အင်ဒိုနီးရှား သာမဏေ ရဟန်းခံပွဲနှင့် ယနေ့ခေတ် အင်ဒိုနီးရှားသာသနာ
ရေးသားသူ - ဖြည့်စွက်ရန်
ဖတ်ရှုချိန် - ဖြည့်စွက်ရန်
ဆွမ်းအလှူပြုနေပုံ
၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်
ဓာတ်ပုံဆရာ - ကျော်ကျော်
၁၃၁၅-ခုနှစ် နတ်တော်လဆန်း ၁၁-ရက် (၁၇-၁၂-၅၃)နေ့က အင်ဒိုနီးရှား နိုင်ငံသား ဘွန်အန်အမည်ရှိသောကျောင်းဆရာတဦးသည် ရန်ကုန်မြို့ သာသနာ့ရိပ်သာ သို့ လာရောက်ပြီးလျှင် မဟာစည်ဆရာတော်ကြီးထံ၌ သြဝါဒခံယူ၍ ဝိပဿနာဘာဝနာ တရားကို ကျင့်သုံးအားထုတ်ခဲ့သည်၊ မဟာစည်ဆရာတော်ကြီးနှင့် ကမ္ဘာအေး ဆရာတော်ကြီး အရှင်ဉာဏုတ္တရတို့၏ ညွှန်ကြားချက်အတိုင်း ရိုသေစွာလိုက်နာ၍ အားထုတ်သဖြင့် ဝိပဿနာဉာဏ်စဉ်တရားကို ကိုယ်တွေ့နှင့်တိုက်ဆိုင်၍ နားလည် ဆုံးဖြတ်နိုင်သောအခြေသို့ ရောက်ခဲ့ပေသည်။
ရဟန်းအဖြစ်သို့ခံယူရန် ထက်သန်သောသဒ္ဓါဆန္ဒ ဖြစ်ပေါ်လာသည့်အလျောက် ဘွန်အန်အား သတိုးသီရိသုဓမ္မ ဆာဦးသွင်နှင့် ဒေါ်ဒေါ်သိန်းတို့က ရဟန်းဒါယကာ အဖြစ်ခံယူပြီး မဟာစည်ဆရာတော်ကြီးကို ဥပဇ္ဈာယ်ဆရာတော်ပြု၍ သာသနာ့ရိပ်သာ သိမ်တော်ကြီး၌ ဥပသမ္ပဒကံဆောင်၍ ရဟန်းပြုပေးတော်မူခဲ့လေသည်၊ မဟာစည် ဆရာတော်ကြီးက သာသနာတော်ကို ချီးမြှောက်ပြုစုနိုင်စေရန် ရည်သန်၍ ဇိနရက္ခိတ ဟု ဘွဲ့အမည် ပေးတော်မူခဲ့လေသည်၊ ဘေးဟူသမျှကို အောင်တော်မူသည့် ဘုရားရှင်က စောင့်ရှောက်အပ်သောသူဟု ဆိုလိုသည်။
ထိုအရှင်ဇိနရက္ခိတသည် သာသနာ့ရိပ်သာ၌ တနှစ်ကျော် နေထိုင်ကျင့်သုံးလျက် သာသနဓမ္မကို ဆည်းပူးလေ့လာပြီးနောက် မိမိ၏ဇာတိနိုင်ငံ အင်ဒိုနီးရှားသို့ ပြန်ကြွလေသည်၊ အင်ဒိုနီးရှားနိုင်ငံ၌ အခက်အခဲများစွာ ရင်ဆိုင်လျက် ၁၈-နှစ်မျှ ကာလပတ်လုံး သာသနာပြုနေခဲ့လေသည်။
၁၃၂၁-ခုနှစ် ကဆုန်လဆန်း ၈-ရက် (၁၄-၅-၅၉)နေ့က အရှင်ဇိနရက္ခိတ အမှူးရှိသော အင်ဒိုနီးရှား ဗုဒ္ဓဘာသာအသင်းအဖွဲ့များက ပင့်ဖိတ်ကြသောကြောင့် မဟာစည်ဆရာတော်ဘုရားကြီးသည် အင်ဒိုနီးရှားနိုင်ငံသို့ သာသနာပြုကြွတော်မူလေ သည်၊ တချိန်တည်းမှာပင် ကမ္ဗောဒီးယား (ကမ်ပူးချား) သံဃရာဇာဆရာတော်, ယိုးဒယားနိုင်ငံ (ထိုင်း) ဖရဝိသာလသမဏ ဆရာတော်, သီဟိုဠ်နိုင်ငံ (သီရိလင်္ကာ)မှ အရှင်နာရဒဆရာတော် အစရှိသော သံဃာတော် ၁၂-ပါးလည်း သာသနာပြု ကြွတော် မူကြလေသည်။
၁၃၃၃-ခုနှစ် တပို့တွဲလပြည့်ကျော် ၄-ရက် (၃-၂-၇၂)နေ့က အရှင်ဇိနရက္ခိတ သည် တူအရင်းဖြစ်သော ရှင်သာမဏေ အာနန္ဒာဝိဇ္ဇာသာဂရကို ခေါ်ဆောင်၍ ရန်ကုန်မြို့ မင်္ဂလာဒုံလေယာဉ်ကွင်းသို့ ဆိုက်ရောက်လာကြလေသည်၊ မဟာစည် ဆရာတော်ဘုရားကြီး၏ ညွှန်ကြားချက်အရ သိကျွမ်းပြီးဖြစ်ကြသော ဆရာတော် အရှင်ဇဝနနှင့် ဗုဒ္ဓသာသနာအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ မြန်အောင်ဦးတင် အစရှိသော ရဟန်း, ရှင်, လူတို့က ဝမ်းမြောက်စွာ သွားရောက်ကြိုဆိုကြလေသည်။
အရှင်ဇိနရက္ခိတနှင့် သာမဏေ အာနန္ဒာဝိဇ္ဇာသာဂရတို့ကို သာသနာ့ရိပ်သာသို့ ပင့်လာကြလေသည်၊ ကမ္ဘာအေးဇမ္ဘူဒီပကျောင်းဆောင်သို့ဝင်၍ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်အရှင်ဉာဏုတ္တရအား ပူဇော်ကန်တော့ကြပြီးနောက် သာသနာ့ရိပ်သာ၌ အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ကြီးကို ပူဇော်ကန်တော့ကြလေသည်၊ ထိုနေ့ ညနေချမ်းအချိန်၌ ပြည်လမ်း ပဋ္ဌာန်းဆရာတော် အရှင်နာရဒထံသို့လည်းကောင်း၊ နောက်တနေ့နံနက်၌ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်အရှင်သေဋ္ဌိလထံသို့ လည်းကောင်း သွားရောက်ပူဇော် ကန်တော့ကြလေသည်၊ သိကျွမ်းဖူးသော ဒါယကာ, ဒါယိကာမများ ကလည်း သာသနာ့ရိပ်သာသို့ လာရောက်၍ အရှင်ဇိနရက္ခိတအား ပူဇော်ကြလေသည်။
တပို့တွဲလပြည့်ကျော် ၇-ရက် တနင်္ဂနွေနေ့နံနက် ၈-နာရီကျော်အချိန် သာသနာ့ ရိပ်သာ သိမ်တော်ကြီး၌ မဟာစည်ဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြုလျက် ရှင် သာမဏေ အာနန္ဒာဝိဇ္ဇာသာဂရကို ဥပသမ္ပဒကံဆောင်၍ ရဟန်းပြုပေးကြလေသည်၊ ကာရကသံဃာတော် ၁၆-ပါးတွင် အဂ္ဂမဟာပဏ္ဍိတ ရွှေစေတီဆရာတော်, အဂ္ဂမဟာ ပဏ္ဍိတ မဟာစည်ဆရာတော်, သာသနာ့ရိပ်သာ ကမ္မဋ္ဌာနာစရိယ ဆရာတော်များ ဖြစ်ကြသော အရှင်ပဏ္ဍိတ, အရှင်ဇဝန, အရှင်ဇနကတို့ ပါဝင်တော်မူကြလေသည်၊ ကမ္ဘာအေးဆရာတော် အရှင်ဉာဏုတ္တရမှာ မန္တလေးသကြွို့ကသွားတော်မူ၍ ချီးမြှောက်ခြင်း မပြုနိုင်ခဲ့ချေ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ကပင် ပစ္စယာနုဂ္ဂဟဒါယကာ ပြုလေသည်၊ မဟာစည်ဆရာတော်ကြီးက အရှင်ဇိနရက္ခိတ၏အနွယ်ဖြစ်သည့်အလျောက် ရဟန်းသစ် အား ဇိနဝံသဟု ဘွဲ့အမည်ပေးလေသည်။
အင်ဒိုနီးရှားဆရာတော်အရှင်ဇိနရက္ခိတနှင့် အရှင်ဇိနဝံသတို့နှစ်ပါးလုံး အင်္ဂလိပ် ဘာသာဖြင့် စကားကောင်းစွာ ပြောနိုင်ကြသောကြောင့် ရဟန်းခံရာ၌ ရဟန်းလောင်း ဆုံးမသောအခါ အင်္ဂလိပ်ဘာသာဖြင့်ပင် ကမ္မဋ္ဌာနာစရိယ အရှင်ဇနကာဘိဝံသက ဆုံးမသည်ကို နာကြားကြရသည်။ ကမ္မဝါဖတ်ရာ၌လည်း ပထမအကြိမ်, ဒုတိယအကြိမ် တို့၌ မြန်မာအသံဖြင့်ပင် တိဿ, နာဂအမည်မှည့်ကာ ရွတ်ဖတ်ကြသော်လည်း တတိယ အကြိမ် မဟာစည်ဆရာတော်နှင့် ကမ္မဋ္ဌာနာစရိယ အရှင်ပဏ္ဍိတ, အင်ဒိုနီးရှား ဆရာတော် အရှင်ဇိနရက္ခိတတို့ ရွတ်ဖတ်ကြသောအခါ ဥပဇ္ဈာယ်ဆရာနှင့် ပဉ္စင်း လောင်းတို့၏ မူလအမည်ရင်းအတိုင်း ထုတ်ဖော်၍ ချီးမြှောက်တော်မူကြလေသည်။
ထိုနေ့ နေ့လည် ၁-နာရီအချိန် သာသနာ့ရိပ်သာ၌ အရှင်ဇိနရက္ခိတအား ပူဇော်သည့်ပွဲ ကျင်းပလေသည်၊ မဟာစည်ဆရာတော်ဘုရားကြီးက အရှင်ဇိနရက္ခိတ သည် အခက်အခဲများကို ရင်ဆိုင်ကျော်နင်း၍ သာသနာပြုပုံကို ရှင်းလင်းပြီးလျှင် ချီးကျူးစကား မိနကြွ့်မက်တော်မူလေသည်၊ အရှင်ဇိနရက္ခိတက ယခုအခါ၌ အင်ဒိုနီးရှား နိုင်ငံတွင် ထေရဝါဒရဟန်းတော် ၂၀-ကျော်နှင့် သာမဏေအများ ပေါ်ပေါက်ထွန်းကား သာသနာပြုခဲ့ပုံများကို အကျဉ်းချုံး၍ပြောပြပြီးလျှင် ကျေးဇူးရှင် ဥပဇ္ဈာယ်ဆရာတော် အမှူးရှိသော သံဃာတော်များနှင့် ဒါယကာ, ဒါယိကာများက မြိုင်မြိုင်ဆိုင်ဆိုင် ဂုဏ်ပြု ကြ၍ လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်အားတက်ပါကြောင်း လျှောက်ထားလေသည်။
မဟာစည်ဆရာတော်ကြီး အစရှိသော သံဃာတော်များနှင့် ဗုဒ္ဓသာသနာ နုဂ္ဂဟအဖွဲ့ချုပ် အနေဖြင့်လည်းကောင်း၊ ပုဂ္ဂိုလ်အနေဖြင့်လည်းကောင်း၊ ဒါယကာ, ဒါယိကာမများက ဓမ္မဒါနစာအုပ်များ, သင်္ကန်း, ထီး, ဖိနပ်စသော သံဃာနှင့်သက်ဆိုင် သည့် ပစ္စည်းများကို လှူဒါန်းပူဇော်ကြလေသည်၊ အင်ဒိုနီးရှားနိုင်ငံ၌ ရဖို့ရန် အလွန် ခဲယဉ်းသော သံဃာသုံးပစ္စည်းများကို ရကြ၍ အင်ဒိုနီးရှား ရဟန်းတော် ၂-ပါးက ဝမ်းမြောက်ပါကြောင်း, အင်ဒိုနီးရှား၌ရှိနေသော ရဟန်းသာမဏေများအား ခွဲဝေ လှူဒါန်းနိုင်မည် ဖြစ်ကြောင်း ပြောပြတော်မူကြလေသည်။
ရန်ကုန်မြို့၌ သီတင်းသုံးနေသော ရက်အနည်းငယ်အတွင်း၌ ရွှေတိဂုံစေတီ တော်ကြီးသို့ ၃-ကြိမကြွ်ကရောက်၍ ပူဇော်ကန်တော့ကြလေသည်၊ ကမ္ဘာအေးစေတီနှင့် ဆဋ္ဌသင်္ဂါယနာတင်လိုဏ်ဂူတော်ကြီး, ဆူးလေစေတီတော်, ဗိုလ်တထောင်စေတီတော် များသို့လည်း ကြွရောက်ဖူးမြော်ကြလေသည်။ ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ ဝိပဿနာ ကမ္မဋ္ဌာန်းတရားကို ဆက်လက်အားထုတ်ပြီးနောက် မြန်မာနိုင်ငံရှိ ဘုရားပုထိုးစေတီများ အား လှည့်လည်ဖူးမြော်လိုကြပါသော်လည်း ၇-ရက်မျှသာ နေထိုင်နိုင်ခွင့်ရှိသောကြောင့် တပို့တွဲလဆုပ် ၇-ရက်နေ့ နေ့လည်အချိန်၌ အင်ဒိုနီးရှားနိုင်ငံသို့ ပြနကြွ်ကတော်မူကြရ လေသည်၊ ကြိုဆိုစဉ်ကအတိုင်းပင် စည်ကားသိုက်မြိုက်စွာ ရဟန်း, ရှင်, လူတို့က မင်္ဂလာဒုံလေဆိပ်သို့ လိုက်ပို့ကြလေသည်။
ယခုခေတ်တွင် ဗုဒ္ဓသာသနာ၏ အားကိုးအားထားပြုရဆုံးသော ပုဂ္ဂိုလ်ထူး ဖြစ်တော်မူခြင်း
ရေးသားသူ - ဖြည့်စွက်ရန်
ဖတ်ရှုချိန် - ဖြည့်စွက်ရန်
မဟာစည်ဆရာတော်ကြီးအား ယခုခေတ်တွင် ဗုဒ္ဓသာသနာ၏ အားကိုး အားထားပြုရဆုံးသော ပုဂ္ဂိုလ်ထူးဟူ၍ ဆရာတော်အရှင်သီလာနန္ဒာဘိဝံသက ချီးကျူး ပူဇော်ခဲ့လေသည်။
ဆွမ်းအလှူပြုနေပုံ
၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်
ဓာတ်ပုံဆရာ - ကျော်ကျော်
၁၉၅၈-ခုနှစ်တွင် သာသနာ့ရိပ်သာ၌တရားအားထုတ်ခဲ့သော အင်္ဂလိပ်ရေတပ် တပ်မတော် ဗိုလ်ချုပ်ကြီး ရှက်တောက် (Rear Admiral E.H. Shattock) ရေးသားသော (An Experiment in Mindfulness) အမည်ရှိစာအုပ်တွင် “ထိုနည်းမှာလွယ်ကူလှသည်၊ အကြောင်းအရာအနေဖြင့် လွယ်ကူလှသောကြောင့်ပင် ယင်း၏လွယ်ကူမှုသည် ယင်း၏ ပဓာနခက်ခဲမှုတို့တွင် တစ်ခုဖြစ်လျက်ရှိတော့သည်၊ အနောက်နိုင်ငံ အသုံးအနှုန်းအရ ပြောရလျှင် မဟာစည်သာသနာ့ရိပ်သာသည် စိတ်ဓာတ်လေ့ကျင့်ရေးအတွက် ဆရာဖြစ် သင် ကျောင်းကြီးဖြစ်သည့်ပြင်၊ တင်းကြပ်သော နေထိုင်ရေးစည်းကမ်းရှိသော အလုပ်ချိန်များရှိသည်ဖြစ်၍ အတော်ခဲယဉ်းပြင်းထန်သော ကျောင်းဖြစ်လေသည်” ဟူ၍လည်းကောင်း၊
၁၉၅၈-ခုနှစ် နီပေါလ်နိုင်ငံ၌ကျင်းပခဲ့သော ကမ္ဘာ့ဗုဒ္ဓဘာသာကွန်ဖရင့်ကြီးကို တက်ရောက်ပြီးနောက် သာသနာ့ရိပ်သာ၌တရားအားထုတ်ခဲ့သော မစ္စတာကောလင်း ဝှပ်တ် (Mr. Colin Wyatt) ဆိုသောပုဂ္ဂိုလ်သည် အင်္ဂလန်သို့ရောက်ပြီးနောက် (The Middle Way) အမည်ရှိ ဗုဒ္ဓဘာသာမဂ္ဂဇင်း၌ “သာသနာ့ရိပ်သာသည် အခြားသမရိုးကျ ဘာသာရေးဌာနနှင့်မတူဘဲ လက်တွေ့အသုံးချ စိတ်ပညာသင်ကျောင်းနှင့်တူကြောင်း၊ သာသနာ့ရိပ်သာနည်းသည် ခိုင်လည်းခိုင်မာ၊ ဆင်ခြင်ဆုံတရားလည်းရှိ၊ လက်တွေ့လည်းကျ၍ ရိုးဖြောင်းမှုလည်းရှိကြောင်း၊ မည်သည့်လျှို့ဝှက်သောအရာ စိတ်ပြင်းထန်မှုကိုဖြစ်စေသော သဘောမျိုးမှမရှိကြောင်း” ဟူ၍လည်းကောင်း ရေးသားခဲ့ကြသည်။
သီရိလင်္ကာနိုင်ငံတွင် ဂျာမန်ရဟန်းတော် အရှင်ဉာဏပေါနိကထေရ် ဦးစီးသော (Buddhist Publications Society) ခေါ် ဗုဒ္ဓစာပေထုတ်ဝေရေးအသင်းက မဟာစည် ဆရာတော်၏ ဝိပဿနာရှုနည်းကျမ်းအခန်း(၅)၏ အင်္ဂလိပ်ဘာသာပြန်ကို (Practical Insight Meditation, Basic and Progressive Stages) ဟူသောအမည်ဖြင့် ထုတ်ဝေခဲ့၍ မဟာစည်ဆရာတော် ပါဠိဘာသာဖြင့် ရေးသားထားသော ဝိသုဒ္ဓိဉာဏကထာကျမ်းကို လည်း ဆရာတော်အရှင်ဉာဏပေါနိကထေရ်ကပင် အင်္ဂလိပ်ဘာသာပြန်ဆို၍ (The Progress of Insight) အမည်ဖြင့် ထုတ်ဝေခဲ့လေသည်။
ဆရာတော် အရှင်ဉာဏပေါနိကထေရ်(၁၉၀၁-၁၉၉၄)သည် သက်တော် ၃၅-နှစ် ၁၉၃၆-ခုနှစ် သီရိလင်္ကာနိုင်ငံတွင် ဂျာမန်ရဟန်းတော် ဆရာတော်အရှင်ဉာဏတိလောကထေရ် (၁၈၇၈-၁၉၅၇) ထံမှောက်၌ ရဟန်းဖြစ်တော်မူခဲ့သည်။ ၁၉၅၂္ထခုနှစ်တွင် မြန်မာနိုင်ငံမှပင့်ဖိတ်ခြင်းကြောင့် ဆဋ္ဌသင်္ဂါယနာအကြို ပိဋကတ်တော် သုဓ်သင်ပြင်ဆင်ရေးအတွက် သီရိလင်္ကာနိုင်ငံမှ ဂျာမန်ရဟန်းတော် အရှင်ဉာဏ တိလောကထေရ်နှင့် အရှင်ဉာဏပေါနိကထေရ် ဆရာတော် ၂-ပါးစလုံး ကြွရောက် တော်မူခဲ့ကြလေသည်။ ဆရာတော် အရှင်ဉာဏပေါနိကထေရ်သည် မြန်မာနိုင်ငံတွင် ဆက်လက်သီတင်းသုံး၍ မဟာစည်ဆရာတော်ကြီးထံမှောက်၌ သတိပဋ္ဌာန်ဝိပဿနာ တရား ကျင့်ကြံပွားများ အားထုတ်တော်မူခဲ့လေသည်။
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့၌လည်း (Mr. Stephen Levine) နှင့် ဓမ္မမိတ်ဆွေတစ်စုတို့သည် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က ရိုက်နှိပ် ဖြန့်ချိသော (Discourse on the Basic Practice of the Satipatthana Vipassana) စာအုပ်ကိုပင် (The Satipatthana Vipassana Meditation, A Basic Buddhist Mindfulness Exercise) ဟူသောအမည်ဖြင့်ထုတ်ဝေရန် ဆရာတော်ကြီးထံမှခွင့်ပြုချက် ကိုတောင်းယူပြီး ၁၉၇၁-ခုနှစ်က ရိုက်နှိပ်ဖြန့်ချိခဲ့သည်။ သီရိလင်္ကာ ဗုဒ္ဓစာပေထုတ်ဝေ ရေးအသင်းမှ ခွင့်တောင်း၍လည်း ထိုစာအုပ်ကို (Practical Insight Meditation) ဟူသောအမည်ဖြင့် ၁၉၇၂-ခုနှစ်က ပုံနှိပ်ဖြန့်ချိခဲ့လေသည်။
အင်္ဂလန်ပြည် လန်ဒန်မြို့မှ စိတ်ရောဂါအထူးကု ပါရဂူဒေါက်တာ ဂရေဟန် ဟောင်းဆိုသူသည် မဟာစည်ဆရာတော်၏ညွှန်ကြားချက်အတိုင်း ရှုမှတ်၍ ၄-၅-ရက် လောက်ကြာသောအခါ “တရားအားမထုတ်မီက တယောက်တည်း တွေ့သိရပါသည်၊ ယခုနှစ်ယောက်တွေ့နေပါသည်၊ ဘာကြောင့်ပါလဲ”လို့ မေးရာ “ရှုသိရတာက ရုပ်တရား၊ ရှုသိတာက နာမ်တရား၊ ဒါကြောင့် ၂-ယောက်လိုပင် နှစ်မျိုးအနေဖြင့် သိရတာပါ၊ အမှန်သိပါဘဲ”လို့ ဖြေကြားရသည်။ နောက်ရက်အနည်းငယ်ကြာသောအခါ ရှုမှတ်တိုင်း ရှုမှတ်တိုင်း ပျောက်ပျောက်သွားတာကိုသာ တွေ့ရကြောင်း ပြောပါသည်၊ ဒါဖြင့် အဲဒီလို ပျောက်ပျောက်သွားတာဟာ မြဲတာလား၊ မမြဲတာလားလို့ မေးကြည့်တော့ မမြဲတာပါလို့ သူက ဖြေကြားသည်။ နောက် ရက်အနည်းငယ်ကြာသောအခါ “ရှုမှတ်တိုင်း ရှုမှတ်တိုင်း ရှုသိရတာရော ရှုသိတာရော ချက်ခြင်း ပျောက်ပျက်သွားတာကို တွေ့ရကြောင်း” သူကလျှောက်ပါသည်၊ အဲဒီလို ခဏမစဲ ပျောက်ပျက်သွားလို့ မမြဲတာချည်းဘဲ၊ ဆင်းရဲ ချည်းဘဲ၊ အတ္တကောင်မဟုတ်တဲ့ အနတ္တသဘောတရားချည်းဘဲလို့ ရှုမှတ်နေယင်း ကိုယ်ပိုင်ဉာဏ်ဖြင့်သိတာဟာ အလွန်ကောင်းပါတယ်၊ ဒီလိုသိရအောင်လို့ ပေါ်လာသမျှ ကို အမြဲမပြတ်ရှုမှတ်နေရတာဘဲ၊ ရှုမြဲသာ မပြတ်ရှုမှတ်သွားပါ၊ အင်မတန်ကောင်းပါ တယ်-လို့ ချီးကျူးပြီး ဆက်လက်ရှုဘို့ တိုက်တွန်းလိုက်ရပါသည်။
နောက်တချိန်၌ ရန်ကုန်မြို့မှ ဒေါက်တာခင်မောင်လတ် (မဟာစည်ယောဂီ) အင်္ဂလန်သို့ စိတ်ရောဂါအထူးကုဆရာဝန်အတတ်သင်ရန်သွားရာ၊ ယင်းဆရာဝန်ကြီး ဒေါက်တာဟောင်းက သူ၏လူမမာများကို တန်းစီစေပြီးလျှင် ဖောင်းတယ်ပိန်တယ်ဟု ရှုမှတ်ခိုင်းနေတာကို တွေ့ရသဖြင့် ဒေါက်တာခင်မောင်လတ်က အလွန်အံ့အားသင့်ပြီး တော့ “ခင်ဗျားဟာ ဗုဒ္ဓဘာသာဝင်ပါလား”လို့ မေးသည်၊ ထိုအခါ ဒေါက်တာဟောင်း က “ဗုဒ္ဓဘာသာဝင်တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီတရားက အလွန်ကောင်းတဲ့ တရား ဖြစ်ပါတယ်၊ လူမမာတွေကို စိတ်ချမ်းသာမှု အေးချမ်းမှု ရစေပါတယ်၊ ဒါကြောင့် ဒီလို ရှုမှတ်ခိုင်းပါတယ်” လို့ ပြန်ကြားပါသည်။ “ဒီလိုရှုမှတ်ပုံနည်းကို ဘယ်က ရလာပါသလဲ” လို့ မေးပြန်တော့ မြန်မာပြည် ရန်ကုန်မြို့ မဟာစည်ဆရာတော်ဘုရားကြီးထံမှ ရလာခဲ့ သည်ဟုဖြေကြားကြောင်း သိရပါသည်။
ဤသို့မဟာစည်ဆရာတော်ဘုရားအထံ၌ တရားအားထုတ်ပြီးဖြစ်သော အဆိုပါ နိုင်ငံခြားသားတို့၏ ဟောပြောခြင်း, ရေးသားခြင်းတို့ဖြင့် သာသနာပြုမှုတို့ကြောင့် သတိပဋ္ဌာန်ဝိပဿနာအားထုတ်နည်းနှင့်အတူ မဟာစည်ဆရာတော်ဟူသောအမည်, မဟာစည်ဆရာတော်၏ ဉာဏ်စွမ်း, သာသနာ့ရိပ်သာဟူသောအမည်တို့သည် ကမ္ဘာအနှံ့ ပြန့်လျက်ရှိလေပြီ။ ယခုခေတ်၌ တစ်ကမ္ဘာလုံးရှိ စိတ်ဓာတ်လေ့လာမြှင့်တင်ရေးကို စိတ်ဝင်စားသော ပုဂ္ဂိုလ်တို့တွင် မဟာစည်ဆရာတော်ဟူသောအမည်နှင့် မဟာစည်ဆရာတော်၏ ဝိပဿနာကမ္မဋ္ဌာန်းနည်းတို့ကို မကြားဖူးသူ မဖတ်ဖူးသူ မလေ့လာဖူးသူ ဟူ၍ မရှိသလောက်ပင် ဖြစ်ပေလိမ့်မည်။
ထို့ကြောင့်ပင် ကမ္ဘာတစ်လွှား ထင်ရှားကျော်ကြားသောပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်များကို ပေါင်းစုရိုက်နှိပ်ထားသော (Who's Who in the World) ခေါ် ကမ္ဘာသုံးညွှန်းတမ်းစာအုပ်ကြီး၌ပင် မဟာစည် ဆရာတော်ကြီး၏ထေရုပ္ပတ္တိအကျဉ်းကို တွေ့မြင်ရခြင်းဖြစ်ပါသည်။ထိုစာအုပ်ကြီးတွင် ထည့်သွင်းခံရဖို့ ရန်မှာ သာမန်ကျော်ကြား သူတို့ မမျှော်လင့်နိုင်သောအချက်ဖြစ်ရကား ထို၌ထည့်သွင်းခံရခြင်းဖြင့်ပင် မဟာစည် ဆရာတော်သည် ကမ္ဘာ့အသိအမှတ်ပြုကျော်ကြားသောပုဂ္ဂိုလ် စာရင်းဝင်ဖြစ်နေကြောင်းမှာ အလွန်ပင် ထင်ရှားလှပါတော့သည်။
ထိုသို့ ကမ္ဘာကျော်ဆရာတော်ဖြစ်နေသောကြောင့်ပင် ယနေ့တိုင်လည်း နိုင်ငံ ခြားသားများထံမှ စုံစမ်းမေးမြန်းစာများ, တရားအားထုတ်ခွင့်ရလိုကြောင်း လျှောက်ထား စာများကို ရနေဆဲပင်ဖြစ်သည်။ မဟာစည်ဆရာတော်သည် ပရိယတ်နယ်ဖြစ်စေ, ပဋိပတ်နယ်ဖြစ်စေ မည်သည့်နယ်မှာမဆို ကျွမ်းကျင်တော်မူသဖြင့် ပရိယတ်ပဋိပတ်နှင့် စပ်၍ မည်သည့်ပုစ္ဆာ ပြဿနာမျိုးပင်မဆို ပြေလည်အောင် ဖြေစွမ်းတော်မူနိုင်ပေသည်။
ထို့ကြောင့် မဟာစည်ဆရာတော်သည် ယခုခေတ်တွင် ဗုဒ္ဓသာသနာ၏ အားကိုးအားထားပြုရဆုံးသော ပုဂ္ဂိုလ်ထူးတစ်ပါးဖြစ်သည်နှင့်အမျှ မြန်မာနိုင်ငံ ဗုဒ္ဓသာသနာဝင်အပေါင်းတို့၏ရှေ့မှ မားမားမတ်မတ် ရပ်တော်မူလျက်ရှိသော အလားတူရနိုင်ရန် ခဲယဉ်းလှသော ခေါင်းဆောင်ဆရာတော်ကြီးတစ်ပါး ဖြစ်ပါပေ တော့သည်” ဟူ၍ ဖြစ်လေသည်။
နိဂုံးကြည်ညိုပူဇော်ခြင်း
ရေးသားသူ - ဖြည့်စွက်ရန်
ဖတ်ရှုချိန် - ဖြည့်စွက်ရန်
ဆွမ်းအလှူပြုနေပုံ
၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်
ဓာတ်ပုံဆရာ - ကျော်ကျော်
မြတ်စွာဘုရားရှင်၏တရားအမွေကို ထိန်းသိမ်းစောင့်ရှောက်တော်မူခဲ့ကြသော ရွှေကျင်နိကာယသာသနာဝင် ရဟန်းတော်များလည်းဖြစ်ကြသော, ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဥပနိဿယဖြင့် သတိပဋ္ဌာန်ဝိပဿနာတရားများကို အစဉ်တစိုက်ပြသလျက်ရှိကြသော, ပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာ ဆရာတော်, သဒ္ဓမ္မရံသီရိပ်သာဆရာတော်, ဓမ္မာနန္ဒဝိဟာရဆရာတော် အရှင်သီလာ နန္ဒာဘိဝံသနှင့် ချမ်းမြေ့ရိပ်သာဆရာတော်များ၏ တရားအမွေခံယူခြင်းနှင့် စပ်ဆိုင် သော (ယုံကြည်ချက်, ခံယူချက်အစရှိသော) တာဝန်သိမှု၊ (လမ်းညွှန်ခြင်း, သတိပေး နှိုးဆော် တိုက်တွန်းခြင်းစသော) တာဝန်ယူဆောင်ရွက်မှုများကို ဖော်ပြ၍ နိဂုံးအနေဖြင့် ရိုသေလေးမြတ်စွာ ကြည်ညိုပူဇော်အပ်ပါသည်။
ပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာဆရာတော်
ပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာဆရာတော် အရှင်ပဏ္ဍိတာ ဘိဝံသလောင်းလျာသည်ကား ၁၂၈၃-ခုနှစ် ဝါဆိုလပြည့်ကျော် ၉-ရက်နေ့တွင် ဖွားမြင် တော်မူပါသည်။ ၁၃၀၂-ခု တပို့တွဲလဆန်း ၈-ရက်နေ့တွင် ကျောက်တန်း မဟာဗောဓိ တောရဆရာတော်ကြီး အရှင်ကေလာသမဟာထေရ်ကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဖြစ်တော် မူခဲ့ပါသည်။ ကျိုက္ကစံရွှေကျင်တိုက်သစ်၊ မန္တလေးမဟာဝိသုဒ္ဓါရုံတိုက်သစ်တို့၌ သီတင်း သုံး၍ စည်ရှင်ဆရာတော်ဘုရားကြီး၊ မစိုးရိမ်ဆရာတော်ဘုရားကြီး၊ ဗာရာဏသီ ဆရာတော်ဘုရားကြီး၊ သပြေကန်ဆရာတော်ဘုရားကြီးတို့အထံတော်၌ စာပေဆည်းပူးခဲ့ ပါသည်။ သာသနဓဇသိရီပဝရဓမ္မာစရိယ၊ စေတိယင်္ဂဏဓမ္မာစရိယဘွဲ့များ ရရှိခဲ့ပါ သည်။
၁၃၁၂-ခုနှစ်တွင် ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီးထံ ချဉ်းကပ် ၍ သတိပဋ္ဌာန်တရား အားထုတ်ခဲ့ပါသည်။ ၁၃၁၇-ခုနှစ် နယုန်လမှစတင်၍ တိုက်တာ စာချတာဝန်များကို ချထားခဲ့ပြီး သတိပဋ္ဌာန်တရား ပဋိပတ်လုပ်ငန်းများ ထပ်မံ ဆက်လက်ဆည်းပူးရန် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ထံတော်သို့ ရောက်ရှိကာ ဆရာတော်ဘုရားကြီးပေးအပ်သောတာဝန်တို့ကို ရွက်ဆောင်ခဲ့လေသည်။ ၁၃၂၀-ခုနှစ်မှစတင်၍ သီရိလင်္ကာနိုင်ငံ၌ ပဋိပတ္တိသာသနာပြုလုပ်ငန်းကို ဆရာတော် အရှင်သုဇာတ, အရှင်အာလောကတို့နှင့်အတူ ဆောင်ရွက်တော်မူခဲ့ရာ ကျန်းမာရေး မပြည့်စုံသဖြင့် ၃-နှစ်မျှသာ ကြာမြင့်ခဲ့လေသည်။ မန္တလေးမြို့ ရတနာပုံ မဟာစည် သာသနာ့ရိပ်သာ၌ ၁၃၃၅-၃၆ ခုနှစ်များတွင်လည်းကောင်း၊ မော်လမြိုင်မြို့ တောင်ဝိုင်းလေး မဟာစည်သာသနာ့ရိပ်သာ၌ ၁၃၃၈-၄၀ ခုနှစ်များတွင်လည်းကောင်း၊ ပဓာနနာယကကမ္မဋ္ဌာနာစရိယအဖြစ် တာဝန်ယူဆောင်ရွက်တော်မူခဲ့သည်။
၁၃၄၄-ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် ၁၀-ရက်နေ့တွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး လွန်တော်မူပြီးနောက် ၁၃၄၄-ခုနှစ် ဝါခေါင်လဆန်း ၃-ရက်နေ့ (၂၂-၈-၁၉၈၂)မှ စတင်၍ ၁၉၉၀-ခုနှစ်ထိ ပြည်တွင်းပြည်ပ မဟာစည် သာသနာ့ရိပ်သာများ၏ သြဝါဒါစရိယဆရာတော်အဖြစ် တာဝန်ယူဆောင်ရွက်တော် မူခဲ့ပါသည်။
ထို့နောက် ပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာ တည်ထောင်၍ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဥပနိဿယအတိုင်း သတိပဋ္ဌာန် ဝိပဿနာတရားတော်များကို ပြသလျက်ရှိပါသည်။ (ယခုအခါ သက်တော် ၉၃-နှစ်၊ သိက္ခာတော် ၇၃-ဝါအတွင်း ဝင်ရောက်ခဲ့ပြီ ဖြစ်ပါသော်လည်း) ကျန်းမာချမ်းသာစွာ ပြည်တွင်းပြည်ပအနှံ့ ကျယ်ပြန့်စွာသာသနာပြုတော်မူလျက် ရှိပါသည်။ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ကို အလှူခံတော်မူခဲ့ပါသည်။
သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်
သဒ္ဓမ္မရံသီရိပ်သာဆရာတော် အရှင်ကုဏ္ဍလာဘိဝံသလောင်းလျာသည်ကား ၁၂၈၃-ခုနှစ် နယုန်လဆန်း ၁-ရက်နေ့တွင် ဖွားမြင်တော်မူပါသည်။ ၁၃၀၂-ခုနှစ် တပို့တွဲလဆန်း ၁၂-ရက်နေ့တွင် ဝေါမြို့ ဖိုးစမ္ပါယ်ရွာ ကန်ကြီးကျောင်းတိုက်ဆရာတော် အရှင်ဓမ္မပိယမဟာထေရ်ကိုဥပဇ္ဈာယ်ပြု၍ ရဟန်းဖြစ်တော်မူခဲ့ပါသည်။ ညောင်လေးပင် တောရဆရာတော်ဘုရားကြီး အရှင်အရိယ (၁၂၄၈-၁၃၁၄)၊ ကျောက်ကုန်းတောရ မေဒိနီကျောင်းတိုက် ဆရာတော်ဘုရားကြီး အရှင်အာဠာရ၊ ညောင်တုန်း ရွှေဟင်္သာ တောရဆရာတော်ဘုရားကြီးများ အထံတော်၌ စာပေဆည်းပူးခဲ့ပါသည်။ သာသနဓဇ သိရီပဝရဓမ္မာစရိယ၊ စေတိယင်္ဂဏဓမ္မာစရိယဘွဲ့များ ရရှိခဲ့ပါသည်။
ကျောက်ကုန်းတောရ မေဒိနီကျောင်းတိုက်၏ စာချဆရာတော်အဖြစ် တာဝန်ယူ ဆောင်ရွက်တော်မူစဉ် ၁၃၃၈-ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၄-ရက်နေ့မှစ၍ ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာ၌ သတိပဋ္ဌာန်ဝိပဿနာတရားကို ၁-နှစ်ခန့် အားထုတ်တော်မူပြီးနောက် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက “ပရိယတ္တိသာသနာ အတွက် စာချဆရာတော်များ အတော်ပင်ပြည့်စုံလျက်ရှိပေသည်၊ ပဋိပတ္တိသာသနာအတွက် ကမ္မဋ္ဌာနာစရိယ ဆရာတော်များ ပြည့်စုံခြင်းမရှိသေးပေ၊ လိုအပ်လျက်ရှိပေသည်၊ ဦးကုဏ္ဍလ ကမ္မဋ္ဌာနာစရိယဖြစ်အောင် ကြိုးစားအားထုတ်ပါ” ဟူ၍ တိုက်တွန်းတော်မူခဲ့၏။ တိုက်တွန်းတော်မူသည့်အတိုင်း ကြိုးစားအားထုတ်တော် မူခဲ့ခြင်းကြောင့် ၁၃၃၉-ခုနှစ် ပြာသိုလကွယ်နေ့ သံဃာ့အစည်းအဝေး၌ မဟာစည်သာသနာ့ရိပ်သာ၏ ကမ္မဋ္ဌာနာစရိယနာယကအဖြစ်တင်မြှောက်ကြောင်း ကျေးဇူးရှင် ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် မိန့်ကြားတော်မူခဲ့သည်။
၁၃၄၁-ခုနှစ်မှစတင်၍ သဒ္ဓမ္မရံသီရိပ်သာ၏ ပဓာနနာယကကမ္မဋ္ဌာနာစရိယ အဖြစ် တာဝန်ယူဆောင်ရွက်တော်မူခဲ့သည်။ သက်တော် ၉၁-နှစ်၊ သိက္ခာတော် ၇၁-ဝါ ၁၃၇၃-ခုနှစ် နတ်တော်လပြည့်ကျော် ၆-ရက် လွန်တော်မူသည်အထိ သတိပဋ္ဌာန် ဝိပဿနာတရားတော်များကို အသက်ထက်ဆုံး စွမ်းစွမ်းတမံ ပြသတော်မူခဲ့သည်။ မဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယနှင့် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ် တော်များကို အလှူခံတော်မူခဲ့ပါသည်။
ဓမ္မာနန္ဒဝိဟာရဆရာတော် အရှင်သီလာနန္ဒာဘိဝံသ
ဓမ္မာနန္ဒဝိဟာရဆရာတော် အရှင်သီလာနန္ဒာဘိဝံသ လောင်းလျာသည်ကား ၁၂၈၉-ခုနှစ်၊ နတ်တော်လဆုတ် ၈-ရက်နေ့တွင် ဖွားမြင်တော်မူပါသည်။ ၁၃၀၉-ခု၊ ဝါဆိုလပြည့်နေ့တွင် စစ်ကိုင်းတောင်ရိုး မဟာဝိဇ္ဇောဒယချောင်ဆရာတော် အရှင် ပညာဝန္တမဟာထေရ်ကိုဥပဇ္ဈာယ်ပြု၍ ရဟန်းဖြစ်တော်မူခဲ့ပါသည်၊ ရွှေဟင်္သာဆရာတော် (နောင် ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး) အရှင်ပဏ္ဍိတသိရီက ကမ္မဝါဆရာအဖြစ် ဆောင်ရွက်တော်မူခဲ့သည်၊ စစ်ကိုင်းမြို့ ရွှေဟင်္သာချောင်ဆရာတော် အရှင်ဝါစက၊ မင်းလှချောင်ဆရာတော် အရှင်နိပုဏ၊ ဟိတောဒယချောင်ဆရာတော် အရှင်နန္ဒိယ၊ မြတောင်ချောင်ဆရာတော် အရှင်ဓမ္မလောက၊ နံ့သာချောင်ဆရာတော် အရှင် အာလောက၊ ကျစွာချောင်ဆရာတော် အရှင်ဝိဇယ၊ မန္တလေးမစိုးရိမ်ဆရာတော် အရှင်သူရိယ၊ ဒက္ခိဏာရာမဘုရားကြီးတိုက်ဆရာတော် အရှင်အရိယဝံသ၊ ဆရာတော် အရှင်နာရဒ၊ ဆရာတော် အရှင်ဥဂ္ဂံသ(ဦးကြယ်)၊ ဆရာတော်အရှင်ဥက္ကံသ၊ အရှင်ပညာ ဇောတ ဆရာတော်များအထံတော်၌ စာပေဆည်းပူးခဲ့ပါသည်။ သာသနဓဇသိရီပဝရ ဓမ္မာစရိယ၊ သကျသီဟဓမ္မာစရိယဘွဲ့များ ရရှိခဲ့ပါသည်၊ သီရိလင်္ကာနိုင်ငံရှိ လန်ဒန် တက္ကသိုလ်၌ ကျင်းပသော G.C.E စာမေးပွဲတွင် ပါဠိ၊ သက္ကတ ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့ပါသည်။
ဆရာတော်သည် ဆဋ္ဌသင်္ဂါယနာတင်ပွဲအတွက် ပါဠိတော်များအကြိုတည်းဖြတ် ခြင်းလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ပဉ္စမသင်္ဂါယနာတင်မင်းတုန်းမင်းတရားကြီး၏ ပိဋကတ်ကျောက်စာတော်မူနှင့် ပါဠိတော်ကျမ်းစာအုပ်များ ညှိနှုင်းတိုက်ဆိုင် စစ်ဆေးမှု လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်း၊ ရှေ့ပိုင်း ဆဋ္ဌသင်္ဂါယနာမတင်မီကာလတွင် မဟာစည်သာသနာ့ရိပ်သာ၌ သီတင်းသုံး၍လည်းကောင်း၊ နောက်ပိုင်းတွင် ကမ္ဘာအေး ဇမ္ဗူဒီပကျောင်းဆောင်၌ သီတင်းသုံး၍လည်းကောင်း၊ ဆဋ္ဌသင်္ဂါယနာလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်း၊ ၁၉၅၇-ခုနှစ် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ တိပိဋက ပါဠ္ထိမြန်မာ အဘိဓာန်ဌာနတွင် တာဝန်ခံကျမ်းပြုဆရာတော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ ခြင်း၊ တိပိဋက ပါဠိ-မြန်မာ အဘိဓာန်၏ နိဒါန်းကြီးကို ပြုစုတော်မူခဲ့ခြင်း၊ တိပိဋက ပါဠိ-မြန်မာ အဘိဓာန် အတွဲ-၁ နှင့် အတွဲ-၂ တို့ကို ပြုစုရေးသားတည်းဖြတ်ရာတွင် ဦးဆောင်တော်မူခဲ့ခြင်း၊ စသည်ဖြင့် သာသနာပြုတော်မူခဲ့ပါသည်။
၁၉၆၀-ခုနှစ်တွင် မဟာဝိဇ္ဇောဒယဆရာတော်ကြီးလွန်တော်မူ၍ ထိုချောင်၏ ကျောင်းထိုင်ဆရာတော်အဖြစ် ဆောင်ရွက်ခဲ့ခြင်း၊ အတိသုဒ္ဓါရုံ ပါဠိတက္ကသိုလ်၌ ကထိကအဖြစ် စာပေပို့ချခဲ့ခြင်း၊ ၁၉၆၉-ခုနှစ်တွင် မန္တလေးမြို့ အဘယာရာမ ရွှေဂူ ကျောင်းတိုက်သို့ပြောင်းရွှေ့၍ ကျောင်းတိုက်၏ ဒုတိယနာယကဆရာတော်အဖြစ်ဖြင့် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်းများအပြင် သက္ကတ၊ ပြာကရိတ်တို့ကိုပါ ပို့ချခဲ့ပါ သည်။ ထို့အပြင် မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်၏ အရှေ့တိုင်းဘာသာရပ်ဌာန၌ B.A နှင့် M.A ဒီဂရီဆိုင်ရာ ပြင်ပစာစစ်ပုဂ္ဂိုလ် အဖြစ်လည်း ဆောင်ရွက်ခဲ့ပါသည်။
နောင်အခါ အဘယာရာမ ရွှေဂူကျောင်းတိုက်၏ ပဓာနနာယက၊ မြန်မာနိုင်ငံ ရွှေကျင်ဂိုဏ်းကြီး၏ ဂိုဏ်းလုံးဝန်ဆောင်နာယကနှင့် ရတ္တညူမဟာနာယက အဖြစ် လည်းကောင်း၊ ၁၉၉၆-ခုနှစ် ဒီဇင်ဘာလတွင် ပြည်တွင်းပြည်ပ မဟာစည်သာသနာ့ ရိပ်သာများ၏ သြဝါဒါစရိယအဖြစ်လည်းကောင်း၊ ၁၉၉၉-ခုနှစ် ဒီဇင်ဘာလတွင် ပြည်ပ သာသနာပြု ရွှေကျင်နိကာယသံဃနာယက အဖြစ်လည်းကောင်း၊ ရွေးချယ်တင်မြှောက် ခဲ့ကြ၍ ၎င်းတာဝန်များကိုလည်း ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၈-ခု ဒီဇင်ဘာလတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ်ဆရာတော် အဖြစ်လည်း တာဝန်များကိုထမ်းဆောင်ခဲ့ပါသည်။
ဆရာတော်သည် နိုင်ငံခြားသာသနာပြုအနေဖြင့် ၁၉၅၈-ခုနှစ်တွင် ဆဋ္ဌသင်္ဂါ ယနာ ဝန်ဆောင်သံဃာအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော်ဦးဝိသုဒ္ဓါဘိဝံသ၊ အဖွဲ့ဝင်အဖြစ် မြသိန်းတန်ဆရာတော် ဦးသောဘနနှင့်အတူ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဂျပန်နိုင်ငံသို့ ကြွရောက်ခဲ့ပါသည်။ ၁၉၅၉-ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုမှပင့်ဖိတ်ချက်အရ အနီးစခန်းဆရာတော်၊ ရွှေကျင်ကျောင်းသစ်ဆရာတော် ဦးကောသလ္လ၊ ကပ္ပိယဦးဘလေး (ရန်ကုန်တက္ကသိုလ် ပါဠိကထိက) လေးဦးပါဝင်သော ကိုယ်စားလှယ်အဖွဲ့ဖြင့် ကြွရောက်ခဲ့ပါသည်။ အပြန် တွင် အင်္ဂလန်နှင့်ဂျာမနီနိုင်ငံသို့လည်း ကြွရောက်ခဲ့ပါသေးသည်။ ၁၉၆၀-ခုနှစ်တွင် ကမ္ဘာ့သာသနာပြု ဆရာတော်ဦးသေဋ္ဌိလ၊ ဦးချန်ထွန်းတို့နှင့်အတူ ဂျာမဏီ၊ ဆွီဒင်၊ ဒိန်းမတ်၊ ပြင်သစ်၊ အင်္ဂလန်နိုင်ငံသို့ ကြွရောက်၍ သာသနာပြုခဲ့ပါသည်။ ၁၉၇၈-ခုနှစ်၊ တိုကျိုနှင့်ကျိုတိုမြို့တို့၌ ကျင်းပသော ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံသို့ တက်ရောက်၍ မလေးရှားနှင့်စင်္ကာပူနိုင်ငံများသို့ ဆက်လက်ကြွရောက်ခဲ့ပါသည်။
ဆရာတော်သည် ဆဋ္ဌသင်္ဂါယနာတင်စဉ်ကပင် မဟာစည်ဆရာတော်ကြီးနှင့် ရင်းနှီးကျွမ်းဝင်၍ ဆရာတော်ဘုရားကြီးအား ကြည်ညိုလေးစားပြီး မဟာစည် သတိပဋ္ဌာန်ဝိပဿနာတရားကို သိုသိုသိပ်သိပ် ကျင့်ပွားလာခဲ့သည်မျှမက ပြည်ပ သာသနာပြုခရီးကြွခါနီးတွင် ဆရာတော်ဘုရားကြီး၏ခြေတော်ရင်း၌ တစ်လတာမျှ ထပ်မံ၍ အားထုတ်တော်မူခဲ့လေသည်။
၁၉၇၉-ခုနှစ်၊ ဧပြီလတွင် မဟာစည်ဆရာတော်ဘုရားကြီး အမေရိကန်နိုင်ငံသို့ သာသနာပြကြွုကတော်မူစဉ် ဆန်ဖရန်ဆစ္စကိုမြို့နှင့်အနီး ပတ်ဝန်းကျင်မြို့များမှ ဒါယကာ၊ ဒါယိကာမများ၏ လျှောက်ထားတောင်းပန်ချက်အရ နောက်ပါရဟန်းတော်များအနက် ဆရာတော်ဦးသီလာနန္ဒာဘိဝံသနှင့် ဆရာတော်ဦးကေလာသတို့ကို အမေရိကန်နိုင်ငံ၌ ထားရစ်ခဲ့ပါသည်။ ဆရာတော်သည် “ဓမ္မာနန္ဒဝိဟာရကျောင်းတိုက်၏ ပဓာနနာယက, အမေရိကန်နိုင်ငံ ထေရဝါဒဗုဒ္ဓဘာသာအသင်းကြီး၏နာယက, ကယ်လီဖိုးနီးယား ပြည်နယ် ဥက္ကလန်မြို့ ဓမ္မစက္ကရိပ်သာနှင့် ဖလော်ရီဒါပြည်နယ် လာဂိုမြို့ ဗောဓိထရီး ရိပ်သာများ၏ သြဝါဒါစရိယ, ဆန်ဟိုဈေးမြို့ တထာဂတရိပ်သာ၏ သြဝါဒါစရိယ” တို့အဖြစ် ဆောင်ရွက်ခဲ့လေသည်။
သက်တော် ၇၈-နှစ်၊ သိက္ခာတော် ၅၈-ဝါ ၁၃၆၇-ခုနှစ်၊ ဝါခေါင်လဆန်း ၉ - ရက်နေ့ လွန်တော်မူသည်အထိ သတိပဋ္ဌာန်ဝိပဿနာတရားတော်များကို အသက်ထက်ဆုံး စွမ်းစွမ်းတမံ ပြသတော်မူခဲ့သည်။ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ (Doctor of Letters) ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓဇောတိက ဘွဲ့တံဆိပ် တော်များ အလှူခံတော်မူခဲ့ပါသည်။
ချမ်းမြေ့ရိပ်သာဆရာတော်
ချမ်းမြေ့ရိပ်သာဆရာတော် အရှင်ဇနကာဘိဝံသလောင်းလျာသည်ကား ၁၂၉၀္ထခုနှစ် ဝါခေါင်လဆန်း ၈-ရက်နေ့တွင် ဖွားမြင်တော်မူပါသည်။ ၁၃၀၉-ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့တွင် တောရဗိမာန်ဆရာတော် အရှင်ပဒုမ မဟာထေရ်ကို ဥပဇ္ဈာယ်ပြု၍ရဟန်းဖြစ်တော်မူခဲ့ပါသည်။ မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ် စည်ရှင် ဆရာတော်ဘုရားကြီး၊ ပိုက်ကျုံးဆရာတော်ဘုရားကြီး၊ အသောကာရုံ ဆရာတော် ဘုရားကြီး၊ ဗာရာဏသီဆရာတော်ဘုရားကြီး၊ သံတော်ဆင့် စာချဆရာတော်ဘုရားကြီး၊ မစိုးရိမ်တိုက် စာချဆရာတော်ဘုရားကြီးတို့ အထံတော်၌ စာပေဆည်းပူးခဲ့ပါသည်။ သာသနဓဇသိရီပဝရဓမ္မာစရိယ၊ သကျသီဟဓမ္မာစရိယဘွဲ့များ ရရှိခဲ့ပါသည်။
၁၃၁၅-ခုနှစ်ဝါတွင်း၌ ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီးထံမှောက်တွင် ၄-လကျော် သတိပဋ္ဌာန်တရား အားထုတ်ခဲ့ပါသည်။ ဆဋ္ဌသင်္ဂါယနာ ပါဠိပဋိဝိသောဓက အဖြစ်ဆောင်ရွက်စဉ် သင်လက်စရှိသောအင်္ဂလိပ်စာကို ပုသိမ်မြို့ မြောင်းမြဆရာတော် ကြီး အရှင်ဓမ္မာနန္ဒထံ၌ ဆက်လက်သင်ယူခဲ့သည်။ ၁၃၁၉-ခုနှစ်မှစ၍ ၆-နှစ်တာမျှ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ မဟာဝိသုဒ္ဓါရာမကျောင်းတိုက်၌ အင်္ဂလိပ်၊ သက္ကတ၊ သီဟိုဠ်နှင့် ဟိန္ဒီဘာသာရပ်များကို လေ့လာဆည်းပူးခဲ့သည်။ ထိုနောက် နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့၏ပင့်လျှောက်ချက်အရ ကမ္ဘာအေး၌သီတင်းသုံး၍ ပါဠိကျမ်းစာများ သုတ်သင်ရေးတာဝန်ကို ထမ်းဆောင်ခဲ့သည်။
၁၃၂၉-ခုနှစ်၌ ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီး၏အမိန့်အရ ရန်ကုန် မြို့ မဟာစည်သာသနာ့ရိပ်သာ ကမ္မဋ္ဌာနာစရိယနာယကအဖြစ် ဆောင်ရွက်ခဲ့လေသည်။ မန္တလေးမြို့ ရတနာပုံ မဟာစည်သာသနာ့ရိပ်သာ၌ ပဓာနနာယက ကမ္မဋ္ဌာနာစရိယ အဖြစ် တစ်နှစ်ခွဲမျှတာဝန်ယူ ဆောင်ရွက်တော်မူခဲ့သည်။ ၁၃၃၈-ခုနှစ်တွင် ချမ်းမြေ့ ရိပ်သာကျောင်းကို တည်ထောင်၍ မဟာစည်ဆရာတော်ကြီး၏ ဥပနိဿယအတိုင်း သတိပဋ္ဌာန်ဝိပဿနာ တရားတော်များကို (ယခုအခါ သက်တော် ၈၆-နှစ်၊ သိက္ခာတော် ၆၆-ဝါ အတွင်းဝင်ရောက်ခဲ့ပြီ ဖြစ်ပါသော်လည်း) ကျန်းမာချမ်းသာစွာ ပြည်တွင်းပြည်ပ အနှံ့ သာသနာပြုတော်မူလျက် ရှိပါသည်။ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓဇောတိက ဘွဲ့တံဆိပ်တော်များကို အလှူခံတော် မူခဲ့ပါသည်။