Mahasi Meditation Centre was opened in 1950, with the Most Venerable Mahasi Sayadaw as its Principle Preceptor. The most Venerable Mahasi Sayadaw started the teaching of the Mahasi method of insight in 1947 and taught for 33 years until his death in August, 1982.

The Venerable Mahæsø Sayædaw was one of the very rare personalities in whom there was a balanced and high development of both profound erudition linked with a keen intellect, and deep and advanced meditative experience.

(၂၂-၁၂-၂၀၁၅) မဟစည်ဓမ္မဗိမာန်တောကြီတွင်ကျင်းပပြုလုပ်သော ဓမ္မကထိကအစည်းအဝေး

(၆၆) နှစ်မြောက် မဟာစည်သြ၀ါဒခံယူပူဇော်ပွဲကြီးသို့ကြွရောက်တော်မူလာကြသောဆရာတော်ကြီးများ

1
2
3
4

ဗုဒ္ဓသာသနာ နုဂ္ဂဟအဖွဲ့ချူပ်


ရည်ရွယ်ချက်

နိုင်ငံတော်ဝန်ကြီးချူပ် ဦးနုသည်၁၃၀၉ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့တွင် ဘီးလင်းမြို့နယ် ကေလာသတောင်၊ မြသပိတ်စေတီတော်စခန်း၌ ဥပုသ်စောင့်ဝင်ကာ နဝင်္ဂဥပုသ်သီလကို ၉-ရက်တိုင်တိုင်စောင့်တည်၍ ဗုဒ္ဓါနုဿတိဘာဝနာ၊ မေတ္တာဘာဝနာများကို ပွားများအားထုတ်ခဲ့သည်။ ထိုစဉ်အတွင်း မြန်မာနိုင်ငံတော်ကြီးလွတ်လပ်ရေး ရဖို့သေချာနေပြီ။ နိုင်ငံတော်၏ အခြေအနေမှာလည်း လောကီရေး၊ လောကုတ္တရာရေး နှစ်ဖက်လုံး ကျဆုံးပြိုပျက်လျက်ရှိနေသည်။ ထို့ကြောင့်နိုင်ငံတော်ကို ပြန်လည်ထူထောင်ရာ၌ လောကီရေးတစ်ခုတည်းကို ထူထောင်ပေးရုံမျှဖြင့် အောင်မြင်မည်မဟုတ်၊ လောကုတ္တရာ သာသနာရေးဘက်ကိုလည်း ပြန်လည်ထူထောင်ပေးမှသာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး၊ ငြိမ်းချမ်းသာယာရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေးနှင့် စည်ပင်ဝပြောရေးတို့ပါ တိုးတက်အောင်မြင်ပေမည်ဟု ၀န်ကြီးချူပ်၏ သန္တန်၌ အကြံထူး၊ ဉာဏ်ထူးများပေါ်လာခဲ့သည်။ ထို့ကြောင့် နိုင်ငံတော် ၀န်ကြီးချူပ်သည် ရန်ကုန်မြို့တော်သို့ ပြန်ရောက်သည်နှင့်တပြိုင်နက် သာသနာတော်ဘက၌ စေတနာသဒ္ဓါထက်ကြသည့် သာသနာပြု ပုဂ္ဂိုလ်ကြီးများနှင့် အစိုးရဝန်ကြီးအချို့တို့ကိုဖိတ်ကြား၍ တိုင်ပင်ဆွေးနွေးကာ ၁၃၀၉-ခုနှစ်၊ နတ်တော်လဆန်း ၁-ရက် (၁၃-၁၁-၄၇) နေ့တွင် နိုင်ငံတော်ဝန်ကြီးချူပ်နေအိမ်၌ ပင်အဖွဲ့ဝင် ၉-ဦး ပါဝင်သော ဗုဒ္ဓသာသနာနုဂ္ဂဟခေါ် သာသနာပြုအဖွဲ့ကြီးကို  စတင်ဖွဲ့စည်းတည်ထောင်လိုက်ကြသည်။ အဖွဲ့ကြီး၏အမည်အပြည့်အစုံမှာ ““ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗုဒ္ဓသာသနာ နုဂ္ဂဟအဖွဲ့ကြီး”” ဖြစ်၏။ အဖွဲ့ကြီး၏ ဥက္ကဋ္ဌမှာ သူဋ္ဌေးကြီး ဆာဦးသွင်ဖြစ်၍ အကျိုးတော်ဆောင်မှာ ဦးစံသိမ်းဖြစ်သည်။

အဖွဲ့ကြီး၏ ရည်ရွယ်ချက်များမှာ -

               (၁) ဗုဒ္ဓသာသနာတော်ကြီး စည်ပင်ပြန့်ပွါး၊ တည်တန့်စေချင်းငှာ ဆောင်ရွက်ရန်၊

               (၂) ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာတော်ကြီးများကို အစွမ်းကုန် ချီးမြှင့်ဆောင်ရွက်ရန်၊

               (၃) ဘာသာပေါင်းစုံ ဗုဒ္ဓဘာသာ ပိဋိကတ်တိုက်တော်ကြီး တည်ဆောက်ရန်တို့ဖြစ်ပါသည်။

ဤကဲ့သို့နိုင်ငံတော်ဝန်ကြီးချူပ် အစီအမံဖြင့် အဖွဲ့ကြီးဖြစ်ပေါ်လာသည့် အတွက် ““ဗုဒ္ဓသာသနာနုဂ္ဂ အဖွဲ့ကြီးအစ၊ နိုင်ငံတော်ဝန်ကြီးချူပ် ဦးနု””ကဟုမှတ်တမ်းတင်ရမည် ဖြစ်၏။ သာသနာ့ရိပ်သာဟု အမည်ပေးခြင်း၊ ဤဖေါ်ပြခဲ့ပြီးသော ရည်ရွယ်ချက်များအတိုင်း ကြီးမားကျယ်ပြန့်သည့် သာသနာပြုလုပ်ငန်းကြီးများကို ဆောင်ရွက်နိုင်ရန် အတွက် လျော်ကန်သင့်မြတ် ကျယ်ပြန့်သည့် မြေနေရာကို တစ်နှစ်နီးပါး ရှာဖွေခဲ့ကြရ၏။ နောက်ဆုံးတွင် အဖွဲ့ဥက္ကဋ္ဌကြီး ဆာဦးသွင်က ဟာမစ်တစ်၊ ဓမ္မာရုံလမ်းရှိ မိမိပိုင် ၅.၄၈၈ ဧကရှိ ခြံမြေကို ကြီးကျယ်သော သာသနာပြုကိစ္စများဆောင်ရွက်ရန် အဖွဲ့ကြီးအား စေတနာမွန်ဖြင့် လှူဒါန်းခဲ့ရာ အဖွဲ့ကြီးတည်ထောင်ဖွင့်လှစ်ရန် မြေနေရာကိုရရှိခဲ့သည်။ ထိုမြေနေရာ အားလုံးကို ပြေပြစ်ညီညာအောင်ပြုပြင်ကြပြီး သာသနိကအဆောက်အအုံများ ဆောက်လုပ်မီအန္တာယ်ကင်း ပရိတ်တော်များကို ရ-ရက်၊ ရ-လီ၊ ၄၉-ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်ကြကာ ဖွဲ့ကြီးတည်ရှိရာနေရာကို ““ သာသနာ့ရိပ်သာ”” ဟု အမည်ပေးရန် (၁၄-၁၁-၄၈) နေ့ ထိုခြံမြေ၌ အစအဆုံး ကျင်းပသော ၁၂-ကြိမ်မြောက် အမှုဆောင်အစည်းအဝေးက ဆုံးဖြတ်ကြရာမှ ““သာသနာ့ရိပ်သာ”” ဟူသော အမည်ကညာ စတင်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ပရိယတ္တသာသနာ အစပြုခြင်းအဖွဲ့ကြီး၏ ပထမဆုံး သာသနာပြုဆောင်ရွက်ချက်မှာ ““သာသနာတော်”” သုံးရပ်တည်တံ့ရေးတွင် ပရိယတ္တိသာအရင်းမှုလ ပဓနဖြစ်သည်။ (သာသနဌိတိယာ ပန ပရိယတ္တိပမာဏံ)”” ဟူသော အဋ္ဌကထာ အဆိုအမိန့်ကို သိရှိနားလည်ထားကြသည့် အတိုင်း ပရိယတ္တိသာသနာတော်ကြီး တည်တံ့ပြန့်ပွားတိုးတက်ရေး ဆောင်ရွက်ချက်ပင်ဖြစ်၏။ အထူးသဖြင့် ပရိယတ္တိသာသနာတော်တွင် မြန်မာနိုင်ငံ၌ ရှေ့ကတစ်ကြိမ်တစ်ခါမျှ ပေါ်ပေါက်ခဲ့ဖူးသေးသော ပိဋကတ်သုံးပုံ၊ နူတ်ငုံဆောင် တိပိဋကဓရ ဆရာတော်သံဃာတော်များထူးခြားစွာ ပေါ်ထွက်လာရန် ထူးခြားကြီးမားသော ဆောင်ရွက်ချက်ကြီးဖြစ်သည်။ မှန်ပါသည်။ အဖွဲ့ဥက္ကဋ္ဌကြီး ဆာဦးသွင်သည် သာသနာတော် တိပိဋကဓရဆရာတော်များ ပေါ်ထွက်လာရေးကို ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီကပင် အလွန်စိတ်ဝင်စားခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချူပ်၏ စီမံချက်အရ အဖွဲ့ကြီးတွင် ဥက္ကဋ္ဌဖြစ်လာရသည့်အခါ အဖွဲ့ကြီးတည်ရာ မြေနေရာ မရမီအချိန်ကပင်အဖွဲ့ကြီး၏ သုံးကြိမ်မြောက် အစည်းအဝေးတွင်”ပရိယတ္တိသာသနာချီးမြှောက်ရေးအတွက် သာသနာတော်တွင် အထက်တန်းအကျဆုံးဖြစ်သော တိပိဋကရွေးချယ်ပွဲကြီးကို အမြန်ဆုံးကျင်းပပေးရန် ဥက္ကဋ္ဌကြီးကပင် အဆိုတင်သွင်း၍ အဆိုကို အားလုံးသဘောတူ အတည်ပြုကြပြီး ရှင်ရောလူပါ စုံလင်စွာပါဝင်သော ““တိပိဋကဓရ ရွေးချယ်ရေးအဖွဲ့ခွဲ”’ ကိုဖွဲ့စည်းကာ ““တိပိဋကဓရ ရွေးချယ်ရေးစည်းမျဉ်းဥပဒေ”” ကိုရေးဆွဲအတည်ပြုခဲ့ကြသည်။ ထို့ကြောင့် ““တိပိဋကဓရ ရွးချယ်ရေးပွဲကြီးအစ၊ ဥက္ကဋ္ဌကြီးဆာဦးသွင်က” ဟုမှတ်တမ်းတင်ရမည်ဖြစ်၏။

တိပိဋကဓရ ရွေးချယ်ပွဲကြီး

တိပိဋကဓရ ရွေးချယ်ပွဲကြီးကို ပထမဆုံးအကြိမ် ၁၃၁၀ - ခုနှစ်၊ တပို့တွဲလဆန်း ၆ - ရက်နေ့တွင် စတင်ကျင်းပရာ ဆဋ္ဌသင်္ဂါယနာမတင်မီခေတ်၌ ပရိယတ္တသာသနာတော်ကို အမြင့်မားဆုံး အကြီးကျယ်ဆုံး မကြုံစဖူးထူးကဲစွာ ချီးမြှောက်သည့်ပွဲကြီး ဖြစ်ခဲ့သည်။ အခမ်းအနားကို မင်းခမ်းမင်းနားဖြင့် ဖွင့်လုစ်၍ နိုင်ငံတော် သမ္မတကြီး၊ နိုင်ငံတော် ၀န်ကြီးချူပ်တို့ ဦးဆောင်သော အစိုးရအဖွဲ့ဝင် ၀န်ကြီးများ စသော လူထုပရိသတ်စုံလင်စွာ တက်ရောက်ကြသည်။ တိပိဋကဓရ ရွေးချယ်ပွဲကြီး၌ အာဂုံပြန်ဆိုချင်းနှင့် သဘောရေးဖြေချင်း နှစ်မျိုးလုံးကို ပြန်ဆိုရေး ဖြေကြရသည်။ ကျင်းပချိန်မှာ တစ်လနီးပါးခန့် ကြာ၏။

ဤပထမဆုံး အကြိမ်တွင် လက်မှတ်ရေးထိုးသည့် ရဟန်းတော် ၁၇ - ပါးရှိသော်လည်း သာသနာ့အာဇာနည်အရှင်မြတ် ၆ -ပါး သာဝင်ရောက်ပြန်ဆို၊ ဖြေဆိုတော်မူကြ၏။ သို့သော် ဤရွေးချယ်ပွဲကြီး၏ ဥပဒေစည်းကမ်းများ အထက်တန်းကျခြင်း၊ ကြေညာရက်နှင့် စာပြန်ရက်ကြား ကာလတိုတောင်းခြင်း စသောအကြောင်းအရာတို့ကြောင့် တစ်ပါးမျှ အောင်မြင်တော်မမူခဲ့ကြပါချေ။ သို့သော် ဥက္ကဋ္ဌကြီးဆာဦးသွင်မှာ စိတ်ပျက်တွန့် ဆုတ်မှုမရှိပေ။ ““ဒီပွဲကအစပဲဗျာ အခုလိုကြွရောက်ပြီးရွေးချယ်ပွဲကြီး ၀င်ကြတာကိုပဲ အလွန်ကျေနပ်စရာ ကောင်းနေပါပြီ။ ရှေ့နှစ်ဆိုရင် သည့်ထက်ဝင်ကြမည့် အရှင်မြတ်တွေပေါ်လာမယ်။ ကျုပ်တို့ကသာ ဝီရိယကောင်းကောင်း ဇွဲရှိရှိနဲ့ ဆက်လက် ကျင်းပပေးကြဖို့ပဲလိုတယ်။ အခုလဲ ပွဲကြီးဖြစ်မြောက်အောင် ကြွရောက်ပြန်ဆိုတော်မူကြတဲ့ အရှင်မြတ်တွေကို ပူဇော်ပွဲ ပြုလုပ်သင့်ပါတယ်။ ဒါမှလည်းရှေ့နှစ်မှာဝင်ရောက်ဖြေဆိုကြမယ့် သာသနာ့အာဇာနည်လောင်းတွေ ပိုမိုများပြားလာမယ်”” ဟုပညာအမြော်အမြင်ရှိသည့် ဥက္ကဋ္ဌကြီးပီပီ နိုးကြားတက်ကြွစွာ မိန့်ကြားရာ ဥက္ကဋ္ဌကြီး ညွှန်ကြားသည့်အတိုင်း ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီးက ဦးဆောင်၍ ဗုဒ္ဓဘာသာအသင်းအဖွဲ့ပေါင်းစုံတို့ကပါ လှူဖွယ်ဝထ္ထု အဖြာဖြာတို့ဖြင့် ကြီးကျယ်ခမ်းနားစွာ ချီးကျူးပူဇော်ခဲ့ကြသည်။ ဒုတိယအကြိမ် ကျင်းပသည့်အခါ ၅-ပါးမျှ ၀င်ရောက် ပြန်ဆိုတော်မူကြသော်လည်း ကမ္ဘာအေးမဟာဂန္တာရုံကျောင်း၊ ဆရာတော် အရှင်ပညာသာရ (ပျံလွန်) တစ်ပါးတည်းသာ စာမျက်နှာ (၂၂၆၀) ရှိ ဝိနည်းငါးကျမ်းပါဋ္ဌိတော်ကြီးကို နေ့စဉ် အထောက်အမကင်းကင်းနှင့် သန့်ရှင်းကြည်လင် ပြတ်သားစွာ အာဂုံပြန်ဆိုတော်မူနိုင်သဖြင့် ““ဗုဒ္ဓသာသနာနုဂ္ဂဟ ၀ိသိဋ္ဌဝိနယဓရ”” ဘွဲ့ကို ပထမဆုံး ရရှိတော်မူရာ ချီးကျူးဂုဏ်ပြုပူဇော်ပွဲကြီးကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပပူဇော်ခဲ့ကြပါသည်။ ထိုအချိန်ကလည်း ဥက္ကဋ္ဌကြီးဆာဦးသွင်က ““အာဇာနည်ပုဂ္ဂိုလ်ထူးဆိုတာ လွယ်လွယ်နဲ့ ဘယ်မှာရနိုင်မှာတုန်းဗျာ၊ အထောက်အပံ့ ကောင်းကောင်း ဇွဲကောင်းကောင်းနဲ့ရှာယူနိုင်မှ ရနိုင်တာမျိုးဗျ၊ လုံ့လဝီရိယ ဇွဲကောင်းကောင်းနဲ့၊ နောက်မဆုတ်တမ်းဆောက်ရွက်ကြပါ၊ တစ်နေ့ကျရင် တိပိဋကဓရပုဂ္ဂိုလ်ထူး သာသနာ့အာဇာနည် အရှင်မြတ် ဧကန်မုချပေါ်ရမယ်ဗျ”” ဟု ဥက္ကဋ္ဌဂုဏ်အင်္ဂါနှင့်အညီ အားပေးစကား ပြောကြားခဲ့သည်။ သတိုးသီရိသုဓမ္မ ဥက္ကဋ္ဌကြီး ဆာဦးသွင်ကား သာသနာတော်ကို ချီးမြှောက်သည့်ဘက်တွင် မဆုတ်မနစ် ရဲရဲတောက်ပုဂ္ဂိုလ်ကြီးဖြစ်သည့်အပြင် အရှည်မြင်၍ အမြော်အမြင်ကြီးမားသည့် တကယ့်သာသနာပြု အာဇာနည် ပုဂ္ဂိုလ်မွန်ကြီးပေတည်း။ ထိုသာသနာပြု အာဇာနည်ပုဂ္ဂိုလ်မွန်ကြီး မြော်မြင်အားပေးခဲ့သည့်အတိုင်း ၁၃၁၅-ခုနှစ်၊ ၆-ကြိမ်မြောက် တိပိဋကဓရ ရွေးချယ်ပွဲကြီးတွင် ပိဋကတ်တော်တိုင်းဝယ် အာဂုံပြန်ရာ၌ ““ဝိသိဋ္ဌဂုဏ်ထူး”” သဘော ရေးဖြေရာ၌ ““မဟာဂုဏ်ထူး”” နှစ်ခုစီဖြင့် အောင်မြင်တော်မူသဖြင့် ““ဗုဒ္ဓသာသနာ့ ဝိသိဋ္ဌတိပိဋကဓရ၊ မဟာတိပိဋက ကောဝိဒ”” အောင်လက်မှတ်တော်နှင့် ““၀ိစိတ္တသာရာ ဘိဝံသ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက”” ဘွဲ့တံဆိပ်တော်များကို ရရှိတော်မူသော အရှင်ဝိစိတ္တသာရဘိဝံသ မထေရ်မြတ်တစ်ပါး ကြုံစဖူး ထူးကဲအံ့သြဖွယ်ရာ ပေါ်လာခဲ့ပါသည်။ ထိုအခါ ပီတိလွှမ်းဖုံး တပြုံးပြုံးနှင့် ၀မ်းသာမဆုံး ဖြစ်နေသူကား အစပထမ တိပိဋကဓရ မထေရ်မြတ်၏ ရဟန်းဒကာကြီးဖြစ်သူ ဥက္ကဋ္ဌကြီး ဆာဦးသွင်ပင်ဖြစ်ပါသည်။ ဤသို့ထူးဆန်း အံ့သြဖွယ်ရာ ပထမဆုံး ပေါ်ထွက်လာသည့် မင်းကွန်းတိပိဋကဓရ ဆရာတော်အားရန်ကုန်မြို့တော်၌သာမက မြန်မာနိုင်ငံတစ်ဝှန်းလုံးက အုံးအုံးကျက်ကျက်ချီးကျူးဂုဏ်ပြုပွဲများ ကျင်းပကာထူးထူးခြားခြား ပူဇော်ခဲ့ကြသည်။

ဤကဲ့သို့ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီး၏ ပရိယတ္တိသာသနာတော်ကို အမြင့်မားဆုံး ချီးမြောက်မှုကြောင့် သာသနာ့အာဇာနည် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်တစ်ပါးထူးခြားစွာ ထွန်းတောက်ပေါ်ပေါက်လာခဲ့ခြင်းသည် ၁၃၁၆ - ခုနှစ်တွင် ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးကို ဆင်နွဲနိုင်ခဲ့ခြင်း၏ကြီးစွာသော အကြောင်းတစ်ခုဖြစ်ခဲ့သည်။ ထို့ကြောင့် ထေရဝါဒ ငါးနိုင်ငံရှိ ရဟန်း ရှင်လူအပေါင်းတို့က ““ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီးက ပရိယတ္တိသာသနာတော်ကို အစွမ်းကုန် အမြင့်မားဆုံး ချီးမြောက်ခဲ့ခြင်းကြောင့် ဆဋ္ဌသင်္ဂါယနာအတွက် ပုဂ္ဂလဝိသေသ ဆဋ္ဌသင်္ဂါယနာ ဓမ္မာဝသဇ္ဇက ပုဂ္ဂိုလ်ထူးကို အချိန်မီ ဖေါ်ထုတ်ပေးနိုင်ပါပေသည်”” ဟု ချီးကျူးစကား ပြောကြားဂုဏ်ယူခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် ““ဆဋ္ဌအစသာသနာ့ရိပ်သာက””ဆိုက မှားအံ့မထင်ပေ။ ၁၃၂၁-ခုနှစ်၊ ၁၂-ကြိမ်မြောက် တိပိဋကဓရ ရွေးချယ်ပွဲကြီးတွင် ပခုက္ကုမြို့ မဟာဝိသုတာရာမတိုက်မှ ““ဝိသိဋ္ဌတိပိဋကဓရ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက”” အရှင် နေမိန္ဒထေရ် ပေါ်ထွက်ခဲ့သည်။ ဤသို့ အဖွဲ့ကြီးကကျင်းပသော တိပိဋကဓရ ရွေးချယ်ပွဲကြီးတွင် တိပိဋကဓရ ပိဋကတ်သုံးပုံဆောင်(၂)ပါးနှင့် ပိဋကတ် နှစ်ပုံဆောင်၊ တစ်ပုံဆောင်၊ နိကာယ်ဆောင် စသည့် သာသနာ့အာဇာနည်များ နှစ်စဉ်နှစ်တိုင်းပေါ်ထွန်းခဲ့ပေသည်။ ၁၃၂၃- ခုနှစ် ၁၄- ကြိမ်မြောက်မှစ၍ နိုင်ငံတော်အစိုးရက တိပိဋကဓရရွေးချယ်ရေးအဖွဲ့အက်ဥပဒေအရ လွှဲပြောင်းယူကာ နှစ်စဉ်မပျက် ဆက်လက်ကျင်းပခဲ့ရာ ပိဋကတ်သုံးပုံဆောင် ၆-ပါးအထိနှင့် ပိဋကတ် နှစ်ပုံဆောင်၊ တစ်ပုံဆောင်၊ နိကာယ်ဆောင် နှစ်စဉ်အမြောက်အများ ပေါ်ထွက်လျက်ရှိရာ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီး၏ ပရိယတ္တိသာသနာတော်ကြီးကို ချီးမြောက်ရာ၌ မြန်မာ့သာသနာတော်တွင် အကြီးကျယ်ဆုံး အမြင့်မားဆုံး အောင်မြင်သည်ဟု ချီးကျူးဂုဏ်ပြုကြရမည် ဖြစ်ပါသည်။ ပဋိပတ္တိသာသနာ အစပြုခြင်းအဖွဲ့ကြီးသည် မူလရည်ရွယ်ချက်အတိုင်း ပရိယတ္တိသာသနာတော်ကြီးကို အမြင့်ဆုံးချီးမြောက်နေချိန်မှာပင် ပဋိပတ္တိ သာသနာတော်ကြီး တိုးတက်ပြန့်ပွားရေးကိုလည်း အလေးပေးဆောင်ရွက်ခဲ့သည်ကို တွေ့ရ၏။ တိပိဋကဓရ ရွေးချယ်ပွဲကြီးကို ပထမအကြိမ်ကျင်းပပြီးချိန်တွင် ပဋိပတ္တိသာသနာတော်အတွက်ကမ္မဋ္ဌာန်းကျောင်း အဆောက်အအုံအခချို့ကို ဆောက်လုပ်ပြီးသော်ငြားလည်း ကမ္မဋ္ဌာန်းနည်းပြဆရာတော်ကို ရှာမရသေးသောကြောင့် ပဋိပတ္တိကမ္မဋ္ဌာန်းဌာန တိုးမဖွင့်လှစ်နိုင်ခဲ့သေးပေ။ အဖွဲ့ကြီးတည်ထောင်ပြီးတစ်နှစ်ပြည့်မြောက် (၂)နှစ်အရောက်တွင် ဥက္ကဋ္ဌကြီး ဆာဦးသွင် စစ်ကိုင်းသို့ သွားရောက်စဉ် အဖွဲ့ကြီးကသတ်မှတ်ထားသည့် အင်္ဂါရပ်များနှင့် ညီညွတ်သည့် ကမ္မဋ္ဌာနစရိယ ပုဂ္ဂိုလ်ထူးတစ်ပါးကိုတွေ့ခဲ့ရသည်။ ကိုယ်တိုင်ပင်ဝိပဿနာ အလုပ်ပေးကျင့်စဉ်တရားကို နာခဲ့ရ၍ အားရနှစ်သက် သဘောကျခဲ့၏။ စိတ်ထဲကလည်း ““ငါတို့အဖွဲ့ချူပ်က အလိုရှိနေတဲ့ ကမ္မဋ္ဌာန်းနည်းပြဆရာတော်ကိုတော့ရပြီ”” အလွန်ဝမ်းသာသွား၏။ ထို့ကြောင့် ရန်ကုန်သို့ပြန်ရောက်ရောက်ချင်းပင် ဆရာတော်၏သတင်းကို ၀န်ကြီးချူပ်အားပြောပြ၍ ဆရာတော်ကိုဝန်ကြီးချူပ်ကိုယ်တိုင် သွားရောက်ဖူးတွေ့ပြီး ရန်ကုန်သို့ ပင့်ပေးရန်ပြောကြား၏။ မကြာမီ ၀န်ကြီးချူပ်ဦးနုသည် အထက် မြန်မာနိုင်ငံသို့ လှည့်လည်ရာ ၁၃၁၁-ခု တန်ဆောင်မုန်းလဆန်း ၄-ရက်နေ့၌ ရွှေဘိုတွင် ထိုဆရာတော်ကိုဖူးတွေ့ရ၍ ““တပည့်တော်တို့ ရန်ကုန်သာသနာ့ရိပ်သာသို့ ကြွရောက်သတင်းသုံးပြီး ပဋိပတ္တိသာသနာ ပြုတော်မူပါဘုရား”” ဟုလျှောက်ထား၏။ ဆရာတော်က ““ဆရာတော်တို့မှာ တရားဟော ဓမ္မကထိက မဟုတ်ပါ၊ ကျင့်စဉ်အလုပ်ပေးတရားကိုသာ ပြသလေ့ရှိပါတယ်။ တရားအားထုတ်လိုသူတွေ ရှိက ပြသပေးဖို့ ၀န်မလေးပါ”” ဟုမိန့်တော်မူရာ ““ပရိယတိပဋိပတ်သာသနာတော်ကြီးအား အစွမ်းကုန်ချီးမြှောက်ရန် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီးကို တပည့်တော်တို့ဖွဲ့ထားပြီးပါပြီ။ သာသနာ့ရိပ်သာကြီး တစ်ခု ဖွင့်လှစ်ရန် ကနမ္မဋ္ဌာန်းကျောင်းတွေကိုလည်း တည်ဆောက်ပြီးတန်သလောက် တည်ဆောက်ပြီးပါပြီ။ တရားအားထုတ်လိုကြတဲ့ ယောဂီတွေလည်း ရှိနေပါပြီဘုရား ”” စသည်ဖြင့် ၀န်ကြီးချူပ်က စုံစုံလင်လင် လျှောက်တင်လိုက်သည်။

ထိုအခါ ဆရာတော်ကြီးက ““တရားအားထုတ်တဲ့ ယောဂီတွေရှိရင်တော့ ကြွရတာပေါ့”” ဟုမိန့်တော်မူ လိုက်၏။ ယင်းသို့ ၀န်ကြီးချုပ် ပင့်လျှောက်ထားချက်အရ ဆရာတော်ကြီးသည် ၁၃၁၁-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့တွင် ရန်ကုန်မြို့ သာသနာ့ရိပ်သာသို့ ကြွရောက်တော်မူလာပါသည်။ ထိုဆရာတော် အရှင်မြတ်ကားအခြားမဟုတ် သာသနာ့ရိပ်သာတွင် ထာဝစဉ်သတင်းသုံးလျက် ထိုထိုဝိပဿနာ ယောဂီ ရဟန်း ရှင်လူ ပရိသတ်ထောင်ပေါင်းများစွာတို့အား ၀ိပဿနာပွါးနည်း နိဿရည်းကို နှစ်ပေါင်းများစွာ လက်တွေ့စာတွေ့ ကျကျပြသတော်မူလျက် ဆဋ္ဌသင်္ဂါယနာတင် မဟာ သဘင်ကြီးတွင် သင်္ဂါယနာတင် မဟာ သဘင်ကြီးတွင် သင်္ဂါယနာ ပုစ္ဆက ၀န်ဆောင်ဖြစ်တော်မူသည့် ရွှေဘိုမြို့ ဆိပ်ခွန်ရွာ အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော် ဘဒ္ဒန္တသောဘနမဟာထေရ် အရှင်မြတ်ကြီးပင်ဖြစ်ပါသည်။

ကမ္မဋ္ဌာန်းတရားစတင် ဟောကြားပြသတော်မူခြင်း

ဆရာတော်ကြီးသည် သာသနာ့ရိပ်သာသို့ ရောက်ရှိတော်မူပြီး ၁၃၁၁-ခု နတ်တော်လပြည့်နေ့ (၁၉-၁၂-၄၉) တွင် ရဟန်းရှင်လူ ယောဂီပုဂ္ဂိုလ်တို့အား ၀ိပဿနာ အလုပ်ပေးတရားတော်များကို စတင်ဟောကြားပြသတော်မူ၏။ ဆရာတော်၏ ဝိပဿနာတရားတော်ကို ကြားနာအားထုတ်ကြရသူတိုင်း အလွန်နှစ်သက်သဘောကျကြသဖြင့် သာသနာ့ရိပ်သာသို့ တရားအားထုတ်ရန် ကြွရောက်လာကြသည့် ရဟန်း သီလရှင် လူဝတ်ကြောင်ယောဂီ ပရိသတ်တို့မှာ တစ်နေ့တခြား တိုးတက်များပြားလာကြပါသည်။ မြန်မာနိုင်ငံမှသာမကပဲ သီဟိုဋ္ဌ်၊ ယိုးဒယား၊ ကမ္ဘောဒီးယားစသော နိုင်ငံရပ်ခြားတိုင်းပြည်များမှပင် များစွာလာရောက် အားထုတ်ကြသည်။ဆဋ္ဌသင်္ဂါယနာ မတင်မီ ၁၃၁၃-ခုနှစ်တွင် အဖွဲ့ကြီး၏ ကြိုးစားချီးမြှောက်မှုကြောင့် ဆရာတော်ဘုရားကြီး နေ့ချင်းညချင်း တရှိန်တိုးတိုးတက်လာ၏။ ရန်ကုန်သာသနာ့ရိပ်သာတွင်လည်း ယောဂီနှစ်ရာကျော် သုံးရာကျော်နီးပါးရှိ၍ ယာယီ ဓနိတန်းလျားကြီးများကိုပင်လာရောက် တရားအားထုတ်ကြသည်။ ထိုအခါ မိမိစိုက်ပျိုးထားသည့် သီးပင်ပွင့်ပင်မျိုးစုံတို့ စိမ်းရှင်သန်သီးပွင့်နေကြဟန်ကို မြင်ရသော ဥယျာဉ်မှူးကြီးပမာ ဥက္ကဋ္ဌကြီး ဆာဦးသွင်က ““ကျူပ်တို့ မြန်မာပြည်ကိုသာမက ကမ္ဘာကိုပါသာသနာပြုနိုင်အောင်လို့ ရိပ်သာထောင်စက ကမ္မဋ္ဌာန်း နည်းပြဆရာတော် စစ်စစ်ဆေးဆေး ခက်ခက်ခဲခဲရွေးချယ်ခဲ့တာကို အချို့ကမကျေနပ်ကြဘူးဗျာ။ အခုတော့ ကျူပ်တို့ရွေးချယ်ခဲ့တာမှန်တာပေါ့ဗျာ။ အခုတော့မြန်မာပြည်သာမက နိုင်ငံတကာကတောင်လာရောက် တရားအားထုတ်ကြပြီမဟုတ်လား”” ဟု ၀မ်းပန်းတသာ အားပါးတရပြောကြားခဲ့သည်ဟု သိရှိရပေသည်။ ဥက္ကဋ္ဌကြီး ဆာဦးသွင်ကားတကယ့် ဗုဒ္ဓသာသနာပြုသူရဲကောင်းကြီးပီသပါပေသည်။

ယောဂီထောက်ပံ့ရေး ဆောက်ရွက်ပေးခြင်း

ယင်းသို့ယောဂီပုဂ္ဂိုလ်များ တစ်နေ့တခြား တိုးတက်များပြားလာရာ ယောဂီများအတွက် နေထိုင်စားသောက်ရေးစသည်တို့ လိုလာ၏။ ထိုအခါယောဂီအပေါင်းတို့ ကြောင့်ကြမှု တစ်စုံတစ်ရာမျှ မရှိစေပဲ တရားကိုသာစူးစူးစိုက်စိုက် အားထုတ်နိုင်ရန်နှင့် ပဋိပတ္တိသာသနာပြုလုပ်ငန်းကြီး အရှည်တည်တံ့ရန် ““ယောဂီထောက်ပံ့ရေးအဖွဲ့ငယ်”” တစ်ခု ဖွဲ့စည်းသင့်ကြောင်း ဥက္ကဋ္ဌကြီးဆာဦးသွင်ကပင် အကြံပြုခဲ့သည်။ ထို့ကြောင့် အဖွဲ့ကြီး၏ (၂၆) ကြိမ်မြောက် အစည်းအဝေးတွင် ဥက္ကဋ္ဌကြီး ဆာဦးသွင် ဒု-ဥက္ကဋ္ဌများ ၀န်ကြီးချုပ်ဦးနုနှင့် ဟင်္သာရဦးမြ၊ အကျိုးဆောင် မင်္ဂလာဦးအောင်မြင့်စသော ပုဂ္ဂိုလ် (၂၈)ဦး ပါဝင်သည့် ““ယောဂီထောက်ပံ့ရေး အဖွဲ့ခွဲ”” ကို ဖွဲ့စည်းတည်ထောင်လိုက်ကြသည်။

ထိုအဖွဲ့ခွဲက (၁) ကျောင်းနေရာထိုင်ခင်းပေးခြင်း၊ (၂) နေ့စဉ်မပြတ် နိဗဒ္ဓဝတ်ဖြင့်ဆွမ်းခဲဖွယ်များ လောင်းလှူခြင်း၊ (၃) ဝါဆိုသင်္ကန်း၊ ကထိန်သင်္ကန်းစသော၊ သင်္ကန်းပရိက္ခများ လှူခြင်း၊ (၄) ဆေးပေးတိုက်သီးသန့်ဆောက်၍ မြန်မာ အင်္ဂလိပ်သမားတော်ကြီးများက နေ့စဉ် အလှည့်ကျ ကုသပေးခြင်း၊ (၅) နှစ်စဉ်အာစရိယ ပူဇနိယမင်္ဂလာပွဲကို ဆင်နွဲကျင်းပခြင်း စသည်ဖြင့်လိုလေသေးမရှိ ထောက်ပံ့လှူဒါန်းနေရကာ ယောဂီပေါင်းများစွာတို့ ဝိပဿနာ ဉာဏ်စဉ်ရောက်အောင်ပွါးများ အားထုတ်နိုင်ကြပေသည်။ ဤသို့သာသနာ့ရိပ်သာတွင် ““ဝိပဿနာစံပြ ဗဟိုဌာကြီး’” ကို အခြေတကျ ထူထောင်မိကြသောအခါ မြန်မာတစ်နိုင်လုံး သာသနာပြုလုပ်ငန်း လွှမ်းဖုံးသွားစေလိုသော ရည်ရွယ်ချက်ဖြင့် ခရိုင်တစ်ခုလျှင်ရဟန်းတော်တစ်ပါးနှင့် လူဒါယိကာ နှစ်ယောက်ကျစီ ဆိုင်ရာခရိုင်ဝန်များက ရွေးချယ်စေလွှတ်ပေးရန်ဝန်ကြီးချူပ်ကိုယ်တိုင် နှိုးဆော်ခဲ့သည့်အပြင် ထိုယောဂီတို့၏ ခရီးစရိတ်စသော ကုန်ကျငွေအရပ်ရပ်အတွက် ယောဂီထောက်ပံ့ရေးသီးခြားရန်ပုံငွေတစ်ရပ် ဖွင့်လှစ်ပြီး ၀န်ကြီးချူပ်ကိုယ်တိုင် တာဝန်ယူထောက်ပံ့ပေးခဲ့သည်ဟု သိရ၏။ ၀န်ကြီးချူပ်၏ အကြံပေးချက်အရ အစိုးရအရထမ်း အမှုထမ်းတို့အား လူဝတ်နှင့်ဖြစ်စေ ရဟန်းသာမဏေဝတ်၍ ဖြစ်စေ တရားထုတ်လိုကြပါက မိမိတို့လစာမပျက်စေပဲ တရားအားထုတ်ခွင့်ရကြရန် အဖွဲ့ကြီးက အထူးစီမံဆောင်ရွက်ပေးသည်။ နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီး သာသနာတော်တည်တံ့ပြန့်ပွားထွန်းကားရေးအတွက် အရေးပါသောဆောက်ရွက်ချက်ကြီးတစ်ခုကျန်သေး၏။ ထိုအချက်မှာ ““နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့”” ကို မွေးထုတ်ပေးလိုက်ခြင်းပင်ဖြစ်၏။ နိုင်ငံတော်အစိုးရက ဘာသာကြီးလေးဘာသာတို့အား ထောက်ပံ့ရန်သီးသန့်ဖွင့်လှစ်ထားသော ဘဏ္ဍာငွေများအနက် ဗုဒ္ဓဘာသာအတွက်ရသင့်သည့် ဘဏ္ဍာငွေများကို ဤအဖွဲ့ကြီးအားပေးအပ်ခဲ့သည်။ သို့ရာတွင် ၀န်ကြီးချူပ်က သာသနာ့ရိပ်သာယာယီ မဏ္ဍပ်၌ ကျင်းပသည့် ဗုဒ္ဓသာသနာနုဂ္ဂဟ အစည်းအဝေးတွင် ဗုဒ္ဓဘာသာအတွက် အဖွဲ့ကြီးသို့ထောက်ပံ့နေသည့် ဘဏ္ဍာငွေများကို တစ်နိုင်ငံလုံးရှိ ဗုဒ္ဓဘာသာအသင်းအဖွဲ့ ကိုယ်စားလှယ်ပေါင်းစုံပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကိုအစိုးရဥပဒေဖြင့်ဖွဲ့စည်း၍ စီမံခန့်ခွဲသင့်ကြောင်းအဆိုပြုရာ အဖွဲ့ကြီးကအမြင်မြင်ကျယ်ကျယ် သဘောထားကြီးစွာဖြင့် ၀န်ကြီးချူပ်၏အဆိုကို သဘောတူလိုက်ကြပါသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရသည် ““ဗုဒ္ဓသာသနာအဖွဲ့”” ကို ၁၉၅၀ - ပြည့်နှစ်တွင် ဥပဒေပြုလွှတ်တော်၌ အစိုးရသာသနာရေးအက်ဥပဒေအမှတ် ၅၆- ဖြင့်ဖွင့်စည်းတည်ထောင်ခဲ့ရာ နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်၏။ ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးကိုနိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့က ဦးဆောင်ကျင်းပခဲ့သော်လည်း ထိုအဖွဲ့အား ဗုဒ္ဓသာသနာ နုဂ္ဂဟအဖွဲ့ကြီးက အစစအရာရာကူညီကာသာသနာပြုခဲ့ရပေသည်။ အထူးသဖြင့်ဆဋ္ဌသင်္ဂါရနာတင်ပွဲကြီးကို ခြိမ့်ခြိမ့်သဲ စည်ကားစွာ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ခြင်းသည် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီး၏ ကြီးကြီးကျယ်မြင့်မြတ်သော ကျေးဇူးကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့်သာသနာပြုအာဇာနည် သာသနာပြုသူရဲကောင်းကြီး သတိုးသီရိသုဓ္ဓမ ဥက္ကဋ္ဌကြီး ဆာဦးသွင်မကွယ်လွန်မီက ““ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးကို ကျုပ်တို့ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က စတင်ကျင်းပတဲ့ တိပိဋကဓရရွေးချယ်ပွဲကြီးမှာပင် စတင်ကြွေးကြော်ခဲ့တယ်။ ဗုဒ္ဓသာသနာအဖွဲ့ကိုလည်းကျုပ်တို့အဖွဲ့ပိုင် သာသနာ့ရိပ်သာမှာပဲတည်ထောင်ပေးခဲ့ပါတယ်။ ဆဋ္ဌသင်္ဂါယနာတင်ဖို့ရာ ပထမဦးစွာသံဃာအစည်းအဝေးကြီးကိုလည်း ကျူပ်တို့သာသနာ့ရိပ်သာသံဖြူမဏ္ဍာပ်ကြီးမှာပဲ စတင်ကျင်းပခဲ့ရတယ်။ နောက်ဆုံး ဆဋ္ဌသင်္ဂါယနာတင်တော့လည်း ကျုပ်တို့အဖွဲ့ကြီးက ထူးထူးခြားခြား ခက်ခက်ခဲခဲ ရွေးချယ်ပင့်ဆောင်ကိုးကွယ်ခဲ့တဲ့ မဟာစည်ဆရာတော်ဘုရားကြီးကိုပဲ ဆဋ္ဌသင်္ဂါယနာ အမေးပုဂ္ဂိုလ်အဖြစ်ဆောင်ရွက်ဖို့ရွေးရတယ်၊ အဖြေပုဂ္ဂိုလ်အဖြစ်လည်း ကျူပ်တို့အဖွဲ့က တိပိဋကဓရရွေးချယ်ပွဲကြီးကျင်းပပြီးရွေးချယ်ခဲ့တဲ့ တိပိဋကဓရပုဂ္ဂိုလ်ထူးအရှင် ၀ိစိတ္တသာရာဘိဝံသသာသနာ့အာဇာနည်အရှင်မြတ်ကပဲ ဆောင်ရွက်ရတယ်၊ ကျူပ်တို့အဖွဲ့ကြီးက သာသနာချီးမြှောက်ကျိုးနပ်ပါပြီ”” ဟုဥဒါန်းစကား မြွက်ကြားခဲ့ကြောင်းသိရှိရ၏။ ဥက္ကဋ္ဌကြီး၏ ဥဒါန်းစကားသည် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီး၏ ပရိယတ္တိ ပဋိပတ္တိသာသနာနှစ်ရပ်လုံးကိုကြီးကျယ်မြင့်မားသော အတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ပုံကို လိုရင်းကျကျ သာဓကဆောင်ပြခြင်းဖြစ်၏။ ထိုကဲ့သို့သာသနာတော်နှစ်ရပ်လုံးကို ကြီးကျယ်စွာချီးမြှောက်ခဲ့သောကြောင့် ထိုအဖွဲ့ကြီးကို ““သာသနာပြုအဖွဲ့ချူပ်ကြီး”” ဟု ခေါ်ဆိုရပေမည်။ သာသနာတော်ကို အဖွဲ့ကြီး၏ အစွမ်းကုန်ချီးမြှောက်မှုကြောင့် ငွေရတုသဘင်ကျင်းပွဲ ကျင်းပချိန်တွင် မြန်မာနိုင်ငံ၌ ကမ္မဋ္ဌာန်းဋ္ဌာနခွဲပေါင်း (၂၁၀) ဋ္ဌာနရှိ၍ ယောဂီပေါင်း (၇၇၇၂၁၂) ဦးရှိခဲ့သည်။ သီရိလင်္ကာနိုင်ငံ၌ ကမ္မဋ္ဌာန်း ဋ္ဌာနခွဲပေါင်း (၂၂)ဋ္ဌာနရှိ၍  ယောဂီပေါင်း (၂၀၀၀၀၀) ရှိကြောင်း အဖွဲ့ကြီး၏ အထ္ထပတ္တိုသမိုင်းနှင့် ငွေရတုသဘင်စာစောင်တို့၌ လေ့လာတွေ့ရှိရ၏။ ယခုအခါအဖွဲ့ကြီးကို စတင်တည်ထောင်၍ အစွမ်းကုန်သာသနာပြုခဲ့ကြသည့် သာသနာပြုအာဇာနည် (သာသနာဇောတိက အာဇာနေယျ) သာသနာပြုသူရဲကောင်း (သာသန ဇောတိကရောဓ) ပုဂ္ဂိုလ်များဖြစ်ကြသည့် ၀န်ကြီးချူပ် ဦးနုနှင့် ဥက္ကဋ္ဌ ဆာဦးသွင်တို့ မရှိကြတော့ပြီ။ သို့သော် အဆက်မပြတ်ပေါ်ထွက်လာကြသည့် အဖွဲ့ကြီး၏ သာသနာပြု ပုဂ္ဂိုလ်များကြောင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီး၏ သာသနာတော်ချီးမြှောက်မှုသည် အဆုတ်မရှိ အကျမရှိ တရှိန်ရှိန်တိုးတက်လျက်ရှိနေသည်ကို တွေ့နေရသည်မှာ ဗုဒ္ဓဘာသာဝင်တိုင်း ကြည်နူးဝမ်းသာ ပီတိဖြာစရာကောင်းလှပါပေသည်။