အနုမောဒနာတရားတော်
Author By - မဟာစည်ဆရာတော်ဘုရားကြီး
နိဓဓိကဏ္ဍသုတ်တရားတော်၊ သဘာဝဓဓမ္မဆရာသန်းနှင့်ဇနီးတို့၏ မွေးနေ့တရားတော်
အနုမောဒနာတရားတော်
Published Date - 1978
Author By - မဟာစည်ဆရာတော်ဘုရားကြီး
89 စာမျက်နှာ
အမှာစကား
ဘဝတုသဗ္ဗမင်္ဂလံ
ကျွန်တော်တို့သည် ၁၃၀၉-ခု၊ ၁၃၁၀-ခုနှစ်က ဗဟန်း ရေတာရှည်လမ်းသစ်၌၊ တနှစ်ကျော်ခန့်နေခဲ့ဖူး၍၊ သဘာဝဓမ္မ ဆရာသန်းကို သိခဲ့သော်လဲ ခင်မင်ရင်းနှီးမှုတော့ မရှိခဲ့ပါ။
၁၃၁၁-ခုနှစ်သို့ရောက်မှ
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ရန်ကုန်မြို့၊ သာသနာ့ရိပ်သာသို့ ကြွရောက်သီတင်းသုံးတော်မူ၍၊
ဝိပဿနာတရားတော်ကို ဟောကြားပြသတော်မူ သောအခါ၊ တရားအားထုတ်ရန် လာရောက်ကြသော ရဟန်းရှင်လူ
ယောဂီသူတော်စင်များထဲတွင် သဘာဝဓမ္မဆရာသန်းသည် တဦးအပါအဝင်ဖြစ်လာသည်သာမက ကျွန်တော်တို့
အကျိုးဆောင်အဖြစ် တာဝန်ယူဆောင်ရွက်ရသော ယောဂီထောက်ပံ့ရေးအဖွဲ့အား တလလျှင်ကျပ်ငွေ (၁၀/-)
အမြဲနိဗဒ္ဓဝတ် ထည့်ဝင်လှူဒါန်းသောအဖွဲ့ဝင် ဖြစ်သောကြောင့် ကျွန်တော်တို့နှင့် ခင်မင်ရင်းနှီးသော
ဓမ္မမိတ်ဆွေ ဖြစ်လာခဲ့ပါတော့သည်။
သဘာဝဓမ္မ
ဆေးပညာသင်ခြင်း
ဆရာသန်းသည်
ပုသိမ်မြို့အရှေ့ပိုင်း ရသေ့ချောင်းရွာဇာတိဖြစ်၏၊ အသက် ၂၄-နှစ်ခန့်ကပင် ရန်ကုန်မြို့သို့
ပြောင်းရွှေ့နေထိုင်၏၊ တိုင်းရင်းမြန်မာဆေးပညာကိုပင် ဝါသနာပါသူဖြစ်သဖြင့်၊ မူလသဘာဝ
ဓမ္မဆရာတော်ကြီး ဦးဣန္ဒြိယ၏ထံ၌ ဆေးပညာသင်တန်း ၃-နှစ်ကျော် တက်ခဲ့၍၊ ဆရာတော်ကြီး၏ ဆေးခန်း၌လဲ၊
ဝေဒနာသည်တို့အား လက်တွေ့ကုထုံး ၃-နှစ်ခန့် ကုသ၍ သင်ကြားခဲ့ရလေသည်၊ ၎င်းမှတဖန် သဘာဝဓမ္မဗဟိုရ်အဖွဲ့ချုပ်က
ဆောင်ရွက်သော သဘာဝဓမ္မ ကုသိုလ်ဖြစ် အခမဲ့ဆေးကုဌာန၌ တာဝန်ခံကုသရေး ဆေးဆရာကြီးအဖြစ်ဖြင့်
ကန်တော်ကြီး တဲအိမ် စစ်ပြေးဒုက္ခသည်တို့အား (၇)နှစ်တိုင် ကုသပေးခဲ့ပါသည်။
ဆရာသန်း
ဆေးကုဌာန
အသက် ၄၀-အရွယ်မှာ အထောက်အပံ့ကောင်းရ၍ ဗဟန်းနယ်မြေ ကြားတောရအုဌ်လမ်း၌ သင်္ကန်းပရိက္ခရာဆိုင်ဖွင့် တည်ထောင်ခဲ့ရာ အောင်မြင်ကြီးပွါးခဲ့၏၊ ဆေးပညာကလဲ အကျိုးပေးလာ၍ ၁၃၁၇-ခုနှစ်မှာပင် သင်္ကန်းပရိက္ခရာဆိုင်ကို ဆရာကတော် ဒေါ်စိန်းရင်အားလွှဲ၍ ယခုလက်ရှိနေထိုင်ရာ ဗဟန်းရေတာရှည်လမ်းသစ် အမှတ်-၃၄(က)၌၊ သဘာဝဓမ္မ ဆရာသန်း၏ ဆေးကုဌာနနှင့် ဆေးတိုက်ကိုဖွင့်ခဲ့၏၊ ဆေးလဲကုသ၊ ဆေးလဲရောင်းခဲ့၏၊ ကုသိုလ်ဖြစ်ကုသင့်သူတို့အားလဲ ဆေးများကို လှူဒါန်းခဲ့၏၊ ရန်ကုန်မြို့ သာသနာ့ရိပ်သာ မြန်မာဆေးခန်း ဆရာများအဖွဲ့၌လဲ ဆရာသန်းသည် ဥက္ကဋ္ဌအဖြစ်နှင့် ရဟန်းရှင်လူ ယောဂီတို့အားလဲ အလှည့်ကျသွားရောက်၍ ကုသိုလ်ဖြစ်ဆေးဝါးများ ကုသပေးခဲ့၏၊ ဆေးသုတေသီတို့အားလဲ သဘာဝဓမ္မ ဆရာဖြစ် သင်တန်းကို ဖွင့်လှစ်၍ သင်ကြားပေးခဲ့သည်မှာ နှစ်ပေါင်း ၂၀-ကျော်ခန့်ရှိပါသည်၊ ၎င်းအပြင် လက်တွေ့ကုထုံး ဆေးကျမ်းကြီး ၄-ကျမ်းနှင့် ဓာတ်စာကုထုံးကျမ်း ၂-ကျမ်း ပေါင်း ဆေးကျမ်း ၆-ကျမ်းကိုလဲ ရေးသားပြုစု၍ ပုံနှိပ်ဖြန့်ချီခဲ့သည်မှာ ပဌမကျမ်း ၅-ကြိမ်၊ ဒုတိယကျမ်း ၃-ကြိမ်၊ တတိယကျမ်း ၂-ကြိမ် ပုံနှိပ်ပြီးခဲ့ပါသည်။
တိုင်းရင်းမြန်မာ
ဆေးခန်းမှူး
နိုင်ငံတော်အစိုးရက တိုင်းရင်းမြန်မာ ဆေးပညာကို ပြန်လည်ဖော်ထုတ်သောအားဖြင့် မြို့နယ်အရပ်ရပ်တို့၌ တိုင်းရင်းမြန်မာ အခမဲ့ဆေးကုဌာနတို့ကို ဖွင့်ပေးသောအခါ၊ ဆရာသန်းသည် ဗဟန်းမြို့နယ် တိုင်းရင်းမြန်မာ အခမဲ့ဆေးကုဌာန၌ လက်ထောက်ဆေးမှူး ၂-ယောက်၊ ဆေးလုလင်တယောက်နှင့်အတူ ဆေးခန်းမှူးကြီးအလုပ်နှင့် (၁၆)နှစ်လုပ်ခဲ့ပြီး ပင်စင်လစာဖြင့် အနားယူခဲ့ပါသည်။
ဒါန၊
သီလ ဘာဝနာကုသိုလ်တို့ကို ဆည်းပူးခြင်း
ဆရာသန်းသည်
အလှူဒါနပါရမီဆည်းပူးရာမှာလဲ သာသနာရေးနှင့် အသင်းအဖွဲ့များ ရိပ်သာနှင့် ဘုန်းကြီးကျောင်းများ၌
တမြဲတစေ နိဗဒ္ဓဝတ်ထား၍ ဝတ္ထုပစ္စည်းများ လှူဒါန်းခဲ့သလို သီလပါရမီဖြင့် ဆည်းပူးရာ၌လဲ
ငါးပါး၊ ရှစ်ပါး၊ ဥပုသ်ရက်ရှည် စောင့်ခဲ့သူဖြစ်ပါ၏၊ ဘာဝနာလုပ်ငန်းကို အသက် ၂၃-နှစ်
ရဟန်းသုံးဝါအရမှာ ဧကသနိက်ပတ်တပိုဏ်ဓုတင် ဆောက်တည်၍ မော်လမြိုင် တောင်ဝိုင်းကလေး တောရ
ပဓာနိကာရုံ ကျောင်းဝိုင်းအတွင်း တောင်စောင်းရှိ ကမ္မဋ္ဌာန်းကျောင်းငယ် တကျောင်း၌ တနှစ်ကျော်ခန့်
သီလ-သမာဓိ-ဘာဝနာအလုပ်ကို ပြင်းပြင်းထန်ထန် အားထုတ်ခဲ့ဘူးကြောင်းသိရ၏၊ အဆုတ်နာစသော ရောဂါဝေဒနာအမျိုးမျိုး
ဖြစ်လာ၍ ရဟန်းသုံးဝါအရမှာ လူဝတ်လဲခဲ့ရ ပါသည်။
ဝိပဿနာတရား
အားထုတ်ခြင်း
၁၃၁၃-ခုနှစ်သို့ရောက်သောအခါ
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး သီတင်းသုံးတော် မူရာ သာသနာ့ရိပ်သာသို့ သွားရောက်၍
နေ့ရောညဉ့်ပါ ၂-လနီးပါး အချိန်ပြည့် ကမ္မဋ္ဌာနစရိယဆရာတော်တို့ ကျေနပ်လောက်အောင် ဝိပဿနာတရားတော်ကို
ကြိုးကြိုးစားစား အားထုတ်ရှုမှတ်ခဲ့သည်ကို သိရ၏၊ သင်္ကြန်ကျတိုင်း ဆေးခန်းပိတ်သောရက်နှင့်
သီးသန့်ခွင့်ယူသောရက် ၁၅-ရက်ခန့်မှာ ၈-ပါးသီလနှင့် နှစ်စဉ် ၆-နာရီ သာသနာ့ရိပ်သာ နိုင်ငံခြားသား
ကမ္မဋ္ဌာန်းတိုက်သို့ သွားရောက်၍ နံနက် ၈-နာရီ၊ ၉-နာရီကျအောင် တရားအားထုတ်ခဲ့သည်မှာ
၁၁-နှစ်ကျော် ကြာခဲ့ပါသည်၊ အသက်ကြီးလာ၍ ကျန်းမာရေး မကောင်းသောကြောင့် သာသနာ့ရိပ်သာသို့
မသွားတော့ဘဲ အိမ်မှာ အချိန်ရသလောက် တရားရှုလျက်နေသည်ကို သိရပါသည်။
ဓမ္မဒေသနာဖြန့်ချီရေးအဖွဲ့
ဖွဲ့စည်းခြင်း
ကျေးဇူးတော်ရှင်
မဟာစည် ဆရာတော်ဘုရားကြီးသည် မြန်မာသက္ကရာဇ် ၁၃၂၃-ခု၊ တော်သလင်းလ္ဆန်း ၁၅-ရက်၌ “ဆရာသန်းက
ခေါင်းဆောင်၍ ဓမ္မဒေသနာဖြန့်ချီရေးအဖွဲ့ကို ဖွဲ့စည်းပါ၊ ၎င်းအဖွဲ့၌ ဆရာသန်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍
သင့်တော်သော အမှုဆောင်များကို ဖွဲ့စည်းပါ”ဟု ဆရာတော်ဘုရားက အမိန့်ရှိသောကြောင့် အထက်ပါ
နေ့ရက်မှာပင် ဓမ္မဒေသနာ ဖြန့်ချီရေးအဖွဲ့ကို ဖွဲ့၍ အဖွဲ့၏ ရည်ရွယ်ချက်အတိုင်း စာအုပ်များကို
စည်းကမ်းတကျ ဖြန့်ချီထုတ်ဝေခဲ့ပါသည်။
ဆရာသန်းသည်
လောကီစီးပွားရေး၊ လောကုတ္တရာ စီးပွားရေးတို့၌ အလုပ်အကိုင် အောင်မြင်ပြီး ကြီးပွားခဲ့သည်မှာ
အံ့ဘွယ်တရပ် ဖြစ်ပါ၏။ ထို အံ့ဘွယ်ဂုဏ်ကို ဆောင်ယူနိုင်ခဲ့သည်မှာ ဗုဒ္ဓမြတ်ဘုရား ဟောကြားတော်မူသော
သမ္ပဒါတရားလေးပါးကို ကိုယ်တိုင်ကောင်းစွာ လိုက်နာကျင့်သုံးခဲ့သူ ဖြစ်သောကြောင့်ဟု အများက
မြင်ကြပါသည်။
ဆရာသန်း
အသက်
ဆရာသန်းသည်
ကျန်းမာရေး အားပြော့စေကာမူ ဥစ္စာကံစောင့် အသက်ဉာဏ်စောင့်ဟူသော
ပညာရှိတို့၏စကားကို အလေးအမြတ်ထား၍ အသက်ရှည်ရာ အနာမဲ့ကြောင်းအတွက် မိမိကိုင်တိုင် သမ္ပဇဉ် ဉာဏ်ယှဉ်၍ အသက်မွေးတတ်သူ ဖြစ်သောကြောင့် ၁၃၃၉-ခု နတ်တော်လပြည့်ကျော်
၆-ရက်နေ့က အသက် ၇၅-နှစ် ပြည့်လေသည်။
သက်တမ်းပြည့်
နေရေးအတွက် ပစ္စုပ္ပန်ကံလိုသည်။ လူတို့၏ အသက်ရှည်ရေးသည် အတိတ်ကံ အထောက်အပံ့ကောင်း၍ချည်း
မဟုတ်၊ ပစ္စုပ္ပန်ကံအထောက်အပံ့လဲ များစွာလိုအပ်ပါ၏၊ ပစ္စုပ္ပန် ကံကောင်းဘို့ရာ အအိပ်အနေအစားသွားလာ
လှုပ်ရှားမှုတို့ကိုလဲ ဆင်ခြင်နိုင်သူ၊ ရာသီဥတုကိုလဲ လေးစားသူ၊ ဒါန - သီလ - ဘာဝနာကုသိုလ်တို့ကိုလဲ
အမြဲတစေ ပြုလုပ်သူဖြစ်ပါက လူတဦးတယောက်၏ နောက်၌ အရိပ်သည် ကပ်ပါနေသကဲ့သို့ ကောင်းသောကံတို့က
တံတိုင်းခံတပ်ပမာ ဝန်းရံလိုက်ပါနေမည် ဖြစ်သောကြောင့် မကောင်းသော အကုသိုလ်ကံတို့သည်
အကျိုးပေးခွင့် မသာဘဲ အဟောသိကံ ဖြစ်ကုန်ကြ၍ လူ့သက်တမ်းပြည့် နေကြရမည် ဖြစ်ပါသည်။
ဆရာသန်း၏
အလှူဒါနပါရမီ ကုသိုလ်တို့ကား များပြားလှပါဘိ။ ဤစာအုပ်၏ နောက်ပိုင်း၌ စာရင်းပြုလုပ်
ဖော်ပြထား၏။ ဒုဋ္ဌဂါမဏိမင်းကြီး၏ အလှူစာရင်းကဲ့သို့ပါတကား။ (သီလကုသိုလ်နှင့် ဘာဝနာကုသိုလ်တို့၏
စာရင်းကိုလဲ ဤသို့ ဖော်ပြနိုင်လျှင် သာ၍ ကောင်းပေမည်။)
လူ့သက်တမ်း
ဗုဒ္ဓမြတ်စွာဘုရား၏
ရွှေလက်ထက်တော်က လူတို့၏သက်တမ်းသည် နှစ်တစ်ရာသက်တမ်းသာရှိ၏။ “နှစ်တစ်ရာလျှင် တစ်နှစ်လျော့တတ်သည်”ဟု ပညာရှိတို့အဆိုအရ
ဗုဒ္ဓပရိနိဗ္ဗာန်စံလွန်တော်မူပြီး၍ သာသနာနှစ် (၂၅၂၂) ရှိလာပြီဖြစ်သော ယခု ၁၃၄၀-ခုနှစ်မှာ
လူတို့၏သက်တမ်းသည် ၂၅-နှစ်လျော့လာပြီ ဖြစ်သောကြောင့် (၇၅)နှစ်သာ ရှိတော့မည်ဟု ဆိုရ၏။
ယခုအခါ အသက် (၇၅)နှစ်ကျော်ခဲ့ပြီဖြစ်သော ဆရာသန်းသည် အသက်ရှည်ရာ အနာမဲ့ကြောင်းကို ဉာဏ်ဖြင့်ယှဉ်၍
ဒါနကုသိုလ်, သီလကုသိုလ်, ဘာဝနာကုသိုလ် ၃-မျိုးတို့၏ အထောက်အပံ့ဖြင့် အသက်မွေးတတ်ပေသောကြောင့်
ရှေ့အဘို့၌ ဆရာသန်းသည် မည်မျှ အသက်ရှည်ဦးမည်ဟု မခန့်မှန်းနိုင်သေးပါ။
ဗုဒ္ဓမြတ်ဘုရား
ရွှေလက်ထက်တော်က အသက်တရာတန်းဟု ယေဘုယျအားဖြင့်သာ ဆိုခြင်းဖြစ်ပါ၏။ တရာထက် ကျော်လွန်သော
ပုဂ္ဂိုလ်ထူးတို့လည်း တဦးတလေ ရှိတတ်ပါသေး၏။ အရှင်မဟာကဿပ၊ အရှင်အာနန္ဒာ၊ ဗာဝရိယပုဏ္ဏား၊
သေလ၊ ပေါက္ခရသာတိ၊ ဗြဟ္မာယုဆရာကြီး၊ ဝိသာခါကျောင်းအမတို့သည် အသက် ၁၂၀-ရှည်ကြသတဲ့။ အရှင်အနုရုဒ္ဓါသည်
အသက် ၁၄၀-ရှည်တော်မူသတဲ့။ အရှင်ဗာကူလသည် အသက် ၁၆၀-ရှည်သတဲ့ဟု အဆိုရှိပါသည်။ (ဒီဃနိကာယ်
အဋ္ဌကထာ ၂-၆)
မွေးနေ့အလှူ
ဆရာသန်းသည် သူ၏သက်တမ်း (၇၅)နှစ်ပြည့်မြောက်သည့် စိန်ရတု အလှူမင်္ဂလာ၊ ဆရာကတော် ဒေါ်စိန်းရင်၏ (၇၃)နှစ်ပြည့်မြောက်သည့် အလှူမင်္ဂလာနေ့က ပင့်သံဃာ ၁၀၈-ပါးတို့အား အရုဏ်မုန့်ဟင်းခါး ဆွမ်းနှင့် ခဲဘွယ်ဘောဇဉ် ချိုချဉ်ရသာ အဖြာဖြာတို့ဖြင့် ဆက်ကပ်လုပ်ကျွေးခဲ့ပါ၏။ ကျပ်ငွေ (၃၀ဝ၀/-)သုံးထောင်ကျော်တန် ပဒေသာပင်မှ သင်္ကန်းပရိက္ခရာ ကော်ဇော၊ ထီး၊ ဘိနပ်၊ လက်နှိပ်ဓာတ်မီး၊ ဆေးဝါး၊ ပစ္စည်းဝတ္ထု အစုစုတို့ကိုလဲ မဲချ၍ လှူဒါန်းခဲ့ပါ၏။ လူပရိသတ် (၅၀ဝ)ကျော် တို့အားလဲ မုန့်ဟင်းခါး စသည်တို့ဖြင့် ဧည့်ခံကျွေးမွေး အလှူပေးခဲ့သည့်အပြင် ဆေးတထောင်ကျော်ဘိုး လှူဒါန်းခဲ့ပါ၏။
အနုမောဒနာတရား
ယင်းအလှူတော်ပွဲ၌
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးအား အနုမောဒနာတရား ဟောကြား ချီးမြှင့်တော်မူရန်
အထူးတလည် ပင့်လျှောက်ထားပါ၏။ ဆရာတော်ဘုရားကြီးသည် မြို့တွင်းရွာတွင်းသို့ ဆွမ်းစားကြွလေ့မရှိပါ၊
ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က သပ္ပါယဖြစ်အောင် ချက်ပြုတ်ဆက်ကပ်သော ဆွမ်းဖြင့်သာ မျှတတော်မူလေ့ရှိသောကြောင့်
အရုဏ်ဆွမ်း ဘုဉ်းပေးမှီ ကြွတော်မမူ၊ ဆရာသန်းသည် သာသနာ့ရိပ်သာ၌ ရဟန်းရှင်လူ ယောဂီတို့၏
ကျန်းမာရေးအတွက် ကျေးဇူးများခဲ့သော ဒါယကာလဲဖြစ်ပြန် အထူးတလည်ကျင်းပအပ်သော အလှူပွဲလဲ
ဖြစ်ပြန် ကြွနိုင်လောက်သော အကြောင်းလဲ ညီညွတ်ပြန်သောကြောင့် ထိုနေ့က ရိပ်သာ၌ပင် အရုဏ်ဆွမ်း
ဘုဉ်းပေးတော်မူပြီးမှပင် ကြွရောက်တော်မူ၍ အနုမောဒနာတရား ချီးမြှင့်တော်မူခဲ့လေသည်။
ထို့ကြောင့်ပင် ကျွန်ုပ်တို့သည် ဤစာအုပ်ပါ ဆရာတော်ဘုရားကြီး၏ တရားတော်ကို ဖတ်ရှုနာကြားခွင့်
ရခြင်း ဖြစ်ပါသည်။
ပဓာနအရင်းခံ
ဆုတောင်းရမှာက
ဆရာတော်ဘုရားကြီး
ဟောကြားတော်မူသော အနုမောဒနာ တရားတော်မှာ အဘိုးတန်လှပါ၏၊ ခုဒ္ဒကနိကာယ် ခုဒ္ဒကပါဌ ပါဠိတော်လာ၊
နိဓိကဏ္ဍသုတ်ကို ဦးတည်၍ ဟောကြားတော်မူသော အနုမောဒနာ တရားတော် ဖြစ်ပါ၏၊ ရတနာရွှေအိုးများကို
မြှုပ်နှံခြင်းဖြင့် လူ့လောက နတ်လောကတို့၌ အကောင်းဆုံး ချမ်းသာတွေ ရနိုင်ပုံတို့ကို
ဟောတော်မူပြီးနောက် “ဒါပေမဲ့ လူ့ချမ်းသာ နတ်ချမ်းသာ ဆိုတာကတော့ ဆရာသန်းတို့ သိပြီးဖြစ်သည့်
အတိုင်းဘဲ တကယ်ချမ်းသာတာ မဟုတ်ပါဘူး။ ဆင်းရဲတွေနဲ့ ရောနေတယ်၊ နောက်ဆုံးမှာ အိုရ နာရ
သေရဦးမယ်ဆိုတော့ အဲဒါလဲ ဆင်းရဲမကင်းဘူး၊ ဒါကြောင့် ယနေ့ မွေးနေ့မင်္ဂလာ အထိမ်းအမှတ်
အဖြစ်ဖြင့် သံဃာတော်များ၊ လူပရိသတ်များအား လှူဒါန်းရတဲ့ ကောင်းမှုကြောင့် ရနိုင်တဲ့
လူ့ချမ်းသာ နတ်ချမ်းသာတွေကို ပဓာနအရင်းခံ အနေဖြင့် ဆုမတောင်းဘဲ ဆင်းရဲခပ်သိမ်း ငြိမ်းရာ
အမြတ်ဆုံးဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကိုသာ ပဓာနအရင်းခံအနေဖြင့် ဆုတောင်းဘို့ပါဘဲဟု လမ်းညွှန်ဟောပြပြီးလျှင်
“နိဗ္ဗာန်ချမ်းသာကို ပဓာနအားဖြင့် ရည်ရွယ် ဆုတောင်းပြီး ရေစက်သွန်းချ အမျှပေးဝေရမယ်၊
မိမိတို့ အလိုရှိအပ်သော လောကီ လောကုတ္တရာ ကောင်းကျိုးချမ်းသာ အပေါင်းနှင့် ပြည့်စုံကြပါစေ”ဟု
တရားနိဂုံးချုပ်လိုက် ပါသည်။
ထို့နောက်
ရေစက်ချအမျှပေးဝေပုံတို့ကိုပုံ ဤစာအုပ်၌ ဖော်ပြထားသည့်အပြင် ရတနာရွှေအိုး မြှုပ်နှံခဲ့သော
ဆရာသန်း၏ အလှူစာရင်းကိုပါ ထည့်ထားပါသည်။