ပုရာဘေဒသုတ်တရားတော်

Author By - မဟာစည်ဆရာတော်ဘုရားကြီး

ဤပုရာဘေဒသုတ်သည် ပညာလွန်ကဲသော ဗုဒ္ဓိစရိုက်ရှိသူ နတ်ဗြဟ္မာတို့အတွက် ဟောထားသော သုတ်ဖြစ်သောကြောင့်

ပုရာဘေဒသုတ်တရားတော်

Published Date - 1967

Author By - မဟာစည်ဆရာတော်ဘုရားကြီး

253 စာမျက်နှာ


နိဒါန်း 

ပုရာဘေဒမည်သော ဤသုတ်တရားတော် ဖြစ်ပေါ်လာခဲ့ပုံမှာ အကျဉ်းချုပ်အားဖြင့် ဤသို့ ဖြစ်ပါသည်။ မြတ်စွာဘုရားနှင့် ရဟန္တာ ငါးရာအခါတပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်မြို့အနီး ဟိမဝန္တာနှင့် တစပ်တည်းဖြစ်သော မဟာဝုန်တောကြီးအတွင်း၌ သီတင်းသုံးနေတော်မူခဲ့လေသည်။ ထိုစဉ်အခါ မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းယူ၍ ထိုမဟာဝုန်တောကြီးအတွင်း၌ပင် သစ်ပင်ရင်း တောင်ဝှမ်းစသော သင့်လျော်ရာ အရပ်တို့၌ အသီးအသီး တရားအားထုတ်ကြလျက် အရဟတ္တဖိုလ်သို့ ရောက်တော်မူပြီးခါစ ဖြစ်တော်မူကြသော သာကီဝင်မင်းသား ရဟန်းတော် ငါးရာတို့သည် မိမိတို့ ရရှိပြီးသော အရဟတ္တဖိုလ် တရားထူးကို လျှောက်ထားရန် မြတ်စွာဘုရားထံသို့ တပါးချင်းတပါးချင်း ဆက်ကာဆက်ကာ ရောက်ရှိလာကြပြီးလျှင် မြတ်စွာဘုရား၏ထံတော်ပါး၌ ရိုသေစွာ ထိုင်လျက်ရှိကြလေသည်။

မဟာသမယ-နတ်ဗြဟ္မာ အစည်းအဝေးကြီး

ထိုအခါ၌ တသောင်းသော စကြာဝဋ္ဌာတိုက်တို့မှ နတ် ဗြဟ္မာအပေါင်းတို့သည် အရဟတ္တဖိုလ်သို့ ရောက်ပြီးခါစဖြစ်သော ရဟန္တာငါးရာနှင့်တကွ မြတ်စွာဘုရားကိုဖူးမြော်ရန် မြတ်စွာဘုရားထံသို့ လာရောက်ကြရာ မဟာဝုန်တော ပတ်ဝန်းကျင်မှစ၍ ဤစကြာဝဠာတိုက်တခုလုံး အနှံ့အပြား ပြည့်နှက်လျက် နတ်ဗြဟ္မာတို့၏ ကြီးစွာသော (မဟာသမယ) ခေါ် အစည်းအဝေးကြီးသည် မဘိတ်မခေါ် မနှိုးဆော်ရဘဲ ဖြစ်မြဲ ဓမ္မတာအားဖြင့် အလိုအလျောက် ဖြစ်ပေါ်လာခဲ့လေသည်။

ကျွတ်ထိုက်သူနှင့် မကျွတ်ထိုက်သူ

ဤသို့ကြီးကျယ်လှစွာသော နတ်ဗြဟ္မာအစည်းအဝေးကြီးအလယ်၌ ရောင်ခြည်တော်ခြောက်သွယ်တို့ဖြင့် တင့်တယ်စွာ စံနေတော်မူသော မြတ်စွာဘုရားသည် ကိုယ်တော်တိုင်လည်း ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးဖြူစင်တော်မူသည့်ပြင် ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးဖြူစင်တော်မူကြသော အရဟတ္တဖိုလ်သို့ ရောက်ပြီးခါစ ရဟန္တာ ငါးရာတို့ဖြင့်လည်း ခြံရံအပ်သည်ဖြစ်၍ အလွန့်အလွန်ပင် ကြည်ညိုဘွယ်ရှိလှပါပေသည်။ ထိုအခါမြတ်စွာဘုရားသည် ကုဋေပေါင်းအရာအထောင်တို့ဖြင့်သော်လည်း မရေမတွက်နိုင်အောင် များပြားလှစွာသော ထိုနတ်ဗြဟ္မာတို့ကို ဣန္ဒြိယပရော-ပရိယတ္တိ (သဒ္ဓါစသော ဣန္ဒြေတို့၏ အနုအရင့်ကို သိသော) ဉာဏ်, အာသယာနုသယ (စိတ်၏ ကိန်းဝပ်တည်ရာအလို အာသယနှင့် ဖြစ်ခွင့်ရှိသော အနုသယတို့ကို သိသော) ဉာဏ်ဟူသော (ဗုဒ္ဓစက္ခု) ခေါ် ဘုရားရှင်တို့၏ ဉာဏ်မျက်စိတို့ဖြင့် ကြည့်ရှုတော်မူပြီးလျှင် ကျွတ်ထိုက်သူနှင့် မကျွတ်ထိုက်သူအားဖြင့် နှစ်စုနှစ်ပုံ ခွဲခြားတော်မူလေသည်။

စရိုက် -ပါးနှင့် ဒေသနာ -ပါး

ကျွတ်ထိုက်သော နတ်ဗြဟ္မာအစုအပုံထဲမှလည်း-

() ရာဂစရိတ-ရာဂများသောသူ တစု၊

() ဒေါသစရိတ-ဒေါသများသောသူ တစု၊

() မောဟစရိတ-မောဟများသောသူ တစု၊

() ဝိတက္ကစရိတ-ဝိတက်များသောသူ တစု၊

() သဒ္ဓါစရိတ-သဒ္ဓါများသောသူ တစု၊

() ဗုဒ္ဓိစရိတ-ပညာများသောသူ တစု-ဟူ၍ စရိုက်အပြားအားဖြင့် ခြောက်စုခြောက်ပုံ ခွဲခြားတော် မူပြန် လေသည်၊ ထိုခြောက်စု ခြောက်ပုံတို့တွင်-

() ရာဂများသောသူတို့အတွက် သမ္မာပရိဗ္ဗာဇနီယ သုတ်ကိုဟောရန်၊

() ဒေါသများသော သူတို့အတွက် ကလဟဝိဝါဒသုတ်ကို ဟောရန်၊

() မောဟများသော သူတို့အတွက် မဟာဗျူဟသုတ်ကို ဟောရန်၊

() ဝိတက်များသော သူတို့အတွက် စူဠဗျူဟ သုတ်ကို ဟောရန်၊

 () သဒ္ဓါများသော သူတို့အတွက် တုဝဋကသုတ်ကို ဟောရန်၊

() ပညာများသော သူတို့အတွက် ပုရာဘေဒသုတ်ကို ဟောရန် ပိုင်းခြားသတ်မှတ်တော်မူခဲ့လေသည်။

ပုစ္ဆာဝသိက ဒေသနာ ထိုသို့ သတ်မှတ်တော်မူပြီးလျှင်-

() အတ္တဇ္ဈာသယ-မိမိ အလိုတော်ဖြင့် ဟောသော ဒေသနာ။

() ပရဇ္ဈာသယ-တရားနာ ပုဂ္ဂိုလ်ဟူသော သူတပါးအလိုဖြင့် ဟောသောဒေသနာ၊

() အတ္ထုပ္ပတ္တိက-ဖြစ်ပေါ်လာသော အကြောင်းအားလျော်စွာ ဟောသောဒေသနာ၊

() ပုစ္ဆာဝသိက - အမေးပုစ္ဆာ အားလျော်စွာ ဟောသော ဒေသနာ-ဟူသော ဤဒေသနာ - မျိုးတို့တွင် ပုစ္ဆာဝသိက ဒေသနာဖြင့်သာလျှင် ထိုနတ်ဗြဟ္မာတို့ သစ္စာ -ပါးသိမြင်၍ ကျွတ်တမ်းဝင်နိုင် ကြမည်ကို မြင်တော်မူလေသည်။

နိမ္မိတရုပ်ပွါးတော် ဖန်ဆင်းခြင်း

ထိုသို့ မြင်တော်မူသဖြင့် ထိုနတ်ဗြဟ္မာတို့၏ အလို အဇ္ဈာသယ အားလျော်စွာ မေးမြန်းနိုင်မည့်ပုဂ္ဂိုလ်ကို ကြည့်ရှု ဆင်ခြင်တော်မူသောအခါ ထိုသို့သောပုဂ္ဂိုလ်ကို အနန္တလောကဓာတ်တို့၌ တဦးတယောက်ကိုမျှ မမြင်တော်မူသောကြောင့် ကိုယ်တော်နှင့် ပုံတူဖြစ်သော နိမ္မိတဘုရားတဆူကို ဈာန် အဘိညာဉ်တန်ခိုးတော်အစွမ်းဖြင့် ဖန်ဆင်းတော်မူရလေသည်။

ထိုသို့ဖန်ဆင်းအပ်သော နိမ္မိတရုပ်ပွားပုံတူဘုရားသည် အရှေ့လောကဓာတ် ကောင်းကင်အရပ်မှ ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာနှင့် ကြွလာတော်မူပြီးလျှင် သက်တော်ထင်ရှား ပကတိ မြတ်စွာဘုရား၏ ရှေ့မျက်မှောက်၌ တင့်တယ်စွာ ထိုင်နေတော်မူလျက် သမ္မာပရိဗ္ဗာဇနီယသုတ် စသည်တို့နှင့် စပ်ဆိုင်သော မေးခွန်း ပြဿနာတို့ကို မြတ်စွာဘုရား၏ အလိုတော်ကျ မေးတော်မူလေသည်။ ထိုမေးခွန်း ပြဿနာတို့ကို ပကတိ မြတ်စွာဘုရားက ဖြေကြားတော်မူခဲ့ပေသည်။

ထိုစဉ်အခါက ကြားနာနေကြသော နတ်ဗြဟ္မာအပေါင်းတို့သည် အခြားစကြာဝဠာမှ ကြွလာသော ဘုရားတဆူကမေး၍ မိမိတို့၏ မြတ်စွာဘုရားက ဖြေကြားတော်မူသည်ဟု အာရုံပြုကာ အားရတက်ကြွစွာနှင့် နာယူကြလျက် အသင်္ချေပေါင်းများစွာပင် အရိယ မဂ်ဖိုလ်တရားထူးကို ရရှိကြလေသည်။

ပုရာဘေဒသုတ်

ထိုသို့ မေးဖြေသောအားဖြင့် ဟောကြားသော -သုတ်တို့တွင် ဤပုရာဘေဒသုတ်ကို ပညာလွန်ကဲ၍ ပညာများသော ဗုဒ္ဓိစရိုက်ရှိသူတို့အတွက် နိမ္မိတဘုရားက- “ကထံ ဒဿီ ကထံ သီလော၊ ဥပသန္တောတိ ဝုစ္စတိစသည်ဖြင့် မေး၍ သက်တော်ထင်ရှား ပကတိ မြတ်စွာဘုရားက ဝီတတဏှော ပုရာဘေဒါစသည်ဖြင့် ဖြေကြားတော်မူလေသည်။

နက်နဲလှပါပေသည်

ဤပုရာဘေဒသုတ်သည် ပညာလွန်ကဲသော ဗုဒ္ဓိစရိုက်ရှိသူ နတ်ဗြဟ္မာတို့အတွက် ဟောထားသော သုတ်ဖြစ်သောကြောင့် သာမန်လူသား ပုဂ္ဂိုလ်တို့မှာ ပါဌ်လျှောက် အနက်အဓိပ္ပါယ်မျှကိုပင်ဖွင့်ပြရန် မလွယ်ကူဘဲ အလွန်ပင်နက်နဲလှပါပေသည်၊ ပဋိပတ်လုပ်ငန်းစဉ် ပေါ်လွင်ထင်ရှားအောင် ဒေသနာနယသဘာဝဖြင့် ဖွင့်ပြဟောပြောရန် မလွယ်ကူဘဲ နက်နဲသည်မှာ ဆိုဘွယ်ပင်မရှိ ဖြစ်ပါတော့သည်။

သို့ပင် နက်နဲလှငြားသော်လည်း နက်နဲသော ဒေသနာကို အများသော ရဟန်းရှင်လူတို့အား အလွယ်တကူနှင့် သိနားလည်စေလိုသော သမ္မာဆန္ဒ ပြင်းပြထက်သန်တော်မူသော ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီးသည် ဤပုရာဘေဒသုတ် တရားတော်ကြီးကို အဋ္ဌကထာဋီကာစသော သံဝဏ္ဏနာနည်းအမျိုးမျိုးတို့ဖြင့်၎င်း, ကြွယ်ဝများပြားသော မြန်မာဝေါဟာရနှင့် ဥပမာတို့ဖြင့်၎င်း တန်ဆာဆင်လျက် အနက် အဓိပ္ပါယ် ပေါ်လွင်ထင်ရှားအောင် ဟောကြား ဖွင့်ပြတော်မူခဲ့ပါပေသည်။

ဤပုံဤနှယ် ဖွင့်ပြထားသည်

ထိုသို့ဟောကြားဖွင့်ပြရာ၌ မည်သို့နက်နဲ၍ မည်သို့ပေါ်လွင် ထင်ရှားစေသည်ကို ဝီတတဏှော ပုရာဘေဒါဟူသော အပိုဒ်တခု၏ အဖွင့်မျှဖြင့်ပင် သိမြင်သဘောပေါက်နိုင်ပါသည်။ ထိုအပိုဒ်၌ သဒ္ဒါနက်အားဖြင့် ခန္ဓာပျက်ကြွေ သေသည်မှ ရှေးဦးစွာ (ဝါ) မသေမီ တဏှာကင်းသော သူကို (ဥပသန္တ) ငြိမ်းအေးသောသူ ခေါ်သည်ဟု ဤမျှသာအနက် အဓိပ္ပါယ်ရပေသည်။ သို့သော် မြတ်စွာဘုရား၏ အလိုတော်သည်ကား ဤမျှသာမဟုတ်ပေ၊ ထိုစဉ်ကာလက တရားနာလျက်ရှိကြသော ဗုဒ္ဓိစရိုက်ရှိသူ နတ်ဗြဟ္မာတို့သည်လည်း ဤမျှသာ နားလည်ကြသည် မဟုတ်ပေ။ အမှန်အားဖြင့်မူ ထိုသို့ တဏှာကင်းအောင် သီလကို ဘယ်ပုံ ဘယ်နည်း ကျင့်ရမည်၊ သမာဓိနှင့် ပညာကို ဘယ်ပုံ ဘယ်နည်း ကျင့်ရမည်၊ ထိုအကျင့်တရားသည် သန္ဒိဋ္ဌိကစသောဂုဏ်တို့နှင့် ပြည့်စုံသောကြောင့် မသေခင်မျက်မှောက်ဘဝမှာပင် တဏှာကင်းခြင်းဟူသော အကျိုးကို ရစေနိုင်သည်ဤသို့စသည်ဖြင့် ကျယ်ဝန်းသော အနက်အဓိပ္ပါယ်များကိုလည်း မြတ်စွာဘုရားက သိစေလိုတော်မူပါသည်၊ ထိုဗုဒ္ဓိစရိုက်ရှိသော နတ်ဗြဟ္မာတို့သည်လည်း ထိုသို့သော အနက်အဓိပ္ပါယ်ကို သိမြင်သဘောပေါက်ကြ ပါသည်၊ ထိုကြောင့်ပင် ထိုဒေသနာကို ကြားနာစဉ်မှာပင် သီလ သမာဓိ ပညာတို့ကို ပြည့်စုံစေ၍ ကုဋေတသိန်းမျှသော နတ် ဗြဟ္မာတို့ အရဟတ္တဖိုလ်သို့ရောက်ကြ၍ မရေမတွက်နိုင်သော နတ် ဗြဟ္မာတို့လည်း သောတာပတ္တိဖိုလ် စသည်သို့ ရောက်ကြပေသည်။ ထိုသို့ သိစေလိုတော်မူသော အနက်အဓိပ္ပါယ် အကျယ်ကို ဤပုရာဘေဒသုတ် တရားတော်ကြီး၌ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကဟောကြား ဖွင့်ပြထားသည်ကို ထင်ရှားတွေ့ကြရပါလိမ့်မည်။

အထပ်ထပ်ဟောခြင်းအကြောင်း

တဏှာကင်းလျှင် ဥပသန္တပုဂ္ဂိုလ်မည်သည်ဟု ဤမျှသောစကားဖြင့်ပင် မေးခွန်းပြဿနာကို ဖြေဆိုခြင်းကိစ္စပြီးလောက်ပြီ ဖြစ်ပါလျက် ပုဗ္ဗမန္တမနိဿိတော-စသည်ကို အဘယ်ကြောင့်ထပ်၍ ဟောရပါသနည်းစသည်ဖြင့် မေးမြန်း စိစစ်ဖွယ်ရှိသောကြောင့် ထိုသို့သော အချက်များကိုလည်း ဤပုရာဘေဒသုတ်တရားတော်ကြီး၌ အားလုံးပင် ကျေနပ်လောက်အောင် ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားက ဖြေရှင်းထားပေသည်။

စာရင်းမဝင်အောင် ကျင့်ပုံ

ဝေမဇ္ဈေ နုပသင်္ခေယျော-ဟူသော အပိုဒ်၌ သဒ္ဒါနက်အားဖြင့် အလယ်ပိုင်း (ပစ္စုပ္ပန်ရုပ်နာမ်) (တပ်မက်သူစသည်ဖြင့်) မရေတွက်အပ်သောသူဟု ဤမျှသာ အနက်အဓိပ္ပါယ်ရသည်။ သဘောပေါက်ရန် ခက်စွ။ ထိုအရာ၌လည်း ဖြစ်ခိုက်ရုပ်နာမ်ကို ရှုသောအားဖြင့် (ရတ္တ-တပ်မက်သူ၊ ဒုဋ္ဌ-ပြစ်မှားစိတ်ဆိုးသူ စသည်ဖြင့် စာရင်းမဝင်တော့ဘဲ စာရင်းရှင်းသွားပုံ, စာရင်းပျောက်သွားပုံ စသည်ကို ပုရာဘေဒသုတ် တရားတော်ကြီး၌ အကျယ်တဝင့် ဖွင့်ပြထားသည်မှာ မှတ်သားဘွယ် ကောင်းလှပါပေသည်။

လျစ်လျူထင်ပုံ

ဥပေက္ခကော သဒါ သတော-ဟူသော ဂါထာကို ရှုမှတ်အစဉ် လျစ်လျုထင်၍စသည်ဖြင့် မြန်မာပြန်ကာ ဆောင်ပုဒ်ပြု၍ သင်္ခါရုပေက္ခာဉာဏ်တိုင်အောင် သတိဖြင့်အစဉ်အတိုင်း ရှုမှတ်သွားပုံ, ဉာဏ်စဉ်တက်သွားပုံများနှင့် လျစ်လျူရှုနိုင်ပုံများကို အထင်အရှား ဖော်ပြထားသည်မှာ ဝိပဿနာကို သဘာဝကျကျ အားထုတ်ဘူးသူတို့မှာ မိမိတို့၏ အတွေ့နှင့်တိုက်ဆိုင်၍ အားရဝမ်းမြောက်ဖွယ် ကောင်းသည့်ပြင် ဝိပဿနာအလုပ်ကို တကယ်အားထုတ်လိုသော ပုဂ္ဂိုလ်တို့အတွက်လည်း အားကိုးဘွယ် နည်းယူဘွယ် ကောင်းလှပါပေသည်။

ဤသို့စသည်ဖြင့် ဤပုရာဘေဒသုတ် တရားတော်ကြီး၌ ထူးခြားသော မှတ်သားဘွယ်တို့ကို၎င်း, မဂ်ဖိုလ်ဉာဏ်ပေါက် တကယ်ရောက်အောင် အားထုတ်လိုသော သူတော်စင်တို့အတွက် ရှုမှတ်ကျင့်သုံးဘွယ် နည်းလမ်းတို့ကို၎င်း တခုပြီး တခုဆင့်ကာဆင့်ကာ ဖွင့်ပြသွားသည်ကို စာရှုသူတို့ တွေ့မြင်ကြရပါလိမ့်မည်။

ကျမ်းစာအုပ်အဖြစ်သို့ ရောက်လာပုံ

ဤမျှဖြင့်ပင် ဤပုရာဘေဒသုတ် တရားတော်ကြီး၏ ထူးခြားသော ဂုဏ်တို့ကို ရိပ်မိလောက်ပြီ ဖြစ်သောကြောင့် ဤတရားတော်ကြီး ကျမ်းစာအုပ်အဖြစ်သို့ ရောက်လာပုံကို ဖော်ပြပါတော့မည်။

သို့ရာတွင် ဤပုရာဘေဒသုတ် တရားတော်ကြီး ကျမ်းစာအုပ်အဖြစ်သို့ ရောက်လာပုံကို ဤနိဒါန်း စာရေးသူကအထူး ဖော်ပြရန်ပင် မလိုတော့ပါ။ အကြောင်းမူကား-ရန်ကုန်မြို့ ပန်းတနော်လမ်း၊ အမှတ် (၂၅) ဓမ္မဗျူဟာ စာစောင်တိုက်မှ ထုတ်ဝေသော ဓမ္မဗျူဟာစာစောင် အတွဲ () အမှတ်-၉၊ စာမျက်နှာ () သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယဖြစ်သော ဦးသံဝရ အရှင်မြတ်က အောက်ပါအတိုင်း ဖော်ပြထားပြီး ရှိသောကြောင့် ဖြစ်ပါသည်။

ဓမ္မဗျူဟာ၌ ဖော်ပြချက်

ကျေးဇူးရှင် ဖြစ်တော်မူသော မဟာစည် ဆရာတော်ဘုရားကြီးသည် ၁၃၀ဝ-ပြည့်နှစ်မှစ၍ ရွှေဘိုမြို့ ဆိပ်ခွန်ရွာ မဟာစည်ကျောင်းတိုက်၌ သီတင်းသုံးလျက် မဟာသတိပဋ္ဌာန သုတ္တန်ဒေသနာတော်ကြီးကို မူရင်းပဓာနပြု၍ ဝိပဿနာလုပ်ငန်းတရားတော်ကို လက်တွေ့ထင်ရှားအောင် ဟောကြား ညွွှန်ပြတော်မူခဲ့ပေသည်။ ထိုသို့ ဟောကြား ညွှန်ပြနေစဉ်မှာပင် ရန်ကုန်မြို့ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီး၏ ပင့်လျှောက်ချက်အရဖြင့် ရန်ကုန်မြို့ သာသနာ့ရိပ်သာသို့ ကြွရောက်တော်မူကာ ၁၃၁၁-ခုနှစ် နတ်တော်လပြည့်နေ့မှစ၍ ဝိပဿနာလုပ်ငန်း တရားတော်များကို တလလေးသီတင်း မှန်မှန်ဟောကြား ညွှန်ပြတော်မူခဲ့သည်မှာ ယခု ၁၃၂၇-ခုနှစ်တိုင် ရောက်သဖြင့် ၁၆-နှစ်ကျော်ခဲ့လေပြီ။

ထိုသို့ဟောကြားညွှန်ပြတော်မူရာတွင် ဝိပဿနာလုပ်ငန်းဆိုင်ရာ တရားတော်ကြီးများကို သုတ္တန်တခုခု မူတည်၍ ဟောဖော်ညွှန်ပြတော်မူလေ့ရှိပါသည်။ ထိုသို့ဟောတော်မူခဲ့သော တရားတော်ကြီးများထဲတွင် အလွန်ကြားနာရခဲသော ပုရာဘေဒသုတ္တန်တရားတော်ကြီးကို ၁၃၂၂-ခု ဝါဆိုလကွယ်နေ့မှစ၍ သုံးသီတင်းတိုင်တိုင် ဆက်ပြီးဟောကြားတော် မူခဲ့ပါသည်။

ထိုတရားတော်ကြီးသည် အနက်အဓိပ္ပါယ်အားဖြင့် အလွန်ခက်ခဲနက်နဲသော်လည်း အများနည်းလည် လွယ်သော စကားအသုံးအနှုန်း ထင်ရှားပေါ်လွင်သော ဥပမာတို့ဖြင့် တန်းဆာဆင်၍ ဟောကြားတော်မူသောကြောင့် ကြားနာရသော ရဟန်းရှင် လူ သူတော်စင် အပေါင်းတို့သည် နှစ်ထောင်းအားရ သဘောကျလျက် ဝမ်းမြောက်ခြင်း ပီတိပါမောဇ္ဇ ဖြစ်ကြရပါသည်။

တကြိမ်တခါ ကြားနာရုံမျှဖြင့် အားရတင်းတိမ်ခြင်းမရှိဘဲ အကြိမ်ကြိမ် ကြားနာမှတ်သားနိုင်ရန် အလို့ငှါ အချို့သော ဒါယကာတို့က ထိုသို့ဟောစဉ်ကပင် အသံဖမ်းစက်ဖြင့် ဖမ်းယူအသံသွင်းထားသောကြောင့် ထိုတရားတော်ကြီးကို ဦးပဉ္စင်းတို့လည်း နာကြားရပြန်သဖြင့် ဝမ်းမြောက်ကြည်နူး အထူးနှစ်သက်သဘောကျပြီးလျှင် ထိုပုရာဘေဒသုတ် တရားတော်ကြီးကို မိမိကဲ့သို့ပင် အများသော သူတော်စင်တို့အားလည်း နာကြားစေချင်သော သဒ္ဓါဆန္ဒ က်ကြွသော ဓမ္မဒါန ပြုလိုသော စိတ်စေတနာများ တဖွားဖွားဖြစ်ပေါ်ခဲ့ပါသည်။

ထိုသို့ ဓမ္မဒါနြုပလိုသော စိတ်စေတနာပေါ်နေဆဲတွင် ဓမ္မဗျူဟာစာစောင်တိုက်မှ ဆရာတော် ဘုရားကြီး၏ တရားတော်များကို သူတို့၏စာစောင်၌ ထည့်သွင်း၍ တိုင်းပြည်သို့ဖြန့်ဝေကာ ဓမ္မဒါနပြုလိုပါကြောင်းဖြင့် လျှောက်ထားသောကြောင့် စာအုပ်အဖြစ် မရိုက်ရသေးသော ဤပုရာဘေဒသုတ် တရားတော်ကြီးကို တိတ်ခွေမှတဆင့် ထုတ်ယူရေးကူးလျက် ကျေးဇူးပြုလိုက်ရပါသည်။

 

ဦးသံဝရ

သာသနာ့ရိပ်သာ၊ ရန်ကုန်မြို့။

 

အထက်ပါအတိုင်း ပလ္လင်ခံ၍ ဓမ္မဗျူဟာစာစောင်မှ တပိုင်းချင်း တပိုင်းချင်း အလီလီ ဖော်ပြထားသော ဤပုရာဘေဒသုတ် တရားတော်ကြီးကို ဖတ်ရှုကြရသော ဓမ္မမာမက ဖြစ်သူ ရဟန်းရှင်လူများစွာတို့သည် ပြတ်တောင်း ပြတ်တောင်းနှင့် ဆက်စပ်၍ ဖတ်ရှုကြရသည်ကို အားမရနိုင်ဘဲ စာအုပ်အဖြစ်ဖြင့် တလုံးတည်း, တဆက်တည်း ဖတ်ရှုရန် ထက်သန်ပြင်းပြသော အလိုဆန္ဒ ဖြစ်ပေါ်လာကြပါသည်။ ထို့ကြောင့် များစွာသော ရဟန်းရှင်လူတို့၏ အလိုဆန္ဒပြည့်ဝစေရန်အလို့ငှါ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ခွင့်ပြုချက်အရဖြင့် ရန်ကုန်မြို့ သာသနာ့ရိပ်သာ ဓမ္မဒေသနာ ဖြန့်ချိရေးစာပေတိုက်မှ အဆိုပါ ပုရာဘေဒသုတ် တရားတော်ကြီးကို စာအုပ်အဖြစ်သို့ ရောက်အောင် ရွက်ဆောင်ပုံနှိပ်၍ ဖြန့်ချိလိုက်ခြင်းဖြစ်ပေသည်။

စာရှုသူတို့ အလိုဆန္ဒပြည့်ဝ၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာနှင့် မသေပျက်ခင် တဏှာစင်သော ဥပသန္တပုဂ္ဂိုလ်အဖြစ်သို့ ရောက်အောင်ကျင့်ဆောင်ပွားများ ကြိုးစားအားထုတ်နိုင်ကြပါစေသောဝ်။


ဦးဇောတိပါလ

နာယကဆရာတော်

ကြခတ်ဝိုင်းကျောင်းတိုက်၊ ပဲခူးမြို့။

၁၃၂၈-ခုနှစ်။

တပေါင်းလဆုတ် (၁၅)ရက်။