တုဝဋကသုတ်တရားတော်
Author By - မဟာစည်ဆရာတော်ဘုရားကြီး
ရှေးက ရဟန်းတော်များဟာ မည်မျှအထိ စောင့်စည်းခဲ့ကြသည်ဟူ၍လည်းကောင်း မည်မျှအထိ သဘောထားကြီး၍ ရိုးသား ဖြောင့်မတ်ရမည်ဟူ၍လည်းကောင်း
တုဝဋကသုတ်တရားတော်
Published Date - 1976
Author By - မဟာစည်ဆရာတော်ဘုရားကြီး
259 စာမျက်နှာ
နိဒါန်း
မြန်-ကောင်း-သက်သာ
မြန်-ကောင်း-သက်သာဟူသော အလုပ်အကျင့်သည် တကယ်အမှန်အစစ်ဖြစ်ပါမူ လူတိုင်း လူတိုင်းက ကြိုဆိုလက်ခံ ကြရမည်သာ ဖြစ်ပေသည်။
ဤ တုဝဋကသုတ် အကျင့်တရားတော်သည် သံသရာ၌ ကြာမြင့်စေတတ်သော ပပဉ္စ တရားတို့ကိုပယ်ကြောင်းဖြစ်၍ ယင်းသုတ်ကို တုဝဋ= ကလျင်မြန်တရားဟု ခေါ်ဆိုထားပေသည်၊ ထို့ပြင် သံသရာ၌ ဆင်းရဲပင်ပန်းစေတတ်သည့် ပပဉ္စတရားဆိုးတို့ ကင်းငြိမ်းကြောင်းလည်း ဖြစ်သောကြောင့် ယင်းသုတ်ကို ကောင်းသည် သက်သာသည် ဟူ၍လည်း ချီးကျူး ဂုဏ်တင်သင့်ပါပေသည်။
ထိုသို့ မြန်-ကောင်း-သက်သာ ဟု ချီးကျူးဂုဏ်တင်ကာ ခေါ်ဆိုထိုက်သော ဤတုဝဋကသုတ်တရားတော်ကို စကြဝဠာတိုက်တစ်သောင်းမှ လာရောက်စုဝေးလျက်ရှိကြသော မဟာသမယ ခေါ် နတ်ဗြဟ္မာတို့၏ အစည်းအဝေးကြီး၌ မြတ်စွာဘုရားရှင် ဟောကြားတော်မူစဉ်က နာကြားကြကာ သဘောပေါက် နားလည်ကြသဖြင့် သဒ္ဓါစရိုက် ရှိကြသော နတ်ဗြဟ္မာတို့ ကုဋေတစ်သိန်းခန့် ရဟန္တာ ဖြစ်ကြသည့်ပြင် သောတာပန် သကဒါဂါမ်အနာဂါမ် ဖြစ်ကြသော နတ်ဗြဟ္မာတို့မှာ မရေမတွက်နိုင်လောက်အောင်ပင် များပြားသည်ဟု ဆိုပါသည်။
ထိုစဉ်အခါက ထိုကဲ့သို့ နာကြားကြကာ အလွယ်တကူသိနားလည်ကြ၍ တရားထူးများကို လျင်မြန်စွာ ရသွားကြသော်လည်း ဗုဒ္ဓသာသနာတော်ခေတ်နောက်ပိုင်းဟုဆိုရမည့် ယခုအခါ၌ ဤသုတ်တရားတော်ကို ကြားနာရုံမျှဖြင့် တရားထူးကိုရဖို့ မဆိုထားဘိ သဘောပေါက် နားလည်ရန်ပင် မလွယ်ကူဘဲ ရှိခဲ့ချေသည်။
ထို့ကြောင့် ရှေးရှေးခေတ်များမှာ ယခုခေတ်အထိ ကျမ်းဂန်တတ်သိ ပညာရှိဆရာတော် အရှင်မြတ်တို့သည် ဤတုဝဋကသုတ်နှင့်တကွ မဟာသမယ ၆-သုတ်တို့ကို နိဿယပြန်ခြင်း အနက်အဓိပ္ပာယ် ဖော်ပြခြင်းတို့ဖြင့် ဖွင့်ပြတော် မူခဲ့ကြပေသည်၊ သို့သော်လည်း ထိုဖွင့်ပြချက်များမှာ ကျမ်းဂန်အနေအထားဖြင့် ရေးသားစီရင်ချက်များ ဖြစ်သောကြောင့် သုတနည်းသူတို့မှာ သိနားလည်ရန် မလွယ်ကူဘဲ ခက်ခဲလျက်ပင် ရှိခဲ့လေသည်။
ပုရာဘေဒသုတ်တရားတော် ထွက်ပေါ်လာခြင်း
ထိုသို့ ဖြစ်နေရာတွင် ယင်း မဟာသမယ ၆-သုတ်ထဲမှပုရာဘေဒသုတ် တရားတော်သည် ကျေးဇူးရှင် မဟာစည်ဆရာတော် ဘုရားကြီး၏ ဟောကြားချက် အစီအစဉ်ဖြင့် တရားစာအုပ်ဖြစ်လျက် ထွက်ပေါ်လာခဲ့လေသည်၊ ယင်းစာအုပ်ကို ကြည့်ရှုကြရသော ပုဂ္ဂိုလ်များစွာတို့မှာ ကျယ်ပြန့်သော အနက် အဓိပ္ပာယ်တို့ကို သဘောပေါက်နားလည်ကာ အားရဝမ်းသာ ဖြစ်ကြရပေသည်၊ ယင်းသုတ် တရားတော်သည် ဗုဒ္ဓိစရိုက်ရှိသူတို့အတွက် ဟောသည့် တရားတော်ဖြစ်သောကြောင့် စူးစမ်း ဆင်ခြင်ဉာဏ် ထက်မြက်သူတို့က ပို၍ သဘောပေါက် နားလည်ကြပေသည်။
ယင်းသို့ အထူးအားဖြင့် ပို၍ သဘောပေါက် နားလည်ကြသော ပုဂ္ဂိုလ်တို့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးလှမောင်လည်း တစ်ဦးအပါအဝင် ဖြစ်ပေသည်။
ယင်း ဦးလှမောင်မှာမူ ကိုယ်တိုင် သဘောပေါက် နားလည်ရုံမျှတွင် မဟုတ်ဘဲ ထို မဟာသမယ ၆-သုတ်ထဲမှ အခြား ၅-သုတ်ကိုလည်း ပုရာဘေဒသုတ် တရားစာအုပ်ကဲ့သို့ပင် တရားစာအုပ်များ ဖြစ်ပေါ်လာလျှင် အများသောပုဂ္ဂိုလ်တို့အတွက် အထူးကျေးဇူးများလိမ့်မည် ဟူ၍လည်း မြော်မြင်မိသောကြောင့် ယင်း မဟာသမယ ၅-သုတ်တို့ကိုလည်း တရားစာအုပ်အဖြစ် ပြုစုစီရင်တော်မူပါရန် ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီးအား လျှောက်ထား တောင်းပန်ခဲ့ပေ သည်။
တုဝဋက သုတ်တရားတော်ကို ဟောကြားစီရင်ခြင်း
ယင်းသို့ လျှောက်ထားတောင်းပန်ခြင်းကို အကြောင်းပြု၍ ကျေးဇူးရှင် မဟာစည်ဆရာတော် ဘုရားကြီးသည် ၁၃၃၇-ခုနှစ်၊ ပြာသိုလပြည့်နေ့မှ စ၍ ဤတုဝဋကသုတ်တရားတော်ကို ရန်ကုနြ်ုမိ့ သာသနာ့ရိပ်သာ၌ ဖွင့်ပြ ဟောကြားတော်မူခဲ့ပေသည်၊ ဟောကြားပြီးသော အပိုင်းများကိုလည်း စာမူအဖြစ်သို့ ရောက်အောင် တိုက်ပရိုက်ဖြင့် ရိုက်နှိပ်ထားခဲ့ပေသည်။
နောက်ဆုံး ပဉ္စမပိုင်းကိုမူ ဟောသောအခါ မကျယ်လွန်းဘဲ အတိအကျ ဖြစ်စေရန် မဟောမီကပင် စာမူအဖြစ် ရိုက်နှိပ်ပြီးလျှင် ထိုစာမူအရ ဟောကြားတော်မူကြောင်း ကြားသိရပေသည်၊ သို့သော် ထိုစာမူ၌ ကျဉ်းလွန်း၍ အသိခက်သော အရာများကိုမူ တရားနာပရိသတ်များ နားလည်လောက်အောင် အကျယ်ဖွင့်ပြ၍ ဟောတော်မူခဲ့ကြောင်းလည်း ကြားသိရပေသည်။
နိဒါန်းရေးရန် တာဝန်ပေးခြင်း
ထိုသို့ ပြုစုစီရင်တော်မူပြီးသော တုဝဋကသုတ်တရားတော်စာမူကို ကျေးဇူးရှင် မဟာစည်ဆရာတော် ဘုရားကြီးက ဤစာရေးသူအား ပေးအပ်တော်မူပြီးလျှင် နိဒါန်းရေးထည့်ရန် တာဝန်ပေးတော်မူသည်၊ ထိုအခါ တစ်ဘက်မှ ဝမ်းမြောက်ဝမ်းသာဖြစ်သည်နှင့်အမျှ တစ်ဘက်မှ နင့်ခနဲ လေးတက်လာသည့် တာဝန်ကြီးကို ထမ်းမိလျက်သား ဖြစ်ခဲ့ရပါသည်၊ အကြောင်းမှာ-ဆရာတော်ဘုရားကြီး၏ ကျမ်းစာမူနှင့် လိုက်လျောထိုက်တန်သော စကားလုံးများဖြင့် စီစဉ် ရေးသားရမည် ဖြစ်သောကြောင့်ပင်၊ သို့သော်လည်း-
အာဂတော ဘာရော အဝဿံ ဝဟိတဗ္ဗော-ရောက်လာသော
တာဝန်ကို မရှောင်မသွေ မချွတ်ပင်ထမ်းဆောင်အပ်သည်-ဟု
မိန့်ဆိုတော်မူသည့် ကျမ်းဂန် ပရိဘာသာစကားနှင့်အညီ တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ရပါတော့ မည်။
နိဒါန်း ဟူသည်မှာ “နိဒဒါတိ ဒေသကာလာဒိဝသေန ဒေသနံ အဝိဒိတံ ဝိဒိတံ ကတွာ နိဒေဿတီတိ နိဒါနံ”ဟု သဒ္ဒါနက်ဝြိုဂိဟ်
ဖွင့်ဆိုတော်မူကြသည်နှင့်အညီ သက်ဆိုင်ရာ တရားတော်ကျမ်းစာကို ဒေသ ကာလစသည်တို့ဖြင့် ပေါ်လွင်ထင်ရှားအောင် ပြဆိုသော စကားရပ်ပင် ဖြစ်ပါသည်၊ ထိုတွင် ဤတုဝဋကသုတ်တရားတော်ကို ဖွင့်ပြဟောကြားရာ အရပ်ဒေသနှင့် ကာလတို့ဖြင့်လည်းကောင်း၊ လျှောက်ထားတောင်းပန်ခြင်း၏ အကြောင်းနှင့် လျှောက်ထားတောင်းပန်ပုံ ဖွင့်ပြဟောကြားလျက် ပြုစုစီရင်ပုံတို့ဖြင့်လည်းကောင်း ဖော်ပြခဲ့ပြီး ဖြစ်ပေပြီ၊ ထို့ကြောင့် အခြေခံအနေအားဖြင့်တော့ ပြည့်စုံပြီဟူ၍
ဆိုနိုင်ပါပြီ၊ သို့သော်လည်း ကျမ်းစာသားအတွင်း၌ ပါဝင်သော အကြောင်းအရာများဖြင့်လည်း ထင်ရှား ပေါ်လွင်သည်ထက် ထင်ရှားပေါ်လွင်စေရန် ဆက်လက်၍ ရေးသားဖော်ပြရပါဦးမည်။
ဤစာရေးသူ၏ မှတ်ချက်ချပုံ
ဤစာရေးသူသည် ဆရာတော်ဘုရားကြီး၏ တရားစာမူကို အစမှ အဆုံးတိုင်အောင် ဂရုတစိုက် ရိုရိုသေသေ လေ့လာဖတ်ရှုကြည့်ပါသည်၊ ထိုသို့ ဖတ်ရှုကြည့်ပြီးနောက် ဆရာတော်ဘုရားကြီး၏ တရားစာကို အောက်ပါအတိုင်း မှတ်ချက်ချလိုက်မိပါသည်။
“ဤတုဝဋကသုတ်တရားတော်ကို ဟောကြား၍ ကျမ်းစာအုပ် အဖြစ်ပြုစုစီရင်ရန် လျှောက်ထား တောင်းပန်သော ဒါယကာကြီး ဦးလှမောင်နှင့် ဟောကြားပြုစုတော်မူသော ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးတို့သည် ယခုခေတ်၌ အတော်ပင် လမ်းချော်လာခဲ့ပြီ ဖြစ်သော ဗုဒ္ဓသာသနာဝင် လူ ရှင် ရဟန်းတော်များကို ဗုဒ္ဓဓမ္မသာသနာ့ လမ်းကြောင်းပေါ်သို့ ဤတရားတော်ဖြင့် တည့်တည့်မတ်မတ် ရောက်ရှိစေလိုသော အတွင်း အဇ္ဈတ္တ အဇ္ဈာသယဓာတ်ခံဖြင့် တောင်းပန်ခြင်း ဟောကြားပြုစုတော်မူကြခြင်း ဖြစ်ပေလိမ့်မည်။”
အထက်ပါအတိုင်း မှတ်ချက်ချမိခြင်း၏ အကြောင်းမှာ- ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရား ကြီးသည် မိမိ၏ ဝိပဿနာအလုပ်ကိုသာလျှင် ဇောက်ချ၍ ဟောတော်မူလေ့ရှိခဲ့ပေသည်၊ အပြင်အပ အကြောင်းအရာများကို ဖော်ပြထည့်သွင်း၍ အလွန်ပင် ဟောပြောခဲလှပေသည်၊ သို့ဖြစ်ပါလျက် ဤတုဝဋကသုတ် တရားတော်၌မူ အပြင်ပလောက၏ အကြောင်းအရာများကို စပ်ဆိုင် ကြုံကြိုက်ရာတိုင်းတွင် ဆုံးမညွှန်ကြားသည့်အနေဖြင့် ရှင်းလင်းပြဆိုချက်များကို အတော်များများ တွေ့ရသောကြောင့်ပင်။
သာသနာ့အန္တရာယ် ကာကွယ်သင့်သည်
ယခုနေအချိန်အခါသည် အတိမ်းအစောင်းများကို တည့်မတ်ပေးရန် ဆရာကောင်းလိုနေသောအချိန်ပင် ဖြစ်ပါသည်၊ ဗုဒ္ဓသာသနာ လမ်းကြောင်းကို မှီခိုသလိုလိုနှင့် လမ်းချော်ထွက်နေကြသောပုဂ္ဂိုလ်တို့ အတော်များပြားနေသော အချိန်အခါ ဖြစ်ပါသည်၊ ဤလို အချိန်အခါမျိုးတွင် ဆရာတော်ဘုရားကြီး၏ ရှင်းလင်း ဖော်ပြထားသော သြဝါဒများမှာ တတိယ သင်္ဂါယနာပြီးစ အချိန်က အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ် ဟောကြား ပြဆိုခဲ့သော ကထာဝတ္ထု အဆုံးအဖြတ်များကဲ့သို့ပင် သာသနာ့အန္တရာယ် ကာကွယ်ရေး ပြုပြင်ရေးအတွက် တကယ်ပင် လိုနေလျက် ရှိပါသည်၊ ဗုဒ္ဓသာသနာတော်အတွက် တကယ်လည်း ထိထိရောက်ရောက် အကျိုးများစေလိမ့်မည်ဟု ထင်မြင်မိပါသည်။
ရှင်းလင်းဖော်ပြချက် သြဝါဒများ
ဗုဒ္ဓမြတ်စွာဘုရားက အထင်အရှား ဟောကြားညွှန်ပြထားသော အကောင်းဆုံး လက်ရွေးစင် သမထကမ္မဋ္ဌာန်းများနှင့် သတိပဋ္ဌာန်စသော ဝိပဿနာကမ္မဋ္ဌာန်းများရှိနေပါလျက် ကမ္မဋ္ဌာန်းအသစ်ထွင်ကာ စိတ်ထင်ရာ နယ်ချဲ့လာသော ကောဏ္ဍည ဗုဒ္ဓ ယက္ကန်းစင်တောင် အမည်ခံသူ၏ ဝါဒကို ဤတုဝဋကတရားတော် စာအုပ်စာမျက်နှာ (၁၅၊ ၁၆)တို့၌ ထုတ်ပြ၍ ဒိဋ္ဌိပပဉ္စဖြင့် နယ်ချဲ့ပုံကို သရုပ်ဖော် ပြထားတော်မူပေသည်၊ ယင်းသို့ဖော်ပြရာ၌ ထိုပုဂ္ဂိုလ်၏စာတွင် “ကွင်းဝိုင်းကလေးမှန်းကြည့်ရသော သူ့ကမ္မဋ္ဌာန်းကို ကသိုဏ်း၊ သမထ၊ နုဿတိ၊ ဝိပဿနာ အမျိုးမျိုးထက် ကောင်းသည်” ဟု ဆိုထားသောကြောင့် ထိုဝါဒသည် ဘုရားဟော ကမ္မဋ္ဌာန်းဟူသမျှမှ အလွတ်ဖြစ်ကြောင်းထင်ရှားသည့်အပြင် မိစ္ဆာဝါဒဖြစ်ကြောင်းလည်း ထင်ရှား လှပေသည်၊ ထို့ကြောင့် ဆရာတော်ဘုရားကြီးက မြတ်စွာဘုရား၏ မျက်နှာတော်ကိုသာ ထောက်ထား၍ ယင်းဝါဒကို ပြတ်ပြတ်သားသား ပယ်ရှားကာ သြဝါဒပေးတော်မူသည်မှာ မတိမ်းမစောင်းသာသနာ့လမ်းကြောင်းသို့ ကောင်းကောင်းမွန်မွန် သန့်သန့်ရှင်းရှင်း လျှောက်သွားလိုသူများအတွက် ဝိသုဒ္ဓိမဂ္ဂ စင်ကြယ်သော လမ်းမြတ်ကို ချမှတ်ပေးတော်မူခြင်းဖြစ်၍ ဗုဒ္ဓသာသနာတော်ကို အလေးအမြတ် ပြုသူတို့အတွက် အားရဖွယ် ကောင်းလှပါပေသည်။
ထို့ပြင် (နှာ-၁၆၅-၁၇၂ တို့၌) တပည့် ဒကာ ဒကာမများကပင် မိမိတို့၏ ဆရာရဟန်းတော်များကို လောကီဂိုဏ်း ဆရာအဖြစ်သို့ရောက်အောင် (စေတနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ) ပို့မိနေတတ်ပုံနှင့် ကိုယ့်ဆရာ ရဟန်းကို ဂိုဏ်းဆရာအဖြစ်သို့ မရောက်အောင် တပည့် ဒကာ ဒကာမတို့က စောင့်ရှောက်သင့်ကြောင်းများကို သတိပေး ပြဆိုထားသည့်ပြင် ဝိဇ္ဇာဆရာနှင့် ဝိဇ္ဇာဒကာအကြောင်းများ ပြဆိုချက်များသည်လည်းကောင်း၊ ဆရာတော် ဘုရားကြီးကိုပင် ဝိဇ္ဇာအသွင်ဖြင့် ကိုးကွယ်ချင်သူအား ဆရာတော်ဘုရားကြီးက တည်ငြိမ်သော သမာဓိဖြင့် ပယ်ရှားခဲ့ရပုံသည်လည်းကောင်း ယခုခေတ်အခါတွင် ဗုဒ္ဓသာသနာဝင်များအတွက် အထူးသတြိုပစရာ အချက်ကြီးများ ဖြစ်ပါပေသည်။
ထို့ပြင် မည်သည့်ခေတ်တွင်မဆို ခေတ်မီ အတွေးအခေါ်ရှင်များ ခေတ်နောက်ပြန် အတွေးအခေါ်ရှင်များ ဟူ၍ နှစ်မျိုးနှစ်စား ရှိတတ်ကြရာတွင် ခေတ်မီအတွေးအခေါ်ရှင်များမှာ ယခုနေအခါ သာသနာ့ဝန်ထမ်း ရဟန်းတော်များကို ပရဟိတလုပ်ငန်းများဖြင့် လူများအကျိုးကို ဆောင်ရွက်လျက် သာသနြာုပစေလိုသော ဆန္ဒများစွာ ရှိနေကြသည်၊ ထိုဆန္ဒအတိုင်း လိုက်လျော၍ အားထုတ်နေသော အချို့ရဟန်းတော်များလည်း ရှိနေကြပေသည်၊ ယင်း အတွေးအခေါ်ကို မြုကိက်သော ပုဂ္ဂိုလ်များလည်း ရှိကြပေသည်၊ ထိုအတွေးအခေါ်များနှင့်ပတ်သက်၍ (နှာ ၁၇၂-၌) တုဝဋကသုတ် ပါဠိတော်အရ ဘုရားရှင်၏အာဘော်ကို ပြပြီးလျှင် သင့်လျော်သောနည်းလမ်းကို ပြဆိုထားသည်မှာလည်း ယခင်နှင့် ယခု အတွေးအခေါ်ကို မဆန့်ကျင်အောင် ညှိပေးထားသဖြင့် နှစ်ဘက်စလုံး လက်ခံနိုင်လောက်အောင် ပြေလည်လှပေသည်။
ပရိယတ် ပဋိပတ် နှစ်ရပ်လုံး ကျေနပ်ဖွယ်ရှိပုံ
ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားစီရင်သော တရားစာအုပ် ဓမ္မရောင်ခြည်များကို ရဟန်း လူရှင် မည်သည့် သူတော်စင်မဆို ဝမ်းသာအားရ ကြိုဆိုလက်ခံလျက် ရှိကြပေသည်၊ သံဃလောက၌ ပရိယတ် ပဋိပတ်နယ် နှစ်ရပ်လုံးထင်ရှား၍ နယ်နှစ်ရပ်လုံးက ရိုသေလေးစားခြင်း ခံရသောပုဂ္ဂိုလ်မှာ အလွန်ပင် ရှားလှပါသည်၊ ကျေးဇူးရှင်မဟာစည် ဆရာတော်ဘုရားကြီးကိုမူ ပရိယတ် ပဋိပတ် နယ်နှစ်ရပ်လုံးက ရိုသေလေးစားလျက်ရှိကြပါသည်၊ ထိုသို့ဖြစ်ရသည်မှာ ကျေးဇူးရှင် ဆရာတော်ဘုရားကြီးသည် မည်သည့်တရားကို ဟောသည်ဖြစ်စေ မည်သည့်ကျမ်းကို ပြုစုသည်ဖြစ်စေ ပရိယတ္တိ စည်းမျဉ်းနှင့် စပ်လျှင် လိုလေသေးမရှိ ပြည့်စုံသည့်ပြင်၊ ပဋိပတ္တိနှင့်စပ်ပါမူကား ပို၍ပင် ဆိုဖွယ်မရှိ စေ့စပ်သေချာ ရှင်းလင်းပြည့်စုံစွာ ရေးသားပြုစုတော်မူမြဲဖြစ်သောကြောင့်ပင် ဖြစ်ပေသည်။
ရဟန်းလောက ပရိယတ် ပဋိပတ်နယ်၌သာ မဟုတ်သေး၊ ခေတ်မီ အတွေးအခေါ် ရှိကြသော ခေတ်လူတို့အားလည်း ရှေးစာပေအဆိုများနှင့် ခေတ်အယူအဆများကို သင့်လျော်စွာ ယူဆတတ်ရန် ညွှန်ပြလေ့ရှိသဖြင့် ခေတ်သစ် အတွေးအခေါ်ရှင်များကလည်း ဆရာတော်ဘုရားကြီး အပေါ်၌ မလေးစားဘဲ မနေနိုင်အောင် ဖြစ်လာရပေသည်။
ထိုအချက်နှင့်စပ်၍ ဖော်ပြရလျှင်-ဤသုတ်တရားတော်စာအုပ် (နှာ-၅)၌ ဂေါတမမြတ်စွာဘုရားကို အာဒိစ္စဗန္ဓုနေမျိုးနွယ်-ဟု သုံးစွဲခေါ်ဆိုခြင်း၏ အကြောင်းကိုလည်းကောင်း၊ (နှာ ၅၀-၌) သမုဒ္ဒရာ၏ အတိမ်အနက်နှင့် သမုဒ္ဒရာ၏အလယ်ပိုင်းယူပုံကို လည်းကောင်း၊ (နှာ ၈၆-၌) အဋ္ဌကထာများတွင် ဆောင်ပြထားသော ဝတ္ထုဇာတ်လမ်းများ အပေါ်၌ နှလုံးသွင်းယူဆသင့်သော သဘောထားကို လည်းကောင်း ထည့်သွင်းဟောပြထားရာတွင် ခေတ်မျက်စိရှိသော ပညာရှိများအတွက် အံ့သြလောက်သော အတွေးအခေါ်များ ဖြစ်ပွားလာဖွယ် ရှိပါပေသည်။
အဓိပ္ပာယ်အယူအဆ ထိမိပုံ
အဓိပ္ပာယ် အယူအဆရေးရာနှင့် ပတ်သက် လာပြန်လျှင်လည်း မည်သည့်နေရာ မည်သည့်ဒေသနာ၌ မည်သို့ယူဆရမည်ဟု ဖွင့်ပြတော်မူပုံမှာ ထိမိလှပါပေသည်၊ ထိမိပုံကို ဖော်ပြရလျှင် မြတ်စွာဘုရား၏ တရား ဒေသနာတော်များသည် (နာနာနယနိပုဏဂမ္ဘီရံ) ဟူသည်နှင့်အညီ နည်းမျိုးစုံတို့ဖြင့် ဟောကြားထား၍ နက်နဲလှပေရာ အဓိပ္ပာယ် အယူအဆ လွဲချော်နိုင်စရာ များစွာပင်ရှိပေသည်၊ အကယ်၍ ဘုရားအလိုတော်မကျဘဲ အယူအဆလွဲချော်သွားလျှင် နိဗ္ဗာန်ရောက်ရေးနှင့် ဝေးသည့်ပြင် ဘုရားရှင်ကိုပင် စွပ်စွဲရာ ရောက်သည်အထိ အပြစ် သင့်မိလျက်သား ဖြစ်တတ်ပါသည်၊ ဤအကြောင်းအရာနှင့်
စပ်လျဉ်း၍ ဤတရားစာအုပ် (နှာ ၁၁)ဝယ် မူလံ ပပဉ္စသင်္ခါယအစချီသော ဂါထာကို တိုက်ရိုက်အဓိပ္ပာယ်မျှကိုသာ ယူလျှင်အမေးနှင့်မညီဘဲ လွဲမှားသွားတော့မည်။
ထို့ကြောင့် ယင်းဂါထာသည် နီတတ္ထ-တိုက်ရိုက်ဟောသော စကားမဟုတ်၊ နေယျတ္ထ-အဓိပ္ပာယ်ကို ဆောင်၍
ယူရမည့် ဂါထာဖြစ်ကြောင်း ရှင်းပြထားသည်မှာ (နေယျတ္ထသုတ္တန်ကို နီတတ္ထသုတ္တန်အဖြစ် ပြဆိုလျှင်၊ နီတတ္ထသုတ္တန်ကို နေယျတ္ထသုတ္တန်ဟုပြဆိုလျှင်၊
ဒေသနာရှင်မြတ်စွာဘုရားကို စွပ်စွဲရာရောက်သည်-ဟုပြဆိုထားသော) အင်္ဂုတ္တရနိကာယ်ဒုကနိပါတ် (နှာ ၈၊ အမှတ် ၂၆) သုတ္တန်အရ အယူအဆလွဲမှား၍ အမေးနှင့်အဖြေ မကိုက်ဟု မစွပ်စွဲမိစေရန်အတွက် ဖြစ်ပေသည်၊ ယင်းပြဆိုချက်မှာ အနက်အဓိပ္ပာယ် ယူဆပုံအလွန်နက်နဲ၍ ထိထိမိမိ သဘာဝကျနသည်မှာ ထင်ရှားလှပါပေသည်။
တုဝဋကသုတ် အမှတ် ၁၈-ဂါထာ၌ ဖရုသေန နေ န ပဋိဝဇ္ဇာ-“ကြမ်းတမ်းသောစကားဖြင့် ပြန်၍မချေ ပလေနှင့်” ဟူသော သြဝါဒစကားနှင့် စပ်လျဉ်း၍ ဆင်ခြင်ကြည့်လျှင်-လူတို့၏ ခန္ဓာ၌ မာန ဒေါသ စသော ကိလေသာတရားဆိုးတို့က လွှမ်းမိုးဖိစီးနေသောကြောင့် သူတစ်ပါးက တစ်ခွန်းမျှ တင်လိုက်လျှင် မိမိက ဆယ်ခွန်းလောက်ဆပ်လိုက်ရမှ အများအားဖြင့်ကျေနပ်တတ်ကြသည်၊ ထိုသို့မဆပ်ရလျှင် တနုံ့နုံ့နှင့် နေမထိ ထိုင်မသာ ဖြစ်နေတတ်ကြသည်၊ ထိုသို့ အနိုင်ယူလိုသဖြင့် သူ့ထက်သာအောင်ချည်း ပြန်လည်ချေပနေလျှင် ရန်ငြှိုး ရန်စ မည်သည့်အခါမှ ပြေလည်သွားသည်ဟူ၍မရှိဘဲ ရန်ပွဲကလေးမှ ကမ္ဘာ့စစ်ပွဲကြီးများအထိ ကြီးထွားပြန့်ကျယ်လာခဲ့ကြသည်မှာ များလှလေပြီ၊ ထိုသို့ ရန်မီးမပွားရလေအောင် အထက်ပါသြဝါဒစကားကို မြတ်စွာဘုရားက မိန့်ကြားတော်မူခဲ့ပေသည်၊ ထိုသြဝါဒအတိုင်း လိုက်နာကျင့်သုံးလျှင် ရန်မီးမပွားဘဲ ငြိမ်းအေးလျက် ပစ္စုပ္ပန်သံသရာနှစ်ဖြာလုံး၌ အကျိုးများသွားမည်မှာ ဧကန်မုချပင် ဖြစ်ပေသည်၊ သို့ဖြစ်၍ ထိုသြဝါဒအတိုင်း ဆရာတော်ဘုရားကြီးကိုယ်တိုင် ကျင့်သုံးလာပုံကိုပါ ဖော်ပြလျက် ညွွှန်ပြထားသည်ကို ဖတ်ရှုရ သိမှတ်ကြရသူများမှာ ယင်းသြဝါဒကို လိုက်နာကျင့်သုံးချင်စဖွယ် ကောင်းလှပါပေသည်၊ (ဤတရားတော် နှာ ၂၃၇)။
ဖွင့်ပြချက် ပြည့်စုံလှပေသည်
ဤတုဝဋကသုတ် ဒုတိယဂါထာ၌ “သဒါ သတောသိက္ခေ”ဟု အမှတ်ရလျက် သိက္ခာသုံးပါးကိုကျင့်ရန် ညွှန်ပြထားရာဝယ် သတော-အမှတ်ရလျက် ကျင့်ပုံကို ပြရာ၌ မဟာနိဒ္ဒေသအဖွင့်ကို အမှီပြု၍ သတိပဋ္ဌာန် ၄-ပါး ပွားစေလျက် ရှုမှတ်ကျင့်ပုံကို လက်တွေ့အနေဖြင့် ပြဆိုထားသည်မှာ သဘာဝကျ၍ ပြည့်စုံလှပါပေသည် (နှာ ၂၄-စသည်) ကိုယ်တွေ့ဉာဏ်တွေ့ အားမထုတ်ဘူးလျှင် ထိုကဲ့သို့ တိတိကျကျရဲရဲဝံ့ဝံ့ ညွှန်ပြရန် ခဲယဉ်းပေလိမ့်မည်။
ထို့ပြင် အမှတ်(၇) ဂါထာဖြင့် နိမ္မိတရုပ်ပွား ဘုရား၏ တောင်းပန်ချက်အရ အမှတ်(၈) ဂါထာမှစ၍ ပါတိမောက် အကျင့်ကို ပြဆိုရာ၌ ဒွေ မာတိကာ ပါတိမောက် သိက္ခာပုဒ်များနှင့် တိုက်ဆိုင်ကြည့်လျှင် မရှင်းလင်းဘဲ ရှိနေမည်ဖြစ်၍ မြတ်စွာဘုရား၏ အလိုတော်အရ သုတ္တန်ဒေသနာတော်မှ စူဠသီလ စသည်နှင့် နှီးနှော ဖွင့်ပြသွားသည်မှာလည်း သဘာဝကျ၍ အလွန်အားရကျေနပ်ဖွယ် ကောင်းလှပါပေသည်။
ထို့ပြင် အမှတ်(၁၅) ဂါထာ၌ ဥပဝါဒံ န ကရေယျ-ဟူသောစကားဖြင့် တုဝဋကသုတ်မှာ တိုက်ရိုက်ပြမထားသော ဝိနည်းသိက္ခာပုဒ်ဆိုင်ရာအကျင့်များကို သိမ်းယူအပ်ကြောင်း ပြဆိုထားသည်မှာလည်း သင့်မြတ် ပြည့်စုံလှပါပေသည်၊ (နှာ ၁၉၁)၊ ထို့ပြင် ယင်းဂါထာ၌ပင် ဂါမေစ နာဘိသဇ္ဇေယျ-ဟူသော စကားရပ်ဝယ် ဒကာ ဒကာမတို့၌ မငြိမတွယ်ဘဲ ကျင့်ပုံကို သာဓက အဖြစ်ဖြင့် ပဉ္စင်းတစ်ပါး၏ ဝတ္ထုကို ထုတ်ပြခြင်း၊ ထိုဝတ္ထုနှင့်စပ်၍ ရထဝိနီတပဋိပဒါ (နှာ ၁၉၈), နာလကပဋိပဒါ(နှာ ၂၁၀), မဟာအရိယ ဝံသပဋိပဒါ (နှာ ၂၁၄)တို့ကို ထုတ်ပြခြင်းများသည်လည်း ကြားနာရ ဖတ်ရှုရသူတို့အတွက် ကြည်ညိုဖွယ် အတုယူ၍ ကျင့်သုံးဖွယ် ကောင်းလှပါပေသည်။
ထို့ပြင် ရဟန်းကျင့်ဝတ်များကို ပြသော ဤတုဝဋကသုတ်တရားကို ကြားနာကြရသော နတ်ဗြဟ္မာတို့မှာ မိမိတို့ ကျင့်ရန်မဟုတ်သော်လည်း သဒ္ဓါစရိုက်ရှိသူတို့ ဖြစ်သည်အားလျော်စွာ ကြည်ညိုသဒ္ဓါပွားလျက် ပီတိပါမောဇ္ဇများလည်းဖြစ်ပွား၍ ယင်းပီတိပါမောဇ္ဇတို့ကို “သတော သိက္ခေ” ဟူသော ညွှန်ကြားချက်အရ ရှုမှတ်လျက် တခဏချင်း ဝိပဿနာဉာဏ်အစဉ်ဖြင့် အရိယမဂ်ဖိုလ်သို့ ရောက်သွားနိုင်ပုံများကို ပြဆိုခြင်းမှာလည်း အလွန်ပင်သဘာဝကျ၍ သင့်မြတ်ပြည့်စုံလှပါပေသည်။ (နှာ ၉၃၊ ၉၄၊ ၁၅၇)။
ထို့ပြင် အမှတ်(၁၁) ဂါထာ၌ ဈာယီ-ပုဒ်၏ အနက်ကို ဖွင့်ပြရာဝယ် လက္ခဏူပနိဇ္ဇာန်အရ ဝိပဿနာခဏိကသမာဓိကို ခိုင်လုံသော သာဓကများဖြင့် ဖော်ပြခြင်းသည်လည်း သုဒ္ဓဝိပဿနာ ယာနိကယောဂီတို့အတွက် အလွန်ပင် အားရကျေနပ်ဖွယ် ဖြစ်ပါပေသည်။ (နှာ ၁၂၄-၁၃၇)
ထို့ပြင် အမှတ်(၁၈)ဂါထာ၌ ရာဂစသည်၏ ငြိမ်းခြင်း နိဗ္ဗုတိကို သန္တိလက္ခဏာ နိဗ္ဗာန်ဟု သိအပ်ကြောင်း ပြဆိုထားရာဝယ် ယင်း နိဗ္ဗာန်မျက်မှောက်ကြုံပုံကို မိလိန္ဒပဉှာမှသာဓကစကားဖြင့် ဆုံးဖြတ်ဖွင့်ပြထားသည်မှာလည်း အရိယမဂ်ဖြင့် နိဗ္ဗာန်ကို သိမြင်ထားသူတို့အတွက် မှန်ကန်တိကျ သဘာဝကျကြောင်း ဆုံးဖြတ်နိုင်ဖွယ် ရှိပါပေသည်။
ဤ တုဝဋကသုတ်၌ ပြထားသော အကျင့်များသည် ပပဉ္စတရားများကိုပယ်၍ နိဗ္ဗာန်သို့ အမြန် ရောက်စေနိုင်သော အကျင့်များဖြစ်သည်ဟုဆိုလျှင် တုဝဋကဟူသော အမည်နှင့် လျော်ညီ၍ မှန်ကန်ကြောင်း လက်ခံကြရမည်သာ ဖြစ်ပါသည်၊ ထို့ပြင် ရဟန်းတော်များအတွက် ဟောထားသော ကျင့်ဝတ်များဖြစ်ကြောင်းလည်း အလွန်ပင် ထင်ရှားလှပါသည်၊ သို့ဖြစ်၍ နိဗ္ဗာန်သို့ အမြန်ရောက်လိုသော မာမက ရဟန်းတော်မှန်လျှင် ဤသုတ်၌ဟောပြထားသော ကျင့်ဝတ်များကို ရိုသေစွာ ကျင့်သင့်သည်မှာ ယုံမှားဖွယ်မရှိ ဖြစ်ပါပေသည်။
သို့ဖြစ်ရာတွင် နိဗ္ဗာန်သို့ အမြန်ရောက်လိုလျှင် တဏှာမာန ဒိဋ္ဌိ ပပဉ္စတရားတို့ကို မည်သို့ပယ်ရမည်ဟူ၍ လည်းကောင်း၊ သိက္ခာသုံးပါးကို မည်သို့ ကျင့်ရမည်ဟူ၍ လည်းကောင်း၊ အထူးအားဖြင့် မာန်မာနကို မည်သို့ကင်းစေရမည် ဟူ၍လည်းကောင်း၊ မျက်စိ နား စသည်တို့ကို မည်သို့ စောင့်ရှောက်ရမည်ဟူ၍လည်းကောင်း၊ ပစ္စည်းလေးပါးနှင့်စပ်၍ မည်မျှအထိ ခြိုးခြံရမည်ဟူ၍လည်းကောင်း၊ သမာဓိရရေးအတွက် မည်သို့ကျင့်ရမည်ဟူ၍လည်းကောင်း၊ ဒကာ ဒကာမတို့နှင့် စပ်၍ မည်မျှအထိ ကင်းရှင်းရမည်ဟူ၍လည်းကောင်း၊ လာဘိ လာဘနှင့်စပ်၍ မည်မျှအထိ စောင့်စည်းရမည်ဟူ၍လည်းကောင်း၊ ရှေးက ရဟန်းတော်များဟာ မည်မျှအထိ စောင့်စည်းခဲ့ကြသည်ဟူ၍လည်းကောင်း မည်မျှအထိ သဘောထားကြီး၍ ရိုးသား ဖြောင့်မတ်ရမည်ဟူ၍လည်းကောင်း ဤသို့စသည်ဖြင့် ဤသုတ်၌ပြဆိုထားချက်များကို လေးလေးနက်နက် လေ့လာကြည့်သင့် ပေသည်၊ ထိုသို့ လေ့လာကြည့်လျှင် ယခင်က အခြေအနေနှင့် ယခု အခြေအနေ မည်မျှကွာဟလျက်ရှိခဲ့ပြီ ဟူ၍လည်းကောင်း၊ နိဗ္ဗာန်နှင့် မိမိတို့ မည်မျှ ဝေးကွာနေသည်၊ နီးကပ်နေသည်ဟူ၍ လည်းကောင်း ဤအချက်များလည်း ပေါ်လွင်လျက် ရှိပါလိမ့်မည်။
နိဂုံးချုပ်
မြတ်စွာဘုရား ဟောကြားထားသော တုဝဋကသုတ်ရင်းနှင့် ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီး၏ အဖွင့်တရားတော်ကို စေ့စေ့ငင ဖော်ပြနေလျှင် နိဒါန်းမဟုတ်တော့ဘဲ ဒီပနီကျမ်းကြီး ဖြစ်သွားဖွယ် ရှိပါသည်၊ သို့ဖြစ်၍ ဤမျှဖြင့်နိဂုံးကမ္ပတ် အဆုံးသတ်လိုပါသည်၊ ဓမ္မမာမက သူတော်စင် အပေါင်းတို့သည် ဤတုဝဋကသုတ် တရားတော်ကို သေချာကျန လေ့လာကြပြီးလျှင် ဤသုတ်၌ ညွှန်ပြထားသော ကျင့်ဝတ်များကို ရိုရိုသေသေပြည့်စုံစွာ ကျင့်နိုင်ကြသဖြင့် တုဝဋက ဟူသောအမည်နှင့်လျော်ညီစွာ မိမိတို့ အလိုရှိအပ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် နိဗ္ဗာန်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ။
ဦးပညောဘာသ
သာသနဓဇသီရိပဝရဓမ္မာစရိယ
ဇမ္ဗုဒီပကျောင်းဆောင်
ကမ္ဘာအေး၊ ရန်ကုန်မြို့။
၁၃၃၇-ခု၊ တပို့တွဲလဆုတ် ၁၀-ရက်။
(၂၄-၂-၇၆)။