မဟာစည်သတိပဋ္ဌာန်အဖွဲ့လုံး ဆိုင်ရာ စည်းမျဉ်း-ဥပဒေများ
Author By - မဟာစည်ဆရာတော်ဘုရားကြီး
မည်သည့်လုပ်ငန်းမဆို အများနှင့်သက်ဆိုင်လျှင် စည်းမျဉ်းလည်းရှိရမည်၊ ထိုစည်းမျဉ်းကိုလည်း ရိုသေရမည်၊ သို့မှသာလျှင် ထိုလုပ်ငန်းသည် အပြစ်ကင်း၍ သန့်ရှင်းစင်ကြယ်နိုင်သည်။
မဟာစည်သတိပဋ္ဌာန်အဖွဲ့လုံး ဆိုင်ရာ စည်းမျဉ်း-ဥပဒေများ
Published Date - 1952
Author By - မဟာစည်ဆရာတော်ဘုရားကြီး
60 စာမျက်နှာ
နိဒါန်း
နမော ဗုဒ္ဓဿ ဝိနယ ပညာပကဿ တံ ဝဏ္ဏဝါဒိနော
မည်သည့်လုပ်ငန်းမဆို
အများနှင့်သက်ဆိုင်လျှင် စည်းမျဉ်းလည်းရှိရမည်၊ ထိုစည်းမျဉ်းကိုလည်း ရိုသေရမည်၊ သို့မှသာလျှင်
ထိုလုပ်ငန်းသည် အပြစ်ကင်း၍ သန့်ရှင်းစင်ကြယ်နိုင်သည်။ အရှည်လည်း တည်တံ့ထွန်းကား ကြီးပွားသွားနိုင်ပေသည်။
စည်းမျဉ်းမရှိလျှင် (သို့မဟုတ်) စည်းမျဉ်းကို မရိုသေလျှင်ကား အပြစ်များစွာ ဖြစ်ပေါ်လာပြီးလျှင်
မကြာမီပင် ပျက်စီးသွားတတ်ပေသည်။
သို့ဖြစ်၍
လောကရေးရာတွင် ကြီးကျယ်သောလုပ်ငန်းဟူသမျှမှာ စည်းမျဉ်းများကို ထားကြသည့်အပြင် စည်းကမ်းသေဝပ်သော
လူတော်လူကောင်းများကိုလည်း တာဝန်ဆောင်အဖြစ်ဖြင့် ရွေးချယ်၍ခန့်ထားကြ ပေသည်။ ဤသို့ ခန့်ထားကြရာတွင်
စည်းမျဉ်းနှင့် တာဝန်ဆောင်ပုဂ္ဂိုလ် (၂)မျိုးလုံးကကောင်းလေလေ လုပ်ငန်းမှာ ကြီးပွားလေလေဖြစ်ပေသည်။
ဤစည်းမျဉ်းကောင်း,
တာဝန်ဆောင် ပုဂ္ဂိုလ်ကောင်းများမှာ လောကရေးရာ၌သာ လိုသည်မဟုတ်သေး၊ လောကမှထွက်မြောက်ရေးဖြစ်သော
ဗုဒ္ဓသာသနာတော်ကြီး၌လည်း နည်းတူပင် လိုလျက်ရှိပေသည်။ ဤ ၂ မျိုးတို့တွင် စည်းမျဉ်းကောင်းရှိပါမှ
စည်းမျဉ်းကိုရိုသေသော တာဝန်ဆောင် ပုဂ္ဂိုလ်ကောင်းလည်း ပေါ်လာနိုင်ပေသည်။ စည်းမျဉ်းမျှပင်
မရှိလျှင်ကား စည်းမျဉ်းကိုရိုသေသူ တာဝန်ဆောင်ပုဂ္ဂိုလ်ကောင်း အဘယ်မှာ ပေါ်လာနိုင်ပါတော့အံ့နည်း။
ဤအရာ၌ ဝိပဿီ, သိခီ, ဝေဿဘူ, ဟူသော ဘုရားရှင် (၃)ဆူတို့သည် ရဟန်းတော်များ၏ စည်းမျဉ်းဖြစ်သော
ဝိနည်းကို ပညတ်တော်မမူခဲ့သောကြောင့် သာသနာ့ဝန်ဆောင် ပုဂ္ဂိုလ်ကောင်းများ မပေါ်လာနိုင်သဖြင့်
ထိုဘုရားရှင်တို့၏ သာသနာတော်သည် ကြာရှည်စွာမတည်တံ့ဘဲ လျင်မြန်စွာ ကွယ်ပသွားသည်ဟု မိန့်ဆိုထားသော
ဘုရားစကားတော်ကို ထောက်ထားသင့်ပေသည်။
စည်းမျဉ်းမရှိလျှင်
သာသနာအရှည်မတည်နိုင်
အထက်ပါ
ထောက်ထားဘွယ်ကို အနည်းငယ်ချဲ့၍ပြရလျှင် ဤ ၃ ဆူသောဘုရားရှင်တို့သည် ထိုခေတ်အခါက ဝေနေယျတို့၏
အဇ္ဈာသယအားလျော်စွာ သုတ္တ ဂေယျစသော တရားတော်ကိုလည်း ကျယ်ပြန့်စွာ မဟောမူ၍ အကျဉ်းမျှသာ
ဟောတော်မူကုန်၏။ ဝိနည်းကိုလည်း ကျယ်ပြန့်စွာ ပညတ်တော်မမူကုန်။ သြဝါဒပါတိမောက်မျှကိုသာ
ဟောပြတော်မူကုန်၏။ ထို့ကြောင့် ထိုဘုရားရှင်တို့နှင့်တကွ အနုဗုဒ္ဓဖြစ်သော ဘုရားတပည့်
သာဝကကြီးများ ကွယ်လွန်တော်မူသွားကြပြီးသော နောက်ကာလ၌ ထိုဘုရားရှင်တို့ ပြုစုပျိုးထောင်ခဲ့သော
သာသနာတော်မြတ်ကြီးများသည် ဘုရားတပည့် ၂ ဆက်၊ ၃ ဆက်မျှဖြင့် ကွယ်ပသွားကြရှာလေတော့၏။
ကွယ်ပရပုံမှာ
- ထိုစဉ်အခါများ၌ သာသနာတော်သို့ ဝင်ရောက်လာကြသော ပုဂ္ဂိုလ်များမှာ လူမျိုးတစ်မျိုးတည်းလည်းမဟုတ်ကြ၊
ဇာတ်အနွယ်အားဖြင့်လည်း မတူကြ၊ ဤသို့ အမျိုးဇာတ် အနွယ်မတူကြလျှင် အယူအဆ အတွေးအခေါ်များလည်း
ကွဲပြားလျက်ရှိကြပေမည်။ သို့ဖြစ်၍ ထိုနောက်ဆက်တွဲ ရဟန်းတို့သည် မှီငြမ်းပြုစရာ ဓမ္မဝိနယ
အကျယ်များကလည်း မရှိသည့်အတွက် မိမိတို့ထင်သလို ယူဆကြ ကျင့်ကြံကြ ဟောပြောကြမည်မှာ ယုံမှားဘွယ်မရှိပေ။
ထိုစဉ်အခါတွင် မည်သို့ပင် မှားယွင်းစွာ ကျင့်ကြံပြောဟောနေစေကာမူ ဝိနည်းစည်းမျဉ်းနှင့်တကွ
သုတ္တ ဂေယျစသော တရားတော်ကလည်း ကျယ်ကျယ်ပြန့်ပြန့် မရှိသဖြင့် အခြားပုဂ္ဂိုလ်များကလည်း
ဆုံးမပြုပြင်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ထိုနောက်ဆက်တွဲ ရဟန်းတော်တို့သည် ထင်ရာကို
ပြောဟော ကျင့်ကြံကြလျက် ထိုဘုရားရှင်တို့၏ မွန်မြတ်လှစွာသော သာသနာတော်ကို သူတို့၏လက်ထက်မှာပင်
ကွယ်ပစေကြကုန်၏။ ဖျောက်ဖျက်ပစ်လိုက်ကြကုန်၏။ ထို့ကြောင့် တေ တံ ဗြဟ္မဝရိယံ ဝိပ္ပညေဝ
အန္တရဓာပေသုံ - ဟု မြတ်စွာဘုရားက မိန့်ကြားတော်မူပေသည်။ (ဓမ္မသံဝေဂ ဖြစ်ဘွယ်ပေတည်း။
ဤနောက်ပိတ်ဆုံးသော သာဝကမျိုး မဖြစ်စေရန် သတိပြုသင့်လှပေ၏)
စည်းမျဉ်းခိုင်ခံ့မှ
သာသနာအရှည်တည်တံ့သည်
ကကုသန်,
ကောဏာဂုံ, ကဿပ, ဟူသော ဤဘုရားရှင် (၃)ဆူတို့၏ သာသနာတော်သည်ကား စည်းမျဉ်းခိုင်ခံ့၍ ကြာရှည်စွာ
တည်တံ့သည်ဟု မြတ်စွာဘုရားက မိန့်ကြားတော်မူပေသည်။ အနည်းငယ်ချဲ့၍ ဖော်ပြရလျှင် ဤ (၃)ဆူသော
ဘုရားရှင်တို့သည် သုတ္တဂေယျစသော တရားတော်ကိုလည်း ကျယ်ပြန့်စွာ ဟောတော်မူကုန်၏။ ထို့ကြောင့်
ထိုဘုရားရှင်တို့နှင့်တကွ အနုဗုဒ္ဓဖြစ်တော်မူကြသော ဘုရားတပည့်သာဝကကြီးများ ကွယ်လွန်သွားကြသော်လည်း
နောက်နောက် တပည့်သာဝက အဆက်ဆက်တို့သည် ထိုဘုရားရှင်တို့ တည်ထောင်ထားခဲ့သော သာသနာတော်မြတ်ကြီးများကို
အဓွန့်ရှည်စွာသော ကာလပတ်လုံး အခြေမပျက် တည်တံ့သွားအောင် စောင့်ရှောက်တော်မူနိုင်ကြပေသည်။
စောင့်ရှောက်ပုံမှာ
ထိုအခါများ၌ သာသနာတော်သို့ ဝင်ရောက်လာကြသော ပုဂ္ဂိုလ်တို့သည် အမျိုးဇာတ်အနွယ် အယူအဆမတူကြစေကာမူ
တစ်ဦးဦးက မှားယွင်းစွာ ပြောဟောကျင့်ကြံခဲ့လျှင် အကျယ်ပညတ်ဟောကြားထားသော ဝိနည်းစည်းမျဉ်းများဖြင့်လည်းကောင်း၊
သုတ္တ ဂေယျစသော သြဝါဒတရားတော်များဖြင့်လည်းကောင်း၊ အခြားပုဂ္ဂိုလ်တို့က ဝိုင်းအုံ၍
ဆုံးမပြုပြင်ကြသောကြောင့် ထိုမှားသောပုဂ္ဂိုလ်လည်း အမှားကိုပယ်ဖျောက်၍ အမှန်သို့ ရောက်သွားလေတော့သည်။
ဤနည်းဖြင့် ဘေးရန်အန္တရာယ်များကို ပယ်ရှားကာကွယ်ကြ၍ ထိုဘုရားရှင်တို့၏ သာသနာတော်ကို
ဆရာတပည့် အဆကဆက်ရှည်မြင့်စွာသော ကာလပတ်လုံး တည်တံ့နေအောင် စောင့်ရှောက်ထားကြပေကုန်၏။
ထိုကြောင့် တေ တံ ဗြဟ္မစရိယံ စိရံ ဒီဃမဒ္ဓါနံ ထပေသုံ ဟု မြတ်စွာဘုရားက အရှင်သာရိပုတြာအား မိန့်ကြားတော်မူပေသည်။
(အားကျဘွယ်
အတုယူဘွယ်ကောင်း၏။ ဤသာသနာပြု သာဓကမျိုးဖြစ်အောင် ကြိုးစားသင့်လှပေ၏။)
သာသနာအရှည်တည်စေလို၍
ဝိနည်းစည်းမျဉ်းကို တောင်းပန်ရသည်
အထက်ပါ
မိန့်ခွန်းတော်များကို ကြားရ၍ အရှင်သာရိပုတြာက သာသနာတော် အရှည်တည်တံ့ရေးအတွက် ဝိနည်း
သိက္ခာပုဒ်များကို ပညတ်တော်မူရန် တောင်းပန်လျှောက်ထားခဲ့ပေသည်။ ဤသို့ တောင်းပန်သည့်အတိုင်းပင်
အချိန်တန်အခါကျသော နောက်ကာလများ၌ မြတ်စွာဘုရားက ဝိနည်းသိက္ခာပုဒ်တော်များကို ပညတ်ထားတော်မူခဲ့ပေသည်။
ထိုကြောင့်ပင် ဘုရားရှင်နှင့်တကွ အနုဗုဒ္ဓဖြစ်တော်မူကြသော ဘုရားတပည့် သာဝကကြီးများ
ကွယ်လွန်သွားကြသော်လည်း သာသနာတော်နှစ် (၂၄၉၆)ခုမြောက် ယခုကာလတိုင်အောင် နိကာယ် ငါးရပ်၊
ပိဋကတ်သုံးပုံ၊ ဘုရားစကားတော်အလုံးစုံ ဟူသော ပရိယတ္တိ သာသနာတော်ကြီးသည် နေ လ အလားကဲ့သို့
ထင်ရှားပြည့်စုံစွာ တည်ရှိနေသောကြောင့်ပင်လျှင် ပဋိပတ္တိသာသနာတော်သည်လည်း တည်ရှိနေပါပေသည်။
ဤအခြေခံ သာသနာတော် (၂)ပါးလုံး အပြည့်အစုံ တည်ရှိနေသောကြောင့်ပင်လျှင် မဂ် ဖိုလ်ဟူသော
ပဋိဝေဓ သာသနာတော်သည်လည်း နည်းလမ်းမှန်စွာ အပြည့်အစုံ ကျင့်ကြံအားထုတ်သော ပုဂ္ဂိုလ်တို့၏သန္တာန်၌
အထင်အရှားဖြစ်ပွားလျက် တည်ရှိပါပေသည်။ နောင်ကာလ၌လည်း နှစ်ပေါင်း (၂၅၀၀)ကျော်အထိ သာသနာတော်
တည်တံ့သွားပေဦးမည်။ (ဝိနည်းစည်းမျဉ်းရှိ၍ ယခုခေတ် ဗုဒ္ဓသာသနာဝင်များ သာသနာ့အရသာကို
မိမိတို့ ပါရမီရှိသလောက် တွေ့ရသိရ ခံစားနေရပါပေသည်ဟု နှလုံးသွင်း၍ ဝိနည်းစည်းမျဉ်းကို
အထူးသဖြင့် အလေးပြုသင့်ပေ၏။)
ယခု ဖော်ပြခဲ့သည့်အတိုင်း
မြတ်စွာဘုရား၏ သာသနာတော်အပြည့်အစုံ တည်ရှိနေသောကြောင့်ပင်လျှင် ကျေးဇူးရှင်မဟာစည် ဆရာတော်ဘုရားကြီးသည်လည်း
ဆရာမြတ်တို့၏ နည်းဥပနိသျများနှင့်တကွ သတိပဋ္ဌာနသုတ် အစရှိသော ပရိယတ္တိသာသနာတော်ကြီးကိုပင်
အမှီပြု၍ သတိပဋ္ဌာန် ဝိပဿနာလုပ်ငန်းတရားဟူသော ပဋိပတ္တိသာသနာတော်ကို အထင်အရှား ဟောကြားညွှန်ပြ၍
လာခဲ့သည်မှာ ၁၅ နှစ်ခန့်ရှိခဲ့လေပြီ။ ဤဝိဿနာပဋိပတ်အလုပ်ကို အားထုတ်ကြကာ ကိုယ်ပိုင်ဉာဏ်အတွေ့ဖြင့်
နှစ်နှစ်ချိုက်ချိုက် သဘောကျနေသော ရဟန်းရှင်လူ အပေါင်းမှာလည်း ထောင်သောင်းမက များပြားလှလေပြီ။
ဤပုဂ္ဂိုလ်အပေါင်း ထောင်သောင်းများစွာတို့တွင် စာပေကျမ်းဂန် ဗဟုသုတနှင့် ပြည့်ဝလုံလောက်သော
ပုဂ္ဂိုလ်တို့မှာလည်း ဂဏဝါစက ဓမ္မာစရိယများနှင့်တကွ သိက္ခာဝါတော် ငါးဆယ်ကျော်အထိ ဆရာတော်ကြီးများလည်း
ပါဝင်လျက် ရှိကြပေသည်။ ဤလို ဗဟုသုတနှင့် ပြည့်စုံကြသော ပုဂ္ဂိုလ်များက မိမိတို့ ဆိုင်ရာအရပ်ဒေသများ၌
တဆင့်တဆင့် ဟောကြားညွှန်ပြသဖြင့် ဖြစ်ပေါ်လာကြသော ကမ္မဋ္ဌာန်းဌာနခွဲများမှာလည်း တရာခန့်ရှိနေလေပြီ။
သို့ဖြစ်၍
ဌာနခွဲများစွာ ပုဂ္ဂိုလ်များစွာတို့နှင့် သက်ဆိုင်သော သတိပဋ္ဌာန် ဝိပဿနာဟူသော ဤပဋိပတ္တိသာသနာလုပ်ငန်းကြီး၏
အရှည်တည်တံ့ရေး၊ အပြစ်တင်ဘွယ်ကင်း၍ သန့်ရှင်းစင်ကြယ်ရေးများအတွက် စီမံညွှန်ကြားရန်
မိမိမှာ တာဝန်ဝတ္တရား ရှိနေသေးသည်ဟု ဆရာတော်၏ဉာဏ်တွင် ထင်မြင်ပေါ်ပေါက်လာခဲ့လေသည်။
ထို့ပြင် ဤသို့ စီမံရာတွင်လည်း မိမိတစ်ပါးတည်း စီမံခြင်းထက် ကမ္မဋ္ဌာန်းပြသရာ၌ ကိုယ်တွေ့ဗဟုသုတများစွာရှိကြသော
ကမ္မဋ္ဌာန်းဆရာများနှင့် တိုင်ပင်ညှိနှိုင်း၍ စီမံခြင်းက ပိုမို၍ ကောင်းပေလိမ့်မည်ဟု
ယူဆတော်မူခဲ့လေသည်။ သို့ဖြစ်၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် အထက်ပိုင်း အောက်ပိုင်းမှာ
ရှိကြသော မဟာစည်သတိပဋ္ဌာန် ကမ္မဋ္ဌာန်းဌာနများမှ ပဓာနဆရာတော်များကို ရန်ကုန်မြို့ သာသနာ့ရိပ်သာသို့
ပင့်ဆောင်ပြီးလျှင် ၁၃၁၄ - ခု ဝါဆိုလဆန်း (၉-၁၀-၁၁)ရက်နေ့များ၌ ပဓာန ကမ္မဋ္ဌာနာစရိယ
အစည်းအဝေးကို ကျင်းပ၍ တည်ထားသင့်သော စည်းမျဉ်းဥပဒေများကို စဉ်းစားဆွေးနွေးခဲ့ကြပေသည်။
ဤအစည်းအဝေးသို့ တက်ရောက်ကြသော ပုဂ္ဂိုလ်များမှာ
(၁) သရက်ပင်ချောင် ဆရာတော်ကြီး၊ လှည်းကူးမြို့နယ်
(၂) ရွှေစေတီဆရာတော်၊ မန္တလေး (နောက်မှကြွလာသည်)
(၃) အောင်မြေဘုံစံဆရာတော် အရှင်ဉာဏုတ္တရ၊ ရန်ကုန်
(၄) ရွှေမင်းဝံဆရာတော်၊ ရန်ကုန်
(၅) ဝက်လက်ဆရာတော်၊ အရှင်ကုသုမ၊ မူလမဟာစည်ကမ္မဋ္ဌာန်းတိုက်၊
ရွှေဘို
(၆) ဆရာတော် ဦးကလျာဏ၊ သံလျင်မြို့
(၇) မဟာစည်ဆရာတော်၊ သာသနာ့ရိပ်သာ၊ ရန်ကုန်
(၈) သဒ္ဓမ္မသီတဂူဆရာတော် အရှင်အာစိက္ခဏ၊ ပုသိမ်
(၉) သာသနာ့ရိပ်သာ ကမ္မဋ္ဌာန်းနည်းပြဆရာ အရှင်ဝိစာရ၊
ယခု ဝါးခယ်မ
(၁၀) သာသနာ့ရိပ်သာ ကမ္မဋ္ဌာန်းနည်းပြဆရာ အရှင်သုဇာတ၊
ရန်ကုန်
(၁၁) ဦးနန္ဒမာလာ၊ လှည်းကူးရိပ်သာ၊ လှည်းကူးမြို့
(၁၂) သာသနာ့ရိပ်သာ ကမ္မဋ္ဌာန်းနည်းပြဆရာနှင့် ဓမ္မကထိက၊
ရွှေဘိုဦးမုနိန္ဒ၊ ရန်ကုန်
(၁၃) သာသနာ့ရိပ်သာ ကမ္မဋ္ဌာန်းနည်းပြဆရာ ဦးအာသဘ၊ ရန်ကုန်
(၁၄) ဆင်များရှင် ကမ္မဋ္ဌာန်းဌာန၊ ဦးပညဝါ၊ စစ်ကိုင်း
(၁၅) ဦးကောသလ္လ၊ နေရာချထားရေးဝန်ဆောင်နှင့် လက်ထောက်ကမ္မဋ္ဌာန်းနည်းပြဆရာ၊
သာသနာ့ရိပ်သာ
(၁၆) ဦးထေရာစာရ ဘုံကျော်ကမ္မဋ္ဌာန်းဆရာကြီး ဆရာကြံတို့ဖြစ်ပေသည်။
ဤအစည်းအဝေးတွင် မိမိတို့ မြှော်မြင်နိုင်သလောက်
အသီးသီး အကြံဉာဏ်ပေးကြ၍ စည်းမျဉ်း မူကြမ်းကို ရေးဆွဲလက်ခံကြပြီးလျှင် နောက်ထပ် ဖြည့်စွက်ပြင်ဆင်ရန်စသော
ဆောင်ရွက်ဘွယ် ဟူသမျှကို အောင်မြေဘုံစံဆရာတော် အရှင်ဉာဏုတ္တရ၊ သာသနာ့ရိပ်သာကမ္မဋ္ဌာန်းနည်းပြဆရာ
အရှင်သုဇာတတို့နှင့်တကွ ကျေးဇူးရှင် မဟာစည်ဆရာတော်အား လုံးဝတာဝန်လွှဲအပ်ခဲ့ကြသည်။
ထို့ကြောင့်
ကျေးဇူးရှင် မဟာစည်ဆရာတော်သည် အရှင်ဉာဏုတ္တရ အရှင်သုဇာတတို့နှင့်တကွ အဖန်ဖန် ညှိနှိုင်းပြင်ဆင်သုဓ်သင်တော်မူပြီးလျှင်
ဤစည်းမျဉ်းဥပဒေများကို ပုံနှိပ်ထုတ်ဝေစေခဲ့ပေသည်။ ဤစည်းမျဉ်းများမှာ လောကဝေါဟာရအလိုက်
စည်းမျဉ်းဟု ခေါ်ဆိုရသော်လည်း အာဏာပညတ်မျိုးကားမဟုတ်ပေ။ အမှန်အားဖြင့်သော်ကား သုတ်၊
ဝိနည်း၊ အဘိဓမ္မာတို့၌ မြတ်စွာဘုရား မိန့်မှာထားခဲ့သော် အဆုံးအမတော်ကိုပင် အမှတ်တရ
လိုက်နာကျင့်သုံးကြစေရန်အလို့ငှါ ထုတ်ဖော်၍ ညွှန်ပြထားသော သြဝါဒစကားမျှသာ ဖြစ်ပေသည်။
သို့ဖြစ်၍ ဤ သြဝါဒစည်းမျဉ်းများကို ရိုသေစွာလိုက်နာလျှင် အောက်ပါအကျိုးတရားများကို
လက်ငင်းပင်ခံစားကြရပါလိမ့်မည်။
၎င်းတို့မှာ
-
(၁) မိမိကိုယ်ကို မိမိစွပ်စွဲမည့် အတ္တာနုဝါဒဘေး။
(၂) မိမိကိုယ်ကို သူတစ်ပါးတို့စွပ်စွဲမည့် ပရာနုဝါဒဘေး။
စသည်တို့မှ
ကင်းဝေးလွတ်မြောက်၍ အခါခပ်သိမ်း ချမ်းမြကြည်လင်စွာ နေရပါလိမ့်မည်။
ထို့ပြင်
(၁) ကိုယ့်အသက်ကို မငဲ့ကွက်ဘဲ ကျင့်စွမ်းနိုင်ခြင်း
(၂) ကိုယ် နှုတ် နှစ်တန် ဖြောင့်မှန်ခြင်း
(၃) စိတ်ကူး အကြံ ဖြောင့်မှန်ခြင်း
(၄) ဆိုဆုံးမလွယ်ခြင်း
(၅) နူးညံ့သိမ်မွေ့ခြင်း
(၆) မာန်ထောင်လွှားမှုမရှိခြင်း
(၇) ရောင့်ရဲလွယ်ခြင်း
(၈) မွေးမြူလွယ်ခြင်း
(၉) အမှုကိစ္စ နည်းပါးခြင်း
(၁၀) အသက်မွေးမှုပေါ့ပါးခြင်း
(၁၁) ဣန္ဒြေ ငြိမ်သက်တည်ကြည်ခြင်း
(၁၂) ဉာဏ်ပညာ ရင့်ကျက်ခြင်း
(၁၃) ကိုယ် နှုတ် စိတ်ကြမ်း အရမ်းချုပ်ချယ်မှု မရှိခြင်း
(၁၄) ဒါယကာ ဒါယကာမတို့၌ ငြိတွယ်မှုမရှိခြင်း
(၁၅) ပညာရှိတို့ ကဲ့ရဲ့ဘွယ်မှန်ပါက အသေးအနုပ်ကိုမျှ
မပြုမိခြင်း
ဟူသော
မေတ္တသုတ်လာ ဘာဝနာ၏ပရိကံ ဂုဏ်အင်္ဂါများနှင့်လည်း ကောင်းကောင်းပြည့်စုံပါလိမ့်မည်။
ထို့ပြင်
-
(၁) မကောင်းမှု ဟူသမျှကို မပြုခြင်း
(၂) ကောင်းမှု ဟူသမျှကို ပြည့်စုံစေခြင်း
(၃) မိမိ၏ စိတ်နှလုံးကို သန့်ရှင်းဖြူစင်စေခြင်း
ဟူသော
သြဝါဒပါတိမောက်၌လာသော ဘုရားရှင်၏ဆုံးမတော်မူလိုရင်းအစစ် သာသနာတော် အဆီအနှစ်များလည်း
မိမိသန္တာန်မှာ ထိုက်တန်သလောက် ပြည့်စုံသွားပါလိမ့်မည်။
ထို့ပြင်
အတ္တနာ စ အပ္ပိစ္ဆော၊ အပ္ပိစ္ဆကထဉ္စ ဘိက္ခူနံ ကတ္တ - စသော ဒေသနာတော်နှင့်အညီ
(၁) အလိုနည်းခြင်း
(၂) ရောင့်ရဲလွယ်ခြင်း
(၃) ဆိပ်ငြိမ်စွာနေခြင်း
(၄) ရောနှောမှုကင်းခြင်း
(၅) တင်းတင်းအားထုတ်ခြင်း
(၆) သီလနှင့်ပြည့်စုံခြင်း
(၇) သမာဓိနှင့်ပြည့်စုံခြင်း
(၈) ပညာနှင့်ပြည့်စုံခြင်း
(၉) ဝိမုတ္တိနှင့် ပြည့်စုံခြင်း
(၁၀) ဝိမုတ္တိဉာဏဒဿနနှင့်ပြည့်စုံခြင်း
ဟူသော
ကထာဝတ္ထု (၁၀)ပါးတို့နှင့် ကိုယ်တိုင်ကပြည့်စုံပြီးလျှင် သူတစ်ပါးတို့အားလည်း ၎င်းဂုဏ်တို့နှင့်
ပြည့်စုံစေရန် ဟောကြားညွှန်ပြခြင်းဟူသော ဤကထာဝတ္ထု သမ္ပန္နဂုဏ်နှင့်လည်း ထိုက်တန်သလောက်
ပြည့်စုံသွားပါလိမ့်မည်။
ဤသို့ စသည်ဖြင့် ဗုဒ္ဓသာသနာတော်မှာ မုချလိုလားအပ်သော ဂုဏ်အင်္ဂါများ၊ အထူးအားဖြင့် ယောဂီပုဂ္ဂိုလ်တို့မှာ ပြည့်စုံသင့် ပြည့်စုံထိုက်သော ဂုဏ်အင်္ဂါများနှင့် ကောင်းကောင်းကြီး ပြည့်စုံစေကာ ပဋိပတ္တိ သာသနာ့ဝန်ဆောင်ပုဂ္ဂိုလ်၊ သာသနာပြုပုဂ္ဂိုလ်အဖြစ်သို့ ရောက်အောင် ညွှန်ကြားပို့ဆောင်နိုင်သော ဤစည်းမျဉ်းဥပဒေများကို မဟာစည် သတိပဋ္ဌာန်အဖွဲ့ဝင် သူတော်စင်အပေါင်း ယောဂီအသစ်အဟောင်းတို့သည် နှစ်ထောင်းအားရ ရွှေအိုးကြီးများကို ရကြသလို ရွှင်ပြဝမ်းသာ ရိုသေစွာဖြင့် လိုက်နာကျင့်သုံးနိုင်ကြပါစေ ။ ဤသို့ လိုက်နာကျင့်သုံးကြ၍ မြတ်စွာဘုရား တည်ထောင်ထားခဲ့သော ပဋိပတ္တိသာသနာတော်၏ ဂုဏ်ရောင်ကို တောက်ပြောင်ထွန်းဝင်း လင်းထက်လင်းအောင် ရွက်ဆောင်နိုင်ကြပါစေကုန်သတည်း။
သာသနာတော်နှစ်
၂၄၉၆ ခု အရှင်သုဇာတ
မြန်မာသက္ကရာဇ်
၁၃၁၄ ခု ကမ္မဋ္ဌာန်းနည်းပြဆရာ
တော်သလင်းလဆုတ်
၅ ရက် သာသနာ့ရိပ်သာ
၈-၉-၅၂ ရန်ကုန်မြို့။