ဝိပဿနာရှုနည်းကျမ်း(ပထမ)တွဲ
Author By - မဟာစည်ဆရာတော်ဘုရားကြီး
မမေ့ခြင်း - အမှတ်ရခြင်းသည် မသေရခြင်း၏ အကြောင်းတည်း။ မေ့ခြင်း - အမှတ်မရခြင်းသည် သေရခြင်း၏ အကြောင်းပေတည်း။
ဝိပဿနာရှုနည်းကျမ်း(ပထမ)တွဲ
Published Date - 1944
Author By - မဟာစည်ဆရာတော်ဘုရားကြီး
447 စာမျက်နှာ
နိဒါန်း
အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ ၁
မမေ့ခြင်း - အမှတ်ရခြင်းသည် မသေရခြင်း၏ အကြောင်းတည်း။
မေ့ခြင်း - အမှတ်မရခြင်းသည် သေရခြင်း၏ အကြောင်းပေတည်း။
ဤဘုရား မိန့်ခွန်းတော်ကို
ယုံကြည်သောသူတိုင်းပင်၊ သေခြင်းကင်းလိုလျှင် သေရမည်ကိုကြောက်လျှင်၊ မမေ့မူ - အမှတ်ရမှု - သတိ တည်းဟူသော အပ္ပမာဒတရားကို အလေးအမြတ်ပြု၍ ပွားစေထိုက်လှပါပေ၏။
ဤအပ္ပမာဒကို ပွားစေလျှင်
“ဟန္ဒ ၊ ဒါနိ ဘိက္ခဝေ ၊ အာမန္တယာမိ ဝေါ၊ ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ ၂ - ရဟန်းတို့၊ ဟော ၊ ယခု ဆရာဘုရားက သင်တို့အား မှာထားအမိန့်ရှိခဲ့မည်။ သင်္ခါရတို့သည် ပျက်ကြသည် ချည်းပင်၊ မမေ့မှု- အမှတ်ရမှု-သတိဖြင့် သီလ,သမာဓိ,ပညာကို ပြီးစေရစ်ကြရမည်”ဟု
နောက်ဆုံး မိန့်မှာခဲ့သော ဤအဆုံးအမတော်ကိုလည်း
ရိုသေလိုက်နာရာရောက်၏။ သို့ဖြစ်၍ ပရိနိဗ္ဗာန်ပြုတော်မူခါနီး ဆဲဆဲ၌ ပိဋကတ်သုံးပုံ၏ လိုရင်းအတိုချုပ် အနေအားဖြင့် မှာထားတော်မူချက်ကို ရိုသေလိုက်နာလိုသော သူတိုင်းပင် ဤအပ္ပမာဒတရားကို အလေးအမြတ်ပြု၍ ပွားစေထိုက်လှပါပေ၏။
ဤမျှသာမကသေး
အပ္ပမာဒနှင့် သတိပဋ္ဌာန်သည် အမှတ်ရမှု- သတိ၏အမည်ချည်းဖြစ်သောကြောင့်၊ အနက်သဘောအား ဖြင့် အတူတူသာတည်း၊ ထို့ကြောင့် အပ္ပမာဒကို ပွားစေသောသူသည်
“ယေသံ ကေသဉ္ဇိ ဘိက္ခဝေ၊ စတ္တာရော သတိပဋ္ဌာန အာရဒ္ဓါ၊ အာရဒ္ဓေါ တေသံ အရိယော အဋ္ဌင်္ဂီကော မဂ္ဂေါ သမ္မာ ဒုက္ခက္ခယဂါမီ ၃ - ရဟန်းတို့၊ သတိပဋ္ဌာန် (၄)ပါးကို ပွားများပြီးစီးစေသောသူသည်။ ဆင်းရဲ အမှန်ကုန်ရာသို့ ဆိုက်ရောက်သော အဋ္ဌင်္ဂိက အရိယမဂ်ကို ပြီးစေအပ်ပြီ”ဟူသော
ဤမိန့်ခွန်းတော်နှင့်အညီ၊ မဂ် ဖိုလ် နိဗ္ဗာန်ကိုလည်း ရနိုင်၏။ သို့ဖြစ်၍ မဂ် ဖိုလ် နိဗ္ဗာန်ကို ရလိုသောသူသည်၊ ဆုတောင်းရုံမျှဖြင့် အားရကျေနပ်၍ မနေသင့်၊ အပ္ပမာဒ - သတိပဋ္ဌာန်လုပ်ငန်းကို ပြီးစီးအောင်သာ လျင်မြန်စွာ အားထုတ်သင့်ပေ၏။
ဤမျှသာမကသေး
“စတုန္နံ ခေါ ဗြဟ္မဏ၊ သတိပဋ္ဌာနာနံ ဘာဝိတတ္တာ ဗဟုလီကတတ္တာ တထာ ဂတေ ပရိနိဗ္ဗုတေ သဒ္ဓမ္မော စိရဋ္ဌိတိကော ဟောတိ ၁ အို ပုဏ္ဏား သတိပဋ္ဌာန် (၄)ပါးကို ဆရာတပည့်အဆက်ဆက် ပွားစေခြင်း, များစွာ လေ့လာခြင်းကြောင့် သူတော်ကောင်းတရား တည်းဟူသော သာသနာတော်သည် ဘုရား ပရိနိဗ္ဗာန် စံပြီးသည့်နောက်ကာလ၌ ရှည်မြင့်စွာ တည်တံ့နိုင်ပေသည်”ဟူသော
ဤဖြေဆိုတော် မူချက်နှင့်အညီ, သတိပဋ္ဌာန်ကို ပွားစေသော သူသည် သာသနာတော်ကို အရှည်တည်အောင် ပြုစုနေရာလည်း ရောက်၏။ သို့ဖြစ်၍ ,သာသနာတော် အရှည်တည်တံ့ခြင်းကို
အလိုရှိသော သူတိုင်းပင် အပ္ပမာဒ - သတိပဋ္ဌာန်အလုပ်ကို
အားထုတ်သင့်လှပါပေ၏။
အပ္ပမာဒကို မပွားစေသောသူသည်ကား “ပြောင်းပြန် ပြအပ်သော မိန့်ခွန်းတော်များနှင့်အညီ”
အဖန်ဖန် သေ၍ သေ၍သာ နေရချေတော့မည်။ “သေခါနီး ဆဲဆဲတွင် အရေးတကြီး မှာခဲ့သော မိဘ၏စကားကို မနာယူသူကဲ့သို့” ဘုရားသခင်၏ နောက်ဆုံးမိန့်မှာချက်ကို မနာခံရာလည်းရောက်၏။ ရထိုက်သော မဂ် ဖိုလ် နိဗ္ဗာန်မှ ချော်လွဲအောင်ပြုရာလည်း ရောက်၏။ သာသနာကို တိုအောင် ပြုရာလည်း ရောက်၏။
ဘုရား ပရိနိဗ္ဗာန်စံတော်မူသည်မှ နောက်၌ အနှစ်တစ်ထောင်ကျော်တိုင်အောင် ဤ အပ္ပမာဒတရားကို ဗုဒ္ဓဘာသာဝင် လူ, ရှင်, ရဟန်းတို့ အထူးလေ့လာ ပွားစေခဲ့ကြသည်ဟူ၍၎င်း၊ ထိုပုဂ္ဂိုလ်မြတ်တို့၏ နှလုံးဓာတ်တို့၌ ဤအပ္ပမာဒတရား ကိန်းဝပ် ကွန့်မြူးခဲ့ပြီဟူ၍၎င်း၊ အဋ္ဌကထာ ဋီကာ ဒီပဝင် မဟာဝင် သာသနာဝင် စသောကျမ်းတို့ဖြင့် ထင်ရှား၏။ အကြောင်းကား ထိုကာလအတွင်းက အရိယာဖြစ်သူတို့၏ အကြောင်းအရာကို ထိုကျမ်းတို့၌ ပြဆိုထားသောကြောင့်ပေတည်း။ ထိုအနှစ်တစ်ထောင်ကျော်မှ နောက်ကာလ၌ကား ထိုသို့သောပြဆိုချက်ကို များစွာမတွေ့ရသောကြောင့် အပ္ပမာဒ အလုပ်ကို အားထုတ်သူနည်းပါးခဲ့သည်ဟု ယူဆဖွယ်ရှိ၏။ ကြာမြင့်စွာသော ကာလမှစ၍ အစဉ်အဆက် လေ့လာပွားစေမှုနည်းပါးခဲ့ကြသည့်အတွက် ဤ အပ္ပမာဒသတိပဋ္ဌာန်အားထုတ်နည်းကို ကျနစွာ သိရန်ပင် နောင်လာနောက်သားတို့မှာ မလွယ်ကူဘဲရှိခဲ့လေပြီ။ ဝမ်းနည်းဖွယ်ကောင်းလေစွ
သို့သော်လည်း “အ အပ္ပမာဒတရား လုံးဝကွယ်သွားပြီ” ဟူ၍ကား မမှတ်အပ်ပေ။ အတ္တဟိတ အစစ်အမှန်ကို ရှာမှီးလေ့ရှိသော
ပုဂ္ဂိုလ်မြတ်တို့၏
သန္တာန်၌ကား ဤအပ္ပမာဒသည် တည်လျက်ပင် ရှိခဲ့ပေသည်။ တည်ရှိပုံကို အနီးကာလအားဖြင့်
ဖော်ပြရလျှင် သီးလုံးတောရ ဆရာတော်ဘုရားကြီးသည်
ဤအပ္ပမာဒ ပဋိပတ်အရာ၌ နေ,လ အလားကဲ့သို့ ထင်ရှားတော်မူခဲ့လေပြီ။
တဆင့်ကြားသိရသည်မှာ
ရှိမ်းမကားရွာ၌ သိမ်သမုတ်ကိစ္စအတွက်
မန္တလေး စစ်ကိုင်း စသောဌာနများမှ ရာဇဂုရုတံဆိပ်ရ ဆရာတော်ကြီးများစွာတို့ စုဝေးမိကြရာတွင် လျှောက်ထားတောင်းပန်သောကြောင့် သီးလုံး ဆရာတော်ဘုရားကြီးက သံဃာ့ပရိသတ်အား တရားဟောပြ ဆုံးမတော်မူသတတ်၊ ဟောသော အခါမှာလည်း “မိမိ သဘောကျ နှလုံးသွင်း အားထုတ်သည့်အတိုင်း ဟောပါမည်”ဟု စကားပလ္လင်ခံပြီးလျှင် အနာဂါမိ မဂ် ဖိုလ် တိုင်အောင် ဝိပဿနာရှုပုံ၊ ဝိပဿနာဉာဏ်များဖြစ်ပုံ၊ မဂ် ဖိုလ် သို့ ရောက်ပုံ၊ ဖလသမာပတ်ဝင်စားပုံတို့ကို ကျနစွာ ဟောပြတော်မူသတတ်၊ ဟောအပ်သော ထိုတရားတော်သည် ကျမ်းဂန်တတ်ဖြစ်သော ထိုဆရာတော်ကြီးများပင် အံ့ဩလောက်အောင် နက်နဲ သိမ်မွေ့သတတ်။ ထို့ကြောင့် သင်္ဂဇာဆရာတော်က “ယခု အရှင်ဘုရား ဟောပြသည့်အတိုင်း ကျမ်းပြုစုတော်မူပါက အလွန်ကောင်းပါလိမ့်မည်”ဟု လျှောက်သတတ်၊ ထိုအခါ၌ ဆရာတော်ဘုရားကြီးက အမိန့်တော်ရှိသည်မှာ “ဦးအဂ္ဂရေ ၊ ဟောမှုကျင့်မှုကတော့ ကိုယ်သဘောကျသည့်အတိုင်း ပြုလုပ်နိုင်သည်။ ကျမ်းရေးသားလျှင်တော့ သူတစ်ပါးကျမ်းများနှင့် တူညီစေရသည်။ ငါတို့ရှိခိုက်မှာ နားလည်အောင်ဖြေပြနိုင်သော်လည်း ငါတို့က မကြာမီ သေသွားကြမည်။ ထိုအခါမှ ထူးသောအချက်၌ ငြင်းခုံမှု ဖြစ်ပွားနေရစ်ကြမည်ကို စိုးရိမ်ရသည်”ဟု မိန့်တော်မူသတတ်။ ရှေးဟောင်း အဋ္ဌုပ္ပတ္တိများကို မြဲမြံစွာ မှတ်သားလေ့ရှိသော ဆိပ်ခွန်ရွာ အင်ကြင်းတော၊ တိုက်သစ် ဆရာတော်ထံမှ မှတ်သားရဘူးသော တဆင့်ကြားစကားပေတည်း။
မှတ်ချက်။ အထက်ပါ တဆင့်ကြားစကားကို ထောက်ဆသောအားဖြင့် “သီးလုံးဆရာတော်ဘုရားကြီး သည် မိမိ၏ အားထုတ်ပုံအတိုင်း ကျမ်းဂန်မရေးခဲ့”ဟု ထင်ရှားသိရ၏။ ထိုသို့ မရေးခဲ့ခြင်းမှာလည်း “ထိုခေတ်ကာလက လိုက်နာမည့်၊ ပုဂ္ဂိုလ်နည်းပါးသောကြောင့်”ဟု ယူဆဖွယ်ရှိပေ၏။ “အားထုတ်ပုံနှင့် ကျမ်းဂန် မတူ” ဟူရာ၌လည်း အမည်ဝေါဟာရမျှကိုသာစွဲ၍ ဆိုသည်ဖြစ်ရာ၏။ သဘောအနက်အားဖြင့် ကား တူညီသည်ဟူ၍သာ ယူသင့်ပေသည်။
ဤသီးလုံးဆရာတော်ကြီး၏ တပည့်များစွာတို့တွင် တစ်ပါး အပါအဝင်ဖြစ်သော စစ်ကိုင်းတောင်ရိုး၊ အလယ်တောရ ဆရာတော်ကြီးသည် တစ်ပါးသော ကိစ္စ၌ ကြောင့်ကြမစိုက်မူ၍ အပ္ပမာဒပဋိပတ်၌သာ မွေ့လျော်တော်မူသတတ်။ ထိုဆရာတော်ကြီးထံမှ နည်းနိဿယကို မှတ်သားခံယူဘူးသော မင်းကွန်း၊ ဇေတဝန်ဆရာတော်ဘုရားကြီးသည် လွန်ခဲ့သော နှစ်ပေါင်း (၃၀)ကျော် ကာလမှစ၍ အပ္ပမာဒ သတိပဋ္ဌာန် လုပ်ငန်းတရားကို ပေါ်လွင်ထင်ရှားစွာ ဟောကြားညွှန်ပြခဲ့ပေ၏။ ယခုထက်တိုင် သထုံမြို့၊ ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံးလျက်ရှိတော်မူ၏။
ဤ ဇေတဝန် ဆရာတော်ဘုရားထံ၌
လေးလခန့် သီတင်းသုံးလျက် အပ္ပမာဒ ပဋိပတ်၏ နည်းနိဿယကို ခံယူဘူးသည် အားလျော်စွာ (ဤကျမ်းပြုပုဂ္ဂိုလ်) မော်လမြိုင်မြို့၊
တောင်ဝိုင်းကလေး၊
တိုက်ကျောင်း ဆရာတော်သည်လည်း အတ္တဟိတ အစစ်ကို ရှာမှီးလေ့ရှိသူတို့အား ဤအပ္ပမာဒဝိပဿနာလုပ်ငန်း တရားကို ဟောကြားတိုက်တွန်းခဲ့သည်မှာ နှစ်ပေါင်း အတန်ကြာခဲ့ပေပြီ၊ အထူးအားဖြင့်ကား ၁၃၀၀ ပြည့်နှစ်က သီတင်းသုံးမြဲဌာန မော်လမြိုင်မြို့မှ ရွှေဘိုမြို့၊ မိမိ၏ ဇာတိအရပ် ဆိပ်ခွန်ရွာသို့ ကြွလာပြီးလျှင် အင်ကြင်းတောတိုက်၊ မဟာစည်ကျောင်း၌ ၇ လခန့် သီတင်းသုံးလျက် ဤအပ္ပမာဒ ဝိပဿနာတရားကို အကျယ်ဟောကြားတော်မူခဲ့ပေ၏။ ထိုအခါက သမ္မာဆန္ဒရှိသူ လူများစွာတို့သည် ဆရာတော်၏ ညွှန်ပြချက်အတိုင်းလိုက်နာ၍ အားထုတ်စပြုခဲ့ကြရာ၊ တရားတော်၏ မွန်မြတ်သော အရသာကို ထိုက်သည်အားလျော်စွာ တွေ့မြင်ကြရသောကြောင့်၊ ဤအပ္ပမာဒလုပ်ငန်းကို လမ်းဟောင်း လမ်းမှန် အစစ်ဟု တထစ်ချ ယုံကြည်ကြပြီးလျှင် တစ်သက်ပတ်လုံး အားထုတ်ရန် ရည်သန်ဆုံးဖြတ် သူတို့ များစွာပင် ရှိခဲ့ကြလေပြီ။ ထို့ကြောင့် ထိုအခါမှစ၍ ဤအရပ်၌ နှစ်စဉ်နှစ်တိုင်း အခွင့်သာသော အချိန်များ၌ အားထုတ်သူတို့သည် ပြတ်စဲခြင်း မရှိဘဲ တိုးတက်များပြားလျက်သာ ရှိခဲ့ပေ၏။ ထိုအားထုတ်သူတို့၏ ဉာဏ် အဆင့် တိုးမြင့်ခဲ့သည်မှာလည်း တရားကို သိမြင်သူတို့အား ယုံမှားဖွယ်မရှိ ဖြစ်ပေသည်။ ဆရာတော်သည် ယခု ၁၃၀၃ ခုနှစ်မှစ၍ စစ်ဘေးရန်ကြောင့် ဇာတိအရပ် ဆိပ်ခွန်ရွာသို့ တစ်ဖန် ကြွလာကာ အင်ကြင်းတောတိုက်၊ မဟာစည်ကျောင်း၌ သီတင်းသုံးခိုက်တွင် “ဝိပဿနာမဂ်ဖိုလ် ကို ရလိုသော သမ္မာဆန္ဒရှိကြပါလျက် လမ်းမှန်ကို ဧကန်မသိကြသောကြောင့် မိမိတို့၏ လိုလားချက်ကို မပြည့်စေနိုင်သူတို့လည်း များစွာရှိကြပါသည်။ ဤအရပ်၌ အားထုတ်သူတို့ လည်း တစ်နှစ်ထက်တစ်နှစ် တိုးပွားလျက်ရှိကြပါသည်။ ထိုသူတို့အား နားလည်စေရန် ပြည့်စုံခိုင်ခံ့သော ကျမ်းတစ်ခု လိုနေပါသည်။ သို့ဖြစ်၍ စီးပွားမှန်ကို လိုလားသူတို့အား ထိုစီးပွားမှန်ကို ရစေရန်၊ သာသနာတော်ကိုလည်း ကြီးပွားစေရန် ဉာဏ် နု လတ် ရင့် ပုဂ္ဂိုလ်တိုင်းနှင့် သင့်သော ဝိပဿနာကျမ်းတစ်ခုကို ပြုစုစီရင်တော်မူပါ”ဟု တပည့် ဥပါသကာတို့က တောင်းပန်သောကြောင့် ဆရာတော်သည် “အဆက်ဆက်သော ဟိတတ္ထိက ပုဂ္ဂိုလ်များစွာတို့အား ဝိပဿနာ မဂ် ဖိုလ် ဟူသော အကျိုးစီးပွား အစစ်ကို ရစေလျက်၊ ပဋိပတ် ပဋိဝေဓ သာသနာတော်အားလည်း ကြီးပွားစေမည်ကို” မြှော်မြင်တော်မူ၍ ဤဝိပဿနာ ရှုနည်းကျမ်းကို ရေးသားစီရင်တော်မူပေသည်။ နည်းမှန်ကိုပြလျက်၊ နည်းမှားကို ပယ်ဖျောက်လေ့ရှိသော ဤဆရာတော်၏အစွမ်းကြောင့် အသစ်သဖွယ်ဖြစ်ပေါ်လာသော ဝိပဿနာရှုနည်းနှင့် ထိုနည်းကိုပြသော ဤကျမ်းကြီးသည် သူတော်ကောင်းတို့၏ နှလုံး၌ အပ္ပမာဒ တရားကို ပေါ်လွင်ထင်ရှားစေသည့်ပြင် မြဲမြံတည်တံ့သည်ကိုလည်း ပြုပေပြီ။ စီးပွားအစစ်ကို လိုလားသူတို့အဖို့ ဝမ်းမြောက်ဖွယ်ကြီးတစ်ခု ဖြစ်ပါကြောင်း။