သမ္မာပရိဗ္ဗာဇနိယသုတ်တရားတော်

Author By - မဟာစည်ဆရာတော်ဘုရားကြီး

နောက်ဆက်တွဲ တရားဆွေးနွေးပွဲမှတ်တမ်း (ရောဂါများပျောက်ကင်းပုံ)ပါဝင်သည်။

သမ္မာပရိဗ္ဗာဇနိယသုတ်တရားတော်

Published Date - 1977

Author By - မဟာစည်ဆရာတော်ဘုရားကြီး

232 စာမျက်နှာ


နိဒါန်း

သုတ်ရင်း ပါဠိတော်၏ နိဒါန်း 

နိဒါန်း ဟူသည်မှာ ဟောရာဒေသ ဟောရာကာလ ဟောသည့် ပုဂ္ဂိုလ် နာကြားသူ ဟောခြင်း၏အကြောင်း စသည်ဖြင့် မထင်ရှားသေးသည့် အရာကို ထင်ရှား သိရအောင် ဖော်ပြသော စကားပင် ဖြစ်သည်။ ဤသုတ်ရင်း၏ နိဒါန်းမှာ သုတ်မဟာဝါပါဠိတော် မဟာသမယသုတ်၌ ပြထားသော နိဒါန်းစကားရပ်အတိုင်းပင် ဖြစ်သည်၊ ယင်း နိဒါန်းကို အကျဉ်းချုပ်ဖော်ပြရလျှင်-

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ၄-ဝါနှင့် ၅-ဝါ စပ်ကြား နယုန်လပြည့်နေ့၌ ကပိလဝတ်မြို့တော်၏ အနီး မဟာဝုန်တောကြီးထဲတွင် သန့်ရှင်းသာယာသော သစ်ပင်ကြီးအောက်၌ သီတင်းသုံးနေတော်မူသည်၊ ထိုစဉ်အခါက သောတာပန်ဖြစ်ပြီးသော သာကီဝင် မင်းသား ရဟန်းတော်ငါးရာတို့သည် အထက် မဂ်ဖိုလ်များကို ရရန်အတွက် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းကို ယူကြပြီးလျှင် ထိုတောအုပ်ကြီးထဲ၌ပင် သစ်ပင်အောက် တောင်ချိုင့်စသော သင့်လျော်သည့်အရပ်များ၌ အသီးအသီး နေထိုင်ကြလျက်တရားအားထုတ်ကြရာ ထိုညနေခင်းမှာပင် အရဟတ္တဖိုလ်ပေါက် ဆိုက်ရောက်၍ ရဟန္တာ ဖြစ်တော်မူကြလေသည်။

ထိုသို့ ဖြစ်တော်မူကြပြီးလျှင် ပဌမ အဦးဆုံး ရဟန္တာ ဖြစ်တော်မူသော ရဟန်းတော်သည် မိမိ၏ ရဟန္တာဖြစ်ပုံကို လျှောက်ရန် မြတ်စွာဘုရားထံ လာခဲ့၍ ရှိခိုး ကန်တော့ပြီး သင့်လျော်သော နေရာ၌ ထိုင်နေသည်၊ ထိုသို့ နေထိုင်နေပြီးလျှင် မိမိ၏ နောက်၌ အခြားသူ ရှိ-မရှိ ပြန်လှည့်၍ ကြည့်လိုက်သောအခါ လျှောက်ထားရန် လာနေသော အခြား ရဟန်းတော်တပါးကို တွေ့မြင်ရသဖြင့် မိမိ၏ ရည်ရွယ်ချက်ကို မလျှောက်တော့ဘဲ ဆိတ်ဆိတ်သာ ထိုင်မြဲ ထိုင်နေလေသည်။ နောက် တပါးကလည်း နည်းတူပင် လာရောက်၍ နည်းတူပင် ထိုင်နေလေသည်၊ ဤပုံ ဤနည်းဖြင့် အဆက်မပြတ် ရောက်လာကြပြီးလျှင် အသစ်စက်စက် ရဟန္တာ အရှင်မြတ်ငါးရာတို့ စည်းဝေးမိသောအခါ တသောင်းသော စကြဝဠာတိုက်တို့မှ နတ်ဗြဟ္မာတို့သည် ဘုရားရှင်နှင့်တကွ ရဟန္တာအသစ် ငါးရာတို့ကို ဖူးမြော်ရန် အများအားဖြင့် လာရောက်ကြလေသည်။ မလာပဲ ကျန်နေသော နတ်ဗြဟ္မာတို့မှာ အနည်းငယ်မျှသာ ရှိသည်ဟု ဆို၏။

ဤသို့ လာရောက်ကြသည့် အတိုင်းမသိ များပြားလှစွာသော နတ်ဗြဟ္မာတို့ စည်းဝေးမိသောအခါကို မဟာသမယဟု ဆိုသည်၊ ထိုသို့ စည်းဝေးရောက်လာကြသော နတ်ဗြဟ္မာတို့ကို မြတ်စွာဘုရားက မည်သည့်အရပ်မှ မည်မျှသော နတ်များ လာရောက်ကြသည်စသည်ဖြင့် ကြေငြာတော်မူသည်။ ထိုကြေငြာတော်မူသည့် စကားတော်များကိုပင် မဟာသမယသုတ်-ဟူသော အမည်ဖြင့် သံဂါယနာ တင်တော်မူခဲ့ကြလေသည်။ ထိုသို့ ကြေငြာတော်မူသဖြင့် ပီတိပါမောဇ္ဇဖြစ်ကြလျက် ခန့်ကျန်းသော စိတ်ရှိနေကြသည့် နတ်ဗြဟ္မာတို့အား အရိယမဂ်ဖိုလ်တရားထူးကို ရကြစေရန် ယင်း ဝေနေယျ နတ်ဗြဟ္မာတို့၏ စရိုက်နှင့် သင့်လျော်သော သုတ်တရားတော်များကို ဟောကြားတော်မူခဲ့ပေသည်။ စရိုက် ၆-ပါးနှင့် လျော်စွာ ဟောကြားတော်မူပုံမှာ-

(၁)    ရာဂစရိုက် ရှိသော နတ်ဗြဟ္မတို့အတွက် သမ္မာ ပရိဗ္ဗာဇနီယသုတ် တရားတော်ကို ဟောကြားတော်မူသည်။

(၂)    ဒေါသစရိုက် ရှိသော နတ်ဗြဟ္မာတို့အတွက် ကလဟ ဝိဝါဒသုတ် တရားတော်ကို ဟောကြားတော်မူသည်။

(၃)    မောဟစရိုက် ရှိသော နတ်ဗြဟ္မာတို့အတွက် မဟာဗျူဟသုတ် တရားတော်ကို ဟောကြားတော်မူသည်။

(၄)    ဝိတက်စရိုက် ရှိသော နတ်ဗြဟ္မာတို့အတွက် စူဠဗျူဟသုတ် တရားတော်ကို ဟောကြားတော်မူသည်။

(၅)    သဒ္ဓါစရိုက် ရှိသော နတ်ဗြဟ္မာတို့အတွက် တုဝဋကသုတ် တရားတော်ကို ဟောကြားတော်မူသည်။

(၆)    ဗုဒ္ဓိ(ပညာ)စရိုက် ရှိသော နတ်ဗြဟ္မာတို့အတွက် ပုရာဘေဒသုတ် တရားတော်ကို ဟောကြားတော်မူသည်။

ထိုသို့ ဟောရာ၌လည်း အမေးအဖြေ အနေဖြင့် ဟောမှ ကျွတ်တမ်းဝင်ကြမည့် အခြေအနေကို သိမြင်တော်မူသောကြောင့် မြတ်စွာဘုရားရှင်က နိမ္မိတရုပ်ပွါး ပေါ်တော်မူဘုရားကို ကိုယ်တော်မြတ်နှင့် အလုံးစုံပုံတူ ဖန်ဆင်း တော်မူပြီးလျှင်ယင်း နိမ္မိတဘုရား၏ အမေးကို ဖြေကြားသည့်အနေဖြင့် ဟောတော်မူပေသည်။ ဤမျှဖြင့် သုတ်ပါဠိတော်ရင်းနှင့် စပ်၍ဖော်ပြသင့်သော နိဒါန်းစကားမှာ အကျဉ်းချုပ်အားဖြင့် ပြည့်စုံသွားပါပြီ။

ဤတရားတော် စာအုပ်ဆိုင်ရာ နိဒါန်း

ဤတရားတော် စာအုပ်ဆိုင်ရာ နိဒါန်းကတော့ ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီးသည် ဤသမ္မာပရိဗ္ဗာဇနီယသုတ်၌ ပဌမဆုံးဂါထာကို ဟောခါနီးတွင် တရားပလ္လင်ခံ စကားကို မိန့်ကြားတော်မူခဲ့ပါသည်၊ ထို ပလ္လင်ခံ စကားထဲ၌ အချို့အကြောင်းအရာများ ပါဝင် သွားပါပြီ၊ သို့သော် ယခုခေတ်အားလျော်စွာ ဖော်ပြသင့်သော အကြောင်းအရာ အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အနက်ပြန်ပုံ အထူး

သမ္မာပရိဗ္ဗဇနီယသုတ် အမှတ် (၁) အမေးဂါထာ၌ ပြန်ရိုး ပြန်စဉ် နိဿယနည်းအားဖြင့် - ပဟူတပညံ-ကြီးမား ပြန့်ကျယ်သည့် ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသော၊ တိဏ္ဏံ-ကူးမြောက်တော်မူပြီးသော၊ ပါရင်္ဂတံ-တဖက်ကမ်း သို့ရောက် တော်မူပြီးသော၊ ပရိနိဗ္ဗုတံ-ကိလေသာမီး ငြိမ်းအေးတော်မူပြီးသော၊ ဌိတတ္တံ-တည်ငြိမ်သည့် စိတ်နှလုံး ရှိတော်မူသော၊ မုနိ - ရှင်တော်မြတ်ဘုရားကို၊ ပုစ္ဆာမိ-မေးမြန်းပါသည်-ဟူ၍မပြန်ပဲ ပဌမဝိသေသနပုဒ်နှင့် ဝိသေသျပုဒ်ကို ဆက်စပ်၍၎င်း၊ ထို့နောင် ဝိသေသန ၂-ပုဒ် ၂-ပုဒ်တို့ကို တပေါင်းတည်းပြု၍၎င်း ပြန်ဆိုထားသည်မှာ ပါဠိမတတ် သူတို့အတွက် ချောမော၍ သိနားလည်လွယ်ဘွယ် ရှိပါပေသည်။ (နှာ ၂ )

အသိဉာဏ် ပွင့်လင်းဘွယ် ပြဆိုချက်များ

ထို ပဌမဂါထာ၌ တဖက်ကမ်းရောက် ကူးမြောက်တော်မူပုံကို သြဃလေးဖြာ သံသရာရေယဉ်ကျော၌ နစ်မျောနေကြသော သတ္တဝါတို့နှင့် နှိုင်းယှဉ်၍ ဖော်ပြထားသည်မှာ စာရှုသူတို့အတွက် အသိဉာဏ် ပွင့်လင်းဘွယ် ကောင်းလှ ပါပေသည်။ (နှာ ၂-ပင်)

မင်္ဂလာကို ပယ်ရမည် ဟူရာ၌ ပယ်ရမည့် လောကီမင်္ဂလာများကို ထုတ်ပြပြီးလျှင်၊ ထို လောကီမင်္ဂလာနှင့် အမင်္ဂလာများကြောင့်ပင် ကောင်းကျိုး ဆိုးကျိုးများရသည် ဟူသော အယူအစွဲကို ပယ်ဘို့သာ လိုရင်းဖြစ်ကြောင်း ကမ္မဿကတာသမ္မာဒိဋ္ဌိနှင့် နှီးနှော၍ ဖွင့်ပြထားသည်မှာလည်း ရှင်းလင်း ပြတ်သားလှပါပေသည်။ (နှာ ၅-၇)

ရဟန်းများ ဘုရားဟောအတိုင်းသာကျင့်သင့်ပုံ

အဂ္ဂမဟာပဏ္ဍိတ ဆဋ္ဌသင်္ဂီတိပုစ္ဆက ကျေးဇူးရှင် မဟာစည်ဆရာတော် ဘုရားကြီးသည် တရားတော်များ ကျမ်းစာများကို ဟောကြားရေးသားရာ၌ ပရိယတ္တိဉာဏ် အမြင်စာတွေ့သက်သက်မျှဖြင့် ဟောကြား ရေးသားတော်မူသည် မဟုတ်ပေ၊ ၁၂၉၃-ခုနှစ်က သထုံမြို့ မင်းကွန်းဇေတဝန် ဆရာတော်ဘုရားကြီးထံ၌ သတိပဋ္ဌာန် ဝိပဿနာအလုပ်ကို အားထုတ်ခဲ့သည်မှ စ၍ ဖြစ်ပွါးခဲ့သော ပဋိပတ္တိဉာဏ်တွေ့များဖြင့်၎င်း၊ ၁၃၀ဝ-ပြည့်နှစ်မှစ၍ တရားပြ စစ်ဆေးပပြုြင်ပေးရာ၌ တပည့်များနှင့် မိမိပါ သိရသည့် ကိုယ်တိုင်တွေ့များဖြင့်၎င်း၊ ဤနှစ်ရပ်သော ဉာဏ်တွေ့များဖြင့်လည်း ဟောကြားရေးသားတော်မူခြင်း ဖြစ်ပေ

သည်၊ ယခုအထိ ဆိုလျှင် ဝိပဿနာကမ္မဋ္ဌာန်းတရား ဟောကြားညွှန်ပြ နေသော ကာလမှာ ၃၉-နှစ်ရှိ၍, တရားစအားထုတ်ခဲ့သော ကာလမှာ ၄၆-နှစ် ရှိနေပေပြီ၊ ထို့ကြောင့် ဆရာတော် ဘုရားကြီး၏ အလိုတော်မှာ “ဘုရားဟောတဲ့ အတိုင်းသာကျင့်၊ ဘုရားဟောနဲ့ဆန့်ကျင်တာကို မကျင့်နဲ့” ဟူ၍ပင် ဖြစ်ပါသည်။ ထိုအကြောင်းကို ဤတရား တော် စာအုပ် (နှာ ၁၀) ၌- “ဘုန်းကြီးတို့ကတော့ ရက်ရာဇာ ပြဿဒါး စသည်တွေကို ယုံကြည်တာဟာ အလုပ်ပိုဘဲလို့ အသိအမှတ်ပြုထားပါတယ်” စသည်ဖြင့် အတိအလင်း ရဲရင့်ပြတ်သားစွာ မိန့်ဆိုထားပါတယ်။

နက္ခတ်ကောင်းရက်ကောင်းမင်္ဂလာကို ရွေးချယ်ပြီး အလုပ်ကိစ္စကို ဆိုင်းငံ့ထားလျှင် အကျိုးမဲ့ ဖြစ်တတ်ပုံကို ပါဠိအဋ္ဌကထာလာ ဇာတ်ဝတ္ထုဖြင့်၎င်း၊ ယခု မျက်မှောက်ဝတ္ထုဖြင့်၎င်း ပြထားသည်မှာလည်း မှတ်သားဘွယ် ကောင်းလှပါပေသည်။ (၁၁-၁၂)

ဤ သမ္မာ ပရိဗ္ဗာဇနီယသုတ် ဘုရားစကားတော်ကို ရိုသေလေးစားသော ရဟန်းတော်များသည် လောကီမင်္ဂလာကို အားမပေးသင့်ကြောင်း ပြဆိုထားသည်မှာလည်း ဘုရားအလိုတော်ကျဖြစ်၍ မှတ်သားသင့် လိုက်နာသင့်လှပေသည်။ (၁၇)

ကိလေသာကို ပယ်နိုင်အောင် အားထုတ်ပုံများ

နှာ (၁၉-၂၁)တို့၌ ကာမရာဂပယ်ပုံကို ပါဠိ အဋ္ဌကထာနှင့်အညီ နည်းမျိုးစုံဖြင့် ပြထားသည်မှာ ပေါ်လွင် ထင်ရှားလှပါပေသည်။

နှာ (၂၉-၃၂) တို့၌ စတုသစ္စကမ္မဋ္ဌာန်းဖြင့် ဝိပဿနာမဂ်ကို ပွါးစေ၍ အရိယမဂ် ဆိုက်ရောက်ပုံ၊ ဘဝသုံးပါးမှလွတ်မြောက်သွားပုံများကို ပြထားသည်မှာလည်း ကျဉ်းကျဉ်းနှင့် ရှင်းလင်း ပေါ်လွင်လှပါပေသည်။

ဤသုတ်တရားတော်ထဲ၌ ရှေ့နားက ဟောခဲ့ပြီးအနက်များကိုပင် ဝေါဟာရအထူးတို့ဖြင့် ထပ်ကာ ထပ်ကာ ဟောတော်မူခြင်း၏ အကြောင်းကို ဖြေရှင်းပြထားသည်မှာလည်း အသင့်ယုတ္တိရှိလှပေသည်။ (၃၄-၃၅)

ချစ်စရာ မုန်းစရာကို ပယ်ရန်နည်းများကို ပြထားသည်မှာလည်း အထူးသတိပြုဘွယ် ကောင်းလှပါပေသည်။ (၄၁-၄၂)

အစွဲအမှီကင်းအောင် အားထုတ်ပုံကို သတိပဋ္ဌာန်လေးပါးဖြင့် ဖွင့်ပြထားသည်မှာလည်း ဘုရားဟော စကားတော်ဖြင့်ပင် ဖွင့်ပြဟောကြားခြင်းဖြစ်၍ အလွန်ပင် သဘာဝကျ၍ ယုတ္တိရှိလှပါပေသည်။ (၄၄-၄၅)

ကိုယ်နှုတ်စိတ်ဖြင့် လျော်အောင်ကျင့်ပုံကို သရုပ်ဖော်ပြီးလျှင် မနောသုစရိုက်ဆိုင်ရာ၌ ဝိပဿနာရှုပုံကို သရုပ်ဖော်၍ ပြထားသည်မှာလည်း ပဋိပတ်လက်မဲ့ ပုဂ္ဂိုလ်များ မသိနိုင်သော အရာဖြစ်၍ နက်နဲလှပါပေသည်၊ ထိုသို့ နက်နဲသည်ကို အများသိနားလည်အောင် ပြဆိုထားသည်မှာ အလွန်ပင် အားရကျေနပ်ဖွယ် ကောင်းလှပါပေသည်။ (၆၀-၆၁)

ရှိခိုးပူဇော်ခံရသောကြောင့် မာန်မတက်ရ၊ ဆဲဆိုခံရသောကြောင့်လဲ စိတ်မဆိုးရ-ဟူရာ၌ မြတ်စွာဘုရားရှင်က မိမိကဲ့သို့ပင် နှလုံးသွင်းရန် ညွှန်ကြားတော်မူထားချက်ကိုပါ ဖော်ပြထားသည်မှာ အလွန်ပင် ကြည်ညိုဘွယ် ကောင်းလှပါပေသည်။ (၇၁-၉)

နှာ (၈၈-၉၀) တွင် ယုံမှားမှု ဝိစိကိစ္ဆာကိုပယ်ရာ၌ သုတသိဖြင့် ဆင်ခြင်၍ပယ်ပုံ၊ ရှုမှတ်၍ ကိုယ်တိုင်တွေ့ ဘာဝနာသိဖြင့် ပယ်ပုံ၊ အရိယမဂ်ဖြင့် ပယ်ပုံများကို ပြထားသည်မှာ ပြည့်စုံလှပါပေသည်။

မိမိနှင့် လျော်တာကိုသိပြီး ပြုကျင့်ရမည်-ဟူရာ၌လျော်တာအရ ဖွင့်ပြပုံမှာ ပြည့်စုံ သင့်မြတ်လှပါပေသည်။(၉၄-၉၆)

အမှန်သိပုံကို ပရိညာပဋိဝေဓ စသည်ဖြင့် ဝေဘန်၍ ဖွင့်ပြထားသည်မှာလဲ ကျမ်းဂန်များနှင့် ညီညွန်၍ သင့်မြတ်လှပါပေသည်။ (၉၇-၉၉)

နှာ (၁၀၄) စသည်၌ အနုသယကို အာရမ္မဏာနုသယသန္တာနာနုသယတို့ဖြင့် ခွဲခြားပြပြီးလျှင် ဝိပဿနာဖြင့် အာရမ္မဏနုသယပယ်ပုံကို ပြထားသည်မှာ ပေါ်လွင်ထင်ရှား၍ ခိုင်လည်းခိုင်လုံ လှပါပေသည်။

နှာ (၉၉) ကြောင်း (၁၆-နှင့် ၁၇) တို့၌ ဝိပဿနာရှုတယ်ဆိုယင် အဲဒီ တဒင်္ဂနိရောဓ ဆိုက်ရောက်ပုံကို တိတိကျကျပြပြီး ဝန်ခံနိုင်ဘို့လိုပါတယ်-လို့ အထူးသတိပေးသည့်အနေဖြင့် ပြဆိုထားပါသည်။ ထိုသတိပေးစကား ရပ်ထဲမှ တိတိကျကျပြပြီးဆိုသော စာခြောက်လုံးမျှဖြင့် ဝိပဿနာတရားကိုလဲ ကြုံတိုင်းနာ, ဝိပဿနာစာအုပ်တွေကိုလဲ ရတိုင်းဖတ်ပြီး တရားမှန်ကို ရှာကြံလိုက်စားနေသည့် သူတော်စင်တို့အား စဉ်းစားဆင်ခြင်ဘို့ အထူးသတိပေးလိုက်ခြင်းဖြစ်ပေသည်။ ယင်းစာခြောက်လုံးဟာ စာသားကျဉ်းသလောက် အဓိပ္ပါယ်ရှင်းလှပါပေသည်၊ ဝန်ခံနိုင်ဘို့ လိုပါတယ်ဆိုတော့ ဝန်ခံနိုင်တဲ့ ဆရာကို ရှာဘို့ပါဘဲ။

မြန်မာပြန်နှင့်ဆောင်ပုဒ်

ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးသည် ပါဠိတော်ကို မြန်မာပြန်ဆို ရေးသားတဲ့နေရာမှာ တိုတိုကျဉ်းကျဉ်းဖြင့် လိုရင်းကို သိလွယ်စေသလိုပင် ဆောင်ပုဒ်စီ၍ ဟောပြရာမှာလဲ တိုတို ကျဉ်းကျဉ်းဖြင့် လိုရင်းသိစေကာ နှုတ်တက်ဆောင် ထားဘို့ရာလဲ လွယ်ကူစေပါသည်။

တရားဟောရာ၌ ပါဠိစာပေ မြန်မာစကားပြင်တွေကို ဆောင်ပုဒ်ဖြင့် မှတ်တမ်းတင်ကာ တခေတ်ဆန်းလာသည်မှာ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး၏ ဉာဏ်စွမ်းရည်ထူးကြောင့်ဟု ဆိုလျှင် မှားမည်မဟုတ်ပေ၊ ဆရာတော်ဘုရားကြီးဟောတော်မူသော တရားပွဲတိုင်းမှာလိုလိုပင် ဆောင်ပုဒ် စာရွက်များကို ဝေငှပြီး ဟောတော်မူလေ့ ရှိပါသည်၊ ၂-နာရီ ၃- နာရီကြာ တရားပွဲကြီးကို ဆောင်ပုဒ်လေးငါးခုမျှဖြင့် အကျဉ်းချုံးပြီး ဟောတော်မူသဖြင့် တရားနာပရိသတ်များ အိမ်ပြန်ရောက်သောအခါ မည်သို့သော တရားကို ဟောတော်မူကြောင်း အတိအကျ တဆင့်ပြောနိုင်ကြသည်မှာ ယင်းဆောင်ပုဒ်များ၏ စွမ်းရည်ကြောင့်ပင် မဟုတ်ပါလော။

ဤသမ္မပရိဗ္ဗာဇနီယသုတ်သည် ကိုယ်တိုင်သိနားလည်ရန်လည်းခက်၏၊ သူတပါးတို့အား သိနားလည်အောင် ဟောပြောရန်လည်း အလွန်ခက်၏၊ သို့ဖြစ်ပါလျက် ယင်းသုတ်တရားတော်ကို သိလွယ်သော ဆောင်ပုဒ် (၃၇)ပုဒ်မျှဖြင့် (ထပ်တူကိုချန်ထားသည်) လိုရင်းအနက်ပြည့်စုံအောင် အတိုချုံး၍ ပြထားသည်မှာ အံ့ဘွယ်ပင် ဖြစ်ပါပေသည်။

နှာ (၁၅၁) စသည်၌ “အညာယ ပဒံ သမေစ္စ ဓမ္မံ” ဟူသော ပါဌ်ကို ၂-နည်း အနက်ပြန်၍ အဓိပ္ပါယ် ဖွင့်ပြထားသည်မှာ အလွန်ပင် ရှင်းလင်းပေါ်လွင်လှပါပေသည်၊ မဂ်ရောက် ဖိုလ်ရောက် တကယ်အားထုတ်လိုသော သူတော်စင်တို့ အတွက် အလွန်ပင် အားရနှစ်သိမ့်ဘွယ် ဖြစ်ပါပေသည်။

ဤစာရေးသူသည် ၁၃၃၁-ခုနှစ်က ဆရာတော်ဘုရားကြီး ထံတော်၌ နည်းယူ၍ တရားအားထုတ်နေသည့် အချိန်အထိ မိမိ၏ စိတ်ထဲ၌ ကျေးဇူးရှင်ဆရာတော်ဘုရားကြီး၏ ပဋိပတ်ဂုဏ်ကသာလျှင် ရှေ့တန်းက ပေါ်ထွက်နေခဲ့ပါသည်၊ မဟာစည် ပဋိပတ္တိသာသနာဝင်ကျမ်းကြီးကို ဖတ်ရှုရသော အခါကျမှ ဝိသုဒ္ဓိမဂ် မဟာဋီကာနိဿယ ရေးသားပုံစသည် အခက် အခဲ အနက်အနဲများစွာတို့ကို ထင်ရှားတွေ့ရသဖြင့် ပရိယတ္တိ ဂုဏ်ထူးများပါ စိတ်ထဲ၌ ထင်ရှားပေါ်လာသဖြင့် ဖတ်ရှုနေယင်းပင် နှလုံးသားများ လှုပ်ရှားလာကာ ကြက်သီးများ တဖြန်းဖြန်းထပြီး ရင်ဝမှာ ဆို့နင့်လျက် မျက်လုံးများလည်း ရီဝေ, ဦးနှောက်တွေလည်း လေးလာသည်အထိ ရှေးက ဖြစ်ခဲ့သည့် ဗဟုသုတ အမြင်မမှန် ပရိယတ္တိဒဏ်တွေကို ခံစားခဲ့ရပါသည်။

ယင်းသို့သော အထင်အမြင်မှားကို ဝန်ချကန်တော့သည့်အနေဖြင့် ကျေးဇူးရှင်ဆရာတော်ဘုရားကြီး၏ ဤသမ္မာပရိဗ္ဗာဇနီယသုတ် တရားတော်၌ ချီးကျူးဘွယ် မှတ်သားဘွယ် ဂုဏ်တို့ကို အကုန်ဖော်ပြရန် ထက်သန် လိုလားလျက် ရှိပါသည်၊ သို့သော်လည်း ထိုသို့ပြဆိုနေလျှင် ဤနိဒါန်းသည် ကျမ်းစားကိုယ်နှင့် အဆမတန်အောင် ကျယ်ဝန်းသွားပါ လိမ့်မည်။ သို့ဖြစ်၍ ဤသုတ်တရားတော်စာအုပ် ဖြစ်ပေါ်လာခြင်း၏ အကြောင်းကို အကျဉ်းမျှ ဖော်ပြပြီးလျှင် ဤနိဒါန်းကို နိဂုံးချုပ်ပါတော့မည်။

ဤတရားတော်စာအုပ် ဖြစ်ပေါ်လာခြင်းအကြောင်း

ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၂၂ ခုနှစ်က မဟာသမယ ၆-သုတ်ကို ရန်ကုန်မြို့ သာသနာ့ရိပ်သာ ဖလ်ယဉ်ဓမ္မာရုံကြီး၌ နယုန်လပြည့်နေ့မှစ၍ သီတင်းနေ့တိုင်းဖွင့်ပြဟောကြား တော်မူခဲ့ပေသည်၊ ထိုသို့ ဟောကြားစဉ်က အသံဖမ်းယူထားသော တိတ်ခွေမှ ပုရာဘေဒသုတ် တရားတော်ကို ကြားနာကြရသောသူ များစွာတို့က ကျမ်းစာအုပ်အဖြစ် ပုံနှိပ်ဖြန့်ဝေရန် တောင်းပန် လျှောက်ထားကြသဖြင့် တိတ်ခွေမှ ထုတ်ယူလာသော စာမူကို ဆရာတော်ဘုရားကြီးက စိစစ်ပြင်ဆင်၍ ပုံနှိပ်ဖြန့်ဝေရန် ခွင့်ပြုတော်မူလိုက်လေသည်။

ထိုခွင့်ပြုချက်အရ ပုံနှိပ်ဖြန့်ဝေသော ပူရာဘေဒသုတ် တရားတော်စာအုပ်ကို ဖတ်ရှုကြရသောသူတို့က အလွန်နှစ်သက်ကြသဖြင့် အခြားမဟာသမယ ၅-သုတ် တို့ကိုလည်း အလားတူ တရားစာအုပ် ဖြစ်မြောက်စေလိုကြသည်၊ အထူးအားဖြင့် ထိုစဉ်အခါက ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဖြစ်သော ဒါယကာကြီးဦးလှမောင်က ထိုသို့ ကျမ်းစာအုပ်အဖြစ် ပြုစု၍ ဖြန့်ဝေရန် အကြိမ်ကြိမ်လျှောက်ထား တောင်းပန်ခဲ့လေသည်။ ယင်းသို့ တောင်းပန်ချက်အရ တုဝဋကသုတ် တရားတော် စာအုပ်ကို ၁၃၃၇-ခုနှစ်က ထုတ်ဝေခွင့် ပြုတော်မူခဲ့သဖြင့် ၁၃၃၈-ခုနှစ် နတ်တော်လက ဖြန့်ချိထုတ်ဝေခဲ့လေသည်။

ထို့ပြင် ကျန်နေသေးသော မဟာသမယ ၄-သုတ်တို့ကို လည်း တရားစာအုပ်အဖြစ် ပြုစုဖြန့်ချိရန် အခြားသူတို့ကလည်း တောင်းပန်လျှောက်ထားကြပြန်သဖြင့် ၁၃၃၈-ခုနှစ် သီတင်းကျွတ်လကွယ်နေ့မှ စ၍ နံနက် ၈-နာရီခွဲ အချိန်တွင် ရှစ်ပါးသီလ ပေးပြီးသောအခါ ဥပုသ်သည် တို့အား ဤသမ္မာပရိဗ္ဗာဇနီယ သုတ်မှ အဖြေဂါထာ တဂါထာချင်း သီတင်းနေ့တိုင်း ထုတ်ဖော်ဖွင့်ပြ၍ ဟောကြားတော် မူခဲ့ပါသည်။ ထိုသို့ ဟောတော်မူသည့်တရားကို ရန်ကုန်မြို့ ရွှေတောင်ကြားလမ်း (၄၆) နေ B.A.B.L ဒါယကာ ဦးလှကြိုင်က ကက်ဆက်ဖြင့် ဖမ်းယူ၍ ယင်းကက်ဆက်ခွေမှ လက်ရေးစာမူအဖြစ် ရေးသားပြုစုခဲ့ ပါသည်၊ ထိုစာမူကို ကျေးဇူးရှင် ဆရာတော်ဘုရားကြီးက ကြည့်ရှု စိစစ်ပြင်ဆင်ပေးတော်မူခဲ့ပါသည်။

ဤသို့ စိစစ်ပြုပြင်ပြီးသော စာမူချောကို ဆရာတော် ဘုရားကြီးက ဤစာရေးသူအား ပေးအပ်၍ နိဒါန်းရေးထည့်ရန် အမိန့်ရှိညွှန်ကြားတော်မူလိုက်ပါသည်၊ ယင်းတရားတော် စာမူကို ဖတ်ရှုပြီးလျှင် ထူးခြားသော ဖွင့်ပြဟောပြောတော်မူချက် များကို တွေ့ရသဖြင့် ဤစာရေးသူမှ စာရှုသူတို့အား ဖြစ်ပွါးမည့် အသိဉာဏ်ထူးစသည်ကို မြှော်မြင်၍ အလွန်ပင် ဝမ်းမြောက်ဝမ်းသာခြင်း ဖြစ်ရပါသည်။ ထိုသို့ ဝမ်းမြောက် ဝမ်းသာဖြစ်လျှင် ဤတရားတော် ကျမ်းစာ၏ ဂုဏ်ထူးများနှင့် သိမှတ်ဖွယ်များကို မိမိဉာဏ်မှီသမျှ ဖော်ပြရေးသားလျက် စာရှုမည့် သူတော်စင်တို့အား အစွမ်းကုန် အကူအညီပေးလိုက် ရပါတော့သည်။

နိဂုံးချုပ် ဆုတောင်းပတ္ထနာ

ဤတရားတော်စာအုပ်ကို ဖတ်ရှုကြသော သူတော်စင်တို့သည် ဘုရားအလိုတော်ကျ ကျင့်နည်းမှန်ကို သဘောပေါက်နားလည်ကြပြီးလျှင် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ အလိုတော်နှင့်အညီ သီလ သမာဓိ ဝိပဿနာပညာ အရိယမဂ်ဖိုလ်ပညာတို့နှင့် ပြည့်စုံအောင် ကျင့်သုံး အားထုတ် နိုင်ကြပါစေသောဝ်။ 


အရှင်ဝါယမိန္ဒ

(ကမ္မဋ္ဌာနာစရိယ)

၁၃၃၉-ခုနှစ် သာသနာဓဇသိရီပဝရဓမ္မာစရိယ

ကဆုန်လဆုတ် ၆-ရက်။ မင်းကန်ကြီး

(၇၊ ၅၊ ၇၇) မဟာစည်သာသနာ့ရိပ်သာ

မြန်အောင်မြို့။