သာသနာပြုခွင့်ဘုန်းကံကြီးမားတော်မူသော မဟာစည်ဆရာတော်ကြီး

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ထေရဝုတ္တန္တဝိလာသိနီ၌ ဖော်ပြပါရှိသော သာသနာ့ဒါယကာ ဝန်ကြီးချုပ်ဦးနု၏အမှာစာကို ဤနေရာတွင် ထုတ်ဖော်တင်ပြလိုပါသည်။

မဟာစည်ဆရာတော်ကြီးသည်ကား သာမန်ရဟန်းတော်တစ်ပါးမဟုတ်ပါ၊ ဝိပဿနာတရားတော်ကို မြန်မာနိုင်ငံတော်တစ်ဝန်းတွင်မျှမက ပြည်ပနိုင်ငံများအထိ ပြန့်ပွားအောင် စွမ်းဆောင်နိုင်သည့် ပါရမီထူးသော ရဟန်းမြတ်တစ်ပါး ဖြစ်ပါပေသည်၊ မဟာစည်ဆရာတော်၏ဘုန်းကံပါရမီအလျောက် လောကတွင် ဘုန်းကံရှိသူများ, သြဇာ တိက္ကမရှိသူများ, ဥစ္စာဓနကြွယ်ဝချမ်းသာသူများသာမက အားထားရသော သက်တော် ရွယ်တော်ကြီးငယ်မဟူ စာတတ်အကျော် ဆရာတော်သံဃာတော်များ အသီးသီးတို့မှာ မဟာစည်ဆရာတော်၏ ဝိပဿနာသာသနာပြုလုပ်ငန်းစဉ်ကြီးတွင် သူ့နေရာနှင့် သူ့အခန်းမှ အကွက်ကျပါဝင်ဆောင်ရွက် ကြရသောဇာတ်ကောင်များပမာ ဆရာတော်၏ ပါရမီကို ဝိုင်းဝန်းဖြည့်စွမ်းနေကြရပေသည်။

မြန်မာနိုင်ငံ၌ ဆာဦးသွင်ဆိုလျှင် မသိသူမရှိသလောက်ဖြစ်၏၊ ပစ္စည်းဥစ္စာဓန ဘက်ကလည်း အလွန်ကြွယ်ဝချမ်းသာသူဖြစ်၍ သူဌေးကြီးဟုပင်ဘွဲ့တပ်၍အခေါ်ခံရသူ ဖြစ်၏၊ နိုင်ငံ၏အကျိုးကိုလည်း မနားမနေ ဆောင်ရွက်ခဲ့သူဖြစ်၏၊ ထို့ကြောင့်ပင် ဗြိတိသျှတို့လက်ထက်က ဆာဘွဲ့ဖြင့် ဂုဏ်ပြုခံရ၍ လွတ်လပ်ရေးခေတ်တွင်လည်း “သတိုးသီရိသုဓမ္မ” ဟူသော အလွန်မြင့်မားသောဘွဲ့ဖြင့် သူကောင်းပြုခံရသူဖြစ်၏၊ အမျိုး, ဘာသာ, သာသနာ၏အကျိုးကိုလည်း အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သူပင် ဖြစ်၏၊ သူဌေးကြီးဆာဦးသွင်(၁၂၄၀-၁၃၂၇)၏ ကောင်းမှုကုသိုလ်စာရင်းကိုကြည့်လျှင် ဤအချက်မှာ လွန်စွာထင်ရှားသည်။ သာသနာတော်၌ လေးလေးနက်နက် ကြည်ညိုသူ ဖြစ်၍လည်း သာသနာတော်စည်ပင်ပြန့်ပွားရေးကို အရေးတယူဆောင်ရွက်ခဲ့သည်ချည်း ဖြစ်သည်။ မြန်မာနိုင်ငံ၌ ဗြိတိသျှတို့ သာသနာတော်ကို အားပေးခဲ့ပုံကို သူဌေးကြီးသည် အားမရခဲ့ပေ။ မြန်မာနိုင်ငံလွတ်လပ်ရေးရလျှင် မည်သို့မည်ပုံ သာသနာတော်ကြီးကို ချီးမြှောက်မည်ဟုလည်း အကြံအစည်ရှိထားသည်။

ထို့ကြောင့် ဒုတိယကမ္ဘာစစ်ကြီးပြီးမြောက်၍ လွတ်လပ်ရေးရရန် သေချာသည့် အခြေသို့ရောက်သောအခါ သူဌေးကြီးသည် သူ၏သာသနာတော်ချီးမြှောက်ရေးစီမံကိန်း ကို အကောင်အထည်ဖော်ရန် အသင့်ပြင်တော့သည်။ သူ၏စီမံကိန်းတွင် သာသနာရေး ဆိုင်ရာ အသင်းအဖွဲ့ကြီးတစ်ခု တည်ထောင်ရန်၊ ထိုအသင်းအဖွဲ့ကြီးတွင် အစိုးရပိုင်းမှ သမ္မတ, ဝန်ကြီးချုပ်တို့မှစ၍ အာဏာရှိသောပုဂ္ဂိုလ်များ ပါဝင်စေရန်၊ ထိုအသင်းအဖွဲ့ ကြီးကပင် တစ်နိုင်ငံလုံးရှိ သာသနာတော်ဆိုင်ရာလုပ်ဆောင်ချက်တို့ကို အားပေး ချီးမြှောက်သွားရန်တို့ ပါဝင်လေသည်။

သာသနာတော်ချီးမြှောက်ရေးကို စဉ်းစားသောအခါ ပရိယတ္တိသာသနာကို ချီးမြှောက်ရန်မှာ မခဲယဉ်းလှ၊ သို့သော် ပဋိပတ္တိသာသနာတော်ကို ချီးမြှောက်ရန်မှာမူ မလွယ်ကူလှသည်ကို တွေ့ရသည်။ ထိုသို့ မလွယ်ကူသည့်အချက်ကား ပဋိပတ်ဆရာ ရရှိရေးပင် ဖြစ်တော့သည်။ ပဋိပတ်ဆရာသည် ဘုရားဟောနည်းများနှင့် ကိုက်ညီသော မှန်ကန်သည့်တရားအားထုတ်နည်းကို ပြသနိုင်သူလည်းဖြစ်ရမည်။ မိမိအသက်ထက်ဆုံး ကိုးကွယ်သွားမည့် ပုဂ္ဂိုလ်ဖြစ်၍ မိမိအနေဖြင့် အဘက်ဘက်မှကြည်ညိုနိုင်သော ပုဂ္ဂိုလ် လည်း ဖြစ်ရမည်။ ဤပုဂ္ဂိုလ်မျိုးရဖို့ရန်မှာ မလွယ်ကူလှပေ။ ထို့ကြောင့်ပင် သူဌေးကြီး သည် ပဋိပတ္တိဆရာတစ်ဦးရရန် မိမိတစ်ဦးတည်းစုံစမ်းလျက်ရှိခဲ့သည်။ ဤသို့ ပဋိပတ္တိဆရာရရန် စုံစမ်းရသည်မှာလည်း နောင်သာသနာရေးအသင်းကြီးဖွဲ့၍ ပဋိပတ်ဆရာရှာရန် တာဝန်ပေါ်လာသောအခါ အဆင်သင့်ဖြစ်စေရန်ပင်ဖြစ်လေသည်။ ဤသို့လျှင် သူဌေးကြီးသည် ဝန်ကြီးချုပ်စသောပုဂ္ဂိုလ်တို့နှင့် သာသနာရေးအသင်းအဖွဲ့ကြီးတစ်ခု တည်ထောင်ရန် တိုင်ပင်ဆွေးနွေးရင်းပင် တဘက်မှလည်း ပဋိပတ်ဆရာကို ရှာဖွေစုံစမ်း လျက်ရှိခဲ့လေသည်။

အတိတ်အကြောင်းကို ပြန်ပြောင်းတင်ပြရလျှင် ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာတွင် မဟာစည် ဆရာတော်သည် ဦးစီးနာယကအဖြစ်သီတင်းသုံးနေ၍ သုံးလခန့် အကြာတွင် ရိပ်သာ၏စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် ဂုဏ်သရေရှိဧည့်သည်အချို့တို့သည် သာသနာ့ရိပ်သာ၌ မဟာစည်ဆရာတော်ရှေ့မှောက်ဝယ် စုဝေးရောက်ရှိ နေကြခိုက်ဖြစ်သည်၊ ဤအစည်းအဝေး၌ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌဖြစ်သူ ဆာဦးသွင်က မဟာစည်ဆရာတော်နှင့် တွေ့ပုံအကြောင်းကို ပြန်ပြောင်း၍ တင်ပြလေသည်၊ တင်ပြချက် အကျဉ်းချုပ်မှာ အောက်ပါကဲ့သို့ ဖြစ်၏။ ဆက်လက်ဖတ်ရှုရန် ...

၁၃၀၉-ခုနှစ် ဝါခေါင်လတွင် သူဌေးကြီးဆာဦးသွင်သည် အထက်မြန်မာနိုင်ငံသို့ ခရီးထွက်ခဲ့သည်၊ မိမိ၏သမီး (ဒေါ်ခင်ခင်ကြီး) စစ်ကိုင်းမှာရှိနေသဖြင့် မန္တလေးမှ တစ်ဆင့် စစ်ကိုင်းသို့သွားလေသည်။ စစ်ကိုင်း၌ သမီးအိမ်မှာခေတ္တနေစဉ် တစ်နေ့သော အခါ စစ်ကိုင်းတောင်ရိုး ချပ်သင်းချောင်သို့ အလည်အပတ်သွားကြသည်။ ထိုအချိန် တွင် ရေးဦးမြို့မှ စက်ပိုင်သူဌေးဦးဘသင်လည်း ရောက်ရှိနေခိုက်ဖြစ်၍ ဆာဦးသွင်သည် ဦးဘသင်နှင့် အလ္လာပသလ္လာပပြောရင်း ပဋိပတ်ဆရာတစ်ဦးအလိုရှိ၍ စုံစမ်းနေသည့် အကြောင်းသို့ရောက်သွားလေရာ ဦးဘသင်က ရွှေဘိုမြို့ဆိပ်ခွန်ရွာ၌ သီတင်းသုံးလျက်ရှိသော မဟာစည်ဆရာတော်မှာ သူဌေးကြီး၏ လိုအပ်ချက်များနှင့် ပြည့်စုံသောပုဂ္ဂိုလ် ဖြစ်ကြောင်း ပြောပြသည်။ ဤသို့ဖြစ်လျှင် ထိုဆရာတော်၏တရားကို နာလိုပါသည်၊ ဦးဘသင်ကပဲ ပင့်ပေးပါဟုမေတ္တာရပ်ခံရာ ဦးဘသင်ကလည်း ဝမ်းမြောက်ဝမ်းသာပင် တာဝန်ယူ၍ပင့်ပေးလေသည်။ ဆာဦးသွင်သည် မိမိတည်းခိုရာကျောင်း၏ ကျောင်းထိုင် ဆရာတော်အား မဟာစည်ဆရာတော်ကိုပင့်ခွင့်ပြုပါရန် လျှောက်ထားပန်ကြားရာ၌ ကျောင်းထိုင်ဘုန်းတော်ကြီး ပြောပြသည်ကား မဟာစည်ဆရာတော်သည် ဤစစ်ကိုင်း တောင်ရိုးရှိ တရားနာပရိသတ်ကို နားဝင်အောင် (ဝါ) တရားနာလိုစိတ် ဖြစ်ပေါ်အောင် ဟောနိုင်စွမ်းပါမူ ပင့်သင့်ပါ၏ဟူသတည်း။

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ဤသို့မိန့်ကြားရသည်မှာလည်း အကြောင်းအလုံအလောက်ရှိနေပေသည်။ ယင်း သည်ကား သမိဒ္ဓေါဒယချောင်တွင် ဒေါ်မာလာရီခေါ် ချောင်ဆရာကြီးသည် တပည့် သီလရှင်ငါးရာခန့်ကို စာချလျက်ရှိ၍ နိုင်ငံလုံးဆိုင်ရာ ပရိယတ္တိစာပြန်ပွဲအသီးသီးတွင် အောင်မြင်စွာ ဖြေဆိုစေလျက်ရှိကြောင်း, ပရိယတ္တိစာမေးပွဲများ အောင်မြင်ပြီးသူ တပည့်များအား ဝိပဿနာတရားကို ဆက်လက်ပြသပေးကြောင်း, တရားပြသသည့် လက်ထောက်တပည့်ကြီးများလည်းရှိကြောင်း, ဤဒေသတစ်ဝိုက်တွင် တရားပွဲများ ကျင်းပသည့်အခါများ၌ တရားပွဲအပြီးတွင် သမိဒ္ဓေါဒယချောင် ဆရာကြီးဒေါ်မာလာရီ နှင့် တပည့်ကျော်သီလရှင်တို့က ဓမ္မကထိကပုဂ္ဂိုလ်အား ဓမ္မရေးရာပြဿနာများ မေးမြန်းလေ့ရှိကြောင်း, များသောအားဖြင့် ၎င်းတို့၏အမေးပြဿနာများကို ပြေလည် အောင်ဖြေကြားခြင်းမပြုနိုင်ကြသဖြင့် ဓမ္မကထိကပုဂ္ဂိုလ်အများအပြားမှာ တရားပွဲ သုံးလေးပွဲမျှစီစဉ်ထားချက်ကိုဖျက်ကာ တစ်ပွဲနှစ်ပွဲနှင့်ပင် စခန်းသိမ်းသွားရတတ် ကြောင်း ဟူသောအခြေအနေကို ဆရာဘုန်းတော်ကြီးက သတိပေးမိန့်ကြားရခြင်း ဖြစ် ပေသည်။

မဟာစည်ဆရာတော်အနေဖြင့် ချောင်ဆရာကြီးနှင့် သီလရှင်များ၏မေးခွန်း ပုစ္ဆာ ပြဿနာအရပ်ရပ်ကို ရင်ဆိုင်နိုင်သည့် ပညာဉာဏ်ရှိသည်ကို ရေဦးမှဦးဘသင်က မိမိအာမခံနိုင်ကြောင်းဖြင့် ကျောင်းထိုင်ဘုန်းတော်ကြီးအား ပြန်လည်လျှောက်ထားခဲ့ လေသည်၊ သို့နှင့်ပင် သမိဒ္ဓေါဒယချောင်အတွင်းမှာပင် မဟာစည်တရားပွဲ သုံးချီဟောကြားရန် အစီအစဉ်ကို ချောင်ဆရာကြီးနှင့် ညှိနှိုင်းသဘောတူကြလေသည်။ ပထမအချီဟောပြောရာသို့ ချောင်ဆရာကြီးနှင့်တပည့်များ တက်ရောက်တရားနာကြပါ သော်လည်း တရားပွဲအဆုံးတွင် ခါတိုင်းကဲ့သို့ မေးခွန်းတစ်စုံတစ်ရာမျှ မေးခြင်းစစ်ခြင်း မရှိကြသည့်အတွက် ပရိသတ်က တအံ့တသြဖြစ်ရလေသည်၊ ဒုတိယအချီဖြစ်စေ, တတိယအချီဖြစ်စေ ဟောပြီးချိန်မှ မေးကြ, စမ်းကြလိမ့်မည်လားဟူ၍ ပရိသတ်က ခန့်မှန်းထားကြသေးသော်လည်း သုံးချီသုံးပွဲဟောပြီးသည့်အချိန်မှာလည်း မေးစမ်းခြင်း မရှိသည်ကိုသာ တွေ့ကြရလေသည်။ ပို၍ အံ့သြကြည်ညိုဖွယ်ဖြစ်ရသည်မှာ ချောင် ဆရာကြီးသည် မဟာစည်ဆရာတော်အား နောက်ထပ်တရားပွဲနှစ်ချီ ဆက်လက်ချီးမြှင့် တော်မူပါရန် လျှောက်ထားခြင်း ကြောင့်ပင်ဖြစ်၏။

ဤသို့လျှင် ဆာဦးသွင်သည် စစ်အတွင်းက မဟာစည်ဆရာတော်နှင့်စပ်လျဉ်း သည့် ကိုယ်တွေ့ဖြစ်ရပ်များကို ပရိသတ်အားတင်ပြပြီးနောက် အနီးရှိသီလရှင်ဆရာကြီး ဒေါ်မာလာရီဘက်သို့လှည့်၍ “ဟောဒီမှာ သမိဒ္ဓေါဒယချောင်ဆရာကြီး ကျွန်တော်တို့နဲ့ အတူရောက်ရှိနေပါတယ်၊ ဆရာကြီးပဲ အဲဒီမဟာစည်တရားပွဲမှာတုန်းက ဘာကြောင့် များ ဓမ္မကထိကများကို ခါတိုင်းမေးနေကျအတိုင်း အမေးပုစ္ဆာများ မေးစမ်းခြင်းမပြုခဲ့ တဲ့အကြောင်းကို ရှင်းပါဦးခင်ဗျား” ဟူ၍ တောင်းပန်ပါသည်။

သမိဒ္ဓေါဒယချောင် ဆရာကြီးဒေါ်မာလာရီ(၁၂၄၂-၁၃၄၂)၏ ပြောပြချက် အချုပ်မှာ စင်စစ်မဟာစည်ပထမတရားပွဲသို့ ဒေါ်မာလာရီနှင့်တပည့်များသွားရောက်ကြ ခြင်းမှာ တရားနာရန်ထက် ပုစ္ဆာမေးရန်သာ ရည်ရွယ်ရင်းဖြစ်ခဲ့သည်မှာ မှန်သော်လည်း မေးအံ့ဟုစိတ်ဝယ်စဉ်းစားထားသော ပုစ္ဆာအားလုံးကိုပင် မဟာစည်ဆရာတော်၏ ဟောကြားချက်တွင် ပြည့်စုံစွာဖြေရှင်းပြီးချည်း ဖြစ်နေပေသည်။

နောက်တရားပွဲနှစ်ချီတွင် မေးမည်ကြံထားသော ပြဿနာအားလုံးမှာလည်း ထိုနည်းနှင့် ရှင်းလင်းပြီးသား ဖြစ်သည်ကိုသာ အံ့သြစွာဖြင့် တွေ့ရှိရလေသည်၊ သို့ဖြစ်၍ မေးစရာမေးခွန်းပင် ရှာမရနိုင်ကြလေပြီ၊ ဟောပြောဆုံးမချက်များမှာလည်း ပိုင်နိုင်ထိမိလှသည့်အတွက် နောက်ထပ်တရားနှစ်ပွဲ ဆက်လက်ပင့်ဖိတ်ခဲ့ရခြင်း ဖြစ်သည်၊ ဤသို့ တရားပွဲ ၅-ချီမျှ နာယူပြီးသည့်နောက်ပိုင်းတွင်ကား ဒေါ်မာလာရီနှင့် တပည့် အပေါင်းတို့ အချင်းချင်း ပွင့်လင်းစွာဆွေးနွေးကြရာ ချောင်ဆရာကြီးက မိမိသည် နှစ်ကာလကြာမြင့်စွာ ဝိပဿနာကမ္မဋ္ဌာန်းပြဆရာကြီး လုပ်နေခဲ့ပါသော်လည်း မဂ်တရား ဖိုလ်တရား မရသေးသည်ကို ဝန်ခံရမည်ဖြစ်ကြောင်း, ဤသို့ဖြစ်ရခြင်းကို စိစစ်ကြည့်လျှင် မိမိ၏ကမ္မဋ္ဌာန်းလုပ်ရပ်မှာ လမ်းချော်နေ၍သာဖြစ်သည်ဟု ဆိုရန်ရှိ တော့ကြောင်း, ထို့ကြောင့် ဆိပ်ခွန်ရွာမဟာစည်တိုက်သို့ သွားရောက်ပြီး တပည့်ခံရန် မိမိဆုံးဖြတ်လိုက်ကြောင်းကို ဖွင့်ဟပြောကြားလျှင်ပင် ဒုတိယချောင်ဆရာသီလရှင်ကြီး ကလည်း မိမိပါအတူလိုက်လိုကြောင်း တင်ပြလေသည်။

သီလရှင်ကြီးနှစ်ပါးသည် ဆိပ်ခွန်ရွာတွင် မဟာစည်နည်းဖြင့် ဝိပဿနာတရား အားထုတ်ကြည့်ကြသောအခါ ယခင်ကမကြုံဖူးသည့် အေးငြိမ်းမှုသန္တိသုခကို လက်ငင်း ခံစားကြရသည်။ ဆက်လက်၍ ဒေါ်မာလာရီကပြောကြားရာတွင် ဤသို့ ဆိပ်ခွန် မဟာစည်တိုက်မှာ တရားအားထုတ်၍ စစ်ကိုင်းချောင်သို့ ပြန်လည်ရောက်ရှိပြီးနောက် ရက်များမကြာမီ စစ်ကိုင်းတောင်ရိုးရှိ အဓိကရ ဝိပဿနာကျောင်းတိုက်တစ်ခုဖြစ်သော ရွှေမင်းဝံဆရာတော်အား ဖူးမြော်ကြောင်း, သို့ရာတွင် ဆရာတော်၏စိတ်တွင် မည်သို့ ဖြစ်သွားလေမလဲဟူသော စိုးနှောင့်ချက်ကြောင့် မဟာစည်သို့သွားရောက်တပည့်ခံခဲ့ ကြောင်းကို မလျှောက်ဝံ့သေးဘဲ အကဲခတ်၍သာ ငြိမ်နေခဲ့ကြောင်း, အတန်ကြာမှပင် ဆရာတော်က “မဟာစည်ကိုသွားပြီး တရားအားထုတ်တယ်ဆိုတာ မှန်သလား” ဟူ၍ စတင်မေးပါတော့သည်။

“ဒီနယ်တစ်ဝိုက်မှာ ဘုန်းကြီးတို့ ချောင်ဆရာတို့ ဝိပဿနာဆရာကြီးတွေဆိုပြီး တရားပြနေခဲ့ကြတာ မဂ်ဖိုလ်လည်း ရကြသေးတာမဟုတ်ဘူး၊ ဒီတော့ ချောင်ဆရာရဲ့ အတွေ့အကြုံအတိုင်း မဟာစည်နည်းဟာ အကျိုးတကယ်ရှိတယ်ဆိုရင်ဖြင့် ဘုန်းကြီး လည်းနက်ဖြန်ဆိုသလိုပဲ မဟာစည်ကိုလိုက်မယ်” ဆိုရာ “ဘုန်းဘုရားကို တပည့်တော်မ ရဲရဲကြီး လျှောက်ဝံ့ပါတယ်ဘုရား၊ တပည့်တော်မဟာ ခုဆိုရင် အပါယ်နဲ့ အိုးစားကွဲပါပြီ” (အပါယ်လေးဘုံတွင် ဇာတိတဖန်မဖြစ်နိုင်တော့သော တရားကား သောတာပတ္တိမဂ် တရားပင်ဖြစ်ရာ ချောင်ဆရာက မိမိသည် သောတာပတ္တိမဂ်သို့ဆိုက်ခဲ့ပါပြီဟူ၍ ဆရာတော်အား လျှောက်ထားလိုရင်း ဖြစ်ပေသည်။)

(သက်တော် ၁၀ဝ-ကျော်၌ကွယ်လွန်ခဲ့သော လေးစားကြည်ညိုဖွယ် စစ်ကိုင်း သမိဒ္ဓေါဒယချောင်ဆရာကြီး ဒေါ်မာလာရီ၏အတ္ထုပ္ပတ္တိကို မဟာသုဗောဓာရုံဆရာတော် အရှင်နန္ဒမာလာဘိဝံသက ရွှေဟင်္သာဆရာတော် ဘုရားကြီး၏ တိုက်တွန်းတော်မူခြင်း ကြောင့် ၁၃၃၇-ခုနှစ်၌ ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်လေသည်။)

ဤသို့ ပရိသတ်အားဇာတ်ကြောင်းပြန်ပြီးသည့်အဆုံး၌ ဒေါ်မာလာရီသည် အနီးရှိ ရွှေမင်းဝံဆရာတော်ကြီးအား ရှိခိုးဦးချပြီးနောက် ဆရာတော်လည်း ဒီမှာ ကြွ ရောက်ခိုက် အရှင်ဘုရားရဲ့အတွေ့အကြုံများကို ဆက်လက်မိန့်ကြားဖို့ လျှောက်ထားပါ တယ်ဘုရားဟုတစ်ခန်းရပ်ပါသည်။

ရွှေမင်းဝံဆရာတော်(၁၂၆၂-၁၃၂၃)၏ပြောပြချက်မှာ ဒေါ်မာလာရီနှင့်ဆွေးနွေး ကြပြီးနောက် ရွှေမင်းဝံဆရာတော်သည် ဆိပ်ခွန်ရွာမဟာစည်တိုက်သို့ ကြွသွားလေသည်၊ ရက်အနည်းငယ်ခန့်မျှ မဟာစည်နည်းအတိုင်း ဝိပဿနာတရား အားထုတ်မိသည်ဆိုလျှင်ပင် ယခင်မရခဲ့ဖူးသေးသောတရားထူးကို ရလေတော့၏။ ထိုအချိန်မှစ၍ မိမိသည် မဟာစည်ဆရာတော်၏တပည့်ဖြစ်ခဲ့ကြောင်းကို ထိုနေရာ၌ပင် အတိအလင်း ဝန်ခံတော့ရာ သက်ကြီးဝါကြီးနာမည်ကြီး ဆရာတော်ကြီးကိုယ်တိုင် ဤသို့ဝန်ခံသည့် အတွက် ပရိသတ်မှာ အံ့သြခြင်း, ကြည်ညိုခြင်းများ ဖြစ်ကြရပြန်လေသည်။

ပိုမို၍ပြည့်စုံစွာကြည်ညိုနိုင်စေရန် ဆရာတော်အရှင်သီလာနန္ဒာဘိဝံသ ရေးသားပူဇော်အပ်သော မဟာစည်ဆရာတော်ကြီး၏ ထေရုပ္ပတ္တိမှလည်း ဖော်ပြလိုပါသေးသည်။

ရန်ကုန်မြို့ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က တည်ထောင်ခဲ့သော သာသနာ့ ရိပ်သာသည် ကမ္မဋ္ဌာန်းကျောင်းများ ဆောက်လုပ်ပြီးတန်သလောက်ပြီးနေပြီဖြစ်၍ ကမ္မဋ္ဌာန်းပြသမည့်ဆရာတော်ကို တိုင်ပင်ကြသောအခါ သူဌေးကြီးဆာဦးသွင်က သူ ဖူးတွေ့ခဲ့ရ တရားနာခဲ့ရသော ရွှေဘိုဆိပ်ခွန် မဟာစည်ဆရာတော်ကို တင်ပြပြောကြား ရာ အားလုံးသောအမှုဆောင်လူကြီးတို့သည် များစွာနှစ်ထောင်းအားရကြ၍ ယင်း ဆရာတော်ကို ပင့်ဆောင်ကိုးကွယ်ရန် သဘောတူညီကြလေသည်။

၁၃၁၁-ခုနှစ်၊ တန်ဆောင်မုန်းလဆန်းတွင် မဟာစည်ဆရာတော်သည် ရွှေဘိုမြို့၊ မြို့ထောင့်စေတီတော်ခေါ် မော်ဓောမြင်သာစေတီတော်ခြေရင်းရှိ ကမ္မဋ္ဌာန်းဌာနသို့ သွား၍ ခေတ္တသီတင်းသုံးတော်မူသည်။ ရည်ရွယ်ချက်ကား ထိုကမ္မဋ္ဌာန်းဌာနကို အားပေးရန်ဖြစ်သည်။ ထိုဌာန၌ တရားဟော တရားပြလျက် သီတင်းသုံးနေစဉ်မှာပင် ဝန်ကြီးချုပ်ဦးနု မြစ်ကြီးနားသို့အသွားတွင် ရွှေဘိုသို့ခေတ္တဝင်ရောက်၍ မြို့ထောင့် စေတီတော်ကို လာရောက်ဖူးမြော်သည်။ လိုက်ပို့ကြသော မြို့ခံလူကြီးများအား မဟာစည်ဆရာတော်အကြောင်းမေးရာ စေတီတော်ခြေရင်းရှိ ကမ္မဋ္ဌာန်းဌာနမှာပင် ခေတ္တသီတင်းသုံးလျက်ရှိကြောင်းပြောကြားသဖြင့် ချက်ခြင်းပင် မဟာစည်ဆရာတော်ထံ သွား၍ဖူးမြော်ပြီး ရန်ကုန်သို့တရားဟကြွောကပါရန် ပင့်လျှောက်လေတော့သည်။

ဆရာတော်ကလည်း တရားဟောခြင်းသည် မိမိ၏ပဓာနအလုပ်ဖြစ်၍ ကြွမည့် အကြောင်း ဝန်ခံတော်မူလိုက်သည်။ ထိုသို့ဆရာတော်ထံမှ ပဋိညာဉ်ရပြီးနောက် ဝန်ကြီးချုပ်သည် ဆရာတော်ကို ရွှေဘိုမှစစ်ကိုင်း၊ မန္တလေးသို့ ပင့်ဆောင်ရန်အစီအစဉ် လုပ်၍ ဆိုင်ရာလူကြီးများအား တာဝန်လွှဲအပ်လေသည်။ စီစဉ်ထားသည့်အတိုင်း ၁၃၁၁-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၅-ရက်နေ့မှာ မဟာစည်ဆရာတော်သည် တာဝန်ခံပုဂ္ဂိုလ်တို့၏ပင့်ဆောင်ချက်ဖြင့် ရွှေဘိုဦးမုနိန္ဒကိုပါခေါ်ခဲ့၍ ရွှေဘိုမှစစ်ကိုင်းမြို့ ဆင်များရှင်ကမ္မဋ္ဌာန်းဌာနသို့ ရောက်သည်၊ ထိုနေ့ညက ထိုဌာန၌ တရားဟော၍ ထိုဌာနမှာပင်ကျိန်းရသည်၊ မဟာစည်ဆရာတော်က ရွှေမင်းဝံဆရာတော် ဦးကောသလ္လ ကိုပါ အတူလိုက်ခဲ့ရန်လျှောက်ထား၍ နောက်တစ်နေ့၌ မန္တလေးဘက်သို့ ကူးကြသည်။ ရွှေဘိုဦးမုနိန္ဒ၊ ရွှေမင်းဝံဆရာတော်ဦးကောသလ္လတို့နှင့်တကွ မဟာစည်ဆရာတော်သည် လေယာဉ်ဖြင့် မန္တလေးမှရန်ကုန်သို့ ကြွခဲ့သည်။ ဆာဦးသွင်စသော ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့လူကြီးများက လေဆိပ်သို့ လာရောက်ကြိုဆို ပင့်ဆောင်ကြလေသည်။

မဟာစည်ဆရာတော်သည် ရန်ကုန်မြို့သို့ကြွစဉ်က သင်္ကန်း သပိတ်စသော ပရိက္ခရာရှစ်ပါးနှင့် ဘိနပ်တို့မှတစ်ပါး အပိုပစ္စည်းအသုံးအဆောင်များ မပါခဲ့ပေ။ မှတ်စု စာအုပ်ပင် မပါခဲ့။ ထိုစဉ်ကာလက ရန်ကုန်သာသနာ့ရိပ်သာ၌လည်း အဆောက်အအုံ မများလှသေးပေ။ သိမ်၏အရှေ့တောင်ဘက်၌ ကမ္မဋ္ဌာန်းနည်းပြဆရာများ သီတင်းသုံး ရန် ဆောက်လုပ်ထားသော သစ်သားကျောင်းငယ် ၄-ဆောင်၊ ဆရာတော်အတွက် ဆောက်လုပ်ထားသောစံကျောင်းနှင့် ဆွမ်းစားကျောင်း ဤမျှသာရှိသေးသည်။ သိမ် ကျောင်းမှာ ၁၃၁၁-ခုနှစ် ဦးတန်ခူးလဆုတ် ၅-ရက်နေ့ကပင် သမုတ်ပြီး ဖြစ်သော်လည်း အဆောက်အအုံတို့ကား မဆောက်ရသေး၊ သံဃာ့ကံပြုနိုင်ရုံ ယာယီမျှသာရှိသေးသည်။ ထို့အတူ ဖလ်ယဉ်ဓမ္မာရုံနေရာ၌လည်း သံဖြူမဏ္ဍပ်ကြီးသာ ရှိလေသည်။ တရား အားထုတ်မည့် ယောဂီများလည်း အဆင်သင့် မရှိသေးပေ။

သို့သော် မဟာစည်ဆရာတော်သည် ရောက်ပြီးလျှင်ပြီးချင်းပင် တရားအားထုတ် လိုသူများရှိက တရားပြမည့် အကြောင်းမိန့်ကြားတော်မူသည်၊ တရားအားထုတ်လိုသူများ တစတစပေါ်ပေါက်လာရာ နတ်တော်လတွင် ၂၅-ဦးမျှအထိ ရှိလာခဲ့သည်၊ ထို့ကြောင့် နတ်တော်လပြည့်နေ့မှာပင် ထိုယောဂီ ၂၅-ဦးအား ဝိပဿနာအလုပ်ပေး တရားတော်ကြီးကိုဟောကြား၍ ကမ္မဋ္ဌာန်းပေးတော်မူသည်။ (ရန်ကုန်မြို့ သမိဒ္ဓေါဒယ သုခိတာရာမ မြန်အောင် သီလရှင်စာသင်တိုက်ကြီးကိုတည်ထောင်တော်မူခဲ့သော ဆရာကြီးဒေါ်ဉာဏစာရီ(၁၂၅၉-၁၃၃၇)သည်လည်း ဆရာရင်းဖြစ်သူ စစ်ကိုင်း သမိဒ္ဓေါဒယချောင်ဆရာကြီး ဒေါ်မာလာရီ(၁၂၄၂-၁၃၄၂)၏ လက်ရုံးတပည့်ပီသစွာပင် ဤယောဂီ ၂၅-ဦးတွင် ၁-ဦးအဖြစ် ပါဝင်ခဲ့လေသည်။)

နောင်တွင်လည်း ယောဂီအသစ်ရောက်လာတိုင်း ဤတရားတော်ကြီးကိုပင် ဟောကြား၍ ကမ္မဋ္ဌာန်းပေးတော်မူသည်၊ ယောဂီများ တစ်နေ့တစ်ခြား များပြားလာ၍ ဆရာတော်ကိုယ်တိုင် မပေးနိုင်သောအခါ ၁၃၁၃-ခုနှစ်၊ ဝါဆိုလမှစ၍ အသံသွင်း ကြိုးခွေဖြင့်သွင်းထားသော အလုပ်ပေးတရားတော်ကိုပင်ဖွင့်ပြ၍ ကမ္မဋ္ဌာန်းပေးတော်မူ လေသည်။ ထိုဝိပဿနာအလုပ်ပေးတရားတော်ကြီးကား “အလုပ်ပေး” ဆိုသည့်အတိုင်း နဂိုကသုတမရှိသူများပင် ကမ္မဋ္ဌာန်းအလုပ်ကိုလုပ်တတ်အောင် အသေးစိတ်ညွှန်ကြား ထားသော တရားတော်ကြီးဖြစ်သည်၊ ဝိပဿနာရှုနည်းကျမ်းအခန်း(၅)နှင့် တစ်သဘော တည်းဖြစ်၏၊ ဆရာနှင့် လက်တွေ့အားထုတ်ရာ၌ ညွှန်ကြားသောတရားတော်ဖြစ်၍ အစပုဂ္ဂိုလ်များအတွက် လုံလောက်ရုံသာဟောထားသဖြင့် အခန်း(၅)လောက်ကား မကျယ်ပေ။

ဤတရားတော်ဖြင့် ကမ္မဋ္ဌာန်းပေးပြီးနောက် ယောဂီများကို နေ့စဉ်စစ်ဆေးတော် မူသည်၊ ယောဂီတို့သည် မိမိတို့၏အတွေ့အကြုံများကို မထိမ်မကွယ် အမှန်အတိုင်း လျှောက်ထားကြရသည်၊ သူတို့၏အတွေ့အကြုံအလိုက် ပြုပြင်သင့်သည်ကို ပြုပြင်ပေး သည်၊ ဤသို့ နေ့စဉ်စစ်ဆေးခြင်းမှာ မဟာစည်ဆရာတော် ကမ္မဋ္ဌာန်းနည်း၏ အားရစရာ အချက်တစ်ချက် ဖြစ်တော့၏၊ ယောဂီပုဂ္ဂိုလ်သည် လမ်းမှားသွားမည်ကို လုံးဝမစိုးရိမ်ရ၊ ဤလမ်းကို ကိုယ်တိုင်လျှောက်ဖူး၍ အခြားများစွာသောသူတို့ကိုလည်း ညွှန်ကြားပြသခဲ့၍ အရည်အချင်းပြည့်ဝသည့် ဆရာရှိသဖြင့် အားတက်ဖွယ်ဖြစ်သည်၊ မည်သည့်အဆင့်တွင် မည်သို့ပြုလုပ်ရမည် စသည်အတွက်လည်း မိမိက ကြောင့်ကြ စိုက်ရန်မလို၊ မိမိ၏တိုးတက်မှုကိုကြည့်၍ ဘာလုပ်ရမည်ဆိုသည်ကို ညွှန်ကြားရန် ဆရာက အမြဲတမ်းအဆင်သင့် ရှိနေသည်၊ ဤသို့ ကမ္မဋ္ဌာန်းပြပုံစနစ် ကောင်း၍လည်း မဟာစည်ဆရာတော်၏ ကမ္မဋ္ဌာန်းနည်းသည် အောင်မြင်မှုရခြင်း ဖြစ်ပေသည်။

မဟာစည်ဆရာတော်ထံ လာရောက်အားထုတ်သောပုဂ္ဂိုလ် (အထူးသဖြင့် သံဃာတော်များ) တို့တွင် အချို့တို့သည် မိမိတို့ရပ်ရွာသို့ရောက်သောအခါ တဆင် ဖြန့်ဖြူးမည့်ပုဂ္ဂိုလ်များလည်း ပါကြသည်၊ ထိုပုဂ္ဂိုလ်များကိုမူ မဟာစည်ဆရာတော်က အထူးတလည်ဂရုစိုက်၍ ဆရာဖြစ် နည်းပေးတော်မူသည်၊ ထိုပုဂ္ဂိုလ်တို့သည် မိမိတို့ ရပ်ရွာများသို့ ပြန်ရောက်ပြီးနောက် မဟာစည်ဆရာတော်သြဝါဒခံ ရိပ်သာခွဲများကို ဖွင့်လှစ်၍ ဝိပဿနာသာသနာ ပြုကြလေသည်။

မဟာစည်ဆရာတော် ရန်ကုန်ရောက်၍ နှစ်များမကြာမီမှာပင် မြန်မာပြည် အနယ်နယ်အရပ်ရပ်၌ ရိပ်သာပေါင်းမြောက်မြားစွာ ပေါ်ပေါက်လာတော့သည်၊ ဗန်းမော်၊ မြစ်ကြီးနားတို့မှာလည်း မဟာစည်သြဝါဒခံ ရိပ်သာများကို တွေ့ရသည်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းတို့မှာလည်း ထို့အတူပင်၊ မြန်မာပြည်အောက်စွန်း ရေး၊ မြိတ်၊ ထားဝယ်တို့၌လည်း မဟာစည်ရိပ်သာရှိသလို၊ ရခိုင်ပြည်နယ် စစ်တွေ စသောမြို့တို့၌လည်း မဟာစည်ရိပ်သာကိုတွေ့ရသည်၊ တစ်ပြည်လုံးအနှံ့အပြား နေရာမလပ်ဆိုသလိုပင် ရိပ်သာများပေါ်ထွန်းလာ တော့သည်။

နောင်အခါတွင် မြန်မာပြည်တွင်သာမက ထိုင်း၊ သီရိလင်္ကာ စသောနိုင်ငံတို့မှာ မဟာစည်သြဝါဒခံရိပ်သာများ ပေါ်ပေါက်ခဲ့သည်။ ၁၃၃၄-ခုနှစ် နတ်တော်လပြည့် ကျော် ၄-ရက်နေ့တွင် ရန်ကုန်မြို့သာသနာ့ရိပ်သာ၌ကျင်းပသော ၂၃-ကြိမ်မြောက် နှစ်ပတ်လည် သြဝါဒခံယူပူဇော်ပွဲတွင်တင်ပြသော ယောဂီစာရင်းအရ မြန်မာပြည် တွင်း၌ ယောဂီပေါင်း ခြောက်သိန်းကျော်ရှိနေကြောင်း သိရသည်၊ ထိုင်းနိုင်ငံ၌လည်း ယခင်နှစ်များကပင် ယောဂီတစ်သိန်းကျော်ရှိခဲ့၍ သီရိလင်္ကာနိုင်ငံ၌ တစ်သောင်းကျော် ရှိခဲ့လေပြီ၊ ကမ္ဘောဒီးယား အိန္ဒိယစသော နိုင်ငံများ၌လည်း အနည်းငယ်စီရှိကြသည်။ ထို့ကြောင့် အားလုံးပေါင်းလိုက်လျှင် ယနေ့ကမ္ဘာ(၁၃၃၅)၌ မဟာစည်သြဝါဒခံ ရဟန်း ရှင်လူ ယောဂီပေါင်းမှာ ခုနစ်သိန်းကျော်မျှရှိကြောင်းသိရသည်၊ ဤသို့လျှင် မဟာစည် ဆရာတော်ကိုအကြောင်းပြု၍ မြန်မာနိုင်ငံနှင့်တကွ ကမ္ဘာအရပ်ရပ်တွင် ဝိပဿနာ မိုးကြီး ရွာသွန်းဖြိုးစေခဲ့လေတော့သည်။

ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး ၁၉၇၉-ခုနှစ် ဧပြီလတွင် ကြွရောက်တော်မူခဲ့သော ပြည်ပသာသနာပြုခရီးမှ ကြည်ညိုဖွယ် သာသနာပြုမှတ်တမ်းကို ဖော်ပြလိုပါသည်။

အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်တွင် တည်ရှိသော ဘာရီကမ္မဋ္ဌာန်း ဌာနကို ၁၉၇၅-ခုနှစ်က ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ထေရဝါဒဗုဒ္ဓဘာသာ ဝိပဿနာတရား ပွားများအားထုတ်လိုသူများအတွက် အမြတ်အစွန်းမယူဘဲ သာသနာပြုလုပ်ငန်းကိုသာ ဆောင်ရွက်လျက်ရှိပေသည်၊ ဘာရီကမ္မဋ္ဌာန်းဌာန၌ အကောင်းဆုံး အတင့်တယ်ဆုံး အဆောက်အအုံတခုကို မဟာစည်ဆရာတော်ဘုရားကြီးသီတင်းသုံးရန် ထားရှိလေသည်။ (ဤသာသနာပြုခရီးကို ဘာမင်ဂန်ဆရာတော်အရှင်ရေဝတဓမ္မနှင့် မဟာစည် ယောဂီများဖြစ်ကြသော ဘာရီကမ္မဋ္ဌာန်းဌာနတည်ထောင်သူ ဂျိုးဇက်ဂိုးလ်စတိန်းနှင့် ဂျက်ကွန်ဖီးလ်(ဒ်)တို့က ပင့်ဆောင်ကြခြင်းဖြစ်သည်။ ဤပုဂ္ဂိုလ်များဦးဆောင်သော ယောဂီများအဖွဲ့သည် ၁၉၇၇-ခုမတ်လက ဆိပ်ခွန်မဟာစည်ရိပ်သာသို့ လာရောက်ကြ ၍ ဆရာတော်ဘုရားကြီးအား ဦးခိုက်ပူဇော်ခဲ့ကြပါသည်။)

(၂၉-၄-၇၉)နေ့တွင် ဘာရီကမ္မဋ္ဌာန်းဌာနတွင် ဆရာတော်ဘုရားကြီးက ယောဂီပရိသတ် ၁၀ဝ-ကျော်တို့အား ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင်တရားတော်ကို ဟောကြားတော်မူ သည်၊ (၃၀-၄-၇၉)နေ့တွင် ဝါရင့် အမေရိကန်အမျိုးသား ၄-ဦးတို့နှင့် အီတလီ အမျိုးသားတဦး, ပေါင်း ၅-ဦးတို့သည် မိမိတို့တွေ့ထားသည့် တရားများကိုလျှောက်ထား ကြရာ ဆရာတော်ကြီးက ၎င်းတို့အား ဆက်လက်၍တရားအားထုတ်ရန် နည်းနာနယ သြဝါဒကို မိန့်ကြားတော်မူခဲ့ လေသည်။

(၂-၅-၇၉)နေ့တွင် ယောဂီ၁၀ဝ-ကျော်အား ဘုရားအလောင်းတော် သိဒ္ဓတ္ထ မင်းသား တောထွက်တော်မူ၍ တရားအားထုတ်ပုံ, ဉာဏ်အဆင့်ဆင့်ရရှိ၍ တရားထူး တွေ့ပုံအကျဉ်းချုပ်ကို ဟောကြားတော်မူပြီး ထိုနည်းအတိုင်း မဆုတ်မနစ်အားထုတ်ကြ ရန်ကိုလည်း ညွှန်ကြားတော်မူခဲ့လေသည်၊ ည ၈-နာရီအချိန်တွင် ကမ္မဋ္ဌာန်းအားထုတ်ရ ခြင်း၏အကြောင်း အတိုချုပ်ကိုလည်း ယောဂီများအား ဟောကြားတော်မူခဲ့လေသည်။ ဤနေ့ရက်မှစ၍ ၁၄-ရက်စခန်းကို ဖွင့်လှစ်တော်မူခဲ့လေသည်။ ၁၄-ရက်စခန်း ဖွင့်လှစ်တော်မူပြီးနောက် ကျေးဇူးရှင် ဆရာတော်ဘုရားကြီးသည် ဗုဒ္ဓသာသနာ ယုံကြည်သူတို့ သို့မဟုတ် တရားအားထုတ်သူတို့၏ အခြေခံကျင့်ဝတ် တရားများကို ဟောကြားတော် မူသည်၊ ငါးပါးသီလ, ရှစ်ပါးသီလ လုံခြုံစွာစောင့်ထိန်းရန် ရတနာသုံးပါးဂုဏ် ပွားများ နည်း အကျဉ်းချုပ်, မေတ္တာဘာဝနာ အကျဉ်းပွားများနည်း, သတိပဋ္ဌာန်တရားတော် အကျဉ်းချုပ်တို့ကို ဟောကြားတော်မူခဲ့လေသည်။

(၁၃-၅-၇၉)နေ့တွင် ဘာရီကမ္မဋ္ဌာန်းနည်းပြဆရာများ ဆရာတော်ဘုရားကြီးထံ သြဝါဒခံယူကြသည်၊ ဆရာတော်ဘုရားကြီးက တရားအားထုတ်ရေး ဝိပဿနာတရား တော် ပြန့်ပွားအောင်ဆောင်ရွက်ရေး စသည်တို့ကို သြဝါဒပေးတော်မူခဲ့လေသည်။ ၎င်းပြင် ကမ္မဋ္ဌာန်းဆရာများအနေဖြင့် ချစ်ခင်ဖွယ်, ကြည်ညိုဖွယ်ဂုဏ်များ ရှိအပ် ကြောင်း, ရဟန်းမဟုတ်ဘဲ လူဝတ်ကြောင်များဖြစ်လျှင်လည်း လူ့ကျင့်ဝတ်နှင့်ပြည့်စုံရန် လိုအပ်ကြောင်း, ငါးပါးသီလမြဲရမည်ဖြစ်ကြောင်း, တတ်နိုင်သလောက် ရှစ်ပါးသီလ ထိန်းသိမ်းလျှင်ကောင်းကြောင်း, ဆက်ဆံရေးတွင်လည်း မေတ္တာ, ကရုဏာရှေ့ထား၍ ဆက်ဆံရန် လိုအပ်ကြောင်း, ယင်းသို့ပြည့်စုံပါမှ အလေးပြုထိုက်သော ဂုဏ်များ ရှိမည်ဖြစ်ကြောင်း, ထိုသို့ လမ်းပြညွှန်ကြားရာ၌ ပြောသင့်ပြောထိုက်သောပုဂ္ဂိုလ်ကို ပြောကြားခြင်းကိုလည်း ပြုရမည်ဖြစ်ကြောင်း, ကမ္မဋ္ဌာန်းတရားအားထုတ်ရသည်မှာ ကိလေသာငြိမ်းစေရန် အားထုတ်ခြင်းဖြစ်၍ ကိလေသာဖြစ်စေနိုင်သော အကြောင်းအရာများနှင့် ကင်းနိုင်သမျှကင်းအောင် ညွှန်ကြားရန် လိုကြောင်း, မြတ်စွာဘုရား အလိုတော်ကျ ကမ္မဋ္ဌာန်းထိုင်ရန်, စင်္ကြံသွားရန်, သည်းခံခြင်းတရားပြည့်စုံရေး, တရားစစ်ရာတွင် မည်သို့မည်ပုံဆောင်ရွက်သင့်ကြောင်းနှင့်၊ ယခုလည်း ပြည့်ပြည့်စုံစုံ ရှိ၍ ဝမ်းမြောက်ပါကြောင်း စသည်တို့ဖြစ်လေသည်။

ဆရာတော်ဘုရားကြီးကား သြဝါဒပေးတော်မူရာတွင် အလွန်ကောင်းမြတ်လှသည့် ပိယ, ဂရု, ဘာဝနီယစသောဂုဏ်ပေါင်းစုံသည့် ဆရာတော်ကြီး ဖြစ်တော်မူပါပေ သည်။ (၁၅-၄-၇၉)နေ့တွင် ဘာရီကမ္မဋ္ဌာန်းဌာန အဖွဲ့ဝင်များနှင့် ယောဂီအားလုံးတို့က ဆရာတော်ဘုရားကြီးအား ကန်တော့ကြသည့်အခါ ဆရာတော်ဘုရားကြီးက ၎င်းတို့၏ သာသနာမြှင့်တင်ရေးလုပ်ငန်းနှင့် ရိပ်သာစခန်းကြီးပွားရာကြီးပွားကြောင်းကို အပတ် တကုတ် အားထုတ်ဆောင်ရွက်ကြသည့်အတွက် ချီးကျူးစကား မိန့်ကြားတော်မူခဲ့လေ သည်။ ထို့နောက် ဘာရီစခန်း ဝိပဿနာကမ္မဋ္ဌာန်းနည်းပြဆရာများအား မဟာစည် နည်းနိဿရည်းနှင့်အညီလိုက်နာသော ကမ္မဋ္ဌာန်းဆရာများ အဖြစ် အသိအမှတ်ပြုသင့်ပါ ကြောင်း ဆရာတော်အရှင်ရေဝတဓမ္မကလျှောက်ထားသဖြင့် ဆရာတော်ဘုရားကြီးသည် ဂျိုးဇက်ဂိုးလ်စတိန်း, ဂျက်ကွန်ဖီးလ်(ဒ်), ဂျက်ကလင်နှင့် ရှာရွန်တို့အား မဟာစည် ကမ္မဋ္ဌာန်းဆရာများအဖြစ် အသိအမှတ်ပြုကြောင်း လက်မှတ်ပေးတော်မူခဲ့လေသည်။