Test 8
08 May 2024
ရေးသားသူ - ဖြည့်စွက်ရန်
ဖတ်ရှုချိန် - ဖြည့်စွက်ရန်
ဖြည့်စွက်ရန်
ဒီကနေ့ သာမညဖလသုတ်က သတိသမ္ပဇညအဖွင့်ကို လျှောက်ထားပါမည်ဘုရား၊ ဒီသာမညဖလသုတ်ကို မဂဓတိုင်းရှင် ဘုရင်အဇာတသတ်မင်းက မေးမြန်းလျှောက်ထားလို့ မြတ်စွာဘုရားက ရဟန်းပြုရခြင်း၏ မျက်မှောက်ရရှိတဲ့အကျိုးများကို ဝေဘန်ဖော်ပြပြီး ဟောတော်မူတဲ့သုတ်ဖြစ်ပါတယ်။ ကာလအားဖြင့်ဆို လျှင်တော့ ဒီသုတ်ဟာ မြတ်စွာဘုရားပရိနိဗ္ဗာန်မစံမီ ရှစ်နှစ်အတွင်းမှာမှ ဟောတဲ့သုတ်ဖြစ်ကြောင်း သိရပါတယ်။ ယခု အဲဒီသုတ်က သမ္ပဇညအဖွင့်ကို စိစစ်လျှောက်ထားပါမည်။
သမ္ပဇဉ်တရား
ဒီ သမ္ပဇဉ်ဟာ လူရှင်ရဟန်းအားလုံးနှင့် သက်ဆိုင်ပါတယ်။ ဒီသမ္ပဇဉ်ကို အဌကထာက လေးပါးခွဲခြား ပြထားပါတယ်။ ဒီလေးပါးထဲမှာ သာတ္ထကသမ္ပဇဉ်နှင့် သပ္ပါယသမ္ပဇဉ်ဆိုတာတွေကတော့ လောကီကိစ္စတွေ မှာလဲ နည်းယူပြီး အသုံးချမည်ဆိုလျှင် ကျေးဇူးများစေနိုင်ပါတယ်၊ တရားအားထုတ်ရာမှာ ကျေးဇူးများတာ ကိုတော့ အထူးပြောဘို့ မလိုတော့ပါဘူး၊ ပြီးတော့ ဒီသမ္ပဇဉ်လေးပါးနှင့်အညီ ကျင့်သုံးနေတော်မူကြတဲ့ ဘုရားတပည့် ရဟန်းတော်မြတ်တွေကို အာရုံပြုကြည့်လိုက်လျှင်လဲ အများကြီးပဲ ကြည်ညိုစရာ ကောင်းနေပါတယ်။ ဒီလို ကိုယ်တိုင်လဲ ကျင့်သုံးစရာကောင်း သူများကျင့်သုံးနေတာကို အာရုံပြုပြီး ကြည်ညိုစရာလဲ ကောင်းတဲ့အတွက် ဒီသမ္ပဇဉ်ပိုင်းမှာ အချိန်ရသမျှ နည်းနည်းနည်းနည်းချင်း ဝေဘန်ပြီး လျှောက်ထားသွားပါမည်ဘုရား။
ဒီ သာမညဖလသုတ်မှာ မြတ်စွာဘုရား ဟောထားတဲ့အစဉ်က ရှေးဦးစွာ သီလသမ္ပန္နောခေါင်းစဉ်ဖြင့် သီလပိုင်းကို ဟောပါတယ်၊ နောက်ဒုတိယပိုင်းမှာ ဣန္ဒြိယ သမ္ပန္နောခေါင်းစဉ်ဖြင့် ဣန္ဒြေစောင့်စည်းပုံကို ဟောပါတယ်။ နောက်တတိယပိုင်းမှာ သတိသမ္ပဇညေန သမန္နောဂတောခေါင်းစဉ်ဖြင့် သတိသမ္ပဇဉ်ကိုဟောပါတယ်။ နောက် သန္တုဋ္ဌောခေါင်းစဉ်ဖြင့် သန္တောသတရားကို ဟောပါတယ်၊ နောက်ပဉ္စမပိုင်းမှာ နီဝရဏ စင်ကြယ်အောင်အားထုတ်ပုံကို ဟောသွားပါတယ်၊ အဲဒီကနောက်မှာ ဈာန် သမာပတ်တွေကို ဟောပြန်ပါတယ်၊ ဈာန်သမာပတ်တွေပြီးတော့မှ ဝိပဿနာအစရှိသော အဘိညာဉ်တွေ အရဟတ္တမဂ်ç အရဟတ္တဖိုလ်တိုင်အောင် ဟောပြီးတော့ သွားပါတယ်။
ဒီဒေသနာအစဉ်အထဲမှာ သမ္ပဇညပိုင်းဟာ ရှေ့နှင့်နောက်ရဲ့အလယ်မှာ ကျနေပါတယ်။ ပဌမသီလပိုင်း၊ ထိုနောက် ဣန္ဒြိယသံဝရပိုင်း၊ ထိုနောက်မှ သမ္ပဇညပိုင်းဖြစ်ပါတယ်။ အဲဒီကနောက်မှာ သန္တောသပိုင်း လာပါတယ်။ ဘာဝနာစခန်းကို မရောက်သေးပါဘူး။ အဲဒီကနောက်မှာ နီဝရဏကို သုတ်သင်တဲ့ အခဏ်းလာတယ်၊ အဲဒါက ဥပစာရသမာဓိနှင့် ဆိုင်ပါတယ်၊ အဲဒီကနောက်မှာ ဈာန်လေးပါး အပ္ပနာသမာဓိခဏ်း လာပါတယ်၊ ဒီတိုင်အောင် စိတ္တဝိသုဒ္ဓိစခန်းမျှသာ ရှိပါသေးတယ်၊ ဝိပဿနာကို မရောက်သေးပါဘူး၊ ဒီကနောက်မှာမှ ဝိပဿနာခဏ်း လာပါတယ်။ ဒါကြောင့် ဒီသာမညဖလသုတ်မှာဟောတဲ့ သာမညဟာ ဝိပဿနာနှင့် မဆိုင်သေးပါဘူး၊ ဘာဝနာစခန်းကိုတောင် မရောက်သေးပါဘူး၊ ဒါကြောင့် သာတ္ထကသမ္ပဇဉ်နှင့် သပ္ပါယသမ္ပဇဉ်ကိုသာ ရည်ရွယ်ပြီးဟောတယ်လို့ ယူသင့်ပါတယ်။
ဒါပေမယ်လို့ မဟာဝဂ္ဂပါဠိ မဟာသတိပဋ္ဌာနသုတ်မှာတော့ ဒီသမ္ပဇညပိုင်းကို ဝိပဿနာ ပဓာနပြုပြီးတော့ ဟောထားပါတယ်၊ ဘာကြောင့်လဲဆိုတော့ အဲဒီသုတ်မှာ သမုဒယဓမ္မာနုပဿီ ဝယဓမ္မာနုပဿီစသည်ဖြင့် ရုပ်တရား၊ နာမ်တရားတို့၏ အဖြစ်အပျက်ရှုပုံကို ဖော်ပြထားပါတယ်၊ ဒါကြောင့် အဲဒီသုတ်ရောက်တဲ့အခါမှာ ဝိပဿနာသမ္ပဇဉ်ကို ဖွင့်ရဦးမှာပဲ ဖြစ်နေပါတယ်၊ ဒီလိုဖွင့်ရဦးမှာပဲ ဖြစ်နေတဲ့အတွက် အဋ္ဌကထာမှာ ဝိပဿနာနှင့်ဆိုင်တဲ့ ဂေါစရသမ္ပဇဉ် အသမ္မောဟသမ္ပဇဉ်များပါ သမ္ပဇဉ်လေးပါးလုံး အပြည့်အစုံပဲ ဒီသုတ်မှာဖွင့်ပြသွားပါတယ်၊ ဒါကြောင့် အဲဒီအဋ္ဌကထာမှာ ဖွင့်ပြထားတဲ့အစဉ်အတိုင်းပဲ နည်းနည်းချင်း ဘုရားတပည့်တော် လျှောက်ထားသွားပါမည် ဘုရား။ ဆက်လက်ဖတ်ရှုရန် ...
အဘိက္ကန္တေ ပဋိက္ကန္တေ
အဘိက္ကန္တေ ပဋိကန္တေ သမ္ပဇာနကာရီ ဟောတိ။ ။ အဘိက္ကန္တေ၊ ရှေ့သို့သွားသော်။ ပဋိက္ကန္တေ၊ နောက်သို့ ဆုတ်သော်။ သမ္ပဇာနကာရီ၊ အသိဖြင့် ပြုသည်။ ဝါ၊ အသိကို ပြုသည်။ ဟောတိ၊ ဖြစ်၏တဲ့။ ဒါက ဒီမှာဖွင့်ရမည့် ပါဠိနှင့်မြန်မာပြန် ဖြစ်ပါတယ်။
မြတ်စွာဘုရား၏ တပည့်သားဖြစ်တဲ့ ရဟန်းတော်ဟာ ရှေ့သွားတဲ့အခါမှာလဲ အသိဖြင့်ပြု၊ နောက်ပြန်တဲ့ အခါကာလမှာလဲ အသိဖြင့်ပြု၊ ရှေ့သွားသည်ဖြစ်စေ၊ နောက်ပြန်သည်ဖြစ်စေ အသိမလွတ်ဘူး၊ အသိဉာဏ်ကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ အဲဒီမှာ ရှေ့သွားတာက လမ်းလျှောက်ရင်းလဲ ရှေ့သွားတာရှိပါတယ်၊ နောက်ပြန်ဆုတ်လာတာ ရှိပါတယ်၊ ပြန်လာတာလဲ ရှိပါတယ်၊ ထိုင်ရင်းလဲပဲ ရှေ့တိုးသွားတာရှိပါတယ်။ နောက်ကို ဆုတ်လာတာရှိပါတယ်၊ ရှေ့ဖက်ယိမ်းတာ နောက်ဖက်ယိမ်းတာ ရှိပါတယ်၊ လှဲအိပ်နေရင်းလဲ ရှေ့ဘက်တိုးတာ နောက်ဘက်တိုးတာ ရှိပါတယ်၊ ရပ်နေရင်းလဲ နည်းတူပင် ရှိပါတယ်၊ ဒီလို ရှေ့သွားတာ နောက်သွားတာတွေ ဟူသမျှ အကုန်လုံးကို သမ္ပဇဉ်လေးပါးနှင့် ပြုလုပ်ဖို့ရာ အဋ္ဌကထာက အပြည့်အစုံ ဖွင့်သွားပါတယ်။
သမ္ပဇာနကာရီ ဟောတိ ဆိုတဲ့ပုဒ်မှာ သမ္ပဇာနကာရီပုဒ်ကို သဒ္ဒါနည်းအားဖြင့် ဘယ်လိုသိရမလဲဆိုတော့ သမ္ပဇညေန သဗ္ဗကိစ္စကာရီလို့ ဖွင့်ပြပါတယ်၊ ဆိုလိုရင်းက သမ္ပဇညေနကာရီလို့ ဆိုလိုပါတယ်။ သမ္ပဇညေန၊ ကောင်းစွာ အပြားအားဖြင့်သိသောဉာဏ်ဖြင့်၊ ဒါက သဒ္ဒါနက် အပြည့်အစုံ ဖြစ်ပါတယ်။
ဒီသဒ္ဒါနက်အရ “ကောင်းစွာ အပြားအားဖြင့် သိတယ်” ဆိုတာလဲ သိတာပါပဲ။ ဒါကြောင့် သိသောဉာဏ်ဖြင့် အသိဉာဏ်ဖြင့်၊ သဗ္ဗကိစ္စကာရီ၊ အလုံးစုံသောအမှုကိစ္စကို ပြုလေ့ရှိတယ်လို့ ဒီလိုလဲ ပြန်ဆိုနိုင်ပါတယ်၊ ဘာကိစ္စပဲဖြစ်ဖြစ် သမ္ပဇဉ်ခေါ်တဲ့ အသိဉာဏ်နှင့်ပဲ ပြုလေ့ရှိပါတယ်တဲ့။
ပါဠိရင်းမှာ သမ္ပဇာနလို့ န-ငယ်နှင့် ရှိပါတယ်။ အဲဒါကို အဋ္ဌကထာက သမ္ပဇညေနလို့ ဘဝတဒ္ဓိတ်ဖြင့်ပြီးတဲ့ ည-နှင့် ဖွင့်ပါတယ်။ ဒီနေရာမှာ သမ္ပဇာနနှင့် သမ္ပဇညဟာ အနက်အတူတူပဲလို့ ယူပြီးတော့ “သမ္ပဇညေန ကာရီ သမ္ပဇညကာရီ” လို့ တတိယာ တပ္ပုရိသ် သမာသ်တွဲဘို့ ဖွင့်ပြခြင်း ဖြစ်ပါတယ်။
ပြီးတော့ နောက်တနည်းမှာ သမ္ပဇညမေဝ၀ါ ကာရီလို့ ဖွင့်ပြန်ပါတယ်။ အဲဒါကတော့ “သမ္ပဇညံ ကာရီ သမ္ပဇညကာရီ” လို့ ဒုတိယာတပ္ပုရိသ်သမာသ်တွဲဘို့ ဖွင့်ပြလိုက်ပြန်တာပါပဲ။ သမ္ပဇညမေဝ၊ အသိဉာဏ်ကိုသာလျှင်။ ကာရီ၊ ပြုလေ့ရှိပါတယ်တဲ့။ ဒီဒုတိယနည်းမှာ ကာရီပြုတယ်ဆိုတာ အခြားကိစ္စပြုတာကို မဆိုလိုဘူး။ အသိဉာဏ်ကိုပြုတာ ဖြစ်စေတာကိုသာ ဆိုလိုတယ်လို့သိစေလိုတဲ့အတွက် သမ္ပဇညမေဝလို့ ဧဝ-သဒ္ဒါနှင့်တကွ ပြဆိုထားပါတယ်။ ပဌမနည်းမှာတော့ သမ္ပဇညေန၊ အသိဉာဏ်ဖြင့်လို့ ကရိုဏ်းအနက်ကို ဆိုလိုက်တဲ့အတွက် ကာရီ၊ ပြုတယ်ဆိုရာမှာ ဘာကိုပြုတာလဲလို့ မေးစရာရှိနေပါတယ်၊ ဒါကြောင့် “သဗ္ဗ ကိစ္စ- အလုံးစုံသော ကိစ္စကို” ဆိုတဲ့ ကံပုဒ်အပိုကို ထည့်ပြီးပြရပါတယ်။ ဒုတိယနည်းမှာ သမ္ပဇညကိုပင် ကံထားပြီး ပြလိုက်တဲ့အတွက်၊ သဗ္ဗကိစ္စဆိုတဲ့ အခြားကံပုဒ်ကို ကာရီနှင့်လာစပ်ဘို့ မလိုပါဘူး၊ ဒါကြောင့် သမ္ပဇညမေဝ၊ အသိဉာဏ်ကိုသာလျှင်။ ကာရီ၊ ပြုလေ့ရှိသည် လိဧဝသဒ္ဒါဖြင့် ကန့်သတ်ပြီး ဖွင့်ပြပါတယ်။ အသိဉာဏ်ကိုပြုတယ်ဆိုတာ အသိကို ဖြစ်စေတာပါပဲ။ ဒါကြောင့် ရှေ့သွားလျှင်လဲ အသိဉာဏ်ကို ဖြစ်စေရမည်။ နောက်ပြန်လျှင်လဲ အသိဉာဏ်ကို ဖြစ်စေရမည်၊ အလုံးစုံသောအမှုကိစ္စတွေ ဘာကိုပဲပြုပြု၊ အသိဉာဏ် ပါစေရမည်၊ မသိဘဲနှင့် ဘာတခုကိုမျှ အမှတ်တမဲ့ မပြုရဘူးလို့ ဆိုလိုပါတယ်။
ဒီသမ္ပဇာနဆိုတဲ့ ပုဒ်ဟာ ဝိနည်းပါစိတ် ပါဠိတော်မှာလဲ ရှိပါတယ်။ သမ္ပဇာန မုသာဝါဒေ ပါစိတ္တိယံ လို့ လာပါတယ်။ အဲဒီမှာတော့ သမ္ပဇာနပုဒ်ရင်းအတိုင်းပဲ “သမ္ပဇာနဿ မုသာဝါဒေါ သမ္ပဇာန မုသာဝါဒေါ” လို့ ဝစနတ္ထ ပြုရပါတယ်။ ဒီမှာလို သမ္ပဇာနကို သမ္ပဇညလို့ မဖွင့်ပါဘူး။ သမ္ပဇနဿ၊ သိသောသူ၏။ ဝါ၊ သိပါလျက်။ မုသာဝါဒေါ၊ ချွတ်ယွင်းသော စကားကိုဆိုခြင်း။ သမ္ပဇာနမုသာဝါဒေါ၊ မဟုတ်မှန်း သိလျက်သားနှင့် အလွဲကိုပြောတယ်လို့ ဒီလိုဆိုလိုပါတယ်။
ဒီမှာလဲ အဲဒီနည်းအတိုင်း ဝစနတ္ထပြုမည်ဆိုလျှင် ရသင့်ပါတယ်။ “သမ္ပဇာနော ဟုတွာ၊ သိသည်ဖြစ်၍။ ဝါ၊ သိလျက်။ ကာရီ၊ ပြုလေ့ရှိသည်။ သမ္ပဇာနကာရီ၊ သိလျက် ပြုလေ့ရှိသည်” လို့ ဒီလို ဝစနတ္ထပြုနိုင်ပါတယ်။ ဒီ အလိုအားဖြင့် “အဘိက္ကန္တေ ရှေ့သွားလျှင်လည်း သိလျက်ပြုသည်၊ ပဋိက္ကန္တေ နောက်ပြန်လျှင်လဲ သိလျက်ပြုသည်၊ အာလောကိတေ ဝိလောကိတေ- တည့်တည့်ကြည့်လျှင် စောင်းငဲ့ကြည့်လျှင်လဲ သိလျက်ပြုသည်၊ သမိဉ္ဇိတေ ပသာရိတေ- ကွေးလျှင် ဆန့်လျှင်လဲ သိလျက်ပြုသည် စသည်ဖြင့် ခုနှစ်ဌာနလုံးမှာ အမူအရာဟူသမျှကို သိလျက်သိလျက်ပဲ ပြုလေ့ရှိသည်” လို့ အလွန်ဖြောင့်မတ်တဲ့အနက်ကို ရနေပါတယ်။ ဒါကြောင့် “သမ္ပဇာနမုသာဝါဒေ၊ သမ္ပဇာနကတံ၊ သမ္ပဇာနဝေဒယိတံ” စသောပုဒ်များကဲ့သို့ ဒီသမ္ပဇာနကာရီ ပုဒ်မှာလဲ ဖြစ်သင့်တဲ့အနက်ကို ဗဟုသုတပွားရန် ထည့်သွင်းဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။
ယခု ပြောခဲ့တဲ့အတိုင်း သမ္ပဇာနကာရီပုဒ်၏ ပဒတ္ထကို ဖွင့်ပြီးတဲ့နောက် သမ္ပဇာနကာရီဖြစ်ပုံကို အဓိပ္ပါယတ္ထ- အနက်အဓိပ္ပါယ်များကို ဒီလို ဆက်လက်ပြီးပြသွားပြန်ပါတယ်။ သော ဟိ အဘိက္ကန္တာဒီသု သမ္ပဇညံ ကရောတေဝ၊ ယောဂီရဟန်းဟာ ရှေ့သွားခြင်း နောက်ဆုတ်ခြင်း အစရှိသောအမူအရာတွေကို ပြုတိုင်းပြုတိုင်း သမ္ပဇညအသိဉာဏ်ကို ပြုပါတယ် ဖြစ်စေပါတယ်တဲ့။
န ကတ္ထစိ သမ္ပဇညဝိရဟိတော ဟောတိ၊ ဘယ်နေရာမှာမှ သမ္ပဇညအသိဉာဏ် ကင်းပြီးတော့ မသိဘဲနှင့် အမှတ်တမဲ့ပြုတာရယ်လို့ မရှိပါဘူးတဲ့၊ ဒီလိုဆိုလိုပါတယ်။ အဲဒီမှာ သမ္ပဇညဆိုတဲ့ အသိဉာဏ်က လေးမျိုးရှိပါတယ်၊ သာတ္ထကသမ္ပဇဉ်, သပ္ပါယသမ္ပဇဉ်, ဂေါစရသမ္ပဇဉ်, အသမ္မောဟသမ္ပဇဉ်လို့ ဒီလိုလေးမျိုး ရှိပါတယ်။
သာတ္ထက သမ္ပဇဉ်
ထိုလေးမျိုးထဲမှာ သာတ္ထကသမ္ပဇဉ်ဆိုတာက ဘာတုံးဆိုတော့ အကျိုးရှိမရှိကို စဉ်းစားဆင်ခြင်ပြီးတော့မှ ပြုတာကိုပဲ ဆိုပါတယ်။ ဒါကြောင့် ဒီမှာ အဘိက္ကမနစိတ္တေ ဥပ္ပန္နေ စိတ္တဝသေနေဝ အာဂနナာ၊ ရှေ့သွားမည်လို့ စိတ်ကလေးဖြစ်လို့ရှိလျှင် စိတ်ဖြစ်လျှင်ဖြစ်ခြင်း မသွားရသေးဘူးတဲ့။ သွားမည်ဆိုလို့ရှိလျှင် သွားတဲ့အတွက် ဘာအကျိုးရှိမလဲဆိုတာကို စဉ်းစားပါဦးတဲ့။ အဲဒါကလေးတွေက သိပ်ကောင်းပါတယ်၊ ဒိပြင်ဟာ မတတ်နိုင်တောင် အဲဒီ သာတ္ထက သမ္ပဇဉ်နှင့် လုပ်နေလျှင်ပင် တော်တော့်ကို နေရာကျနေပါပြီ။ ရှေးက ဗုဒ္ဓဘာသာမဟုတ်တဲ့ ပုဂ္ဂိုလ်တွေတောင်မှ ရဟန်းတော်များ၏ ကြည်ညိုဘွယ်ရာကောင်းတဲ့ အမူအရာတွေ မြင်ရလ့ဆိုတာတွေဟာ ဒီဟာတွေပါပဲ၊ ပါသာဒိကေန အဘိက္ကန္တေန ပါသာဒိကေန ပဋိက္ကန္တေန စသည်ဖြင့် ပါဠိတော်တွေမှာ ပြထားပါတယ်၊ ကြည်ညိုဘွယ်ကောင်းတဲ့ ရှေ့သို့သွားခြင်း နောက်သို့ ဆုတ်ခြင်း ကွေးခြင်းဆန့်ခြင်း စောင်းငဲ့၍ကြည့်ခြင်း တည့်တည့်ကြည့်ခြင်း အမူအရာကလေးတွေဟာ ဒီသမ္ပဇဉ်ကလေးတွေနှင့်ပြုတော့ ကိုးရိုးကားယား မဖြစ်ပါဘူး။ ကြည်ညိုဘွယ်ရာဖြစ်နေပါတယ်၊ အဲဒါတွေ မြင်သောအားဖြင့် ဒီပုဂ္ဂိုလ်၏သန္တာန်မှာ တရားထူးတရားမြတ်ရှိတာပဲလို့ ဒီလိုသာသနာတော်မှာ ကြည်ညိုလာကြတာတွေ ရှိပါတယ်။
တနေ့ကပြောခဲ့တဲ့ သီရိဓမ္မာသောကမင်းကြီးဟာ မူလတုန်းက သာသနာပက ပါသဏ္ဍတွေကို ကိုးကွယ်ပြီးတော့ နေပါတယ်။ ဒါပေမယ်လို့ နိဂြောဓသာမဏေ ကလေးရဲ့ ရှေ့သို့သွားခြင်း၊ နောက်သို့ဆုတ်ခြင်းဆိုတဲ့ ကြည်ညိုဘွယ်ကို မြင်တာနဲ့ကြည်ညိုသွားတယ်ဆိုတာဟာ ဒီသမ္ပဇညတွေ ကြောင့်ပါပဲ။
အဲဒါကြောင့် ရှေ့သို့သွားမည်လို့ ကြံလျှင် စိတ်ကူးဖြစ်ရုံမျှနှင့် ဖြုတ်ကနဲ ထမသွားသေးဘဲနှင့် ဘာအကျိုးရှိမှာလဲဆိုတာ စဉ်းစားပါဦးတဲ့၊ စဉ်းစားပြီးတော့ အကျိုးရှိမှ သွားပါ၊ အကျိုးမရှိလျှင်တော့ မသွားပါနှင့်တဲ့။ ဒီလိုဆိုပါတယ်၊ အဲဒါ သာတ္ထကသမ္ပဇဉ်ပါပဲတဲ့။
အဲဒီမှာ အကျိုးရှိမရှိဆိုရာတွင် ဘယ်လိုဟာက အကျိုးရှိတာလဲလို့ဆိုတော့ အကျိုးရှိတဲ့ဌာနတွေကို ဒီမှာ ဝေဘန်ပြီးပြထားပါတယ်၊ စေတိယဒဿန- စေတီတော်ကို ဖူးမြင်တာဟာလဲ အကျိုးရှိတဲ့အမှုပါပဲတဲ့၊ စေတီတော်ကိုဖူးမြော်ဘို့ဆိုလျှင် သွားနိုင်တယ် လို့ ဆိုလိုပါတယ်။
ဘုရားနှင့် စေတီ
စေတိယဒဿနဆိုတဲ့ပုဒ်ကို တိုက်ရိုက်မြန်မာပြန်လို့ရှိလျှင် စေတီတော်ကို ဖူးမြော်ခြင်းပဲလို့ ပြန်ရပါတယ်၊ ဒါပေမယ်လို့ ဗမာပြည်မှာ တွင်နေတဲ့ ဝေါဟာရကလေးကိုလဲ ဒီနေရာမှာထည့်သွင်းပြီး ပြောလိုပါတယ်၊ ဗမာပြည်မှာတော့ စေတီဖူးမြော်တာကိုလဲ ဘုရားဖူးတယ်လို့ ပြောနေကြပါတယ်၊ စေတီနှင့်ဘုရားကို အတူတူ သုံးထားပါတယ်။ ပါဠိမှာတော့ ဗုဒ္ဓဒဿနဆိုလျှင် ဘုရားရှင်ကို ဖူးခြင်း၊ ဂေါတမဘုရားကို ဖူးခြင်းလို့ ပြောရပါတယ်၊ ဘုရားလက်ထက်တုန်းကဆိုလျှင် ဘုရားကျောင်းတော် သွားသွားပြီး ဘုရားဖူးကြတာကို ဗုဒ္ဓဒဿန ဘုရားဖူးတယ်လို့ ခေါ်ပါတယ်။
အဲဒီလို သက်တော်ထင်ရှားရှိတဲ့ဘုရားကိုဖူးတာ မဟုတ်ဘဲနှင့် စေတီတစ်ခုခုကို ဖူးတယ်ဆိုလျှင်တော့ စေတိယဒဿနစေတီတော်ကို ဖူးတယ်လို့သာ ခေါ်ပါတယ်၊ သီဟိုဠ်ကျွန်းမှာ မဟာစေတီကြီးသွားပြီး ဖူးလို့ရှိလျှင် စေတိယဒဿနပါပဲ၊ ထူပါရုံစေတီတော်သွားပြီး ဖူးလျှင်လဲ စေတိယဒဿနပါပဲ၊ စေတီကိုဖူးတယ်လို့သာ သုံးပါတယ်၊ ပါဠိမှာ အဲဒါမျိုးကို ဘုရားဖူးတယ်လို့ မသုံးပါဘူး။
ဒါပေမယ်လို့ မြန်မာပြည်မှာ တွင်နေတဲ့ ဝေါဟာရကတော့ စေတီနှင့်ဘုရားကို အတူတူလုံးပြီးတော့ ခေါ်ထားပါတယ်၊ ဒါကလေးလဲ မှတ်သားစရာလေးတစ်ခုပါပဲ၊ တချို့ အရိုးအိုးစေတီကိုတောင်မှ အရိုးအိုးဘုရားလို့ ခေါ်ကြပါသေးတယ်၊ စေတီဆိုလျှင် ဘုရားပဲလို့ ခေါ်နေကြပါတယ်၊ အဲဒီ ဝေါဟာရကတော့ ရှေးရှေးကတည်းကစပြီး အများကပြောနေကြလို့ ပြင်ဘို့ရာတော့ ခဲယဉ်းပါတယ်၊ သို့သော်လည်း နားလည်ထားဘို့တော့ လိုတယ်၊ စေတီဆိုတာက စေတီပါ၊ ဘုရား မဟုတ်ပါဘူး၊ ဘုရားဆိုတာကဘုရားပါ၊ စေတီ မဟုတ်ပါဘူး၊ တခြားစီပါ၊ ဘယ်လိုလဲဆိုလျှင် ဗုဒ္ဓဘုရားဆိုတာက သက်တော်ထင်ရှား ဂုဏ်တော်ကိုးပါးနှင့် ပြည်စုံတော်မူတဲ့ ဘုရားအစစ် ဖြစ်ပါတယ်၊ စေတီဆိုတာက အဲဒီဘုရားကို အကြောင်းပြုပြီးတည်ထားတဲ့ စေတီသော်လဲဖြစ်မယ်၊ သို့မဟုတ် ရဟန္တာပုဂ္ဂိုလ်တွေ၏ ဓာတ်တော်တွေကိုဌာပနာပြီး တည်ထားတဲ့ စေတီသော်လဲ ဖြစ်မည်၊ သို့မဟုတ် ဘုရား၏ရုပ်ပုံတော်တွေ ဥဒ္ဒိဿစေတီတော်တွေ ဒီလိုသော်လဲ ဖြစ်မည်၊ ဒီပြင် ပရိဘောဂစေတီတို့ ဓမ္မစေတီတို့ ဒီလိုစေတီတွေအမျိုးမျိုးလဲ ရှိပါသေးတယ်၊ ယခုကာလမှာဆိုလို့ရှိလျှင် သီလသိက္ခာနှင့်ပြည့်စုံတဲ့ ကြည်ညိုဖွယ်ဂုဏ်နှင့် ပြည့်စုံတဲ့ ဆရာတော်ကြီးများရဲ့အရိုးတွေဌာပနာပြီး တည်ထားတာတွေလဲ ရှိပါယတ်၊ အဲဒါတွေလဲ စေတီပါပဲ၊ စေတီဆိုတာက ဘုရားမဟုတ်ပါဘူး၊ တခြားပါ။ ဒီနေရာမှာ ဘုရားဖူးတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက စေတီကို သွားပြီးရှိခိုးတော့လဲ သက်တော်ထင်ရှား ဂေါတမမြတ်စွာဘုရားကိုပဲ အာရုံပြုပြီး ရှိခိုးတာမဟုတ်လားလို့ ဒီလို မေးစရာရှိပါတယ်၊ အဲဒါကတော့ မှန်ပါတယ်၊ ဗဟုသုတရှိတဲ့ပုဂ္ဂိုလ်တွေ ဘုရားဖူးကြတယ်ဆိုလျှင် စေတီတော်အနီးသွားပြီး ရှိခိုးတဲ့အခါမှာ အရဟံအစရှိသော ဂုဏ်တော်တွေနှင့် ပြည့်စုံတော်မူတဲ့ ရှေးနှစ်ပေါင်း-၂၅၀ဝကျော်ကာလက လောကမှာ ပွင့်ထွန်းပြီးတော့ ၄၅-နှစ်ပတ်လုံး တရားတော်တွေကို ဟောကြားပြီးသွားတဲ့ ဘုရားစင်စစ်ကို အာရုံပြုပြီး ရှိခိုးကြတာ မှန်ပါတယ်။
“ဒီလိုဆိုလျှင်ဖြင့် စေတီကိုသွားပြီး ရှိခိုးတာလဲ ဘုရားဖူးတာပဲ မဟုတ်လား” လို့ ဒီလိုထပ်ပြီး စောဒကတက်စရာ ရှိပါတယ်။ ဒါပေမယ့် ဘုရားကိုအာရုံပြုတာနှင့် စေတီတော်ဆီ သွားတာဟာ တခြားစီပါပဲ၊ အာရုံပြုတာကတော့ စေတီရှိရာကို မသွားဘဲနှင့်လဲပြီးနိုင်ပါတယ်၊ ကိုယ့်နေရာကပဲ နေပြီးတော့ နှစ်ပေါင်း ၂၅၀ဝ-ကျော်က ပွင့်တော်မူခဲ့တဲ့ ဂေါတမဘုရားကို အာရုံပြုရှိခိုးလိုက်လျှင်လဲ ဖြစ်တာပါပဲ။ သို့ပေမယ့် အဲဒါကိုတော့ ဘုရားဖူးတယ်လို့ မခေါ်ကြပြန်ဘူး၊ ဘုရားအာရုံပြုတယ်လို့သာ ခေါ်ကြပြန်တယ်။
အမှန်မှာတော့ စေတီတော်သွားပြီးဖူးတာကို စေတိယဒဿန စေတီကိုဖူးတယ်လို့ ပြောမှမှန်ပါတယ်၊ ဘုရားဖူးတယ်လို့ပြောလျှင် တိုက်ရိုက်အားဖြင့် မမှန်ပါဘူး၊ ဒီနေရာမှာ “အဋ္ဌကထာက ဗုဒ္ဓဒဿန- ဘုရားဖူးတာကိုတော့ မပြဘဲ ဘာကြောင့်စေတိယဒဿနကိုသာ ပြပါသလဲ” လို့ ဆိုလျှင် အဋ္ဌကထာဆရာများ လက်ထက်မှာ သက်တော်ထင်ရှားဘုရားက မရှိတော့တဲ့အတွက်ကြောင့်ပါပဲ၊ အကယ်၍သာ ဒီအဋ္ဌကထာကိုရေးစဉ်က သက်တော်ထင်ရှား ဘုရားရှိနေသေးလျှင် ဗုဒ္ဓဒဿန- ဘုရားဖူးခြင်းလို့ ဒီပုဒ်ကို ပဌမရေးပြီးတော့မှ စေတိယဒဿန- စေတီကိုဖူးခြင်းလို့ ဒီလိုအစဉ်အတိုင်း ရေးသွားမှာပါပဲ၊ ယခုတော့ ဒီအဋ္ဌကထာကို ရေးတဲ့အခါမှာ ဘုရားပရိနိဗ္ဗာန်စံပြီးလို့ နှစ်ပေါင်း ၉၇၅-နှစ်လောက် ရှိနေပါပြီ၊ ဒါကြောင့် အဲဒီအခါမှာလဲ စေတီလောက်သာရှိလို့ စေတိယဒဿန စေတီကိုဖူးခြင်းလို့ ဒါလောက်သာရေးခဲ့ခြင်းဖြစ်ပါတယ်။
ပြီးတော့ ဗောဓိပင်ကို သွားပြီးဖူးခြင်း၊ သံဃာတော်ကို သွားပြီးဖူးခြင်း၊ မထေရ်ကြီးများကို သွားပြီးဖူးခြင်း၊ အသုဘရှုခြင်း၊ အဲဒီကိစ္စတွေအတွက် သွားလို့ရှိလျှင် ဒါတွေလဲ အကျိုးရှိနေတာပါပဲတဲ့၊ သွားကောင်းတယ်လို့ ဆိုလိုပါတယ်။ ဘယ်လို အကျိုးရှိသတုံးဆိုတော့ အကျိုးရှိပုံကလေးကိုလဲ ထုတ်ပြထားပါတယ်။
ဘုရားအာရုံပြုသည့် ပီတိ
စေတီတော်နှင့် ဗောဓိပင်များကို ဖူးပြီးတော့ နှစ်ပေါင်း ၂၅၀ဝ-ကျော်က လောကမှာ ပွင့်ထွန်းတော်မူခဲ့သော မြတ်စွာဘုရား၊ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား၊ ခပ်သိမ်းသောတရားတွေကို မဖောက်မပြန် မိမိကိုယ်တိုင်ဉာဏ်ဖြင့် ကျင့်ကြံအားထုတ်၍ သိတော်မူသော မြတ်စွာဘုရား၊ ဝိဇ္ဇာသုံးပါး ဝိဇ္ဇာရှစ်ပါး စရဏတဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား၊ လောက၏ အကြောင်းအရာအလုံးစုံကို အကုန်သိတော်မူသော မြတ်စွာဘုရား၊ စသည်ဖြင့် ဘုရားရဲ့ ဂုဏ်တော်တွေ အာရုံပြုပြီး ပီတိဖြစ်ပါတယ်၊ “ဒို့ကိုးကွယ်တဲ့ မြတ်စွာဘုရားဟာ ဒီလို ဒီလို ဂုဏ်တော်တွေနှင့် ပြည့်စုံတော်မူပါပေတယ်၊ လောကမှာ သတ္တဝါတွေက လောဘ တွေ ဒေါသတွေ မောဟတွေ များပြီးတော့နေတယ်၊ ငါတို့၏မြတ်စွာဘုရားမှာ လောဘ ဒေါသ မောဟတွေ လုံးလုံး ကင်းတော်မူပါပေတယ်” စသည်ဖြင့် ဒီလို အာရုံပြုလိုက်တဲ့အခါမှာ ဗုဒ္ဓါရမ္မဏပီတိ- ဘုရားကို အာရုံပြုပြီး ပီတိဖြစ်ပါတယ်တဲ့။
သံဃာတော်တွေ ဖူးမြင်ရတဲ့အခါမှာလဲ ယခု ဆဋ္ဌသံဂါယနာ ပဌမသန္နိပါတ ဒုတိယသန္နိပါတ စသည်တုန်းကလိုအခါမျိုးမှာ သံဃာတော်ကိုအာရုံပြုပြီး ကြည်ညိုသဒ္ဓါဖြစ်ကြပါတယ်၊ ယခုလဲ ဒီလိုအာရုံပြုပြီး ကြည်ညိုတာတွေ ရှိကြမှာပါပဲ၊ ထူးတာကတော့ သံဃာတော်တွေကို အမြောက်အမြား တွေ့မြင်ရလျှင် လူတွေမှာ သဒ္ဓါတရားတွေသာ သာပြီးဖြစ်တတ်ပါတယ်၊ ပီတိတွေ တနုန့်နုန့်နှင့် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် သံဃာတော်ကိုဖူးမြင်ရတဲ့အခါမှာလဲ သံဃာဂုဏ်ကိုအာရုံပြုပြီး ပီတိဖြစ်တတ်ပါတယ်တဲ့။
ဒီပီတိကလဲ ထက်ထက်သန်သန်ဖြစ်ဖူးတဲ့ပုဂ္ဂိုလ်မှ သာပြီးတော့ သဘောပေါက်တတ်ပါတယ်၊ တရားအားထုတ်လို့ရှိလျှင် ဗုဒ္ဓါနုဿတိဘာဝနာတွေ ပွားများတဲ့ပုဂ္ဂိုလ်မှာလဲ ဒီပီတိက ဖြစ်ပါတယ်၊ ဝိပဿနာရှုတဲ့အခါမှာလဲ ဒီပီတိက ဖြစ်ပါတယ်၊ ကိုယ့်ကိုယ်မှာဖြစ်မှ ဘယ်လိုဟာကလေးလဲဆိုတာ သေသေချာချာ သိရပါတယ်၊ ပီတိဆိုတာ အတော်ထူးတဲ့ သဘောကလေးပါပဲ။
ပီတိကို ဝိပဿနာရှု
အဲဒီ ပီတိဖြစ်တဲ့အခါမှာ ဝိပဿနာရှုနည်း မရှိလျှင်တော့ ပီတိကုသိုလ်လောက်နှင့် ပြီးဆုံးသွားတော့တာပါပဲ၊ ဝိပဿနာလုပ်ငန်းစဉ် ရှိနေလျှင်တော့ အရဟတ္တဖိုလ်တိုင်အောင် ရောက်နိုင်တယ်ဆိုတာကို ဒီမှာ ပြထားပါတယ်။
ပီတိံ ဥပ္ပါဒေတွာ တဒေဝ ခယတော ဝယတော သမ္မသန္တော အရဟတ္တံ ပါပုဏာတိတဲ့၊ ဒါဟာ အဋ္ဌကထာဆရာက သာတ္ထကသမ္ပဇဉ်ကို ပြရင်း ဝိပ္ပဿနာရှုပုံကိုပါ ထည့်ပြီးတော့ ပြောသွားတဲ့စကား ဖြစ်ပါတယ်။ မှတ်သားစရာ သိပ်ကောင်းပါတယ်။
ပြောလိုရင်းကတော့ စေတီကိုဖူးမြော်ရာမှာ ရနိုင်တဲ့အကျိုးက ကုသိုလ်ဖြစ်တာရယ်၊ အရဟတ္တဖိုလ် တိုင်အောင် ရောက်နိုင်တာရယ် ဒီလိုနှစ်မျိုး ရှိပါတယ်၊ အဲဒီနှစ်မျိုးထဲက အရဟတ္တဖိုလ်တိုင်အောင် ရောက်နိုင်တယ်ဆိုရာမှာ ဘယ်ပုံဘယ်နည်းဖြင့် ရောက်သွားတယ်ဆိုတာကိုလဲ ဖော်ပြဘို့လိုပါတယ်၊ ဒါကြောင့် ပီတိံ ဥပ္ပါဒေတွာ၊ ပီတိကိုဖြစ်စေ၍ စသည်ဖြင့် ဒီမှာ ပြထားပါတယ်။
အဲဒီလို ပီတိဖြစ်နေတဲ့အခါမှာ နီဝရဏတွေကင်းစင်ပြီးတော့ စိတ္တဝိသုဒ္ဓိလဲ ပြည့်စုံနေပါတယ်၊ ဒါကြောင့် ဖြစ်ပေါ်လာတဲ့ အဲဒီပီတိကိုလဲ “နှစ်သိမ့်တယ်၊ အားရတယ်၊ သဘောကျတယ်၊ ဝမ်းမြောက်တယ်၊ တကြွ်ကတယ်” စသည်ဖြင့် သူဖြစ်တဲ့အတိုင်း ရှုလိုက်လျှင် အဲဒီပီတိကလေးဟာ ဖြစ်ပြီးရင်းပျောက်သွားရင်း ဖြစ်ပြီးရင်း ပျောက်သွားရင်းနှင့် တပိုင်းစီတပိုင်းစီ ပြတ်ပြတ်ပြီး ထင်ပေါ်လာပါတယ်။
အဲဒီလို မရှုဘဲနှင့် ပကတိအတိုင်းနေလျှင်တော့ အဲဒီပီတိရော ပီတိနှင့်တွဲဖြစ်နေတဲ့ စိတ်တွေရော အဲဒါတွေအားလုံးကို တစိတ်တည်းပဲလို့သာ ထင်မှတ်သွားပါတယ်၊ ဒါကြောင့် ဝိပဿနာမရှုနိုင်တဲ့ ပကတိလူတွေမှာ “စိတ်ဟာ ငယ်ငယ်ကတည်းက ယခုထက်ထိ တစိတ်တည်းပဲ” လို့ ထင်မှတ်နေကြပါတယ်၊ “မနေ့ကစိတ်လဲ ဒီစိတ်ပဲ၊ ယနေ့စိတ်လဲ ဒီစိတ်ပဲ၊ နောက်နေ့တွေမှာလဲ ဒီစိတ်ပဲ၊ တသက်လုံး တဘဝလုံး ဒီတစိတ်တည်းပဲ” လို့ ထင်မှတ်နေကြပါတယ်၊ “သူကပဲ မြင်တယ်၊ သူကပဲ ကြားတယ်၊ သူကပဲ စဉ်းစားတယ်၊ ငါတယောက်တည်းကပဲ သိနေတယ် လုပ်နေတယ်” လို့ ထင်မှတ်နေကြပါတယ်၊ အမှန်မှာတော့ ဒီလိုမဟုတ်ပါဘူး၊ စိတ်ကလေးတွေကလဲ တစိတ်ချင်း ဖြစ်နေတာပါ၊ ဒါပေမယ့် သူ့ကိုမရှုနိုင် လျှင်တော့ ဒီပီတိကလဲ ငါးမိနစ်ဆယ်မိနစ် စသည်ဖြင့် တကြံ့တည်းပဲမြဲတည်နေသလို ထင်ရပါတယ်၊ ဖြစ်ပေါ်ခိုက်မှာ စူးစိုက်ပြီးတော့ “နှစ်သိမ့်တယ်၊ နှစ်သိမ့်တယ်၊ သဘောကျတယ်၊ သဘောကျတယ်” စသည်ဖြင့် ဒီပီတိကို ရှုလိုက်လျှင်တော့ သမာဓိဉာဏ်ကလဲအားရှိပြီး မဂ်ဖိုလ်ကိုမြန်မြန်ရောက်မည့် ပုဂ္ဂိုလ်ဆိုလျှင် ပေါ့လေ အဲဒီလို ရှုလိုက်တာနှင့် တခါတည်း တပိုင်းစီတပိုင်းစီ ပြတ်ပြတ်ပြီး ထင်ပေါ်လာပါတယ်။
အဲဒီလို တပိုင်းစီ ပြတ်ပြတ်ပြီး ထင်လာတော့ ချက်ခြင်းပဲ ကုန်ကုန်သွားတာ ပျောက်ပျက်သွားတာကို ထင်ရှားတွေ့နေပါတယ်၊ ဒါကြောင့် ကုန်ကုန်သွားလို့ မမြဲဘူးဆိုတဲ့ အနိစ္စလက္ခဏာဟာ သူ့အလိုလိုပဲ ထင်ရှားပေါ်လာပါတယ်၊ ဒီလို အနိစ္စထင်လျှင် ဒုက္ခ အနတ္တ လက္ခဏာတွေလဲ ထင်ပြီးတော့ ဝိပဿနာဉာဏ်တွေ အစဉ်အတိုင်း အပြည့်အစုံဖြစ်ပြီး အဲဒီတခဏကလေးအတွင်းမှာပင် အရဟတ္တဖိုလ်ကို ရောက်သွားနိုင် ပါတယ်တဲ့။ ဒါကြောင့် ပီတိံဥပ္ပါဒေတွာ၊ ဘုရားဂုဏ်ကို အာရုံပြုလျက် နှစ်သိမ့်အားရမှု ပီတိကို ဖြစ်ပေါ်စေပြီးလျှင်၊ တဒေဝ၊ ထိုပီတိကိုပင်လျှင်၊ ခယတော၊ ကုန်ကုန်သွားသည်ဟု။ ဝယတော၊ ပျောက်ပျက်သွားသည်ဟု။ သမ္မသန္တော၊ ရှုမှတ်သုံးသပ်လျက်။
အရဟတ္တံ ပါပုဏာတိ၊ အရဟတ္တဖိုလ်သို့ ရောက်သွားပါတယ်တဲ့။ ဒါဟာ စေတီကို ဖူးမြော်ခြင်း၏ အကျိုးပါပဲတဲ့။ ရှေးက ဥပစာရသမာဓိ အခြေခံပြီး မဂ်ဖိုလ်ရောက်သွားကြတယ်ဆိုတာဟာ ဒီနည်းချည်းပါပဲ၊ ဒီလို ဖြစ်ပေါ်လာတဲ့ ပီတိကို ရှုရင်း တခဏကလေးအတွင်း ရောက်သွားကြတာချည်းပဲ၊ ကျမ်းဂန်များမှာ ထင်ရှားပါတယ်။
မြတ်စွာဘုရား တရားဟောတော်မူတဲ့အခါ ဂါထာကလေးတပုဒ်၏ အဆုံးမှာပင် သောတာပန်ဖြစ်သွား ပါတယ်။ သကဒါဂါမ် အနာဂါမ်တွေ ဖြစ်သွားတယ်၊ ရဟန္တာဖြစ်သွားတယ်၊ သတ္တဝါပေါင်း ရှစ်သောင်းလေးထောင် အကျွတ်တရား ရသွားတယ်၊ မည်ရွေ့မည်မျှ ကျွတ်သွားတယ်၊ စသည်ဖြင့် ဒီလိုပြဆိုထားတာတွေ ရှိပါတယ်၊ အဲဒီလို ပုဂ္ဂိုလ်တွေမှာ ပါရမီထူးရှိသူများဖြစ်တဲ့အတွက် တရားနာနေရင်း ထင်ရှားတဲ့ရုပ်နာမ်ကို ရှုပြီးတော့ ဝိပဿနာဉာဏ်စဉ်များ တခဏချင်းဖြစ်ပေါ်ပြီး မဂ်ဖိုလ်ကိုရောက်သွားကြ တယ်လို့မှတ်ယူရပါတယ်၊ အဲဒီအထဲက တချို့ပုဂ္ဂိုလ်တွေမှာ ဘုရားတရားကို အာရုံပြုပြီး ဖြစ်ပေါ်လာတဲ့ ပီတိကလေးကို ရှုပြီးတော့ ဝိပဿနာဉာဏ် တခဏချင်း အစဉ်အတိုင်းဖြစ်ပြီး မဂ်ဖိုလ်ကို ရောက်သွားကြပါတယ်၊ အဲဒီလို ရောက်သွားကြတာကတော့ ဘုရားဖူးခြင်း တရားနာခြင်းများ၏ အကျိုးဖြစ်ပါတယ်၊ ဒီအကျိုးကတော့ ဒီအဋ္ဌကထာက ပြထားတာ မဟုတ်ပါဘူး၊ စေတီဖူးတာနှင့် စပ်ဆိုင်နေလို့ ဒီနေရာမှာ ထည့်သွင်းပြီး ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။
ပြီးတော့ သံဃာတော်ကိုဖူးမြော်တဲ့အခါမှာလဲ စေတီကိုဖူးမြော်ရာမှာလိုပဲ ကုသိုလ်လဲဖြစ်ပါတယ်။ ပီတိဖြစ်ပြီးတော့ အဲဒီပီတိကိုရှုလျှင် အရဟတ္တဖိုလ်တိုင်အောင်လဲ ရောက်သွားနိုင်ပါတယ်တဲ့။ ပြီးတော့ကာ မထေရ်ကြီးများကို ဖူးမြော်တဲ့အခါမှာလဲ အဲဒီ မထေရ်ကြီးများရဲ့ အဆုံးအမသြဝါဒမှာ တည်ပြီးတော့ ခယဝယ ကုန်ခြင်းပျက်ခြင်း အနိစ္စလက္ခဏာ စသည့်ဖြင့် ရုပ်တရားနာမ်တရားတွေကိုရှုပြီး အရဟတ္တဖိုလ် ရောက်နိုင်ပါတယ်တဲ့၊ ဒါကြောင့် ထေရေ ဒိသွာ တေသံ သြဝါဒေ ပတိဋ္ဌာယ စသည်ဖြင့် မိန့်ဆိုထားပါတယ်၊ အဲဒီမှာ ပတိဋ္ဌာယ တည်ပြီး၍ ဆိုတဲ့ပုဒ်ကို ယခတော ဝယတော သမ္မသန္တော၊ ကုန်သည်ဟုပျက်သည်ဟ ုရှုလျက် ဆိုတဲ့ နောက်နားကပုဒ်က ခုန်ကျော်ပြီး စပ်ရပါတယ်၊ ဒီလိုစပ်ယူမှ မထေရ်ကြီးများ၏ အဆုံးအမမှာ တည်ပြီးတော့ ကုန်သည်ပျက်သည်ဟု အရဟတ္တဖိုလ်သို့ ရောက်တယ်ဆိုတဲ့အနက်ကို အပြည့်အစုံရပါတယ်။
ဒီအကျိုးပြစကားကတော့ မထေရ်ကြီးဖြစ်နေကြတဲ့ ဘုရားတပည့်တော်တို့အပေါ်လဲ ကျရောက်လာတတ် ပါတယ်၊ မထေရ်ကြီးဖြစ်နေကြတဲ့ ဘုရားတပည့်တော်တို့မှာ မိမိတို့ထံ ယုံကြည်အားကိုးပြီး လာရောက်ကြတဲ့ ရဟန်းရှင်လူပုဂ္ဂိုလ်များအား မဂ်ဖိုလ်ရောက်ကြောင်း နည်းလမ်းကောင်းသြဝါဒများကို ပေးဘို့ရန် တာဝန်ကျနေပါတယ်၊ သို့မှ ဒီအဋ္ဌကထာနှင့်အညီ မထေရ်ကြီးများကို ဖူးရတဲ့အကျိုး ပြည့်စုံနိုင်ပါမယ်။
ပြီးတော့ အသုဘံ ဒီသွာ တတ္ထ ပဌမဇ္ဈာနံ ဥပ္ပါဒေတွာ တဒေဝ ခယတော ဝယတော သမ္မသန္တော အရဟတ္တံ ပါပုဏာတိလို့ မိန့်ဆိုပြန်ပါတယ်၊ အသုဘရှုလျှင်လဲ အဲဒီ အသုဘအာရုံမှာ ပဌမဈာန်ကို ရနိုင်ပါတယ်တဲ့၊ ယခုကာလမှ လူတွေရော ရှင်ရဟန်းတွေရော မသာအိမ်တို့ သုဿာန်တို့ စပ်ရာဆိုင်ရာကို အသုဘရှုသွားကြတာတွေကတော့ တကယ်အသုဘရှုဘို့ဆိုတာကို သတိရတာက နည်းပါလိမ့်မည်၊ မလွှဲမကင်းသာ အမှတ်တမဲ့ သွားကြတာတွေကသာ များနေပုံရပါတယ်၊ ယခု ဒီမှာ ပြတာကတော့ အသုဘအလောင်းကောင်ကို သေသေချာချာကြည့်ပြီး ကမ္မာဋ္ဌာန်းအနေနှင့် ရှုတာကို ပြထားတာဖြစ်ပါတယ်။
အဲဒီလို အသုဘကိုရှုလျှင် ပဌမဈာန်ကို ရောက်နိုင်ပါတယ်တဲ့၊ အဲဒီဈာန်ဆိုတာကလဲ ခုနကပြောခဲ့တဲ့ ပီတိကလေးမျိုးပါပဲ၊ ထူးတာကတော့ သူက အာရုံထဲမှာသက်ဝင်ပြီး တည်နေသလို စူးစိုက်တည်ကြည်တဲ့ အင်အားကောင်းတာလောက်ပဲ ထူးပါတယ်၊ တခုချင်း ဖြစ်ပျက်နေပုံကတော့ အတူတူပါပဲ၊ ဒါကြောင့် အသုဘရှုပြီးတော့ ဈာန်ရောက်သွားလျှင် အဲဒီဈာန်စိတ်ကလေးကိုပဲ ရှုလိုက်တော့ “ကုန်သွားတယ်၊ ပျက် သွားတယ်၊ အနိစ္စ ဒုက္ခ အနတ္တပဲ”လို့ တွေ့မြင်ပြီး အရဟတ္တဖိုလ် ရောက်နိုင်ပါတယ်တဲ့။
ဒါကြောင့် အဲဒီ စေတီတော်ကို သွားပြီးဖူးတာ ဗောဓိပင်ကို သွားပြီးဖူးတာ၊ သံဃာတော်နှင့်မထေရ်ကြီးများ ကို သွားပြီးဖူးတာ၊ အသုဘရှုတာ ဒါတွေဟာ အကျိုးရှိတယ်လို့ ဆိုပါတယ်၊ သာတ္ထကပါပဲတဲ့၊ ဒီတော့ ဒီလိုကိစ္စမျိုးဆိုလျှင် သွားပေတော့လို့ ဒါကို အဋ္ဌကထာဆရာက ခွင့်ပြုပါတယ်။
ကေစိဝါဒ မဆိုးလှ ယခုပြောခဲ့တဲ့ စကားတွေကတော့ ရှေးမဟာအဋ္ဌကထာကလာတဲ့ စကားတွေလို့ ယူရပါတယ်၊ အဲဒီက နောက်နားမှာ ကေစိ ပန စသည်ဖြင့် ကေစိဝါဒကလေးကိုလဲဆက်ပြီး ပြထားပြန်ပါတယ်၊ ဒီ ကေစိဝါဒကလေးကလဲ စဉ်းစားစရာ ကောင်းပါတယ်။
ကေစိ ပန၊ အချို့ဆရာတို့သည်ကား။ အာမိသတောပိ ဝုဝဎ္ဍို၊ အာမိသအားဖြင့် ကြီးပွားခြင်းသည်လည်း။ အတ္ထောယေဝ၊ အကျိုးပင်တည်း။ ကသ္မာ၊ အဘယ်ကြောင့်နည်းဟူမူ။ တံ နိဿာယ၊ ထိုအာမိသကိုမှီ၍။ ဗြဟ္မစရိယာ- နုဂ္ဂဟာယ ပဋိပန္နတ္တာ၊ မြတ်သောအကျင့်ကို ချီးမြှောက်ရန် ကျင့်သုံးရသောကြောင့်ပင်တည်း။ ဣတိ၊ ဤသို့။ ဝဒန္တိ၊ ဆိုကြ၏တဲ့။
ဒီနေရာမှာ အာမိသဆိုတာဟာ ပစ္စည်းပင် ဖြစ်ပါတယ်။ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး ဆိုတဲ့ ပစ္စည်းလေးပါးဟာ ရဟန်းတော်များ၏အာမိသ ဖြစ်ပါတယ်။ ရွှေ၊ ငွေ ဆန်စပါး အစရှိသော ပစ္စည်းဥစ္စာတွေဟာ လူတို့၏အာမိသ ဖြစ်ပါတယ်။ အဲဒီလို မိမိတို့နှင့်ဆိုင်တဲ့ပစ္စည်းတွေ ရမည့်ကိစ္စဆိုလျှင် အကျိုးရှိတဲ့ကိစ္စ သွားကောင်းတဲ့ကိစ္စပါပဲလို့ ကေစိဆရာတို့က ဆိုကြပါသတဲ့ဘုရား။ ဘာကြောင့်လဲဆိုတော့ “သင်္ကန်း ဆွမ်း စသော ပစ္စည်းကိုမှီပြီးတော့ တရားအားထုတ်ရလို့ပါ”လို့ အကြောင်းလဲ ပြထားပါတယ်။
ဒီကိစ္စဟာ ယူသင့်သလား မယူသင့်ဘူးလားလို့ စဉ်းစားစရာပါဘုရား၊ ရှေ့က ပြောလာတာတွေကတော့ ကုသိုလ်ရတာနှင့် မဂ်ဖိုလ်နိဗ္ဗာန်ရောက်တာဆိုတဲ့ အကျိုးတွေကိုသာ ပြောလာခဲ့ပါတယ်၊ ယခု ဒီ ကေစိဝါဒကတော့ ပစ္စည်းလေးပါးနှင့် လာဘ်လာဘတွေ ရတာဟာလဲ အကျိုးပဲလို့ ပြောပါတယ်။ ဒါဟာ စဉ်းစားစရာပါပဲ။
အဲဒီမှာ သူက အကြောင်းလဲ ပြထားပါတယ်။ တံနိဿာယ ဗြဟ္မစရိယာ နုဂ္ဂဟာယ ပဋိပန္နတ္တာတဲ့၊ အဲဒီ ပစ္စည်းလေးပါး အာမိသကို မှီပြီးတော့ကာ မြတ်သောအကျင့်ကို ချီးမြှောက်နိုင်ဘို့ရာ ကျင့်ခြင်းဖြစ်နိုင် ပါတယ်တဲ့၊ မဂ်ဖိုလ်နိဗ္ဗာန်ရောက်အောင်ကျင့်ဘို့ရာ ဖြစ်သွားပါတယ်တဲ့၊ ဒါကြောင့် ဒီဝါဒက ကေစိဆိုပေမယ်လို့ မှတ်သားရမည့်ဝါဒ ဖြစ်နေပါတယ်၊ ဘာပြုလို့တုံးဆိုလျှင် ခန္ဓာဝန်ရှိနေတဲ့ပုဂ္ဂိုလ်တွေမှာ မလွှဲမကင်းသာတဲ့ ပစ္စည်းလေးပါးဟာမရှိလျှင် မဖြစ်ပါဘူး၊ ရဟန္တာပုဂ္ဂိုလ်ကြီးတွေတောင် ဆွမ်းခံချိန် ကျလျှင် ဆွမ်းခံကိစ္စ သွားကြရပါတယ်။
အဲဒီတော့ အဘိက္ကန္တေ ပဋိက္ကန္တေ ရှေ့သို့သွားသည်ရှိသော် နောက်သို့ဆုတ်သည်ရှိသော် အကျိုးရှိမှ သွားရမယ်ဆိုတဲ့ ခုနကစကားတွေအရနှင့် စေတီဖူးမြော်လျှင်သွားတော့၊ ဗောဓိပင်ဖူးမြော်လျှင် သွားတော့၊ သံဃာတော်များ မထေရ်ကြီးများ ဖူးမြော်လျှင် သွားတော့၊ အသုဘရှုဆိုလျှင် သွားတော့၊ ဒီလိုကိစ္စသာ သွားရမည်၊ ဒီပြင် ပစ္စည်းလေးပါးနှင့် စပ်တဲ့ကိစ္စကျတော့ မသွားရဘူးလို့ ပိတ်လိုက်လို့ရှိလျှင် ဆွမ်းခံလဲ မသွားရဘူးလို့ အဓိပ္ပါယ်ရောက်လာပါလိမ့်မည်။ သင်္ကန်း ကျောင်း ဆေး အစရှိသော ပစ္စည်းတွေကို ရဘို့ကိစ္စအတွက်လဲ မသွားကောင်းဘူးလို့ ရောက်လာပါလိမ့်မည်၊ ဒီလို မသွားပဲနေလို့ရှိလျှင် ဆွမ်းမစားပဲနေရမလို ဖြစ်နေပါလိမ့်မည်။ တရားလဲ အားထုတ်ဘို့ရန် လမ်းပိတ်သွားပါလိမ့်မည်၊ ဒါကြောင့် ဒီဝါဒက ကေစိဆိုပေမယ်လို့ မှတ်သားရမည့် ဝါဒဖြစ်နေပါတယ်၊ ပြီးတော့ ဒီကေစိဝါဒဟာ နောက်နားက သင်္ဃာဋိပတ္တစီဝရ ဓာရဏေပုဒ်၏အဖွင့် မဟာအဋ္ဌကထာဝါဒနှင့်လဲ ညီနေပါတယ်၊ အဲဒီမှာတော့ နိဝါ သေတွာ၊ သင်းပိုင်ကိုဝတ်၍။ ပါရုပိတွာ၊ ဧကသီ သင်္ကန်းကြီးများကိုရုံ၍။ ပိဏ္ဍာယစရတော၊ ဆွမ်းခံသွားသောရဟန်း၏။ အာမိသလာဘောစ၊ ဆွမ်းအာမိသကို ရခြင်းသည်လည်း၊ အတ္ထောနာမ၊ အကျိုးမည်၏လို့ ဆိုထားပါတယ်၊ ဒါကြောင့် အရှင်မဟာဗုဒ္ဓဃောသက ဒီနေရာမှာ မူလအဋ္ဌကထာက ပြဆိုမထားပေမယ်လို့ သင့်လျော်တဲ့အတွက် ဒီကေစိဝါဒကို ထည့်သွင်းပြသွားတယ်လို့ ယူသင့်ပါတယ်။
အနည်းငယ်ထပ်ပြီး ရှင်းပြလိုပါသေးတယ်၊ ခန္ဓာဝန်မကင်းသေးတဲ့ ပုဂ္ဂိုလ်တွေမှာ ခန္ဓာဝန်နှင့်စပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ရှာမှီးရတာဟာ မလွှဲမရှောင်သာတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီလိုကိစ္စအတွက်လဲ သွားမှပဲ ဖြစ်ပါမည်။ ဒါကြောင့် ဆွမ်းခံချိန်ကျလို့ ဆွမ်းခံသွားချင်တဲ့စိတ် ဖြစ်ပေါ်လာလျှင် အကျိုးရှိသလား မရှိဘူးလားလို့ စဉ်းစားရပါလိမ့်မည်၊ စဉ်းစားတော့ကာ မူလအဋ္ဌကထာအရ စေတီတော် ဖူးမြော်ဖို့လဲ မဟုတ်၊ ဗောဓိပင် ဖူးမြော်ဖို့လဲမဟုတ်၊ သံဃာတော်များ မထေရ်ကြီးများ ဖူးမြော်ဖို့လဲမဟုတ်၊ အသုဘရှုဘို့လဲ မဟုတ်တော့ အဋ္ဌကထာကခွင့်ပြုတဲ့ စာရင်းထဲမှာ မပါပဲ ဖြစ်နေပါတယ်၊ ဒီလိုမပါပေမယ်လို့ ဒီဆွမ်းခံကတော့ မသွားပဲနေလို့ မဖြစ်ဘူး၊ သွားရမှာပါပဲ၊ သွားလဲ သွားနေကြတာပါပဲ၊ ဒါကြောင့် ဒီလိုဆင်ခြင်ရပါလိမ့်မည်၊ ဆွမ်းခံသွားလျှင် ဆွမ်းရလာမည်၊ ဆွမ်းရလာလျှင် အချိန်မှီဆွမ်းဘုဉ်းပေးရမည်၊ ဆွမ်းဘုဉ်းပေးပြီးတော့ တရားအားထုတ်ရမည်၊ အဲသလို အကျိုးတွေရလာပါတယ်၊ ဒါကြောင့်မို့လို့ ဒီကေစိဝါဒဟာ မှတ်ရမည့်ဝါဒပဲလို့ လျှောက်ထားရခြင်း ဖြစ်ပါတယ်ဘုရား။
ပြီးတော့ လူဆိုလို့ရှိလျှင်လဲ လူ့အလိုက် လူနှင့်ဆိုင်တဲ့ အာမိသတွေ ရှိပါတယ်၊ အဲဒီ အာမိသတွေအတွက်လဲ အကျိုးရှိတဲ့အမှုတွေဆိုလျှင် သွားကောင်းတယ်လို့ ယူရမှာပါပဲ၊ ယခု ပြောခဲ့တာဟာ သာတ္ထက သမ္ပဇဉ် ဖြစ်ပါတယ်။
သပ္ပါယသမ္ပဇဉ်
သပ္ပါယသမ္ပဇဉ်မှာတော့ အဲဒီလို သွားကောင်းတဲ့ကိစ္စ ဖြစ်ပေမယ်လို့ သွားလို့ရှိလျှင် တော်မှာလား မတော်ဘူးလား ဆိုတာကိုလည်း စဉ်းစားရဦးမည်တဲ့၊ ဘုရားဖူးတယ်ဆိုတဲ့ စေတီတွေ သွားဖူးတာဟာ အကျိုးတော့ရှိနေတာပဲ၊ ဒါပေမယ်လို့ တော်ရဲ့လား မတော်ဘူးလားဆိုတာကို စဉ်းစားပါဦးတဲ့၊ ဘာဖြစ်လို့တုံး ဆိုလျှင် တခါတရံ စေတီတွေမှာ ပွဲကြီးတွေလုပ်နေပါတယ်တဲ့၊ ဗမာပြည်မှာဆိုလို့ရှိလျှင် ဘုရားပွဲတော်တွေ ခဏခဏ လုပ်ကြပါတယ်၊ ဟိုက ဘုရားပွဲလုပ်။ ဒီက ဘုရားပွဲလုပ်နှင့် ပွဲကြီးတွေရှိပါတယ်။
ဗမာပြည်က ပွဲလမ်းကို သိပ်ပြီးတော့ကြိုက်ပါတယ်၊ ဘုရားပွဲတွေလဲ လုပ်တာပဲ၊ ကျောင်းပွဲတွေလဲ လုပ်တာပဲ၊ ဒါသာမကသေးဘူး ဒီပြင်ကိစ္စတွေမှာလဲ ပွဲတွေ လုပ်တာပါပဲ၊ ရှင်ပြုတွေ ဘာတွေလည်း ပွဲလမ်းတွေနှင့် အကြီးအကျယ်လုပ်ကြတာပါပဲ။
အဲဒီပွဲလမ်းတွေ လုပ်တဲ့အခါကာလကျတော့ ပရိသတ်မျိုးစုံ လာပါတယ်တဲ့၊ ပရိသတ်မျိုးစုံလာတော့ အဲဒီသွားလို့ရှိလျှင် မမြင်သင့်တာတွေလဲ မြင်သွားပါလိမ့်မည်၊ ဣဋ္ဌာရုံ အကောင်းတွေတွေ့လျှင် လောဘဖြစ်မည်၊ အနိဋ္ဌာရုံတွေတွေ့လျှင် ဒေါသ ဖြစ်မည်၊ အကုသိုလ်တွေ ဖြစ်ပါလိမ့်မည်တဲ့၊ ဒါကြောင့် အဲဒီလို ပွဲတွေရှိနေလျှင်တော့ မသွားကောင်းဘူးလို့ ဆိုပါတယ်၊ အဲသလို အန္တရာယ်မရှိလျှင် သွားပါတော့တဲ့၊ ဒါပါပဲ၊ ပြီးတော့ ဗောဓိပင်ဖူးခြင်း အစရှိတဲ့နောက်ဟာတွေလဲ ဒီအတိုင်းချည်းပါပဲ၊ အကျိုးရှိလျှင် သွားဆိုပေမယ်လို့ အကျိုးရှိတိုင်းလည်း မသွားနှင့်၊ ဒီလိုအခါသွားလျှင် တော်ရဲ့လား မတော်ဘူးလားဆိုတာကို စဉ်းစားပြီးမှ သင့်တော်လို့ရှိလျှင် သွားပါဆိုတဲ့ အကြောင်းကို အဆုံးအဖြတ်ပေးသွားပါတယ်။
အဲဒီလို အသုဘရှုလို့ အကျိုးရှိပုံမှာ နောက်ဆက်တွဲဝတ္ထုကလေးလဲ ပါလာပါ သေးတယ်၊ ဒီနေ့တော့ အချိန်ကနည်းနည်းကြာသွားပြီမို့ ဒီနေရာတွင် ရပ်ပြီးတော့ ကျန်ရှိတဲ့အပိုင်းများကို နောက်ရက်များကျမှ ဆက်လက်ပြီး လျှောက်ထားပါတော့မည် အရှင်ဘုရားတို့။
မနေ့က ဘုရားတပည့်တော် လျှောက်ထားခဲ့တဲ့အတိုင်း သာတ္ထကသမ္ပဇဉ်ဖြစ်ပုံမှာ အကျိုးရှိတဲ့ ကိစ္စတွေဆိုလို့ရှိလျှင် သွားနိုင်တယ်ဆိုပြီးတော့ အကျိုးရှိသော်လည်း သပ္ပါယသမ္ပဇဉ်အရအားဖြင့် သင့်မသင့် ချင့်ချိန်ရဦးမည်၊ ပရိသတ်တွေ ရှုပ်ထွေးနေတဲ့ အခါဆိုလျှင် မသွားသင့်ဘူး၊ ပရိသတ်တွေ မရှုပ်ထွေးလို့ ဘေးရန်အန္တရာယ်တစုံတရာ မရှိဘူးဆိုလျှင် သွားနိုင်တယ်ဆိုပြီးတော့ သပ္ပါယသမ္ပဇဉ်အကြောင်းကို ဒီမှာ ပြောသွားပါတယ်။ အဲဒါက စေတီတော်ကိုအဖူးသွားတဲ့ အခါ၊ ဗောဓိပင်ကို အဖူးသွားတဲ့အခါ သံဃာကို ဖူးတဲ့အခါ၊ မထေရ်ကြီးများကို ဖူးတဲ့အခါ၊ ဒါတွေကို ဆိုပါတယ်။
အသုဘရှုလုပ်ငန်း
အသုဘရှုတဲ့ အခါကာလမှာ သာတ္ထကသမ္ပဇဉ်ဖြစ်ပုံနှင့် သပ္ပါယဖြစ်ပုံကို ဆက်လက်ပြီးတော့ အဋ္ဌကထာက ပြောသွားပါတယ်။ အသုဘရှုခြင်းဟာလဲ အကျိုးရှိတဲ့အလုပ်ပါပဲတဲ့၊ အကျိုးရှိတဲ့အလုပ်ဖြစ်တဲ့အကြောင်း သာဓကဝတ္ထုကလေးတစ်ခု ရှိပါတယ်ဆိုပြီးတော့ အဲဒီဝတ္ထုကလေးကို ထုတ်ပြထားပါတယ်။
အခါတပါး၌ ရဟန်းငယ်တပါးဟာ သာမဏေကိုခေါ်ပြီး ဒန်ပူသားရှာရန်အတွက် တောထဲသို့ သွားကြပါတယ်။ အဲဒီလိုသွားတဲ့အခါ သာမဏေက လမ်းက ဘေးဖဲ့ပြီးတော့ ရှေ့ကိုရောက်သွားတဲ့ အခါကာလမှာ လူသေကောင် အသုဘအလောင်းကောင်ကို တွေ့ပါတယ်၊ တွေ့တဲ့အခါ အဲဒီအသုဘကို ကြည့်ရှုပြီးတော့ ပဌမဈာန်ကို ရသွားပါတယ်၊ အဲဒီ ပဌမဈာန်ကိုပဲ အခြေခံပြုပြီးတော့ သင်္ခါရတရားတွေ သုံးသပ်တာနှင့် သောတာပတ္တိမဂ်ဖိုလ် သကဒါဂါမိမဂ်ဖိုလ် အနာဂါမိမဂ်ဖိုလ်တိုင်အောင် ဖိုလ်သုံးပါးသို့ ရောက်ပြီး အနာဂါမ်ဖြစ်သွားတယ်လို့ ဆိုပါတယ်။
ဒီစကားကိုထောက်ဆကြည့်လျှင် အဲဒီ သာမဏေဟာ စောစောကတည်းက ဆရာသမားထံမှ ရှုပုံရှုနည်း ဥပနိဿယတွေကို ကောင်းကောင်းရထားတဲ့ သာမဏေပဲဆိုတာ ထင်ရှားပါတယ်။ စောစောကသာ ဥပနိဿယကို ရမထားဘူးဆိုလျှင် ဒီအသုဘအလောင်းကောင်ကြီး တွေ့ရပေမယ်လို့ ဘာမျှလုပ်တတ်မှာ မဟုတ်ပါဘူး၊ အလောင်းကောင်ကြီးကို တောထဲမှာတွေ့နေလို့ ကြောက်လန့်ပြီး အော်ပြေးချင်လဲပြေးမည်၊ အခု သာမဏေမှာတော့ အသုဘအလောင်းကောင်ကြီး တွေ့တဲ့အခါမှာ “ဒီ အလောင်းကောင်ဟာဖြင့် တရားအားထုတ်ရတဲ့ ကမ္မဋ္ဌာန်းအာရုံပဲ” ဆိုတာကို သူသိနေတဲ့အတွက် အဲဒီအာရုံကို သူနှလုံးသွင်းပါတယ်၊ အဲဒါဟာ ဥဒ္ဓုမာတက- ဖူးဖူးရောင်နေတဲ့ သူသေကောင်လား၊ ဝိနီလက-ညိုမဲနေတဲ့ သူသေကောင်လား၊ ပုဠုဝက-ပိုးလောက်တွေ စားနေတဲ့ သူသေကောင်လား ဆိုတာကိုတော့ ဒီမှာခွဲခြားပြီး ပြမထားပါဘူး၊ အသုဘ ၁၀-မျိုးထဲက တခုခု ဖြစ်မှာပါပဲ။
အဲဒီ သူသေကောင်က ဖူးဖူးရောင်တဲ့ သူသေကောင်ဆိုလို့ရှိလျှင် “ဖူးဖူးရောင်တဲ့ သူသေကောင်၊ ဖူးဖူးရောင်တဲ့ သူသေကောင်၊ ဖူးဖူးရောင်တဲ့ သူသေကောင်” လို့ မျက်စိနှင့်ကြည့်ပြီး နှလုံးသွင်းနေမှာပါပဲ၊ ဒီလို နှလုံးသွင်းနေစဉ်မှာ ပရိကမ္မနိမိတ်ကနေပြီး ဥဂ္ဂဟနိမိတ် ထင်လာတယ်၊ ဥဂ္ဂနိမိတ်ကနေပြီး ပဋိဘာဂနိမိတ် ထင်လာတယ်၊ ပဋိဘာဂနိမိတ်ကို နှလုံးသွင်းရင်း ပဌမဈာန်ကို ရောက်သွားပါတယ်။ ပဌမဈာန်ရောက်ပြီးတော့ အဲဒီဈာန်က ထတဲ့အခါမှာ ဒီဈာန်ကို ဝိပဿနာရှုရပါတယ်၊ ဒီပြင်လဲ မြင်တာ ကြားတာ တွေ့ထိတာတွေရှိလျှင် အဲဒီ သင်္ခါရတရားတွေကိုလဲ ဝိပဿနာရှုရပါတယ်၊ အဲဒီလို ရှုလိုက်လို့ရှိလျှင် ဒီရှုတဲ့ သင်္ခါရတရားတွေရဲ့ အဖြစ်အပျက်ကို သိပြီးသကာလ ဝိပဿနာဉာဏ် အစဉ်အတိုင်းတက်ပြီးတော့ သေတာပတ္တိမဂ်ဖိုလ် သကဒါဂါမိမဂ်ဖိုလ် အနာဂါမိမဂ်ဖိုလ် အစဉ်အတိုင်း ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီမှာ အဲသလိုပဲ ရောက်သွားပါတယ်လို့ ဆိုလိုပါတယ်။
အဲသလို ရောက်ပြီးတော့လဲ အရတ္တမဂ်ဖိုလ်ရောက်အောင်လို့ ဆက်လက်ပြီးတော့ ဝိပဿနာရှုနေပါတယ်တဲ့၊ ဒါကြောင့် ဒီမှာ ဥပရိမဂ္ဂတ္ထာယ၊ အထက်မဂ်အလို့ငှာ ကမ္မဋ္ဌာနံ ပရိဂ္ဂဟေတွာ၊ ဝိပဿနာကမ္မဋ္ဌာန်းကို သိမ်းဆည်း၍။ အဋ္ဌာသိ၊ တည်နေတယ်လို့ ဆိုထားပါတယ်။ ဒီသာမဏေက အနာဂါမ်ဖြစ်နေပေမယ်လို့လဲ သူက ရပ်တန့်ပြီးတော့ မနေသေးဘူး၊ ရဟန္တာဖြစ်အောင်လို့ ဆက်လက်ပြီး နှလုံးသွင်းနေတုန်းပဲတဲ့၊ အဲဒီအချိန်မှာ သူနှင့်အတူတကွ ရှေ့ဆောင်ပြီးတော့လာတဲ့ ရဟန်းငယ်က သာမဏေကိုမမြင်တော့ သာမဏေ ဘယ်ရောက်သွားပါလိမ့်မတုံး ဆိုပြီးတော့၊ သာမဏေကို သာမဏေရ- သာမဏေလို့ ခပ်လှမ်းလှမ်းကနေပြီး အသံထုတ်၍ ခေါ်လိုက်ပါတယ်။
အဲဒီလို ခေါ်လိုက်တဲ့အခါကျတော့ ဒီသာမဏေက ဘယ်လိုစဉ်းစားသလဲဆိုလျှင် “ငါဟာ ရှင်ပြုတဲ့နေ့က စပြီးတော့ ရဟန်းများရဲ့စကားကို ပယ်လှန်ပြီးတော့ နှစ်ခွန်းဖြစ်အောင် မပြောဖူးဘူး” ဆိုလိုရင်းကတော့ ဟိုကခေါ်လိုက်တဲ့အခါမှာ တပည့်တော်ဘာကိစ္စရှိသေးလို့ မလာနိုင်ဘူးလို့ ငြင်းပယ်လိုက်လျှင် အဲဒါ ဒုတိယစကား ခေါ်ပါတယ်၊ ဆန့်ကျင်ဘက်စကားတစ်ခုကို ပြန်ပြောလို့ရှိလျှင် ငြင်းချက်ထုတ်လိုက်လို့ ရှိလျှင် ဒုတိယစကား ခေါ်ပါတယ်၊ စကားနှစ်ခု ဖြစ်ပြီးတော့ သွားပါတယ်၊ အဲဒီလို ငြင်းပယ်ပြီးတော့ စကားနှစ်ခွန်းဖြစ်အောင် တစ်ခါမျှ မပြောဖူးဘူးတဲ့၊ ဒီတော့ အထက် မဂ်ဖိုလ်ဖြစ်တဲ့ အရဟတ္တမဂ် အရဟတ္တဖိုလ်တော့ နောက် အဆင်သင့်တဲ့အခါကျမှပဲ ဆက်လက်အားထုတ်ပြီးတော့ ဖြစ်စေရမှာပဲလို့ ဒီလို နှလုံးသွင်းပြီးသကာလ ရဟန်းငယ်က ခေါ်ပြီးလို့ မကြာခင်ပဲ သူကပြန်၍ထူးပါတယ်၊ ကိံဘန္တေ ဘာလဲ အရှင်ဘုရားလို့ ဒီလိုထူးပါတယ်တဲ့။
အဲဒီလို ထူးလိုက်တဲ့အခါမှာ ရဟန်းက ဧဟိ- လာခဲ့လို့ ဒီလိုခေါ်လိုက်တော့လဲ ရဟန်းဆီကို တခါတည်း သွားတာပါပဲ၊ “တပည့်တော် ဒီမှာ တရားအားထုတ်နေလို့ သမာဓိကောင်းပြီးတော့နေလို့ ဘုရား၊ ခဏလောက် ဆိုင်းပါဦး” စသည်ဖြင့် ငြင်းမနေပါဘူး၊ ဟိုက “လာခဲ့ဟေ့” ဆိုပေမယ်လို့ တရားအားထုတ်တာထက်တော့ အရေးမကြီးပါဘူး၊ ဒါပေမယ်လို့ ရိုသေလေးစားအပ်တဲ့ပုဂ္ဂိုလ်ကို ရိုသေပြီးတော့ ချက်ခြင်းပဲ သွားပါတယ်၊ ပြီးတော့ ခေါ်တဲ့ပုဂ္ဂိုလ်က ဆရာသမားကြီးလဲ မဟုတ်သေးပါဘူး၊ ရဟန်းငယ်ကလေးမျှ ဖြစ်ပါတယ်၊ ဒါကြောင့် ဒီမှာ ကိုရင်နှင့်ရဟန်းငယ်ကလေးလို့ ဒီလို ဆိုထားပါတယ်။
အဲသလို ရဟန်းငယ်ကလေးပင် ဖြစ်သော်လဲ သူက သာမဏေမျှ ဖြစ်နေလို့ရိုသေရမည့် တာဝန်ဝတ္တရား ရှိနေတဲ့အတွက် လာခဲ့ဘို့ခေါ်လိုက်တဲ့ တခွန်းတည်းသောစကားဖြင့်ပင် သူ ရဟန်းငယ်ထံသို့ လာပါတယ်တဲ့၊ လာပြီးတော့ “အရှင်ဘုရား၊ တပည့်တော်လာခဲ့တဲ့ ဟောဒီလမ်းကလေးက အရှင်ဘုရားလဲ လျှောက်ပြီးတော့ကြည့်စမ်းပါဦး၊ တပည့်တော်ရပ်တဲ့ နေရာကလေး ဟိုနားမှာရှိပါတယ် အဲဒီနေရာ ကလေးကနေပြီး အရှင်ဘုရားဟာ ရှေ့တည့်တည့်အရပ်ကိုမျှော်ပြီးတော့ ကြည့်စမ်းပါဦး” လို့ လျှောက်ထားပါတယ်။
ဒီလို လျှောက်တဲ့အခါမှာ ရဟန်းငယ်ကလဲ သာမဏေပြောတဲ့စကား ဘာဂရုစိုက်ရမလဲလို့ ဒီလို ငြင်းပယ်ခြင်းမပြုဘူး၊ သူဟာ အကျိုးရှိတာပြောတာပဲ နှလုံးသွင်းပြီးတော့ သွားပါတယ်၊ ဒါဟာ ညီညွတ်မှုပါပဲ၊ ညီညွတ်တော့ တဦးပြောတဲ့စကားကို တဦးက ယုံကြည်ရတယ်၊ မညီညွတ်ချင်ပြီဆိုလျှင် တဦးပြောတဲစကားကို တဦးက ကပ်ဖဲ့လုပ်လို့ တော်တော်ကြာတော့ ကွဲပြဲကုန်ကြတာပါပဲ၊ အခု ဒီမှာတော့ သာမဏေကပြောလျှင် “မင်းက ငါ့ကို ဆရာလုပ်ရမလား”လို့ ဒီလို ငြင်းပယ်မနေဘူး၊ သာမဏေ ပြောတဲ့အတိုင်း ရဟန်းကလဲ သွားပါတယ်တဲ့။ သွားပြီးတော့ သူပြောတဲ့နေရာမှာပဲ ရပ်ပြီးကြည့်လိုက်တော့ အခုန သာမဏေလိုပဲ သူလဲ အလောင်းကောင်ကြီးတွေ့တာကိုး၊ တွေ့တော့ ဒီရဟန်းငယ်ကလဲ ရှေးကပင် ဆရာသမားရဲ့ဥပနိဿယကို ရပြီးသားပုဂ္ဂိုလ်ဆိုတော့ အဲဒီအလောင်းကောင်ကြီးကိုပဲ ဥဒ္ဓုမာတက, ဝိနီလက သူ့ရှိတဲ့အတိုင်း နှလုံးသွင်းပြီးတော့ သူလဲပဲ ဈာန်ရောက်ပြီးသကာလ အဲဒီဈာန်က ဝိပဿနာ ရှုလိုက်တဲ့အခါမှာ သောတာပတ္တိမဂ် သောတပတ္တိဖိုလ်၊ သကဒါဂါမိမဂ် သကဒါဂါမိဖိုလ်၊ အနာဂါမိမဂ် အနာဂါမိဖိုလ်၊ အနာဂါမ်အဖြစ်သို့ ရောက်သွားပါတယ်တဲ့။
ဒါကြောင့် တေန ပတ္တဝိသေသမေဝ ပါပုဏိတဲ့။ တေန၊ ထိုသာမဏေသည်။ ပတ္တဝိသေသမေဝ၊ ရောက်အပ်ပြီးသော တရားထူး သို့သာလျှင်။ ပါပုဏိ၊ ရောက်လေ၏။ သာမဏေရောက်ထားတဲ့အတိုင်းပဲ သူလဲ ရောက်သွားတာပါပဲတဲ့။ ယခု ပြောတဲ့အတိုင်း ဒီဝတ္ထုမှာ အသုဘကောင် တခုတည်းကပဲ သာမဏေရော ရဟန်းရော နှစ်ပါးလုံးမှာ အနာဂါမိမဂ်ဖိုလ်တိုင်အောင် အကျိုးများပြီး သွားပါတယ်တဲ့။ ဒါကြောင့် အသုဘရှုတာဟာဖြင့် အကျိုးရှိတဲ့ လုပ်ငန်းပဲတဲ့။
ဝိသဘာဂအာရုံ
ဒီလို အကျိုးရှိတဲ့လုပ်ငန်း ဖြစ်သော်လဲပဲ အသေးစိတ်ဝေဘန်ဘို့ရန် လိုပါသေးတယ်တဲ့၊ ဘယ်လိုလဲဆိုလျှင် ပုရိသဿမာတုဂါမာသုဘံ အသပ္ပါယံ၊ ယောကျာ်းပုဂ္ဂိုလ် ကမ္မဋ္ဌာန်းရှုရာမှာ အသုဘကောင်က မာတုဂါမအလောင်း ဖြစ်နေလို့ရှိလျှင် မလျောက်ပတ် မသင့်တော်ပါဘူးတဲ့။
မာတုဂါမက အသုဘရှုရာမှာ ယောကျာ်း၏အလောင်းကြီးဆိုလို့ရှိလျှင် ဒါလဲမသင့်တော်ပါဘူးတဲ့၊ အကြောင်းကတော့ တဦးချင်းတယောက်ချင်းမှာ ဖို-မ မတူတဲ့ အလောင်းကို ရှုနေလို့ရှိလျှင် ကိလေသာတွေဆိုတာ ဖောက်လွဲဖောက်ပြန် ဖြစ်တတ်ပါတယ်၊ ဒါကြောင့် မတော်ပါဘူးတဲ့။
ဖို-မ သဘာဝတူချင်းသာလျှင် သင့်တော်ပါတယ်တဲ့၊ ဆိုလိုတာကတော့ ယောကျာ်းက ကမ္မဋ္ဌာန်းရှုမယ် ဆိုလို့ရှိလျှင် ယောကျာ်းအလောင်း၊ မာတုဂါမက ကမ္မဋ္ဌာန်းရှုမယ်ဆိုလို့ရှိလျှင် မာတုဂါမအလောင်း၊ ဒီလိုသာလျှင် သပ္ပါယဖြစ်ပါတယ် သင့်တော်ပါတယ်တဲ့။ ဒီလိုသင့်-မသင့်ကို နှလုံးသွင်းဆင်ခြင်ပြီးတော့ သင့်လျော်သည်ကိုသာလျှင် ပြုရမည်တဲ့၊ အဲဒါဟာ သပ္ပါယသမ္ပဇဉ်ပါပဲတဲ့၊ ဒါကို အဋ္ဌကထာဆရာက ပြောသွားပါတယ်။
အချင်းချင်း အပြန်အလှန် ဒီနေရာမှာ သေနေတဲ့အလောင်းကြီးပဲ ဒီလောက်တောင် နှိုက်နှိုက်ချွတ်ချွတ် စဉ်းစားစရာမလိုပါဘူးလို့ တချို့ကလဲ အောက်မေ့ကောင်း အောက်မေ့ပါလိမ့်မယ်၊ အဋ္ဌကထာဆရာကလဲ သူ၏ထင်မြင်ချက်မျှနှင့် ပြောတာမဟုတ်ပါဘူး၊ မြတ်စွာဘုရားဟောတဲ့ ပါဠိတော်တွေ အကိုးအကားနှင့် သူ ဖွင့်သွားတာပါ။
အကိုးအကားကတော့ အင်္ဂုတ္တရနိကာယ် ဧကကနိပါတ် မျက်နှာနံပါတ်(၁)မှာလဲ ရှိပါတယ်။ ပဉ္စကနိပါတ် နံပါတ်(၆၀)မှာလဲ ရှိပါတယ်။
နာဟံ ဘိက္ခဝေ အညံ ဧကရူပမ္ပိ သမနုပဿာမိ-တဲ့။ ငါဘုရားဟာ သဗ္ဗညုတဉာဏ်နှင့် တလောကလုံး လျှောက်ပြီးတော့ ကြည့်လိုက်တယ်၊ ဒီလို အဆင်းမျိုးတော့ မတွေ့ပါဘူးတဲ့၊ ဘယ်လို အဆင်းတုံးဆိုလို့ရှိလျှင် ယံ ဧဝံ ရာဇနီယံ ဧဝံ ကမနီယံ ဧဝံ မဒနီယံ ဧဝံ ဗန္ဓနီယံ ဧဝံ မုစ္ဆနီယံ ဧဝံ အန္တရာယကရံ အနုတ္တရ ယောဂက္ခမဿ အဓိဂမာယ။ ဒီလောက် တပ်စွဲလမ်းဘွယ်ဖြစ်တဲ့ နှစ်သက်ဖွယ်ဖြစ်တဲ့ မူးယစ်ဖွယ်ဖြစ်တဲ့ နှောင်ဖွဲ့ဘွယ်ဖြစ်နေတဲ့ မေ့လျော့ဖွယ် မိန်းမောဘွယ်ဖြစ်နေတဲ့ အဆင်းအာရုံတဲ့၊ အဲဒါမျိုးကို မတွေ့ပါဘူးတဲ့။
ပြီးတော့ လွန်ကဲမြင့်မြတ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကိုရခြင်း၏ အန္တရာယ်ကို ဒီလောက် ပြုတတ်တဲ့ အဆင်းအာရုံမျိုးကို မတွေ့ပါဘူးတဲ့၊ အဲဒါက ဘာအာရုံတုံး ဆိုလို့ရှိလျှင် ယဒိဒံ ဘိက္ခဝေ ဣတ္ထိရူပံ- မာတုဂါမ၏ ရုပ်အဆင်းပါပဲတဲ့၊ ထို့အတူ မာတုဂါမ၏ အသံ, အနံ့, အရသာ, အတွေ့ ဖောဋ္ဌဗ္ဗအာရုံတွေ အကုန်လုံးပဲ ရှိပါတယ်။
ဒါဟာ မာတုဂါမမှာသာ ရှိတာမဟုတ်ပါဘူး၊ ယောကျာ်းမှာလဲ မာတုဂါမတွေ စွဲမက်စရာတွေရှိနေတာ အတူတူပါပဲ၊ ယောကျာ်း၏ အဆင်း, အသံ, အနံ့, အရသာ, အတွေ့ အာရုံငါးပါးကိုလဲ မာတုဂါမများ၏ စွဲမက်စရာအကောင်းဆုံး ဖြစ်ကြောင်း အပြန်အလှန် အတူတူပဲ ဟောထားပါတယ်။
ယောကျာ်းမိန်းမတို့၏ စိတ်ဓာတ်ကို အဲဒီ အမ-အဖို အာရုံတွေလောက် ဆွဲဆောင်နိုင်တာဟာဖြင့် ဘယ်မှာမှ မရှိပါဘူးတဲ့။ ဣတ္ထိ ဘိက္ခဝေ ဂစ္ဆန္တီပိ ပုရိသဿ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ။ ဘိက္ခဝေ၊ ရဟန်းတို့။ ဣတ္ထိ၊ မိန်းမသည်။ ဂစ္ဆန္တီပိ၊ သွားနေစဉ်လည်း။ ပုရိသဿ စိတ္တံ၊ ကြည့်ရှုမိသော ယောကျာ်း၏စိတ်ကို။ ပရိယာဒါယ တိဋ္ဌတိ၊ အြွကင်းမဲ့ယူဆောင်၍ တည်၏။
မာတုဂါမဟာ သွားနေစဉ်မှာလဲ သူ့ကိုကြည့်မိလျှင် အဲဒီကြည့်တဲ့ ယောကျာ်း၏စိတ်ကို သူက အကုန်လုံး ယူပြီးတော့ တည်နေပါတယ်တဲ့၊ အကုန်လုံး ဆွဲဆောင်သွားပါတယ်တဲ့၊ ဆိုလိုရင်းကတော့ အဲဒီယောကျာ်းရဲ့စိတ်ဟာ ကိုယ့်ကိုယ်ထဲမှာ မရှိတော့ဘူး၊
ကိုယ့်ကိုယ်ထဲမှာ နှလုံးမသွင်းနိုင်တော့ဘူး၊ ဟိုကိုချည်း အကုန်လုံး ရောက်နေတယ်၊ မာတုဂါမကိုချည်း အဖန်ဖန် နှလုံးသွင်းနေတော့တယ်လို့ ဒီလိုဆိုလိုပါတယ်၊ ဒါကြောင့် သွားနေတဲ့မာတုဂါမကို ကြည့်မိလျှင် အဲဒီယောကျာ်းရဲ့စိတ်မှာ သွားနေတာက တစ်မျိုးကြည့်ကောင်းတယ်လို့ ထင်ပြီးတော့လဲ စိတ်တွေဟာ အဲဒီအာရုံဆီကို ရောက်နေတတ်ပါတယ်၊ အဲဒါမျိုးကို အာရုံက ဆွဲဆောင်သွားတယ်လို့ ဆိုလိုတာပါပဲ။
သွားနေစဉ်မှာသာ မဟုတ်သေးဘူး၊ ရပ်နေစဉ် စသည်မှာလဲ ထို့အတူပဲ ဆွဲဆောင်တတ်ပါတယ်၊ ဒါကြောင့် ဌိတာပိ၊ ရပ်နေတုန်းကြည့်မိလျှင်လဲ အဲဒီကြည့်တဲ့ ယောကျာ်းရဲ့စိတ်ကို နည်းတူပဲ ဆွဲဆောင်သွား တတ်ပါတယ်တဲ့၊ နိသိန္နာပိ၊ ထိုင်နေတုန်းကြည့်မိလျှင်လဲ စိတ်ကို ဆွဲဆောင်သွားတတ်ပါတယ်တဲ့၊ သယာနာပိ၊ လဲလျောင်းနေတုန်း ကြည့်မိလျှင်လဲ စိတ်ကို ဆွဲဆောင်သွားတတ်ပါတယ်တဲ့၊ ဘဏန္တီပိ၊ စကားပြောသံ ကြားလျှင်လဲ စိတ်ကို ဆွဲဆောင်သွားတတ်ပါတယ်တဲ့၊ ဂါယန္တီပိ၊ သီချင်းဆိုသံ ကြားရလျှင်လဲ စိတ်ကို ဆွဲဆောင်သွားတတ်ပါတယ်တဲ့၊ အဲဒါကတော့ သာပြီးတော့ ဆွဲဘို့တောင် ရှိပါသေးတယ်၊ ရောဒန္တီပိ၊ ငိုနေတဲ့အသံကို ကြားရလျှင်လဲ ဆွဲဆောင်သွား တတ်ပါတယ်တဲ့၊ ဒါကလဲ သနားသလိုလိုနှင့် မခံချိမခံသာဖြစ်ပြီး ဆွဲသွားတတ်ပါတယ်။
ဥဂ္ဃါတိတာပိ၊ အရေခွံတွေခွါထားလို့ သွေးသံရဲရဲဖြစ်နေတဲ့မိန်းမကို သွားကြည့်မိတောင်မှလဲ စိတ်ကို ဆွဲဆောင်သွားတတ်ပါတယ်တဲ့၊ မတာပိ၊ သေပြီး၍ အလောင်းကောင် ဖြစ်နေတောင်မှလဲ၊ ပုရိသဿ စိတ္တံ၊ ကြည့်မိသော ယောကျာ်း၏စိတ်ကို။ ပရိယာဒါယ တိဋ္ဌတိ၊ အကုန်လုံး သိမ်းကျုံးဆွဲဆောင်ပြီး သွားတတ်ပါတယ်တဲ့။
ယံဟိတံ ဘိက္ခဝေ သမ္မာဝဒမာနေ ဝဒေယျ သမန္တပါသော မာရဿာတိ၊
မာတုဂါမံယေဝ သမ္မာ ဝဒမာနော ဝဒေယျ သမန္တပါသော မာရဿာတိ။
ကိလေသမာရ်၏ ထက်ဝန်းကျင် ကျော့ကွင်းကြီးတဲ့၊ ဘယ်ကလာလာ မိနိုင်တဲ့ ကျော့ကွင်းကြီးလို့ ဆိုလိုတယ်၊ အရှေ့ဘက်က လာချင်လာ၊ အနောက်ဘက်ကလာချင်လာ၊ တောင်ဘက်ç မြောက်ဘက်က လာချင်လာ၊ အထက်က ခုန်ဆင်းလာချင်လာ၊ အောက်က ခုန်တက်လာချင်လာ၊ ဘယ်ကလာလာ ဘယ်လိုရှောင်တိမ်းလို့ မလွတ်နိုင်အောင် အမိဖမ်းနိုင်တဲ့ ကျော့ကွင်းကြီးတဲ့၊ အဲဒါကို သမန္တပါသ ထက်ဝန်းကျင် ကျော့ကွင်းကြီးလို့ ခေါ်တယ်။ အဲဒါဟာ တခြားမဟုတ်ဘူး။ ယောကျာ်းများအတွက်ဆိုလျှင် မာတုဂါမ၏ အာရုံငါးပါးပဲတဲ့၊ ဒါကြောင့် ...
ဘိက္ခဝေ၊ ရဟန်းတို့၊ ယံ တံ၊ အကြင်အရာဝတ္ထု တစ်စုံတစ်ခုကို။ သမ္မာ ဝဒမာနော၊ အမှန်အတိုင်း ပြောဆိုခဲ့လျှင်။ သမန္တပါသော မာရဿာတိ၊ မာရ်မင်း သေမင်း၏ ထက်ဝန်းကျင် ကျော့ကွင်းဟူ၍။ ဝဒေယျ၊ ဆိုသင့်ငြားအံ့။ ဧဝံသတိ၊ ဤသို့ဆိုသင့်ခဲ့သော်။ မာတုဂါမံယေဝ၊ မိန်းမကိုသာလျှင်။ သမ္မာဝဒမာနော၊ အမှန်အတိုင်းဆိုပါမူ။ သမန္တပါသော မာရဿာတိ၊ မာရ်မင်း သေမင်း၏ ထက်ဝန်းကျင်ကျော့ကွင်းဟူ၍။ ဝဒေယျ၊ ဆိုသင့်ပေ၏လို့ မြတ်စွာဘုရားက ဟောတော်မူခဲ့ပါတယ်။
မာတုဂါမများဟာ ယောကျာ်းတွေကို အရပ်လေးမျက်နှာ အရပ်ဆယ်မျက်နှာ လာချင်ရာလာခဲ့၊ မလွတ်တမ်း အမိဖမ်းနိုင်တဲ့ ကျော့ကွင်းကြီးတွေပဲလို့ ဆိုလိုပါတယ်၊ ဒါက ယောကျာ်းများအတွက်ဟောတဲ့ ဒေသနာ ဖြစ်ပါတယ်၊ ထို့အတူ မာတုဂါမများမှာလဲ ယောကျာ်းများ၏ အာရုံငါးပါးတွေဟာ ဘယ်ကလာလာ မိန်းများကို မက်မောစေပြီး အမိဖမ်းနိုင်တဲ့ သမန္တပါသ ထက်ဝန်းကျင်ကျော့ကွင်းကြီးတွေပဲ ဆိုတာကို သိနားလည် ထားကြဘို့ပါပဲ။
ဒါကြောင့် ယခုပြောခဲ့တဲ့ အင်္ဂုတ္တရပါဠိ အကိုးသာဓကများကို မှီငြမ်းပြုပြီးတော့ အဋ္ဌကထာဆရာက ဒီမှာ “ယောကျာ်းက အသုဘရှုမယ်ဆိုလျှင် မာတုဂါမ၏ အလောင်းအသုဘဟာ မလျောက်ပတ်ဘူး၊ မာတုဂါမက အသုဘရှုမယ်ဆိုလျှင်လဲ ယောကျာ်း၏အလောင်းအသုဘဟာ မလျောက်ပတ်ဘူး၊ ကိလေသာဖြစ်ချင်လဲ ဖြစ်သွားတတ်တယ်”လို့ ပြဆိုထားခြင်း ဖြစ်ပါတယ်၊ ဒါကလဲ တစ်ဦးတစ်ယောက်တည်း ကြည်ရှည်စွာ ရှုနေတာကိုသာ ရည်ရွယ်ပါတယ်၊ အဖော်ပရိသတ်များနှင့်တကွ ခဏတဖြုတ် ကုသိုလ်ဖြစ်လောက် ရှုရာမှာတော့ ဘယ်လို အသုဘအလောင်းပဲဖြစ်ဖြစ် ရှုနိုင်ပါတယ်။
ဂေါစရ သမ္ပဇဉ်
ယခု သာတ္ထကသမ္ပဇဉ်နှင့် သပ္ပါယသမ္ပဇဉ် ပြီးသွားပါပြီ၊ အဲဒီသမ္ပဇဉ်နှစ်ပါးပြီးတော့ ဂေါစရသမ္ပဇဉ်နှင့် အသမ္မောဟသမ္ပဇဉ် ကျန်ပါသေးတယ်၊ ဂေါစရသမ္ပဇဉ်ဆိုတာ ဘာတုံးဆိုလို့ရှိလျှင် အဋ္ဌတိံသာယ ကမ္မဋ္ဌာနေ သု အတ္တနော ရုစိယံ ကမ္မဋ္ဌာနသင်္ခါတံ ဂေါစရံ ဥဂ္ဂဟေတွာ၊ သုံးဆယ့်ရှစ်ပါးသော ကမ္မဋ္ဌာန်းထဲက မိမိ နှစ်သက်ရာ ကမ္မဋ္ဌာန်းအာရုံတစ်ခုကို ယူရပါမည်တဲ့။
ဘုရားတပည့်တော် ခလေးအရွယ် ငယ်ငယ်ကစပြီးတော့ သင်လာကြတဲ့ အဘိဓမ္မတ္ထသင်္ဂြိုဟ်မှာ ကမ္မဋ္ဌာန်းက လေးဆယ်ရှိနေပါတယ်၊ ဒီအဋ္ဌကထာကြီးတွေမှာတော့ သုံးဆယ့်ရှစ် သုံးဆယ့်ရှစ်ချည်းပဲ လာနေပါတယ်၊ ဒီတော့ ဒီသုံးဆယ့်ရှစ်က ဘယ်ဟာတွေတုံး၊ ဘာတွေက လျော့နေတုံးဆိုတော့ ဓမ္မသင်္ဂဏီစသော ပါဠိတော်မှာ တိုက်ရိုက်ဟောထားတာက သုံးဆယ့်ရှစ်ပါးပဲ ရှိပါတယ်၊ အာလောကနှင့် အာကာသကို ဝိသုဒ္ဓိမဂ်မှာ နောက်မှထည့်ထားတာ ဖြစ်နေပါတယ်။ အဲဒီ အာလောကနှင့် အာကာသ နုတ်လိုက်လျှင် သုံးဆယ့်ရှစ်ပါးပဲ ရှိပါတယ်၊ ဒါကြောင့် ဒီအဋ္ဌကထာကြီးများမှာ အဋ္ဌတိံသချည်းပဲ ပြပြပြီးတော့ သွားပါတယ်။
အဲဒါကြောင့် သုံးဆယ့်ရှစ်ပါး သို့မဟုတ် လေးဆယ်သော ကမ္မဋ္ဌာန်းထဲက ကမ္မဋ္ဌာန်းတခုခုဟာ ယောဂီ၏ ဂေါစရ- ကျက်စားရာ နယ်ပယ်အာရုံပါပဲ၊ ဂေါစရ ဘိက္ခဝေ စရထ၊ သကေ ပေတ္တိကေ ဝိသယေ စသည်ဖြင့် ပါဠိတော်များမှာ ဂေါစရဟာကမ္မဋ္ဌာန်း၏အာရုံပါပဲ၊ အဲဒီမှာတော့ ဝိပဿနာကိုရည်ရွယ်ပြီး ဟောလို့ သတိပဋ္ဌာန် လေးပါးကို ဂေါစရလို့ ဆိုပါတယ်။ ဒီမှာတော့ ကမ္မဋ္ဌာန်းအာရုံကိုပဲ ဆိုလိုပါတယ်။
အဲဒီ ဂေါစရဖြစ်တဲ့ ကမ္မဋ္ဌာန်းအာရုံကို ယူပြီးတော့ မပြတ်နှလုံးသွင်းနေတာဟာ ဂေါစရသမ္ပဇဉ်ပါပဲ။ ဒါပေမယ်လို့ ဒီမှာတော့ အဘိက္ကန္တေ ပဋိက္ကန္တေ - ရှေ့သို့သွားတယ် နောက်သို့ ဆုတ်တယ်ဆိုတော့ အသွားနှင့်အပြန်က ရဟန်းမှာ ဆွမ်းခံသွားတဲ့အခါပြောမှ ထင်ရှားမှာပါ။ ဒီပြင်အခါပြောမည်ဆိုလျှင် ကျောင်းမှာလဲ စင်္ကြံသွားတာ, ဟိုအနား ဒီအနားသွားတာတော့ အနည်းငယ်ရှိပါတယ်၊ ဒါပေမယ်လို့ သိပ်ပြီးမထင်ရှားဘူး၊ အထင်ရှားဆုံးကတော့ ဆွမ်းခံသွားတဲ့အခါကာလမှာ အသွားအပြန်ဟာ အထင်ရှားဆုံးမို့ ဘိက္ခာစာရ ဂေါစရေ တံ ဂဟေတွာဝ ဂမနံ ဂေါစရသမ္ပဇညံ နာမ၊ ဆွမ်းခံရွာတည်းဟူသော ဂေါစရမှာ အဲဒီကမ္မဋ္ဌာန်းကိုယူပြီးတော့ ကမ္မဋ္ဌာန်းမလွတ်ပဲနှင့် သွားနေလို့ရှိလျှင် ဒါဟာ ဂေါစရသမ္ပဇဉ် ပါပဲလို့ ဆိုထားပါတယ်။
အဲဒီလို ဆိုထားတဲ့နေရာမှာ အမှတ်တမဲ့ဆိုလို့ရှိလျှင် ဒီအဆိုကလေးမှာ ယောင်သွားတတ်ပါတယ်၊ ဆွမ်းခံရာမှာသာလျှင် ဂေါစရသမ္ပဇဉ်ရယ်လို့ အောက်မေ့သွားတတ်ပါတယ်၊ ဒီလို မဟုတ်ပါဘူး၊ ဒီသမ္ပဇဉ်ပိုင်းမှာ သမိဉ္ဇိတေ ပသာရိတေ ကွေးတယ်ဆန့်တယ်ဆိုတာဟာ ကျောင်းမှာလဲ လက်ခြေ ကွေးတာဆန့်တာ ရှိတာပါပဲ၊ ဆွမ်းခံသွားရာမှာလဲ ကွေးတာဆန့်တာ ရှိတာပါပဲ၊ ဒီတော့ ကျောင်းမှာ ကွေးတာ ဆန့်တာကို ရှုလို့ရှိလျှင်လဲ အဲဒါဟာ ဂေါစရသမ္ပဇဉ်ပါပဲ။
ပြီးတော့ အာလောကိတေ ဝိလောကိတေ တည့်တည့်ကြည့်တာ တစောင်းကြည့် တာတွေလဲ နေရာတကာမှာ ရှိတာပါပဲ၊ အထူးအားဖြင့်ဆိုလို့ရှိလျှင် ဥစ္စာရပဿာဝ ကမ္မေဆိုတဲ့ ဥစ္စာကတော့ ကျင်ကြီးကျင်ငယ် စွန့်တယ်ဆိုတာ ဆွမ်းခံတုန်း ကျင်ကြီးကျင်ငယ် စွန့်ရတာ အလွန်ပဲရှားပါလိမ့်မည်၊ အဲဒီတော့ ဂေါစရသမ္ပဇဉ်က ဆွမ်းခံတုန်းမှာသာ ရတယ်ဆိုလျှင် ဒီအပိုဒ်ဟာ ခပ်ပိုပိုဖြစ်နေပါလိမ့်မည်။
ပြီးတော့ သူ့ထက် အရေးကြီးတာတစ်ခု ရှိပါသေးတယ်၊ ဂတေ ဌိတေ နိသိန္နေ သုတ္တေ ဇာဂရိတေ ဆိုရာ၌ သုတ္တေလို့ အိပ်ပျော်တာလဲ ပါပါသေးတယ်၊ ဆွမ်းခံသွားရင်းတော့ အိပ်ပျော်တာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဂေါစရသမ္ပဇဉ်ဆိုတာ လိုရင်းကတော့ ကမ္မဋ္ဌာန်းတည်းဟူသော အာရုံကို မပြတ်တမ်းနှလုံးသွင်းပြီးတော့ သိနေတဲ့ဉာဏ်ကို ဂေါစရသမ္ပဇဉ်လို့ ဆိုလိုပါတယ်။
ပုဂ္ဂိုလ်လေးမျိုး
ဒါကြောင့် အဲဒီဂေါစရသမ္ပဇဉ်ကို ဣဓေကစ္စော ဘိက္ခုဟရတိ နပစ္စာဟရတိ စသည်ဖြင့် ပုဂ္ဂိုလ်လေးမျိုးနှင့် ခွဲခြမ်းပြီး ပြသွားပါတယ်။
(၁) အသွားပါ၍ အပြန်မပါတဲ့ပုဂ္ဂိုလ်
ထိုလေးပါးထဲမှာ ပဌမအသွားကမ္မဋ္ဌာန်းပါပြီး အပြန်ကမ္မဋ္ဌာန်းမပါတာ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲဆိုလျှင်- ယော ဘိက္ခု ဒိဝသံ စင်္ကမေန နိသဇ္ဇာယ စ အာဝရဏီယေဟိ ဓမ္မေဟိ စိတ္တိံ ပရိသောဓေတွာ။ တပါးသောရဟန်းသည် နေ့အခါကာလမှာ တနေ့လုံး ရံခါစင်္ကြံသွားလိုက် ရံခါထိုင်လိုက်နှင့် စင်္ကြံသွားခြင်း ထိုင်ခြင်းဖြင့် အားထုတ်နေပါတယ်တဲ့၊ ဒီလိုဆိုတော့ရပ်တာ မပါဘဲနှင့် ဖြစ်နေပါတယ်၊ သို့သော်လဲပဲ စင်္ကြံသွားပြီးလျှင်ဖြင့် ထိုင်ခါနီးမှာ ရပ်ရဦးမှာပါပဲ၊ ထိုင်ရာက စင်္ကြံသွားတော့မယ်ဆိုလျှင်လဲ ထမိတဲ့အခါ ရပ်ရဦးမှာပါပဲ၊ အဲဒါ ပါဝင်ပြီးတော့ နေပါတယ်၊ ဒီမှာတော့ အကျဉ်းချုံးပြီးတော့ သွားတာနှင့် ထိုင်တာ နှစ်ခုတည်းကိုသာ ပြထားပါတယ်၊ ဒီတော့ အပြည့်အစုံဆိုလျှင် သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း ဒီသုံးခုပါပဲ၊ လှဲအိပ်တာတော့ မပါဘူး။
သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ ဣရိယာပုထ်များဖြင့် အာဝရဏီယဓမ္မ နီဝရဏ တရားတွေမှ စိတ်ကို စင်ကြယ်အောင် လုပ်နေပါတယ်တဲ့၊ နီဝရဏတရားတွေထဲမှ ကာမစ္ဆန္ဒ - စိတ်ကူးတွေ မဖြစ်ရအောင်၊ ဗျာပါဒ- စိတ်ညစ်စိတ်ဆိုးတွေ မဖြစ်ရအောင်၊ ထိနမိဒ္ဓ - စိတ်ထိုင်းမှိုင်း ပျင်းရိတာတွေ မဖြစ်ရအောင်၊ ဥဒ္ဓစ္စ ကုက္ကုစ္စ- စိတ်ပျံ့လွင့်တာတွေ စိတ်ပူပန်တာတွေ မဖြစ်ရအောင်၊ ဝိစိကိစ္ဆာ- ဘုရား တရား သံဃာနှင့်စပ်ပြီး ယုံမှားတွေးတောတဲ့ စဉ်းစားဝေဘန်မှု ဝိစိကိစ္ဆာတွေ မဖြစ်ရအောင်၊ မပြတ်တမ်း ကမ္မဋ္ဌာန်းကို နှလုံးသွင်းနေပါတယ်တဲ့၊ ဒီလို နှလုံးသွင်းပြီးနေတော့ စိတ်ဟာ တစိတ်ပြီး တစိတ်, တစိတ်ပြီးတစိတ် ရှုတဲ့ဘာဝနာစိတ်ချည်း မပြတ်ဖြစ်ပြီး စင်ကြယ်နေပါတယ်၊ ဒီလိုစင်ကြယ်အောင်လို့ အားထုတ်နေပါ တယ်တဲ့၊ ဒါက တနေ့အားထုတ်ပုံဖြစ်ပါတယ်။
ပြီးတော့ တထာ ရတ္တိယာ ပဌမေ ယာမေ၊ ညဦးယာမ်မှာလည်း ဒီအတိုင်းပဲတဲ့၊ သန်းခေါင်ယာမ်ကျတော့ ကျန်းမာအောင် မျှတအောင် အိပ်ရဦးမှာဖြစ်တဲ့အတွက် သန်းခေါင်ယာမ်တော့ ၄-နာရီခန့်လောက် သေယျံ ကပ္ပေတွာ လှဲအိပ်ပါတဲ့၊ ဒီလိုအိပ်ပြီးတော့ နံနက်စောစော ပစ္ဆိမယာမ်မှာလဲ အိပ်ရာကထပြီးတော့ စင်္ကြံသွားခြင်း၊ ထိုင်ခြင်း ဣရိယာပုထ်များဖြင့် ရှေးကအတိုင်းပဲ အချိန်ကုန်စေရမယ်တဲ့၊ အဲဒါဟာ ကျောင်းမှာနေစဉ် ဂေါစရသမ္ပဇဉ် မပြတ်ဖြစ်နေပုံကိုပြတဲ့ စကား ဖြစ်ပါတယ်ဘုရား။ ပြီးတော့ အဲဒီကနောက် မနက်စောစောကျတော့ ဆွမ်းခံသွားရမည့် ကိစ္စရှိပါတယ်။ အဲဒီ ဆွမ်းခံမသွားမီ ပဂေဝ- ရှေးဦးကပင်လျှင်လို့ ဆိုပြီးတော့ ပြုသင့်ပြုထိုက်တဲ့ ကိစ္စတွေကို ပြပြန်ပါတယ်၊ စေတိယင်္ဂဏ ဗောဓိယင်္ဂဏ ဝတ္တံကတွာလို့ ဆိုပါတယ်၊ စေတီရင်ပြင်မှာ ပြုသင့်တဲ့ဝတ်ç ဗောဓိရင်ပြင်မှာ ပြုသင့်တဲ့ဝတ် အဲဒါများလည်း ပြုရမယ်တဲ့။
စေတီနှင့် ဗောဓိပင်
အဲဒါကလေးဟာ သတိပြုစရာလေးတစ်ခုပါဘုရား၊ ဒီ စေတီရင်ပြင် ဗောဓိရင်ပြင်ဆိုတာ စေတီက ဘယ်အခါကာလကစပြီးတော့ တည်လာသလဲ၊ ဗောဓိပင်က ဘယ်အခါကာလကစပြီးတော့ ကျောင်းတွေမှာ စိုက်ပျိုးလာသလဲ၊ အဲဒါ စဉ်းစားစရာ ကောင်းပါတယ်။
မြတ်စွာဘုရားလက်ထက်တုန်းက ဆိုလို့ရှိလျှင် ဘုရားကလည်း သက်တော်ထင်ရှားရှိပြီးနေတော့ ကျောင်းတိုက်တွေမှာ စေတီတည်ထားခြင်း မရှိသေးပါဘူး၊ ရဟန္တာပုဂ္ဂိုလ်တွေ ပရိနိဗ္ဗာန်စံသွားလို့ စေတီတည်တယ်ဆိုစေကာမူ ထိုစဉ်အခါကာလက မြတ်စွာဘုရားက သက်တော်ထင်ရှားရှိနေတော့ ဘုရားကိုပဲ အလေးအမြတ်ပြုပြီး နေကြပါတယ်၊ စေတီတွေကတော့ လူများပူဇော်ဘို့ ဒီလောက်ပဲ ဖြစ်နေပါတယ်၊ အဲဒီတော့ မြတ်စွာဘုရားလက်ထက်ကဆိုလျှင် တောကျောင်း, တောင်ကျောင်း, ကမ္မဋ္ဌာန်းကျောင်းတွေမှာ စေတီမရှိတာက များပါလိမ့်မယ်။
ပြီးတော့ကာ ဗောဓိရင်ပြင်ဆိုတဲ့နေရာမှာလည်း ဗောဓိပင်ဆိုတာ ဘုရားလက်ထက်က ဘယ်မှာစိုက်ပျိုး သလဲဆိုတာ ကျမ်းဂန်အရ စဉ်းစားကြည့်လို့ရှိလျှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ အရှင်အာနန္ဒာ စိုက်တဲ့ အာနန္ဒာဗောဓိ ဆိုတာကိုသာ တွေ့ရပါတယ်၊ ဒါကြောင့် ထိုစဉ်ကာလက ဗုဒ္ဓဂယာက မူလရင်း မဟာဗောဓိပင် တခုနှင့် အာနန္ဒာဗောဓိပင်တခု ဒီနှစ်ခုပဲ ရှိပါတယ်၊ ဘုရားလက်ထက်ကဆိုလျှင် ဒါပဲ ရှိပါတယ်။
ဘုရား ပရိနိဗ္ဗာန်စံပြီးတဲ့နောက် တတိယသံဂါယနာပြီးတဲ့အခါ အရှင်မဟိန္ဒတို့ သီဟိုဠ်မှာ တဝါရတဲ့ အခါကျတော့မှ သာသနာသက္ကရာဇ် ၂၃၇ ခုနှစ်မှာ သံဃမိတ္တာ ဗောဓိဆိုတဲ့ ဗောဓိပင်ကို သီဟိုဠ်မှာစပြီးတော့ စိုက်ပါတယ်။ အဲဒီကနောက်မှ ဗောဓိပင်တွေ အများအပြား ဖြစ်ပေါ်ပြီးတော့ လာပါတယ်။ ယခု ဒီမှာပြထားတဲ့ စေတိယင်္ဂဏဝတ်, ဗောဓိယင်္ဂဏဝတ် ဆိုတာတွေဟာ အဲဒီက နောက်ခေတ်များမှာ ပြုလေ့ ပြုထရှိတဲ့ ကျင့်ဝတ်တွေဖြစ်တယ်ဆိုတာ ထင်ရှားနေပါတယ်။
ပြီးတော့ ကျောင်းဝင်းထဲမှာ စေတီရှိလျှင် အဲဒီစေတီမှာ စေတိယင်္ဂဏဝတ်ကို ပြုရပါမယ်။ ကျောင်းပေါ်မှာ ရှိလျှင်လဲ ကျောင်းပေါ်မှာပဲ ပြုရပါမယ်၊ ဗောဓိပင်ရှိလျှင်လဲ အဲဒီဗောဓိယင်္ဂဏဝတ်ကို ပြုရပါမယ်၊ ဒီလို ဆိုလိုပါတယ်၊ စေတီတော် ဗောဓိပင်များ မရှိတဲ့ကျောင်းမှာတော့ ဒီလိုဝတ်ပြုဘို့ လိုမှာ မဟုတ်ပါဘူး။ ပြီးတော့ ဗောဓိပင်မှာ ရေလောင်းခြင်းကိုလဲ ပြုရမယ်တဲ့၊ သောက်ရေ သုံးဆောင်ရေ တည်ထားခြင်းကိုလဲ ပြုရမယ်၊ ဆရာဥပဇ္ဈာယ်နှင့် အတူတူနေလို့ရှိလျှင် ဆရာဥပဇ္ဈာယ်ဝတ်များလည်း အကုန်လုံးပြုရမယ်တဲ့၊ ပြီးတော့ ကိုယ်လက်သုတ်သင်ခြင်း အမှုများလဲ ပြုပြီးတဲ့အခါမှာ ကျောင်းခန်းထဲဝင်ပြီးတော့ ဒွေ တယော ပလ္လင်္ကေ၊ နှစ်ထိုင် သုံးထိုင်၊ ဥသုမံ ဂါဟာပေန္တော- ကိုယ်ငွေ့ရအောင် ထိုင်ရမယ်တဲ့၊ တခါထိုင်ပြီးတော့ တရားနှလုံးသွင်းလိုက်၊ ညောင်းလာပူလာလို့ ခြေထောက်တွေကျင်လာလို့ တခါပြင်ပြီးတော့ ထိုင်လိုက်ရတယ်၊ နောက်တခါလဲ ညောင်းလာပူလာလို့ တခါပြင်ပြီးတော့ ထိုင်လိုက်ရပြန်တယ်၊ အဲဒီလို နှစ်ကြိမ်သုံးကြိမ် ပြင်ပြီးတော့ထိုင်တဲ့ အထိုင်မျိုးကို ဒွေ တယော ပလ္လင်္ကေလို့ ဆိုပါတယ်၊ အဲသလောက်ကြာအောင် နှလုံးသွင်းရမယ်၊ တရားအားထုတ်ရမယ်တဲ့၊ ဒီလို အားမထုတ်ဘဲနဲ့ ဆွမ်းခံသွားဘို့ရာတွေကို အမှတ်တမဲ့ လျှောက်ပြီး မလုပ်ရသေးဘူးတဲ့။
အဲဒီလို ၂-ထိုင် ၃-ထိုင် အားထုတ်ပြီးတော့မှ ဆွမ်းခံချိန်ကျလို့ရှိလျှင် ကမ္မဋ္ဌာနသီသေန- ကမ္မဋ္ဌာန်းကို ခေါင်းတပ်သဖြင့်, ကမ္မဋ္ဌာန်းကို ခေါင်းပြုသဖြင့်, ကမ္မဋ္ဌာန်းကိုပဲ ဦးခေါင်းပြုပြီးတော့, အလေးအမြတ် ပြုပြီးတော့ သပိတ်သင်္ကန်း ယူတဲ့အခါမှာလဲ ကမ္မဋ္ဌာန်းလွှတ်ပြီးတော့ ကမ္မဋ္ဌာန်းလက်လွှတ်မယူရဘူးတဲ့၊ သပိတ်တွေ သင်္ကန်းတွေနှင့် ထိတာတွေ မြင်တာတွေ လက်လှမ်းတာတွေ အဲဒီလို အပြုအမူဟူသမျှမှာလဲ ကမ္မဋ္ဌာန်းကို နှလုံးသွင်းပါတဲ့။
ဒီတော့ သမထကမ္မဋ္ဌာန်းထဲက အာနာပါန အားထုတ်နေတဲ့ ပုဂ္ဂိုလ်ဆိုလျှင် အာနာပါနကို နှလုံးသွင်းနေရ မှာပါပဲ၊ ပထဝီကသိုဏ်းကို အားထုတ်နေတဲ့ပုဂ္ဂိုလ်ဆိုလျှင်လဲ ပထဝီကသိုဏ်းကို နှလုံးသွင်းနေရမှာပါပဲ၊ ဗုဒ္ဓါနုဿတိကို အားထုတ်နှလုံးသွင်းနေတဲ့ ပုဂ္ဂိုလ်ဆိုလျှင်လဲ ဘုရားဂုဏ်တွေကို နှလုံးသွင်းနေရမှာပါပဲ၊ ဝိပဿနာကမ္မဋ္ဌာန်း နှလုံးသွင်းနေတဲ့ ပုဂ္ဂိုလ်ဆိုလျှင်တော့ အဲဒီအခိုက်အတန့်မှာ ဒွါရခြောက်ပါးက ဖြစ်ပေါ် နေတဲ့ ရုပ်နာမ်တွေကို ရှုပြီးသွားဘို့ပါပဲ။
ကမ္မဋ္ဌာန်းကို အဦးမူ၍ အဲဒီမှာ ကမ္မဋ္ဌာန်းကို အဦးမူပြီး ဦးခေါင်းပြုပြီး နေရမယ်ဆိုတာ ဘယ်လိုဟာတုံးလို့ ဆိုလို့ရှိလျှင် ပါဠိတော်များမှာ တိုက်ရိုက်လာတာကတော့ ယနေ့ပဲ မွေးပြီးစဖြစ်တဲ့ သားငယ်ကလေးနှင့် နွားမကြီးဟာ အစာစားချိန်ကျတော့ အစာကိုလဲ စားရပါတယ်၊ စားပေမယ်လို့ သူ့သားငယ်ကလေးကို စိတ်မချတဲ့အတွက် သားငယ်ကလေးကိုလဲ တစေ့တစောင်း ကြည့်ရပါတယ်တဲ့၊ ယောဂီရဟန်းမှာလဲ ကမ္မဋ္ဌာန်းကို လက်မလွှတ်ဘဲနှင့် အဲသလိုဖြစ်ရပါမယ်တဲ့၊ လုပ်စရာကိုင်စရာတွေ ရှိတာလဲလုပ်၊ ကမ္မဋ္ဌာန်းလဲ မလွှတ်နှင့် နှလုံးသွင်းရမယ်တဲ့၊ ဒီဥပမာမှာ နွားမကြီးရဲ့နှလုံးသွင်းပုံကတော့ နွားမကြီးရဲ့ သန္တာန်မှာပဲ ရှိပါတယ်၊ ရဟန်းသန္တာန်မှာ မဟုတ်ပါဘူး၊ ဒါကြောင့် ကိုယ့်အတွေ့နှင့် စဉ်းစားဘို့ရန် သိပ်မပေါ်လှသေး ပါဘူး၊ ဒါကြောင့် ယခု အများအားဖြင့် တွေ့နေကျဖြစ်တဲ့ ဥပမာကလေးတစ်ခုကို ပြပါဦးမယ်။
မိမိတို့ ကြိုက်နှစ်သက်တဲ့ အာရုံကလေးတစ်ခု လုပ်ငန်းကလေးတစ်ခုကို စဉ်းစားနေတဲ့အခါ ရှိပါတယ်၊ ရဟန်းတော်များမှာ ဆိုလို့ရှိလျှင် စာပေကို လေ့လာနေတဲ့ ပုဂ္ဂိုလ်တွေက ပုဒ်တစ်ခုခုမှာ အခက်အခဲတွေ့ပြီး စဉ်းစားနေတတ်ကြပါတယ်၊ အဲဒီပုဒ်ရဲ့ ပုဒ်ပြီးပုံ အနက်အဓိပ္ပါယ် အဆုံးအဖြတ်တွေကို စဉ်းစားပြီး နေတတ်ပါတယ်၊ ပြီးတော့ အထူးအရေးကြီးတဲ့စာကို ရေးသားလို့ရှိလျှင်လဲ ရေးဘို့ရာ အစီအစဉ်တွေကို စဉ်းစားပြီး နေတတ်ပါတယ်။
အဲသလို စဉ်းစားနေတုန်း ဧည့်သည်အာဂန္တုက ရောက်လာတယ်ဆိုလို့ရှိလျှင် မလွှဲမကင်းသာလို့ စကားလဲပြောရပါတယ်၊ ပြောပေမယ်လို့ စကားပြောရတာထဲမှာ စိတ်မဝင်စားပါဘူး၊ ကိုယ်စဉ်းစားထား တာတွေ မပျောက်အောင်လို့ တဖက်က စဉ်းစားမြဲပင် စဉ်းစားလျက်ပဲ ရှိပါတယ်၊ အဲဒါမျိုးဟာ ကမ္မဋ္ဌာနသီသေနနှင့် အတူတူပါပဲ၊ ဒီဥပမာမှာ မိမိစဉ်းစားချက်ကလေး ပျောက်မသွားအောင်လို့ နှလုံးသွင်းနေသလိုပဲ ယောဂီရဟန်းမှာလဲ ကမ္မဋ္ဌာန်းအာရုံကလေးကို နှလုံးသွင်းရင်းနှင့်ပဲ သပိတ်သင်္ကန်း စသည်တို့ကို ကိုင်တွယ်ပြုပြင်ရမယ်ဆို့ ဆိုလိုပါတယ်၊ ဒါကြောင့် ကမ္မဋ္ဌာန်းကို အဦးမူပြီး ကမ္မဋ္ဌာန်း မလွတ်ဘဲနှင့် သပိတ်သင်္ကန်းများလည်းယူပြီးတော့ ကမ္မဋ္ဌာန်းကို နှလုံးသွင်းရင်းပဲ သွားရမယ်တဲ့၊ သွားတဲ့အခါမှာလဲ စေတီရင်ပြင်က ဖြတ်ပြီးတော့ သွားလို့ရှိလျှင် အဲဒီစေတီတော် ရောက်တဲ့အခါ ကာလကျတော့ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းများ နှလုံးသွင်းရမဲ့ အကြောင်းကို ပြဆိုသွားပါတယ်။
စေတီက ပြန်လာတဲ့အခါကာလကျတော့ နှလုံးသွင်းမြဲဖြစ်တဲ့ ကမ္မဋ္ဌာန်းကို နှလုံးသွင်းပြီးတော့ ပြန်လာရမယ်လို့ ပြောပါတယ်၊ အဲဒီက နောက်ရွာဝင်တော့မယ်ဆိုလျှင် သင်္ကန်းများရုံပြီးတော့ ဝင်ရပါတယ်၊ အဲဒီမှာလဲ ကမ္မဋ္ဌာနသီသေနလို့ ဆိုထားပြန်ပါတယ်၊ သင်္ကန်းရုံတဲ့အခါမှာလဲ ကမ္မဋ္ဌာန်းကို အဦးမူပြီးတော့ သင်္ကန်းရုံရမယ်၊ ကမ္မဋ္ဌာန်းမလွတ်စေနှင့်လို့ ဆိုပါတယ်။ အဲဒီကနောက် ရွာထဲဝင်သွားတဲ့အခါကျတော့ ဘုန်းကြီးတဲ့ ရဟန်းတော်များ ဆိုလို့ရှိလျှင် ဒကာဒကာမတွေက ယာဂုဆွမ်းတို့ အသင့်ကပ်ကြပါမယ်၊ အဲဒီမှာ တရားဟောစရာရှိရင်လဲ တရားဟောရဦးမယ်လို့ ဆိုပါတယ်၊ တရားဆိုတာ ဟောတဲ့အခါမှာလဲ ကမ္မဋ္ဌာန်းနှင့်မလွတ်စေဘဲ ဟောရမယ်လို့ ဆိုပါတယ်၊ ဆွမ်းဘောဇဉ်တွေ ပြည့်စုံလို့ ပြန်လာတဲ့အခါကာလ ကျတော့ ရဟန်းငယ်တွေ သာမဏေတွေက လမ်းက ခရီးဦးကြိုပြီး အကျိုးအကြောင်းတွေကို မေးကြပါတယ် တဲ့။
အဲဒီမှာလဲ ပေါရာဏကာဘိက္ခူ ကိရလို့ မှတ်ဖွယ်ကလေးတခုကို ပြပြန်ပါတယ်၊ အဲဒါဟာ အဋ္ဌကထာ ဆရာများထက် ရှေးကျတဲ့ခေတ်ကို ရည်ရွယ်ပြီးတော့ ရေးဟန်တူပါတယ်၊ အဲဒီရှေးခေတ်တုန်းက ရဟန်းတော်များဟာ မိမိ၏ဆရာဥပဇ္ဈာယ်ရယ်လို့ မရွေးချယ်ကြဘဲ ရောက်လာတဲ့အစဉ်အတိုင်းပဲ မထေရ်ကြီးများခရီးဦးကြိုပြီး ဝတ်ပြုလေ့ရှိကြပါသတဲ့။
ဒါကြောင့် အဲသလိုရှင်ငယ်ရဟန်းငယ်ကလေးတွေက ဝတ်ပြုပြီးတော့ “အရှင်ဘုရား ဒီဒကာဒကာမတွေနှင့် ဘယ်လိုတော်လို့တုံးလို့ သိပ်ဂရုစိုက်ကြပါလား၊ သိပ်ကြည်ညိုကြပါလား” စသည်ဖြင့်မေးကြတော့ အဲဒီရဟန်းမှာ ကမ္မဋ္ဌာန်းကို နှလုံးမသွင်း နိုင်တော့ဘဲ အဲဒီ ဒကာဒကာမတွေရဲ့ ဂုဏ်ကို ချီးကျူးပြောပြရင်း ပြန်လာပါတယ်တဲ့။
အဲဒီ ရဟန်းဟာ အသွားတုန်းကတော့ ဒကာဒကာမတွေရဲ့ အိမ်ရောက်အောင် ကမ္မဋ္ဌာန်းမလွတ်ခဲ့ဘူး၊ ပြန်လာတဲ့အခါကျတော့ ကမ္မဋ္ဌာန်းမပါဘူးတဲ့၊ အဲဒါမျိုးကို ဟရတိ နပစ္စဟရတိ- အသွားသာ ကမ္မဋ္ဌာန်းပါ၍ အပြန်ကမ္မဋ္ဌာန်းမပါသော ရဟန်းလို့ မှတ်ရမယ်တဲ့၊ အဲဒါကို အဋ္ဌကထာ ပြသွားပါတယ်ဘုရား။
အဲဒီနောက် အသွားကမ္မဋ္ဌာန်းမပါဘဲနှင့် အပြန်ကျမှ ကမ္မဋ္ဌာန်းပါတဲ့ ရဟန်း စသည်တို့ရဲ့ ကျင့်ပုံတွေကို ကြည်ညိုစရာတွေ အများကြီးရှိပါသေးတယ်၊ အဲဒါတွေကိုတော့ နောက်ရက်များမှ ဆက်ပြီးတော့ လျှောက်ထားပါတော့မယ်ဘုရား။
(၂) အပြန်ကျမှ ကမ္မဋ္ဌာန်းပါတဲ့ ပုဂ္ဂိုလ်
ယနေ့ ဂတပစ္စာဂတဝဂ် ဆိုင်ရာအကျင့်ကိုကျင့်တဲ့ပုဂ္ဂိုလ်ထဲက ဟရတိနပစ္စာ ဟရတိ ဆိုတဲ့ပုဂ္ဂိုလ်အကြောင်း တော့ ပြောခဲ့ပြီးပါပြီ၊ ယနေ့ ပြောရမှာကတော့ ပစ္စာဟရတိ နဟရတိ ဆိုတဲ့ အသွားမှာကမ္မဋ္ဌာန်းမပါဘဲနှင့် အပြန်ကျမှ ကမ္မဋ္ဌာန်း ပါလာတယ်ဆိုတဲ့ ပုဂ္ဂိုလ်အကြောင်းကို ပြောဘို့ရန် အလှည့်ကျနေပါတယ်။
အဲဒီ ပုဂ္ဂိုလ်ဟာလဲ ပဌမပုဂ္ဂိုလ်လိုပဲ ကျောင်းမှာတော့ အရာရာတိုင်းမှာ နေ့ရော ညဉ့်ရော သမ္ပဇညတရား မကင်းဘဲနှင့် ဂေါစရသမ္ပဇညနှင့် ပြုလုပ်ဆောင်ရွက်ပြီး နေခဲ့ပါတယ်၊ ဒါကြောင့် နံနက်မှာလဲ စောစောထပြီးတော့ ပြုသင့်ပြုထိုက်တဲ့ကိစ္စတွေကို ဂေါစရသမ္ပဇဉ်မကင်းဘဲ ကမ္မဋ္ဌာန်းမလွတ်ဘဲနှင့် ပြုလုပ်ဆောင်ရွက်ပြီး နေခဲ့ပါတယ်။
အဲသလို ပြုလုပ်ဆောင်ရွက်နေရင်း ဆွမ်းခံချိန်ကျတဲ့အခါမှာ ဝမ်းတွင်းက အာဟာရ မရှိတဲ့အတွက်ကြောင့် ပါစကဓာတ်မီးက အာဟာရချက်စရာ မရှိတော့ ဥပါဒိန္နကခေါ်တဲ့ ကိုယ်တွင်းရုပ်တွေကို ပူလောင်ပြီးတော့ လာပါတယ်တဲ့၊ အဲဒီ ကိုယ်တွင်းရုပ်တွေ ပူလောင်တော့ ဝမ်းတွင်းက ပူလောင်လွန်းအားကြီးတဲ့ အခါကာလ မှာ ကိုယ်မှ ချွေးများတောင်မှ ထွက်ပြီးလာနိုင်ပါတယ်တဲ့၊ အဲသလို ပူလောင်ပြီး ကိုယ်ထဲမှာ မချမ်းမသာ ဖြစ်နေတော့ စိတ်လဲမတည်ငြိမ်ဘဲ ဖြစ်နေပါတယ်၊ ဒါကြောင့် ကမ္မဋ္ဌာန်းနှလုံးသွင်းပေမယ်လို့ ကမ္မဋ္ဌာန်းအစဉ်အတိုင်း ချောချောမောမော မသွားဘဲ ဖြစ်နေပါတယ်၊ ဒါကြောင့် သူဟာ ကမ္မဋ္ဌာန်းကို စေ့စေ့စပ်စပ် အချိုးတကျ နှလုံးမသွင်း နိုင်တော့ဘဲနှင့် ပြုသင့်ပြုထိုက်တဲ့ဝတ်များ ပြုပြီးတော့ မြန်မြန်သုတ်သုတ်ပဲ ဆွမ်းခံကြွရပါတယ်တဲ့။
ဆွမ်းခံကြွလို့ ဆွမ်းခံရွာရောက်တဲ့ အခါကာလကျတော့ ယာဂုများရ၊ အဲဒီယာဂုကို ဘုဉ်းပေးတဲ့အခါ ကာလမှာ နှစ်ကြိမ်သုံးကြိမ်လောက် ဘုဉ်းပေးလိုက်လျှင်ပဲ ဝမ်းထဲမှာ အစာကရောက်သွားတော့ ကမ္မဇဓာတ်မီးဟာ ဥပါဒိန္နကကိုယ်ရုပ်ကို လွှတ်ပြီးသကာလ အစာကိုပူလောင်ပြီး ချက်သွားပါတယ်၊ အဲဒီအခါမှာ ကိုယ်ထဲက နေသာထိုင်သာရှိသွားလို့ ကိုယ်ချမ်းသာတော့ စိတ်ချမ်းသာ ဖြစ်ပါတယ်။ စိတ်ချမ်းသာတဲ့အခါမှာ သုခံ သမာဓိယတိ ဆိုတဲ့အတိုင်း သမာဓိများလဲ ဖြစ်ပြီးလာပါတယ်။
သမာဓိဖြစ်တဲ့ အခါကာလကျတော့ ကမ္မဋ္ဌာန်းကိုနှလုံးသွင်းရင်း ယာဂုလဲ ဆက်လက်ပြီး ဘုဉ်းပေးသွားတယ်၊ ယာဂုဘုဉ်းပေးပြီးတဲ့အခါမှာလဲ ကမ္မဋ္ဌာန်းကို မပြတ် နှလုံးသွင်းပြီးတော့ နေတယ်၊ နောက်ဆွမ်းခံချိန်ကျတဲ့ အခါကာလကျတော့လဲ ကမ္မဋ္ဌာန်းကို အဦးမူပြီးတော့ ဆွမ်းခံလြွဲက၊ ဆွမ်းများလဲဘုဉ်းပေးတယ်၊ ဆွမ်းဘုဉ်းပေးပြီးလို့ ပြန်လာတဲ့အခါကာလမှာလဲ ကမ္မဋ္ဌာန်းကိုယူပြီးတော့ ကမ္မဋ္ဌာန်းမလွှတ်ဘဲနှင့် ကျောင်းသို့ ပြန်လာတယ်၊ ကျောင်းရောက်တော့ ကမ္မဋ္ဌာန်းကို မပြတ်နှလုံးသွင်းဆင်ခြင် ပြီးတော့ နေပါတယ်တဲ့။
အဲဒီပုဂ္ဂိုလ်ဟာ အသွားက အစာအာဟာရမရှိလို့ ဝမ်းပူလောင်တဲ့အတွက် ကမ္မဋ္ဌာန်းလွှတ်ပြီးတော့ သွားခဲ့သော်လည်း အပြန်ကျတော့ ကမ္မဋ္ဌာန်းပါလာတဲ့ ရဟန်းဖြစ်ပါတယ်၊ ဒါဟာ ပုဂ္ဂိုလ်လေးပါးထဲက ဒုတိယပုဂ္ဂိုလ်ပါပဲ။ အဲဒီလို ရဟန်း, အဲဒီလို ပုဂ္ဂိုလ်များကတော့ ယာဂုဘုဉ်းပေးပြီးတော့ ဝိပဿနာ ရှုကြတဲ့အတွက်ကြောင့် မြတ်စွာဘုရား၏သာသနာတော်မှာ အရဟတ္တဖိုလ် ရောက်တဲ့ပုဂ္ဂိုလ်တွေဟာ မရေမတွက်နိုင်အောင် များပါတယ်တဲ့။
ဒီလို ယာဂုဘုဉ်းပေးရင်း တရားနှလုံးသွင်းပြီးတော့ အရဟတ္တဖိုလ်ရောက်တဲ့ ပုဂ္ဂိုလ်တွေဟာ မရေ မတွက်နိုင်အောင် များပါတယ်တဲ့။ သီဟိုဠ်ကျွန်းမှာ ဒီ အဋ္ဌကထာက သီဟိုဠ်ကျွန်းမှာရေးတော့ သီဟိုဠ်ကျွန်း က ဖြစ်ပုံတွေကို ရေးထားပါတယ်၊ ဘုရားတပည့်တော်တို့ မြန်မာပြည်ကလဲ ဟိုစဉ်ကာလက ဒီလို ကျမ်းမျိုးတခု ရေးထားခဲ့လို့ရှိလျှင် ဗမာပြည်မှာ သုဝဏ္ဏဘူမိဆိုတဲ့အရပ်က ဒီလိုပဲ တရားအားထုတ်လို့ ဘယ်လိုဖြစ်တယ်ဆိုတာဟာ ကျမ်းတခုရှိဘို့ရာပါပဲ၊ သို့သော်လည်း ရှေးကမရေးခဲ့ကြလို့ ဗမာပြည်မှာတော့ ပြောပြစရာမရှိပဲ ဖြစ်နေပါတယ်။
သီဟိုဠ်ကျွန်းမှာတော့ ထိုစဉ်အခါက ထိုထိုရွာတွေမှာ ဆွမ်းစားကျောင်းကလေးတွေ ဆွမ်းစားဇရပ်ကလေး တွေဆိုတာ ရှိပါတယ်၊ ရဟန်းတော်များ ဆွမ်းခံပြီးတော့ အဲဒီမှာ ဆွမ်းဘုဉ်းပေးဘို့ နေရာလဲအဆင်သင့် ရေလဲအသင့် ရှိနေပါတယ်၊ အဲဒီလို ဆွမ်းစားဇရပ်ကလေးတွေမှာ ယာဂုဘုဉ်းပေးရင်း အရဟတ္တဖိုလ် ရောက်တဲ့ ပုဂ္ဂိုလ်တွေဟာ နေရာတိုင်းနေရာတိုင်း နှံ့နေပါတယ်တဲ့၊ အဲဒီ ဆွမ်းစားဇရပ်ပေါ်မှာ ဆိုလို့ရှိလျှင် ဘယ်နေရာကမဆို အကွက်စိပ်ရိုက်ပြီး ချကြည့်၊ နေရာတိုင်းနေရာတိုင်းမှာ ရဟန္တာဖြစ်ဖူးတဲ့ နေရာချည်းပါပဲတဲ့။
ဒီနေရာကလေး တစ်နေရာဖြင့်လျှင် ရဟန္တာမဖြစ်ဖူးသေးဘူး၊ လစ်လပ်နေတယ်လို့ ပြောစရာကို မရှိပါဘူးတဲ့၊ စားသောက်ရာမှာ ကမ္မဋ္ဌာန်းပါတဲ့ ဒီပုဂ္ဂိုလ်မျိုးကတော့ အဲသလောက်များအောင်ပဲ ရဟန္တာ အဖြစ်သို့ ရောက်တတ်ပါတယ်ဆိုတဲ့ အကြောင်းကို ဒီအဋ္ဌကထာမှာ ပြသွားပါတယ်၊ ဒါကြောင့် ဒီပုဂ္ဂိုလ်ကိုတော့ အဋ္ဌကထာဆရာက ချီးကျူးလိုပါတယ်။ ချီးကျူးလည်း ချီးကျူးစရာ ကောင်းပါပေတယ်။ စောစောပိုင်းက သူဟာ ကမ္မဋ္ဌာန်းကို ကောင်းကောင်းနှလုံးမသွင်းနိုင်ဘဲနှင့် သွားတာဟာလဲ ဝမ်းထဲက အစာအာဟာရမရှိလို့ ကိုယ်ဆင်းရဲရောက်နေတဲ့အတွက်ကြောင့် မတတ်နိုင်လို့သာ ဖြစ်ပါတယ်၊ ကမ္မဋ္ဌာန်းကို လုံးလုံးလွှတ်ပစ်တဲ့ပုဂ္ဂိုလ် မဟုတ်ပါဘူး၊ ဒါကြောင့် သူဟာ ယာဂုအနည်းငယ်သောက်ရလို့ ကိုယ်ချမ်းသာမှုကို ရလာသည့်အချိန်ကစပြီး ကမ္မဋ္ဌာန်းကို မပြတ်နှလုံးသွင်းသွားတဲ့အတွက် အရဟတ္တဖိုလ်တိုင်အောင် ရောက်ပြီးသွားပေတယ်၊ ဒါဟာ အင်မတန်ချီးကျူးစရာကောင်းတဲ့ ပုဂ္ဂိုလ်ဖြစ်ပါ ပေတယ်။
(၃) အသွားအပြန် မပါတဲ့ပုဂ္ဂိုလ်
ပြီးတော့ တတိယပုဂ္ဂိုလ်ကတော့ ယောပန ပမာဒဝိဟာရီ ဟောတိ၊ မေ့မေ့ လျော့လျော့နေတဲ့ ပုဂ္ဂိုလ်ပါတဲ့၊ အသွားလဲ ကမ္မဋ္ဌာန်းမပါဘူး၊ အပြန်လဲ ကမ္မဋ္ဌာန်းမပါဘူး၊ အဲဒီပုဂ္ဂိုလ်ကို ပမာဒဝိဟာရီ ခေါ်တယ်၊ မေ့မေ့လျော့လျော့နေလေ့ရှိတဲ့ သူပါတဲ့၊ ကျောင်းမှာလဲ မေ့မေ့လျော့လျော့နေတယ်၊ မြို့ထဲရွာထဲသွားလျှင်လဲ မေ့မေ့လျော့လျော့ နေတယ်လို့ ဆိုလိုပါတယ်၊ ပြီးတော့ နိက္ခိတ္တဓုရော- ချထားအပ်သော ဝန်ရှိနေပါတယ်တဲ့၊ ဝန်ထုပ်ဝန်ပိုးများကို ထမ်းနေတဲ့ပုဂ္ဂိုလ်, ဝန်ထုပ်ဝန်ပိုးများကို ချထားတဲ့ပုဂ္ဂိုလ်, နှစ်မျိုးရှိသလိုပဲ၊ ရဟန်းများမှာတော့ ဓုရဆိုတာ နှစ်ခုရှိပါတယ်၊ ကျမ်းဂန်ဂရိယတ်ကို သင်ကြားတဲ့ဝန်ကလဲ ဓုရတခုပါပဲ၊ ပြီးတော့ ဘာဝနာကို နှလုံးသွင်းအားထုတ်တဲ့ ဝန်ကလဲ ဓုရတခုပါပဲ၊ အဲဒီဓုရနှစ်ခုထဲက ဒီမှာဆိုလိုတာ ကတော့ ဘာဝနာအားထုတ်တဲ့ ဓုရကို ဆိုလိုပါတယ်၊ ဘာဝနာအားထုတ်တဲ့ ဓုရလုပ်ငန်းတာဝန်ကို ချထားတယ်တဲ့၊ လိုရင်းတော့ ကမ္မဋ္ဌာန်းတရား ဘာမျှအားမထုတ်ဘူးလို့ ဆိုလိုပါတယ်။
စေတောခီလ ငါးပါး
ပြီးတော့ အလုံးစုံသော ဝတ်ကြီးဝတ်ငယ်တွေလဲ မကျင့်ဘဲနှင့် မဉ္စဝိဓ စေတော ခီလဝိနိဗန္ဓစိတ္တောလို့ ဆိုလိုပါတယ်။ ပဉ္စဝိဓ- ငါးပါးအပြားရှိတဲ့ စေတောခီလ, စေတော ဝိနိဗန္ဓတွေနှင့် ရောထွေးပြီးတော ့နေတဲ့စိတ် ရှိနေတယ်လို့ ဆိုပါတယ်၊ စေတောခီလ ငါးပါးဆိုတာဟာ ဘုရား၌ယုံမှားခြင်း, တရား၌ ယုံမှားခြင်း, သံဃာ၌ ယုံမှားခြင်း, မိမိကျင့်နေတဲ့ အကျင့်သိက္ခာအပေါ်မှာ ဟုတ်မှဟုတ်ပါ့မလား အကျိုးရှိမှရှိပါ့မလား စသည်ဖြင့် ယုံမှားခြင်းç သီတင်းသုံးတော်များနှင့်စပ်ပြီးတော့ အမျက်ဒေါသ ထွက်နေခြင်း ဆိုတဲ့ ဟောဒီငါးမျိုးကို စေတောခီလလို့ ခေါ်ပါတယ်၊ အထဲမှာစူးဝင်နေတဲ့ ငြောင့်ပဲတဲ့၊ ဒီလိုငြောင့်ကလေးတွေ စိတ်ထဲမှာ ဝင်နေလို့ရှိလျှင် တရားအားထုတ်ဘို့ရာ ကတော့ ကောင်းကောင်း မသွားနိုင်ပါဘူး၊ ဒါကြောင့်မို့ ဒီတရားငါးပါးကို စေတောခီလလို့ ခေါ်ပါတယ်၊ အဲဒီပုဂ္ဂိုလ်ဟာ စေတောခီလငါးပါးနှင့်လည်း ယှဉ်ပြီးတော့ စိတ်တွေဟာ ရှုပ်ထွေးနေတယ်တဲ့။
စေတောဝိနိဗန္ဓ ငါးပါး
ပြီးတော့ စေတောဝိနိဗန္ဓငါးပါး - စိတ်၏ အနှောင်အဖွဲ့ငါးပါးဆိုတာလဲ ရှိပါတယ်၊ အဲဒါကတော့ ကာမေ- ကာမဂုဏ်တွေအပေါ်မှာ ငဲ့ကွက်မှုမကင်းသေးဘဲ ဖြစ်နေတာကလဲ စိတ်၏အနှောင့်အဖွဲ့တခုပါပဲ တဲ့ ၊ ဝိသဘာဂအာရုံ ကာမဂုဏ်တွေကို လိုချင်နှစ်သက်ပြီးတော့ မျှော်တလင့်လင့်ဖြစ်နေတဲ့ စိတ်ပါပဲ။
ကာယေ- မိမိကိုယ်မှာ ငဲ့ကွက်ပြီးတော့ မိမိကိုယ်ကို အလိုလိုက်နေတဲ့စိတ်၊ ဒါလဲပဲ ဝိနိဗန္ဓ အနှောင်အဖွဲ့တခုပါပဲတဲ့ ၊ ဝိသဘာဂအာရုံ ကာမဂုဏ်တွေကို လိုချင်နှစ်သက်ပြီးတော့ မျှော်တလင့်လင့် ဖြစ်နေတဲ့ စိတ်ပါပဲ။
ကာယေ- မိမိကိုယ်မှာ ငဲ့ကွက်ပြီးတော့ မိမိကိုယ်ကို အလိုလိုက်နေတဲ့စိတ်၊ ဒါလဲပဲ ဝိနိဗန္ဓ အနှောင်အဖွဲ့တခုပါပဲ။ ရူပေ- အပြင်အပ ဗဟိအဒ္ဓရုပ် ဝတ္ထုပစ္စည်းတွေအပေါ်မှာ သာယာတွယ်တာပြီး တော့နေတဲ့စိတ်၊ ဒါလဲ အနှောင်အဖွဲ့တခုပါပဲ။
ပြီးတော့ အလိုရှိတိုင်းလဲ စားသောက်၊ အလိုရှိတိုင်းလဲ အိပ်စက်ပြီးတော့ သေယျသုခ- လဲလျောင်း အိပ်စက်နေရလို့ ဖြစ်တဲ့ချမ်းသာ။ မိဒ္ဓသုခ- ငိုက်မျည်းလျက် မှိန်းနေရလို့ ဖြစ်တဲ့ချမ်းသာ။ ပဿသုခ- ဟိုဘက်သည်ဘက် ပြောင်းလဲအိပ်ရလို့ ဖြစ်တဲ့ချမ်းသာ။ ဒီချမ်းသာတွေကို ခံစားနေတာ။ ဒါလဲပဲ စေတောဝိနိဗန္ဓ တခုပါပဲ၊ စားချင်တိုင်းစား အိပ်ချင်တိုင်းအိပ်ပြီးတော့ ချမ်းသာခံနေတာဟာ စိတ်၏အနှောင်အဖွဲ့ တခုပဲလို့ ဆိုလိုပါတယ်။
ပြီးတော့ မိမိကျင့်သုံးတဲ့ သီလ သမာဓိ အကျင့်သိက္ခာတွေဖြင့် နောင်ဘဝအခါ ကာလကျတော့ နတ်တမျိုးမျိုး ဖြစ်ရအောင်လို့ နတ်ပြည်ချမ်းသာလောက်ကို မျှော်လင့်တောင့်တပြီးတော့ ကျင့်နေပါတယ်တဲ့၊ အဲဒါလဲ စိတ်၏ အနှောင်အဖွဲ့တခုပဲတဲ့။
ဒီအနှောင်အဖွဲ့ကြီးတွေ နှောင်ဖွဲ့ထားလို့ရှိလျှင် သံသရာဝဋ်ဆင်းရဲက လွတ်မြောက်တဲ့ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားကို မရောက်နိုင်ပါဘူး ၊ ဒါကြောင့် ဝိနိဗန္ဓလို့ခေါ်ပါတယ်၊ ကာမဂုဏ်တွေ တွယ်နေတယ် ဆိုလျှင်ပင် မဂ်ဖိုလ်နိဗ္ဗာန်ကို သွားဘို့ရာ ခက်နေပါတယ်၊ နတ်ပြည်ကို ဖြစ်ဘို့ရာလောက် မျှော်နေလို့ရှိလျှင် လည်း အဲဒီကို မသွားနိုင်ပါဘူး၊ ဒါကြောင့်မို့ ဒီဥစ္စာတွေကို စေတောဝိနိဗန္ဓ ငါးပါးလို့ ခေါ်ပါတယ်။
(၄) အသွားအပြန် ကမ္မဋ္ဌာန်းပါတဲ့ ပုဂ္ဂိုလ်
နောက် စတုတ္ထပုဂ္ဂိုလ်ကတော့ အသွားရော အပြန်ရော ကမ္မဋ္ဌာန်းပါတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်၊ ဒါကိုတော့ ကတပစ္စာဂဝတ်ဖြင့် သိရမယ်တဲ့၊ မြတ်စွာဘုရား၏ သာသနာတော်မှာ မိမိ၏အကျိုးစီးပွားကို လိုလားကြတဲ့ အမျိုးကောင်းသားတွေ ရဟန်းပြုကြပါတယ်၊ မြတ်စွာဘုရားလက်ထက်မှာရော ဘုရားပရိနိဗ္ဗာန် စံပြီးတဲ့နောက်မှာရော ဘုရား၏တရားတွေကို သဒ္ဓါတရားဖြစ်ပြီးတော့ “ဒီတရားတွေအတိုင်း ဒို့ရဟန်းပြုပြီး လွတ်လွတ်လပ်လပ် ကျင့်လို့ရမှာပဲ၊ သံသရာဝဋ်ဆင်းရဲက လွတ်မြောက်ရမှာပဲ” လို့ ယုံကြည်တဲ့ သဒ္ဓါတရားနှင့် ရဟန်းပြုလာကြပါတယ်။
ဘုရားလက်ထက်အခါတုန်းက ဆိုလို့ရှိလျှင်တော့ တကယ့်မင်းစည်းစိမ်တွေ သူဌေးစည်းစိမ်တွေ အင်မတန် ကြီးကျယ်တဲ့ စည်းစိမ်ကြီးတွေကို စွန့်ပြီးတော့ မဂ်ဖိုလ်နိဗ္ဗာန်တရား လိုလားလို့ ရဟန်းပြုလာကြပါတယ်။ အဲသလို အမျိုးကောင်းသားတွေဟာ ဆယ်ပါးတစု၊ သို့မဟုတ် နှစ်ဆယ်၊ သို့မဟုတ် သုံးဆယ်၊ သို့မဟုတ် လေးဆယ်၊ သို့မဟုတ် ငါးဆယ်၊ သို့မဟုတ် တရာ အဲသလို အချင်းချင်း စိတ်ဆန္ဒသဘောတူတဲ့ပုဂ္ဂိုလ်တွေ စုပေါင်းပြီးတော့ တနေရာရာမှာ သီးတင်းသုံးကြပါတယ်တဲ့၊ သီးတင်းသုံးတဲ့အခါ ကတိကဝတ်ပြုပြီးတော့ သီတင်းသုံးကြပါတယ်။
ငါ့ရှင်တို့ ... ငါ့ရှင်တို့ဟာ ြွေကးမြီပူလို့လဲ ရဟန်းပြုလာကြတာ မဟုတ်ဘူး၊ မင်းဘေးခိုးသူဘေး စသည်ကြောင့်လဲ ရဟန်းပြုလာကြတာ မဟုတ်ဘူး၊ စားရေး သောက်ရေး နေရေးထိုင်ရေး ကျပ်တည်းလို့လဲ ရဟန်းပြုလာကြတာမဟုတ်ဘူး၊ အမှန်အားဖြင့် ဆိုလျှင်တော့ ငါတို့ဟာ သံသရာဝဋ်ဆင်းရဲတွေက လွတ်မြောက်ချင်လို့ လွတ်မြောက်အောင်ကျင့်မယ်ဆိုပြီးတော့ ဤသာသနာတော်မှာ ရဟန်းပြုလာကြတာပဲ။ ဒါကြောင့် ငါတို့၏သန္တာန်၌ သွားနေတုန်း ကိလေသာများဖြစ်ပေါ်လာလို့ရှိလျှင် အဲဒီကိလေသာကို သွားနေတုန်းမှာပဲ ငြိမ်းသွားအောင် နှိမ်နင်းကြရမယ်၊ ရပ်နေတုန်း ထိုင်နေတုန်း လဲလျောင်းနေတုန်း ကိလေသာဖြစ်ပေါ်လာလို့ရှိလျှင် အဲဒီဣရိယာပုထ် အတွင်းမှာပဲ ငြိမ်းသွားအောင်လို့ နှိပ်ကွပ်ကြရမယ်လို့ အဲသလို ကတိကဝတ်ပြုပါတယ်။
နှိပ်ကွပ်တယ်ဆိုတာ သင့်လျော်တဲ့ ဆင်ခြင်နည်းနှင့် ဆင်ခြင်ပြီး နှိပ်ကွက်လျှင်လဲ ငြိမ်းသွားပါတယ်၊ သို့မဟုတ် ဝိပဿနာနှင့် ရှုပြီး နှိမ်နင်းလိုက်လျှင်လဲ ငြိမ်သွားပါတယ်၊ ဒီလို သမထနှင့်ဖြစ်စေ ဝိပဿနာနှင့်ဖြစ်စေ ဆင်ခြင်တဲ့ ပဋိသင်္ခါနဉာဏ်နှင့်ဖြစ်စေ နှိပ်ကွပ်တို့ရာ သြဝါဒပေးပြီးတော့ ကတိကဝတ်ပြုကြပါတယ်။
အဲသလို ကတိကဝတ်ပြုပြီး သီတင်းသုံးနေကြတဲ့အခါ နေ့ခင်းဆိုလို့ရှိလျှင်တော့ ရှေးကပြောခဲ့တဲ့ အတိုင်းပါပဲ၊ တနေ့လုံး အာဝရဏီယဓမ္မကိလေသာတွေ မဖြစ်ရအောင်လို့ ကမ္မဋ္ဌာန်းကို အမြဲနှလုံးသွင်း နေကြပါတယ်၊ ညဦးယံမှာလဲ ထို့အတူ နှလုံးသွင်းနေကြပါတယ်၊ သန်းခေါင်ယံ ညဉ့်အလယ်ပိုင်းမှာတော့ ခေတ္တခဏ ကျိန်းစက်ပြီးတော့ နံနက်စောစောအပိုင်းမှာလဲ စောစောထပြီးတော့ တရားနှလုံးသွင်းပြီး ရှေးကပြောခဲ့တဲ့ အစဉ်အတိုင်းပဲ အားထုတ်နေကြပါတယ်။
စိတ်ကိုရှုနည်း
ဆွမ်းခြွံကတဲ့အခါကျလို့ရှိလျှင် အခုနပြောခဲ့တဲ့အတိုင်း ဆယ်ပါး နှစ်ဆယ် တရာ ဒီလို အစုလိုက်ဆိုတော့ သံဃာတွေဟာ ထေရ်စဉ်ဝါစဉ်နှင့် စဉ်တန်းပြီး သွားရမှာပါပဲ၊ အဲသလိုသွားတဲ့အခါ တပါးပါးမှာ ကိလေသာဖြစ်လို့ရှိလျှင် အဲသည်ပုဂ္ဂိုလ်က သွားနေရင်းပဲ မိမိ၏ကိလေသာကို ငြိမ်းသွားအောင်လို့ နှိပ်ကွပ်ရမယ်၊ သမထကမ္မဋ္ဌာန်းရှိလျှင်လဲ အဲဒီသမထကမ္မဋ္ဌာန်းနှလုံးသွင်းလို့ ဒါမှမဟုတ်လျှင်လဲ ပဋိသင်္ခါနဉာဏ်ဖြင့် ဆင်ခြင်လို့ နှိပ်ကွပ်ရမယ်၊ ဝိပဿနာရှုနေတဲ့ ပုဂ္ဂိုလ်ဆိုလျှင်တော့ အဲဒီကိလေသာ စိတ်ကလေး ရှုရုံပါပဲ၊ ဒါကလေးက ရှုလိုက်လျှင် သူကပျောက်သွားပါတယ်၊ မသိလျှင်တော့ ဒီစိတ်တွေက သိပ်ရှုပ်တယ်၊ အကြာကြီးလဲ ဖြစ်နေတာပဲ၊ သိလို့ရှိလျှင်တော့ လောဘဖြစ်လျှင် အဲဒီလောဘစိတ်ကလေးကို ရှု၊ ဒေါသဖြစ်လျှင် အဲဒီ ဒေါသစိတ် ကလေးကိုရှုလိုက်လျှင် သူကပျောက်သွားပါတယ်၊ အကြီးအကျယ် စိတ်နှလုံးမသာယာ တာတွေ အကြီးအကျယ်စိတ်ဆိုးနေတာတွေတောင်မှ ရှုလိုက်လျှင် ပျောက်သွားတာပါပဲ၊ မရှုဘဲနေလျှင်တော့ တရားအားထုတ်ရာမှာတောင်မှ တခါတခါ စိတ်မချမ်းသာမှုတွေ ဖြစ်တတ်ပါသေးတယ်၊ နေလို့ကို မဖြစ်တော့မလောက်တောင် တခါတရံ ဖြစ်လာတတ်ပါတယ်၊ အဲဒီလိုအခါ စိတ်ကလေးကို စိုက်ပြီးတော့ ရှုလိုက်လျှင် မကြာခင်ပဲ ဒီစိတ်ဟာပျောက်ပြီးတော့ သွားပါတယ်၊ အဲဒီနည်းကို ဒီမှာ ပြထားပါတယ်၊ ဒါကြောင့်မို့ သွားနေတုန်း ကိလေသာစိတ်ဖြစ်လို့ရှိလျှင် သွားနေတုန်းပဲ ငြိမ်းအောင် နှိမ်နင်းပြီး သွားကြပါတယ်တဲ့။
အကယ်၍ သွားနေရင်း ရှုလို့တော့ဖြင့် မပျောက်ဘူးလို့ဆိုလို့ရှိလျှင် ဘယ့်နှယ်လုပ်ရမလဲဆိုတော့ ရပ်နေမယ်တဲ့၊ ရှေ့ကပုဂ္ဂိုလ်က ဒီလိုရပ်နေတယ်ဆိုလျှင် နောက်ကပုဂ္ဂိုလ်တွေကလဲ တသီတတန်းကြီး ရပ်နေကြတယ်၊ ဒီတော့ မိမိကိုယ်ကို ဆုံးမလို့ ကောင်းတာပေါ့။ “နောက်ကလိုက်လာတဲ့ ရဟန်းတော်တွေက လဲပဲ သင့်အကြောင်း သိကုန်ပြီ၊ မကောင်းတဲ့ ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိံသဝိတက်တွေ ကြံစည်နေ ကြောင်း သိကုန်ပြီ၊ ဒီလိုအမှုတွေဟာ သင်နှင့် တော်ရဲ့လား” စသည်ဖြင့် မိမိကိုယ်ကို စောဒနာ အပြစ်တင်ပြီးတော့ ဝိပဿနာရှုရမယ်တဲ့၊ ဒီလို ဝိပဿနာ ရှုလိုက်လို့ရှိလျှင်ဖြင့် ဝိပဿနံ ဝဎ္ဍေုတွာတတ္ထေဝ အရိယဘူမိံ သြက္ကမတိ၊ အရိယာအဖြစ် ရောက်နိုင်တယ်လို့ ဒီမှာ ပြထားပါတယ်။
အကယ်၍ ဒီလိုရှုသော်လဲ မငြိမ်းပြန်ဘူးဆိုလို့ရှိလျှင် ရပ်ရာကနေပြီးတော့ ထိုင်လိုက်ရမယ်တဲ့၊ ထိုင်ရာမှာလဲ မငြိမ်းပြန်လျှင် ဘယ်လိုလုပ်ရမလဲဆိုတော့ မငြိမ်းငြိမ်းအောင်ပဲ ဆုံးမရမယ်တဲ့၊ ဒီလိုဆုံးမပြီးတော့ အရိယာအဖြစ်ရောက်လျှင်လဲ ရောက်၊ အရိယာအဖြစ် မရောက်တောင်မှ ကိလေသာကိုတော့ငြိမ်းအောင် ပယ်ဖျောက်ပြီး သကာလ ကမ္မဋ္ဌာန်းကို နှလုံးသွင်းသွားရမယ်တဲ့။
သွားတဲ့အခါမှာလဲ န ကမ္မဋ္ဌာနဝိပ္ပယုတ္တေန စိတ္တေန ပါဒံ ဥဒ္ဓရတိ၊ ကမ္မဋ္ဌာန်း မပါဘဲနှင့် ခြေထောက်ကို ကြွခြင်း လှမ်းခြင်း ဒါမျိုးတွေကိုမပြုရဘူးတဲ့၊ ခြေထောက်ကြွတိုင်း လှမ်းတိုင်း ကမ္မဋ္ဌာန်းပါရမယ်တဲ့၊ သမထကမ္မဋ္ဌာန်းဖြစ်လျှင်လဲ သမထ ကမ္မဋ္ဌာန်း နှလုံးသွင်းရင်း ကြွရင်းလှမ်းရမှာပေါ့၊ ဒီမှာ ဆိုလိုတာတော့ ဝိပဿနာကို ရည်ရွယ်နေပုံပေါ်ပါတယ်၊ ဝိပဿနာကမ္မဋ္ဌာန်းဆိုလျှင်တော့ အဲဒီ ကြွချင်စိတ်တွေ၊ ကြွတဲ့ရုပ်တွေ၊ လှမ်းချင်တဲ့စိတ်တွေ၊ လှမ်းတဲ့ရုပ်တွေ၊ ခြေလှမ်းတိုင်းခြေလှမ်းတိုင်းမှာ ဖြစ်နေတယ်၊ ဒါတွေကိုရှုပြီးတော့ ကမ္မဋ္ဌာန်းမလွတ်ဘဲ သွားဘို့ရန် ဒီမှာပြထားပါတယ်။
မဟာဖုဿဒေဝမထေရ် ဒီလို အားထုတ်ဖူးတဲ့ပုဂ္ဂိုလ် ရှိပါသလားဆိုတော့ ရှိပါတယ်တဲ့၊ အာလိန္ဒက အရပ်မှာသီတင်းသုံးတဲ့ မဟာဖုဿဒေဝမထေရ်များလို ကျင့်ရပါမယ်တဲ့၊ အဲဒီ မထေရ်ကြီးဟာ အဲဒီအာလိန္ဒကအရပ်မှာ ၁၉-နှစ်ပတ်လုံး သီတင်းသုံးပြီးတော့ အသွားရော အပြန်ရော ကမ္မဋ္ဌာန်းဖြင့် မပြတ်ကျင့်သုံးနေပါတယ်တဲ့၊ အဲဒီ အသွားအပြန် လမ်းအနီးမှာ လယ်ထွန်တဲ့လူတွေ၊ စိုက်ပျိုးတဲ့လူတွေ၊ တောထဲမှာ အလုပ်လုပ်နေတဲ့လူတွေက မထေရ်ကြီးရဲ့ ဆွမ်းခံသွားတာတွေ ပြန်တာတွေ တွေ့မြင်နေကြတယ်၊ မထေရ်ကြီးက ကမ္မဋ္ဌာန်း လွတ်သွားတိုင်း လွတ်သွားတိုင်း ပြန်ပြန်ပြီးသွားနေသတဲ့၊ တလှမ်း လွတ်သွားတာလဲရှိမယ်၊ နှစ်လှမ်း လွတ်သွားတာလဲရှိမယ်၊ လေးငါး ဆယ်လှမ်း လွတ်သွားတာလဲ ရှိမယ်၊ အဲဒီလွတ်သွားတဲ့ အစနေရာပြန်သွား အဲဒီနေရာကတဖန် ကမ္မဋ္ဌာန်းနှင့် ပြန်ပြီးတော့ လျှောက်လျှောက်လာသတဲ့၊ ဒီလို သွားချီပြန်ချီ သွားချီပြန်ချီနှင့် ခေါက်တုံ့ခေါက်ပြန်ဖြစ်နေတာကို လူတွေကမြင်တော့ “ဒီမထေရ်ကြီးဟာ မျက်စိလည်နေလို့လား ဘာများမေ့နေလို့ပါလိမ့်မလဲ” စသည်ဖြင့် အမျိုးမျိုးထင်ချက်ပေးပြီး တွေးတောပြောဆို ကြပါတယ်တဲ့။
ဘယ်လိုပဲပြောပြော မထေရ်ကြီးကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲနှင့် သူ့တရားပဲ သူအားထုတ်ပြီးတော့ သွားတာပါပဲတဲ့၊ အဲသလိုအားထုတ်လို့ အနှစ်နှစ်ဆယ် မြောက်မှာ အရဟတ္တဖိုလ် ရောက်သွားပါတယ်၊ အဲဒီမထေရ်ကြီးများလို ကမ္မဋ္ဌာန်း မကင်းဘဲနှင့် အသွားအပြန် အားထုတ်သွားရမယ်လို့ ဆိုလိုပါတယ်။
မဟာနာဂမထေရ်ကြီး
ပြီးတော့ ကာဠဝလ္လမဏ္ဍပ်မှာ သီတင်းသုံးတဲ့ မဟာနာဂ မထေရ်ကြီးများလိုလဲ ကျင့်ရမယ်တဲ့၊ အဲဒီမထေရ်ဟာ ပဌမရှေးဦးစွာ မြတ်စွာဘုရား၏ဒုက္ကရစရိယာအကျင့်ကို ပူဇော်သောအားဖြင့် ခုနစ်နှစ်ပတ်လုံး ရပ်ခြင်း၊ စင်္ကြံသွားခြင်းကိုသာ ဆောက်တည်ပြီးနေပါတယ်၊ နောက်တဆယ့်ခြောက်နှစ် တိုင်တိုင် အသွားအပြန်ကျင့်ဝတ်ကို ကျင့်ပြီးတော့ ရဟန္တာအဖြစ်သို့ ရောက်သွားပါတယ်တဲ့။
မထေရ်ငါးကျိပ်
နောက်ပြီးတော့ ကလမ္ဗဘိတ္ထဆိပ်ကမ်းကျောင်းမှာ သီတင်းသုံးတဲ့ ရဟန်း ငါးကျိပ်များလိုလဲ ကျင့်ရမယ်တဲ့၊ ကလမ္ဗဆိပ်ကမ်းဆိုတော့ ကိုလံဗိုများဖြစ်မလား မပြောတတ်ဘူး၊ ဒီရဟန်းတွေဟာလဲ အဲဒီ ကလမ္ဗဆိပ်ကမ်း ကျောင်းမှာ ဝါကပ်ပြီး သီးတင်းသုံးတဲ့အခါ ကတိကဝတ်များပြုကြပါတယ်၊ ကတိကဝတ်ပြုပုံကတော့ “အရဟတ္တံ အပ္ပတွာ အညမညံ နာလပိဿာမ” အရဟတ္တဖိုလ် မရောက်မခြင်း အချင်းချင်း စကားမပြောဘဲ နေမယ်ဆိုတဲ့ ကတိကဝတ်ကိုပြုကြတယ်လို့ ဆိုပါတယ်၊ အဲဒါကတော့ လုံးလုံးမပြောဘို့ရာ မဟုတ်ပေဘူးလို့ ယူသင့်ပါတယ်၊ ဘာဖြစ်လို့တုံးဆိုလျှင် လုံးလုံးစကားမပြောတဲ့ ဒီအကျင့်မျိုးကို တိတ္ထိအကျင့်လို့ ခေါ်ပါတယ်။ ဒီလို ကတိကဝတ်၊ ဒီလို အကျင့်မျိုးမပြုကျင့်ရဘူးလို့ မြတ်စွာဘုရားက သိက္ခာပုဒ်ပညတ်ပြီးတော့ ထားပါတယ်၊ ဒါကြောင့် ဒီရဟန်းများပြုတဲ့ ကတိကဝတ်က အရေးမကြီးတဲ့စကားတွေ မပြောဘို့ ဖြစ်ပါလိမ့်မည်၊ လောကအကြောင်းအရာတွေနှင့် စပ်ပြီးတော့ အရေးမကြီးတဲ့ မလိုတဲ့စကားတွေကို အချင်းချင်းမပြောဘို့ ကတိကဝတ်ပြုတာဖြစ်ပါလိမ့်မည်၊ တရားနှင့်စပ်ပြီးတော့ ဆွေးနွေးခြင်း၊ မေးမြန်းခြင်း၊ တရားနာခြင်း၊ တရားဟောခြင်း ဒါတွေကတော့ မုချပြောရမည့် စကားတွေပါပဲ။
အဲဒီလို ကတိကဝတ်ပြုပြီးတော့ ရွာကိုဆွမ်းခံဝင်တဲ့အခါမှာ ဒကာ၊ ဒကာမတွေနှင့် အလွတ်စကားတွေ ပြောမိမှာစိုးလို့ ရေများငုံပြီးတော့ ဝင်ကြတယ်လို့ ဆိုလိုပါတယ်၊ ရပ်ရွာထဲက ဒကာ၊ ဒကာမတွေက မေးမြန်းတဲ့အခါကာလကျတော့မှ ရေများထွေးပစ်ပြီးတော့ သူတို့မေးတဲ့ အနက်အဓိပ္ပါယ်ကို ဖြေဆိုသွားကြ တယ်လို့ ဆိုပါတယ်၊ အဲသလို ကျင့်ပြီးတော့ အဲဒီပုဂ္ဂိုလ်တွေဟာလဲ ဝါတွင်းသုံးလအတွင်းမှာပဲ အရဟတ္တဖိုလ် ရောက်ပြီးတော့ ဝိသုဒ္ဓိပဝါရဏာများ ပြုကြတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ယခုပြောခဲ့တဲ့ မဟာဖုဿဒေဝမထေရ်လို မဟာနာဂမထေရ်လို ကလမ္ဗဆိပ်ကမ်းကျောင်းမှာ သီတင်းသုံးတဲ့ ရဟန်းတော်ငါးကျိပ်များလို ခြေထောက်ကြွတိုင်းလှမ်းတိုင်း ကမ္မဋ္ဌာန်းနှင့်ယှဉ်တဲ့ စိတ်ဖြင့်သာလျှင် ကြွရလှမ်းရမယ်လို့ ဆိုပါတယ်၊ ကမ္မဋ္ဌာနယုတ္တေနေဝ စိတ္တေန ကမ္မဋ္ဌာန်းနှင့်ယှဉ်သော စိတ်ဖြင့်သာလျှင်၊ သမထဖြင့် အားထုတ်နေလျှင်လဲ သမထကမ္မဋ္ဌာန်းနှင့်ပေါ့၊ ဝိပဿနာဖြင့် အားထုတ်နေ လျှင်လဲ ဝိပဿနာကမ္မဋ္ဌာန်းနှင့်ပေါ့၊ အဲဒီ မိမိအားထုတ်နေတဲ့ ကမ္မဋ္ဌာန်းနှင့်ယှဉ်ပြီးတော့ ကမ္မဋ္ဌာန်းမလွတ်ဘဲနှင့် ပါဒံ ဥဒ္ဓရန္တော- ခြေထောက်ကို ကြွလျက် လှမ်းလျက် ဒီလိုသွားရမယ်တဲ့၊ ရွာအနီးရောက်တဲ့အခါမှာ ရေငုံတာတွေကိုလဲ လုပ်ချင်လျှင် လုပ်ဘို့ရာ ဒီမှာတော့ ညွှန်ကြားထားပါတယ်။
မနှေးမမြန် ခြေလှမ်း
ပြီးတော့ ဘေးရန်ရှိတဲ့လမ်းများ ကြည့်ပြီးတော့ ဘေးရန်ကင်းတဲ့လမ်းဖြင့် ရွာထဲ ဆွမ်းခံဝင်ပြီးတော့သွား၊ ဆွမ်းခံဝင်တဲ့ အခါကာလမှာလဲ မနှေးမမြန် မှန်မှန်သွားဘို့ ဒီမှာပြောထားပါတယ်၊ ဘာဖြစ်လို့တုံးဆိုတော့ နဟိဇဝေန ပိဏ္ဍပါတိယဓုတင်္ဂံ နာမကိဉ္စိ အတ္ထိ၊ အမြန်ကြီးသွားရတဲ့ ပိဏ္ဍပါတ်ဓုတင်ရယ်လို့ မရှိပါဘူးတဲ့၊ ဘယ်လိုသွားရမတုံး ဆိုလို့ရှိလျှင် ဝိသမဘူမိ ဘာဂပ္ပတ္တံ ဥဒကသကဋံဝိယ၊ မညီညွတ်တဲ့မြေ, မညီညွတ်တဲ့ လမ်းမှာ ရောက်ပြီးသွားတဲ့ ရေလှည်းများဟာ ရေပုံးတွေနှင့်ဖြစ်စေ, ရေအိုးတွေနှင့်ဖြစ်စေ, တင်လာတဲ့လှည်းဟာ ဖြေးဖြေးကလေးသွားရပါတယ်၊ ငြိမ်ငြိမ်ကလေး သွားရပါတယ်၊ မြန်မြန်ကြီး မောင်းလို့ရှိရင် ရေတွေ ဖိတ်ကုန်မှာစိုးလို့ ဖြစ်ပါတယ်၊ အဲဒါလိုပဲ ငြိမ်ငြိမ်သက်သက်ကလေး မနှေးမမြန် သွားရမယ်ဆိုတာ ဒီမှာ ညွှန်ပြထားပါတယ်။
ဒီလို မနှေးမမြန် သွားမှသာလျှင် ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းမှာ သတိရှိနိုင်ပါတယ်၊ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း ခြေကြွတယ်, လှမ်းတယ်, ချတယ်ဆိုတာကလေးတွေကို အကုန်လုံးသိပြီးတော့ သွားဘို့ရာပါပဲ၊ ဒါတောင်မှ အားထုတ်ခါစဆိုလို့ရှိလျှင် သိပ်မလွယ်ပါဘူး။
အဲသလို ဆွမ်းခံကြွသွားရမယ်တဲ့၊ အဲသလိုသွားပြီးတော့ အသွားရောအပြန်ရော အကုန်လုံး ကမ္မဋ္ဌာန်းမလွတ်ဘဲ သွားတာကို အသွားရောအပြန်ရော ကမ္မဋ္ဌာန်းပါတဲ့ စတုတ္ထရဟန်းပဲလို့ ဒီမှာ အဆုံးသတ်သွားပါတယ်။
အကျိုးထူးတွေ
အဲသလို အသွားအပြန် ကမ္မဋ္ဌာန်းမလွတ်ဘဲ မပြတ်တမ်းကျင့်နေတဲ့ ပုဂ္ဂိုလ်ဟာ ဥပနိဿယကလဲ ရှိမယ်ဆိုလို့ရှိလျှင် ပဌမအရွယ်မှာပဲ ရဟန္တာဖြစ်နိုင်ပါတယ်တဲ့၊ ပဌမအရွယ်မဖြစ်တောင်မှ မဇ္ဈိမအရွယ် အလယ်ပိုင်းအရွယ်မှာ ဖြစ်နိုင်ပါတယ်တဲ့၊ သတိသမ္ပဇညအဖွင့် ၃၆၇ အလယ်ပိုင်းအရွယ် မဖြစ်တောင်မှ သေခါနီးကာလကျတော့ အရဟတ္တဖိုလ် ရောက်နိုင် ပါတယ်တဲ့၊ သေခါနီးမရောက်တောင်မှပဲ နောက်ဘဝကျလျှင် နတ်သားဖြစ်ပြီးတော့ မဂ်တရားဖိုလ်တရားတွေကို ရောက်သွားနိုင်ပါတယ်လို့ ပြထားပါတယ်။
အကယ်၍ နတ်ဘဝတွေမှာလဲ မရောက်သေးဘူးဆိုလျှင်တော့ ပစ္စေကဗုဒ္ဓါလဲ ဖြစ်နိုင်တယ်၊ သမ္မာသမ္ဗောဓိဘုရားလဲ ဖြစ်နိုင်တယ်၊ မြတ်စွာဘုရား၏တပည့်သားဖြစ်လို့ရှိလျှင်လဲ ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလ္လာန် အစရှိသော မထေရ်မြတ်များလို အဂ္ဂသာဝကç မဟာသာဝကလဲ ဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းကို ဒီမှာ အများကြီး ဖော်ပြသွားပါတယ်၊ ဒါပေမယ့် ဥပနိဿယရှိလျှင်ဆိုတဲ့ ကန့်သတ်ချက် အကြောင်းကလေးက ရှိပါသေးတယ်၊ ဒါကြောင့် ဘုရားဖြစ်တယ်ဆိုတာကလဲ ပါရမီ ဥပနိဿယ ပြည့်စုံမှပဲ ဖြစ်ပါမည်၊ ပစ္စေကဗုဒ္ဓါç အဂ္ဂသာဝကç မဟာသာဝက ဖြစ်တယ်ဆိုတာလဲ ပါရမီ ဥပနိဿယ ပြည့်စုံမှပဲ ဖြစ်မည်လို့ ယူဆဘို့ပါပဲ။ အဲသလို အသွားရောအပြန်ရော ကျောင်းမှာရော အမြဲမပြတ် ကမ္မဋ္ဌာန်းမလွတ်ဘဲနှင့် နှလုံးသွင်းနေတဲ့ပုဂ္ဂိုလ်ဟာဖြင့် ဂေါစရသမ္ပဇဉ်မှာ ခေါင်ထိပ်ရောက်ပြီးတော့ ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်ပါပဲတဲ့။
အသမ္မောဟ သမ္ပဇဉ်
သမ္ပဇဉ်လေးပါးထဲက သာတ္ထကသမ္ပဇဉ် သပ္ပါယသမ္ပဇဉ် ဂေါစရသမ္ပဇဉ်ဆိုတဲ့ သမ္ပဇဉ်သုံးပါးကို ပြောပြီးပါပြီ၊ ယခုနောက်ဆုံး အသမ္မောဟသမ္ပဇဉ်ခဏ်း ရောက်လာပါပြီ၊ အသမ္မောဟသမ္ပဇဉ်ဆိုတာ မတွေမဝေ သိတာပါပဲ၊ အဲဒီ အသမ္မောဟသမ္ပဇဉ်က ဘယ်လိုတုံးဆိုလို့ရှိလျှင် ဣဓဘိက္ခု အဘိက္ကမန္တောဝါ ပဋိ က္ကမန္တောဝါ၊ ဤသာသနာတော်၌ ရဟန်းသည် ရှေ့သို့သွားသည်ဖြစ်စေ၊ နောက်သို့ဆုတ်သည်ဖြစ်စေ၊ လောကမှာတရားလက်လွတ် တွေဝေနေကြတဲ့ အန္ဓဗာလပုထုဇဉ်ပုဂ္ဂိုလ်တွေလို သူက မတွေဝေပါဘူးတဲ့။
အတ္တစွဲကြီး
အန္ဓဗာလပုထုဇဉ်ပုဂ္ဂိုလ်တွေက ဘယ်လိုတွေဝေနေတုံးဆိုတော့ ရှေ့သို့သွားခြင်းစသည်ကို ပြုတဲ့အခါမှာ အတ္တာအဘိက္ကမတိ၊ အတ္တကောင်ç ငါကောင်က ရွှေ့သွားတာ ၃၆၈ ရတနာမြတ်သုံးပါးတို့၏ဂုဏ်ရည်များနှင့် မဟာစည်ဆရာတော်ကြီးပဲလို့ ဒီလိုလဲ ထင်နေကြပါတယ်တဲ့၊ အတ္တနာအဘိက္ကမော နိဗ္ဗတ္တိတော၊ အတ္တကောင်ç ငါကောင်ကပဲ ရှေ့သို့သွားခြင်းကို ပြုလုပ်တာပဲလို့ ဒီလိုပဲ ထင်နေကြပါတယ်၊ အဲဒါဟာ ဒိဋ္ဌိနှင့် ထင်မြင်စွဲလမ်းပုံပါပဲ၊ ဒီစွဲလမ်းပုံကို ရုပ်စွဲç နာမ်စွဲ နှစ်မျိုးပြထားပါတယ်။ အတ္တာအဘိက္ကမတိ၊ အတ္တကောင်က ရှေ့သို့ သွားတယ်ဆိုတာက ရုပ်ကို အတ္တအနေအားဖြင့်စွဲလမ်းပုံပြတာပါ၊ အတ္တနာ အဘိက္ကမော နိဗ္ဗတ္တိတော၊ အတ္တကောင်က ရှေ့သို့သွားခြင်းကို ဖြစ်စေတယ်ဆိုတာကတော့ နာမ်တရားကို အတ္တအနေအားဖြင့် စွဲလမ်းပုံပြတာပါ။
စွဲလမ်းပုံကတော့၊ ရှေ့သို့သွားတဲ့အခါမှာ သွားမယ်လို့ ကြံတဲ့စိတ်ကလေးကစပြီး ဖြစ်လာတယ်၊ ပြီးတော့ အဲဒီစိတ်အားလျော်စွာ ရုပ်ကိုယ်က ရှေ့သို့ ရွှေ့သွားတယ်၊ဒီတော့ ဗာလပုထုဇဉ်တွေက သွားမယ်ကြံတာလဲ ငါပဲ၊ သွားတာလဲ ငါပဲ၊ ငါကောင်ကပဲသွားအောင်လုပ်တယ်၊ ငါကောင်ကပဲ သွားတယ်လို့ ဒီလို ထင်မှတ်စွဲလမ်းနေကြပါတယ်၊ အဲဒါဟာ သွားချင်တဲ့ စိတ်နာမ်တရားနှင့် သွားတဲ့ရုပ်တရား ဒီရုပ်နာမ်နှစ်ပါးလုံးအပေါ်မှာ အတ္တကောင်အနေနှင့် စွဲလမ်းတဲ့ အတ္တဒိဋ္ဌိပါပဲ။ပြီးတော့ အဟံ အဘိက္ကမာမိ၊ ငါရှေ့သို့သွားတယ်၊ သွားတာဟာ ငါပဲလို့ ဒီလိုထင်နေကြပါတယ်၊ မယာ အဘိက္ကမော နိဗ္ဗတ္တိတော၊ ငါကပဲ ရှေ့သို့သွားခြင်းကို ဖြစ်စေတယ်၊ သွားအောင်လုပ်တာ ငါပဲလို့ ဒီလိုလဲ ထင်နေကြပါတယ်၊ ဒါကတော့ မာနနှင့်စွဲလမ်းပုံပါပဲ။
ဒီမှာလဲ မာနစွဲကို ရုပ်စွဲနာမ်စွဲ နှစ်မျိုး ခွဲပြထားပြန်ပါတယ်၊ အဟံ အဘိက္ကမာမိ၊ ငါရှေ့သို့သွားတယ်၊ သွားတာငါပဲလို့ဆိုတာက ရုပ်တရားကို ငါအနေနှင့် စွဲလမ်းတဲ့မာနစွဲကို ပြတာပါ၊ ဟေ့ မသွားနဲ့လို့ တစ်စုံတစ်ယောက်က ပြောတဲ့အခါ ငါသွားတယ်ဘာဖြစ်သလဲစသည်ဖြင့် ပြန်ပြောတဲ့အခါမျိုးမှာ ဒီမာနစွဲပုံ ထင်ရှားပါတယ်၊ မယာအဘိက္ကမော နိဗ္ဗတ္တိတော၊ ငါက ရှေ့သို့သွားခြင်းကို ဖြစ်စေတယ်၊ ရှေ့သို့သွားအောင်လုပ်တာ ငါပဲလို့ဆိုတာကတော့ စိတ်နာမ်တရားကို ငါအနေနှင့်စွဲလမ်းတဲ့ မာနစွဲကိုပြတာပါ။
အခုပြောခဲ့တဲ့အတိုင်း ဗာလပုထုဇဉ်တွေက သွားချင်တဲ့စိတ်နာမ်နှင့် သွားတဲ့ရုပ်ကို အတ္တကောင်ç ငါကောင်အနေအားဖြင့် ဒိဋ္ဌိမာနနှင့် ထင်မှတ်စွဲလမ်းပြီး တွေဝေနေကြပါတယ်တဲ့။ သတိသမ္ပဇညအဖွင့် ၃၆၉တထာ အသမ္မုယှန္တော၊ ဤသာသနာတော်မှရဟန်းကတော့ အဲဒီလို တွေဝေသိမှားပြီးတော့ ထင်မှတ်စွဲလမ်းခြင်းမရှိပါဘူးတဲ့၊ ဒါဖြင့် ဘယ်လိုသိနေပါသလဲဆိုတော့အဘိက္ကမာမီတိစိတ္တေ ဥပ္ပဇ္ဇမာနေ၊ ရှေ့သို့သွားမည်ဟု စိတ်ဖြစ်လတ်သော်။
တေနေဝ စိတ္တေန သဒ္ဓိံ၊ ထိုစိတ်နှင့်အတူတကွပင်လျှင်။ စိတ္တသမုဋ္ဌာနာ ဝါယောဓာတု၊စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်သည်။ ဝိညတ္တိဇနယမာနာ ဥပ္ပဇ္ဇတိ၊ ဝိညတ်ရုပ်ကိုဖြစ်စေလျက် ဖြစ်ပေါ်လာ၏လို့ ဆိုထားတဲ့အတိုင်း - ရှေ့သို့သွားမည်လို့ ကြံလိုက်တဲ့စိတ်ကလေး ဖြစ်လာတာနှင့် အဲဒီစိတ်၏အစွမ်းကြောင့် ဝါယောဓာတ် ဖြစ်လာပါတယ်တဲ့၊ စိတ်ကြောင့်လှုပ်ရှားမှုဝါယောရုပ်တွေ ဖြစ်လာပါတယ်၊ ခြေထောက်ထဲကစပြီး လှုပ်ရှားမှုတွေ ဖြစ်ဖြစ်လာတယ်၊ အဲဒီလှုပ်ရှားမှုတွေဟာ ကိုယ်အလိုရှိရာဘက်ကို တွန်းကန်တဲ့သတ္တိ ဝိညတ်ရုပ်ကလေးနှင့်တွဲပြီးတော့ တခါတည်း ဖြစ်လာပါတယ်တဲ့။
ဣတိ စိတ္တကိရိယဝါယောဓာတု ဝိပ္ဖာရဝသေန အယံ ကာယသမ္မတော အဋ္ဌိသင်္ဃာတော အဘိက္ကမ တိ။
အဲဒီလို စိတ်ကြောင့်ဖြစ်တဲ့ ဝါယောဓာတ်လေရုပ်တွေက ခြေထောက်အစရှိတဲ့ ကိုယ်အစိတ်အပိုင်းတွေမှာ ပျံ့နှံ့ပြီးဖြစ်ကြတဲ့အတွက် တကိုယ်လုံးမှာပျံ့နှံ့ပြီး လေနှင့်တွန်းတွန်းပို့နေသလို အထပ်ထပ်ဖြစ်နေကြတဲ့အတွက် ကိုယ်လို့ခေါ်ရတဲ့ အဋ္ဌိသင်္ဃတအရိုးစုကြီးဟာ ရှေ့ဘက်သို့ တရွေ့တရွေ့ဖြစ်ဖြစ်သွားပါတယ်တဲ့၊ သွားချင်တဲ့စိတ်ကလေးတွေက ဖြစ်လိုက်၊ ကိုယ်ရုပ်ကလေးတွေက ရှေ့ဘက်ကို တရွေ့တရွေ့ တိုးတိုးပြီးဖြစ်လိုက်၊ ပြီးတော့တခါ သွားချင်တဲ့စိတ်ကလေးတွေက ဖြစ်လိုက်၊ ကိုယ်ရုပ်ကလေးတွေက ဖြစ်လိုက်နှင့် အဲဒီလို တရွေ့ခြင်း စိတ်နှင့်ရုပ်ကလေးတွေ အဆင့်ဆင့် ဖြစ်သွားတာကိုသိပုံကို ပြတဲ့ စကားဖြစ်ပါတယ်။
အဋ္ဌိသင်္ဃာတော
အဲဒီစကားထဲမှာ အဋ္ဌိသင်္ဃာတောလို့ ရှိနေပါတယ်၊ အဲဒီပုဒ်ကို စဉ်းစားဆင်ခြင်သင့်ပါတယ်၊ ဒီစကားထဲမှာပဲ နောက်ပိုင်းကျတော့ ရုပ်နာမ်တွေ ခဏမစဲပျက်နေတာသိပုံကို ပြထားပါတယ်၊ ဒီလိုသိတာဟာ သမထမဟုတ်၊ ဝိပဿနာဖြစ်ပါတယ်၊၃၇၀ ရတနာမြတ်သုံးပါးတို့၏ဂုဏ်ရည်များနှင့် မဟာစည်ဆရာတော်ကြီးဝိပဿနာဉာဏ်မှာ အရိုးစုပညတ် အထည်ဒြပ်ကြီးထင်တယ်လို့ ဆိုဘို့ရာကတော့ သိပ်မလျော်ပါဘူး၊ ဒါကြောင့် ဒီနေရာမှာ ရူပသင်္ဃာတော၊ ရုပ်အစုအဝေးဟုဖြစ်စေ၊ ဓာတုသင်္ဃာတော၊ ဓာတ်အစုအဝေးဟုဖြစ်စေ ရှိလျှင်တော့ သိပ်အဆင်ပြေမှာပါပဲ၊ဒါပေမယ်လို့ ယခုခေတ်မှာရှိနေကြတဲ့ ဗမာ သီဟိုဠ် ယိုးဒယား အင်္ဂလိပ် စာမူအားလုံးက အဋ္ဌိသင်္ဃာတောချည်း ညီနေပါတယ်။ ဒါကြောင့် ဒီပါဌ်ကို မှားတယ်လို့ဆိုဘို့ရာလဲခက်ပါတယ်၊ ရှိရင်းအတိုင်း သင့်အောင်ယူမယ်ဆိုလျှင်တော့ ရုပ်အစုအဝေးကြီး တရွေ့ရွေ့နှင့် ရွေ့ရှားပြီးဖြစ်သွားတာကိုပဲ ရှုတ်ချသောအားဖြင့်နှစ်သက်သာယာဖွယ်မရှိတဲ့စက်ဆုပ်ဖွယ်အနေတင်စားပြီးတော့ အဋ္ဌိသင်္ဃာတော အရိုးစုကြီးလို့ အဋ္ဌကထာဆရာကမိန့်ဆိုတော်မူတယ်လို့ ဒီလိုယူလျှင် သင့်မှာပါပဲ၊ အာဒီနဝဉာဏ်မှာ အပြစ်မြင်ပြီး ထင်ပုံသိပုံကို ပြတယ်လို့ ယူလျှင်လဲ သင့်ဘို့ ရှိပါတယ်။
ယနေ့အဘို့ နိဂုံးချုပ်လျှောက်ထားပါတော့မည်၊ ဂေါစရသမ္ပဇဉ်ဖြင့် မပြတ်ရှုနေတဲ့ပုဂ္ဂိုလ်မှာ ခြေလှမ်းတိုင်းခြေလှမ်းတိုင်း စိတ်အဆင့်ဆင့်ကြောင့် တရွေ့ခြင်း တရွေ့ခြင်းဖြစ်လာတာထင်ပုံများကို ဆက်လက်ပြီးပြောစရာတွေက အများကြီးကျန်ပါသေးတယ်၊ ဒါပေမယ့် ဒီကနေ့တော့ အချိန်က တော်တော်ကြာသွားပြီဖြစ်တဲ့အတွက် ဒီတွင်ပဲရပ်ထားပြီးတော့ နောက်အဆင်သင့်တဲ့ နေ့များကျမှ ဒီအပိုင်းက ကျန်တာတွေကိုဆက်ပြီးတော့ အပြီးသတ်လျှောက်ထားပါမည်ဘုရား။
ဂေါစရသမ္ပဇဉ်ဖြင့် အမြဲမပြတ် ဘာဝနာကို နှလုံးသွင်းနေတဲ့ ပုဂ္ဂိုလ်မှာအသမ္မောဟသမ္ပဇဉ် ဖြစ်လာပါတယ်၊ အသမ္မောဟသမ္ပဇဉ် ဖြစ်တဲ့ပုဂ္ဂိလ်မှာ တနေ့ကလျှောက်ထားခဲ့တဲ့အတိုင်း တွေဝေခြင်း၊ အသိမှားခြင်းမရှိပါဘူး၊ လောကမှာ မိမိတို့သန္တန်က ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေကိုမသိသေးတဲ့ အန္ဓဗာလပုထုဇဉ်ပုဂ္ဂိုလ်တွေကတော့ သွားမယ်လို့ကြံတဲ့ စိတ်ကလေးကိုလဲ အတ္တပဲလို့ စွဲလမ်းနေကြပါတယ်၊ ဒါကြောင့်အတ္တကပဲ သွားအောင်လုပ်ပေးတယ်လို့ ဒီလို ထင်မှတ်စွဲလမ်းနေပါတယ်။လှုပ်ရှားတဲ့ရုပ်တွေကိုလဲ စွဲလမ်းနေကြပါတယ်၊ ဒါကြောင့် အတ္တကပဲ ရှေ့သို့သွားတယ်လို့ ဒီလို ထင်မြင်စွဲလမ်းနေပါတယ်။အသမ္မောဟသမ္ပဇဉ်ပြည့်စုံတဲ့ ပုဂ္ဂိုလ်မှာတော့ အဲဒီလိုထင်မှတ်ခြင်း၊ စွဲလမ်းခြင်း၊သိမှားခြင်း မရှိတော့ပါဘူးတဲ့၊ ဒါဖြင့် ဘယ်လိုသိနေတုံးဆိုတော့ အဋ္ဌသာလိနီသတိသမ္ပဇညအဖွင့် ၃၇၁အဋ္ဌကထာမှာပြထားတဲ့ စိတ်ကြောင့် ရုပ်တွေ အဆင့်ဆင့်ဖြစ်ပြီးတော့ ရွေ့ရှားနေပုံကိုသိလာပါတယ်၊ သုတ်အဋ္ဌကထာပေမယ်လို့ အဘိဓမ္မာလိုပဲ တော်တော် စိတ်စိတ်မွှာမွှာခွဲခြမ်းပြီး ပြထားပါတယ်။
အဘိက္ကမာမီတိစိတ္တေ ဥပ္ပဇ္ဇမာနေ၊ သွားမည်လို့ ကြံလိုက်တာနှင့် အဲဒီစိတ်ကြောင့် စိတ္တသမုဋ္ဌာန် ဝါယောဓါတ်ဖြစ်ပါတယ်တဲ့၊ အဋ္ဌသာလိနီကပြောတဲ့ ဝါယောဓါတ်ပါပဲ၊ အဲဒီဝါယောဓါတ်က ဝိညတ်ကို ဖြစ်စေပါတယ်တဲ့၊ ဒါဟာ ဒီလို ဝိညတ်ကိုဖြစ်စေတယ်ဆိုပေမယ်လို့ ဝိညတ်နှင့် ဝါယောဓါတ်ဟာ တပေါင်းတည်းပါပဲ။ဝိညတ်ဟာ ဝါယောဓါတ်ရဲ့ သတ္တိပဲဖြစ်ပါတယ်။ အလိုရှိရာဘက်သို့ လှုပ်ရှားတွန်းကန်တဲ့ သတ္တိအထူးပါပဲ၊ ဒီလိုတပေါင်းတည်း ဖြစ်လာတာကိုပင် ရှင်းလင်းစွာသိအောင်လို့ဝါယောဓါတ်က ဝိညတ်ကိုဖြစ်စေတယ်လို့ ဆိုထားပါတယ်။
ဒါကိုစဉ်းစားကြည့်ဘို့ကတော့ ရုပ်ဆိုတာဟာ ကမ္မဇç စိတ္တဇç ဥတုဇç အာဟာရဇလို့ လေးမျိုးသာရှိပါတယ်၊ ဝါယောဓါတ်ကြောင့်ဖြစ်တဲ့ ဝါယောဇရုပ်ရယ်လို့တော့မရှိပါဘူး၊ ဒီလိုမရှိပေမယ်လို့ ဝါယောဓါတ်၏သတ္တိအထူးကို ထင်ရှားအောင်လို့ဝါယောဓါတ်က ဝိညတ်ကိုဖြစ်စေတယ်လို့ ဆိုထားပါတယ်။အဲဒီလို စိတ်ကြောင့်ဖြစ်တဲ့ လှုပ်ရှားမှုဝါယောဓါတ်တွေက ခုနက ပြောခဲ့တဲ့အတိုင်း တကိုယ်လုုံးမှာ အနှံ့အပြားဖြစ်ပြီးတော့ တရွေ့ခြင်း ရွေ့ရွေ့သွားတိုင်းသူတို့နှင့် တပေါင်းတည်းဆက်စပ်နေတဲ့ ကမ္မဇရုပ်ç ဥတုဇရုပ်ç အာဟာရဇရုပ်တွေကလဲရေလှုပ်လျှင် ရေပေါ်ကအမှိုက်သရိုက်တွေလဲ လှုပ်လှုပ်သွားသလိုပဲ ရွေ့ရွေ့ပြီးတော့လိုက်ပါသွားကြပါတယ်။
ဒီလို တကိုယ်လုံးရှိရုပ်တွေ အသစ်သစ်ဖြစ်ပြီး တရွေ့ခြင်း ရွေ့ရွေ့သွားသောကြောင့်၊ ကာယသမ္မတော အဋ္ဌိသင်္ဃာတော အဘိက္ကမတိ၊ ကိုယ်လို့ခေါ်တဲ့အရိုးစုကြီးရှေ့သို့တိုးသွားတယ်လို့ ဆိုထားပါတယ်၊ အဋ္ဌိသင်္ဃာတောအစား ရူပသင်္ဃတော-ရုပ်အပေါင်းလို့ ရှိနေလျှင်သာပြီး ရှင်းမှာပါပဲ၊ ဓာတုသင်္ဃာတော- ရှိလျှင်တော့ နောက်နားမှာ ဆိုထားတဲ့ ဓာတူနံ ဂမနံဓာတူနံ ဌာနံ အစရှိတဲ့စကားနှင့် သာပြီးဆီလျော်မှာပါပဲ၊ဆိုလိုရင်းကတော့ ရုပ်အပေါင်းတရွေ့ခြင်း ရွေ့ရွေ့သွားတာကိုပဲဆိုလိုပါတယ်။
၃၇၂ ရတနာမြတ်သုံးပါးတို့၏ဂုဏ်ရည်များနှင့် မဟာစည်ဆရာတော်ကြီဓါတ်လေးပါး၏အချင်းချင်းဦးဆောင်ချိန်အဲဒီလိုရွေ့သွားတဲ့အခါ ခြေတစ်လှမ်းအတွင်း ခြေထောကြွ်ကခိုက်မှာ ပထဝီဓါတ်နှင့် အာပေါဓါတ်က အားနည်းပြီးတော့ ဝါယောဓါတ်နှင့် တေဇောဓါတ်ကအားကြီးပါတယ်၊ ပြီးတော့ တဘက်ခြေကို ဆွဲဆောင်ခိုက်နှင့် တဖက်ခြေကိုကျော်လွန်ပြီးရှေ့လှမ်းခိုက်များလဲ အတူတူပါပဲတဲ့။
ဒီနေရာမှာ ဋီကာအဖွင့်က မှတ်သားဘွယ်ကောင်းပါတယ်၊ ဝါယောဓာတုယာအနုဂဘာ တေဇောဓာတုဥဒ္ဓရဏဿ ပစ္စယောတဲ့။ နောက်လိုက်ဝါယောဓါတ်နှင့်တကွတေဇောဓါတ်ç ဝါယောဓါတ်က အားပေးထောက်ပံ့နေတဲ့ တေဇောဓါတ်ဟာခြေထောကြွ်ကခြင်း၏အကြောင်း ဖြစ်ပါတယ်တဲ့၊ ခြေထောကြွ်ကခိုက်မှာ တေဇောဓါတ်က လွန်ကဲနေတယ်၊ အဲဒီတေဇောဓါတ်ကို ဝါယောဓါတ်ကအားပေးနေတယ်လို့ဆိုလိုပါတယ်။
ဘာကြောင့်တုံးလို့ဆိုတော့၊ ဥဒ္ဓရဏဂတိကာ ဟိ တေဇောဓါတု၊ တေဇောဓါတ်ဆိုတာ အထက်သို့ဆောင်ခြင်းç ြွကတက်ခြင်းသဘော ရှိလို့ပါပဲတဲ့၊ တေဇောဓါတ်ကအခိုးအငွေ့သဘောဖြစ်တဲ့အတွက် သူကိုယ်တိုင်ကပေါ့ပြီး ကြွက်တက်တတ်လို့ကြွက်တက်စေခြင်း သဘောရှိပါတယ်၊ ဒါကြောင့် ခြေထောကြွ်ကခိုက်မှာ အဲဒြွီကတဲ့ခြေထောက်ဘက်မှလှုပ်ရှားအောင် အားပေးတဲ့ဝါယောဓါတ်နှင့် ပေါ့တက်လာတဲ့တေဇောဓါတ်တွေ ထင်ရှားနေတယ်၊ ပထဝီ အာပေါဆိုတဲ့ အလေးဓါတ်တွေကတော့ အဲဒီအခိုက်မှာ အဲဒီခြေဘက်မှာ အားနည်းနေတယ်လို့ ဆိုပါတယ်။
ပြီးတော့ တဘက်ခြေဆီသို့ ဆွဲဆောင်ခိုက် ရှေ့သို့လှမ်းခိုက်များမှာလဲ နည်းတူပဲလို့ အဋ္ဌကထာက ညွှန်သွားပါတယ်၊ ဒီမှာလဲ ဋီကာက ဆွဲဆောင်ခိုက်ç ရှေ့သို့လှမ်းခိုက်များမှာတော့ တေဇောဓါတ်က နောက်လိုက်အားပေးဖြစ်ပြီး ဝါယောဓာတ်က လွန်ကဲတယ်လို့ ခွဲခြားပြီး ပြဆိုထားပါတယ်၊ တိရိယဂတိကာ ဟိ ဝါယောဓာတု၊ ဝါယောဓာတ်ဟာ ဘေးသို့သွားတတ်တဲ့ သဘောရှိတယ်လို့ အကြောင်းလဲ ပြထားပါတယ်၊ ဒါကြောင့်ဘေးကို ရွေ့လျားသွားတဲ့အခါမှာ ဝါယောဓာတ်လွန်ကဲတယ်၊ ဝါယောဓာတ် ထင်ရှားတယ်လို့ မှတ်ရပါတယ်။
သတိသမ္ပဇညအဖွင့် ၃၇၃ပြီးတော့ ခြေလှမ်းအရှိန်ကို လွှတ်လိုက်တဲ့အခါမှာ လေးလေးပြီးကျသွားပါတယ်၊အဲဒီအခါမှာ ပထဝီဓာတ်နှင့် အာပေါဓာတ်က အားကြီးပြီးတော့ တေဇောဓာတ်နှင့်ဝါယောဓာတ်က အားနည်းသွားတယ်လို့ အဋ္ဌကထာက ပြပါတယ်၊ ဒီနေရာမှာလဲဋီကာက ပထဝီဓာတ်က နောက်လိုက်အားပေးဖြစ်ပြီး အာပေါဓာတ်က အားကြီးတဲ့အကြောင်းç ခြေလှမ်းအရှိန်ကို စွန့်လွှတ်ခြင်းအား ကျေးဇူးပြုတဲ့အကြောင်းကို ခွဲခြားပြီးပြဆိုပြန်ပါတယ်၊ အာပေါဓာတ်က အားကြီးတယ်လို့ ဘာကြောင့်ဆိုရပါသလဲလို့ဆိုရင်တော့၊ ဂရုတရသဘာဝါဟိ အာပေါဓာတု၊ အာပေါဓာတ်က ဂရုတရ- သာလွန်ပြီးလေးခြင်း သဘောရှိသောကြောင့်ပါလို့ အကြောင်းလဲ ပြသွားပါတယ်၊ အဋ္ဌသာလိနီအဋ္ဌကထာ ရူပကဏ္ဍမှာ ဂရုကံ- လေးတယ်ဆိုတဲ့ပုဒ်ဖြင့် ပထဝီကို ဝေဖန်ဖွင့်ပြတဲ့အကြောင်း မိန့်ဆိုထားပါတယ်၊ ဒါပေမယ့် ဒီဋီကာမှာ အာပေါဓာတ်ကို ဂရုတရသဘာဝါလို့ တရပစ္စည်းနှင့်ဆိုထားတဲ့အတွက် ပထဝီထက် အာပေါကသာပြီး လေးတယ်လို့ ဆိုလိုကြောင်း သိရပါတယ်။
ဒါကြောင့် ခြေလှမ်းအရှိန်ကို လွှတ်လိုက်လို့ ကျသွားတဲ့အခါမှာ သာပြီးလေးတဲ့အာပေါဓာတ်က လွန်ကဲပြီးတော့ ထင်ရှားတယ်လို့ မှတ်ရပါတယ်။ပြီးတော့ ခြေထောက်ကို ကြမ်းပြင်မြေပြင်ပေါ် ချလိုက်တဲ့အခါမှာ အဲဒီကြမ်းမြေပြင်နှင့်ထိပြီး တည်နေပါတယ်၊ အဲဒီအခါမှာတော့ ပထဝီဓာတ်က လွန်ကဲတယ်လို့ဆိုပါတယ်၊ ပထဝီဓာတ်ဆိုတာ သမ္ပဋိစ္ဆနလက္ခဏာထိပါးတိုက်ခိုက်လာသမျှကိုခံလင့်ခြင်းç တောင့်ခံထားခြင်းç တိုက်ခံထားခြင်း သဘောရှိပါတယ်၊ ဒါကြောင့် အဲဒီလိုမြေပြင်ကြမ်းပြင်နှင့်ထိပြီး တန့်ခံနေတဲ့အခါမှာ အာပေါဓာတ်က နောက်လိုက်ဖြစ်ပြီးပထဝီဓာတ်က အားကြီးနေတယ်လို့ ဆိုပါတယ်၊ ဖိပြီး နင်းခိုက်မှာလဲ အတူတူပါပဲ၊အာပေါက နောက်လိုက်ဖြစ်ပြီး ပထဝီက အားကြီးနေတာပါပဲတဲ့။
ယခုပြောခဲ့တာတွေဟာ ခြေတလှမ်းအတွင်းမှာ ဓာတ်လေးပါးလုံး သူ့အခိုက်နှင့်သူ အသီးသီး လွန်ကဲပုံ ထင်ရှားပုံများ ဖြစ်ပါတယ်၊ အကျဉ်းအားဖြင့်ဆိုလျှင် ခြေကြွခိုက်မှာ တေဇောက လွန်ကဲထင်ရှားတယ်၊ ဆွဲခိုက် လှမ်းခိုက်များမှာ ဝါယောက လွန်ကဲထင်ရှားတယ်၊ ခြေလှမ်းအရှိန် လွှတ်ခိုက်မှာ အာပေါက လွန်ကဲထင်ရှားတယ်၊ ချခိုက်နင်းခိုက်များမှာ ပထဝီက လွန်ကဲထင်ရှားတယ်လို့ ဆိုလိုပါတယ်၊ ဒါဟာ အဋ္ဌကထာနှင့်ဋီကာအဖွင့်နှစ်ရပ်ကို ပေါင်းစပ်ပြီး ပြခြင်းဖြစ်ပါတယ်။
၃၇၄ ရတနာမြတ်သုံးပါးတို့၏ဂုဏ်ရည်များနှင့် မဟာစည်ဆရာတော်ကြီးအကြွç အချီရှုနည်းအဲဒီလို ခြေတလှမ်းအတွင်း ဓာတ်လေးပါး အသီးသီး လွန်ကဲနေတဲ့ အခိုက်အတန့် ခြောက်ခုရှိရာမှာ ဥဒ္ဓရဏေ ပဝတ္တာ ရူပါရူပဓမ္မာ အတိဟရဏံနပါပုဏန္တိ၊ခြေထောကြွ်ကခိုက်က ဖြစ်နေတဲ့ရုပ်နာမ်ဟာ ဆွဲဆောင်ခိုက်သို့ မရောက်ပါဘူးတဲ့၊ခြေထောကြွ်ကမယ်လို့ ကြံတဲ့စိတ်ရယ်၊ ြွကတက်လာတဲ့ရုပ်ရယ်၊ အဲဒီနာမ်ရုပ်တစုံဟာတဘက်ဆီ ဆွဲယူမယ်လို့ကြံတဲ့စိတ်နှင့် ဆွဲယူလိုက်တဲ့ရုပ်ဆိုတဲ့ ဆွဲဆောင်ခိုက်ထိအောင်မရောက်ဘဲ ချုပ်ပျောက်သွားပါတယ်တဲ့။
ထို့အတူ ဆွဲခိုက်ကနာမ်ရုပ်ဟာ လှမ်းခိုက်သို့မရောက်၊ လှမ်းခိုက်ကနာမ်ရုပ်ဟာခြေလှမ်းအရှိန် လွှတ်ခိုက်သို့မရောက်၊ လွှတ်ခိုက်ကနာမ်ရုပ်ဟာ အောက်ချထားခိုက်သို့မရောက်၊ ချထားခိုက်ကနာမ်ရုပ်ဟာ ဖိပြီးနင်းခိုက်သို့မရောက်ဘဲ၊ တတ္ထတတ္ထေဝ၊ ထိုထိုသူ့အခိုက်အတန့်၌သာလျှင်။ ပဗ္ဗံ ပဗ္ဗံ၊ အဆစ်အဆစ် အပိုင်းအပိုင်း။ သန္ဓိ သန္ဓိ၊ အစပ်အစပ်။ သြဓိ သြဓိ၊ အကန့်အကန့်။ ဟုတွာ၊ ဖြစ်၍ တပိုင်းစီတပိုင်းစီ ပြတ်ပြီးပျက်ပျက်သွားတယ်လို့ ဆိုလိုပါတယ်။ ဘယ်လိုလဲဆိုတော့ကာ တတ္တကပါလေ ပက္ခိတ္တတိလာဝိယ ပဋပဋာယန္တာ၊ အလွန်ပူနေတဲ့ဒယ်အိုးကင်းထဲမှာ ထည့်လိုက်တဲ့ နှမ်းလုံးကလေးတွေဟာ ဖတ်ဖတ်မြည်ပြီး ပျက်ကွဲသွားကုန်ဘိသကဲ့သို့။ ဘိဇ္ဇန္တိ၊ ပျက်သွားကြပါတယ်တဲ့။
ဒါဟာ ဂေါစရသမ္ပဇဉ်နှင့် အားထုတ်နေတဲ့ပုဂ္ဂိုလ်မှာ အသမ္မောဟသမ္ပဇဉ်ဖြစ်ပြီးသိလာပုံပါပဲ၊ တကယ်တမ်း အားထုတ်တဲ့ပုဂ္ဂိုလ်မှာ ဒီအတိုင်းပဲသိရပါတယ်၊ အကြောင်းစိတ်ကလေးတွေနှင့် အကျိုး ရုပ်ကလေးတွေဟာ သူ့စိတ်နှင့်သူ့ရုပ် အတွဲလိုက် အတွဲလိုက် တပိုင်းစီဖြစ်ပြီး ပျက်ပျက်သွားတာကို ထင်ရှားတွေ့ပြီး သိရပါတယ်၊ လက်ခြေများကို ကွေးချင်ဆန့်ချင်တဲ့အခါမှာဆိုလျှင် အကြောင်းစိတ်ကလေးတွေဟာ သာပြီး ထင်ရှားတတ်ပါတယ်၊ ကွေးမယ်ကွေးမယ် ဆန့်မယ်ဆန့်မယ်နှင့် ဆင့်ကာဆင့်ကာဖြစ်တဲ့စိတ်ကလေးတွေ တော်တော်များလာမှ ကွေးမှုဆန့်မှုတခု ဖြစ်ပေါ်လာတာကို တွေ့ရတယ်၊ ဒါကြောင့် မပြတ်ရှုနေတဲ့ပုဂ္ဂိုလ်မှာ ခြေလှမ်းတိုင်းခြေလှမ်းတိုင်း သွားချင်တဲ့စိတ်နှင့် လှုပ်ရှားရုပ်ç သွားရုပ် အဆင့်ဆင့် တပိုင်းစီတပိုင်းစီ ဖြစ်ပျက်သွားတာကို ယခုပြောခဲ့တဲ့အတိုင်း တွေ့ပြီး သိရပါတယ်။
သတိသမ္ပဇညအဖွင့် ၃၇၅ ဒီလိုသိရတဲ့အတွက် တတ္ထ၊ ရှေးရှေးအခိုက်အတန့်မှ နောက်နောက် အခိုက်အတန့်သို့ မရောက်ဘဲ ပျက်ပျက်သွားသော ထိုရုပ်နာမ်အပေါင်းထဲ၌၊ ကော ဧကောအဘိက္ကမတိ၊ ရှေ့သို့သွားတဲ့ ပုဂ္ဂိုလ်တယောက် ဘယ်မှာရှိပါမည်လဲ။ ကဿ ဝါဧကဿ အဘိက္ကမနံ၊ ဘယ်သူ တဦးတယောက်၏ ရှေ့သို့သွားခြင်း ဖြစ်နိုင်ပါမည်လဲ။ပရမတ္ထတော ဟိ၊ အမှန်အားဖြင့်မူကား။ ဓာတုနံ ယေဝ ဂမနံ၊ ရုပ်နာမ်ဓာတ်တို့၏သွားခြင်းမျှပဲတဲ့။ သွားချင်တာက စိတ်နာမ်ဓာတ်တွေ၊ သွားတာ ရွေ့ရှားတာကရုပ်ဓာတ်တွေ၊ အဲဒီနာမ်ဓာတ်နှင့် ရုပ်ဓာတ်တွေ တပိုင်းစီတပိုင်းစီ အဆင့်ဆင့်ဖြစ်ပြီးရွေ့ရွေ့သွားနေတာကိုသာ တွေ့ရတယ်လို့ ဆိုလိုတယ်၊ ဓာတူနံယေဝ ဂမနံ၊ ဓာတ်တို့၏သွားခြင်းမျှပဲ။ ပုဂ္ဂိုလ်၏သွားခြင်းမဟုတ်။ ဓာတူနံ ဌာနံ၊ ရပ်နေလျှင်လဲ ဓာတ်တို့၏ရပ်ခြင်းမျှပဲ။ ဓာဘူနံ နိသဇ္ဇနံ၊ ထိုင်နေလျှင်လဲ ဓာတ်တို့၏ထိုင်ခြင်းမျှပဲ။ ဓာတူနံသယနံ၊ လဲလျောင်းနေလျှင်လဲ ဓာတ်တို့၏လဲလျောင်းအိပ်ခြင်းမျှပဲတဲ့။ အဲဒီလို ရှင်းရှင်းလင်းလင်း မတွေမဝေ သိသွားပါတယ်တဲ့။
ဒီနေရာမှာ မှတ်သွားဖွယ်ကောင်းတဲ့ ဋီကာအဖွင့်ကလေးကို ပြပါဦးမည်၊ ပဗ္ဗံ ပဗ္ဗံ စသည်ဖြင့် တပိုင်းစီတပိုင်းစီလို့ ဆိုတာဟာ၊ သဘာဂသန္တတိ ဝသေန ဝုတ္တံ၊ ကြွခြင်းဆွဲခြင်း အစရှိသော သဘောတူရာ တူရာ ရုပ်မျိုးများကို ရည်ပြီးတော့ ဆိုပါတယ်တဲ့။ခြေတလှမ်းအတွင်းမှာ ခြေထောက်ကြွနေတာ အကုန်လုံးက တပိုင်း၊ ဆွဲဆောင်နေတာအကုန်လုံးကလဲ တပိုင်း၊ ရှေ့ကိုလှမ်းနေတာ အကုန်လုံးကလဲ တပိုင်း စသည်ဖြင့်သဘောတူတဲ့ ရုပ်အမူအရာတစုလုံး တစုလုံးကို တပိုင်းတပိုင်းလို့ ဆိုလိုပါတယ်၊ရုပ်တခုတခုကို တပိုင်းတပိုင်းလို့ မဆိုလိုပါဘူးတဲ့။
ပြီးတော့ အဲဒီရုပ်တွေ အဖြစ်မြန်ပုံကိုလဲ အတိ ဣတ္တရော ဟိ ရူပဓမ္မာနမ္ပိပဝတ္တိက္ခဏော၊ နာမ်တရားတို့၏ဖြစ်ခိုက်သာ တိုတောင်းတာ မဟုတ်ပါဘူး၊ ရုပ်တရားတို့၏ ဖြစ်ခိုက်ခဏလဲ အလွန်တိုတောင်း အလွန်လျင်မြန်ပါတယ်တဲ့၊ အဲဒါကို ဂမနဿဒါနံ ဒေဝပုတ္တာနံ ဟေဋ္ဌုပရိယေန ပဋိမုခံ ဓာဝန္တာနံ သိရသိ ပါဒေစ ဗဒ္ဓခုရဓာရာသမာဂမတောပိ သီဃတရောလို့ ဥပမာနှင့်တကွ ပြထားပါတယ်။
၃၇၆ ရတနာမြတ်သုံးပါးတို့၏ဂုဏ်ရည်များနှင့် မဟာစည်ဆရာတော်ကြီးရုပ်နာမ် လျင်မြန်ပုံ ဥပမာ ဒီ ဥပမာကလေးကလဲ အနက်အဓိပ္ပါယ် မလွယ်လှပါဘူး၊ ရှင်းပြီး ပြောသွားပါမည်၊ အမြန်ပြေးသွားမှုကို သာယာနေတဲ့ နတ်နှစ်ယောက် ရှိတယ်လို့ထားပါတဲ့၊အရှေ့အရပ်က နတ်က အနောက်အရပ်သို့ အစွမ်းကုန် အမြန်ပြေးတယ်၊ အနောက်အရပ်က နတ်ကလဲ အရှေ့အရပ်ကို အမြန်ပြေးလာတယ်၊ ပြေးတဲ့လမ်းကလဲ အရှေ့နတ်ကအောက်၊ အနောက်နတ်ကအထက်၊ ဒီလို အထက်အောက် တည့်တည့် ဖြစ်နေရမည်၊ ပြီးတော့ အောက်နတ်၏ခေါင်းမှာ သင်ဓုန်းသွား ထောင်ပြီး တပ်ထားရမယ်၊အထက်နတ်၏ခြေဖဝါးမှာ သင်ဓုန်းသွား စိုက်ပြီး တပ်ထားရမယ်၊ အဲဒီနတ်နှစ်ယောက်ယခုပြောခဲ့တဲ့အတိုင်း သူ့လမ်းနှင့်သူ ရင်ဆိုင် အစွမ်းကုန် အမြန်ပြေးလာကြတယ်ဆိုလျှင် သူတို့နှစ်ဦးဆုံမိတဲ့နေရာမှာ အောက်နတ်၏ခေါင်းကသင်ဓုန်းသွားနှင့် အထက်နတ်၏ခြေကသင်ဓုန်းသွားများဟာ အထက်အောက် တည့်တည့်မတ်မတ်ဖြစ်တဲ့ အချိန်ကလေးရှိပါတယ်၊ အဲဒါဟာ ဘယ်လောက်မှမကြာပါဘူး၊ လှစ်ကနဲတည့်ပြီး လွန်သွားကြမှာပါပဲ၊ ယခုကာလမှာဆိုလျှင် အထက်အောက် ရင်ဆိုင်ပျံလာတဲ့ လေယာဉ်ပျံနှစ်စင်းနှင့် ဥပမာပေးလျှင်သာပြီး ထင်ရှားပါလိမ့်မည်၊ အောက်လမ်းကပျံမည့် လေယာဉ်ပျံ၏ကျောမှာ အသေးဆုံး အမျှင်ကြောင်းကလေး ကန့်လန့်ဖြတ်ရေးထား၊ အထက်လေယာဉ်၏ဝမ်းမှာလဲ ထို့အတူပဲရေးထား၊ အဲဒီလေယာဉ်ပျံနှစ်စင်း အထက်အောက်ဆင့်ပြီးရင်ဆိုင် အမြန်ဆုံးပျံလာကြမည်ဆိုလျှင် သူတို့နှစ်စင်း ဆုံမိတဲ့နေရာမှာ သူတို့မှာရေးထားတဲ့ အစင်းကြောင်းကလေးနှစ်ခု ဆုံမိပြီးသွားတဲ့အချိန်ဟာ အင်မတန်တိုတောင်းမယ်ဆိုတာ ထင်ရှားပါတယ်၊ ရှေးကတော့ ယခုလို လေယာဉ်မျိုးက မပေါ်သေးလို့ နတ်နှင့်ပဲ ဥပမာပေးထားပါတယ်၊ နတ်က ဘယ်လောက်မြန်တယ် ဆိုတာကိုတော့ လက်ဆုပ်လက်ကိုင်ပြဘို့ မလွယ်ပါဘူး၊ ဒါပေမယ့် နတ်ဆိုတာ အင်မတန်မြန်တယ်၊ လေယာဉ်ပျံထက် အဆပေါင်းများစွာ မြန်တယ်ဆိုတာကို အများက လက်ခံယုံကြည်ထားပြီးဖြစ်ပါတယ်၊ ဒါကြောင့် ဒီဥပမာကို ပေးထားခြင်း ဖြစ်ပါတယ်။အဲဒီဥပမာထဲက အထက်နတ်၏ခြေက သင်ဓုန်းသွားနှင့် အောက်နတ်၏ခေါင်းက သင်ဓုန်းသွားတို့ တည့်တည့်ဆုံမိတဲ့ အချိန်ကလေးဟာ အင်မတန် တိုတောင်းမယ် အင်မတန် လျင်မြန်မယ်ဆိုတာ ထင်ရှားပါတယ်၊ ယခု ခြေလှမ်းခိုက်မှာ ရုပ်တွေ သတိသမ္ပဇညအဖွင့် ၃၇၇ ဖြစ်ပျက်တာက အဲဒီ သင်ဓုန်းသွားဆုံမိတဲ့အချိန်ထက်တောင် လျင်မြန် ပါသေးတယ်၊အသမ္မောဟသမ္ပဇဉ်ဖြစ်တဲ့အခါမှာ ဒီလို အင်မတန်လျင်မြန်တဲ့ ရုပ်တရားတွေ ဖြစ်ပျက်ပုံကို သိရတယ်ဆိုတဲ့အကြောင်းကို ဋီကာက ထပ်ဆင့်ပြီး ဖွင့်ပြသွားပါတယ်။
ရုပ်သိလျှင် နာမ်ပါသိ၏ အဲဒီလို လျင်မြန်စွာ ဖြစ်ပျက်နေတဲ့ ရုပ်တွေကို သိတဲ့အခါမှာ နာမ်တရားတွေကိုလဲ သိတဲ့အကြောင်းကို အဋ္ဌကထာက ဆက်ပြီး ပြပြန်ပါတယ်၊ တသ္မိံ တသ္မိံ ကောဋ္ဌာသေ၊ ကြွခိုက်ç ဆွဲဆောင်ခိုက်စသော ထိုထိုအပိုင်း၌။ သဒ္ဓိံရူပေန၊ ကြွမှု ဆွဲဆောင်မှုစသော ရုပ်နှင့်တကွ။ အညံ ဥပ္ပဇ္ဇတေ စိတ္တံ၊ တခြားသော စိတ်အသစ် ဖြစ်ပေါ်လာပါတယ်တဲ့။ အညံ စိတ္တံ နိရုဇ္ဈတိ၊ တခြားသော စိတ်အဟောင်းက ချုပ်သွားပါတယ်တဲ့။ကြွခိုက်မှာ ကြွချင်တဲ့စိတ်နှင့် ကြွတာကိုသိတဲ့စိတ် - ဒီနှစ်မျိုးဟာ ရှေ့ဆင့်နောက်ဆင့် ဖြစ်ပြီးတော့ချုပ်သွားပါတယ်၊ ဆွဲဆောင်ခိုက်မှာလဲ ဆွဲဆောင်ချင်တဲ့စိတ်နှင့် သိတဲ့စိတ်များ ဖြစ်ပြီး ချုပ်သွားကြပါတယ်၊ ဒီနည်းနှင့် ရှေ့စိတ်နှင့် နောက်စိတ်ဟာ တခုပြီးတခုအဆက်မပြတ် ဖြစ်နေပါတယ်၊ ဒါကြောင့်၊ အဝီစိ၊ အပြတ်အခြားမရှိဘဲ။ အနုသမ္ဗန္ဓော၊တဆက်တည်းစပ်လျက်။ ဝတ္တတိ၊ ဖြစ်နေတယ်လို့ ဆိုထားပါတယ်။
ဒီနေရာမှာလဲ ဋီကာက တစပ်တည်းဖြစ်ပုံကို ဖွင့်ပြပြန်ပါတယ်၊ ယထာ၊ အကြင်အခြင်းအရာဖြင့်။ ဝီစိအန္တရော၊ အပြတ်အခြားကို။ န လဗ္ဘတိ၊ မရအပ်။ ကြားထဲကပြတ်နေတာရယ်လို့ မတွေ့ရလောက်အောင်ဘဲ တသားတည်းလိုပင် ဆက်စပ်ပြီး ဖြစ်နေပါတယ်တဲ့။ ဧတံ၊ ယခုဖြစ်လျက်ရှိသော ဤစိတ်သည်။ တဒေဝ၊ အလျင်ကတည်းကရှိနေတဲ့ ထိုစိတ်ပဲလို့။ အဝိသေသ-ဝိဒုနော၊ ရှေ့စိတ် နောက်စိတ်တို့၏အထူးကို မသိကြသော ပုဂ္ဂိုလ်တို့သည်။ မညန္တိ၊ ထင်မှတ်ကြပါတယ်တဲ့။ဝိပဿနာဉာဏ်အမြင် မရှိသေးတဲ့ ပကတိပုဂ္ဂိုလ်တွေမှာ ဒီဋီကာက ပြဆိုထားတဲ့အတိုင်းပဲ ထင်မှတ်နေကြပါတယ်၊ စောစောပိုင်းအချိန်များက စိတ်လဲ ယခုလက်ရှိစိတ်ပဲ၊ မနေ့ကစိတ်လဲ ယခုလက်ရှိစိတ်ပဲ၊ အလျင့်အလျင်နေ့များက စိတ်လဲ ယခုလက်ရှိစိတ်ပဲ၊ တသက်လုံးတဘဝလုံး ဒီတစိတ်တည်းပဲလို့ ထင်နေကြပါတယ်၊ ဒါဟာရှေ့စိတ်နှင့် နောက်စိတ်၏ အထူးအပြားကို မသိသေးတဲ့ ပုဂ္ဂိုလ်တွေ၏ ထင်မြင်ပုံပါပဲ၊၃၇၈ ရတနာမြတ်သုံးပါးတို့၏ဂုဏ်ရည်များနှင့် မဟာစည်ဆရာတော်ကြီးဒီလို အပြတ်အခြား မရှိဘူးလို့ ထင်ရလောက်အောင် ရှေးရှေးစိတ်နှင့် နောက်နောက်စိတ်ဟာ ဆက်စပ်ပြီး ဖြစ်နေပါတယ်တဲ့။
ဒါကြောင့် စိတ္တသန္တာနောစ၊ စိတ်အစဉ်သည်၎င်း။ ရူပသန္တာနောစ၊ ရုပ်အစဉ်သည်၎င်း။ နဒီသောတော ဝ၊ မြစ်ရေအလျဉ်ကဲ့သို့။ ဝတ္တတိ၊ မပြတ်ဖြစ်နေပါတယ်တဲ့။မြစ်ရေများဟာ ရောက်လာတဲ့ရေတွေက အောက်ကို စီးဆင်းသွားပါတယ်။ အထက်ကရေအသစ်တွေက အဲဒီနေရာမှာ ရောက်လာပြန်ပါတယ်၊ ဒါကြောင့် မြစ်ကို ကြည့်လိုက်လျှင် ဒီရေတွေပဲ အမြဲတမ်းပြည့်နေသလိုလို ထင်ရပါတယ်၊ သို့ပေမယ့် တနေရာရာမှစူးစိုက်ပြီး ကြည့်နေမယ်ဆိုလျှင် ကြည့်တိုင်းကြည့်တိုင်းဟာ ရေအသစ်သစ်ကိုချည်းမြင်တွေ့နိုင်ပါတယ်၊ အဟောင်းကိုတော့ မတွေ့နိုင်ပါဘူး၊ အဲဒါကို ဥပမာပေးထားပါတယ်၊ ခန္ဓာကိုယ်ထဲက ရုပ်နာမ်တွေ တခုပြီးတခု ဆက်စပ်ပြီး ဖြစ်နေတာကလဲ အဲဒီမြစ်ရေအလျဉ် ပြောင်းလဲပုံနှင့် တူပါတယ်တဲ့၊ အဲဒီမြစ်ရေလျဉ်လို ခဏမစဲ ပြောင်းပြီးရုပ်နာမ်တွေ ဖြစ်ပျက်နေပုံကို အသမ္မောဟသမ္ပဇဉ်ဖြင့် သိတယ်ဆိုတဲ့ အကြောင်းကိုမှာ ပြသွားပါတယ်။
အဲဒီ သုတ်အဋ္ဌကထာစကားရပ်မှာ ဣဓ ဘိက္ခုလိ အစက ကတ္တားပုဒ် ရှိခဲ့ပါတယ်၊ အလယ်မှာလဲ အသမ္မုယှန္တော၊ မတွေဝေသည်ဖြစ်၍လို့ဆိုပြီးတော့ အဲဒီ ဘိက္ခုကတ္တားစပ်ဘို့ အဆုံးသတ် ပဓာန ကြိယာကတော့ မရှိဘဲ ဖြစ်နေပါတယ်၊ အဲဒါကိုသတိပြုတော်မူကြပြီး ဖြစ်လိမ့်မည်လို့ အောက်မေ့ပါတယ်၊ အမှန်ကတော့ အဲဒီမှာဝတ္တတီတိလို့ ဆိုပြီးတဲ့နောက်မှာ ဇာနာကိဖြစ်စေ ပဇာနာတိဖြစ်စေရှိမှ ပြည့်စုံပါမည်၊ သို့သော် ယခုလက်ရှိမူ အားလုံးမှာပဲ မရှိဘဲဖြစ်နေတဲ့အတွက် အဲဒီကြိယာကို ဆောင်ပြီးတော့ပဲ ယူနေရပါတယ်။
လက္ခဏာရေးဖြင့်သိလျှင် အသမ္မောဟဧဝံ အဘိက္ကမာဒီသု အသမ္မုယှနံ အသမ္မောဟသမ္ပဇညံ နာမတဲ့၊ ယခုပြောခဲ့တဲ့အတိုင်း ရှေ့သို့သွားခြင်းç နောက်သို့ဆုတ်ခြင်းç ကွေးခြင်းç ဆန့်ခြင်း အစရှိသော ကိုယ်အမူအရာတွေကို ပြုတိုင်းပြုတိုင်း ရုပ်နာမ်တရားတွေဟာ တဆင့်ကတဆင့်သို့ မရောက်ဘဲနှင့် ကုန်ကုန်သွားကြတယ်၊ ပျက်ပျက်သွားကြတယ်ဆိုတာကိုသတိသမ္ပဇညအဖွင့် ၃၇၉ တွေးပြီးတော့ မမြဲတဲ့သဘောချည်းပဲç ဆင်းရဲတဲ့သဘောချည်းပဲç ပုဂ္ဂိုလ်သတ္တဝါကောင်မဟုတ်တဲ့ အနတ္တသဘောချည်းပဲလို့ ရှင်းရှင်းလင်းလင်း ကိုယ်ပိုင်ဉာဏ်ဖြင့် သိတာဟာ အသမ္မောဟသမ္ပဇဉ် မတွေမဝေသိတာပါပဲလို့ အသမ္မောဟသမ္ပဇဉ်အကြောင်းကို ဖွင့်ပြသွားပါတယ်၊ အဲဒါက သုတ်အဋ္ဌကထာအဖွင့် ဖြစ်ပါတယ်။
ဒီ အဋ္ဌသာလိနီ အဘိဓမ္မာအဋ္ဌကထာက ပြထားတဲ့ ရုပ်ဖြစ်ပုံဟာလဲ အဲဒီသုတ်က ပြပုံနှင့် တူနေပါတယ်၊ ဒါကြောင့် ယခင်က ကြွင်းကျန်နေတဲ့ သုတ်အဋ္ဌကထာအဖွင့်ကို ယနေ့အဘိဓမ္မာက အဖွင့်နှင့် ပေါင်းစပ်ပြီးတော့ လျှောက်ထားရခြင်း ဖြစ်ပါတယ်၊ ယနေ့အဘို့ ဒီတွင်ပဲရပ်ပြီးတော့ နောက်ထပ် လျှောက်စရာများကို နောက်ရက်မှပဲ ဆက်လက်ပြီး လျှောက်ထားပါတော့မည်ဘုရား။