ဘာရသုတ္တန်တရားတော်ကြီး
Author By - မဟာစည်ဆရာတော်ဘုရားကြီး
ကြားနာကောင်းရုံ ဟောထားသော သာမညတရားမဟုတ်ပေ၊ နာယင်း ဖတ်ရှုယင်းပင် ငြီးငွေ့မှု နိဗ္ဗိန္ဒဉာဏ်ကို ဖြစ်ပွားစေလျက် ...
ဘာရသုတ္တန်တရားတော်ကြီး
Published Date - 1969
Author By - မဟာစည်ဆရာတော်ဘုရားကြီး
211 စာမျက်နှာ
နိဒါန်း
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
အကြောင်းရင်း
ဤ ဘာရသုတ္တန် တရားတော်ကြီး ထွက်ပေါ်လာခြင်း၏ အကြောင်းရင်းကို ဖော်ပြရလျှင် ကျေးဇူးရှင် ဖြစ်တော်မူသော မဟာစည်ဆရာတော်ဘုရားကြီးသည် ရွှေဘိုမြို့ ဆိပ်ခွန်ရွာ မဟာစည်ကျောင်းတိုက်၌ သီတင်းသုံးလျက် ဝိပဿနာဘာဝနာလုပ်ငန်း တရားကို ဟောကြား ညွှန်ပြနေရာမှ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်၏ ပင့်လျှောက်ချက်အရ ရန်ကုန်မြို့ သာသနာ့ရိပ်သာသို့ ကြွရောက်တော်မူ လာကာ ၁၃၁၁-ခုနှစ် နတ္တော်လပြည့်နေ့မှစ၍ ဝိပဿနာလုပ်ငန်း တရားတော်များကို တလလျှင်လေးကြိမ် သီတင်းနေ့တိုင်း မှန်မှန် ဟောကြားတော်မူခဲ့ပါသည်၊ ယခု ၁၃၃၀-ခုနှစ်အထိဆိုလျှင် ၁၉-နှစ် ပြည့်မြောက်ခဲ့လေပြီ။
အတုယူဘွယ် ကောင်းလှပါပေသည်
ထိုသို့
ဟောကြားရာတွင်လည်း အခြေအမြစ်မရှိ အတ္တနော မတိမျှဖြင့် ဟောကြားလေ့မရှိဘဲ ပိဋကပါဠိတော်မှ သုတ္တန် တခုခုကို မူရင်းအခြေခြုံပကာ ယောဂီတို့၏ ကိုယ်တွေ့ ဉာဏ်တွေ့နှင့် ဆက်စပ်လျက် ဟောကြားတော်မူလေ့ ရှိခဲ့ပေသည်၊ အတုယူဘွယ် ကောင်းလှပါပေသည်။ ယင်းသို့ ဟောကြားတော်မူသော တရားတော်ကြီးများထဲတွင် ခေတ်နှင့်ကိုက်ညီ၍ ဤခေတ် ဤအခါမှာ ကြားနာရန် လွန်စွာ ထိုက်တန်လှပေသော ဤ ဘာရသုတ္တန်
တရားတော်ကြီးသည်လည်း မဟာစည်ဓမ္မဒေသနာ အစဉ် ပန်းကုံးကြီး၏ အစိတ်အပိုင်း ဒေသနာပန်းတပွင့် အဖြစ်ဖြင့် ပါဝင်ခဲ့ပေသည်။
တရားသံကို ဖမ်းယူထားခြင်း
ယင်းတရားတော်ကြီးကို
၁၃၂၈-ခုနှစ်
တန်ဆောင်မုန်းလပြည့်နေ့နှင့် လကွယ်နေ့များတွင် ရန်ကုန်မြို့၊ သာသနာ့ရိပ်သာ ဖလ်ယဉ်ဓမ္မာရုံကြီး၌ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရား ဟောကြားတော်မူစဉ် အခါက နောင်လာ နောက်သားတို့အား အကျိုးများစေရန် ရည်သန်မြှော်လင့်ချက်ဖြင့် ဓမ္မာမာမကပုဂ္ဂိုလ်တို့က အသံဖမ်းစက်များဖြင့် ဖမ်းယူထား ခဲ့ကြလေသည်။
ယင်းတရားသံကို
ပြန်လည်ဖွင့်ကာ နာယူကြရာမှ အလွန်လေးနက်သော အနက်အဓိပ္ပါယ်တို့နှင့် ပြည့်စုံ၍ ဝိပဿနာဉာဏ် အဆင့်ဆင့်နှင့်တကွ မဂ်ဖိုလ်တံခါးတိုင်အောင် ဖွင့်လှစ်ပေးနိုင်သည့် ဂုဏ်ကျေးဇူးတို့နှင့်လည်း ပြည့်စုံသော ဤဘာရသုတ္တန် တရားတော်ကြီးကို အရပ်ရပ်အနယ်နယ်မှ ဓမ္မမာမက သူတော်စင်အပေါင်းတို့အား နာကြားစေလိုသော သဒ္ဓါဆန္ဒထက်သန်စွာ ဖြစ်ပေါ်လာခဲ့ကြပေသည်။
စာမူကြမ်းအဖြစ်သို့ ရောက်စေသည်
သို့ဖြစ်၍
ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်၏ အတွင်းရေးမှူး ဦးသိန်းအောင်သည် ယင်း တရားတော်ကြီးကို တိပ်ကြိုးခွေမှထုတ်၍ စာမူကြမ်းအဖြစ်သို့ ရောက်အောင် ရွက်ဆောင်ခဲ့ပေသည်၊ ယင်းစာမူကြမ်းကို ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးထံ တင်ပြ၍ ပုံနှိပ်ဖြန့်ဝေခွင့် တောင်းရာ ဆရာတော်ဘုရားကြီးက ဖြည့်စွက် ပြင်ဆင်သုတ်သင်၍ ပုံနှိပ်ခွင့်ပြုတော်မူခဲ့ပေသည်။
ယင်းသို့
ပုံနှိပ်ရန် အဆင်သင့်ရှိနေစဉ် အချိန်ကာလအတွင်းမှာပင် ဤနိဒါန်းရေးသူ (သဒ္ဓမ္မသီတဂူဆရာတော်)သည် မိမိ၏ မျက်စိရောဂါကုသရန်အတွက် ရန်ကုန်မြို့သို့ လာရောက်ခိုက်နှင့် ကြုံကြိုက်သဖြင့် ၁၃၃၀-ခု
နတ္တော်လဆန်း-၁ ရက်နေ့က
ဆရာတော်ဘုရားကြီးထံ သွားရောက်၍ ဖူးမျှော်ကန်တော့သောအခါ ကျေးဇူးရှင်ဆရာတော်ဘုရားကြီးက ယင်းဘာရသုတ္တန်တရားတော်ကြီး စာမူချောကိုပါ ပေးအပ်၍ နိဒါန်းရေးရန် အမိန့်ချတော်မူလိုက်ပါသည်။
ရောက်လာသော တာဝန် ကျေပြွန်အောင်ဆောင်ရွက်သင့်သည်
ထိုအခါ
“အာဂတော ဘာရော အဝဿံ ဝဟိတဗ္ဗော”ဟူသော
ကျမ်းဂန်စကားအရ “ကိုယ်နှင့်ထိုက်တန်၍ ကိုယ့်ထံရောက်လာသော တာဝန်နှင့်ဝတ္တရားကို မချွတ်မယွင်းဆောင်ရွက်ရပေ လိမ့်မည်”ဟု
နှလုံးသွင်းကာ ဆရာတော် ဘုရားကြီးထံမှ စာမူကို လက်ခံယူပြီးလျှင် မိမိ၏ ခေတ္တတည်းခိုနေထိုင်ရာ အင်းလေးဓမ္မာရုံကျောင်းသို့ ပြန်လာခဲ့ပေသည်။ တည်းခိုးနေထိုင်ရာသို့ ရောက်၍ ဘာရသုတ္တန် တရားတော်ကြီးစာမူကို သေချာစေ့ငှကြည့်ရှု ဆင်ခြင်လိုက်သောအခါ ယင်းတရားတော်ကြီးသည် မိမိ၏ အသိဉာဏ်တွင် အောက်ပါအတိုင်း ထင်ရှားပေါ်လာခဲ့ပေသည်။
သာမညတရားမဟုတ်
ဤ
ဘာရသုတ္တန်တရားတော်ကြီးကို ကျေးဇူးရှင်ဆရာတော်ဘုရားကြီး ဟောကြားထားသည်မှာ ကြားနာကောင်းရုံ ဟောထားသော သာမညတရားမဟုတ်ပေ၊ နာယင်း ဖတ်ရှုယင်းပင် ငြီးငွေ့မှု နိဗ္ဗိန္ဒဉာဏ်ကို ဖြစ်ပွားစေလျက် အသက်ထက်ဆုံး စိတ်နှလုံး၌ သိမ်းကျုံးသိုမှီး ထားထိုက်လောက်အောင် စကားဝါကျ အနေအထား ပုဒ်သွားပုဒ်လာ ဥပမာ ဥပမေယျတို့ဖြင့် သိုက်မြိုက်စုံလင်စွာ တန်းဆာဆင်လျက် ဖွင့်လှစ်ဟောကြားထားအပ်သော တရားတော်ကြီး ဖြစ်ပေသည်၊ မြတ်စွာဘုရား၏ အလိုတော်ဖြစ်သော မူရင်းသုတ္တန်၏ ဦးတည်ချက်ကို မပျက်စေဘဲ အဋ္ဌကထာဋီကာ ဖွင့်ပြချက်တို့ဖြင့် ဖြည့်စွက် ထည့်သွင်းကာ ပဋိပဒါနည်းစံနစ်ကျကျဖြင့် ဟောကြားထားပေသည်။ ဘုရားရှင်၏ အလိုတော်နှင့် ဆရာတော်ဘုရားကြီး၏ရည်မှန်းချက်ဖြစ်သည့်
နိဗ္ဗာန်ဆိပ်ကမ်းဆီသို့ ကြားနာသူတို့ ဦးတိုက်သွားရောက်နိုင်အောင် ဓမ္မကတိကအစစ်၏ ဂုဏ်အင်္ဂါလက္ခဏာတို့ဖြင့် စုံလင်စွာ တန်းဆာဆင်၍ စီစဉ်ဟောကြားထားပေသည်၊ ဤသို့ စသည်ဖြင့် တွေ့မြင်ရသောကြောင့် ဤသုတ်တရားတော်ကြီး နှင့်စပ်၍ အထူးပင် သဒ္ဓါတရား ဖြစ်ပွားရပေသည်၊ ဤတရားတော်ကြီးစာအုပ်ကို ဖတ်ရှုသူတို့လည်း နည်းတူပင် သဒ္ဓါတရားဖြစ်ပွားကြပါလိမ့်မည်။
အမြဲတမ်း သစ်လွင်လျက် ခေတ်မှီနေသော တရားတော်
လောက၌
အချို့သော စာပေ အရေးအသား ဟောကြားချက်များသည် သူ့ခေတ်တခေတ်မှာ ခေတ်မှီစာပေကောင်း တရားကောင်း ဖြစ်နေခဲ့ငြားသော်လည်း နောင်တခေတ်သို့ ရောက်သောအခါ ခေတ်ဟောင်းသွားပြီ ဖြစ်၍ စာပေကောင်း တရားကောင်း မဖြစ်တော့ဘဲ ခေတ်၏ စွန့်ပစ်ခြင်းကို ခံရလေသည်၊ ဗုဒ္ဓရှင်တော် မြတ်ဘုရား ဟောကြားတော်မူခဲ့သော တရားတော် စာပေတို့မှာမူ အတိတ် ပစ္စုပ္ပန် အနာဂတ်ဟူသော ခေတ်သုံးပါးလုံးမှာပင် အမြဲတမ်းသစ်လွင်လျက် ခေတ်မှီနေသော တရားတော် စကားတော် စာပေများသာ ဖြစ်နေပေသည်။
ဗုဒ္ဓ၏ စကားတော်ကို ခေတ်ကျော်မသွားနိုင်
လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ဝ-ကျော်က ဟောကြားတော်မူခဲ့သော ဗုဒ္ဓ၏တရားတော် စကားတော်နှင့် ဟောမိန့်တော် မူချက်တို့ကို ယခု ပစ္စုပ္ပန်ခေတ်တိုင်အောင် သိပ္ပံပညာ အမျိုးမျိုးဖြင့် စမ်းသပ်မွေနှောက်ကာ ရှာဖွေကြပါသော်လည်း ဗုဒ္ဓ၏ ဟောပြောချက်များကို ကျော်လွန်နိုင်သော သိပ္ပံပညာကား မပေါ်လာသေးချေ၊ အနန္တစကြာဝဠာနှင့်စပ်၍ ဗုဒ္ဓဟောတော်မူခဲ့သော အချက်များကို သိပ္ပံပညာဖြင့် ယခုတိုင် ကုန်စင်အောင်ရှာလို့ မရနိုင်သေးချေ၊ ယခုမှ ပထဝီကမ္ဘာ၏ အရံဂြိုဟ်မျှ ဖြစ်သော လကမ္ဘာသို့ သွားရန် စူးစမ်းကြံစည်နေသော အဆင့်မျှသာ ရှိချေသေးသည်၊ သိပ္ပံပညာဖြင့် ဘယ်လိုမျှရှာဖွေလို့ မတွေ့နိုင်သော ဝိပဿနာပညာ မဂ်ဖိုလ်ပညာနှင့် နိဗ္ဗာန်တိုင်အောင်သော ချမ်းသာတို့သည် ဗုဒ္ဓသာသနာဝင်တို့၏ လက်ထဲမှာသာ အထင်အရှား ရှိနေကြပေသည်၊ ထို့ကြောင့် ဗုဒ္ဓ၏ တရားတော် စကားတော်များသည် ယနေ့တိုင်အောင် ခေတ်၏ရှေ့မှပြေးလျက်ပင် ရှိနေကြောင်း ထင်ရှားလှပါပေသည်၊ နောင်လည်းခေတ်၏ ရှေ့မှ ပြေးလျက်ပင် ရှိနေလိမ့်မည်ဟု ပညာရှိတို့အား အနုမာနဉာဏ်ဖြင့် ထင်ရှားလျက်ပင် ရှိပါလိမ့်မည်။
ခေတ်မှီ ဟောကြားချက်
ထိုကဲ့သို့
ခေတ်တိုင်းနှင့် ညီလျော်အောင် ဟောကြားတော်မူခဲ့သော ဗုဒ္ဓမြတ်စွာ၏ မူရင်းစကားတော်-တရားတော်များကို အခြေခံမူတည်ကာ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးက ခေတ်နှင့်လျော်ညီသော စကား, လက်ဝဲ
လက်ျာ အစွန်း ၂-ဖက်သို့
မထွက်စေသော စကားတို့ဖြင့် တန်းဆာဆင်ကာ ခေတ်သူ ခေတ်သားတို့ နားလည်လွယ်သော အသုံးအနှုန်း စကားလုံးတို့ဖြင့် ဖန်တီးလျက် ဤ ဘာရသုတ္တန်
တရားတော်ကြီးကို ပေါ်လွင်ထင်ရှားစွာ ဟောကြားတော်မူပေသည်။ ထိုသို့ ဟောရာ၌လည်း ဗုဒ္ဓရှင်တော် မြတ်စွာဘုရား၏ ရည်မှန်းချက် ပန်းတိုင်ဖြစ်သော နိဗ္ဗာန်ဆိပ်ကမ်းသို့ တက်လှမ်း ဆိုက်ရောက်နိုင်ရေးကို အလေးပေးလျက် စံနစ်တကျ ကျင့်ကြံပွားများ အားထုတ်ပုံများကိုပါ ဖော်ပြလျက် ဟောကြားတော်မူပေသည်။
ယင်းသို့
ဟောကြားတော်မူသဖြင့် ဗုဒ္ဓမြတ်စွာ၏ အလိုတော်ကျ ဓမ္မကထိက အစစ်၏ ဂုဏ်အင်္ဂါ လက္ခဏာတို့နှင့်လည်း ပြည့်စုံပါပေသည်။
ဓမ္မကထိက၏ အင်္ဂါ
အခါတပါး၌
ရဟန်းတပါးက မြတ်စွာဘုရားကို “အဘယ်မျှလောက် ဂုဏ်အင်္ဂါတို့နှင့်ပြည့်စုံလျှင် ဓမ္မကထိက အစစ်မည်ပါသနည်း အရှင်ဘုရား”ဟု မေးလျှောက်သည်။ ထိုအမေးကို မြတ်စွာဘုရားက အောက်ပါအတိုင်း ဖြေကြားတော်မူပါသည်။
ရူပဿ
စေ ဘိက္ခု နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ဓမ္မံ
ဒေသေတိ၊
ဓမ္မကထိကော ဘိက္ခူတိ အလံ ဝစနာယ။
ရုပ်ကို
ငြီးငွေ့ ရွံမုန်းလာအောင် တပ်မက်သာယာမှု ကင်းသွားအောင် ရုပ်တရား (တပ်မက်မှု) ချုပ်ငြိမ်းသွားအောင် တရားကို ဟောပြလျှင် တရားဟော ဓမ္မကထိကဟု ဆိုထိုက်ပေ၏။
ရူပဿ
စေ ဘိက္ခု နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ပဋိပန္နော
ဟောတိ၊
ဓမ္မာနုဓမ္မပဋိပန္နော ဘိက္ခူတိ အလံ ဝစနာယ။
ရုပ်ကို
ငြီးငွေ့ ရွံမုန်းလာအောင် တပ်မက်သာယာမှု ကင်းသွားအောင် ရုပ်တရား (တပ်မက်မှု) ချုပ်ငြိမ်းသွားအောင်ကျင့်လျှင် လောကုတ္တရာတရား ၉-ပါးအားလျော်သော
အကျင့်ကို ကျင့်သော ရဟန်းဟု ဆိုထိုက်ပေ၏။
ရူပဿ
စေ ဘိက္ခု နိဗ္ဗိဒါ ဝိရာဂါ နိရောဓာ အနုပါဒါဝိမုတ္တော
ဟောတိ၊
ဒိဋ္ဌဓမ္မနိဗ္ဗာနပ္ပတ္တော ဘိက္ခူတိ အလံ ဝစနာယ။ (သံယုတ်ပါဠိ
တတိယတွဲ နှာ ၁၃၃။)
ရုပ်ကို
ငြီးငွေ့ခြင်း, မတပ်မက်ခြင်း, တပ်မက်မှု ချုပ်ခြင်းကြောင့် အစွဲအလမ်း ကင်း၍ လွတ်သွားလျှင် မျက်မှောက် ငြိမ်းအေးမှု-နိဗ္ဗာန်သို့ ရောက်နေသော ရဟန်းဟု ဆိုထိုက်ပေ၏။
(ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်ခန္ဓာတို့နှင့်
စပ်၍လည်း နည်းတူပင် ဖြေကြားတော်မူပါသည်။)
အထက်ပါ
ဖြေဆိုချက်အရအားဖြင့် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ငြီးငွေ့ရွံမုန်းလာအောင် တပ်မက်သာယာမှု ကင်းကွာသွားအောင် ထို ခန္ဓာတို့၌ တပ်မက်မှု ချုပ်ငြိမ်းသွားအောင် ဟောနိုင်ပါမှ ဓမ္မကထိက အစစ်ဟု ဆိုထိုက်ကြောင်း သိရပေသည်။ ထို့ပြင် ဓမ္မကထိက ဖြစ်ရုံမျှနှင့်လည်း မပြီးသေး၊ ဓမ္မာနု ဓမ္မပဋိပန္နပုဂ္ဂိုလ်, ဒိဋ္ဌဓမ္မနိဗ္ဗာနပ္ပတ္တပုဂ္ဂိုလ် ဖြစ်အောင် ကျင့်ဘို့လည်း လိုသေးသည် ဟူ၍လည်း သိရပေသည်။
သို့ဖြစ်ရာတွင်
ဤဘာရသုတ္တန် တရားတော်ကြီးဝယ် နေရာပေါင်းများစွာတို့၌ ခန္ဓာငါးပါးတို့ကို ငြီးငွေ့ရွံမုန်းလာအောင် တပ်မက်မှု ကင်းကွာသွားအောင် တပ်မက်မှုတဏှာ ချုပ်ငြိမ်းသွားအောင် ထင်ရှား ဖော်ပြထားသည်တို့ကို တွေ့ရသောကြောင့် ဤတရားတော်ကြီးကို ဓမ္မကထိက အစစ်၏ ဂုဏ်အင်္ဂါလက္ခဏာတို့နှင့် ညီညွတ်စွာ ဟောထားပေသည်တကားဟု နှလုံးသွင်းဆင်ခြင်လျက် ပီတိပါမောဇ္ဇနှင့်တကွ သဒ္ဓါတရား ဖြစ်ပွားရပေသည်။
ထို့ပြင်
ခန္ဓာငါးပါးနှင့်စပ်၍ နိဗ္ဗိန္ဒ ဝိရာဂ နိရောဓပြီးမြောက်အောင် ရှုမှတ်ပွားများပုံ, ကိလေသာ အြွကင်းမဲ့ချုပ်ရာသို့ ရောက်အောင် ကျင့်ပုံများကိုလည်း စံနစ်တကျ ဖွင့်ပြထားသောကြောင့် ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ် ဖြစ်အောင်, ဒိဋ္ဌဓမ္မနိဗ္ဗာနပ္ပတ္တပုဂ္ဂိုလ်
ဖြစ်အောင်လည်း ညွှန်ပြထားပေသည် ဟူ၍လည်း အာရုံပြုလျက် ကြည်ညိုသဒ္ဓါ ဖြစ်ပွားရပါပေသည်။
ဤစာကို
ရေးသူကဲ့သို့ပင် ဤတရားတော်ကို လေးလေးနက်နက် ဖတ်ရှုဆင်ခြင်သူတိုင်းပင် ပီတိပါမောဇ္ဇ သဒ္ဓါတရားများ ဖြစ်ပွားကြပေလိမ့်မည် ဟူ၍လည်း မြှော်မြင်မိပါသည်။
ဘာရသုတ်တရားတော်၏ ဦးတည်ချက်
စာတခုကို
ရေးသည်ဖြစ်စေ၊ တရားတပုဒ်ကို ဟောသည်ဖြစ်စေ ဦးတည်ချက်ကား ရှိစမြဲပင်၊ ဦးတည်ချက်မရှိဘဲ ရေးသားဟောကြားရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဗုဒ္ဓရှင်တော်မြတ်ဘုရားက ဤဘာရသုတ္တန် တရားတော်ကြီးကို ဦးတည်ချက်ကြီး လေးပါးဖြင့် ပိုင်းခြား၍ ဟောကြားတော်မူခဲ့ပေသည်၊ သံဂါယနာတင် အရှင်မြတ်တို့က ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်၌ ၂၂-ခုမြောက်
သုတ်အဖြစ်ဖြင့် သံဂါယနာတင်ထားတော် မူခဲ့ကြပေသည်၊ ယင်းသုတ်ကို ကျေးဇူးရှင် မဟာစည်ဆရာတော် ဘုရားကြီးကလည်း ထို ၄-ချက်ကိုပင်
ဦးတည်၍ ယခုခေတ်လူများ နားလည်လွယ်သော စကားဝါကျ အသုံးအနှုန်းတို့ဖြင့် တန်းဆာဆင်ကာ ဖွင့်ပြ ဟောကြားတော်မူခဲ့ပေသည်။
ဦးတည်ချက်ကြီး
၄-ပါးဟူသည်မှာ -
၁။
ဘာရ-ခန္ဓာငါးပါး
ဝန်ထုပ်ကြီး၊
၂။
ဘာရဟာရ-ဝန်ထမ်း
ပုဂ္ဂိုလ်၊
၃။
ဘာရာဒါန-ဝန်ထုပ်ကို
လက်ခံနေသောတဏှာ၊
၄။
ဘာရနိက္ခေပန-ဝန်ထုပ်ကို ပယ်ရှား ပစ်ချခြင်း-
ဟူသော
ဤ ၄-ပါးပင်ဖြစ်ပါသည်။ ဤ ၄-ပါးတို့ကို ဤတရားတော်ကြီး၌ အကွက်ကျကျ ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်ကို တွေ့ကြရပါလိမ့်မည်။
၁-ဘာရ=လူတိုင်းကြိုက်တဲ့
ဝန်ထုပ်ကြီး
ဥပါဒါနက္ခန္ဓာငါးပါးကို (ကိလေသာ မကင်းသေးသော) သတ္တဝါတိုင်း ကြိုက်ကြသည်၊ မိမိခန္ဓာတို့ကိုလည်း ကြိုက်ကြသည်၊ သူတပါး၏ ခန္ဓာတို့ကိုလည်း ကြိုက်ကြသည်။ ယင်းခန္ဓာတို့ကို ဗုဒ္ဓမြတ်စွာဘုရားက အလွန်လေးလံလှစွာသော ဝန်ထုပ်ကြီးများဟု ဟောကြားတော်မူခဲ့ပေသည်။ ထိုခန္ဓာဝန်ထုပ်ကြီးများ လေးလံပုံကိုလည်း တခဏမျှ ထမ်းဆောင်ရသည် မဟုတ်ဘဲ အနမတဂ္ဂ သံသရာ တလျှောက်လုံး အစဉ်ထာဝရ ထမ်းဆောင်နေရပုံ, ခေတ္တခဏမျှသော်လဲ ချထား၍ မရပုံ-စသည်ဖြင့်
ဖော်ပြထားသည်ကို တွေ့ကြရလိမ့်မည်။
ကံအမျိုးမျိုးကြောင့် ခန္ဓာဝန်အမျိုးမျိုး ထမ်းနေရပုံ
အကုသိုလ်ကံ
ပြုမိသော ပုဂ္ဂိုလ်တို့မှာ အပါယ်လေးဘုံရောက်ပြီး ငရဲခန္ဓာ ပြိတ္တာခန္ဓာ တိရစ္ဆာန်ခန္ဓာ အသူရကာယ် ခန္ဓာဝန်တို့ကို ထမ်းနေကြရပုံ၊ ကုသိုလ်ကံ ရှိသူတို့မှာလည်း လူ့ခန္ဓာ နတ်ခန္ဓာဝန်တို့ကို ထမ်းနေကြရပုံ၊ ရူပဘဝ အရူပဘဝတို့ကို အထင်ကြီးပြီး ရူပဈာန်ကုသိုလ် အရူပဈာန်ကုသိုလ်တို့ကို ပွားစေတတ်သော ပုဂ္ဂိုလ်တို့မှာလည်း ရူပဗြဟ္မာဘဝ အရူပဗြဟ္မာဘဝကို ရောက်ပြီး ကမ္ဘာပေါင်းများစွာ ဗြဟ္မာ့ခန္ဓာဝန်ကို ထမ်းနေကြရပုံ၊ ထိုဗြဟ္မာဘဝမှ စုတေပြီးသည့်နောက် ကာလမှာလည်းလူ့ခန္ဓာ နတ်ခန္ဓာ အပါယ်ခန္ဓာဝန်တို့ကို ထမ်းနေကြရပုံများကိုလည်း ဤတရားတော်ကြီး၌ ထင်ရှားဖော်ပြ ထားပေသည်။
ဝန်ထုပ်ကို
ထမ်းနေကြရတာ ဘယ်လောက်ကြာပြီလဲ ခန္ဓာဝန်ထုပ်ကို ထမ်းနေကြရတာ ဘယ်လောက်ကြာပြီလဲ ဆိုတဲ့ မေးဘွယ်အတွက် “အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော” အစရှိသော
သာဓကစကားဖြင့် အစမထင်သည့် သံသရာကာလ တလျှောက်လုံး ကြာခဲ့ပြီဆိုသော အချက်ကိုလဲ ဤတရားတော်ကြီး၌ ဖော်ပြထားပါသည်။
ထို့ပြင်
ဘယ်လောက်ကြာအောင် ဆက်ပြီး ထမ်းနေကြရဦးမလဲဆိုတဲ့ မေးဘွယ်အတွက်လည်း “အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ” အစရှိသော သာဓက စကားဖြင့် အဝိဇ္ဇာနှင့် တဏှာမကင်းသေးသမျှ ကာလပတ်လုံး ထမ်းဆောင်နေကြရမည် ဆိုသောအချက်ကို သိနားလည်စေသောအားဖြင့် ဤတရားတော်ကြီး၌ ဖြေရှင်းထားပါသည်။
၂-ဘာရဟာရ=ဝန်ထမ်းပုဂ္ဂိုလ်
ဝန်ထမ်းပုဂ္ဂိုလ်ဟူသည်မှာ
ခန္ဓာငါးပါးကို စွဲ၍ ခေါ်ဝေါ်ပညတ်အပ်သော လောကဝေါဟာရမျှသာ ဖြစ်ကြောင်း၊ မြတ်စွာဘုရားသည် ပရမတ်ကို ဟောသင့်ရာ၌ ပရမတ်ကိုဟောကြောင်း၊ ပညတ်ဖြင့် ဟောသင့်ရာ၌ ပညတ်တင်၍ဟောကြောင်း၊ အလှူဒါနအရာ၌ ပုဂ္ဂလိကဒါန သံဃိကဒါန နှစ်မျိုးရှိရာတွင် အလှူခံပုဂ္ဂိုလ်၏ဂုဏ် သံဃာ၏ဂုဏ်ကို အာရုံပြုပြီး လှူရကြောင်း၊ ထိုသို့လှူမှ အကျိုးကြီးကြောင်း ဝိပဿနာအတုအယောင်ထင်ပြီး လှူခြင်းသည် ဘုရားအလိုတော်နှင့်မညီ၍ သဘာဝမကျကြောင်း စသည်ဖြင့် ဝန်ထမ်းပုဂ္ဂိုလ်နှင့်စပ်၍ အကျိုးများဘွယ် သြဝါဒများကိုပါ ပြသထားသည်ကိုလည်း တွေ့ကြရပါလိမ့်မည်။
၃-ဘာရာဒါန=ဝန်ထုပ်ကိုခံယူခြင်း
ခန္ဓာဝန်ထုပ်ကို
ထမ်းနေကြရသည်မှာ ဘယ်သူကပေးလို့ ထမ်းနေကြရသနည်း၊ ဘယ်ပုံဘယ်နည်းဖြင့် ခန္ဓာဝန်ကို ရလာသနည်း ဟူသော အချက်ကို မြတ်စွာဘုရားက -
(၁) လိုချင်နှစ်သက်ဖွယ်
ကာမဂုဏ်အာရုံကို လိုချင်နှစ်သက်သော ကာမတဏှာ၊
(၂) အမြဲတမ်း
တည်နေသည်ဟု ထင်သော ဘဝနှင့်စပ်၍ နှစ်သက်သော ဘဝတဏှာ၊
(၃) သေလျှင်
အလိုလိုပင် ဘဝကင်းပြတ်သွားမည်ဟု ထင်၍ နှစ်သက်သော ဝိဘဝတဏှာဟူသော ဤတဏှာသုံးပါးဖြစ်လျှင် ခန္ဓာဝန်ကို လက်ခံယူခြင်းဖြစ်ကြောင်း ဟောပြထားတော်မူ၏၊ ထိုအရာတွင် ဒွါရ ၆-ပါး၌
ထင်ပေါ်လာသော အာရုံ ၆-ပါးနှင့်စပ်၍
နှစ်သက်လိုချင်မှု ဖြစ်တိုင်း ခန္ဓာဝန်ကို လက်ခံပြီး ယူနေသည်မည်ကြောင်း အကျယ်ဖွင့်ပြထားသည်ကိုလည်း ဤတရားတော်ကြီး၌ ထင်ရှားတွေ့ရပါလိမ့် မည်။
အထူးအားဖြင့်
ဥစ္ဆေဒဒိဋ္ဌိနှင့်တကွ ဖြစ်သော တဏှာကို ဝိဘဝတဏှာ ခေါ်ကြောင်း အဋ္ဌကထာ၌ ဖွင့်ပြထားရာတွင် ဘယ်လိုတဏှာဟု တိတိကျကျသိရန် မလွယ်ကူဘဲ ရှိနေချေသည်။ ထို့ကြောင့် ယခုခေတ် အချို့ပုဂ္ဂိုလ်တို့က (ဘဝသမ္ပန္နော မဟာဝိဘဝေါ) ဟူ၍၎င်း၊ (အသီတိ ကောဋိ ဝိဘဝါ) ဟူ၍၎င်း
ဆိုသောစကားတို့ကို အကိုးအကားပြု၍ “ဘဝ၏ စည်းစိမ်ချမ်းသာတို့နှင့် ပြည့်စြွုံကယ်ဝ အောင်မြင်မှု ရနေသည်၌ နှစ်သက်မှုကို ဘဝတဏှာ”ဟု
ခေါ်ကြောင်း ပြောဆိုကြလေသည်၊ ထိုသို့ ပြောဆိုကြရာ၌လည်း ဗုဒ္ဓစာပေ ပိဋကဆိုင်ရာ ပါဠိ, အဋ္ဌကထာ
အဖွင့်များကို မကိုးကားဘဲ ပါမောက္ခ ရိုက်ဒေးဗစ်၏ (The
craving for success in this present life.) ဟူသော ဝိဘဝတဏှာ အဖွင့် ဘာသာပြန်ကို ကိုးကားထားကြလေသည်။ ထိုသို့ဆိုလျှင် ဝိဘဝတဏှာသည်လည်း ကာမဂုဏ် စည်းစိမ်ချမ်းသာ၌ လိုချင်နှစ်သက်မှုပင် ဖြစ်နေသောကြောင့် ကာမတဏှာနှင့် ထပ်တူပင် ဖြစ်နေလေရာ၏။ ထိုသို့ ရိုက်ဒေးဗစ်၏ ပြန်ဆိုချက်အတိုင်း ဝိဘဝတဏှာပုဒ်ကို မှားယွင်းစွာ ပြန်ဆိုမိခြင်းသည် ထို ဝိဘဝတဏှာ-ပုဒ်၏
အနက် အသိခက်သောကြောင့်ပင် ဖြစ်သည်။
ကျေးဇူးရှင်
မဟာစည် ဆရာတော်ဘုရားကြီးသည်ကား “ကတမာ ဝိဘဝဒိဋ္ဌိ၊ န ဘဝိဿတိ
အတ္တာ စ လောကောစာတိ
ယာ ဧဝရူပါဒိဋ္ဌိ။ ပ။ အယံ ဝုစ္စတိ ဝိဘဝဒိဋ္ဌိ။ ဝိဘဝဒိဋ္ဌိ-ဟူသည် အဘယ်နည်း၊ အတ္တသည်၎င်း, လောကသည်၎င်း မရှိတော့ဘဲ ပြတ်စဲသွားမည်ဟု ဤသို့သော အကြင် အယူသည် ရှိ၏။ ပ။ ဤအယူကို ဝိဘဝဒိဋ္ဌိ-ဟု ဆိုအပ်၏” ဟူသော
ဓမ္မသင်္ဂဏီပါဠိတော် (၂၅၇)နှင့်လည်း
ညီညွတ်သော “ဥစ္ဆေဒဒိဋ္ဌိသဟဂတော ရာဂေါ ဝိဘဝတဏှာ” ဟူသော
ဘာရသုတ်အဖွင့် အဋ္ဌကထာမူရင်းကိုသာ မြဲမြံစွာ စွဲကိုင်ပြီးလျှင် “ဝိဘဝ-မှာ၊
ဥစ္ဆေဒါ၊ ထင်ကာ နှစ်သက်မှု”ဟု ဆောင်ပုဒ်မူချကာ သေပြီးလျှင် ဘဝအလိုလို ပြတ်သွားမည်”ဟု ယူဆပြီး ဝိဘဝတဏှာ ဖြစ်ပုံကို ပေါ်လွင်ထင်ရှားစွာ ဤတရားတော်ကြီး၌ ဖွင့်ပြထားတော်မူပါပေသည်။ ထိုဖွင့်ပြချက်များထဲမှ အောက်ပါမှာ ဖွင့်ပြချက်တခု ဖြစ်ပါသည်။
“အဲဒီလို သေပြီးယင် ဘာမှမရှိတော့ဘူး၊ လုံးဝပျောက်ကွယ်သွားတယ်လို့ ယူတဲ့ ဥစ္ဆေဒဒိဋ္ဌိနဲ့ ယှဉ်ပြီး ဖြစ်တဲ့ နှစ်သက်လိုချင်မှုကို ဝိဘဝတဏှာ ခေါ်တယ်။ ဒီတဏှာက ဘာမျှမကျင့်ရဘဲနဲ့ သေပြီးတဲ့နောက် ဘာမျှမဖြစ်ရတော့ဘဲ ပြတ်စဲသွားတာကိုလဲကြိုက်တယ်၊ ဘာကြောင့်လဲဆိုယင် အဲဒီအယူရှိတဲ့သူက ကောင်းမှုကို မပြုချင်ဘူး၊ မကောင်းမှုကိုလဲ မရှောင်ချင်ဘူး၊ ပြုထားတဲ့ မကောင်းမှုတွေကလဲ များစွာရှိနေတယ်၊ ဒီတော့ သေပြီးတဲ့နောက် ဘဝသစ် ဖြစ်နေဦးမယ်ဆိုယင် မကောင်းမှုတွေက မကောင်းကျိုးတွေကို ပေးနေဦးမယ်၊ အဲဒါကို သူက မလိုလားဘူး၊ သေပြီးတဲ့နောက် ဘာမျှမဖြစ်ပါမှ သူ့မှာ သင်ပုန်းချေသလိုဖြစ်ပြီး အပြစ်ကင်းသွားမယ်၊ ဒါကြောင့် ဒီတဏှာက သေပြီးယင် ပြတ်စဲသွားတာကို နှစ်သက်သဘောကျတာပါဘဲ၊ နောက်ပြီးတော့ မသေခင်ဘဲ ခံစားရမယ်လို့ ယူဆထားတဲ့အတွက် မသေခင်အတွင်း ရရသမျှကို ခံစားဘို့ရာလဲ ပြင်းပြင်းပြပြ နှစ်သက်မက်မော နေတယ်၊ အဲဒီလို နောက်ဘဝမရှိဘူးဆိုတဲ့ အယူဖြင့် ယခုလောလောဆယ် ခံစားဘို့ နှစ်သက်လိုချင်တိုင်း, မိမိ၏လက်ရှိကိုယ်ကို ချမ်းသာစေလိုတိုင်း ဘဝသစ်ခန္ဓာဝန်ကို ခံယူနေသည် မည်ပါတယ်” (နှာ-၁၄၆)။
နောက်ပြီးတော့
ဝန်လေးပုံပြသည့် အခန်း (နှာ-၄၉)မှာလဲ
တဏှာဖြင့် ခန္ဓာဝန်ယူပုံကို အောက်ပါအတိုင်း ထည့်သွင်းပြီး ဖေါ်ပြထားပါသေးတယ်။
“ယခုခေတ်မှာ ကျေးဇူးမသိတတ်တဲ့ သူတွေရဲ့ အတွေးအခေါ်တွေကို လေ့လာပြီး ကျေးဇူးမသိတတ်တဲ့ ဓာတ်သဘောချင်းတူတဲ့ သူတွေက မိဘတွေကို ကျေးဇူးမတင်ချင်ကြဘူး၊ ကျေးဇူးမတင်ရုံတောင် မကသေးဘူး၊ မိဘတွေ ကမြင်းလို့ လူဖြစ်လာပြီး ဒုက္ခရောက်နေရတယ်လို့တောင် အပြစ်ပြောတတ်ကြ သေးတယ်။ အဲဒါကတော့ တော်တော်ကြောက်စရာကောင်းတဲ့ အမြင်မှားကြီးပါဘဲ။ အမှန်ကတော့ ဒီခန္ဓာဝန်ကို ရလာရာမှာ အကြောင်းရင်းက မိဘမဟုတ်ဘူး၊ ကိလေသာနဲ့ကံက အကြောင်းရင်းဘဲ၊ မိဘကတော့ အထောက်အပံ့ အကြောင်းလောက်သာ ဖြစ်ပါတယ်။ အကယ်၍ လူသားဖြစ်တဲ့ မိဘတွေ မရှိဘူးဆိုယင် ကိလေသာနဲ့ကံ မကင်းတဲ့သူတွေမှာ အပါယ် ၄-ပါးမှာ
ဖြစ်ဖို့က များနေပါတယ်”။
အထက်ပါ
မိန့်ဆိုချက်ဟာ သင့်လျော် မှန်ကန်လှပေသည်။ သင့်လျော်မှန်ကန်ကြောင်းကို အနည်းငယ် ထုတ်ပြရလျှင် ဗုဒ္ဓမြတ်စွာဘုရားက သန္ဓေတည်နိုင်ခြင်း၏ အကြောင်းများကို အောက်ပါအတိုင်း ပြထားပါသည်။
(၁) မာတာပိတရော
စ သန္နိပတိတာ-မိဘနှစ်ပါးတို့ ပေါင်းဆုံခြင်း၊
(၂) မာတာ
စ ဥတုနီ-အမိမှာ သွေးဥကြဆင်းပြီး ရှိခြင်း၊
(၃) ဂန္ဓဗ္ဗော
စ ပစ္စုပဋ္ဌိတော-တဏှာ အစရှိသော ကိလေသာနှင့် ကုသိုလ်ကံရှိ၍
လူ့ဘဝသို့
ရောက်ထိုက်သူ အသင့်ရှိခြင်း။
အထက်ပါ
အကြောင်း ၃-ပါးတို့တွင်
အမှတ် (၁) အကြောင်းမျှဖြင့် သန္ဓေမတည်နိုင်၊ အကယ်၍ တည်နိုင်မည်ဆိုပါက မိဘ တစုံတစုံမှာ သားသမီးပေါင်း ရာထောင်မက များလေရာ၏။
ထို့ပြင်
အမှတ် (၁-နှင့် ၂) အကြောင်းနှစ်ပါးမျှဖြင့်လည်း
သန္ဓေမတည်နိုင်၊ အကယ်၍ တည်နိုင်မည်ဆိုပါက တလတကြိမ် သားဥကျဆင်းသည်ဟု ဆေးကျမ်းတို့၌ ဆိုသောကြောင့် မိခင်တဦးမှာ တနှစ်လျှင် ခလေးတယောက်ကျမက ရလေရာ၏။ ထို့ကြောင့် အထက်ပါ အကြောင်းသုံးပါးလုံး ညီညွတ်မှ သန္ဓေတည်နိုင်ကြောင်း မဟာတဏှာသင်္ခယသုတ် (မ၁-၃၃၂)မှာ ဗုဒ္ဓမြတ်စွာဘုရားက အထင်အရှား ဟောထားပေသည်။ ထိုအချက်, မှန်ကန်ကြောင်းကိုလည်း
ချမ်းသာကြွယ်ဝသူတို့မှာ သားသမီး လိုချင်ပါလျက် သားသမီးမရခြင်း, သားသမီး နည်းပါးခြင်းက ထောက်ခံလျက်ရှိပေ၏။
သို့ဖြစ်၍
ထိုအကြောင်းသုံးပါးထဲမှ လူ့ဘဝသို့ ရောက်ထိုက်သော ဂန္ဓဗ္ဗခေါ် သူငယ်လောင်းသည် လိုရင်း ဖြစ်နေကြောင်း၊ ထိုသူငယ်လောင်းမှာလည်း တဏှာ အစရှိသော ကိလေသာနှင့် လူဖြစ်ဖို့ ကံရှိဘို့လိုကြောင်း ထင်ရှားလှပါပေသည်။
အကယ်၍
လူတွေအကုန်လုံးက အဗြဟ္မစရိယမှ ကြဉ်ရှောင်နေကြမည်ဆိုလျှင် လူဖြစ်ဖို့ ကံရှိနေသော သူတို့သည်လည်း လူ့ဘဝကို ရောက်ရတော့မည် မဟုတ်၊ ကိလေသာနှင့် အကုသိုလ်ကံအားလျော်စွာ အပါယ်ဘုံမှာ ဖြစ်ဖို့သာ များလေတော့မည်။ ထို့ကြောင့် ဆရာတော်ဘုရားကြီးက ဤ၌ ထုတ်ပြခဲ့သော အဆိုပါ စကားကို မိန့်တော်မူပေသည်။
၄-ဘာရနိက္ခေပန= ဝန်ထုပ်ကို ပစ်ချခြင်း
ခန္ဓာဝန်ထုပ်ကြီးကို
ပစ်ချခြင်းဟူသည်မှာ ဘဝသစ်ခန္ဓာ ဖြစ်စေတတ်သော တဏှာကို ပယ်စွန့်ခြင်းပင် ဖြစ်ကြောင်း ဗုဒ္ဓမြတ်စွာဘုရားက အထင်အရှား ဟောကြားတော်မူခဲ့ပေသည်။ ထိုအရာ၌လည်း ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးက အလွန်အမြတ်ဆုံးကို ယူရသည့် ဥက္ကဋ္ဌနည်းအားဖြင့် တဏှာကို အရဟတ္တမဂ်ဖြင့် ပယ်ခြင်း ဖြစ်ကြောင်း၊ လျှော့၍ ရသင့်သမျှကို ယူရသည့် သြမက နည်းအားဖြင့် အောက်မဂ်သုံးပါးဖြင့် ပယ်ခြင်းနှင့် ဝိပဿနာဖြင့် ပယ်ခြင်းများလည်း ဝန်ထုပ်ကိုချခြင်း ဖြစ်ကြောင်းများကို ပြပြီးလျှင် ပါဠိအဋ္ဌကထာ ဋီကာတို့၌ လာသော ပဋီပဒါနည်း စံနစ်များကို ယောဂီတို့၏ ကိုယ်တွေ့ဉာဏ်မြင်များနှင့် နှီးနှော၍ အကျယ်ရှင်းလင်း ဖော်ပြသွားတော် မူပေသည်။
အချုပ်အားဖြင့်
ဤ ဘာရသုတ္တန်
တရားတော်ကြီး၌ ဟောပြထားပုံများကို အသီးအသီး ထုတ်၍ ချီးမွမ်း ဖော်ပြနေမည်ဆိုလျှင် ဤတရားတော်ကြီးထက် အဆပေါင်းများစွာ ကျယ်ပြန့်လာဘွယ် ရှိပါသည်။ သို့ဖြစ်၍ ဤတရားတော်ကြီးကို မိမိတို့ကိုယ်တိုင်ပင် စေ့စေ့စပ်စပ် ဖတ်ရှုပြီးလျှင် လေးလေးနက်နက် ဉာဏ်သက်၍ သုံးသပ် ဆင်ခြင်ကြစေလိုပါသည်။
ထိုသို့
ဖတ်ရှု ဆင်ခြင်ပြီးလျှင် မိမိတို့၏ ခန္ဓာဝန်ထုပ်ကြီးကို ငြီးငွေ့ ရွံမုန်းကာ ယင်းခန္ဓာဝန်ထုပ်ကြီးကို ပစ်ချနိုင်အောင် ဝိပဿနာ ဘာဝနာအလုပ်ကို တကယ်တမ်း အားထုတ်ကြ၍ ခန္ဓာဝန်ထုပ်ကြီးကို အပြီးတိုင် ပစ်ချ စွန့်ပယ်ရာဖြစ်သော နိဗ္ဗာန်စခန်းသို့ လျင်မြန်စွာ တက်လှမ်း ဆိုက်ရောက်ကြပါစေ ကုန်သတည်း။
အရှင်အာစိက္ခဏ
နာယက ကမ္မဋ္ဌာနစရိယဆရာတော်
သာသနဓဇသိရီပဝရဓမ္မာစရိယ
သဒ္ဓမ္မသီတဂူသာသနာ့ရိပ်သာ
ပုသိမ်မြို့။
သသနာတော်နှစ်
၂၅၁၂-ခု
မြန်မာသက္ကရာဇ်
၁၃၃၀-ခု၊
နတ်တော်လဆန်း (၈)ရက်။