နိဗ္ဗာန်ဆိုင်ရာတရားတော်

Author By - မဟာစည်ဆရာတော်ဘုရားကြီး

ဤနိဗ္ဗာန်ဆိုင်ရာ တရားတော်တွင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည့် အခြေခံ ဝိပဿနာရှုနည်းလဲ ပါသည်၊ ဝိပဿနာရှုမှတ်ရင်း နိဗ္ဗာန်သို့ဆိုက်ရောက်သွားပုံလဲ ပါသည် ...

နိဗ္ဗာန်ဆိုင်ရာတရားတော်

Published Date - 1975

Author By - မဟာစည်ဆရာတော်ဘုရားကြီး

439 စာမျက်နှာ

နိဗ္ဗာန်-ဟူသည်မှာ ဘုံနန်းပြာသာဒ်ကြီးလဲ မဟုတ်၊ မြို့ကြီး ပြည်ကြီးလဲ မဟုတ်၊ အလင်းရောင်, အဝင်းရောင်ကြီးလဲမဟုတ်၊ အကြည်ဓာတ်, အအေးဓာတ်လဲ မဟုတ်၊ အဘယ်ကြောင့်နည်းဟူမူ ထိုဘုံနန်းပြာသာဒ် မြို့, ပြည်, အလင်းရောင်, အဝင်းရောင်, အကြည်ဓာတ်, အအေးဓာတ်, များသည် အသင်္ခတပရမတ်တရားများမဟုတ်၊ ထိုက်သည်အားလျော်စွာ ပညတ်တရား, သင်္ခတ ပရမတ်တရား များသာ ဖြစ်သောကြောင့်တည်း။ (ရှုနည်းကျမ်း ဒု-နှာ-၃၄၇) 

ငါ့ရှင်သာရိပုတ္တရာ-နိဗ္ဗာန်၌ ခံစားစရာ မရှိပါဘဲ ဘယ်လိုလုပ်ပြီး ချမ်းသာမှာလဲ” “ငါ့ရှင် ဥဒါယီ-နိဗ္ဗာန်၌ ခံစားခြင်း မရှိပါဘူး၊ အဲဒီခံစားခြင်း မရှိတာပင်လျှင် နိဗ္ဗာန်ချမ်းသာပါပဲ

ဤသို့ လာလုဒါယီနှင့် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးတို့ နိဗ္ဗာန်ချမ်းသာနှင့် နိဗ္ဗာန်၏ သဘောကို မေးဖြေဖော်ထုတ်ခဲ့ကြသည်။ 

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ဤနိဗ္ဗာန်ဆိုင်ရာတရားတော်ကို တရားတစ်ပွဲလျှင် တစ်ပိုင်းပိုင်း၍ တရားပွဲ -ပွဲ ဟောခဲ့သည်၊ သို့သော်နောက်ဆုံး -ပိုင်းကို ချုံး၍ တစ်ပိုင်းတည်း ရေးထားသည်ဟု အမိန့်ရှိပါသည်၊ ထို့ကြောင့် အပိုင်းကြီး ()ပိုင်းနှင့် မာတိကာပေါင်း ရာကျော် ရှိနေပေရာ နိဗ္ဗာန်ကို လက်နှင့် ကိုင်ပြသကဲ့သို့ နိုင်နင်းတော်မူလှပေသည်၊ နိုင်နင်းတော်မူသလောက်ပင် ဟောကြားထားသည့်နေရာမှာလဲ ဘယ်နေရာမှာ လိုနေသေးသည်ဟူ၍ မရှိရအောင် အကွက်စေ့စေ့ပြည့်ပြည့်စုံစုံဟောထားသည်ကို တွေ့ကြရပေလိမ့်မည်၊ တဘက်သတ် ပရိယတ်အမြင်မျိုးနှင့်ကြည့်ပြီး ဟောကြားထားသော တရားမဟုတ်၊ ပရိယတ်, ပဋိပတ်နှင့် ဟောထားသော တရားဖြစ်သောကြောင့်လဲ ပရိယတ်သမားများရော ပဋိပတ်သမားများပါ အားရ နှစ်သက်လောက်သည့် တရားတော်လဲ ဖြစ်ပေသည်၊ ပရိယတ်, ပဋိပတ်နှစ်ရပ် အပြည့်အစုံ ဟောကြားထားသော ဤတရားမျိုး (နိဗ္ဗာန်တရားမျိုး)ကို ပဋိပတ်အတွေ့ အမြင်မရှိလျှင် အဘယ်ပုဂ္ဂိုလ်သည်  ဟောကြားနိုင်စွမ်း ရှိပေမည်နည်း၊ ပဋိပတ်အတွေ့အမြင်မရှိသော သာမန်ပုဂ္ဂိုလ်တို့ ဟောကြားနိုင်စွမ်းမရှိသော တရားမျိုးဖြစ်ပေသည်။

ဤနိဗ္ဗာန်ဆိုင်ရာ တရားတော်တွင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည့် အခြေခံ ဝိပဿနာရှုနည်းလဲ ပါသည်၊ ဝိပဿနာရှုမှတ်ရင်း နိဗ္ဗာန်သို့ဆိုက်ရောက်သွားပုံလဲ ပါသည်၊ ပါဠိတော် အဋ္ဌကထာက သာမန်ဆိုထား၍ အသိခက်သော နေရာမျိုးတွင် အတိအကျ ဖော်ထုတ် ပြထားသည်လဲပါသည်၊ လမ်းမှားအားထုတ်နေကြသော ယောဂီတို့အတွက် လမ်းမှန်ရောက်အောင် လမ်းညွှန်လဲပါသည်၊ အနည်းငယ်မျှ ဖော်ပြရလျှင်-

ဒွါရ -ပါးက ဖြစ်တိုင်း, ဖြစ်တိုင်းကို လိုက်ပြီး မရှုနိုင်သေးခင် အားထုတ်ခါစမှာထင်ရှားတဲ့ ရုပ်အမူအရာတစ်ခုခု ကစပြီးရှုမှတ်ရတယ်၊ သွားနေဆဲဆိုလျှင် သွားတဲ့ အမူအရာကပဲစပြီး ရှုရတယ်နှာ(၁၁) ဤသို့ စသည် အခြေခံ ဝိပဿနာ ရှုမှတ်နည်း။

ရှုတိုင်းရှုတိုင်းဖြစ်ဖြစ်ပြီး ပျက်ပျက်သွားတာကိုချည်ဉာဏ်ဖြင့် တွေ့နေရတာတွေဟာ သင်္ခါရတွေချည်းပဲ၊ နောက်ဆုံးကျတော့ ဒီလိုရှုနေရင်းထဲကပင် ဖြစ်ပျက်ခြင်းမရှိတဲ့ သဘောထဲကိုအသိဉာဏ်က သူ့အလိုလိုရောက်သွားတယ်၊ အဲဒါဟာ မဂ်ဖိုလ်ဉာဏ်ဖြင့်ဖြစ်ခြင်းကင်းတဲ့ နိဗ္ဗာန်အငြိမ်းဓာတ်ကို မျက်မှောက်တွေ့သွားတာပဲနှာ (၇၂)

ဤသို့ စသည် ရှုမှတ်ရင်း နိဗ္ဗာန်သို့ ဆိုက်ရောက်သွားပုံ။

အနိမိတ္တပစ္စုပဋ္ဌာနံ-ပုံသဏ္ဌာန် အရိပ်နိမိတ် ကင်းသောအားဖြင့် ဉာဏ်အား ရှေးရှုထင်၏-လို့ ပြဆိုထားပါတယ်၊ အဲဒီမှာ ဉာဏ်အား ရှေးရှုထင်တယ်ဆိုတာက ဘယ်ဉာဏ်ကိုဆိုပါသလဲဆိုရင် နိဗ္ဗာန်အစစ်ကိုအရိယာများသာ သိနိုင်တဲ့အတွက် အရိယာများ၏ မဂ်ဖိုလ်ဉာဏ်နှင့်ပစ္စဝေက္ခဏာ ဉာဏ်ကို ယူရင်အသင့်တော်ဆုံးပါပဲနှာ ၇၉-၈၀။

ဤသို့စသည် သာမန်ဆိုထား၍ အသိခက်သော နေရာများတွင် အတိအကျ ဖော်ထုတ်ပြထားပုံ။

တချို့က ဒီလိုပါဠိကိုပြပြီး အလွဲအမှားတွေကို ဟောနေကြတာရှိတယ်၊ သူတို့ဟောပုံကတော့ အားထုတ်နေရင် သင်္ခါရဆင်းရဲတွေ ဖြစ်နေတာပဲ။ပ။ ဘာဝနာကုသိုလ်တွေပြုနေဖို့မလိုပါဘူး။ပ။ အဲဒါဗုဒ္ဓတရားတော်နဲ့ ပြောင်းပြန်ဆန့်ကျင်ဘက်ပဲနှာ ၈၅-၆။ဤသို့ စသည်လမ်းညွှန်ပုံတွေပါ ပါရှိပေ သည်။

ဖတ်ကြည့်ပါ

ကောင်းမွန် ပြည့်စုံသမျှကို ဤနေရာတွင် ကုန်စင်အောင် ဖော်ပြနေရန် အခွင့်မရပေ၊ ကောင်းမွန်သလောက်ကို တကယ်ကုန်စင်အောင်လဲ ဖော်ပြနိုင်စွမ်း မရှိပါ၊ လျှာပေါ်တင်၍ မြည်းရုံ၊ အရသာ သိလောက်ရုံမျှသာ ဖော်ပြလိုက်ရခြင်း ဖြစ်ပေသည်၊ ကိုယ်တိုင်ဖတ်ရှုကြည့်သည့်အခါ အပြည့်အဝ သိရပါလိမ့်မည်။

ဤတရားတော်တွင် သဥပါဒိသေသနိဗ္ဗာန်မှ ပရိနိဗ္ဗာန်ပြု၍ အနုပါဒိသေသ နိဗ္ဗာန်အထိ ဟောကြားထားသဖြင့် နိဗ္ဗာန်သဘောကို ထင်ရှားအောင် အပြည့်အစုံ ဟောကြားထားပေသည်၊ ဆရာတော်ဘုရားကြီးဟောကြားသော တရားဖြစ်စေ၊ ရေးထားသော ကျမ်းဂန်ဖြစ်စေ ဟောခွင့်ရေးခွင့် ရောက်လာလို့ဟောရပြီ, ရေးရပြီဆိုလျှင် သိပြီးဖြစ်ကြသည့်အတိုင်း ပရိယတ်ရော ပဋိပတ်ပါ အပြည့်အစုံ ဟောကြား ရေးသားတော်မူလေ့ရှိပါသည်၊ ယခု ဤနိဗ္ဗာန် ဆိုင်ရာ တရားတော်တွင်လဲ ဘယ်နေရာမှာ ပရိယတ်ဘက်က လိုနေသည်၊ ဘယ်နေရာမှာ ပဋိပတ်ဘက်ကလိုနေသည်ဟူ၍ တွေ့ကြရမည်မဟုတ်ဘဲ အဘက်ဘက်က ပြည့်စုံနေသည်ကို တွေ့ကြရမည်သာ ဖြစ်ပေသည်။ ဟောရာ ပြောရာ ရေးသားကြရာ၌ ပရိယတ် အားသန်သူတို့က ပရိယတ်တစ်ဘက်ကိုသာလည်းကောင်း၊ ပဋိပတ်အားသန်သူတို့က ပဋိပတ်တစ်ဘက်ကိုသာလည်းကောင်း ဟောပြောရေးသားတတ်ကြသဖြင့် မပြည့်မစုံ ဖြစ်နေတတ်ကြပေသည်၊ ဤကဲ့သို့တဘက်ဘက်က လိုနေပြီဆိုလျှင် ထမင်းကောင်းပါသော်လဲ ဟင်းမကောင်း၊ ဟင်းက ကောင်းပါသော်လဲ ထမင်းမကောင်းသည်ကို စားရသကဲ့သို့ ဖတ်ရှုရာ၌ အရသာမပြည့်စုံဘဲ ဖြစ်နေတတ်ပေသည်၊ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြား ရေးသားသော တရားနှင့် ကျမ်းဂန်များမှာကား နှစ်ဘက်စလုံးပြည့်ပြည့်စုံစုံ ထမင်းရော ဟင်းရော အကောင်းချည်းစားရသည်နှင့် တူသောကြောင့် အရသာပြည့်ပြည့်စုံစုံ စားကြရသကဲ့သို့ ရှိပေသည်။

ဤနိဗ္ဗာန်ဆိုင်ရာတရားတော်သည် နောင်လာနောက်သား ပညာရှိ သူတော်ကောင်းတို့အတွက်ရော မျက်မှောက်ရှိပညာရှိ သူတော်ကောင်းတို့ အတွက်ပါ ရတနာထုပ်ကြီးကို ရရှိသည့်အလား ကျေးဇူးများလှသော တရားတော်ဖြစ်သဖြင့် ဗုဒ္ဓမြတ်စွာသာသနာတော် တည်သမျှ ကာလပတ်လုံး အဓွန့်ရှည်ကြာ တည်ပါစေ-ဟူသော ပတ္ထနာပြုရင်း ဤလက်ဦးရှုဖွယ်ကိုအဆုံးသတ်ပါသတည်း။ 

 

ဝက်လက် မစိုးရိမ် ဦးတိဿ။

၁၃၃၆-ခု၊ တော်သလင်းလ။