှင့်စပ်ပြီး အတ္တနှင့် နီးကပ်လျက် ရှိနေသည်၊ ရုပ်နာမ် ၂-ပါးကို အတ္တဝါဒသမားများက အတ္တဟု စွဲယူနေကြရာတွင် ဘုရားရှင်က ဤရုပ်နာမ် ၂-ပါးကိုပင် အနတ္တဖြစ်ကြောင်း ဟောကြားတော်မူခဲ့သည်။ တသံသရာလုံးက စွဲလမ်းအမြစ်တွယ်နေကြသူတို့ အတ္တစွဲရာ၌ အနတ္တမှန်းသိအောင် ဟောကြားတော်မူရသည်မှာ များစွာ ခက်ခဲလှသည်၊ အကယ်၍ အနတ္တတရားသည် အခက်အခဲမရှိ လွယ်လွယ်နှင့် သိနိုင်သော တရားဖြစ်ပါမူ ဘုရားပွင့်ပေါ်နေရန်လဲ လိုမည်မဟုတ်၊ ဘုရားရှင်၏ တပည့်သာဝက ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးတို့လို ပုဂ္ဂိုလ်တို့က ဤအနတ္တလက္ခဏသုတ် တရားတော်ကြီးမျိုးကို အပင်တပန်း ဟောကြားရေးသား နေကြရန်လဲ လိုမည် မဟုတ်ပေ၊ သို့သော် ဤလို အဆင့်ဆင့်ဟောကြား၍ပင် တကယ် မသိနိုင်သော ဤအနတ္တသဘောမှာ မည်မျှနက်နဲ ခက်ခဲကြောင်း ထောက်ဆ၍ သိနိုင်ပေသည်၊ အနတ္တသဘောကိုသာမက မိမိတို့ စွဲယူထားသည့် အတ္တဟူသည်ကိုလဲ သဘာဝကျကျ သိသူနည်းပါးလှ၏၊ အတ္တဟူသည်ကို အသိလုပ်၍ သိပါသည်ဆိုသူ အချို့တို့ကလဲ အလွဲလွဲ အမှားမှား သိနေကြလေသေးသည်၊ ဤလို အလွဲလွဲအမှားမှား သိနေကြသူတို့အတွက် အမှန်သို့ရောက်အောင် ကျေးဇူးရှင်ဆရာတော်ဘုရားကြီးက ဤအနတ္တလက္ခဏသုတ်တရားတော်ကြီး (နှာ ၁၆၊ ၆၂)တွင် ရှင်းလင်းဖော်ပြထားသည်ကို တွေ့နိုင်ပေသည်။
အထင်မသေးသင့်
ပရမတ္ထဒေသနာတော်ဖြစ်သော အဘိဓမ္မာကိုသာ အလေးပြုတတ်ကြသော ပရမတ်သမားတို့က သုတ္တန်ဒေသနာတော်ဆိုလျှင် အထင်သေးတတ်ကြသည်၊ လွယ်သည်ဟူ၍လဲ အထင်ရောက် တတ်ကြသည်၊ ဘုရားဒေသနာတော်များမှာ သဗ္ဗညုတဉာဏ်တော်ဖြင့် ဟောကြားအပ်သည်သာ ဖြစ်သောကြောင့် သဗ္ဗညုတဉာဏ်တော်တွင် လွယ်ကူမည်ဖြစ်သော်လဲ သာမန်ပုဂ္ဂိုလ်တို့ ဉာဏ်ဖြင့်ကား ထိုပုဂ္ဂိုလ်တို့ ထင်သလို လွယ်သည်မဟုတ်ပေ၊ အနတ္တလက္ခဏသုတ်တော်ကို အဘိဓမ္မာသဘောနှင့် တကွဝေါဟာရသဘောပါ ပါဝင်လာပါက ပရမတ်သက်သက်သမားတို့ဉာဏ်တွင် “ဤအဆိုကား အဘိဓမ္မာလာအဆို, ဤအဆိုကား သုတ္တန်လာအဆို”ဟူ၍ ပိုင်းပိုင်းခြားခြား သိရန်မရှုနိုင် မကယ်နိုင် လက်မှိုင်ချနေရတတ်သည်၊ ပရမတ်ရော ဝေါဟာရပါ ပိုင်နိုင်ပါမှသာ အမှန်အကန်သိနားလည်နိုင်သည်။
အဘိဓမ္မာဒေသနာတော်မှာ မြင်ဆဲ, ကြားဆဲ, နံဆဲ, အရသာသိဆဲ၌ ဒုက္ခလဲ မရှိဘူး, သုခလဲမရှိဘူး၊ ဥပေက္ခဝေဒနာသာ ရှိသည်ဟု ဆိုထားပေသည်၊ သို့သော် သုတ္တန်ဒေသနာတော်၌မူ မြင်ခိုက်, ကြားခိုက်စသည် ဒွါရခြောက်ပါးလုံးမှာ သုခရော ဒုက္ခပါ ဝေဒနာသုံးပါးစလုံး ရှုမှတ်ရမည်ကို ဟောကြားထားပေသည်၊ ဤနေရာမျိုးမှာ အဘိဓမ္မာနှင့် သုတ္တန်အဆို ၂-ရပ်ကို မဆန့်ကျင်အောင် ယူတတ်ဖို့ ခဲရင်းလှပေသည်၊ အဆိုပါပရမတ်သမားတို့ အထင်သေးသော သုတ္တန် ဒေသနာတော်တွင် ဤလိုအခက်အခဲမျိုးတွေလဲ ပါရှိတတ်ပေသည်၊ ဤအခက်အခဲကို ကျေးဇူးရှင်မဟာစည်ဆရာတော် ဘုရားကြီးက ဤအနတ္တလက္ခဏသုတ်တရားတော်ကြီး (နှာ-၂၂)တွင် အဆို ၂-ရပ် မဆန့်ကျင်အောင် ရှင်းလင်းဖော်ပြ ထားသည်ကို တွေ့ကြရပေလိမ့်မည်။
ဝေါဟာရလဲ မလွယ်
ဝေါဟာရများသောကြောင့် သုတ္တန်ဒေသနာတော်ကို ဝေါဟာရဒေသနာတော်ဟု အမည်တပ်လျက် သာသနာတော် အတွင်းရှိ ပုဂ္ဂိုလ်တို့က ခေါ်ဝေါ်သမုတ်ထားကြသည်၊ ထိုဝေါဟာရ ဒေသနာတော်ကို စနစ်တကျ သိကြစေရန် သဒ္ဒါကျမ်းဂန် ပေါင်းများစွာ ပြုစုကြ၏၊ ဤသည်ကို ထောက်၍ ဝေါဟာရ မလွယ်ကူကြောင်း ခက်ခဲကြောင်း သိနိုင်ပေသည်။ “အဘိဓမ္မာကို ၃-နှစ် သင်ကြားလျှင် အဘိဓမ္မာတတ် ဖြစ်နိုင်သည်၊ သဒ္ဒါကျမ်းဂန်ကို
၁၀-နှစ်သင်ကြားသော်လဲ
သဒ္ဒါတတ် မဖြစ်နိုင်”ဟူ၍ ပခုက္ကူအလည်တိုက်
ဆရာတော် ဦးပညာက ဋီကာကျော် ပို့ချတော်မူစဉ်အခါ
သဒ္ဒါနှင့်စပ်သော
အဓိပ္ပါယ်ကို ရှင်းလင်းပြရာတွင်
ထည့်သွင်းမိန့်ကြားဘူးပေသည်၊ ဝေါဟာရသဒ္ဒါဟူသည် လူတို့ပြောဆိုကြသော သင်္ကေတအလိုက် သတ်မှတ်ထားကြသည့် အသံကို မှတ်သားထားကြခြင်း သာဖြစ်သည်၊ လူမျိုးကွဲလျှင် ကွဲသလို ဝေါဟာရသဒ္ဒါ ကွဲပြားရုံသာမက အရပ်ဒေသကွဲလျှင်ပင် အခေါ်အဝေါ်ချင်းမတူ၊ ဝေါဟာရကွဲပြားတတ်ကြသေးသည်၊ ထို့ကြောင့် “သဒ္ဒါဟူက၊ ယေဘုယျ၊ မုချမဟူရာ” ဟူ၍ ရှေးဆရာတော်တို့က
ဆောင်ပုဒ်နိယာမ်ကို
မိန့်ဆိုထားခဲ့ကြ၏။
ခေတ်ဟောင်း ခေတ်သစ် ခြားနားရာ၌လဲ ထို့အတူပင် ဝေါဟာရများ တစ တစ ခြားနားလာတတ်သေးသည်၊
ထို့ကြောင့်လဲ ဝေါဟာရဒီပနီ-စသည် ကျမ်းများပေါ်ထွက်ခဲ့ရပြန်လေသည်။
ဝေါဟာရသဒ္ဒါ ခက်ခဲသလောက် ဝေါဟာရဒေသနာတော်ဖြစ်သော သုတ္တန်ဒေသနာတော်မှာလဲ ခက်ခဲလှပေသည်၊ ဘုရားရှင် ဟောကြားသော ခေတ်ကလဲ ၂၅၀ဝ-ကျော်ခဲ့ပြီ ဖြစ်၍ မျက်မှောက်ခေတ်နှင့် များစွာပင် ကွာလှမ်းခဲ့လေပြီ၊ ထို့ကြောင့် အချို့နေရာတို့၌ ပါဠိဝေါဟာရနှင့် မြန်မာဝေါဟာရတို့သည် စကားဝါကျ ဝေါဟာရချင်းမတူ ခြားနားကွဲပြား နေသည်တို့လဲ ရှိပေသည်၊ သာဓကတမျိုးလောက်ကို ထုတ်ဆောင်ပြရလျှင် “သဗ္ဗံ မေ နက္ခမတိ”ဟူသော ဒီဃနခသုတ် (မ ၂- ၁၆၅)တွင် ဒီဃနခပရိဗိုဇ်က ဘုရားရှင်အား လျှောက်ထားသော ပါဠိဝါကျကို ထုတ်ဆောင်ပြလိုပေသည်၊ ထိုပါဠိဝါကျမှာ မြန်မာ ဝေါဟာရအသုံးနှင့် အသုံးအနှုန်းချင်းမတူပဲ မြန်မာလို အဓိပ္ပါယ်အဖြောင့်ယူသည့်အခါ ပါဠိတွင် သဗ္ဗံ-ဟူသော ကတ္တားပုဒ်က မြန်မာဘာသာ၌ ကံ-ပုဒ်ဖြစ်နေသည်၊ မေ-ဟူသော သမ္ပဒါန်ပုဒ်က ကတ္တားဖြစ်နေသည်၊ ဤသည်ကို ဝေါဟာရ၌ ကျွမ်းကျင်တော်မူသော ကျေးဇူးရှင် မဟာစည်ဆရာတော် ဘုရားကြီးက ဤအနတ္တလက္ခဏသုတ်တရားတော်ကြီး (နှာ-၃၀)တွင် အဓိပ္ပါယ်ကျဖော်ပြ
ရှင်းလင်းထားတော်မူသည်ကိုလဲ တွေ့ရပါလိမ့်မည်။
သတိရမိသည်
ဘုန်းကြီးဝက်လက်မစိုးရိမ်ကျောင်း ရောက်စက ဖြစ်သည်၊ ဝက်လက်မြို့၌ တရားပွဲ တစ်ပွဲ ဟောကြားရန် ရွှေစေတီ ဆရာတော်ဘုရားကြီး ကြွရောက်တော်မူလာ၏၊ ထိုစဉ်က စကားစပ်မိသဖြင့် “ဘဝပြတ်သွားတဲ့ဥစ္ဆေဒနှင့် နိဗ္ဗာန်အထူး ရှိပါသေးသလားဘုရား၊ အတူတူများဖြစ်လေမလား”ဟု ဆရာတော်ဘုရားကြီး၏ အယူအဆကို သိလိုသဖြင့် လျှောက်ထားခဲ့ဘူးသည်၊ ထိုအခါ ဆရာတော်ဘုရားကြီးက “ထူးတာပေါ့၊ မထူးပဲရှိပါ့မလား”ဟူ၍ မိန့်တော်မူပြီးလျှင် အစက ပြောလက်စ စကားကို ဆက်သွားသောကြောင့် “ဘယ်လို ထူးပါသလဲဘုရား”ဟု ထပ်ဆင့်လျှောက်ထားခွင့် မရခဲ့ပဲ ဖြစ်သွားသည်၊ ဆရာတော်ဘုရားကြီးမှာမူ ထိုမထင်မရှားစကားကလေးကို မေ့ကောင်း မေ့လောက်ပေပြီ၊ သို့သော်ဘုန်းကြီးမှာမူ ဤ အနတ္တလက္ခဏသုတ်တရားတော်ကြီးကို ဘတ်ရှုရသည့်အခါ၌ ဥစ္ဆေဒဒိဋ္ဌိအရ ဘဝပြတ်ခြင်းနှင့် နိဗ္ဗာန် အထူးဖော်ပြထားသည်ကို တွေ့ရသောကြောင့် ပြန်ပြောင်း သတိရမိတော့သည်၊ ဤအနတ္တလက္ခဏသုတ်တရားတော်ကြီး (နှာ ၃၁)တွင် ဆရာတော်ဘုရားကြီးသည် ဥစ္ဆေဒဒိဋ္ဌိ-သမားတို့က သူတို့ ဘဝဥစ္ဆေဒနှင့် နိဗ္ဗာန် အတူတူထင်မှတ်နေသည်ကို မတူကြောင်း ရှင်းလင်း ဖော်ပြထားပေသည်။
နောက်ဘဝမရှိသူ
ဥစ္ဆေဒဒိဋ္ဌိနှင့်စပ်၍ သိမှတ်ဘွယ်ကလေး ရှိနေသေးသည်၊ ၁၃၃၃-ခုနှစ်လောက်က ဘုန်းကြီး၏ ဆွေမျိုးဉာတကာ ရပ်သူရွာသားများကို သတိပဋ္ဌာန်တရား နာကြားစေလိုသော ဆန္ဒဖြင့် မဟာစည် ဓမ္မကထိက ဦးသံဝရနှင့် ဦးဇောတိကတို့ကို ဘုန်းကြီး၏ ဇာတိအရပ်ဒေသသို့ ပင့်၍ သတိပဋ္ဌာန်တရားပွဲများ ကျင်းပပေးခဲ့သည်၊ အင်ချောင်းရွာ၌လဲ မိမိဆွေမျိုးတွေ အများအပြားရှိ၍ တရားတစ်ပွဲ ချပေးခဲ့၏၊ ထိုတရားပွဲတွင် မောင်ကြည်ဆိုသူ တစ်ယောက်လဲ တရားနာပရိသတ်ထဲမှာ ပါရှိပေသည်၊ သူကား အလံနီကွန်မြူနစ်ခေါင်းဆောင်တဦးဖြစ်၍ နောက်ဘဝ မရှိသူပေတည်း၊ ထိုတရားပွဲသို့ လာရောက်နာကြားသည်မှာ ဘုန်းကြီးနှင့် ဆွေမျိုးဖြစ်၍ ဘုန်းကြီးကို အားနာသောကြောင့် လာရောက်နာကြားဟန်တူပေသည်၊ သူ့အကြောင်းကို သိပြီးဖြစ်သော ဓမ္မကထိက ဦးသံဝရတို့က သူ့ကို တရားထောက်ထား၍ ဟောကြားလေတော့သည်၊ သူ့ကို တရားထောက်ထား၍ ဟောကြားရာ၌ ရွာရှိတရားနာ ပရိသတ်တို့ကလဲ ထူးထူးခြားခြား စိတ်ဝင်စားလျက် ရှိကြသည်၊ နောက်ဘဝ မရှိသူတယောက်က တရားနာရုံသာမက တရားထောက်ကြီးဖြစ်နေသည်ကို စိတ်ဝင်စားမည်ဆိုလျှင် ဝင်စားလောက်ပေသည်၊ ညကတရားပွဲပြီး၍ နံနက်အချိန်တွင် ဘုန်းကြီးတို့ ဆွမ်းစားနေသော အိမ်သို့လဲ မောင်ကြည်ရောက်လာပြန်သည်၊ ထိုအခါ မောင်ကြည်က “ညက ဆရာတော် ဦးသံဝရဟောတဲ့တရားကို
တပည့်တော် လက်ခံပါတယ်”ဟု လျှောက်ပြီးလျှင်
“ဒါပေမဲ့ နာမ်ဝါဒသမား ဖြစ်သွားပြီလို့တော့ မထင်ကြစေလိုပါဘူး၊ အရှင်ဘုရားတို့ ဗုဒ္ဓဘာသာဝင်တွေက နောက်ဘဝ ရှိနေတာဖြစ်တော့ ဘဝသံယောဇဉ်တွေနဲ့ ကုသိုလ်ကောင်းမှုတွေ လုပ်ကြရတယ်၊ တပည့်တော်တို့က နောက်ဘဝမရှိတာဖြစ်တော့ ဘဝသံယောဇဉ်မရှိပါဘူး၊ ဘဝသံယောဇဉ် ပြတ်တယ်”ဟု ဆို၏။ ဒီတော့ ဘုန်းကြီးက “ဒါတော့ ကိုယ့်အမြင်နဲ့ကိုယ်ပေါ့၊ ဘဝသံယောဇဉ် အဟုတ်ပြတ်ယင် တို့ဗုဒ္ဓသာသနာအနေနဲ့ ရဟန္တာအဖြစ်သို့ ရောက်မှပြတ်တယ်၊ မင့်ကြည့်ရတာ ရဟန္တာတော့ ဟုတ်ဟန်မတူဘူး၊ ဘဝမပြတ်ပဲနဲ့ ဘဝပြတ်တယ်ဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိအယူတန်းလန်းနဲ့ သေသွားယင် တို့အယူအရအားဖြင့် နောက်အခြားမဲ့ဘဝမှာ ငရဲရောက်မယ်လို့ ယူထားကြတယ်၊ ဒါက ဘုရားဟောအတိုင်းပဲ”ဟု ပြောလိုက်ရသည်။
မောင်ကြည်က ဘဝသံယောဇဉ်ပြတ်သော်လဲ သူ့ဇနီးကမူ ဘဝသံယောဇဉ်ပြတ်သူ မဟုတ်ပဲ အရွယ်ရောက်လာသော သားကလေးများကို ရှင်ပြုရန် အစီအစဉ်လုပ်တော့သည်၊ ထိုအခါ မောင်ကြည်က “ငါ့အတွက်နောက်ဘဝတို့
ဘာမှလုပ်နေစရာမလိုဘူး၊ မင်းရှင်ပြုချင်ယင် မင့်ဘာသာမင်းပြုပေါ့၊ တခုတော့ရှိတယ်၊ ရှင်လောင်းယူတဲ့အခါ ရှင့်ဒကာ အလှူ့ဒကာလုပ်ပြီး ငါကသပိတ်ကြီးလွယ် ယပ်တောင်ကြီးကိုင်-ဒီလိုတော့ မလုပ်နိုင်ဘူး”လို့ ပြောခဲ့သည်၊ ထိုအခါ ဇနီးဖြစ်သူက “အလှူ့ဒကာ မပါဘဲတော့ ကျမက ရှင်လောင်းမယူနိုင်ဘူး၊ ရှင် အလှူ့ဒကာ မလုပ်ချင်ယင် အလှူ့ဒကာတယောက်ငှါးပြီး ရှင်လောင်းယူရမှာပဲ”ဟု ပြောသောကြောင့် ဥစ္ဆေဒဝါဒသမားကြီး မောင်ကြည်မှာ အငှါးဖြစ်မဲ့အလှူ့ဒကာကို မရှုစိမ့်နိုင်သဖြင့် ဤကိစ္စအတွက် မချီနိုင် မချနိုင် အကြပ်တွေ့ခဲ့ရဘူးသည်-ဟု ရွာရှိလူများက ဘုန်းကြီးအား လျှောက်ထားကြသည်။
တူသယောင်ယောင်ရှိနေသော ဥစ္ဆေဒဝါဒသမားများ၏ ဘဝဥစ္ဆေဒနှင့် နိဗ္ဗာန်မှာတူသည်ဟု ထင်မှားဘွယ်ရှိနေသဖြင့် ဆရာတော်ဘုရားကြီးက ဤအနတ္တလက္ခဏသုတ် တရားတော်ကြီး (နှာ-၃၁)တွင် မတူပုံကို ရှင်းလင်းဟောကြားထားပေသည်၊ ထို့ပြင် သညာမှတ်နှင့် သတိမှတ်မှာလဲ မသိသူတို့အတွက် တူသယောင်ယောင်ဖြစ်နေသော်လဲ မတူ ထူးခြားပုံကို (နှာ-၃၈)တွင် ဟောကြားထားသည်ကို တွေ့ကြရမည် ဖြစ်ပေသည်၊ “သွားရင်း ဟန်နွှဲ”ဆိုသကဲ့သို့ ဆရာတော် ဘုရားကြီးသည် အနတ္တလက္ခဏသုတ် တရားတော်ကြီးကို
ဟောကြားရင်း ဤသို့သော ခဲရာခဲဆစ်များ ကိုလဲ ရှင်းလင်းဟောကြား
သွားပါသေးသည်။
အယင်တရားတော်များကဲ့သို့ပင်
ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ဤအနတ္တလက္ခဏသုတ် တရားတော်ကြီးကိုသာ ဟောကြားတော်မူသည်မဟုတ်၊ သုတ်တရားတော်ကြီး များစွာကို ဟောကြားတော်မူခဲ့ပြီး ဖြစ်ပေသည်၊ အယင်က ဟောကြားတော်မူခဲ့ပြီးဖြစ်သော ထိုထို သုတ္တန်ဒေသနာတော်ကြီးများသည် ဤအနတ္တ လက္ခဏသုတ် တရားတော်ကြီး၏ ရှေ့သွားအဖြစ်ဖြင့် တရားနာ ပရိသတ်, စာဖတ်ပရိသတ်တို့ မျက်မှောက်သို့ ရောက်ရှိနေကြပြီးသား ဖြစ်သောကြောင့် နာကြား ဖတ်ရှုကြရမည့် ဤအနတ္တလက္ခဏသုတ် တရားတော်ကြီးမှာလဲ ရှေး ဟောကြားခဲ့ပြီး တရားတော်ကြီးများကဲ့သို့ပင် မှတ်သားနာယူဘွယ်များစွာနှင့် ပြည့်ပြည့်စုံစုံရှိမည်ကို ယုံကြည်ပြီးသား ဖြစ်နေကြမည်မှာ သေချာပါသည်။
အယင် ဟောကြားထားသော တရားတော်ကြီးများကို ဖတ်ရှု နာကြားခဲ့ကြရာ၌ သဒ္ဓါတရား တိုးပွါး အကျိုးစီးပွါးများကြသကဲ့သို့ ဤအနတ္တလက္ခဏသုတ်တရားတော်ကြီးကို ဖတ်ရှုနာကြားကြရာ၌လဲ သဒ္ဓါတရားတိုးပွါး အကျိုးစီးပွါးများကြ လိမ့်မည်ဟု ယုံကြည်မိပါသတည်း။
ဝက်လက်-မစိုးရိမ်ဦးတိဿ
သာသနာ ၂၅၂၀
ကောဇာ ၁၃၃၈-မုန်းဆုတ်-၆။
ခရစ် ၁၇-၁၁-၇၆။