“ရတနာမြတ်သုံးပါးအား ရှိခိုးပူဇော်ခြင်း၏ အထူးထူးသောအကျိုးကျေးဇူးများ” ကို ဋီကာသင်္ဂါယနာ၌ မဟာစည်ဆရာတော်ကြီး လျှောက်ထားဖြေကြားတော်မူခြင်း။

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

၁၃၂၂-ခုနှစ် တန်ဆောင်မုန်းလဆုတ် ၃-ရက် ဋီကာသင်္ဂါယနာဖွင့်ပွဲတွင် အနီးစခန်းဆရာတော် အရှင်ပဏ္ဍိတထေရ်(၁၂၆၁-၁၃၃၄)က ဋီကာပုစ္ဆကအဖြစ် လည်းကောင်း မဟာစည်ဆရာတော် အရှင်သောဘနထေရ်က ဋီကာဝိဿဇ္ဇကအဖြစ်လည်းကောင်း ဆောင်ရွက်တော်မူကြရာ၌ သာရတ္ထဒီပနီ အမည်ရှိသော ဝိနည်းဋီကာကျမ်းကို မေးမြန်းဖြေဆိုတော်မူကြပြီးလျှင် သံဃာတော်များက စုပေါင်း၍ သင်္ဂါယနာတင် တော်မူကြလေသည်။ ဋီကာဆရာက ကျမ်း၏အစ၌ ရှေးဦးစွာ ရတနာမြတ်သုံးပါးအား ရှိခိုးပူဇော်ခြင်း၏ အထူးထူးသောအကျိုးကျေးဇူးများကို ဖွင့်ပြတော်မူခဲ့လေသည်။ ဤဖွင့်ပြပုံ နည်းအမျိုးမျိုးတို့ကို ပြည့်စုံစွာလျှောက်ထားတော်မူခဲ့သော ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီး၏ ဂုဏ်ကျေးဇူးတော်များကို ကြည်ညိုနိုင်ရန် ဋီကာသင်္ဂါယနာအမေးအဖြေမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။

သာသနာသက္ကရာဇ် ၁၆၉၆-ခုနှစ်မှ ၁၇၂၉-ခုနှစ်အတွင်း အရှင်သာရိပုတ္တရာ အမည်ရှိသောမထေရ်မြတ်၏ သီဟိုဠ်ကျွန်း၌ရေးသားစီရင်တော်မူအပ်သော သာရတ္ထဒီပနီအမည်ရှိသော ဝိနည်းဋီကာကျမ်းသည် အထူးသဖြင့် ကျေးဇူးများလှပါပေသည်။

အဖွင့်အဆို အဆုံးအဖြတ်အရာဌာနတို့၌လည်း အထူးသဖြင့် ပြည့်စုံပါပေသည်။ ပညာရှိပုဂ္ဂိုလ်တို့၏ မြတ်နိုးခြင်းကိုလည်း အထူးသဖြင့် ရပါပေသည်။ သို့ဖြစ်ပါ၍ ဝဇိရဗုဒ္ဓိဋီကာ, သာရတ္ထဒီပနီဋီကာ, ဝိမတိဝိနောဒနီဋီကာဟူသော ဝိနည်းဋီကာကျမ်းကြီးသုံးမျိုးတို့မှ ဤသာရတ္ထဒီပနီဋီကာကျမ်းကို သင်္ဂီတိနာယကမထေရ်မြတ်တို့က ဦးစွာရွေးချယ်၍ ဋီကာသင်္ဂါယနာ တင်တော်မူကြပါသည်။

သံဝဏ္ဏနာအဋ္ဌကထာကျမ်း၏အစ၌ ရတနတ္တယပဏာမကိုပြုခြင်းသည် “မိမိဝန်ခံထားသော အဋ္ဌကထာကျမ်း၏ အန္တရာယ်မရှိပဲပြီးစီးခြင်းအကျိုးရှိသည်”ဟု သိအပ်သိသင့်ကြောင်း ပြဆိုထားပါသည်။ ထို့ပြင် ဤအကျိုးကိုသာ အဋ္ဌကထာဆရာမြတ် အလိုရှိအပ်ကြောင်းကိုလည်း ပြဆိုပြီးလျှင် ထိုစကားမှန်ကန်ကြောင်းကို ပြီးစီးစေရန်လည်း သက်သေသာဓကပြလို၍ “ဣစ္စေဝ မစ္စန္တနမဿ နေယျံ, နမဿမာနော ရတနတ္တယံ ယံ၊ ပုညာဘိသန္ဒံ ဝိပုလံ အလတံ္ထ, တဿာနုဘာဝေန ဟတန္တရာယော” ဟူသော အဋ္ဌကထာဆရာ၏ဂါထာစကားကိုပင် ထုတ်ဆောင်ပြပြန်ပါသည်။ “ဤဆိုအပ်ခဲ့ပြီးသောအစဉ်ဖြင့် စင်စစ်ရှိခိုးပူဇော်ခြင်းငှါ ထိုက်တော်မူသော ရတနာမြတ် သုံးပါးအပေါင်းကို ချီးကျူးမြတ်နိုးရှိခိုးပူဇော်သော အဋ္ဌကထာကျမ်းပြုဆရာငါသည် ပြန့်ပြောကြီးကျယ်သော အကြင်ကောင်းမှုအယဉ်ကို ရရှိပြီ။ ထိုကောင်းမှု အယဉ်၏ အစွမ်းအာနုဘော်ဖြင့် အန္တရာယ်ကို ပယ်ဖျောက်ပြီးသည်ဖြစ်၍ ဝိနည်းပိဋကကိုဖွင့်ပြပေအံ့” ဤသို့အဋ္ဌကထာ၌ ပြဆိုထားပါသည်။ ထို့ကြောင့် “အန္တရာယ်ကင်းပျောက်စေရန်အလို့ငှါ ရတနတ္တယပဏာမကို အဋ္ဌကထာဆရာ ပြုတော်မူသည်” ဟုပြဆိုသော (မိမိဋီကာဆရာ၏) စကားသည် ထိုအဋ္ဌကထာစကားနှင့် ညီညွတ်လျက်ရှိသောကြောင့် “မိမိပြဆိုသည့်အတိုင်းပင် မှန်ကန်သည်”ဟု ဆိုလိုပါသည်။ ဆက်လက်ဖတ်ရှုရန် ...

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ဆက်လက်၍လည်း ဖော်ပြသွားပုံမှာ “ရတနာသုံးပါးကို ပူဇော်မှုကုသိုလ်၏ အစွမ်းကြောင့် အဋ္ဌကထာဆရာမှာ ဉာဏ်ပညာထက်မြက်လာပါသည်။ ထို့ကြောင့် အဋ္ဌကထာကျမ်းကို စီရင်ရေးသားရာမှာ နှောင့်နှေးခြင်းအန္တရာယ်မရှိပဲ လွယ်ကူစွာပြီးစီးနိုင်ခြင်း အကျိုးရှိသွားသည်”ဟု ဆိုလိုပါသည်။ “ထိုသို့ ဉာဏ်ပညာထက်မြက်သည်မှာလည်း အဘယ်ကြောင့်ပါနည်း” ဆိုသောအချက်ကို ရှင်းလင်းနိုင်စေရန် “တာယ ပညာ ပါဋဝဉ္စ ရာဂါဒိမလဝိဓမနတော”ဟု ဒုတိယထပ်ဆင့်၍ ဖြေရှင်းသွားပြန်ပါသည်။ ဆိုလိုသည်မှာ “ရတနာမြတ်သုံးပါးအား ရှိခိုးပူဇော်ခြင်းဖြင့် ရာဂအစရှိသော အညစ်အကြေးကို သုတ်သင်စင်ကြယ်စေနိုင်သည်။ ထိုသို့ စိတ်အညစ်အကြေး စင်ကြယ်သောကြောင့် ဉာဏ်ပညာထက်မြက်ခြင်း ပြီးစီးသည်”ဟု ဆိုလိုပါသည်။ ထိုပြဆိုချက်မှာ ဖြစ်သင့်သော သဘာဝယုတ္တိ အားဖြင့် ပြဆိုချက်မျှသာဖြစ်သောကြောင့် ထိုစကားကို မြတ်စွာဘုရား ဟောတော်မူသော အာဂမယုတ္တိ ဖြင့်လည်း ခိုင်မြဲစေရန်အတွက် “ယသိံ္မ မဟာနာမ သမယေ အရိယသာဝကော တထာဂတံ အနုဿရတိ” စသည်ဖြင့် သံယုတ်ပါဠိတော်မှ မဟာနာမသုတ်ကိုလည်း ထုတ်ဆောင်၍ပြတော်မူပါသည်။ ထိုသုတ်၏ အနက်အဓိပ္ပါယ်မှာ မဟာနာမ်မင်း အကြင်အခါကာလ၌ အရိယသာဝကသည် မြတ်စွာဘုရားကို နှလုံးသွင်းဆင်ခြင်၏။ မြတ်စွာဘုရားကို နှလုံးသွင်းဆင်ခြင်နေသော ထိုအခါကာလ၌ ထိုအရိယသာဝက၏ သန္တာန်မှာ ရာဂနှိပ်စက်အပ်သောစိတ်သည် မဖြစ်ပေ။ ထိုကာလ၌ ထိုအရိယသာဝက၏သန္တာန်တွင် ဖြောင့်မတ်သောစိတ်သာလျှင်ဖြစ်သည်ဟု ထိုသုတ်ကပြဆိုပါသည်။

တဖန် ပညာထက်မြက်ခြင်း၏အကြောင်းကို ဤသို့လည်းပြပြန်ပါသည်။ ရတနာ မြတ်သုံးပါးအား ရှိခိုးပူဇော်မှုကုသိုလ်သည် ပညာ၏ပဒဋ္ဌာန်ဖြစ်သည့် သမာဓိ၏အကြောင်းဖြစ်သည်ဟုဆိုပါသည်။ ထိုစကား၏သက်သေသာဓကကိုလည်း “ဧဝံ ဥဇု ဂတစိတ္တော ခေါ မဟာနာမ အရိယသာဝကော လဘတိ အတ္ထဝေဒံ” စသည်ဖြင့် မဟာနာမသုတ်မှပင် ထုတ်ဆောင်၍ပြသွားပါသည်။ အနက်အဓိပ္ပါယ်မှာ မဟာနာမ်မင်း ဤဆိုခဲ့ပြီးသောနည်းဖြင့် ဖြောင့်မတ်စွာစိတ်ရှိသော အရိယသာဝကသည် အနက် အဓိပ္ပါယ်ကိုသိသော ဉာဏ်ကိုလည်းရ၏။ တရားဒေသနာကိုသိသော ဉာဏ်ကိုလည်းရ၏၊ တရားနှင့်စပ်၍ နှစ်သိမ့်အားရသော ပါမောဇ္ဇကိုလည်းရ၏၊ ဝမ်းမြောက်သောပီတိ ဖြစ်ပေါ်လာ၏၊ ဝမ်းမြောက်သော စိတ်နှလုံးရှိသည့် ထိုအရိယသာဝက၏ နာမ်ရုပ်အပေါင်းတို့သည် ပူပန်မှုကင်းဝေးလျက် ငြိမ်းအေးသွား၏။ ငြိမ်းအေးသောကိုယ်ရှိသည့် ထိုအရိယသာဝကသည် ကိုယ်စိတ်ချမ်းသာကိုခံစားရ၏၊ ကိုယ်စိတ်ချမ်းသာနှင့် ပြည့်စုံနေသော ထိုအရိယသာဝက၏စိတ်သည် ကောင်းစွာတည်ကြည်လေတော့သည်ဟု ထိုသုတ်က ပြဆိုပါသည်။ သို့သော်လည်း ဖြစ်ပေါ်လာသောထိုသမာဓိက ပညာ၏နီးသောအကြောင်း ပဒဋ္ဌာန်ဖြစ်ပုံကို အဘယ်သို့သိရပါမည်နည်းဟု မေးမြန်းဖွယ်ရှိပြန်သည့်အတွက် “သမာဟိတော ယထာဘူတံ ပဇာနာတိ” ဟူ၍ မြတ်စွာဘုရားဟောထားသော စကားတော်ရှိကြောင်းကိုလည်း ထုတ်ဆောင်၍ပြသွားပြန်ပါသည်။ သမာဟိတော-စိတ်တည်ကြည်သောပုဂ္ဂိုလ်သည်၊ ယထာဘူတံ-ဟုတ်တိုင်းမှန်စွာ၊ ပဇာနာတိ-သိ၏ဟူသော ဤပါဠိအရအားဖြင့် “သမာဓိမဖြစ်လျှင် ဉာဏ်ပညာမဖြစ်နိုင်၊ သမာဓိဖြစ်လျှင် ဉာဏ်ပညာဖြစ်သည်”ဟု သိရသောကြောင့် သမာဓိသည် ပညာ၏ပဒဋ္ဌာန်ဖြစ်ကြောင်း သိနိုင်သည်ကို ရှင်းလင်းပြဆိုသွားပါသည်။ ဧဝံ-ဤဆိုခဲ့သည့် အခြင်းအရာအားဖြင့်၊ ပဋုဘူတာယ-ထက်မြက်သည်ဖြစ်၍ဖြစ်သော၊ ဝါ-ထက်မြက်သော အစွမ်းသတ္တိနှင့်ပြည့်စုံသော၊ ပညာယ-ပညာဖြင့်၊ ပဋိညာမဟတ္တကတံ- ဝန်ခံမှုကြီးကျယ်ခြင်းက ပြုအပ်ဖြစ်စေအပ်သော၊ ခေဒံ-ပင်ပန်းခြင်းကို၊ အဘိဘုယျ-လွှမ်းမိုးပယ်ရှား၍။ အဋ္ဌကထာကျမ်းကြီးကို ရေးသားစီရင်မည်ဟူ၍ တာဝန်ယူသော အဋ္ဌကထာဆရာ၏ဝန်ခံချက်သည် သေးငယ်သောတာဝန်မဟုတ်ပါ၊ အလွန်ကြီးလေးလှစွာသော တာဝန်ကြီးဖြစ်ပါသည်။ ဤအရာ၌ နှိုင်းချိန်ကြည့်ရန်မှာ ယခုခေတ် လောကတွင် ပညာရှိပရိသတ်များအလယ်၌ ဖတ်ပြပြောဆိုရန်အတွက် စာကောင်းတပိုဒ်ကို ရေးရမည် ဆိုလျှင်ပင် ရဲရဲဝန်ခံရန်မလွယ်ကူလှပါ၊ ဤသို့ လောကရေးရာသာမန်စာတစ်ပိုဒ်ကိုပင် ဝန်ခံ၍ရေးရန် မလွယ်ကူသည်ကို ထောက်ဆ၍ကြည့်လျှင် မြတ်စွာဘုရားဟောတော်မူအပ်သည့် သုတ်ç ဝိနည်းç အဘိဓမ္မာပါဠိတော်တို့ကို မြတ်စွာဘုရား၏အလိုတော်ကျ မှန်ကန်စွာဖွင့်ပြသော အဋ္ဌကထာကျမ်းကြီး တစောင်ဖြစ်အောင် ရေးသားစီရင်ပါမည်ဟု ရဲရင့်စွာတာဝန်ယူသော အဋ္ဌကထာဆရာ၏ ထိုဝန်ခံချက် ပဋိညာဉ်ဟာ အလွန်ပင်ကြီးကျယ်ကြောင်း ထင်ရှားလှပါသည်၊ ထိုဝန်ခံချက် အားလျော်စွာ ရေးသားပြုစုရမည့် တာဝန်မှာလည်း အလွန့်အလွန်ပင် ကြီးလေးလှပါပေသည်။

ထိုတာဝန် ကြီးလေးသလောက်ပင် ရေးသားပြုစုသောအခါ၌ ဉာဏ်မထက်မြက်လျှင် အကြီးအကျယ် ပင်ပန်းခြင်းဖြစ်နိုင်သည်မှာလည်း ထင်ရှားလှပါသည်၊ သို့သော် အဋ္ဌကထာဆရာမှာမူကား ရတနတ္တယပဏာမကိုမှီ၍ သမာဓိဖြစ်ပွားလျက်ရှိသဖြင့် ထိုသမာဓိဟူသောပဒဋ္ဌာန်ကြောင့် အဋ္ဌကထာကို ရေးသားစီရင်နိုင်ရန် ဉာဏ်ပညာမှာလည်း ထက်မြက်လျက်ရှိပါသည်။ ထိုထက်မြက်သော ဉာဏ်ပညာဖြင့် ပင်ပန်းဖွယ်ဟူသမျှကို လွှမ်းမိုးပယ်ရှား၍ အဋ္ဌကထာကျမ်းကို ပြီးစီးစေနိုင်သည်ဟု ဆိုလိုပါသည်။

သို့ဖြစ်၍ “အနန္တရာယေန ပရိသမာပနတ္ထံ - ရတနာမြတ်သုံးပါးအား ရှိခိုးခြင်းပဏာမသည် ဝန်ခံထားသောကျမ်းကို အန္တရာယ်မရှိပဲပြီးစေနိုင်ခြင်းအကျိုးရှိသည်”ဟု ပထမက မိမိဆိုခဲ့ကြောင်းကိုလည်း ပြန်လည်စပ်ဟပ်လျက် ပြဆိုသွားပါသည်။ ထို့ပြင်အန္တရာယ်မရှိပဲ ကျမ်းကိုပြီးစေရာမှာ ပညာထက်မြက်သော အကြောင်းမှတပါး အခြားအကြောင်းကြောင့်လည်း ပြီးစေနိုင်ပုံကို အထဝါစသည်ဖြင့် တနည်းတဖုံ ပြသွားပြန်ပါသည်။ ပြပုံမှာ ရတနာမြတ်သုံးပါးအားရှိခိုးပူဇော်ခြင်းနှင့် အသက်, အဆင်း, ချမ်းသာ, ခွန်အားဟူသော အကျိုး ၄-ပါးတို့ တိုးပွားကြသည်။ ထိုအကျိုး ၄-ပါး တိုးပွားခြင်းဟူသော အကြောင်းကြောင့်လည်း ဝန်ခံထားသောကျမ်းကို အန္တရာယ်မရှိပဲ စီရင်၍ ပြီးစေနိုင်သည်ဟုဆိုပါသည်။ ထိုစကားရပ်၌ ရတနာမြတ်သုံးပါးအားရှိခိုးခြင်းဖြင့် အသက်, အဆင်း, ချမ်းသာ, ခွန်အားဟူသော အကျိုး ၄-ပါး တိုးပွားနိုင်ကြောင်းကို “အဘိဝါဒန သီလိဿç နိစံ္စ ဝုဎ္ဍာုပစာယိနော၊ စတ္တာရော ဓမ္မာ ဝဎ္ဍုန္တိ, အာယု ဝဏ္ဏောသုခံ ဗလံ” ဟူသော ဘုရားဟောပါဠိတော်ဖြင့် သာဓကလည်း ပြသွားပါသည်။

ထို့ပြင် တနည်းပြပြန်သည်မှာ “ရတနာမြတ်သုံးပါးအားရှိခိုးခြင်း, အရိုအသေပြုခြင်းသည် အပရိဟာနိယ တရားဖြစ်၍ ပဋိဘာန်ဉာဏ်ပညာ မဆုတ်ယုတ်ခြင်းကို ဆောင်တတ်ဖြစ်စေတတ်သည်” ဟုဆိုပါသည်၊ အပရိဟာနိယတရားဖြစ်ကြောင်းကိုလည်း “သတ္တိမေ ဘိက္ခဝေ အပရိဟာနိယာ ဓမ္မာ” စသည်ဖြင့် သာဓက ထုတ်ပြသွားပါသည်။ ထိုအပရိဟာနိယ မဆုတ်ယုတ်ကြောင်းတရားများမှာ

  • (၁)
    သတ္ထုဂါရဝတာမြတ်စွာဘုရား၌ရိုသေခြင်း၊
  • (၂)
    ဓမ္မဂါရဝတာ-တရားတော်၌ရိုသေခြင်း၊
  • (၃)
    သံဃဂါရဝတာ-သံဃာတော်၌ရိုသေခြင်း၊
  • (၄)
    သိက္ခာဂါရဝတာ-မိမိ၏သီလ, သမာဓိ, ပညာ အကျင့်သိက္ခာ၌ ရိုသေခြင်း၊
  • (၅)
    သမာဓိဂါရဝတာ-သမာဓိ၌ရိုသေခြင်း၊
  • (၆)
    ကလျာဏမိတ္တတာမိတ်ကောင်းဆွေကောင်းရှိခြင်း၊
  • (၇)
    သောဝစဿတာ-ဆိုဆုံးမလွယ်ခြင်း၊ ဟူသော ဤ၇-ပါးတို့ပင်ဖြစ်ပါသည်။ ထို၇-ပါးထဲမှ သတ္ထုဂါရဝတာ, ဓမ္မဂါရဝတာ, သံဃဂါရဝတာ ဟူသော အပရိဟာနိယတရားသုံးပါးမှာ ရတနာမြတ်သုံးပါးအားရှိခိုးခြင်းနှင့် သက်ဆိုင်ကြောင်း ဋီကာဆရာကသိစေပါသည်။ သို့ဖြစ်၍ ရတနာမြတ်သုံးပါးအားရှိခိုးခြင်းသည် အပရိဟာနိယ တရားဖြစ်သောကြောင့်လည်း ပညာမဆုတ်ယုတ်ခြင်း ဖြစ်စေသည်။

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ပညာမဆုတ်ယုတ်သောကြောင့် အဋ္ဌကထာကျမ်းကိုရေးသားစီစဉ်ရာမှာ နှောင့်နှေးခြင်းအန္တရာယ်မရှိပဲ လွယ်ကူစွာနှင့်ပြီးစေနိုင်သည်ဟုဆိုလိုပါသည်။ ထို့ပြင် တနည်းပြပြန်သည်မှာ ရတနာမြတ်သုံးပါးသည် ကြည်ညိုဖွယ်ဂုဏ်နှင့် ပြည့်စုံ၍ ကြည်ညိုခြင်း၏တည်ရာ, ဖြစ်ပွားရာဖြစ်သောကြောင့် ပသာဒဝတ္ထု မည်ပါသည်။ ထိုပသာဒဝတ္ထုအစစ်ဖြစ်သော ရတနာမြတ်သုံးပါးအားရှိခိုးပူဇော်ခြင်းသည် လွန်ကဲသော ကောင်းမှုအထူးဖြစ်ပါသည်။ ထိုသို့ ကောင်းမှုအထူးဖြစ်သောကြောင့်လည်း အဋ္ဌကထာကျမ်းကို ရေးသားစီရင်ရာတွင် အန္တရာယ်မရှိပဲ ပြီးစေနိုင်သည်ဟုဆိုပါသည်။

ဤအရာ၌ လွန်ကဲသောကောင်းမှုအထူးဖြစ်ကြောင်းကို ဓမ္မပဒပါဠိတော်, အပါဒါန် ပါဠိတော်များမှ ဤသို့သာဓကထုတ်ပြသွားပါသည်။ “ပူဇာ ရဟေ ပူဇယ တော, ဗုဒ္ဓေ ယဒိဝ သာဝကေ။ ပပဉ္စသမတိက္ကန္တေ, တိဏ္ဏသောကပရိဒ္ဒဝေ။ တေ တာဒိသေ ပူဇယ တော, နိဗ္ဗုတေ အကုတော ဘယေ။ န သက္ကာပုညံ သင်္ခါတုံ, ဣမေတ္တမပိ ကေနစိ” တဏှာ, ဒိဋ္ဌိ, မာနတည်းဟူသော ပပဉ္စတရားကို လွန်မြောက်တော်မူကုန်ပြီးသော၊ ပပဉ္စတရားကို လွန်မြောက်တော်မူကုန်ပြီးသည်ဖြစ်၍ စိုးရိမ်ပူဆွေးခြင်း, ငိုကြွေးခြင်းကို ကျော်လွန်တော်မူ ကုန်ပြီးသော၊ ကျော်လွန်တော်မူပြီးဖြစ်ကုန်၍ ပူဇော်ခြင်းငှါထိုက်တန် တော်မူကုန်သော သက်တော်ထင်ရှား မြတ်စွာဘုရားနှင့် အသက်ထင်ရှားရှိသည့် တပည့်သာဝကတို့ကို ပူဇော်သောသူ၏ကောင်းမှုကို လည်းကောင်း, ပရိနိဗ္ဗာန်စံတော်မူကုန်ပြီးသော၊ ပရိနိဗ္ဗာန်စံလွန်တော်မူပြီးဖြစ်ကုန်၍ မည်သည့်အရပ်ကမျှ, မည်သည့်အကြောင်းကြောင့်မျှ ဘေးမရှိကုန်သော အချင်းခပ်သိမ်း ဘေးငြိမ်းတော်မူကုန်ပြီးသော မြတ်စွာဘုရားတို့နှင့်ရဟန္တာသာဝကတို့ကို ပူဇော်သောသူ၏ ကောင်းမှုကိုလည်းကောင်း, ဤပူဇော်ခြင်း ကောင်းမှုသည် ဤမျှသာအစွမ်းရှိသည်, ဤမျှသာအကျိုးပေးနိုင်သည်ဟု နတ်လူဗြဟ္မာသတ္တဝါတို့တွင် တစုံတယောက်မျှသည်လည်း ခန့်မှန်းခြင်း, ချင့်တွက်ခြင်း, ချိန်စက်ခြင်းတို့တွင် တစုံတခုသော တွက်ခြင်းမျိုးဖြင့်လည်း ရေတွက်ခြင်းငှာ မစွမ်းနိုင်ပေ။ ဤသို့ပြဆိုထားသောကြောင့် ရတနာမြတ် သုံးပါးအား ရှိခိုးပူဇော်ခြင်းသည် လွန်ကဲထူးမြတ်သောကောင်းမှုဖြစ်ကြောင်း ထင်ရှားပါသည်။

ထို့ကြောင့် “ပုညာတိသယဖြစ်သော ဤကောင်းမှုသည် အလိုရှိအပ်သော အကျိုးကိစ္စကို ပြီးစေနိုင်သော အကြောင်းဥပါယဖြစ်သည်” ဟူ၍လည်း မိန့်ဆိုပြီးလျှင် ထိုစကားမှန်ကန်ကြောင်း ထင်ရှားစေရန် နိဓိကဏ္ဍသုတ်မှဂါထာကိုလည်း ဤသို့ထုတ်ဆောင်ပြတော်မူပါသည်။ “ဧသ ဒေဝ မနုဿာနံ, သဗ္ဗကာမဒဒေါ နိဓိ၊ ယံ ယံ ဒေဝါဘိ ပတ္ထေန္တိ, သဗ္ဗမေတေန လဗ္ဘတိ” ဤကောင်းမှုတည်းဟူသော ရတနာရွှေအိုးသည် နတ်လူတို့၏အလုံးစုံသောအလိုကို ပေးတတ်သော ရတနာရွှေအိုးကြီးပါပေတည်း။

အကြင်အကြင်ကောင်းကျိုးချမ်းသာကို နတ်လူတို့ကလိုလားတောင့်တကုန်၏။ ထိုထို လိုလားတောင့်တ တိုင်းသော ကောင်းကျိုးချမ်းသာဟူသမျှ အလုံးစုံကိုပင်လျှင် ဤကောင်းမှုတည်းဟူသော ရတနာရွှေအိုးဖြင့် ရအပ်ရနိုင်ပေ၏။ ဤပါဠိအရဖြင့်ရတနတ္တယပဏာမကောင်းမှုသည် လိုအပ်သမျှကိုရစေနိုင်သော ဥပါယအကြောင်းမှန်ဖြစ်ကြောင်း ထင်ရှားပြန်ပါသည်။ ထို့ကြောင့် ထိုအကြောင်းမှန်ဥပါယဖြစ်သော ရတနတ္တယပဏာမကိုပြုသော အဋ္ဌကထာဆရာအား မိမိလိုလားအပ်သည့်အတိုင်း ကျမ်းကို ရေးသားပြုစုခြင်းအမှုပြီးသည်ဟူ၍ ဆုံးဖြတ်ချက်ချတော်မူပါသည်။

ထို့နောက် အထူးဝိသေသအားဖြင့် ဆက်လက်၍ပြဆိုပြန်သည်မှာ ရတနာမြတ်သုံးပါးအား ရှိခိုးပူဇော်ခြင်း သည် ကုသိုလ်ကောင်းမှုကို စိုက်ပျိုးရာလယ်မြေထဲမှာ အလွန်အကဲမရှိ အကောင်းဆုံးလယ်မြေ သဖွယ်ဖြစ်သော ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်, တရားထူးတရားမြတ်တို့ကို အာရုံပြုဖြစ်ပွားရသောကြောင့် မနှိုင်းယှဉ်မရေတွက်နိုင်သည့် အစွမ်းအာနုဘော်ရှိသော ကောင်းမှုဖြစ်သည်။ လွန်ကဲထူးမြတ်သော ကောင်းမှုလည်းဖြစ်သည်။ သို့ဖြစ်၍ လူ့လောက၌အမျိုးမျိုးအထွေထွေဘေးရန်အန္တရာယ်တို့ များပြားစွာ ပင်ရှိငြားသော်လည်း ထိုရတနတ္တယပဏာမ ကောင်းမှုထူးက အန္တရာယ်အနှောင့်အယှက်ဟူသမျှကိုလည်း ပယ်ရှားနိုင်သည်။ ညစ်ညူးကြောင်း ကိလေသာတို့ကိုလည်း ပယ်ဖျက်နိုင်သည်။ ကြောက်မက်ဖွယ် ဘေးအစရှိသော ကပ်ရောက်၍နှိပ်စက်တတ်သော အကျိုးမဲ့ဥပဒ္ဒဝေါဟူသမျှကိုလည်း တားမြစ်တတ်သည်ဟု မိန့်ဆိုပါသည်။ သို့ဖြစ်၍ ရတနတ္တယပဏာမ ကောင်းမှုအထူးနှင့်ပြည့်စုံသော အဋ္ဌကထာဆရာမှာ မိမိရည်ရွယ်သည့်အတိုင်းပင် အဋ္ဌကထာကျမ်းကိုရေးသားစီရင်၍ ပြီးစေနိုင်သည်ဟု ဆိုလိုပါသည်။

ဤအရာမှာ ဋီကာဆရာတော်က မိမိရှေးကပြခဲ့သော အဆုံးအဖြတ်စကားနှင့်လည်း ပြန်လည်ဆက်စပ်၍ ပဏာမအကျိုးပြုစကားကို ဤသို့နိဂုံးချုပ်သွားပါသည်။ ရတနတ္တယပဏာမ ကောင်းမှုအထူးသည် အန္တရာယ်အနှောင့်အယှက်ကို ပယ်ရှားတတ်ခြင်း, ညစ်ညူးကြောင်းကိလေသာကို ပယ်ဖျက်တတ်ခြင်း, ဘေးဥပဒ္ဒဝေါတို့ကို တားမြစ်တတ်ခြင်းဟူသော ထိုအကြောင်းကြောင့်၊ သံဝဏ္ဏနာ၏အစ၌ ရတနာမြတ်သုံးပါးအား ရှိခိုးခြင်းကိုပြုခြင်းသည် ဝန်ခံထားတိုင်းသော အဖွင့်အဋ္ဌကထာကျမ်းကို၊ အန္တရာယ်မရှိပဲပြီးစေနိုင်ခြင်း အကျိုးရှိသည်ဟူ၍ ရှေးက ငါဆိုအပ်ခဲ့သောစကားသည် ကောင်းစွာ ဆိုအပ်သော မှန်ကန်သောစကားပါပေတည်းဟူ၍ ရတနတ္တယပဏာမ၏ အကျိုးပြစကားကို နိဂုံးကမ္ပတ် အဆုံးသတ်သွားပါသည်။

ဤသို့ဖြစ်၍ ဝိနည်းအဋ္ဌကထာ၏အစ၌ ပြဆိုထားသော “ယောကပ္ပကောဋီဟိ” အစရှိသောဂါထာတို့ကို သာရတ္ထဒီပနီဋီကာကျမ်းပြုဆရာ အရှင်သာရိပုတ္တရာမထေရ်မြတ်သည် ယခုဘုရားတပည့်တော် ဖော်ပြ လျှောက်ထားခဲ့သော ဖွင့်ပုံဖွင့်နည်းစသည်ဖြင့် အကျယ်ဝိတ္ထာရ ဖွင့်ပြတော်မူအပ်ခဲ့ပါသည် အရှင်ဘုရား။

“ဤသို့ဖြင့် ကျေးဇူးရှင်မဟာစည်ဆရာတော်ကြီးသည် ဆဋ္ဌသင်္ဂါယနာသဘင်တွင် သံဃာတော်ကို တင့်တယ်စေပုံ, သံဃာ့အလယ်တင့်တယ်ပုံမှာ အံ့သြလောက်အောင်ပင်ဖြစ်လေသည်” ဟူ၍ ပခုက္ကူ အရှင်ကေလာသဆရာတော်ပူဇော်သော ထေရဝုတ္တန္တဝိလာသိနီကျမ်း၌ ဖော်ပြပါရှိလေသည်။

ကျမ်းကိုး။ သာသနာ့ရောင်ခြည် အတွဲ-၁၀၊ အမှတ်-၁၊ ၁၃၂၂-ခုနှစ် တပို့တွဲလပြည့်နေ့။