မြတ်စွာဘုရား၏သာသနာတည်တံ့ရေးအတွက် ကောင်းဆုံးနည်းလမ်းနှင့် ဆိပ်ခွန်၌ပြသော ၁၃၀ဝ-ပြည့်နှစ် ကဆုန်လပြည့်နေ့ ပွဲဦးထွက်ကမ္မဋ္ဌာန်း

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဤအကြောင်းအရာများကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ၁၃၃၃-ခုနှစ်က ဟောပြောတော်မူခဲ့သော ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင်တရားတော်နှင့် ၁၃၃၉ ခုနှစ် တပေါင်းလပြည့်နေ့တွင် ဆိပ်ခွန်၌ဟောကြားတော်မူခဲ့သော သာသနာအရှည် တည်တံ့ရေးတရားတော်များမှ ကောက်နုတ်၍ ပူဇော်အပ်ပါသည်။

မြတ်စွာဘုရားက “ငါ၏ အဆုံးအမသာသနာတော်မှာသာ ကိလေသာငြိမ်းသူ သမဏအစစ်များ ရှိတယ်၊ အပြင်ဘက်မှာတော့ သမဏအစစ်များ မရှိဘူး၊ အပြင်ဘက်မှာတော့ သမဏအစစ်များမှ ကင်းဆိတ်နေကြတယ်” ဆိုတာကို ဟောကြား ပြီးနောက် သမဏအစစ်တွေ အဆက်မပြတ်တည်တံ့ပြီး သာသနာတော်တည်တံ့ရေး ကိုလဲ ဒီလို ပြောကြားတော်မူပါတယ်။

ဣမေ စ သုဘဒ္ဒ ဘိက္ခူ သမ္မာ ဝိဟရေယျုံ၊ အသုညော လောကော အရဟန္တေဟိ အဿ။ သုဘဒ္ဒ- သုဘဒ်ပရိဗိုဇ်၊ စ- မဂ္ဂင်ရှစ်ပါးရှိလျက် သမဏအစစ် များ အဆက်မပြတ်ရှိနိုင်ပုံကို ဖော်ပြဦးမည်၊ ဣမေဘိက္ခူ- တစ်ကျိပ်နှစ်ပါးသော ဤ ရဟန်းတို့သည်၊ သမ္မာ ဝိဟရေယျုံ- ကောင်းမွန်မှန်ကန်စွာ နေသွားကြမည်ဆိုလျှင် လောကော- သတ္တဝါအပေါင်းဟူသော လောကသည်၊ အရဟန္တေဟိ- ရဟန္တာသမဏ အစစ်တို့မှာ၊ အသုညော- မဆိတ်သုဉ်းသည်၊ အဿ- ဖြစ်ရာ၏၊ ဝါ- ဖြစ်နိုင်ပေ၏တဲ့။

ဒီမှာ တစ်ကျိပ်နှစ်ပါးလို့အနက်ပြန်တာကတော့ ဒွါဒဿဘိက္ခူဆိုတဲ့ အဋ္ဌကထာ အဖွင့်အရပါပဲ၊ အဲဒီ တစ်ကျိပ်နှစ်ပါးဆိုတာကလဲ ခုတင်က ပြောခဲ့တဲ့အတိုင်း ဝိပဿနာ ယောဂီ ၄-ပါးနဲ့ အရိယာရှစ်ပါးပါပဲ၊ (စတုနံ္န မဂ္ဂါနံ အတ္ထာယ- မဂ်လေးပါးတို့အတွက်၊ အာရဒ္ဓဝိပဿကေဟိ စတူဟိ- အားထုတ်စပြုပြီးသော ဝိပဿနာယောဂီ ၄-ပါးတို့မှ လည်းကောင်း၊ မဂ္ဂဋ္ဌေဟိ စတူဟိ- မဂ်၌တည်ဆဲ အရိယမဂ်ပုဂ္ဂိုလ် ၄-ပါးတို့မှ လည်း ကောင်း၊ ဖလဋ္ဌေဟိ စတူဟိ- ဖိုလ်၌တည်သောအရိယာပုဂ္ဂိုလ် ၄-ပါးတို့မှလည်းကောင်း၊ ဣတိ- ဤသို့ ရေတွက်သောအားဖြင့်၊ ဒွါဒသဟိ သမဏေဟိ- တစ်ကျိပ်နှစ်ပါးသော) အဲဒီ တစ်ကျိပ်နှစ်ပါးသောပုဂ္ဂိုလ်တွေက ကောင်းကောင်းမွန်မွန် နေသွားကြမယ်ဆိုရင် လောကကြီးမှာ ရဟန္တာပုဂ္ဂိုလ်တွေ မဆိတ်သုဉ်းဘဲ အမြဲတမ်း ရှိနေနိုင်ပါတယ်တဲ့၊ ကောင်းကောင်းမွန်မွန်နေဆိုတာက ဘယ်လိုလဲ၊ ကိုယ့်တရားကိုနှလုံးသွင်းပြီး အေးအေး ချမ်းချမ်းနေတာကို ဆိုတာလားဆိုတော့၊ အဲဒီလိုနေတာကို ဆိုတာမဟုတ်ပါဘူး၊ အဲဒီလို အေးအေးကလေးနေရုံနဲ့တော့ အရိယာတွေ, ရဟန္တာတွေ အဆက်မပြတ် မဖြစ်ပါဘူး၊ မဂ္ဂင်ရှစ်ပါးတရားကို အဆင့်ဆင့်ဟောကြားပြီး ပွားများစေကြမှသာလျှင် အရိယာတွေ အဆက်မပြတ်ဖြစ်ပြီး ရဟန္တာတွေ မဆိတ်မသုဉ်းဘဲ ရှိနေနိုင်ပါတယ်၊ ဒါကြောင့် အဋ္ဌကထာက ဒီလို ဖွင့်ပြထားပါတယ်။

သမ္မာ ဝိဟရေယျုန္တိ ဧတ္ထ သောတာပန္နော အတ္တနော အဓိဂတဋ္ဌာနံ အညဿ ကထေတွာ သောတာပနံ္န ကရောန္တော သမ္မာ ဝိဟရတိ နာမ၊ ဧသ နယော သကဒါဂါမိ အာဒီသု။ ပ။ သောတာပတ္တိ မဂ္ဂတ္ထာယ အာရဒ္ဓဝိပဿကော အတ္တနော ပဂုဏံ ကမ္မဋ္ဌာနံ ကထေတွာ အညမ္ပိ သောတာပတ္တိမဂ္ဂတ္ထာယ အာရဒ္ဓဝိပဿကံ ကရောန္တော သမ္မာ ဝိဟရတိ နာမ၊ ဧသနယော သေသမဂ္ဂတ္ထာယ အာရဒ္ဓဝိပဿကေသု။

သမ္မာ ဝိဟရေယျုန္တိ ဧတ္ထ-သမ္မာ ဝိဟာရေယျုံဟူသော ဤစကား၌ သောတာပန္နော- သောတာပန်ပုဂ္ဂိုလ်သည်၊ အတ္တနော အဓိဂတဋ္ဌာနံ- မိမိ၏ ရပြီး တရားထူး အရာဌာနကို၊ ဝါ- တရားထူးရခြင်း၏ အကြောင်းနည်းလမ်းကို၊ အညဿ ကထေတွာ- အခြားသူအား ပြောပြ၍၊ တံ- ထိုအခြားသူကို၊ သောတာပနံ္န ကရောန္တေ္ထာသောတာပန်ဖြစ်အောင် ပြုနိုင်သည်ရှိသော်၊ သမ္မာ ဝိဟရတိ နာမ- ကောင်းမွန်မှန်ကန် စွာနေသည် မည်ပေ၏တဲ့။

အဲဒီအဖွင့်ဟာ ရှင်းလင်းပြတ်သားပါတယ်၊ သောတာပန်ပုဂ္ဂိုလ်က မိမိရထားတဲ့ တရားကို အခြားသူအား ပြောသင့်သမျှ စိတ်ပါဝင်စားအောင် ပြောပြရမယ်၊ အဲဒီ တရားထူးကို ရအောင်အားထုတ်ပုံ အားထုတ်နည်းကိုလဲ ပြောပြရမယ်၊ အဲဒီလို ပြောပြရမယ်ဆိုတာ တခြား ပြောပြရမှာမဟုတ်ဘူး၊ မဂ္ဂင်ရှစ်ပါးပွားစေပုံနည်းလမ်းကို ပြောပြရမယ်လို့ ဆိုတာပဲ၊ အဲဒီလိုပြောပြပြီးတော့ အဲဒီတခြားသူကို မဂ္ဂင်ရှစ်ပါး ပွားစေရမယ်၊ ဝိပဿနာအလုပ်ကို အားထုတ်စေရမယ်၊ အဲဒီလိုပြောပြပြီး အားထုတ်စေ တဲ့အတွက် အခြားလူတစ်ယောက် သောတာပန်ဖြစ်သွားရင် ပြောပြတိုက်တွန်းပေးတဲ့ ပထမသောတာပန်ဟာ ရဟန္တာမဆိတ်သုဉ်းရေးအတွက် ကောင်းမွန်မှန်ကန်စွာနေသည် မည်ပါတယ်တဲ့၊ အတိုချုပ်ဆိုလိုတာကတော့ သောတာပန်တစ်ပါးက အနည်းဆုံး အားဖြင့် သောတာပန်အသစ်တစ်ပါး ပွားစေရမယ်လို့ ဆိုလိုပါတယ်၊ အဲဒီလို ပွားများ ထားခဲ့ရင် သောတာပန်တွေ အဆက်မပြတ် ရှိနေရမယ်၊ အဲဒီ သောတာပန်တွေက သကဒါဂါမ် အနာဂါမ်ဖြစ်ပြီး ရဟန္တာဖြစ်သွားကြမယ်၊ ဒီတော့ ရဟန္တာတွေလဲ အဆတ်မပြတ် ရှိနေနိုင်တာပေါ့၊

နောက်ပြီးတော့ သကဒါဂါမိ အာဒီသု- သကဒါဂါမ်ပုဂ္ဂိုလ်စသည်တို့၌ (ကောင်းမွန်စွာနေပုံမှာ) ဧသနယော- ဤသောတာပန် နည်းတူပင်တည်းတဲ့။ သကဒါဂါမ်ကလဲ အနည်းဆုံး သကဒါဂါမ်တစ်ပါး ပွားစေခဲ့ပါ။ အနာဂါမ်ကလဲ ပွားစေခဲ့ပါ၊ ရဟန္တာကလဲ ပွားစေခဲ့ပါတဲ့၊ အဲဒီလို သကဒါဂါမ်အသစ်, အနာဂါမ်အသစ်, ရဟန္တာအသစ်တွေ ပွားစေခဲ့လို့ရှိရင် လောကမှာ ရဟန္တာတွေ မဆိတ်သုဉ်းဘဲ အမြဲမပြတ်ရှိနေမယ်ဆိုတာ အလွန်ထင်ရှားပါတယ်၊ နောက်ပြီးတော့ ဝိပဿနာယောဂီပုဂ္ဂိုလ်က ရဟန္တာမဆိတ် သုဉ်းအောင် နေပုံကိုလဲ ဒီလိုပြသထားပါတယ်။

သောတာပတ္တိမဂ္ဂတ္ထာယ- သောတာပတ္တိမဂ်ကို ရရန်အတွက်၊ အာရဒ္ဓဝိပဿ္ထကော- အားထုတ်စပြုခဲ့ပြီးသည်ဖြစ်၍ ဥဒယဗ္ဗယဉာဏ်စသည်သို့ ရောက်နေသော ဝိပဿနာယောဂီသည် (နာမရူပပရိစ္ဆေဒဉာဏ်, ပစ္စယပရိဂ္ဂဟဉာဏ်, သမ္မသနဉာဏ်များ လောက်သာ ရောက်နေတဲ့ ဝိပဿနာယောဂီဟာ အာရဒ္ဓဝိပဿက မမည်သေးဘူး၊ ဥဒယဗ္ဗယဉာဏ် စသည်ကိုရောက်နေတဲ့ ဝိပဿနာယောဂီကမှ အာရဒ္ဓဝိပဿက မည်တယ်၊ ဥဒယဗ္ဗယဉာဏ်စသည်ကိုရောက်နေမှလဲ သူတစ်ပါးကို ပြောဟောတိုက်တွန်း နိုင်လောက်တဲ့ ကိုယ်တွေ့များ ပြည့်စုံတယ်၊ ဒါကြောင့် ဒီမှာ အဲဒီလိုပုဂ္ဂိုလ်ကို အာရဒ္ဓ ဝိပဿကလို့ ဆိုပါတယ်။) အာရဒ္ဓဝိပဿကော- အားထုတ်စပြုပြီးဖြစ်သော ဝိပဿနာ ယောဂီသည်၊ အတ္ထနော- မိမိ၏၊ ပဂုဏံ- ကျေပွန်နေသော၊ ကမ္မဋ္ဌာနံ- ဝိပဿနာ ကမ္မဋ္ဌာန်းကို၊ ကထေတွာ- ပြောပြ၍၊ အညမ္ပိ- အခြားသူကိုလည်း၊ သောတာပတ္တိ-မဂ္ဂတ္ထာယ အာရဒ္ဓဝိပဿကံ ကရောန္တော- သောတာပတ္တိမဂ်ရရန် အားထုတ်စပြုပြီး သော ဝိပဿနာယောဂီဖြစ်အောင် ပြုစုနိုင်သည်ရှိသော်၊ သမ္မာ ဝိဟရတိနာမ္ထကောင်းစွာနေသည် မည်ပေ၏တဲ့။

အဲဒီစကားထဲမှာ သောတာပတ္တိမဂ်ကိုရရန် အားထုတ်နေတဲ့ အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်ဆိုတာကို အထူးသတိပြုကြရမယ်။ အချို့က “သောတာပန်ဖြစ်ဖို့တော့ ဝိပဿနာ မရှုရဘူး၊ သောတာပတ္တိမဂ်ဟာ ဒဿနမဂ်ဖြစ်တဲ့အတွက် နည်းလမ်းသိမြင်ရုံမျှဖြင့် ကိစ္စပြီးတယ်”လို့ အရမ်းပြောဟောနေကြတယ်၊ အဲဒါဟာ ဒီအဋ္ဌကထာအဖွင့်နှင့် တိုက်ဆိုင်ကြည့်ရင် အသင့်ယုတ္တိမရှိတဲ့ အမှားစင်စစ်ဖြစ်ကြောင်း ထင်ရှားပါတယ်၊ အမှန်စင်စစ်ကတော့ အရိယမဂ်လေးပါးလုံးပင် ပုဗ္ဗဘာဂမဂ်ဆိုတဲ့ ဝိပဿနာမဂ္ဂင် ရှစ်ပါးကို ပွားစေပြီးမှ ဖြစ်ပေါ်တာချည်းပဲ၊ ဒါကြောင့် ဒီမှာ သောတာပတ္တိမဂ်ရရန် အားထုတ်စပြုပြီးဖြစ်တဲ့ ဝိပဿနာယောဂီပုဂ္ဂိုလ်ကို ထုတ်ပြထားပါတယ်၊ သောတာပတ္တိ မဂ်ရအောင် အားထုတ်တယ်ဆိုတော့ ပုထုဇဉ်ပုဂ္ဂိုလ်ပေါ့၊ အဲဒီပုဂ္ဂိုလ်ဟာ ဥဒယဗ္ဗယ ဉာဏ်ရောက်ရင် အာရဒ္ဓဝိပဿကမည်ပါတယ်၊ ဘင်္ဂဉာဏ်စသည်ကို ရောက်နေရင် တော့ အထူးပြောစရာ မလိုတော့ပါဘူး။

ဥဒယဗ္ဗယဉာဏ် စသည်ကိုရောက်နေတဲ့ ဒီဝိပဿနာယောဂီမှာ ဝိပဿနာ ကမ္မဋ္ဌာန်းက ကျေပွန်သင့်သလောက် ကျေပွန်နေပါတယ်၊ သင်္ခါရုပေက္ခာဉာဏ် ရောက် ရင် အကျေပွန်ဆုံးပါပဲ၊ ဒါကြောင့် မိမိမှာကျေပွန်နေတဲ့ ဝိပဿနာကမ္မဋ္ဌာန်းကို အခြားသူအား ပြောပါတဲ့၊ ကိုယ်နဲ့ ခင်မင်ရင်းနှီးတဲ့သူ, ကိုယ့်စကားကို ယုံကြည်မည့်သူ, ဒီပုဂ္ဂိုလ်အား ပြောပြဖို့ပါပဲ။ အဲဒီလိုပြောပြပြီးတော့ ဝိပဿနာမဂ္ဂင်ပွားစေတဲ့ ဘာဝနာ အလုပ်ကို အားထုတ်စေရမယ်၊ အဲဒီလို အားထုတ်စေသောအားဖြင့် အခြားသူ တစ်ယောက် ဥဒယဗ္ဗယဉာဏ်ရောက်သွားရင် အာရဒ္ဓဝိပဿကပုဂ္ဂိုလ် ဖြစ်တော့တာပဲ၊ အာရဒ္ဓဝိပဿကပုဂ္ဂိုလ်အဖြစ် ရောက်သွားရင် အင်မတန် ဝမ်းမြောက်ဝမ်းသာရှိတယ်၊ သောတာပတ္တိမဂ်ကိုရအောင် ဆက်ပြီးအားထုတ်သွားဖို့ရာလဲ စိတ်ဆန္ဒထက်သန်နေပြီ၊ ဒါကြောင့် အဲဒီတခြားသူလဲ ဆက်လက်အားထုတ်ပြီး သောတာပန်ဖြစ်ဖို့ နီးစပ်နေပါပြီ၊ သောတာပန်ဖြစ်သွားရင် ရဟန္တာအထိ ဖြစ်တော့မှာပဲ၊ ဒါကြောင့် အခြားသူအား ဥဒယဗ္ဗယဉာဏ်ရောက်အောင် အားထုတ်စေတဲ့ ပထမဝိပဿနာယောဂီဟာ ရဟန္တာ မဆိတ်မသုဉ်းအောင် ကောင်းမွန်မှန်ကန်စွာ နေသည်မည်ပါတယ်တဲ့။

ဒါကြောင့် ဘုန်းကြီးတို့က ဝိပဿနာတရား အားထုတ်ကြအောင် ဟောပြောနေတာဟာ လောကမှာ ရဟန္တာမဆိတ်မသုဉ်းဘဲ သာသနာတော်တည်တံ့ရေးကို ဆောင်ရွက်နေခြင်းပါပဲ၊ ဗုဒ္ဓသာသနာတော်ကို ကြာရှည်တည်စေလိုတဲ့ သမ္မာဆန္ဒ ရှိသူဆိုလျှင် ဘုန်းကြီးတို့ဟောပြော တိုက်တွန်းနေတဲ့ အလုပ်ကို စိတ်ပါလက်ပါနဲ့ အားပေးကူညီကြဖို့ ရှိတာပါပဲ၊ ဒါပေမယ့် တစ်ချို့ကတော့ သူတို့ကိုယ်တိုင်က ဘာတရားမှ အားထုတ်ခြင်းမရှိပါဘဲနဲ့ ဘုန်းကြီးတို့၏ သာသနာတည်တံ့ရေးအလုပ်ကို မျက်ကွယ်မှာ အပြစ်ပြောကြ, ကန့်ကွက်တားမြစ်ကြတာလဲ ထိုထိုအရပ်ဒေသမှာ နည်းနည်းတော့ ရှိနေသေးတာပဲ၊ ဗုဒ္ဓသာသနာဝင် အမည်ခံပြီးတော့ သာသနာ တည်တံ့ရေးအလုပ် အားမပေးဘဲ အနှောင့်အယှက်ပေးတာကတော့ ဗုဒ္ဓသာသနာဝင် အစစ်တွေအဖို့ ဝမ်းနည်းစရာပါပဲ။

ရှေးရှေးဘုရားရှင်များ လက်ထက်ကလဲ ဒီသာသနာတည်တံ့ရေး မဂ္ဂင်တရားကို ဟောခဲ့ကြ, အားထုတ်အောင် တိုက်တွန်းခဲ့ကြတာပဲ၊ ဒါပေမယ့် ဟောမည့်ပုဂ္ဂိုလ်, အားထုတ်ပွားများမည့် ပုဂ္ဂိုလ်မရှိတဲ့အခါမှာ သမဏအစစ် အရိယာပုဂ္ဂိုလ်တွေ အဆက် ပြတ်ပြီး သာသနာကွယ်ခဲ့တာပဲ၊ အဲဒီလို သာသနာကွယ်နေတဲ့အခါမှာ မဂ္ဂင်ရှစ်ပါးကိုလဲ မသိကြဘူး၊ ပွားများအားထုတ်ပုံကိုလဲ မသိကြဘူး၊ နောက်ထပ်အသစ် ပွင့်တော်မူလာတဲ့ ဘုရားရှင်က ဟောတော်မူမှ ဒီမဂ္ဂင်ရှစ်ပါးကို သိကြရတယ်၊ ပွားစေပုံနည်းကိုလဲ သိကြရ တယ်၊ အဲဒီလိုသိပြီး မဂ္ဂင်ရှစ်ပါးကို ပွားများအားထုတ်နေသမျှ ကာလပတ်လုံး ဗုဒ္ဓ သာသနာတော် တည်တံ့ပြီး သောတာပန်အစရှိသော သမဏအစစ်တွေ တည်ရှိနေ တယ်၊ ဒါကြောင့် ဒီအရာမှာ မဂ္ဂင်ရှစ်ပါးပွားစေပုံကို အကျဉ်းချုပ်အားဖြင့် ဖော်ပြဦးမယ်၊ သုဘဒ္ဒသုတ် နိဂုံးချုပ်

ဧကူနတိံ သော ဝယသာ သုဘဒ္ဒ၊ ယံ ပဗ္ဗဇိံ ကိံ ကုသလာနုဧသီ။ ဝဿာနိ ပညာသ သမာဓိကာနိ၊ ယတော အဟံ ပဗ္ဗဇိတော သုဘဒ္ဒ။ ဉာယဿ ဓမ္မဿ ပဒေသဝတ္တီ၊ ဣတော ဗဟိဒ္ဓါ သမဏောပိ နတ္ထိ။ ဒုတိယောပိ သမဏော နတ္ထိ၊ တတိယောပိ သမဏော နတ္ထိ၊ စတုတ္ထောပိ သမဏော နတ္ထိ၊ သုညာ ပရပ္ပဝါဒါ သမဏေဘိ အညေဟိ၊ ဣမေစ သုဘဒ္ဒ ဘိက္ခူ သမ္မာ ဝိဟရေယျုံ အသုညော လောကော အရဟန္တေဟိ အဿ။

သုဘဒ္ဒ- သုဘဒ်ပရိဗိုဇ်၊ အဟံ- ငါသည်၊ ဝယသာ- အရွယ်အားဖြင့်၊ ဧကူနတိံ သော- နှစ်ဆယ့်ကိုးနှစ်ရှိစဉ်၊ ကိံ ကုသလာနုဧသီ- အကုန်သိတတ်၍ ကောင်းမြတ် သည့် (သဗ္ဗညုတဉာဏ်) တရားကား အဘယ်နည်းဟု ရှားမှီးလိုသည်ဖြစ်၍၊ (ယံကား အနက်မရှိဟူ၏) ပဗ္ဗဇိံ- ရဟန်းပြုခဲ့ပြီ၊ သုဘဒ္ဒ- သုဘဒ်ပရိဗိုဇ်၊ ယတော- ယင်းကာလမှ၊ အဟံပဗ္ဗဇိတော- ငါရဟန်းပြုခဲ့၏၊ တတော- ထိုကာလမှစ၍၊ ဝဿာနိ- နှစ်တို့သည်၊ သမာဓိကာနိ ပညာသ- ငါးဆယ်ကျော် ရှိခဲ့လေပြီ၊ ဣတော- ငါ၏တရားဝိနည်းဟူသော ဤသာသနာမှ၊ ဗဟိဒ္ဓါ- အပြင်ပ၌၊ ဉာယဿ ဓမ္မဿ (အရိယမဂ္ဂဓမ္မဿ)- အရိယ မဂ္ဂတရား၏၊ ပဒေသဝတ္တီ- အစိတ်အပိုင်းဖြစ်သည့် ဝိပဿနာ၌ဖြစ်သော ဝိပဿနာ ရှုသူသည်လည်း၊ နတ္ထိ- မရှိချေ၊ သမဏောပိ- ပထမသမဏဟူသော သောတာပန် သည်လည်း၊ နတ္ထိ- မရှိချေ။

ဒုတိယောပိ သမဏော- ဒုတိယ သကဒါဂါမ် သမဏသည်လည်း၊ နတ္ထိ-မရှိချေ၊ တတိယောပိ သမဏော နတ္ထိ- တတိယ အနာဂါမ်သမဏလည်း မရှိချေ၊ စတုတ္ထောပိ သမဏော နတ္ထိ- စတုတ္ထ ရဟန္တာသမဏလည်း မရှိချေ၊ ပရပ္ပဝါဒါ- ငါ၏ တရားဝိနည်းမှ အခြားတစ်ပါးသော ဘာသာအယူဝါဒတို့သည်၊ အညေဟိ-မိမိတို့ ဝန်ခံသည့်အတိုင်း သိကုန်သော၊ သမဏေဘိ- ကိလေသာငြိမ်းသူ တစ်ကျိပ်နှစ်ပါးသော သမဏ- ရဟန်းတို့မှ၊ သုညာ- ကင်းဆိတ်လျက် ရှိကြလေတော့သည်၊ သုဘဒ္ဒ- သုဘဒ် ပရဗိုဇ်၊ စ- မဂ္ဂင်ရှစ်ပါးရှိနေလျှင် သမဏေအစစ်များ အဆက်မပြတ်ရှိနိုင်ပုံကို ဖော်ပြဦး မည်၊ ဣမေဘိက္ခူ- တစ်ကျိပ်နှစ်ပါးသော ဤရဟန်းတို့သည်၊ သမ္မာ ဝိဟရေယျုံ-ကောင်းမွန်မှန်ကန်စွာ နေသွားကြမည်ဆိုလျှင်၊ လောကော- သတ္တဝါအပေါင်းဟူသော လောကသည်၊ အရဟန္တေဟိ- ရဟန္တာသမဏအစစ်တို့မှ၊ အသုညော- မဆိတ်သုဉ်း သည်၊ အဿ- ဖြစ်ရာ၏၊ ဝါ- ဖြစ်နိုင်ပေ၏တဲ့။

ဒါဟာ သုဘဒ္ဒသုတ် နိဂုံးချုပ် တရားစကားပါပဲ၊ ဒီနိဂုံးချုပ်ထဲမှာ ရှေးကထက် ထူးတာကတော့ မဂ္ဂင်ရှစ်ပါးမရှိတဲ့ အခြားဘာသာဝါဒတွေမှာ ပဒေသဝတ္တီခေါ်တဲ့ ဝိပဿနာရှုသူတောင် မရှိဘူးလို့ဆိုတဲ့ စကားပါပဲ၊ ဒီတော့ ဗုဒ္ဓတရားတော်အနေနဲ့ ဟောပြောနေတဲ့ အချို့ပုဂ္ဂိုလ်တွေက ဝိပဿနာရှုဖို့ မလိုဘူးလို့ ဟောပြောနေတာကို အထူးသတိပြုပြီး စဉ်းစားကြရမယ်၊ အဲဒီလို ဟောပြောတဲ့ဆရာတွေရော၊ သူတို့၏ စကား ယုံကြည်နေတဲ့သူတွေရော၊ ဝိပဿနာ ရှုကြပါဦးမလား၊ ဝိပဿနာမရှုရင် ပဒေသဝတ္ထီဆိုတဲ့ ဝိပဿနာရှုသူတောင် သူတို့အစုထဲမှာမရှိဘဲ ကင်းလွတ်ဆိတ်သုဉ်း နေပေလိမ့်မယ်၊ အဲဒီတော့ သာသနာပ ဘာသာဝါဒတွေနဲ့ တူညီမနေဘူးလား၊ အဲဒါဟာ စဉ်းစားသင့်တဲ့ အချက်ကြီးတစ်ခုပါပဲ။ ကဲ မူလယင်းဆောင်ပုဒ်ကို ထပ်ဆိုလိုက်ကြဦးစို့-

၁။ မဂ္ဂင်ရှစ်ဖြာ၊ မရှိရာ၊ ကိလေသာငြိမ်းသူ မရှိချေ။

၂။ မဂ္ဂင်ရှစ်ဖြာ၊ ရှိရာမှာ၊ ကိလေသာငြိမ်းသူ ရှိနိုင်ပေ။

ဝိပဿနာယောဂီမှာ ဖြစ်ပေါ်လာသမျှ ကိုယ်အမူအရာ, ခံစားမှု ဝေဒနာ, ကြံသိ မှု စိတ်အမူအရာ, မြင်မှု ကြားမှု တပ်မက်မှု စိတ်ဆိုးမှုစသော သဘောတရားတို့ကို အမှတ်ရတာဟာ ဝိပဿနာ သမ္မာသတိမဂ္ဂင်ပဲ၊ အဲဒီ ဝိပဿနာသမ္မာသတိဖြစ်ရင် ရုပ်နာမ်အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တ သဘောများကိုသိတဲ့ ဝိပဿနာဉာဏ်ဆိုတဲ့ သမ္မာဒိဋ္ဌိလဲ တပါတည်း ပူးတွဲလျက် ဖြစ်တော့တာပဲ၊ ဒါကြောင့် အဲဒီသမ္မာသတိနဲ့ သမ္မာဒိဋ္ဌိ စသော ဝိပဿနာမဂ္ဂင်တွေ ဖြစ်အောင် ရှုမှတ်ပွားများဖို့ရာ ဘုန်းကြီးက ဆောင်ပုဒ် ၅ -ခုစီထားတယ်၊ အဲဒါတွေကို လိုက်ဆိုကြရမယ်။

သတိနှင့်ဉာဏ်၊ ဖြစ်စေရန်၊ ရှုဟန်ညွှန်ပြမည်။ ကိုယ်အမူအရာ၊ ပြုတိုင်းမှာ၊ မှန်စွာသိရမည်။ စိတ်အမူအရာ၊ ဖြစ်တိုင်းမှာ၊ မှန်စွာသိရမည်။ ကောင်း, ဆိုး, လတ်ပါ၊ ဝေဒနာ၊ ပေါ်တာသိရမည်။ သဘောတရား၊ ထင်ပေါ်ငြား၊ ပိုင်းခြားသိရမည်။

ဤနေရာတွင် ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး အနောက်နိုင်ငံ သာသနာပြုတော်မူစဉ်က တွေ့ကြုံခဲ့ရသော အခြင်းအရာများကို ဖော်ပြလိုပါသည်။

ကျေးဇူးရှင်ဆရာတော်ဘုရားကြီးသည် ပြည်ပသာသနာပြုမကြွမီကပင် နိုင်ငံခြား ရောက်၍ မေးခွန်းများမေးပါက အခြားဘာသာအကြောင်းကို မဖြေဘဲ ဗုဒ္ဓဘာသာ ဆိုင်ရာကိုသာ စွမ်းနိုင်သမျှဖြေကြရန် အမိန့်ရှိထားပါသည်။ ဟာဝိုင်ရီကျွန်း ဟိုနိုလူလူ မြို့တွင် ယောဂီတစ်ဦးက “အရှင်ဘုရားတို့ဟောတဲ့ သတိပဋ္ဌာန်အကျင့်လမ်းသည်သာ လျှင် ကိုယ်ဆင်းရဲငြိမ်းရေး၊ စိတ်ဆင်းရဲငြိမ်းရေးအတွက် တစ်ခုတည်းသောလမ်းမှန် ဖြစ်သည်ဟု ဆိုပါသည်။ သို့ဖြစ်လျှင် ယေရှုခရစ်တော်နှင့် မိုဟာမက်သခင်တို့ ပေါ်ထွန်း ခြင်း၏ ရည်ရွယ်ချက်မှာ ဘာပါလဲ”ဟု မေးပါသည်။

ဤမေးခွန်းကို ကျေလည်အောင်ဖြေရန်မှာ ဘာသာချင်းနှိုင်းယှဉ်ပြီး ဖြေမှသာ ဖြစ်မည်။ မဆွကပင် ကြိုတင်ဆုံးဖြတ်သည့်အတိုင်း ဆရာတော်ဘုရားကြီးက “ယေရှု ခရစ်တော်နှင့် မိုဟာမက်သခင်တို့ ပေါ်ထွန်းလာတာဟာ ဘာရည်ရွယ်ချက်လဲဆိုတာ ဘုန်းကြီးတို့ သေသေချာချာ လေ့လာမထားလို့ မသိပါဘူး၊ သို့သော်လည်းပဲ ဆင်းရဲငြိမ်း ချင်ရင်တော့ သတိနဲ့စောင့်ရှုတဲ့ ဒီသတိပဋ္ဌာန်လမ်းမှတပါး အခြားမရှိပါဘူး” ဟူ၍ ဖြေကြားတော်မူပါသည်။

၁၃၁၁-ခုနှစ် ပြာသိုလဆန်း ၇-ရက်နေ့တွင်ကျင်းပသည့် ဒုတိယအကြိမ် တိပိဋကရွေးချယ်ရေးစာမေးပွဲ

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

၁၃၁၁-ခုနှစ် ပြာသိုလဆန်း ၇-ရက်နေ့တွင်ကျင်းပသည့် ဒုတိယအကြိမ် တိပိဋကရွေးချယ်ရေးစာမေးပွဲသည် တိပိဋကသမိုင်းတွင် အရေးကြီးသောအဆုံးအဖြတ်ပေးမည့် စာမေးပွဲဖြစ်ခဲ့သည်။ အကြောင်းမှာ ဤဒုတိယအကြိမ်တွင်လည်း အောင်မြင်သူ တစ်ပါးမျှမရှိခဲ့လျှင် တိပိဋကရွေးချယ်ရေးစာမေးပွဲကို အပြီးတိုင်ပယ်ဖျက်ရန် ဆုံးဖြတ်ချက် ချပြီးဖြစ်သောကြောင့်တည်း။

ဤစာမေးပွဲတွင် ‘ပထမဦးဆုံး ဝိသိဋ္ဌဝိနယဓရ’ ဘွဲ့ထူးကို ဆွတ်ခူးရရှိခဲ့သော, နိုင်ငံတော်အစိုးရက သမ္မတအိမ်တော်၌ မင်းခမ်းမင်းနားနှင့်ပူဇော်ခြင်းကို ခံယူတော်မူခဲ့သော, တွဲဖက်ရွှေကျင်သာသနာပိုင် ညောင်တုန်း ရွှေဟင်္သာတောရ ပထမစံကျောင်းဆရာတော်ကြီး အရှင်ဝါယာမ(၁၂၃၅-၁၃၀၉)ကို ဥပဇ္ဈာယ်ပြု၍ သိမ်ဝင်သံဃာ ၁၀၀ နှင့် ရဟန်းဖြစ်ခဲ့သော, မူလမင်းကွန်းဇေတဝန်ဆရာတော်ကြီးထံ သတိပဋ္ဌာန် နည်းခံ၍ နှစ်ဝါတိုင်အားထုတ်ခဲ့ပြီးနောက် ပဲခူး၌ တောရဆောက်တည်လျက်ရှိသော, (နောင်အခါ သက်တော် ၆၄-နှစ် လွန်တော်မူသည်အထိ သတိပဋ္ဌာန်တရားတော်ကိုသာ တစိုက်မတ်မတ် ကျင့်ကြံပွားများ အားထုတ်တော် မူခဲ့သော) သက်တော် ၂၆-နှစ်၊ သိက္ခာ ၄-ဝါ မျှရှိတော်မူသော အရှင်ပညာသာရ (၁၂၈၅-၁၃၄၉)သည် ဤတိပိဋကစာမေးပွဲကြီး ဖြေဆိုရန် မဟာစည်ဆရာတော်ဘုရားကြီးထံ စာဝါလိုက်ခဲ့လေသည်။

စာဝါမှာ ၂၁-ရက်မျှပင်ဖြစ်သော်လည်း ပရိယတ္တိသာသနာတော်အတွက် များစွာအထောက်အပံ့ ဖြစ်ခဲ့ပေသည်။ “မဟာစည်ဆရာတော်ကြီးဟာ ပိဋကသုံးပုံဆောင် ပုဂ္ဂိုလ်ကြီးပဲ၊ ဦးပဉ္ဇင်းစာလိုက်နိုင်သမျှထက် ပို၍ချပေးနိုင်တဲ့အပြင် ကျမ်းပေါင်းစုံကို ညှိနှိုင်းပြသော အဆိုအမိန့်များပါ ထည့်ပြီးရှင်းလင်းပြပါတယ်။ ဦးပဉ္ဇင်းတွေ့ဖူးသမျှ ဆရာတော်ကြီးများထဲမှာ ပရိယတ္တိဘက်မှာရော ပဋိပတ္တိဘက်မှာပါ ထိပ်ဆုံးတန်း ရောက်အောင် အောင်မြင်ပေါက်မြောက်တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်တဲ့အတွက် ဒကာကြီး အသက်ထက်ဆုံးသာ ကိုးကွယ်ပါတော့” ဟူ၍ အရှင်ပညာသာရက ရဟန်းဒါယကာ ဦးပွင့်ကောင်းအား အမိန့်ရှိခဲ့လေသည်။

အရှင်ပညာသာရသည် ၁၃၀၄-ခုနှစ် တပေါင်းလပြည့်နေ့တွင် ရဟန်းဖြစ်တော်မူပြီး မကြာမီပင် ညောင်တုန်းရွှေဟင်္သာတောရ ဝိနည်းပြန်ဆိုပွဲ၌ ဝိနည်း ၅-ကျမ်းလုံးကို အထောက်အမလွတ် ပြန်ဆိုနိုင်ခဲ့သည်။ ထိုနောက် စံကျောင်းဆရာတော်ကြီးထံ ခွင့်ပန်၍ မူလမင်းကွန်းဇေတဝန်ဆရာတော်ကြီးထံ သတိပဋ္ဌာန်နည်းခံ၍ နှစ်ဝါတိုင် အားထုတ်ခဲ့လေသည်။ ထိုစဉ် ခမည်းတော်ကြီးဦးဖိုးဘ အသည်းအသန်ဖြစ်၍ သုံးဆယ်မြို့သို့ ပြန်ကြွတော်မူရကာ ရဟန်းသိက္ခာချပြီး သာမဏေဘဝနှင့် ခမည်းတော်ကြီးကို ပြုစုခဲ့သည်။ ခမည်းတော်ကြီးကွယ်လွန်ပြီး ၁၃၀၇-ခုနှစ်တွင် ဒုတိယအကြိမ် ရဟန်းဖြစ်တော်မူပြီးနောက် ရန်ကုန်အင်းစိန်ရှိ မင်းကွန်းဇေတဝန်ကျောင်းတိုက်တွင် တရားအားထုတ်တော်မူသည်။ ထို့နောက် ပဲခူးနာရဏီသိမ်ရှိရာ၌ တောရဆောက်တည်ကာ တရားအားထုတ်တော်မူလေသည်။ ထိုစဉ်၌ ရဟန်းဒါယကာ ဦးပွင့်ကောင်းက တိပိဋကဓရ စာပြန်ပွဲကြီး ဝင်ရောက်ဖြေဆိုရန် သွားရောက်ပင့်ဆောင်ခဲ့ခြင်းဖြစ်၏။

ပြန်လည်သုံးသပ်၍ကြည်ညိုရပါလျှင် အရှင်ပညာသာရသည် စာဝါနှင့်ကင်းဝေး နေခဲ့သည်မှာ ၅-နှစ်ကျော် ၆-နှစ်ခန့်ရှိခဲ့ပြီဖြစ်ရာ (တိပိဋကဓရ စာပြန်ပွဲဖြေဆိုရန် ရက်ပေါင်း ၅၀-ခန့်အလို) ယခုအချိန်တွင် ဝိနည်း ၅-ကျမ်း ဖြေဆိုအောင်မြင်ရန် အဓိကအကျဆုံးအချက်မှာ စာချနိုင်မည့်ဆရာတော်ရရှိမှုနှင့် ကျန်းမာရေး ကောင်းမွန်မှု တို့ပင် ဖြစ်လေသည်။

ထိုအချက်ကိုဖြည့်စွမ်း၍ စာချတော်မူခဲ့သည့် မဟာစည်ဆရာတော်ကြီးသည်လည်း ၁၃၀ဝ-ပြည့်နှစ်ကတည်းက သတိပဋ္ဌာန်ကမ္မဋ္ဌာန်းတရား ပြသတော်မူလျက် ရှိလေရာ စာချခြင်းနှင့်ကင်းဝေးနေခဲ့သည်မှာ ၁၁-နှစ်ခန့်ရှိခဲ့ပြီ ဖြစ်ပါသည်။

စာချခြင်း၊ စာသင်ခြင်းနှင့် ကင်းဝေးနေခဲ့သော်ငြား စာချ၊ စာသင် ဆရာတော် ၂-ပါးစလုံးတို့သည် မူလမင်းကွန်းဇေတဝန်ဆရာတော်ကြီးထံ သတိပဋ္ဌာန်နည်းခံ၍ အားထုတ်တော်မူခဲ့ခြင်း၊ သတိပဋ္ဌာန် တရားတော်ကို စဉ်ဆက်မပြတ် အားထုတ်တော်မူလျက်ရှိနေကြခြင်းဖြင့် ထူးခြားသော သီလပိုင်ရှင်၊ သမာဓိပိုင်ရှင်၊ ပညာပိုင်ရှင်များ ဖြစ်ကြလေသည်။ ဤအကြောင်းသည်ပင် တိုတောင်းလှသောအချိန်အတွင်း စာချခြင်း၊ စာသင်ခြင်းဟူသော ပြင်ဆင်မှုဖြင့် တိပိဋကဓရစာပြန်ပွဲကို ဂုဏ်ထူးနှင့် ထူးခြားစွာ အောင်မြင်ခြင်း၏ အဓိကအကြောင်း ဖြစ်လေသည်။

ထိုထက်ပိုမို၍ထူးခြားသည်မှာ မဟာစည်ဆရာတော်ကြီးသည် ဤစာမေးပွဲကြီး မတိုင်မီ ၄၅-ရက်ခန့်အလို ၁၃၁၁-ခုနှစ် တန်ဆောင်မုန်းလဆုတ် ၅-ရက်နေ့တွင်မှ ဆာဦးသွင်အမှူးပြုသော ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီးက ပင့်ဆောင်ခဲ့ကြ၍ ရန်ကုန်သာသနာ့ရိပ်သာသို့ ကြွရောက်တော်မူခဲ့ခြင်းဖြစ်၏။ မဟာစည်ဆရာတော်ဘုရားကြီး သည်ကား သာသနာပြုခွင့်ဘုန်းကံ ကြီးမားတော်မူလှပါပေ၏။

ဤအကြောင်းအရာနှင့်စပ်လျဉ်း၍ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီးက “ဘုန်းကြီးတို့ တိပိဋကဓရ ဖြစ်ရတာ ဦးပညာသာရကြောင့်ပဲ၊ ဦးပညာသာရသာ တိပိဋကဓရစာပြန်ပွဲကြီး ဝင်ရောက်ပြန်ဆိုမှုမပြုလျှင် အဲဒီနှစ်က စာပြန်ပွဲကြီး ဖျက်ပစ်လိုက်ရမှာပဲ၊ ဦးပညာသာရ ဝင်ရောက်ပြန်ဆိုရာမှာ အောင်မြင်မှုရရှိခဲ့လို့ စာပြန်ပွဲကြီး ဆက်လက်ကျင်းပနိုင်ပြီး ဘုန်းကြီးတို့တိပိဋကဓရပုဂ္ဂိုလ် ၄-ပါးနှင့် ပိဋကတ် ၂-ပုံအောင်၊ ပိဋကတ် ၁-ပုံအောင်ပုဂ္ဂိုလ်တွေ ပေါ်ထွက်လာရတာပ၊ ဦးပညာသာရဟာ သူကိုယ်တိုင် ပိဋကတ် ၃-ပုံ မပြန်ဆိုခဲ့သော်လည်း ပိဋကတ် ၃-ပုံ ပြန်ဆိုနိုင်တဲ့ လမ်းကြောင်းကြီးကိုတော့ သူက ဖောက်ပေးသွားတာပဲ” ဟူ၍ မိန့်တော်မူခဲ့လေသည်။