Test 8
08 May 2024
ရေးသားသူ - ဖြည့်စွက်ရန်
ဖတ်ရှုချိန် - ဖြည့်စွက်ရန်
၁။ ဤအဖွဲ့ချုပ်ကို မြန်မာသက္ကရာဇ် ၁၃၀၉-ခုနှစ်၊ နတ်တော် လဆန်း (၁)ရက်၊ အင်္ဂလိပ်သက္ကရာဇ် ၁၉၄၇-ခု၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏နေအိမ်၌ စည်းဝေး တည်ထောင်ခဲ့ပါသည်။ အဖွဲ့ချုပ်အမည်ကို “ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီး” The Union of Burma Buddha Sasana Nuggha Organization ဟုခေါ်တွင်ခဲ့ပါသည်။
၂။ အောက်အမည်ပါ ပုဂ္ဂိုလ်ကြီးများသည် ဤဗုဒ္ဓသာသနာ နုဂ္ဂဟအဖွဲ့ချုပ်ကို စတင် တည်ထောင်ခဲ့သူများဖြစ်ပါသည်။
၃။ အဖွဲ့ချုပ်တည်ထောင်စဉ်ကာလက အောက်ပါရည်ရွယ်ချက်များကို ချမှတ်ခဲ့ပါသည်။
၄။ အဖွဲ့ချုပ်၏တည်ရာဌာနသည် ရန်ကုန်မြို့ နယ်နိမိတ်အတွင်း၌သာ ဖြစ်ရမည်ဟု သတ်မှတ်ခဲ့ပါသည်။ အဖွဲ့ချုပ်ပထမ ဥက္ကဋ္ဌဖြစ်သော ဆာဦးသွင်က ၎င်းပိုင်ဆိုင်သော ယခင် ဟာမစ်တစ်လမ်း၊ ယခု သာသနာ့ရိပ်သာလမ်းဟုခေါ်သော ၅.၄၈၈ ဧကရှိခြံမြေကို ၁၉၄၈-ခု၊ စက်တင်ဘာလ (၆)ရက်နေ့တွင် လှူဒါန်းခဲ့သဖြင့် ယင်းမြေနေရာတွင် သာသနိက အဆောက်အဦး များကို ၁၉၄၈-ခုနှစ် ကစ၍ အဆက်ဆက် ဆောက်လုပ်ခဲ့ပါသည်။
၅။ အဖွဲ့ချုပ်၏ ၁၉၄၈-ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့တွင် ကျင်းပသော (၁၂)ကြိမ်မြောက် အစည်းအဝေးက အထက်ပါ မြေနေရာကို “ သာသနာ့ရိပ်သာ” ဟုခေါ်ဆိုရန်ဆုံးဖြတ် ခဲ့ပါသည်။ အောက်အပိုဒ်တွင် ဖော်ပြထားသည့်အတိုင်း ထိုနေရာသို့ ကျေးဇူးတော်ရှင်မဟာစည်ဆရာတော် ဘုရားကြီး ရောက်ရှိသီတင်းသုံးသောအခါ “မဟာစည်သာသနာ့ရိပ်သာ” ဟူ၍လည်းကောင်း၊ လမ်းအမည်ကိုလည်း “သာသနာ့ရိပ်သာလမ်း” ဟူ၍လည်းကောင်း ပြောင်းလဲ ခေါ်ဝေါ်ကြပါသည်။
(မဟာစည်ဆရာတော်ကြီးသည် ၁၉၄၉-ခုနှစ်၊ နိုဝင်ဘာလ ၄ရက် နေ့တွင်သာသနာ့ရိပ်သာသို့ ရောက်ရှိခဲ့ ပါသည်။)
၆။ ရွှေဘိုမြို့၊ ဆိပ်ခွန်ရွာတွင် ၁၉၀၄-ခုနှစ်၊ ဇူလိုင်လ ၂၉-ရက်နေ့တွင် ဖွားမြင်ခဲ့သော မဟာစည် ဆရာတော်လောင်းသည် ပရိယတ္တိစာပေများ ဆည်းပူးအောင်မြင်ပြီးသောအခါ ပဋိပတ္တိကျင့်စဉ်များကို အားထုတ်ကျင့်သုံးလေ့လာပြီးနောက်၊ ဆိပ်ခွန်ရွာရှိ မဟာစည်ကျောင်း၌ သီတင်းသုံးလျက် ဝိပဿနာတရားများဟောကြားခြင်း၊ လက်တွေ့တရားပြသခြင်း၊ ကျမ်းပြုစုခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
၇။ ထိုစဉ် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဆာဦးသွင်သည် သာသနာ့ရိပ်သာ၌ တရားပြသရန် ပရိယတ္တိ, ပဋိပတ္တိကျွမ်းကျင်သော ဆရာတော်တစ်ပါးကို ရှာဖွေလျှက်ရှိပါသည်။ ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ/ သြဂုတ် လတွင် ဆာဦးသွင်သည် စစ်ကိုင်းမြို့၌ရှိစဉ် ယင်းမြို့ရှိ သမိဒ္ဓေါယချောင် ဓမ္မာရုံတွင် ကြိုတင်ညှိနှိုင်းဖိတ်ကြားချက် အရ မဟာစည်ဆရာတော်ကြီးက (၅)ရက်တိုင်တိုင် ကြွရောက် တရားဟောပြီးသောအခါ ဆာဦးသွင်သည် သာသနာ့ရိပ်သာ၌ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ် အမှုဆောင်များကို မဟာစည်ဆရာတော်၏ အကြောင်း ပြန်လည်တင်ပြပြောကြားပါသည်။ အမှုဆောင် အားလုံးကလည်း ထိုစဉ်က သာသနာ့ရိပ်သာတွင် ကမ္မဋ္ဌာန်းကျောင်း များ ဆောက်လုပ်ပြီးတန်သလောက် ပြီးစီးနေပြီဖြစ်၍ ဆရာတော်ကြီးအား ပင့်ဆောင်ကိုးကွယ်ရန် သဘောတူညီ ကြပါသည်။
၈။ ၁၉၄၉-ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့တွင်၊ ဝန်ကြီးချုပ် ဦးနုသည် ရွှေဘိုမြို့သို့ ရောက်ရှိစဉ် မဟာစည် ဆရာတော်ဘုရားကြီး ရောက်ရှိနေကြောင်းသိရှိရသဖြင့် ကိုယ်တိုင် သွားရောက် ဖူးမျှော်ရန် ရန်ကုန်သာသနာ့ရိပ်သာသို့ တရားဟော၊ တရားပြ ကြွရောက်ရန် ပင့်လျှောက်သောအခါ၊ ဆရာတော်ကြီးထံမှ ပဋိညာဉ်ရရှိသဖြင့် အစီအစဉ်များပြုလုပ်၍ ဆောင်ရွက်ခဲ့ရာ မဟာစည်ဆရာတော်ကြီးသည် ၁၉၄၉-ခုနှစ်၊ နိုဝင်ဘာလ ၄ရက် နေ့တွင် သာသနာ့ရိပ်သာသို့ ရောက်ရှိခဲ့ပါသည်။ ၎င်း နောက် ၁၉၄၉-ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်မှစ၍ ယောဂီ (၂၅)ဦးကို စတင်တရားပြခဲ့ရာမှ အစပြု၍ မဟာစည် သာသနာ့ရိပ်သာဟု အဖွဲ့ချုပ်က ယနေ့အထိလိုအပ်သော ကိစ္စအဝဝကို တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
၉။ ၁၉၄၈-ခု၊ မတ်လ (၃)ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီး၏ စံအိမ်တွင် ကျင်းပသော (၃)ကြိမ်မြောက် အဖွဲ့ချုပ် အမှုဆောင်အစည်းအဝေးတွင် ပရိယတ္တိ သာသနာတော်ကို ချီးမြှင့်ရန်အတွက် တိပိဋကဓရ ရွေးချယ်ပွဲကြီးကို ကျင်းပရန်ဆုံးဖြတ်ခဲ့ပြီးနောက် ၁၉၄၉-ခုနှစ်၊ ဖေဖေါ်ဝါရီ လ (၃)ရက် နေ့တွင် ပထမဦးဆုံးအကြိမ် တိပိဋကဓရ ရွေးချယ်ပွဲကြီးကို သာသနာ့ရိပ်သာ၌ အဖွဲ့ချုပ်ကကြီးမှူး စီစဉ်ခဲ့ရာ နိုင်ငံတော်သမ္မတကြီးနှင့် ဝန်ကြီးချုပ်တက်ရောက် ဖွင့်လှစ်၍ ကျင်းပခဲ့ပါသည်။
၁၀။ တိပိဋကဓရရွေးချယ်ပွဲများကို ကျင်းပရန် သာသနာရေး ဝန်ကြီးဌာနသို့ ရွှေ့ပြောင်းပေးသည့် ကာလအထိ သာသနာ့ရိပ်သာ၌ (၄၆)နှစ်တိုင်တိုင် ၁၉၉၅-ခုနှစ်အထိ အဖွဲ့ချုပ်က ယင်းရွေးချယ်ပွဲကို တာဝန်ယူကျင်းပပေးခဲ့ပါသည်။
၁၁။ ၁၉၅၃-ခုနှစ်တွင်၊ ကျင်းပသော (၆) ကြိမ်မြောက် တိပိဋကရွေးချယ်ပွဲ၌ တိပိဋကဓရသာသနာ့ အာဇာနည်ပုဂ္ဂိုလ် ဖြစ်သော အရှင်ဝိစိတ္တသာရာဘိဝံသက စာမေးပွဲများ အောင်မြင်ထွက်ပေါ်လာသောအခါ ဆဋ္ဌသင်္ဂါယနာတင်ပွဲ ကျင်းပရန်အတွက် ဝန်ကြီးချုပ် ဦးနု နှင့်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဆာဦးသွင်တို့က ညှိနှိုင်းတိုင်ပင်ခဲ့ ပါသည်။ လိုအပ်သော ကိစ္စအဝ၀ကို စီစဉ်ဆောင်ရွက်ပြီး သောအခါ၊ ၁၉၅၄-ခုနှစ်၊ မေလ (၁၇) ရက်နေ့မှစ၍ ရန်ကုန် မြို့၊ မဟာပါသာဏ လိုဏ်ဂူတော်၌ ဆဋ္ဌသင်္ဂါယနာပွဲကို စတင်ကျင်းပခဲ့ပါသည်။
၁၂။ အထက်ပါဆဋ္ဌသင်္ဂါယနာတင်ပွဲ၌ မဟာစည်ဆရာတော် ဘုရားကြီးသည် သြသာသန အဖွဲ့ဝင် ဆရာတော်အဖြစ် လည်းကောင်း၊ ပုစ္ဆကဆရာတော်အဖြစ်လည်းကောင်း၊ တာဝန်ယူဆောင်ရွက်ခဲ့ပြီး အဋ္ဌကထာသင်္ဂါယနာ စိစစ်ခြင်း တာဝန်များကိုပါ ထမ်းဆောင်ခဲ့သည့်နည်းတူ အဖွဲ့ချုပ်ကလည်း ဆဋ္ဌသင်္ဂါယနာတင်ပွဲသို့ ကြွရောက် လာသော ပြည်တွင်းပြည်ပဆရာတော်များအား ပစ္စည်း လေးပါးဖြင့် ပြုစုဧည့်ခံစောင့်ရှောက်ခဲ့ပါသည်။
၁၃။ ၂၃.၅.၄၈ နေ့တွင် ဝန်ကြီးချုပ်နေအိမ်၌ ကျင်းပသော (၆) ကြိမ်မြောက် အဖွဲ့ချုပ်အစည်းအဝေး၏ ဆုံးဖြတ်ချက် များအရ အဖွဲ့ချုပ်သည် တောင်တန်းသာသနာပြုအတွက် ငွေအား အကြံဉာဏ်အားများစွာကူညီထောက်ပံ့ခြင်း၊ တောင်တန်းသာသနာပြုအဖွဲ့ ဖွဲ့စည်းရန် ပါဝင်ဆောင်ရွက်ရန် စသည့်ကိစ္စရပ်များကို ဆောင်ရွက်ခဲ့ပါသည်။
၁၄။ ၁၉၅၀ပြည့် အက်ဥပဒေဖြင့်၊ နိုင်ငံတော်အစိုးရက နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ကို ဖွဲ့စည်းခဲ့သောအခါ လိုအပ်သော နေရာ ထိုင်ခင်းများအတွက် သာသနာ့ရိပ်သာတွင် အဖွဲ့ချုပ် က စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။
၁၅။ အဖွဲ့ချုပ်၏ တတိယရည်ရွယ်ချက်အရ ဘာသာပေါင်းစုံ ပိဋကတိုက် ဆောက်လုပ်ရန်ဖြစ်သော်လည်း ယင်းတာဝန်ကို နိုင်ငံတော်ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က လွှဲပြောင်းတာဝန်ယူ သောအခါ အဖွဲ့ချုပ်၏ နောက်နှစ်များတွင် ထုတ်ပြန်သော စည်းမျဉ်းစည်းကမ်းများ၌ ဤရည်ရွယ်ချက်ကို မဖော်ပြ တော့ပါ။
၁၆။ အဖွဲ့ချုပ်အနေဖြင့် ခေတ်အဆက်ဆက်ပြောင်းလဲလာသော အခြေအနေများအရ ယခုသက်တမ်း (၇၀) နှစ်ရှိချိန်တွင် မူလရည်ရွယ်ချက် (၃)ရပ်အနက် ပဋိပတ္တိသာသနာအား အစွမ်းကုန် ချီးမြှင့်ရေးကို အဓိကထားဆောင်ရွက်လျက် ရှိပါသည်။ မဟာစည်ဆရာတော်ကြီး စံလွန်တော်မူသော ၁၉၈၂ ခု၊ သြဂုတ်လ (၁၄)ရက်နေ့အထိ၊ ဆရာတော် ဘုရားကြီး မဟာစည်သာသနာ့ရိပ်သာတွင် ရှိနေသည့် ကာလတစ်လျှောက်တွင်လည်းကောင်း၊ ယင်းနေ့နောက်ပိုင်း မဟာစည်သာသနာ့ရိပ်သာတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော သံဃာ့အဖွဲ့အစည်းအသီးသီးအတွက် လည်းကောင်း၊ အဖွဲ့ချုပ်သည် ပစ္စည်းလေးပါး ဒါယကာအဖြစ် တာဝန်ယူလှူဒါန်းလျက်ရှိသည့်အပြင် မဟာစည် ဆရာတော်ကြီး၏ ဝိပဿနာနည်းအတိုင်း သာသနာ့ရိပ်သာသို့ လာရောက်တရား အားထုတ်ကြသော ယောဂီအပေါင်း၏ စားသောက် နေထိုင်ရေးအတွက် အစစအရာရာ အဆင်ပြေ ချောမောအောင် စီမံဆောင်ရွက် ပေးလျက်ရှိပါသည်။
၁၇။ ဤအဖွဲ့ချုပ်သည် မဟာစည်သာသနာ့ ရိပ်သာ၏ လုပ်ငန်းကိစ္စများတွင်လည်းကောင်း၊ အဖွဲ့ချုပ်၏ လက်ရှိရည်ရွယ်ချက်များ ထမြောက်အောင်မြင်အောင် ဆောင်ရွက်သည့် ကိစ္စများတွင် လည်းကောင်း၊ မဟာစည်ဆရာတော်ကြီး၏ သြဝါဒများနှင့်အညီဆောင်ရွက်သည့် ဦးဆောင်အဖွဲ့ ဖြစ်ပါသည်။
၁၈။ ဤသို့ဆောင်ရွက်ရာ၌ အဖွဲ့ချုပ်သည် မဟာစည်သာသနာ့ ရိပ်သာတွင် ဖွဲ့စည်းထားသော သံဃာ့အဖွဲ့အစည်း အသီးသီးနှင့် အစစအရာရာညှိနှိုင်းတိုင်ပင်၍ မဟာစည်ဆရာတော်ကြီး ဖွဲ့စည်းပေးခဲ့သော ဟိတေသီ အဖွဲ့နှင့် အမျိုးသမီးယောဂီစောင့်ရှောက်ရေးအဖွဲ့များကို ဦးဆောင် လမ်းညွှန်မှုပေး၍ဆောင်ရွက်လျက်ရှိပါသည်။
၂၀၁၈ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့ သာသနာနုဂ္ဂဟအဖွဲ့အစည်းအဝေးတွင် ဤ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်၏ အတ္ထုပ္ပတ္တိ အကျဉ်းချုပ် မှတ်တမ်းကို မူကြမ်း ၂၅-၁၀-၂၀၁၇ အဖြစ်တင်ပြကြပြီး သဘော တူကြပါသည်။