သီလဝန္တသုတ္တန်တရားတော်
Author By - မဟာစည်ဆရာတော်ဘုရားကြီး
အရှင်သာရိပုတ္တရာမထေရ်မြတ် ဖြေရှင်းဟောကြားထားသည့် သီလဝန္တသုတ္တန် တရားတော်သည် တိကျပြတ်သား၍ ထင်ရှားပြည့်စုံသော တရားတော် ဖြစ်ပါပေသည်
သီလဝန္တသုတ္တန်တရားတော်
Published Date - 1976
Author By - မဟာစည်ဆရာတော်ဘုရားကြီး
554 စာမျက်နှာ
လက်ဦးရှုဘွယ်
ဝိပဿနာရှုနည်းမူသေစည်း
သီလဝန္တသုတ္တန်တရားတော်သည် မဂ်ဖိုလ် နိဗ္ဗာန် ရရန် တကယ်တန်း အားထုတ်လိုသော ပုဂ္ဂိုလ်များအတွက် တသဝေမတိမ်း လိုက်နာကျင့်သုံးရန် မူသေစည်းမျဉ်း ဖြစ်သည်ဟုဆိုလျှင် မှန်ကန်သင့်မြတ်လှပါပေသည်။ အဘယ်ကြောင့် ဆိုသော်ဤ သုတ္တန်တရားတော်၌ “သီလနှင့်ပြည့်စုံသော
ပုထုဇဉ်က ဥပါဒါနက္ခခန္ဓာ ငါးပါး သဘောတရားတို့ကို
အနိစ္စ ဒုက္ခ အနတ္တဟု နှလုံးသွင်းရှုမှတ်၍
မှန်ကန်စွာသိလျှင်
သောတာပန်အဖြစ်သို့
ရောက်ကြောင်း၊ သောတာပန်က နည်းတူပင် နှလုံးသွင်း ရှုမှတ်၍ မှန်ကန်စွာသိလျှင်
သကဒါဂါမ်အဖြစ်သို့
ရောက်ကြောင်း၊ သကဒါဂါမ်က နည်းတူပင် နှလုံးသွင်း ရှုမှတ်၍ မှန်ကန်စွာသိလျှင်
အနာဂါမ်အဖြစ်သို့ရောက်ကြောင်း၊ အနာဂါမ်က နည်းတူပင် နှလုံးသွင်း ရှုမှတ်၍ မှန်ကန်စွာသိလျှင် ရဟန္တာ အဖြစ်သို့ ရောက်ကြောင်း” တိကျပြတ်သားစွာ အပြည့်အစုံ ဖြေရှင်းဟောပြထားသဖြင့်၊ ထိုပြဆိုချက်အတိုင်း မလိုက်နာပါက သောတာပန်ပင် မဖြစ်နိုင်ကြောင်း “ပေါ်ပေါ်လွင်လွင်
ပြဆိုရပါမူ သီလနှင့် ပြည့်စုံအောင် မကျင့်လျှင်၊ သီလနှင့် ပြည့်စုံသော်လည်း
မြင်ခိုက်စသည်၌ ထင်ရှားသော ဥပါဒါနက္ခန္ဓာတို့ကို မရှုလျှင်၊ ရှုပင်ရှုငြားသော်လည်း အနိစ္စ ဒုက္ခ အနတ္တဟု မှန်ကန်စွာမသိလျှင် သောတာပန်ပင် မဖြစ်နိုင်ကြောင်း” ထင်ရှား သိရသောကြောင့် ပေတည်း။
ထို့ကြောင့် ဤသီလဝန္တသုတ္တန် တရားတော် စာအုပ် စာမျက်နှာ (၁၈) စာကြောင်း ၃-စသည်၌ “တရားနှလုံးသွင်း
အားထုတ်ချင်ယင် ဝိသုဒ္ဓိ (၇)ပါးထဲက ပဌမအခြေခံဖြစ်တဲ့
သီလဝိသုဒ္ဓိနဲ့ ပြည့်စုံရမယ်” ဆိုတာကိုလဲ အမေးဖြင့်ပင် ဖော်ပြပြီး ဖြစ်သွားကြောင်း
ကောက်ချက်ချမှတ်သွားပေသည်။ ထို့ပြင် နှာ (၁၉) ကြောင်း (၇) စသည်၌ နောင်လာနောင်သားတွေ ခိုင်လုံသော သာဓကအဖြစ်ဖြင့် လိုက်နာပြီး ကျင့်သုံးရန် မေးဖြေတော်မူကြကြောင်းကိုလဲ ဖွင့်ပြသွားပေသည်။ ထို့ပြင် နှာ (၂၀)၊ ကြောင်း (၁၈) စသည်၌ မူသေစည်းအနေနဲ့ အတိအကျ ပြဆိုထားကြောင်း၊
ဝိပဿနာ ရှုနည်းမူသေစည်းအနေဖြင့် မှတ်ယူကြရအောင် ထပ်ပြီး ဟောကြောင်းများကိုလဲ ဖော်ပြသွားပေသည်။
ထို့ပြင် နှာ ၃၆၅၌ ဥပါဒါနက္ခန္ဓာရှုတာနှင့် သတိပဋ္ဌာန်သာ နိဗ္ဗာန်ရောက်ကြောင်း ဖြစ်တယ်-ဟူသော ခေါင်းစဉ်ဆိုင်ရာ စကားများဖြင့်လည်း ဤသုတ်၌ ပြဆိုချက်အတိုင်း ရှုပုံကို ကိန်းသေမှတ်ရန် ပြဆိုသွားပေသည်။ ထို့ပြင် နှာ ၄၅၄၊ ကြောင်း ၁၆-စသည်၌ ဥပါဒါနက္ခန္ဓာ ငါးပါးကို အနိစ္စ စသည်ဖြင့် မှန်ကန်စွာ ရှုမြင်ပါမှ သောတာပန် ဖြစ်နိုင်ကြောင်းကို မူသေစည်းအနေဖြင့် ခိုင်မြဲစွာ မှတ်ထားအပ်ကြောင်း၊ “ထိုသို့ မရှုပါပဲ အခြားနည်းဖြင့် မဂ်ဖိုလ် နိဗ္ဗာန်ရတယ်၊ သောတာပန် ဖြစ်တယ်” ဆိုတာ အမှားစင်စစ် ဖြစ်ကြောင်းများကိုလဲ အဆုံးအဖြတ် ပေးသွားပေသည်။
ထို့ပြင် နှာ ၄၆၀၊ ကြောင်း ၁-စသည်၌ “သောတာပန်ဟာ အနိစ္စ ဒုက္ခ အနတ္တကို သိပြီး ဖြစ်သော်လည်း ပုထုဇဉ် တုန်းကလိုပင် အနိစ္စ ဒုက္ခ အနတ္တဟု ရှုရတယ်၊ အဲဒီလို ရှုမှ သကဒါဂါမိ မဂ်ဖိုလ်ရပြီး သကဒါဂါမ် ဖြစ်နိုင်တယ်” ဆိုတဲ့ အရှင်သာရိပုတ္တရာ၏
ဟောချက်ကို အထူးသတြိုပအပ်ကြောင်း သတိပေး ပြဆိုပြီးလျှင်၊ “အနိစ္စ ဒုက္ခ အနတ္တကို သိပြီးသားဘဲ၊ ရှုနေဘို့ မလိုပါဘူး၊ ရှုနေယင် ဆင်းရဲရုံဘဲ၊ မရှုဘဲ စိတ်ကို အငြိမ်းစားပေးထားမှ
ငြိမ်းအေးတယ်” ဆိုတဲ့ ဝါဒဟာ ဗုဒ္ဓတရားတော်နှင့်
ဆန့်ကျင်ဘက် အမှားစင်စစ်ဖြစ်ကြောင်းလဲ ပညာပေးသည့် အနေဖြင့် ပြဆိုသွားပေသည်။ ထို့အတူပင် နှာ ၄၆၁၊ ကြောင်း ၁၇-စသည်၌၎င်း၊ နှာ ၄၆၉၊ ကြောင်း ၁၈-စသည်၌၎င်း ပညာပေးစကားများကို ပြဆိုသွားပေသည်။
ယင်းဆုံးဖြတ်ချက် ပြဆိုချက်များမှာ ဤသီလဝန္တသုတ်၌ ပြထားသော ရှုပုံရှုနည်းများနှင့်၎င်း, ဤစာအုပ် နှာ ၁၅၁-၌ ထုတ်ပြထားသော ဈာနသုတ်၊ နှာ ၁၅၆-၌ ထုတ်ပြထားသော အနိစ္စသုတ် စသည်တို့နှင့်၎င်း နှီးနှောတိုက်ဆိုင်ကြည့်လျှင် ခိုင်လုံသော ဆုံးဖြတ်ချက် ပြဆိုချက်များ ဖြစ်ကြောင်း ထင်ရှားလှပါပေသည်။
သာသနအန္တရာယ် အကာအကွယ် လိုနေသည်
ဘုရားအလိုတော်နှင့် ညီညွတ်သော ယင်းအဆုံးအဖြတ်မျိုးသည် ယခုအခါ လိုနေလျက် ရှိပေသည်၊ အဘယ်ကဲ့သို့ နည်းဟူမူ-တတိယသံဂါယနာတင်ပြီးစအချိန်က သာသနာဂိုဏ်းကွဲများ၌ ဖြစ်ပေါ်လျက် ရှိသော မိစ္ဆာဝါဒများကို ကာကွယ်ရန် တိကျပြတ်သား၍ ခိုင်လုံသော အဆုံးအဖြတ်များ လိုလျက်ရှိနေခဲ့သလိုပင် ဖြစ်ပါသည်။
ထိုသို့ လိုနေသောကြောင့်ပင် ထိုစဉ်အခါက အရှင်မဟာ မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်သည် အတ္တဒိဋ္ဌိစွဲ ပုဂ္ဂလဝါဒ စသော မိစ္ဆာဝါဒ ရာပေါင်းများစွာကို ပယ်ရှားသုတ်သင်လျက် ကထာဝတ္ထုမည်သော ကျမ်းကြီးကို ဟောကြားတော်မူခဲ့ပေသည်။ သို့သော် ထိုစဉ်အခါက မဂ္ဂင်ရှစ်ပါးပွါးစေမှု နှင့်စပ်ဆိုင်သော သမထဝိပဿနာ ဘာဝနာအလုပ်ကို ပယ်မြစ်သည့် မိစ္ဆာဝါဒကား မပေါ်ခဲ့သေးပေ။ ယခုအခါမှာမူ မဂ္ဂင်ရှစ်ပါး ပွါးစေမှုကို ပယ်မြစ်သည့် မိစ္ဆာဝါဒများလည်း ဖြစ်ပေါ်လျက်ရှိ၏။ ထိုမိစ္ဆာဝါဒများကို မကာကွယ်နိုင်လျှင် ပရိယတ် ပဋိပတ် ပဋိဝေဓ ဆိုတဲ့ သာသနာတော် သုံးရပ်လုံး မကြာမီပင် ကွယ်ပသွားဘွယ် ရှိပါသည်။
ဤ သီလဝန္တသုတ္တန်တရားတော်သည်ကား မူရင်း ဒေသနာတော်ကပင် အကျင့်နည်းမှန်ကို အတိအကျ ဖော်ပြကာထိုသို့သော မိစ္ဆာဝါဒများကို ပယ်ရှားကာကွယ်လျက် ရှိပေသည်။ ထို့ကြောင့် တရားစစ် တရားမှန်ကို တကယ်လိုလားသော သူတော်ကောင်းတို့သည် မဂ်ဖိုလ် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း လမ်းမှန် ဟုတ်, မဟုတ်ကို ဤသီလဝန္တ သုတ္တန်ဒေသနာတော်တည်း ဟူသော ဝိပဿနာရှုနည်း မူသေစည်းမျဉ်းနှင့် တိုက်ဆိုင် ဆင်ခြင်ပြီးလျှင် နည်းမှားကိုပယ်ကာ နည်းမှန်သို့ လိုက်ကြရန်အတွက် မဟာစည်ဆရာတော်၏ ဤ သီလဝန္တသုတ္တန်တရားတော် စာအုပ်သည် အလွန်ကျေးဇူး များဘွယ် ရှိပါပေသည်။
တရားတော်ဂုဏ် ပေါ်လွင်တက်ကြွပါစေ
ဘုရားဟော တရားဒေသနာတော်ကို ဖြစ်စေ၊ ဘုရားအလိုတော်နှင့်အညီ ရဟန္တာအရှင်မြတ်တို့ ဟောထားသော တရားဒေသနာတော်ကို ဖြစ်စေ ဖွင့်ပြဟောကြားလျှင်၊ သို့မဟုတ် အဖွင့်ကျမ်းစာအုပ်ပြုစီရင်၍ ဖြန့်ချီလျှင် ဘုရားရှင်၏ အလိုတော်နှင့် ဒေသကရဟန္တာအရှင်မြတ်တို့၏ အလိုတော်များကို ပေါ်လွင်စေလျက် ဂုဏ်တက်အောင် ဖွင့်ပြဟောကြား ရေးသား ပြုစုရန်လိုပါသည်၊ ဘာဝနာပဋိပတ်ဆိုင်ရာ သုတ္တန်တရား ဖြစ်လျှင် သမထ ဝိပဿနာအလုပ်ကို နာယူဖတ်ရှုသူများ ကိုယ်တွေ့ ဉာဏ်တွေ့ ပြည့်စုံသည်အထိ ကျင့်သုံးနိုင်အောင် ဖွင့်ပြဘို့ လိုပါသည်။ ယင်းသို့ ဖွင့်ပြရန်မှာလည်း မိမိကိုယ်တိုင် ထိထိရောက်ရောက် မကျင့်သုံးဘူးဘဲ စာတွေ့မျှဖြင့် ဖွင့်ပြ ရေးသားလျှင် စာတွေ့ ဘာဝနာမျှသာ ဖြစ်၍ ထိထိမိမိရှိလှမည်မဟုတ်ပေ။
သီလဝန္တသုတ်အဖွင့် စာအုပ်နှင့်စပ်၍ ဖေါ်ပြရလျှင်၊ ၁၃၃၇-ခုနှစ် နတ်တော်လပြည့်နေ့က မန္တလေးြုမိ့ မစိုးရိမ် ကျောင်းတိုက် မဟာနာယကချုပ် အဂ္ဂမဟာပဏ္ဍိတ, အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ် ဆရာတော် ဘုရားကြီး၏ အန္တိမဈာပနပွဲတော်ကြီးတွင် လှူဒါန်းသည့် ဝတ္ထုပစ္စည်းများထဲမှ ဓမ္မကတိက ဆရာတော်တပါး ရေးသားသည့် သီလဝန္တသုတ္တန်တရား စာအုပ်ကလေးကို တွေ့ရသဖြင့် ဝိပဿနာရှုနည်းနှင့်စပ်၍ ထိထိရောက်ရောက် ဖွင့်ပြချက် ပါလိမ့်မည်အထင်ဖြင့် စိတ်အား ထက်သန်စွာနှင့် ဖတ်ရှုကြည့်မိပါသည်၊ စာအုပ်ကလေးမှာ စာမျက်နှာ ၁၅-မျှသာ ရှိပါသည်။ ဖတ်ရှုပြီးသောအခါ မိမိ၏စိတ်ထဲ၌ အားမလို အားမရဖြစ်လာသည့်ပြင် “အလွန် လေးနက်သည့် အနှစ်သာရများနှင့်
ပြည့်စုံသော သီလဝန္တသုတ္တန် ဒေသနာတော်ကို ယင်းစာအုပ်ကလေးကဲ့သို့ မဖြစ်စလောက် ဖွင့်ပြရေးသားရုံမျှဖြင့် ဆိုလျှင်၊ ဒေသနာတော်၏ ဂုဏ်အရှိန်အဝါဟာ အများကြီး ကျဆင်းသွားတာပဲ” ဟု ကောက်ချက် ချမိပါတော့သည်။
အနည်းငယ်ဆက်၍ ဖေါ်ပြလိုပါသေးသည်၊ ပရိယတ်စာပေကျမ်းဂန်ကို ကျကျနနသင်ယူဘူးသော ဓမ္မကထိကအကျော် ဆရာတော်များသည် ဂါထာတပုဒ်ဖြစ်စေ၊ သုတ်တခုဖြစ်စေ၊ ထုတ်ဆောင်ရွတ်ဆို၍ ဒေသနာနည်းဖြင့် တန်ဆာဆင်လျက် ဟောကြားလျှင် နာကြားရသူတို့မှာ အလွန်ပင်နှစ်သက်အားရ ဖြစ်ကြမည်မှာ ယုံမှားဘွယ်မရှိပါ၊ သို့သော်လည်းသမထ ဝိပဿနာ အလုပ်ကို ထိထိရောက်ရောက် အားမထုတ်ဘူးဘဲ၊ ဘာဝနာ အလုပ်တရားကို ဟောကြားလျှင်မူ သဘာဝကျလှမည် မဟုတ်ပေ၊ စနစ်တကျ တရားအားထုတ်ထားသော ပုဂ္ဂိုလ်တို့၏ အမြင်အားဖြင့် ယင်းသို့သော ဟောပြောချက်ကို ကျဲသည်ဟူ၍သာ ထင်မြင်ကြပေလိမ့်မည်၊ ထိုသို့ ထင်မြင်ကြောင်းပြောသံကိုလည်း ကြားရဘူး၏။
သို့သော်လည်း ထိုသို့သော ဓမ္မကထိကအကျော် အရှင်မြတ်တို့သည် မလွှဲမရှောင်သာသည့် အနေအားဖြင့်ဖြစ်စေ၊ မိမိ၏ အသိအမြင်ကို ယုံကြည်စိတ်ချ၍ဖြစ်စေ၊ ဘာဝနာ လုပ်ငန်းတရားကို ဟောလည်း ဟောကြ၏၊ ကျမ်းလည်းပြုကြ၏၊ ထိုသို့ဟောပြော ပြုစုကြရာ၌ အနှစ်သေတ္တု ချကြည့်လျှင် ပရိယတ် စာပေဘာဝနာ, စာပေဝိပဿနာမျှသာ ဖြစ်နေမည်မှာမလွဲပေ၊ ယင်းတရားကို နာယူဖတ်ရှုကြရသော သူတို့မှာလည်း ညွှန်ကြားချက် အတိုင်း လိုက်နာ၍ ကျင့်သုံးသော အားဖြင့် ထူးထူးခြားခြား ပေါက်ရောက်ရန် ခဲယဉ်းပါလိမ့်မည်။
ဤသို့ ပြောဆိုသည်ကို ဓမ္မကထိကတို့အားမလိုမုန်းထားခြင်းကြောင့် အပြစ်ပြောကြား ရေးသားသည်ဟု ထင်ကောင်း ထင်ကြပေလိမ့်မည်။ သို့သော် ထိုသို့ကား မဟုတ်ပါ။ သာသနာတော်၏အကျိုးနှင့် နာယူဖတ်ရှုသူတို့၏ အကျိုးကိုမြှော်ကိုး၍သာ ပျော့ကွက်ဟာကွက်များကို ထောက်ပြခြင်း ဖြစ်ပါသည်၊ ထို့ပြင် ပရိယတ် ပဋိပတ် စွယ်စုံ ဓမ္မကထိက အရှင်မြတ်များများစွာ ထွက်ပေါ်လာရေးကိုလည်း မြှောင်လင့်တောင့်တလျက်သာ အခါအခွင့်သင့်သည် အားလျော်စွာ သတိပေး ဖေါ်ပြရခြင်းဖြစ်ပါသည်။
ပွင့်ပွင်းလင်းလင်း ထုတ်ဖော်၍ ပြရလျှင် ဤစာရေးသူ ကိုယ်တိုင်ပင် ဝိပဿနာဆိုင်ရာ သုတ်ပါဠိတော်များကို ကျက်မှတ်၍ ဝိပဿနာတရားအနေဖြင့် ငယ်စဉ်အခါက ဟောခဲ့ဘူးပါသည်။ အသံကလည်းကောင်း, အပြောက လည်းကောင်းသောကြောင့် နာကြားသူ ပရိသတ်တွေကတော့ နှစ်သက်အားရ သဘောကျကြပါသည်။ သို့သော် ယခု ပြန်လည်ဆင်ခြင် ကြည့်သောအခါ တကယ်ဝိပဿနာ တရားအစစ် မဟုတ်ကြောင်း၊ စာ ဝိပဿနာမျှသာဖြစ်ကြောင်း ဆုံးဖြတ်ချက် ချမိပါသည်။
ယခုနေအခါသည် နည်းမှန်ဖြင့် ကျင့်လျှင် မဂ်ဖိုလ် နိဗ္ဗာန်ပေါက် အကယ်ရောက်နိုင်သော ခေတ်ကောင်း ကာလ ကောင်းကြီးဖြစ်ကြောင်း ယုံမှားဘွယ်မရှိ ထင်ရှားလှပါသည်။ သို့ဖြစ်၍ မည်သူမဆို ယခုနေအခါမှာ ဝိပဿနာအလုပ်ကို ထိထိမိမိ ကိုယ်တိုင်တွေ့ သိရှိအောင် ကျင့်သုံးအားထုတ် သင့်လှပါပေသည်၊ ယင်းသို့ အားထုတ်လိုသော သမ္မာဆန္ဒ ရှိသူတို့အတွက်နည်းမှား နည်းမှန်ကို ဝေဘန်ဆုံးဖြတ်နိုင်ရန် အရှင်သာရိပုတ္တရာမထေရ်မြတ် ဖြေရှင်းဟောကြားထားသည့် သီလဝန္တသုတ္တန် တရားတော်သည် တိကျပြတ်သား၍ ထင်ရှားပြည့်စုံသော တရားတော် ဖြစ်ပါပေသည်၊ ထိုသို့ တိကျပြတ်သား၍ ထင်ရှားပြည့်စုံလှသော ဤ သီလဝန္တသုတ္တန် တရားတော်ကို သတိပဋ္ဌာန် ဝိပဿနာ ပဋိပတ္တိသာသနာပြု မဟာနာယကချုပ် အဂ္ဂမဟာပဏ္ဍိတ ဆဋ္ဌသံဂီတိပုစ္ဆက မဟာစည်ဆရာတော်က ပေါ်လွင်ထင်ရှားသော စကားအဆင်တန်ဆာတို့ဖြင့် ဖွင့်ပြဟောကြား ထားသောကြောင့် အလွန်ပင် ပေါ်လွင်လျက် ရှိပါပေတော့သည်။
ပေါ်လွင်ပုံကို သဲလွန်စအနေဖြင့် ဖော်ပြရလျှင်
ဥပါဒါနက္ခန္ဓာငါးပါးကို ရှုအပ်ကြောင်း အရှင်သာရိပုတ္တရာ မထေရ်မြတ်က ပြဆိုထားရာမှာ အဘိဓမ္မာစာပေ သရုပ်ခွဲပုံအရအားဖြင့် တဏှာဒိဋ္ဌိ ဥပါဒါန်တို့၏ အာရုံဖြစ်သော ရုပ် ၂၈-ပါး၊ လောကီစိတ် ၈၁-ပါး၊ ယင်းစိတ်တို့နှင့် ယှဉ်သော ဝေဒနာ၊ သညာ၊ သင်္ခါရခေါ် စေတသိက် ၅၂-ပါး-ဤတရားတို့ကို ဥပါဒါနက္ခန္ဓာ ခေါ်သည်ဟု မှတ်သားရဟောပြောရသည်။ သို့သော်လည်း ထိုသို့ ဟောပြောသည်ကို ကြားရ နာရသည့်အတိုင်း “ရုပ် ဥပါဒါနက္ခန္ဓာ အနိစ္စဟူ၍သော်၎င်း၊
ရုပ် ၂၈-ပါး အနိစ္စဟူ၍သော်၎င်း၊
လောကီစိတ် ၈၁-ပါး အနိစ္စ ဟူ၍သော်၎င်း၊ ဝိညာဏ်ဥပါဒါနက္ခန္ဓာ
အနိစ္စ ဟူ၍သော်၎င်း ဤသို့ စသည်ဖြင့် ရှု၍ ဝိပဿနာဉာဏ်အစစ် မဖြစ်နိုင်၊ အဘယ့်ကြောင့်ဆိုသော်
ထိုသို့ဆင်ခြင်၍
ရှုအပ်သော ရုပ်လောကီစိတ် စသည်တို့ကို ဥပါဒါန်ဖြင့် အာရုံပြုစွဲလမ်းသည်
မဟုတ်သောကြောင့်
ယင်းရုပ်စိတ် စသည်တို့သည် ပရမတ် ဥပါဒါနက္ခန္ဓာ မဟုတ်၊ အမည်ပညတ်မျှ အရေအတွက် ပညတ်မျှသာ ဖြစ်သောကြောင့်ပေတည်း။ အမှန်အားဖြင့်မူကား မြင်ခိုက် ကြားခိုက် စသည်၌ ထင်ရှားသော မျက်စိ အဆင်းစသော ရုပ်၊ မြင်သိမှု ကြားသိမှု စသော စိတ်-စသည်တို့ကိုသာ တဏှာဖြင့် သာယာလျက် စွဲလမ်းသည်၊ ဒိဋ္ဌိဖြင့် အတ္တကောင် ငါကောင်ဟု အထင်အမြင်မှားလျက် စွဲလမ်းပေသည်၊ ထိုသို့ စွဲလမ်းနိုင်သည့်ရုပ်, စိတ်-စသည်တို့ သည်သာလျှင် ဥပါဒါနက္ခန္ဓာအစစ် ပရမတ်ရုပ်နာမ်များ ဖြစ်ကြပေသည်၊ မြင်ဆဲ စသည်၌ မရှုမိ၍ အနိစ္စ စသည်ဖြင့် အမှန်အတိုင်း မသိလျှင် ထိုမြင်မှုစသော ရုပ်နာမ်တို့၌သာလျှင် တဏှာဒိဋ္ဌိစသော အနုသယကိလေသာတို့ ကိန်း၍ စွဲလမ်းမှုဖြစ်တတ်သည်၊ မြင်ခိုက်စသည်၌ ရှုမိ၍ အမှန်အတိုင်း သိလျှင်မူကား ထိုမျက်စိရုပ် အဆင်းရုပ် မြင်သိမှု စသည်တို့၌ စွဲလမ်းမည့် အနုသယကိလေသာ မကိန်းနိုင်တော့ဘဲ ကင်းငြိမ်းသည်၊ ထိုသို့ ဥပါဒါန် အနုသယမကိန်းဘဲ ကင်းငြိမ်းအောင် မြင်ခိုက်စသည်၌ ထင်ရှားသော ရုပ်နာမ်ဥပါဒါနက္ခန္ဓာအစစ်တို့ကို ရှု၍ တဏှာဒိဋ္ဌိ အစွဲအလမ်းကို ပယ်ရသည်၊ ထိုသို့ ရှုသင့်သော ဥပါဒါနက္ခန္ဓာ အစစ်တို့ကို၎င်း၊ ရှုမိတိုင်း တဏှာဒိဋ္ဌိ အစွဲအလမ်း ကင်းငြိမ်းပုံတို့ကို၎င်း ဤတရားတော်စာအုပ် နှာ ၂၉-စသည်၌ သရုပ်ခွဲ၍ ပြထားသည်မှာ သဘာဝကျ၍ ရှင်းလင်းပြတ်သား လှပါပေသည်၊
ထို့ပြင် နှာ ၁၅၉-စသည်၌ မြင်မှုကြားမှုစသော ဥပါဒါနက္ခန္ဓာတို့ကို ရှုအပ်ကြောင်း ရှင်းလင်း ပြထားသည်မှာလည်း မှတ်သားဘွယ် ကောင်းလှပါပေသည်။
ထို့ပြင် နှာ ၃၈၊ ကြောင်း ၁၃-စသည်၌ သွားဆဲမှာ သွားတယ်လို့ ရှုတာ စသည်ဟာ ဥပါဒါနက္ခန္ဓာကို ရှုခြင်းပင် ဖြစ်ကြောင်း ရှင်းပြထားချက်သည်လည်း မဟာသတိပဋ္ဌာနသုတ် ပါဠိတော်နှင့်အညီဖြစ်၍ သင့်မြတ်လှပါပေသည်။
ထို့ပြင် နှာ ၄၉-စသည်၌ အနိစ္စဟု မြင်ပုံစသည်ကို ဖော်ပြထားသည်မှာလည်း ပေါ်လွင် ရှင်းလင်းလှပါ ပေသည်၊ ရှုမှတ်အားထုတ်ပြီး ပုဂ္ဂိုလ်တို့မှာ မိမိတို့၏ ကိုယ်တွေ့ ဉာဏ်တွေ့ဖြင့် ယင်းဖော်ပြချက်ကို
မှန်ကန်ကြောင်း ထောက်ခံကြ မည်မှာ သေချာလှပါပေသည်။
ထို့ပြင် နှာ ၅၆ စသည်၌ အကြားအမြင်သုတနှင့် ပြည့်စုံပုံကို ပြဆိုထားသည်မှာလဲ ပြည့်စုံခိုင်လုံ လှပါပေသည်။ ထို့ပြင် နှာ ၆၅-စသည်၌ ပဋိစ္စသမုပ္ပါဒ် အကျဉ်းချုပ်ကို ခိုင်မာသော ကျမ်းဂန်များဖြင့် ပြဆိုထားသည်မှာ ကျမ်းဂန်တတ်သိ ပညာရှိများပင် အံ့လောက်ပါပေသည်။
ထို့ပြင် နှာ ၇၆-စသည်၌ ရုပ်မည်ပုံ၊ ရုပ်၏ဖောက်ပြန်ပုံများကို ထုတ်ပြထားသည်မှာလည်း အများပုဂ္ဂိုလ်တို့မှာ ကြားရခဲ တွေ့ရခဲ နားလည်ခဲသော အချက်များ ဖြစ်ပေသည်။ ထိုတွင် နှာ ၇၈-စသည်တို့၌ အအေးကြောင့် အပူကြောင့် ဖောက်ပြန်ပုံ စသည်ကို ပြရာဝယ် အဋ္ဌကထာ ပြဆိုချက်အရ မျက်မြင်ကိုယ်တွေ့ မဖြစ်နိုင်ရာ၌ ယခုခေတ်လူတို့ မကျေနပ်ကြမည်ကို မြှော်မြင်၍ မျက်မြင်ကိုယ်တွေ့ ဖြစ်နိုင်သည်များကို ဖော်ပြထားသည်မှာလည်း ခေတ်လူများအတွက် ကျေနပ်ဖွယ်ကောင်း လှပေသည်။
ထို့ပြင် နှာ ၈၄-၌ ရုပ်တိုင်း ဖောက်ပြန်သည်မဟုတ် ဟူသော ခေါင်းစဉ်ဖြင့် သုတနည်းသူတို့၏ အထင်မှား အမှတ်မှားကို ရှင်းပြထားသည်မှာလည်း မှတ်သားဘွယ် ကောင်းလှပါပေသည်။ နှာ ၈၉-စသည်တို့၌ ဒုက္ခထင်ပုံ၊ ငြီးငွေ့ပုံတို့ကို ဖွင့်ပြထားသည်မှာလည်း ပေါ်လွင်လှပါပေသည်။ ထို့ပြင် ရောဂတော-စသည်ဖြင့် ရှုမြင်ပုံကို ဖွင့်ပြထားသည်မှာလည်း ပေါ်လွင်လှပါပေသည်။
ထို့ပြင် နှာ ၁၀၇-စသည်၌ အနတ္ထထင်မြင်ပုံကို နားလည်စေရန် အတ္တစွဲလေးပါးက စ၍ ရှင်းပြသွားသည်မှာလည်း အခြားဆရာတို့၏ ဝိပဿနာကျမ်းများ၌ မတွေ့ရသလောက်ပင် တိမ်မြုပ်နေသော အနက်ဖြစ်၍ ကျမ်းဂန်တတ်သိ ပညာရှိများပင် အံ့သြချီးကျူးဘွယ် ဖြစ်ပါပေသည်။
ထို့ပြင် နှာ ၁၂၁-၌ လက္ခဏာရေး သုံးပါး သိမြင်အောင် ရှုပုံ-ခေါင်းစဉ်ဖြင့် ဖွင့်ပြထားသည်မှာလည်း အထူးပင် မှတ်သားဘွယ် ကောင်းလှပါပေသည်။
ထို့ပြင် ၁၃၃-စသည်၌ ဃနလေးပါးက ဖုံးကွယ်ပုံ, ယင်း အဖုံးအကွယ်ပျက်အောင် ရှုပုံတို့ကို ပြဆိုထားသည် မှာလည်း စာမတတ်သူများပင် သိနားလည်လောက်အောင် ပေါ်လွင် လှပါပေသည်။
ထို့ပြင် နှာ ၁၅၁-စသည်၌ အရှင်သာရိပုတ္တရာ ဟောသည့် သီလဝန္တသုတ်ကို ဘုရားဟော ဈာနသုတ် စသည်တို့နှင့် နှီးနှောပြထားသည်မှာလည်း အားရဘွယ် ကောင်းလှပပေသည်။ ထိုပြဆိုချက်ဖြင့် သီလဝန္တသုတ်နှင့် ဆန့်ကျင်သော ဟောမှုများသည် ဘုရားအလိုတော်နှင့်လည်း ဆန့်ကျင်ကြောင်း သိနားလည်စေပါသည်။
ထို့ပြင် နှာ ၁၆၄-စသည်၌ ယခုခေတ် သတိပဋ္ဌာန် ယောဂီတို့၏ ဘင်္ဂဉာဏ်ဖြစ်ပုံကို ဝိသုဒ္ဓိမဂ်အဆိုနှင့် တထပ်တည်း ညီနေကြောင်း ပြထားသည်မှာ ကိုယ်တွေ့ဖြစ်သူတို့အတွက် အားရဘွယ် ကောင်းသည့်ပြင် ကိုယ်တွေ့ မဖြစ်ဘူးသေးသော သူတော်ကောင်းတို့မှာလည်း သဒ္ဓါတရား ဖြစ်ဖွယ် ကောင်းလှပါ ပေသည်။
ထို့ပြင် နှာ ၁၇၅-စသည်၌ ယခုခေတ် သတိပဋ္ဌာန်ယောဂီတို့၏ နိဗ္ဗာန်မျက်မှောက်တွေ့ပုံကို မိလိန္ဒပဉှာအဆိုနှင့် နှီးနှောပြထားသည်မှာလည်း ထို့အတူပင် အားရဘွယ် သဒ္ဓါတရား ဖြစ်ဘွယ်ကောင်းလှပါပေသည်။
ထို့ပြင် နှာ ၂၄၅-စသည်၌ မဟာပစ္စဝေက္ခဏာ (၇)ပါးကို ထုတ်ပြထားသည်မှာလည်း
အခြားဝိပဿနာ ကျမ်းတို့၌ တွေ့ရခဲသော အထူးအဆန်း ဖြစ်ပါပေသည်၊ ထိုတွင် ဒုတိယ ပစ္စဝေက္ခဏာအရာ၌
ပစ္စတ္တသမထနှင့်
ပစ္စတ္တနိဗ္ဗုတိတို့၏ အရအနက်အဓိပ္ပါယ် ကောက်ယူပုံကို ဖွင့်ပြထားသည်မှာ စာပေကျမ်းဂန်တတ် ပုဂ္ဂိုလ်များပင် အံ့သြချီးမွမ်းလောက်အောင် နက်နဲလှပါပေသည်။
ထို့ပြင် နှာ ၃၂၅-မှ စ၍ ရဟန္တာ၏ ခွန်အားများကို ထုတ်ပြထားသည်မှာ ရဟန္တာအစစ် ဟုတ်, မဟုတ် စူးစမ်းဆင်ခြင်ရန်နှင့် ကြည်ညိုရန်အတွက် ကျေးဇူးများဘွယ် ရှိပါပေသည်။
မဟာစည်ဆရာတော်၏ ဤသီလဝန္တသုတ္တန် တရားတော်၌ ချီးမွမ်းဘွယ် မှတ်သားဘွယ်များကို ခရေစေ့တွင်းကျစေ့ငအောင် ဖော်ပြနေလျှင် ဤလက်ဦးရှုဘွယ် စကားရပ်သည် အလွန်ရှည်လျား ကျယ်ပြန့်သွားပေ လိမ့်မည်။ သို့ဖြစ်၍ ယင်းသို့သော ဖေါ်ပြချက်များကို ဤမျှဖြင့်ရပ်ထား၍ မုချဖော်ပြသင့်သော ဤတရားတော် ဖြစ်လာပုံနှင့် လေ့ကျင့်ခဏ်းများကို ပြဆိုကာ နိဂုံးချုပ်လိုပါသည်။
ဤတရားတော်စာအုပ် ဖြစ်ပေါ်လာပုံ
အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်သည် ဤသီလဝန္တ သုတ္တန်တရားတော်ကို ၁၃၂၈-ခုနှစ် တပို့တွဲလကွယ်နေ့မှ အစပြု၍ အခွင့်သင့်သော သီတင်းနေ့များ၌ ရန်ကုန်မြို့ သာသနာ့ရိပ်သာ ဖလ်ယဉ်ဓမ္မာရုံကြီးတွင် ဟောကြားခဲ့ပေသည်၊
၁၃၂၉-ခုနှစ် တန်ဆောင်မုန်းလပြည့်မှာ အပြီးသတ်သည်၊ ဟောသည့် အကြိမ်မှာ ၁၆-ကြိမ်ရှိသည်။ ထိုသို့ဟောစဉ်က ဗုဒ္ဓသာနာနုဂ္ဂဟအဖွဲ့၏ အတွင်းရေးမှူးဖြစ်သော ဦးသိန်းအောင်က တိပ်ရကော်ဒါဖြင့် အသံဖမ်းယူခဲ့၏။ ယင်းတရားသံကို တိပ်ခွေမှ ထုတ်၍ တိုက်ပရိုက်ဖြင့် စာမူကြမ်းလည်း ပြုခဲ့ပြီးနောင် ၁၃၃၇-ခုနှစ် ဝါခေါင်လထဲက ယင်းစာမူကြမ်းကို
မဟာစည်ဆရာတော်ထံသို့ ဆက်ကပ်ခဲ့၏။ မဟာစည်ဆရာတော်သည် ယင်းစာမူကြမ်းမှ ပြင်သင့်သည်များကို ပြင်၍ စာမူချော ပြုစုခဲ့ပေသည်။ ၁၃၃၇-ခုနှစ် တော်သလင်းလဆန်း ၁၀-ရက်နေ့တွင် စ၍ပြုစုသည်၊ အပိုင်းအခဏ်း မများစေလို သောကြောင့် တတိယအကြိမ်နှင့် စတုတ္ထအကြိမ်တို့ကို ပေါင်း၍ တတိယပိုင်း စသည်ဖြင့် ပိုင်းခြားလျက် ပြုစုခဲ့သောကြောင့် နဝမပိုင်းတွင် အပြီးသတ်သည်၊ အပြီးသတ်သည့်နေ့မှာ ၁၃၃၇-ခုနှစ် တန်ဆောင်မုန်း လဆုတ် ၁၂-ရက်ဖြစ်သည်။ ယင်းစာမူချောကို ဤစာရေးသူထံ ပေးပို့လိုက်ရာ ၁၃၃၇-ခုနှစ် ပြာသိုလပြည့်ကျော် ၆-ရက်နေ့က ရောက်လာသည်၊ ရည်ရွယ်ချက်မှာ ယင်းစာမူ၌နိဒါန်းခေါ် လက်ဦးရှုဘွယ်အညွှန်းကို ရေးထည့်ရန်ဖြစ်သည်၊ ရေးရန် စာမျက်နှာမှာ တိုက်ပရိုက် ၆-မျက်နှာ၊ ၇-မျက်နှာခန့် ဟုဆို၏။ ယင်းစာမူမှာ တိုက်ပရိုက်ဖြင့် ၁၈၆-မျက်နှာ ရှိ၍ အခွင့်သင့်သောအချိန်များ၌ ယင်းစာမူကို စေ့စပ်သေချာစွာ ကြည့်ရှုရသည်၊ ကြည့်ရှုပြီးနောက် ဤသီလဝန္တသုတ္တန် တရားတော်ကို ဖတ်ရှုခွင့်ရကြမည့် “မြန်မာပြည်သူ ပြည်သားများ ကံကောင်းလေစွ၊ အရတော်လေစွ”ဟု ကောက်ချက်ချမိပြီးလျှင် ဤလက်ဦးရှုဘွယ်ကို ရေးသား၍ ကူညီလိုက်ရပေသည်။
ဤမျှလောက်ဆိုလျှင် လက်ဦးရှုဘွယ်အညွှန်းအတွက် ပြည့်စုံလောက်ပြီ ဖြစ်၍ စာဖတ်ပရိတ်သတ်များအား လေ့ကျင့်ခဏ်း ပေးပါတော့မည်၊ ယင်းလေ့ကျင့်ခဏ်း မေးခွန်းများကို ဖြေနိုင်အောင် ဤသီလဝန္တသုတ္တန် တရားတော်စာအုပ် သက်ဆိုင်ရာများ၌ ကြည့်ရှုလေ့လာကြစေ လိုပါသည်။
လေ့ကျင့်ခဏ်း
(၁) သောတာပန်မှာ ကိလေသာသုံးပါး သို့မဟုတ် ကိလေသာငါးပါးတို့ကို
ပယ်ပြီးဖြစ်သောကြောင့် အပါယ်လေးပါးမှ လွတ်မြောက်ကြောင်းကိုတော့ အများအားဖြင့် သိနားလည်ပြီ ဖြစ်နေကြပါပြီ။ သောတာပန်ဟာ လူဆင်းရဲဘဝ နတ်ဆင်းရဲ ဘဝများမှာကော ဖြစ်နိုင်ပါသေးသလား။ (နှာ ၂၄၂၊ ၂၆၅)
(၂) သောတာပန် အမျိုးအစားကကော ဘယ်နှစ်မျိုးရှိပါသလဲ။ (၂၆၃-မှ ၂၇၅)
(၃) သောတာပန်၏ ဂုဏ်အင်္ဂါများကကော
ဘယ်လောက် ရှိပါသလဲ။ (၁၉၄-၅)
(၄) သောတာပတ္တိမဂ်ဖြင့်
နိဗ္ဗာန်ကို ဘယ်လို မျက်မှောက်ပြုပါသလဲ။ (၁၇၅)
(၅) သောတာပတ္တိမဂ်၏ ဂုဏ်သတ္တိအထူးများ
ဘယ်လောက် ရှိပါသလဲ။ (၁၇၉-စသည်)
(၆) သောတာပန်မှာ ဘေးဒုက္ခအမျိုးမျိုး
ကင်းပါပြီလား။ (၂၂၆-စသည်)
(၇) သောတာပန် ပုဂ္ဂိုလ်များဟာ
ဖိုလ်ဝင်စား နိုင်ပါသလား၊ ဝင်စားနိုင်လျှင်
ဘယ်လို ဝင်စားပါသလဲ။ (၂၇၅ စသည်)
(၈) သောတာပန် ပုဂ္ဂိုလ်ဟာ သကဒါဂါမ်ဖြစ်အောင်
ဘယ်တရားများကို ရှုရပါသလဲ။ (၂၇၇-စသည်နှင့် ၄၅၇)
(၉) သကဒါဂါမိမဂ်က ဘယ်ကိလေသာကို ပယ်သလဲ၊ သို့မဟုတ် သကဒါဂါမ်မှာ ဘယ်ကိလေသာများ နောက် ထပ်ကင်း သေးသလဲ။ (၂၈၈-စသည်)
(၁၀) သကဒါဂါမ်ပုဂ္ဂိုလ်ဟာ
အနာဂါမ်ဖြစ်အောင်
ဘယ်တရားများကို ရှုရပါသလဲ။ (၂၉၃-စသည်နှင့် ၄၆၀- စသည်)
(၁၁) အနာဂါမ်မှာ ဘယ်ကိလေသာတွေ နောက်ထပ်ကင်းငြိမ်းပါသလဲ၊ သူ့အခြေအနေက ဘယ်လို ထူးခြားနေပါသလဲ။ (၂၉၈-စသည်)
(၁၂) အနာဂါမ်ပုဂ္ဂိုလ်ဟာ
ရဟန္တာဖြစ်အောင်
ဘယ်တရားများကို ရှုရပါသလဲ။ (၃၁၆-စသည်နှင့် ၄၆၃-စသည်)
အထက်ပါမေးခွန်းများကို အပြေအလည် ဖြေနိုင်အောင်၊ သို့မဟုတ် ယင်းမေးခွန်းများဆိုင်ရာ အချက်အလက်များကို အကုန်အစင် သိကြရအောင်၊ သို့မဟုတ် သိနားလည်လိုကြလျှင် ဤသီလဝန္တသုတ် တရားတော်ကို သေချာစေ့ငု ဖတ်ရှုကြရန် ညွှန်ကြားတိုက်တွန်းပါသည်၊ ဖတ်ရှုနိုင်ကြ၍ အပြည့်အစုံ နားလည်ကြပြီးလျှင် မိမိတို့လိုလားသော မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်အထိ ကျင့်သုံး အားထုတ်နိုင်ကြပါစေ။
နိဂုံးချုပ် ညွှန်ကြားချက်
ဤ သီလဝန္တသုတ်တရားတော်ကို တနာရီ နှစ်နာရီအတွင်း လိုရင်းအတိုချုပ် သိလိုကြလျှင် ဤတရားစာအုပ် စာမျက်နှာ ၄၄၆-၌ သီလဝန္တသုတ် စိစစ်ခဏ်း-ဟူသော ခေါင်းစဉ်မှ စ၍ အဆုံးအထိ ဖတ်ရှုကြပါလေ၊ ထိုသို့ ဖတ်ရှု၍ အကျဉ်းချုပ်မျှကို သိနားလည်ပြီးသောအခါ ဤကျမ်းစာအုပ် စာမျက်နှာ ၁-၌ တရားပလ္လင်ခံ-မှစ၍ ကျမ်းစာတအုပ်လုံး အနက်အဓိပ္ပါယ် အကျယ်ကိုလည်း အပြည့်အစုံသိနားလည်အောင် ဖတ်ရှုကြရန် ညွှန်ကြားယင်း ဤလက်ဦးရှုဘွယ်ကို နိဂုံးချုပ်လိုက်ပါတော့သည်။
အသျှင်သုန္ဒရ
(ရွှေစေတီဆရာတော်)
အဂ္ဂမဟာပဏ္ဍိတ
ရွှေစေတီသာသနာ့ရိပ်သာ
စစ်ကိုင်းတောင်ရိုး
စစ်ကိုင်းမြို့။
၁၃၃၇-ခုနှစ်
တပို့တွဲလဆန်း (၈)ရက်။
၇-၂-၁၉၇၆